Tuesday, July 31, 2012

ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါးနှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ (မောင်ဝံသ)

"ပုဒ်မ ၁၀ (က)ကတော့ ကာကွယ်ရေးပုဒ်မလို့ ခေါ်ပါတယ်။ ဘာအမှုမှ မကျူးလွန်သေးပေမယ့် ဒီလူကို အပြင်လောကမှာထားရင် နိုင်ငံတော်အား ထိပါးနှောက်ယှက်ဖျက်ဆီးမညိ့် အန္တရာယ်ရှိတယ်၊ ဒါကြောင့် ထောင်ထဲ ထည့်ထားရမယ်ဆိုပြီး ဖမ်းထည့်ထားတဲ့ ပုဒ်မပါ။ အဲဒီဘက်မှာ အင်မတန်မှ ဉာဏ်ကြီးလှပါသော ဦးနေဝင်းက ၁၉၇၄ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ဥပဒေပါ။ ထောင်ထဲ ထည့်မထားသင့်တဲ့ အဆင့်အတန်းရှိပုဂ္ဂိုလ်မျိုးကိုတော့ ပုဒ်မ ၁၀ (ခ)နဲ့ အိမ်အကျယ်ချုပ်ပေါ့ခင်ဗျာ ..."

ပညာရှိချင်း ခေါင်းတိုက်မိတယ်ဆိုတဲ့စကား ကြားဖူးကြမယ်ထင်ပါတယ်။ ဆောင်းပါးရှင်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ အဲသလို အတွေ့အကြုံ မကြာခဏ ကြုံရတတ်ပါတယ်။ အခြားသူတစ်ယောက်ရေးတဲ့ အကြောင်းအရာနဲ့ ကျွန်တော့်ဘာသာ သင့်မယ်ထင်လို့ ရွေးချယ်ပြီးရေးလိုက်တဲ့အကြောင်းအရာ တစ်ချိန်တည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာကို ဆိုလိုတာပါ။ အဲဒါကို ပညာရှိချင်း တွေးပုံချင်းတူတယ်၊ great men think alike လို့ ဂုဏ်ယူပြီး ပြောလေ့ရှိတယ်။

ဝင်းထွဋ်ဇော်နဲ့ ကျွန်တော် 

ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ပင်တိုင်ဆောင်းပါးရှင်တစ်ယောက်ဖြစ်တဲ့ ဆရာ ဝင်းထွဋ်ဇော်က ‘ဒီမိုကရေစီ စီးပွားရေးမှာ ခရိုနီတွေ လိုသေးသလား’ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးတယ်။ သည်အကြောင်းအရာကို သူ ရေးထားမှန်းမသိဘဲ ကျွန်တော်ကလည်း ‘ခရိုနီများရဲ့ ရှေ့ခရီး’ ဆိုပြီး ဆောင်းပါးရေးလိုက်တယ်။


ပြည်သူ့ခေတ်ဂျာနယ်မှာ ကျွန်တော်က အတိုင်ပင်ခံတာဝန်ကိုပဲ ယူထားပါတယ်။ ဆောင်းပါးတွေကို အယ်ဒီတာအဖွဲ့ကပဲ ရွေးတာ ပယ်တာ လုပ်ပါတယ်။ ကျွန်တော့်ဆီတိုက်ရိုက်ရောက်လာတဲ့ ဆောင်းပါးတွေကိုတောင် ကျွန်တော်က အယ်ဒီတာအဖွဲ့ထံကိုပဲ မှတ်ချက်ရေးပြီး ပို့ပေးပါတယ်။ ပုံနှိပ်ဖော်ပြမယ့် စာမူတွေကို စာပေစိစစ်ရေးတင်တော့မှ တင်ထားတဲ့ စာမူတွေကိုမိတ္တူဆွဲပြီး ကျွန်တော့်ဆီ တစ်စုံ ပေးပါတယ်။ အဲဒီအခါ ရုံးကိုတင်ထားတဲ့ စာမူတွေကိုဖတ်ရင်း ဆရာဝင်းထွဋ်ဇော်ရဲ့ ဆောင်းပါးကို တွေ့ရတာပါ။ တော်ပါသေးရဲ့၊ ကျွန်တော်တို့ နှစ်ယောက်ဟာ အကြောင်းအရာချင်းတူပေမယ့် ချဉ်းကပ်ပုံချင်းမတူဘဲ ကိုယ့်ရှုထောင့်နဲ့ကိုယ် ရေးမိပေလို့။ သို့ပေမယ့် ခရိုနီပြဿနာအပေါ်ထားရှိတဲ့ သဘောထားချင်းက မကွဲလွဲဘူး။ ကွဲလွဲရင်လည်း ကျွန်တော့်သူငယ်ချင်းက စိတ်ကြီးကြီးနဲ့ဆိုတော့ ကျွန်တော့်ကို ပြစ်တင်ရှုတ်ချလို့ ဆုံးမှာမဟုတ်ဘူး။ ဝင်းထွဋ်ဇော်နဲ့ ကျွန်တော်က ရန်ကုန်တက္ကသိုလ်မှာ ဘာသာတွဲအတူတူ၊ တစ်တန်းတည်းသား၊ ကျောင်းသား လှုပ်ရှားမှုတွေမှာ ဘက်တစ်ဖက်တည်းရပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ သူက ပထမ ပြည်သူ့ခေတ်အယ်ဒီတာအဖွဲ့မှာ ပါခဲ့သေးတယ်။ နောက်တော့ လွတ်လပ်တဲ့ ဆောင်းပါးရှင်အဖြစ်ပဲ ရေးပေးနေပါတယ်။

အပတ်စဉ်ပါနေအောင် 

စာပေစိစစ်ရေးကို ကျွန်တော်တို့ဂျာနယ်အနေနဲ့ ဗုဒ္ဓဟူးနေ့ တစ်ကြိမ်၊ သောကြာနေ့ တစ်ကြိမ်၊ နှစ်ကြိမ် စာမူများ တင်ရပါတယ်။ ကျွန်တော်က ဗုဒ္ဓဟူးနေ့တင်တဲ့အထဲ ပါအောင် ရေးလေ့ရှိတယ်။ ဒါမှ အဲဒီစာမူကို စာပေစိစစ်ရေးက ပယ်လိုက်တယ်ဆိုရင် သောကြာနေ့အမီ နောက်တစ်ပုဒ်ထပ်ရေးပြီး တင်နိုင်မှာ ဖြစ်တယ်။ အဲသလို ဝီရိယ ကောင်းကောင်းနဲ့ရေးခဲ့ပေလို့သာ ကျွန်တော့်ဆောင်းပါးတွေ အပတ်စဉ်လို ပါနေတာ ဖြစ်ပါတယ်။ တစ်ခါတလေ အလုပ်တွေများနေလို့ ဗုဒ္ဓဟူးနေ့ ရုံးတင်ချိန်အမီ ဆောင်းပါး မပေးနိုင်ရင် သောကြာနေ့အမီရေးပြီး ပေးရပါတယ်။ အဲဒီလိုအပတ်ဆို ကျွန်တော့်မှာ ရင်တထိတ်ထိတ်နဲ့ စောင့်ရပါတယ်။ သောကြာနေ့တင်တဲ့စာမူ အပယ်ခံရပြီဆိုရင် အဲဒီအပတ် မောင်ဝံသ ဆောင်းပါး မပါတော့ဘူးပေါ့။

ဒီမိုကရေစီရဲ့ အန္တရာယ် 

ဒီတစ်ပတ်လည်း ကျွန်တော် ဗုဒ္ဓဟူးနေ့အမီ ဆောင်းပါး မရေးနိုင်ခဲ့ဘူး။ သောကြာနေ့ရုံးတင်ဖို့အမီ ရေးဖို့ပဲ ပြင်ဆင်နေပါတယ်။ ကျွန်တော် ပြင်ဆင်နေတာက ဥပဒေပြုတာဝန်ရှိသူတွေ စဉ်းစားနိုင်အောင် အရေးကြီးတဲ့ အကြောင်းအရာတစ်ခုကို တင်ပြဖို့ပါပဲ။ အဲဒီအခိုက်မှာ ဗုဒ္ဓဟူးနေ့ စာပေစိစစ်ရေးကိုတင်ထားတဲ့ ပြည်သူ့ခေတ်စာမူ ပထမအသုတ် မိတ္တူတွေ ကျွန်တော့်ဆီ ရောက်လာပါတယ်။ ဖတ်ကြည့်လိုက်တော့ ဆရာဗသုန်ရဲ့ ‘ဒီမိုကရေစီရဲ့ အန္တရာယ် အစပြုမလာစေဖို့’ ဆောင်းပါးဟာ ကျွန်တော် ယခုအပတ်ရေးမယ့် အကြောင်းအရာနဲ့ တိုက်ဆိုင်နေတာ တွေ့ရပြန်တယ်။ သူက ဒီမိုကရေစီရဲ့အန္တရာယ်တွေကို ထောက်ပြထားတယ်။ ကျွန်တော်ကလည်း ခုတစ်လော ဒီမိုကရေစီဆန့်ကျင်ရေးသမားတွေ သိသိသာသာ ပိုပြီး အာကျယ်လာကြသလားလို့ စိုးရိမ်ပူပန်စိတ်နဲ့ ‘ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါးနှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ’ ဆိုတာကို ပြဌာန်းစေလိုကြောင်း ရေးမလို့ ပြင်ဆင်နေတာပါ။

ပုဒ်မ ၁၀ (က) နဲ့ (ခ) 

ကျွန်တော် ဖြစ်စေလိုတဲ့ ဥပဒေအမည်နာမကိုကြည့်ပြီး စာဖတ်သူ မိတ်ဆွေများ ကြားဖူးသလိုလို ဘာလိုလို ဇဝေဇဝါ ဖြစ်သွားကြမယ် ထင်ပါတယ်။ ကြားဖူးကြမှာပေါ့ခင်ဗျာ။ နာမည်ကျော် ပုဒ်မ ၁၀ (က) နဲ့ ပုဒ်မ ၁၀ (ခ)။ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ ဆိုတာလေဗျာ။

ကျွန်တော် နိုင်ငံရေးလုပ်ခဲ့တုန်းက သုံးခါ ထောင်ထဲရောက်ခဲ့ရာမှာ နှစ်ခါက ပုဒ်မ ၁၀ (က)နဲ့ ထည့်ထားခံရတာ ဖြစ်ပါတယ်။ တစ်ကြိမ်ကတော့ ပုဒ်မ ၅(ည)နဲ့ ထောင်ချခံရတာ ဖြစ်ပါတယ်။ ပုဒ်မ ၅ (ည) က ၁၉၅၁ အရေးပေါ်စီမံချက် အက်ဥပဒေ တဲ့။ ငြိမ်ဝပ်ပိပြားရေး ပုဒ်မလို့လည်း ခေါ်ပါတယ်။ ဆူပူအောင်လှုံ့ဆော်လို့ဆိုပြီး ဖမ်းဆီးထောင်ချတာ ဖြစ်ပါတယ်။ အမှုကတော့ ဂန္ဒီခန်းမ ကြေညာစာတမ်းရေးသားရာမှာ ပါဝင်ခဲ့မှု။

ပုဒ်မ ၁၀ (က)ကတော့ ကာကွယ်ရေးပုဒ်မလို့ ခေါ်ပါတယ်။ ဘာအမှုမှ မကျူးလွန်သေးပေမယ့် ဒီလူကို အပြင်လောကမှာထားရင် နိုင်ငံတော်အား ထိပါးနှောက်ယှက်ဖျက်ဆီးမညိ့် အန္တရာယ်ရှိတယ်၊ ဒါကြောင့် ထောင်ထဲ ထည့်ထားရမယ်ဆိုပြီး ဖမ်းထည့်ထားတဲ့ ပုဒ်မပါ။ အဲဒီဘက်မှာ အင်မတန်မှ ဉာဏ်ကြီးလှပါသော ဦးနေဝင်းက ၁၉၇၄ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ဥပဒေပါ။

ထောင်ထဲ ထည့်မထားသင့်တဲ့ အဆင့်အတန်းရှိပုဂ္ဂိုလ်မျိုးကိုတော့ ပုဒ်မ ၁၀ (ခ)နဲ့ အိမ်အကျယ်ချုပ်ပေါ့ခင်ဗျာ။

စိတ်နာရတဲ့ အတွေ့အကြုံ 

ပုဒ်မ ၁၀ (က)နဲ့ အကျဉ်းခံခဲ့ရတဲ့ အတွေ့အကြုံကို ကျွန်တော်က အတော် စိတ်နာတယ်။ ၅(ည)နဲ့ ထောင်ချတုန်းက မိသားစု ထောင်ဝင်စာလာပြီး မိသားစုနဲ့ ၂ ပတ် တစ်ကြိမ်တွေ့၊ စကားစမြည်ပြောနိုင်တယ်။ ၁၀(က)နဲ့ကျတော့ ထောင်ဝင်စာ မရှိဘူး။ မိသားစုက စားစရာနဲ့ ဆေးဝါး စသည်ကို ထောင်ဗူးဝမှာ လာပေးသွားရတယ်။ သားသမီးလေးယောက်အနက် သား နှစ်ယောက်က ကျွန်တော် အဖမ်းခံရတုန်းက ၁၂ နှစ် - ၁၃ နှစ်သားတွေ၊ လေးနှစ်ကျော်ကြာပြီး ကမ္ဘာ့ကြက်ခြေနီ (ICRC) ကိုယ်စားလှယ်အဖွဲ့ ထောင်ထဲဝင်ကြည့်ခွင့်ရတော့မှ ကျွန်တော့်အိမ်က မိသားစုဓာတ်ပုံကို ယူလာပြလို့ ကြည့်လိုက်ရတယ်။ သားတွေက အရပ်ကြီးတွေ မိုးထိုးနေပြီ။ အမေ့ထက် မြင့်သွားကြပြီ။ ကျွန်တော် ဆေးရုံတက်ရချိန်မှာ မိသားစုနဲ့တွေ့ခွင့်ပေးတော့ သားတွေက ကျွန်တော့်ထက်တောင် မြင့်သွားပြီ။ နောက်ဆုံးအခေါက် ငါးနှစ်ကျော်နေခဲ့ရပြီးမှ ပြန်လွှတ်တယ်။

တကယ်ပြဌာန်းသင့်တဲ့ ဥပဒေ 

အခု ဒီမိုကရေစီတည်ဆောက်နေတဲ့ခေတ်မှာ ပုဒ်မ ၁၀ (က) (ခ) တွေ၊ ၅ (က) (ည) စတာတွေ လုံးဝ မရှိသင့်တော့ပါဘူး။ တော်လောက်ပါပြီ။ နောင်လည်း တကယ်ဒီမိုကရေစီ ပီပြင်ပြီဆိုရင် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန်ဆိုပြီး လူတွေကို ဘာပြစ်မှုမှ မကျူးလွန်သေးဘဲ ထောင်ထဲ ဖမ်းထည့်ထားဖို့ဆိုတာ စိတ်နဲ့တောင် မပြစ်မှားသင့်တဲ့ကိစ္စလို့ပြောချင်ပါတယ်။

ခုချိန်မှာ တကယ်တမ်း ပြဌာန်းသင့်တဲ့ဥပဒေကတော့ စောစောကပြောခဲ့တဲ့ ‘ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါး နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ’ ဖြစ်ပါတယ်။ ဆရာ ဗသုန် ဆောင်းပါးထဲ ရေးထားသလို နိုင်ငံရေးပါတီအချင်းချင်း မတော်မတရား ပုတ်ခတ်စော်ကား၊ ရန်စတိုက်ခိုက်တာမျိုးတွေ၊ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ပိတ်ပင်တားဆီးတာတွေ၊ ပြည်သူ့အခွင့်အရေးတွေကို ချုပ်ချယ်ကန့်သတ်တာတွေ၊ ရွေးကောက်ပွဲမှာ မဲမသမာမှုကျူးလွန်တာတွေ စတာတွေကို အဲဒီဥပဒေနဲ့ ကာကွယ်တားဆီးဟန့်တားရမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားက ရခဲ့တဲ့ စိတ်ကူး 

အင်ဒိုနီးရှားနိုင်ငံကို မကြာသေးခင်က ကျွန်တော်တို့သွားရောက်ပြီး စာနယ်ဇင်းကောင်စီလုပ်ငန်းများ လေ့လာခဲ့စဉ်က တွေ့ခဲ့ရတဲ့ ဥပဒေတစ်ခုကို အကြောင်းပြုပြီး အထက်ပါစိတ်ကူး ကျွန်တော့်ခေါင်းထဲ ဝင်လာခဲ့တာပါ။ အဲဒီဥပဒေက ဘာလဲဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိပါးနှောက်ယှက် ဖျက်ဆီးသူ မည်သူမဆို ၂ နှစ်အထိ ထောင်ဒဏ် သို့မဟုတ် ရူပြားငွေ သန်း ၅၀၀ (မြန်မာငွေ သိန်း ၅၀၀ ခန့်) အထိ ဒဏ်ငွေတပ်ရိုက်ခံရမည်ဆိုတဲ့ အင်ဒိုနီးရှား စာနယ်ဇင်း အက်ဥပဒေ ပုဒ်မ ၁၈ ဖြစ်ပါတယ်။ ဦးတည်တာကတော့ အစိုးရအာဏာပိုင်များထဲက စာနယ်ဇင်း လွတ်လပ်ခွင့်ကို တစ်နည်းနည်း ပိတ်ပင်ဟန့်တားဖို့ကြိုးစားသူတွေကို အရေးယူဖို့ဖြစ်တယ်လို့ ကျွန်တော်တို့ကို ရှင်းပြပါတယ်။ ကောင်းလေစွ။

ပိုကောင်းတဲ့ဥပဒေ 

ကျွန်တော်ကတော့ အင်ဒိုနီးရှား ဥပဒေကို ပုံတူ ကူးမချချင်ပါဘူး။ သူ့ထက်ပိုကောင်းတာကိုပဲ စဉ်းစားကြည့်ပါတယ်။ အဲဒါကတော့ ‘ဒီမိုကရေစီတည်ဆောက်ရေးကို နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ’ ကိုသာပြဌာန်းနိုင်မယ်ဆိုရင် နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီမြတ်နိုးသော ပြည်သူများကို ဒီမိုကရေစီဆန့်ကျင်ရေးသမား၊ ခေတ်နောက်ပြန်ဆွဲလိုသူများရဲ့အန္တရာယ်မှ အကာအကွယ်ပေးနိုင်ရုံမက တစ်နွယ်ငင် တစ်စင်ပါဆိုသလို ကျွန်တော်တို့ သတင်းစာဆရာများအတွက်လည်း အကာအကွယ်ပေးပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်မိကြောင်းပါဗျာ။

၂၇၊ ၇၊ ၂၀၁၂
maungwuntha@gmail.com

ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။ 


 

 

No comments: