Wednesday, November 21, 2012

သေဆုံးသွားတဲ့ နှင်းဆီတပွင့်အပေါ် .... ပြတ်ရွေ့ပျောက်ကွယ်နေတဲ့ … ဆောင်း (ကမာပုလဲ)

မြေသင်းရနံ့ကလေးမှတဆင့်
ရင်ထဲ အတွေးငွေ့ငွေ့တွေနဲ့ လှိုက်လှိုက်ခုန်
ပြန်ချိန်တန်လို့ မပြန်နိုင်သေးတဲ့ မိုးကို
စိမ်းစိမ်းကားကား ဧည့်ခံထားရတယ် …။

လာနေကျ နံနက်ခင်းတွေမှာ
မင့်ကိုယ်စား နှင်းဆီအနက်ကလေး ထိုးစိုက်ပေးထားမယ်
မင့်ကတိစကားတွေ နာကျင်အကျဉ်းကျနေမစိုးလို့
သူ့ … ဆူးခက်ချွန်ချွန်တွေကို အနာခံ သပ်ပေးထားမယ်
သူ့ကို စကားမပြောခိုင်းဘူး
သူပြောပြောနေကျ အတိတ်ကအကြောင်းတွေ
သူ့ အမှတ်ရမှုဝတ်မှုန်တွေမှာ စွန်းပေမနေစေရဘူး
မင်း နေရထိုင်ရ ခက်နေမှာစိုးလို့ပါ
စိတ်ချ လက်ချ ကြိုက်သလို စီရင်နိုင်ပါတယ် …။


ခန်းဆီးစမှာ အစိမ်း
ပြတင်းကလှမ်းမြင်ရတဲ့ ရှုခင်းဟာ အစိမ်း
မင်းရဲ့ ကိုယ်သင်းရနံ့ဟာ အစိမ်း
မင့်ဆီက ပွင့်အန်ကျလာမယ့် စကားသံတွေဟာ အစိမ်း
ဒို့နှစ်ဦး ဝေးကွာခဲ့တဲ့ အလွမ်းတွေဟာလည်း စိမ်းခဲ့တယ် …။

အလိုရှိရာကို သက်ပြင်းမျှင်းမျှင်းကလေးနဲ့ တံခါးခေါက်လိုက်ပါ
အလိုလို ရောက်ရှိလာမယ့် အလိုက်သင့်ကျိုးနွံမှုများရဲ့ တာဝန်ကျေမှုများ
သံသယ မဖြစ်လိုက်ပါနဲ့
ထင်ယောင်ထင်မှားနဲ့ မျက်လွှာပင့်မကြည့်လိုက်ပါနဲ့
အိပ်မက်ကို ဘယ်လို ရေမွှေးအကောင်းစားမျိုးနဲ့ မက်ချင်ပါသလဲ
စိတ်ကူးစိတ်သန်းကို ဘယ်လို ရတနာ ခြေနင်းမျိုးနဲ့ ဖြတ်သန်းချင်ပါသလဲ
ဆူဆူညံညံအသံတွေ မကြားချင်ဘူး … ဟုတ်စ … ။

မင့် အလိုမကျတဲ့ အရပ်မှာ နွေဦးကို ဝှက်ထားပေးပါမယ်
မင့်ထက်လှမယ့် ပန်းပွင့်ကလေးတွေ အသက်ရှင်မလာစေဖို့ …
ကမ္ဘာကြီးဟာ မင့်စိတ်တိုင်းကျ ဖြစ်ဖို့ … သူ အသက်ရှင်နေတာပဲ
ဒီအတိုင်းပဲ ဖြစ်သင့်တယ် …။

ငှက်ကလေးတကောင်ရဲ့ မျက်ဝန်းမှာ ကောင်းကင်ကို ဝှက်မထားဘူး
လိပ်ပြာကလေးရဲ့ တောင်ပံမှာ တောချောက်သံတွေ မရှိစေရဘူး
မြင်းကျားတွေရဲ့ လည်ဆံမွှေးမှာ မြဘယက်တွေ ဆင်ယင်မထားဘူး
ဝံပုလွေတွေရဲ့ ညတွေမှာ နာကျင်မှုတွေအတွက် ခိုနားရာ မရှိခဲ့ပါဘူး
ငါ့ရဲ့မျှော်လင့်ခြင်းမှာတော့ မင့်မာနတွေရဲ့ ပြဌာန်းချက်တွေသာ နေသားကျခဲ့ပြီ ဖြစ်တယ် …။

မင်းက မြစ်တစင်းလို စီးဆင်းသွားခဲ့တယ်
ငါကတော့ တံတားအိုကလေး တစင်းလို ယိုင်နဲ့ ကျန်ရစ်တယ်
ကမ်းကပ်လာတဲ့ အမှိုက်စကလေးတွေဟာ ငါ့မြတ်နိုးမှု ဆန္ဒအသေတွေ
လမ်းမှာ တောမှောက်နေတဲ့ ကူးတို့ဆရာကို တွေ့ရင်ပြောလိုက်ပါ …
သူ့လှေ … နစ်ခဲ့ပြီလို့ …။

ကျနော် နွေးမယ်ထင်ပြီး ဒီဝတ်ရုံရဲ့အငွေ့ကို လှုံခဲ့ပါတယ်
ပုလဲလို … နို့နှစ်လို … ဖွေးဖွေးလှုပ်နေတဲ့ အရောင်
စွန်းထင်းလွယ်မှန်း ကျနော် မသိခဲ့
ထာဝရလို့ မှားယွင်းမြတ်နိုးမိခဲ့
ခု … သူ … အိမ်ဦးခန်းထဲ အကျအနထိုင်
အနမ်းတခု … နောက်အနမ်းတခု … နောက်လာဦးမယ့် အနမ်းများ
မာတာဟာရီရဲ့ နှုတ်ခမ်းက သေခြင်းတရားတို့ ရှင်သန်နေဆဲ အနမ်းများ
တဖြောက် ဖြောက် နဲ့
‘မလေး လက်ခတ်သံ’ များလား
အနွေးအင်္ကျီစစ်စစ်တထည် ရက်လို့နေတာများလား
သူ့ အမည်နာမက ‘မရဏ’ ဖြစ်တယ်
ကျနော့် ဆံနွယ်မှာ တွဲခိုနေတာ သူ့မျက်ရည်စများ
တကယ်က … ဒီဇာတ်လမ်းဟာ တင်ဆက်နေကျ အလွမ်းမျိုးပဲ ဖြစ်သင့်တယ်။ ။

ကမာပုလဲ 
၂၀၊ ၁၁၊ ၂၀၁၂။


 

No comments: