Thursday, November 29, 2012

ဒဏ်ရာတွေကို ဖုံးဖိထားလို့မရဘူး - ကိုညို (အော်စလို)

နိုဝင်ဘာလ ၂၉ ရက်နေ့၊ မနက် ၃ နာရီမှာ မုံရွာမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်ကို အစိုးရ လုံခြုံရေးရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲဖြေရှင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။သပိတ်တိုက်ပွဲဆင်နွှဲနေတဲ့ ရဟန်းရှင်လူ ၁၀၀ ကျော် မီးလောင်ဒဏ်ရာတွေနဲ့ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ အစိုးရဘက်ကတော့ မျက်ရည်ယိုဗုံးကို အသုံးပြုခဲ့တယ်လို့ဆိုပေမယ့် ဒဏ်ရာရသူတွေနဲ့ မျက်မြင် အရပ်ဘက်သတင်းတွေ၊ မုံရွာဆေးရုံ သတင်းရပ်ကွက်တွေကတော့ ဒါဟာ လူ့ခန္ဓာကိုယ်ကို ပြင်းထန်းစွာ လောင်ကျွမ်းစေတဲ့ ဓာတုဆေးရည်ပါတဲ့ မီးလောင်ဗုံးတွေဖြစ်နိုင်တယ်လို့ သံသယရှိနေပါတယ်။

ဒီသတင်းရေးတဲ့အချိန်ထိတော့ အစိုးရဘက်ကဖြစ်စေ၊ အရပ်ဘက်ကဖြစ်စေ သေသေချာချာ စုံစမ်းစစ်ဆေးပြီး သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်စေ ... ငြိမ်းချမ်းစွာ ထိုင်သပိတ်ဆင်နွှဲနေတဲ့ ရဟန်းသံဃာတော်တွေနဲ့ အခြေခံလယ်သမား၊ အရပ်သားပြည်သူတွေကို နိုင်ငံတကာကျင့်ထုံးနဲ့အညီ အရေးယူဆောင်ရွက်တာမဟုတ်ဘဲ ခန္ဓာကိုယ်က အရေပြားတွေ မီးလောင်ကျွမ်းစေတဲ့အထိ သေရာပါ ဒဏ်ရာအနာတရတွေဖြစ်စေတဲ့ အရေးယူမှုကြောင့် အစိုးရအာဏာပိုင်တွေအပေါ် အများပြည်သူက ပြစ်တင်ရှုံ့ချနေပါတယ်။


ကြေးနီသပိတ်ဖြိုခွဲမှုမှာ အစိုးရပြောဆိုတဲ့ မျက်ရည်ယိုဗုံး အသုံးပြုတာ မဟုတ်ဖူးဆိုတဲ့ ငြင်းဆိုမှုတွေနဲ့ပတ်သက်ပြီး ယခင် စစ်အစိုးရလက်ထက် ... ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဆင်တဲ ကပစ (ကာကွယ်ရေးပစ္စည်းနဲ့ စစ်လက်နက်ပစ္စည်း ထုတ်စက်ရုံ အမှတ် ၃ မှာ အာပီဂျီ အလုပ်ရုံခွဲမှူးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းနဲ့ ဆက်သွယ်မေးမြန်းခဲ့တာတွေကို တင်ပြလိုက်ပါတယ်။(စာဖတ်ပရိသတ်များအားလုံး ရှင်းရှင်းလင်းလင်းသိနိုင်အောင် ဓာတုပစ္စည်းတွေရဲ့ အခေါ်အဝေါ်နဲ့ ထုတ်လုပ်မှုအဆင့်ဆင့် ရှင်းပြချက်တွေကိုတော့ ရှုတ်ထွေးစေမှာမို့ ဒီနေရာမှာ မဖော်ပြတော့ပါ)

မေး ။ ။ လက်ပံတောင်းတောင် ကြေးနီသပိတ် အကြမ်းဖက်ဖြိုခွဲတာနဲ့ပတ်သက်ပြီး မျက်ရည်ယိုဗုံးလား၊ မီးလောင်ဗုံးလားလို့ အငြင်းပွားနေတာကို ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက် ထုတ်ပစ္စည်းစက်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့သူတယောက်ရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီး ဘယ်လိုသုံးသပ်မှုပေးချင်သလဲ ?

ဖြေ ။ ။ မျက်ရည်ယိုဗုံး(Tear Gas)ဆိုတာ မီးခိုးဗုံးပဲလေ၊ သူက မျက်စေ့နဲ့ထိမှန်ရင် စပ်ပြီးမျက်ရည်ကျအောင် စီမံထားတဲ့ ဓာတ်ငွေ့ချည်းသက်သက်ထွက်တဲ့ဗုံးပါ။ မီးပန်းထွက်စရာ မလိုဖူး။ အခုဟာက မီးပန်းမီးပွားတွေ ပန်းထွက်နေတဲ့အခါကျတော့ ဘယ်လိုမှ မီးခိုးဗုံး မဖြစ်နိုင်ဘူးပေါ့ဗျာ။ သတင်းတွေအရ ဆိုးဆိုးရွားရွား သိရတာက ဗုံးထဲကနေလွင့်စင်လာတဲ့ အဖြူရောင်အနှစ်တွေက လူ့ခန္ဓာကိုယ်ထဲစွဲကပ်ပြီး မီးလောင်တယ်၊ ရေထိတော့ ပိုလောင်တယ်၊ ဒါဆို မီးစုန်းဗုံးသဘောမျိုး ဖြစ်သွားပြီ။ ကျနော်တို့က ဗုံးအမျိုးအစားကို မျက်မြင်တွေ့ရတဲ့ အခြေအနေကြည့်ပြီး ခွဲခြားရတာ၊ မီးထွက်တဲ့ဗုံးကို မီးလောင်ဗုံးပဲ ခေါ်မယ်၊ မီးခိုးပဲထွက်တဲ့ဗုံးကို မီးခိုးဗုံးလို့ ခေါ်မှာပေါ့ဗျာ။ အခုဟာက မီးတွေ ပန်းထွက်နေတဲ့ဗုံးမို့ မီးလောင်ဗုံးလို့ တိတိကျကျ ပြောတာပါ။

မေး ။ ။ ဒီလိုဗုံးအမျိုးအစားကို တပ်မတော်က ဘယ်လိုအချိန်အခါမှာ သုံးသလဲ? အခုလိုဆန္ဒပြတာမျိုးမှာသုံးရမယ့် ညွှန်ကြားမှုမျိုးတွေရော ရှိခဲ့ဖူးလား?

ဖြေ ။ ။ ဗီယက်နမ်စစ်ပွဲတွေမှာ အမေရိကန်တပ်က သုံးတယ်၊ ဗီယက်နမ်တွေက တောတောင်သစ်တောတွေကို အကာအကွယ်ယူပြီး ပြောက်ကျားစစ်ကိုသုံးလို့ အမေရိကန်တွေ အထိနာတယ်။ ဗီယက်နမ်ပြောက်ကျားတွေ တောတောင်နဲ့ မြေအောက်ဂူတွေ၊ ကျင်းတွေထဲ ခိုလို့မရအောင် မီးတိုက်နှိမ်နင်းဖို့ နပမ်းဗုံး (ဗုံးဒဏ်သင့် ဗီယက်နမ် ကလေးမလေး နာမည် Napalm ကို အစွဲပြုသုံး) ဆိုပြီးထွင်သုံးတာ။

အဲဒီနပမ်းဗုံးက ဓာတုဆေးရည်တွေနဲ့ ဖော်စပ်ထားတာ၊ အပင်တွေကို ဆေးရည်ထိရင် ဆေးရည်မကုန်မချင်း မီးမငြိမ်းဘူး။ သစ်ပင်တွေ၊ သစ်တောတွေ မီးလောင်ပြာကျအောင် ထွင်ထားတာ။ နောက်ပိုင်း ဒီဗုံးရဲ့ဆိုးကျိုးကို ဗီယက်နမ်မလေး Napalmရဲ့ ဖြစ်ရပ်ကတဆင့် စစ်မြေပြင်သတင်းထောက်တွေ ဖော်ထုတ်သိရပြီး ကန့်သတ်တားမြစ်မှုတွေ ပေါ်လာတာ။

ဥပမာ Flame Thrower လို ပေ ၂၀ လောက် မီးပန်းထွက်တဲ့ မီးသေနတ်တွေကို ဘန်ကာ၊ ကတုတ်ကျင်းထဲက ရန်သူတွေကို တိုက်ရာမှာပဲသုံးပြီး၊ မြေပြင်တက် တပ်ဖွဲ့တွေကို မသုံးရဘူး။ ဂျနီဗာစာချုပ်မှာ ကန့်သတ်ထားတယ်။ ပြောချင်တာက မီးလောင်ဒါဏ်ရာရစေတယ်ဆိုတာ ပြင်းထန်အောင် ထိခိုက်တဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုမျိုးဖြစ်တယ်။ စစ်တိုက်တယ်ဆိုတာတောင် မချိမဆန့် ဒဏ်ရာရစေရင် လူမဆန်ဘူးလို့ သတ်မှတ်တယ်။ ဒီလိုမဖြစ်အောင် နိုင်ငံတကာ ဆန္ဒပြမှုတွေကို မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲတာပေါ့။ စစ်ပွဲမှာတောင်လက်မခံတဲ့ကိစ္စကို လက်နက်မဲ့ဆန္ဒပြသူတွေကြား သုံးတယ်ဆိုတာ ရာဇဝတ်မှု ကျူးလွန်တာပဲဖြစ်တယ်။ အခုဖြစ်တဲ့ဟာမှာ မီးလောင်ဗုံးတွေသုံးခဲ့တယ်ဆိုတာ ဒါဏ်ရာတွေကြည့်ရင် သိသာတယ်။ ဒဏ်ရာတွေကို ဖုံးဖိထားလို့မှ မရတာ။

မေး ။ ။ တပ်မတော်ကရော ဒီလိုမီးလောင်ဗုံးတွေ ဘယ်လိုနေရာသုံးသလဲ ?

ဖြေ။ ။ ကျနော်တို့ ကပစမှာတော့ ပေါင် ၂၀၀ မီးလောင်ဗုံးတွေ ထုတ်ထားတာရှိတယ်။ အဓိကရုဏ်းနှိမ်နင်းဖို့ မျက်ရည်ယိုဗုံးတွေ ထုတ်တာရှိတယ်။ ဒါလည်း ကျနော်တို့ဆီက လိုအပ်မှထုတ်တာ။ ကျနော်မှတ်မိနေတာ တခုရှိတယ်။ ၁၉၉၆ ခု ကျောင်းသားအရေးအခင်းကို ဖြိုခွဲတုန်းက ကျနော်တို့စက်ရုံကို အဓိကရုဏ်း နှိမ်နင်းရေးအတွက် မျက်ရည်ယိုဗုံးတွေ ထွင်ပြီးထုတ်ခိုင်းတယ်။

ကျည်ဆံတွေမှာ ဆေးအကြည်တွေ ထည့်ပစ်ရတာ၊ ကျည်ဆံထဲမှာ ခဲဖူးလေးတွေ ပါတယ်၊ အဲဒီခံဖူးတွေကို အပေါ်က ရာဘာအုပ်ထားတာ။ ရာဘာကျည်ဆံမှန်တာနဲ့ အသားအကွင်းလိုက် ပျက်ကျတာပေါ့။ မျက်လုံးထိရင် ကန်းတယ်။ သေတော့ မသေနိုင်ဘူး။ သိပ်မပြင်းတော့ ဗိုလ်ချုပ်မောင်အေးက တိုက်ရိုက်အမိန့်ပေးဖူးတယ်။ “သေချင်သေပစေကွာ ... ယမ်းအားမြှင့်ပြီးထုတ်” လို့ဆိုတော့ ယမ်းအားမြှင့်ပြီး အပစ်စမ်းကြတယ်။ ကျနော့်ရှေ့ အရင်ရောက်နေတဲ့ ဆရာတယောက် ပြန်ပြောပြလို့သိရတာက အဲဒီယမ်းအားမြှင့်ကျည်တွေနဲ့ ရဲဘော်တချို့ကို အဝေးကနေ စမ်းပစ်ကြတာ ... ရဲဘော်တချို့တောင် ဒဏ်ရာတွေ ရကုန်တယ်တဲ့။ မေး ။ ။ ဒါဆို အခုကြေးနီသပိတ်မှာ စွမ်းရည်မြှင့်မီးခိုးဗုံးတွေ ထုတ်သုံးတာရော မဖြစ်နိုင်ဘူးလား?

ဖြေ ။ ။ ကပစ ကတော့ မီးခိုးဗုံးပဲ ပုံမှန်ထုတ်တာပေါ့။ ဒါပေမယ့် အကြီးအကဲ အရာရှိတယောက်ယောက်က မီးခိုးဗုံးကို စွမ်းရည်မြှင့်ထုတ်ခိုင်းတာလည်း ဖြစ်နိုင်တာပဲ၊ ဒါမှမဟုတ် ကပစထုတ်တဲ့ မျက်ရည်ယိုဗုံးက စံချိန်နဲ့မကိုက်ညီတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မှတ်မိမလား မသိဘူး၊ ၂၀၀၇ ရွှေဝါရောင်တုန်းက ရွှေတိဂုံဘုရားစောင်းတန်းတခုမှာ မီးခိုးဗုံးတခုကနေ မီးပန်းတွေဖြာထွက်နေတဲ့ Video ကလစ်လေးတခု သတိထားမိတယ်။

မေး ။ ။ တချိန်က ကရင်ပြည်နယ် ဝမ်ခတိုက်ပွဲမှာရော၊ မာနယ်ပလောနဲ့ အခုနောက်ပိုင်း ကချင်စစ်မြေပြင်မှာပါ တပ်မတော်က ဓာတုလက်နက်တွေ ထုတ်သုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ခဲ့ဖူးတယ်။ လူမသေဘဲ၊ အရည်ပြားတွေ လောင်တာ၊ နားထဲက သွေးထွက်တာ၊ မူးဝေအော့အန်ပြီး လမ်းဆက်မလျှောက်နိုင်တာ ... စတဲ့လက္ခဏာတွေပေါ်တယ်လို့ သတင်းတွေ ဖတ်ဖူးတယ်။ တပ်မတော်က တိုင်းရင်းသားတွေနဲ့စစ်ခင်းရာမှာ ဓာတုလက်နက်တွေ သုံးတတ်သလား ?

ဖြေ ။ ။ သုံးတတ်ပါတယ်။ ကိုယ်တိုင်တော့ အဲလိုတိုက်ပွဲတွေ မမီခဲ့ပေမယ့် ကျနော်တို့ စစ်အင်ဂျင်နီယာသင်တန်းမှာ ဓာတုလက်နက်ကိစ္စတွေလည်း ဘာသာရပ်ခွဲတခုအနေနဲ့ သင်ခဲ့ရတယ်။ သင်တန်းတခုမှာ ကပစ (၅) က ဒုတပ်ရင်းမှူး ဗိုလ်မှူးကြီးဉာဏ်ထွန်းက ပြောဖူးတာပေါ့။ သူက ဓာတုလက်နက်ဆိုင်ရာ သင်တန်းပေးတာ။ သူက ကရင်ပြည်နယ် ဝမ်ခမှာတိုက်ပွဲတွေဖြစ်တော့ တပ်ကလူတွေ အများကြီးသေတယ်ဗျာတဲ့ ...၊ တဖက်က ကတုတ်ကျင်းတွေထဲကနေ ခံပစ်တော့ တက်မရဘူး၊ ဒါနဲ့ အခုပြောနေကြတဲ့ မီးလောင်ဗုံးတွေ စပြီးစမ်းသပ်လုပ်ကြတာပေါ့လို့ ပြောဖူးတယ်။

နောက် Pressure Bomb လို့ ခေါ်တဲ့ မိုင်းရှင်းတဲ့ဗုံးလည်း စမ်းကြတယ်။ သူက အမြောက်ဆံနဲ့ မိုင်းရှိမယ်ထင်တဲ့ မြေပြင်ပေါ်ကို ပစ်လိုက်ရင် ပေါက်ကွဲအားပြင်းတော့ လေထုထဲမှာ လေဟာနယ်ဖြစ်သွားပြီး ရုတ်တရက် ပြင်ပလေထုတွေ ဝုန်းခနဲပြန်စုတော့ မြေကြီးကို ဖိအားနဲ့ရိုက်သလိုဖြစ်ပြီး မြှုပ်ထားတဲ့ဗုံးတွေ ပေါက်ကွဲတဲ့သဘောပဲ။ ကတုတ်ကျင်းထဲ ရေအပြည့်ထည့်ထားတဲ့ တိုင်ကီပုံးတလုံးတည်းစမ်းတာ၊ အဲဒီ Pressure ဗုံးကြောင့် တိုင်ကီထဲ ရေတစက်မှမကျန်အောင် လွင့်စင်ပြီး တိုင်ကီလည်း လိန်ပိန်တွန့်ခေါက်သွားတာ။ အဲဒီလို ဖိအားပေး မိုင်းရှာဗုံးတွေ (Pressure Bomb) နဲ့ မီးလောင်ဗုံး (Incendiary)တွေသုံးတော့ ကတုတ်ကျင်းထဲကလူတွေလည်း ဘယ်ခံနိုင်မှာတုန်း။

အဲလို ဓာတုလက်နက်တွေသုံးရင် ဂျနီဗာသဘောတူညီချက်နဲ့ မညီဖူး။ ဒါကြောင့် တပ်က ဓာတုလက်နက်သုံးမယ်ဆို လူသိမခံဘူး။ ဥပမာ ရှေ့တန်းစစ်မြေပြင်တခုမှာ ဓာတုလက်နက်သုံးမယ်ဆိုတာ ခြေကျင်တပ်အရာရှိတွေကိုတောင် ပေးမသိစေဘူး။ ကျနော်တို့ ကာကွယ်စက်ရုံက အရာရှိတွေကိုယ်တိုင် သွားပစ်တာ။ ခြေလျင်တပ်သားတွေကို အနားမှာမရှိစေဘူး။

မေး ။ ။ ကျနော်တို့အတွေ့အကြုံအရ ဆန္ဒပြမယ်ဆိုရင် ရဲတပ်ဖွဲ့က ပထမလူစုခွဲဖို့ သတိပေးမယ်။ ဒုတိယ တားမြစ်ထားတဲ့ အရံအတားကို မကျော်ရဘူး၊ တတိယအဆင့်က မီးသတ်ပိုက်နဲ့ပက်မယ်၊ အဲဒါမှမရရင် မျက်ရည်ယိုဗုံး ဖောက်မယ်၊ နောက်ဆုံး နံပါတ်တုတ်နဲ့ရိုက်မယ်၊ ဖမ်းမယ်ပေါ့။ ဒါကလည်း ဆန္ဒပြလူထုက ထကြွပြီး ချိုးဖောက်ရန်မူမှဖြစ်တာကိုး ..၊ ဆန္ဒပြသူတွေ ငြိမ်းငြိမ်းချမ်းချမ်း ထိုင်နေရင် ရဲက ကျန်းမာရေးနဲ့ လုံခြုံရေးတောင် တာဝန်ယူရသေးတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာတော့ ကျနော်တို့ အဲလိုပဲကြုံဖူးတယ်။ အခုဖြစ်တာက သံဃာတော်တွေ ကိုယ့်သပိတ်စခန်းထဲထိုင်ပြီး မေတ္တာပို့နေတာကို လှမ်းပစ်တာဆိုတော့ .. တပ်မတော် အရာရှိဟောင်းတယောက်အနေနဲ့ ဘယ်လိုမြင်လဲ ?

ဖြေ ။ ။ ဟာ … အခုဖြစ်နေတဲ့ဟာက နိုင်ငံတကာစံချိန်စံညွှန်းနဲ့ လုံးဝမှမကိုက်ညီဘူးလေ။ နိုင်ငံတကာ စံနှုန်းက စစ်မြေပြင်မှာတောင် အခုလို မီးလောင်ကျွမ်း ဒဏ်ရာရစေမှုကို အကန့်အသတ်နဲ့ပဲ သုံးရတယ်။ အခု မြန်မာပြည်မှာလုပ်နေတဲ့ဟာတွေက မျက်ကန်းတစ္ဆေမကြောက်၊ ထင်သလိုလုပ်နေသလိုပဲ။ ဒီမိုကရေစီနိုင်ငံတိုင်းလည်း ဆန္ဒပြသူတွေကို အရေးယူတာတွေ ရှိတာပဲ။ ကိုယ့်လက်ဆ ကိုယ်သိဖို့တော့ လိုတာပေါ့။ ဒီမိုကရေစီစိတ်၊ ပြုပြင်ပြောင်းလဲချင်စိတ်တော့ ရှိရမှာပေါ့ … … …။ ။


 

No comments: