Tuesday, May 15, 2012

မနားပါနဲ့ဦးလို့ တားထားရမယ့် ခေါင်းဆောင်တွေ လိုအပ်နေချိန် (မောင်ဝံသ)

ဒီရက်ပိုင်းအတွင်း ကြားသိရတဲ့ သတင်းတွေက တိုင်းပြည်အတွက် အရေးကြီးတယ်လို့ ပြောနိုင်တဲ့သတင်းတွေ ဖြစ်နေတယ်ဗျ။ ကြားသိရတယ်ဆိုတာက ပြည်ပ မီဒီယာတွေနဲ့ အင်တာနက် အွန်လိုင်းတွေမှာ ပလူပျံနေတဲ့သတင်းတွေကို ဖတ်ရှု နားထောင်ရတာပါဗျာ။ ပြည်တွင်း သတင်းမီဒီယာတွေမှာ ကြားလည်းမကြားရ ဖတ်လည်းမဖတ်ရပါဘူးဗျ။

တစ်ဆင့်ခံလည်း ပြောလို့မရ 

သတင်းတွေက မြန်မာနိုင်ငံအတွက် သေရေးရှင်ရေး အရေးကြီးတယ်လို့ မဆိုချင်ရင်တောင်မှ တော်တော်ကလေး အရေးကြီးတယ်လို့ အဆင့်သတ်မှတ်လောက်တဲ့ သတင်းတွေ ဖြစ်နေတယ်ဗျာ။ အဲဒီသတင်းတွေကို ပြည်ပမီဒီယာတွေမှာ ဒီလိုဒီလိုရေးနေ ပြောနေကြပါတယ်လို့ တစ်ဆင့်ခံသတင်းအဖြစ်ဖော်ပြခဲ့တဲ့ ပြည်တွင်း သတင်းဂျာနယ်အချို့ဟာလည်း သတိပေးခံရတယ်လို့ ကြားရပြန်တယ်ဗျ။

ဦးသန့် နားတော့မယ်ဆိုတုန်းက 

ကျွန်တော်က အဲဒီအခြေအနေတွေကို မသိရခင်ဖြစ်ပေါ်နေတဲ့ သတင်းအချို့နဲ့ပတ်သက်လို့ ကျွန်တော့်အမြင် ကျွန်တော့်အာဘော်ကို ရေးထားပါတယ်။ ၁၉၇၁ ခုနှစ်တုန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ မြန်မာ့ဂုဏ်ဆောင် ဦးသန့် အနားယူတော့မယ်ဆိုတဲ့ သတင်းထွက်လာတော့ ရွှေတူဂျာနယ်က ကျွန်တော့်ကော်လံကနေ ‘ဦးသန့် နေပါဦး၊ မနားပါနဲ့ဦး’ လို့ရေးခဲ့ဖူးတာနဲ့ အစပျိုးထားတယ်။ ဦးသန့်က သူ့အရင် အတွင်းရေးမှူးချုပ် ကွန်ဂို ငြိမ်းချမ်းရေးဆောင်ရွက်ရင်း လေယာဉ်ပျက်ကျ သေဆုံးသွားလို့ ဆက်ခံတာဝန်ယူရသူဖြစ်ပါတယ်။ အဲဒီရာထူးသက်တမ်းကုန်ဆုံးသွားတော့ ဦးသန့်ကိုပဲ အတွင်းရေးမှူးချုပ်အဖြစ် ဆက်ပြီး တင်မြှောက်ကြတယ်။ ကျန်ရှိတဲ့ အဲဒီသက်တမ်းတစ်ခုလုံးကုန်ဆုံးတော့ ဦးသန့်ကိုပဲ ထပ်မံရွေးချယ်တင်မြှောက်လို့ ပထမသက်တမ်းအဖြစ် တာဝန်ထမ်းဆောင်ရတယ်။ အဲဒီ ပထမသက်တမ်းပြီးဆုံးချိန်မှာ ဒုတိယသက်တမ်းအတွက် ဆက်အရွေးခံရင် သူ့ကိုပဲ ရွေးကြမယ်ဆိုတာ သေချာပေမယ့် ဦးသန့်က အနားယူတော့မယ်၊ အရွေးမခံတော့ဘူးလို့ အရိပ်အမြွက် ထုတ်ဖော်ပြောဆိုပါတယ်။


အဲဒီအချိန်မှာ ဦးသန့်အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးမှာ ဆက်နေပါဦး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆက်လက် အလုပ်အကျွေးပြုပါဦးလို့ မြန်မာသတင်းစာဆရာတစ်ယောက်အနေနဲ့ ကျွန်တော့် သဘောထားကို ထုတ်ဖော် တင်ပြခဲ့တာပါ။ နောက်ဆုံးတော့ ဦးသန့်က သူ့ဆုံးဖြတ်ချက်အတိုင်းပဲ အနားယူလိုက်ပါတယ်။ မည်သို့ရှိစေ၊ ဦးသန့် မနားပါနဲ့ဦးလို့ ကျွန်တော့်ဆန္ဒကို ထုတ်ဖော်ခွင့်တော့ ရခဲ့ပါတယ်။

ဘလွန်းဘတ်သတင်းနဲ့ ပတ်သက်လို့ 

ယခုလည်း အမေရိကန်က ဘလွန်းဘတ် စီးပွားရေးသတင်းစာမှာ ဖော်ပြခဲ့တဲ့သတင်းနဲ့ပတ်သက်လို့ ကျွန်တော်က မိမိအမြင်ကို တင်ပြချင်တယ်။ ကျွန်တော်တို့နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးများစွာကို အကောင်အထည် ဖော်နေရဆဲ အနေအထားမှာ ရှိပါတယ်။ အရင်တစ်ခေတ်က အသုံးအနှုန်းနဲ့ပြောရရင် အသွင်ကူးပြောင်းရေးကာလမှာ ရှိနေဆဲပါ။ ဟိုတုန်းကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ရဲ့ ပန်းတိုင်ဆီကိုသွားနေတဲ့ အသွင်ကူးပြောင်းရေးပေါ့ဗျာ။ ခုတော့ ဒီမိုကရေစီ နိုင်ငံတော်ပန်းတိုင်ဆီကိုသွားနေတဲ့ အသွင်ကူးပြောင်းရေးပေါ့။

မာလိန်မှူးရှိနေဖို့ လိုတယ် 

သည်လမ်းကြောင်းပေါ် စတင်တက်လှမ်းချိန်ကစပြီး ပဲ့ကိုင်လာခဲ့တဲ့ မာလိန်မှူးဟာ ပန်းတိုင်ကိုရောက်ဖို့ စိတ်ချရတဲ့ အချိန်တစ်ခုအထိ ပဲ့စင်ပေါ်မှာ ရှိနေဖို့လိုတယ်။ ပဲ့ကိုင်တာဝန်ကို မထမ်းဆောင်နိုင်လောက်အောင် ယိမ်းယိုင်ယိုယွင်းခြင်း မရှိသမျှကာလပတ်လုံး ပဲ့ကိုင်ခွင့်ရှိတဲ့အချိန်ကာလ သက်တမ်းအပြည့် ဆက်လက် တာဝန်ယူဖို့ မဖြစ်မနေ လိုအပ်တယ်။ သို့မှသာ တာဝန်ကျေပြွန်တယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။

ပြည်သူတွေ နိုးကြားနေချိန် 

ကျွန်တော်တို့တိုင်းပြည်ဟာ ယနေ့အချိန်အခါမှာ တိုင်းသူပြည်သားတွေ နိုင်ငံရေးနိုးကြားနေချိန် ဖြစ်ပါတယ်။ နိုင်ငံရေးအမြင်ကျယ်လာချိန်ဖြစ်ပါတယ်။ လမ်းပေါ်ထွက်တဲ့ နိုင်ငံရေးလှုပ်ရှားမှုအကြောင်းကို သိပ်မပြောကြတော့တာ သတိထားမိတယ်။ မြန်မာပြည်ဒီမိုကရေစီအရေးကို အားပေးအားမြှောက်ပြုခဲ့ကြတဲ့ ဒီမိုကရေစီရှေ့နေနိုင်ငံကြီးတွေကတောင် လက်ရှိအစိုးရဖြုတ်ချရေး (regime change) ဆိုတဲ့အသံ လုံးဝ မထွက်တော့တဲ့အချိန်ဖြစ်ပါတယ်။ အစိုးရနဲ့ အတိုက်အခံတွေ တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားအတွက် တူရာတူရာတွေမှာ ပူးပေါင်းဆောင်ရွက်ကြတာကို ကမ္ဘာက ဝိုင်းဝန်းအားပေးနေကြချိန် ဖြစ်ပါတယ်။ နောက်ကြောင်းပြန်လှည့်ဖို့ဆိုတာကို နားဝယ်လေသံမျှတောင် ‘မကြားလို မနာလို’ တဲ့ အချိန်ကာလဖြစ်ပါတယ်။

အစိုးရ၊ လွှတ်တော်၊ အတိုက်အခံ 

သည်လိုအချိန်အခါမျိုးမှာ အစိုးရ၊ လွှတ်တော်၊ အတိုက်အခံ သုံးဌာနလုံးမှာ တိုင်းပြည်လူထုအများစုက ယုံကြည်လေးစားအားထားတဲ့ အရည်အချင်းပြည့်ခေါင်းဆောင်တွေ အထူးလိုအပ်နေပါတယ်။ ယင်းသုံးဌာနရဲ့ ရှိရင်းစွဲ ခေါင်းဆောင်တွေဟာ လက်တွေ့ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းရင်း မုဆိုးစိုင်သင် အနေအထားကနေ ကျွမ်းကျင်ရင့်ကျက်သူတွေ ဖြစ်လာနေပါတယ်။ သူတို့ဟာ လုံလောက်တဲ့ လေ့လာဆည်းပူးမှုကာလတစ်ခုကို ဖြတ်သန်းပြီးရင် စံမီတန်းမီ ခေါင်းဆောင်တွေ ဖြစ်လာကြမှာပါ။ တိုင်းပြည်ဘက်ကကြည့်ရင် အရည်အချင်းလည်း ရှိ၊ ပြည်သူအများ ယုံကြည်ကိုးစားမှုကိုလည်း ခံယူရရှိထားသူတွေဟာ ပြည်သူတွေလိုလားသမျှ ကာလသတ်မှတ်ချက်အတိုင်း တာဝန်ထမ်းဆောင်သင့်ပါတယ်။

ပြည်သူက မလိုလားတော့ဘူးဆိုရင်တော့ ကုလားတွေ ပြောတဲ့စကားလို “ဂျာလတီးဂျောင်း” အမြန်ဆုံး သွားပါတော့ပဲပေါ့။ မကောင်းသတင်းနဲ့ ကျော်စောသူကို မြန်မြန်သွားလေ ကောင်းလေလို့ပြောနေကြသလို မေတ္တာထားသူအပေါ်ကျတော့ ‘ဦးသန့် နေပါဦး မနားပါနဲ့ဦး’ လို့ ကျွန်တော် ရေးခဲ့ဖူးတဲ့ လေသံမျိုးနဲ့ ပြောနေကြပြန်တယ်ဗျ။

ကျွန်တော်တို့တိုင်းပြည်မှာ ‘ဆက်နေပါဦး၊ မနားပါနဲ့ဦး’ လို့ ပြည်သူအများက လိုလိုလားလား တောင်းဆိုခြင်းခံရတဲ့ ခေါင်းဆောင်တွေ များများပေါ်ထွန်းလာစေချင်ကြောင်းပါဗျာ။

၁၁၊ ၀၅၊ ၁၂ 
maungwuntha@gmail.com 

ယခုပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။ 


 

No comments: