Sunday, May 13, 2012

တောမီးငြိမ်းမှာကြောက်သော တောကြောင်များ (မောင်မောင်ဝမ်း)

နယ်စပ်တည်ငြိမ်ပြီး မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးလာမှာကို အင်မတန်မှ စိုးရိမ်ကြောက်ရွံ့တဲ့အထဲမှာ ထိုင်းက ထိပ်ဆုံးက ရှိတယ်။ နယ်စပ်တည်ငြိမ်ရင် ထိုင်းဘက်မှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေဟာ မြန်မာပြည်ဘက် ရွှေ့လာမယ်။ (ထိုင်းနယ်စပ်မှာ ထိုင်းအမျိုးသားပိုင်ဆိုင်တဲ့ စက်ရုံ အလုပ်ရုံဆိုတာ တော်တော်ရှားပါတယ်၊ တခြားနိုင်ငံသားတွေ လာရောက် ရင်းနှီးမြှုပ်နှံကြတာ များတယ်) အလုပ်သမားတွေ အကုန်နီးပါးလောက်က မြန်မာနိုင်ငံသားတွေချည်းပဲ။

မြန်မာနိုင်ငံဘက်မှာ လာရောက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုန်ကျစရိတ်ဟာ ထိုင်းနိုင်ငံထက် လုပ်ငန်းရှင်တွေအဖို့ အများကြီး သက်သာသွားမယ်။ (ဒါကို ထိုင်းအစိုးရ အကြီးအကျယ် တုန်လှုပ်တယ်) နောက်တခါ ဒုက္ခသည်ကို အကြောင်းပြုပြီး အမြတ်ထုတ်လို့ရနေတာ တနှစ်တနှစ် ဒေါ်လာ သန်းပေါင်းများစွာရတယ်။ ဒါတွေ ဆုံးရှုံးမှာကို စိုးတယ်။ ထိုင်းနယ်စပ် မြို့ကြီးတွေဟာ မြန်မာဘက်ကို အလုပ်သမားက အစ တော်တော်များများ မှီခိုနေရတယ်။

ဒါ့ကြောင့် ထိုင်း - မြန်မာနယ်စပ် ငြိမ်းချမ်းသွားမှာကို စိုးရိမ်တယ်။ ဒါ့ကြောင့် DKBA ဗိုလ်စောလားပွယ်တို့ကို ပစ်မှတ်ထား ပြဿနာရှာ၊ မမှန်မကန်တွေစွပ်စွဲပြီး နယ်စပ် မတည်ငြိမ်ဖြစ်အောင် ကြိုးစားတယ် (ကလေးကွက်တွေ)။ နောက်ထပ် ထိုင်းတွေ ဆုံးရှုံးနိုင်တဲ့အရာတွေလည်း ရှိသေးတယ်။ (ပြောချင်တာက) ထိုင်းတွေ ကြီးပွားချမ်းသာဖို့ ကျနော်တို့ပြည်သူတွေ သေပေးရမှာလား။ ကမ္ဘာတည်သ၍ အမြဲတန်း ဒုက္ခသည် လုပ်ပေးနေရမှာလား။


မျှော့ လို့ခေါ်တဲ့ လူမျိုးစုသေးသေး လက်နက်ကိုင် နည်းနည်းလေးတောင် နိုင်အောင် မတိုက်နိုင်လို့ ကရင် အကူအညီပေးမှ တည်ငြိမ်သွားတဲ့ ကျေးဇူးကိုမှ မထောက်၊ မရဲဘဲနဲ့ ကျွဲပြဲစီးတဲ့ ထိုင်း ဒု ဝန်ကြီးချုပ်ဆိုသူကို သတိပေးလိုက်ချင်တယ်။ သာမည ဆရာတော်ကြီး ပျံတော်မမူခင် ပြောသွားတာရှိတယ်။ သာမညတောင်ဝန်းကျင်မှာရှိတဲ့ မြေယာတွေကို “ ဒီနေရာတွေဟာ တနေ့မှာ ထိုင်းတွေ လာအလုပ်လုပ်မယ့်နေရာတွေ” တဲ့။ မြန်မာပြည်သူလူထု ဒီအချက်တွေ သိသင့်တယ်ထင်လို့ ပြောပြတာပါ။ မျိုးချစ်စိတ်အပြည့်နဲ့ တိုင်းပြည်တိုးတက်အောင် အစွမ်းကုန် ကြိုးစားပြရင်းနဲ့ ထိုင်းကို သာအောင်လုပ်ကြမယ်။

မြန်မာပြည် အေးချမ်းတည်ငြိမ်လို့ တိုင်းပြည်စီးပွား တိုးတက်ရင် အနိမ့်ဆုံး နယ်စပ်ဒေသတွေမှာ အလုပ်သမား ရှားပါးမှုပြဿနာတွေတောင် သူတို့ ရင်ဆိုင်ရလိမ့်မယ်။ ထိုင်း နိုင်ငံရေးခေါင်းဆောင် တော်တော်များများက (အကုန်လုံး မဆိုလို) မြန်မာအပေါ်မှာထားတဲ့သဘောထား မမှန်တာ များတယ်။ ဒါကို နိုင်ငံသားတွေ သိစေချင်တယ်။ သူတို့မှာ ကံကောင်းနေတာက လူထုအပေါ်မှာ တကယ်စေတနာမှန်တဲ့ ဘုရင်ရှိနေတာပဲ။ လူထုကလည်း သူ့ကို အရမ်းကြည်ညိုတယ်။ တကယ်လည်း လေးစားထိုက်တာတွေ ရှိပါတယ်...။ ထိုင်းနိုင်ငံရဲ့ သြဇာတိက္ကိမကို အစစ်အမှန် ရထားသူဖြစ်လေတော့ သူ့ရဲ့ ပဲ့ကိုင်မှုနဲ့ တိုင်းပြည် တိမ်းစောင်းသွားတာတွေကို ပြန်တည့်မတ်နိုင်တယ်။ ထိုင်း နိုင်ငံရေးခေါင်းဆောင်တွေ တော်လို့ မဟုတ်ဘူး။ ဘုရင်ရဲ့ အထိန်းအသိမ်းကောင်းမှုကြောင့် ထိုင်းနိုင်ငံဟာ တိုးတက်သွားတာ။ ဒါကို မြန်မာနိုင်ငံသားတွေ သိစေချင်တယ်။ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာမှန်သော ခေါင်းဆောင်ကောင်း များများမဟုတ် တစ်ယောက်ပဲရှိ၊ တိုင်းပြည် တိုးတက်တယ်။ မယုံမရှိနဲ့ ...။

ဒီကြားထဲမှာ KIA ကို အကြောင်းပြုပြီး အပစ်အခပ်ရပ်စဲရေးကို ခြိမ်းခြောက်လာတဲ့အသံတွေ တော်လှန်ရေးအင်အားစုလို့ ခေါ်တဲ့သူတွေဆီက ထွက်လာတော့ စစ်တပ်က နောက်ကြောင်းပြန်မလှည့်ခင် ခင်ဗျားတို့က အရင် နောက်ကြောင်း ပြန်လှည့်တော့မှာလားလို့ မေးခွန်းထုတ်စရာဖြစ်နေပြီဗျာ။

လက်ရှိ ဦးသိန်းစိန် အစိုးရလည်း KIA အပစ်အခပ်ရပ်စဲရေးကိစ္စလုပ်စရာရှိတာ မြန်မြန်လုပ်ပါတော့။ ရှေ့တလှမ်း တက်မယ်မှ မကြံသေးဘူး၊ နောက် သုံးလှမ်းဆုတ်ဖို့ကိန်းဆိုက်နေမယ်ဆို မကောင်းပါဘူး။

တောကြောင်တွေကို သတိထားကြပါ ... အထူး သတိထားကြပါ။

(အခု ကျနော်ရေးလိုက်တဲ့စာဟာ စာတမ်းမဟုတ်သလို သုတေသနပြု ရေးထားတာလည်း မဟုတ်ဘူး။ ကျနော် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံပေါ် တည်မှီပြီး ရင်ထဲခံစားရတာရေးလိုက်တာ … ဒါပါပဲ)


 

No comments: