Saturday, April 28, 2012

အိုးဝေဦးညိုမြပြောပြတဲ့ သတင်းစာဆရာနဲ့အစိုးရ တိုက်ပွဲမှတ်တမ်း (မောင်ဝံသ)

ပြီးခဲ့တဲ့ သင်္ကြန်ရက်များအတွင်း ကျွန်တော်တော့ အတော် အလုပ်ဖြစ်ခဲ့တယ်ဗျ။ နှစ်နဲ့ချီပြီး မရှင်းမလင်းခဲ့တဲ့ ကျွန်တော့်စာအုပ်ဘီရိုတွေနဲ့ ကြုံသလို အထပ်လိုက်ထားခဲ့တဲ့ စာအုပ်ပုံတွေကို အောင်မြင်စွာ ရှင်းလင်း ပြီးမြောက်သွားပါတယ်။ ထုံးစံအတိုင်း စာရေးဆရာတွေ စာအုပ်ပုံရှင်းရင် အလုပ် မတွင်ပါဘူး။ ဟိုဟာလေးပြန်တွေ့လိုက် ဖတ်ကြည့်လိုက်၊ ဒီဟာလေးတွေ့လိုက် မြီးကြည့်လိုက်နဲ့ တော်တော်နဲ့ ရှေ့မတိုးနိုင်ဘူးဗျ။
ကျွန်တော့်မှာ အဲသလို စိမ်ပြေနပြေ စာအုပ်တွေရှင်းရင်း ဇိမ်ခံစာဖတ်နိုင်တဲ့ အခွင့်အရေး မကြုံခဲ့တာ ကြာပြီ။ ခုတော့ အဲဒီအခွင့်အရေးကို အမိအရယူရင်း စာအုပ်ပုံတွေ ရှင်းလိုက်တာ နှစ်ပေါင်းများစွာ ရှာလို့မတွေ့ခဲ့တဲ့ (ပျောက်ဆုံးနေပြီ ထင်ရတဲ့) စာရွက်စာတမ်းတချို့ ပြန်တွေ့တယ်ဗျာ။

ဘိရမာဝါးတားဂိတ် စာမူ 

ကျွန်တော် ဝမ်းအသာဆုံး ပြန်လည်တွေ့ရှိခြင်းကတော့ ဆရာကြီး အိုးဝေဦးညိုမြရဲ့ ‘ဘိရမာဝါးတားဂိတ်’ စာမူပါပဲဗျာ။ စာအုပ် မဟုတ်ပါ။ လက်နှိပ်စက် စာမူပါ။ ညိုမြ ၂/၇၅ ဆိုပြီး လက်မှတ်ထိုးထားတဲ့ သည်စာမူ သက်တမ်း ၃၇ နှစ် ရှိပါပြီ။ ကျွန်တော့်လက်ထဲမှာ တစ်စောင်တည်းသော ကော်ပီ ကျန်တာပါ။ အဲဒီတစ်စောင်တည်းသော ကော်ပီကိုပဲ ပျောက်နေတာက နှစ် ၂၀ လောက်ရှိပါတယ်။ ကျွန်တော့်ဘဝ မုန်တိုင်းထန်နေချိန်များမှာ စာရွက်စာတမ်းတွေ ဟိုရောက် ဒီရောက်နဲ့ ပြန်ရှာလို့မရတော့တဲ့ အဖိုးတန် စာမူတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။


သည်စာမူအကြောင်းကို ကျွန်တော် ဆောင်းပါးတချို့ရေးဖူးတယ်။ ကျွန်တော့် ပင်ကိုရေးဆောင်းပါးတွေကို စုစည်းထုတ်ဝေတဲ့ ‘မည်သို့သောလူ ဖြစ်ရမည်နည်း’ ၂၀၀၃ ထုတ် စာအုပ်မှာ ‘အိုးဝေဦးညိုမြရဲ့ ကဗျာတစ်ပုဒ်’ ခေါင်းစဉ်နဲ့ သည်စာမူအကြောင်း ဖော်ပြခဲ့တယ်။

အဲဒီဆောင်းပါးကို ဖတ်မိတဲ့ စာရေးဆရာ တက္ကသိုလ်စိန်တင်က သူပြုစုနေတဲ့ ‘အိုးဝေဦးညိုမြ အတ္ထုပ္ပတ္တိ’ စာအုပ်မှာ ထည့်သွင်းဖော်ပြဖို့ ‘ဘိရမာဝါးတားဂိတ်’ စာမူကို မတွေ့တွေ့အောင် ပြန်ရှာပေးပါလို့ တောင်းဆိုတယ်။ ကျွန်တော်လည်း တတ်နိုင်သမျှ အချိန်ရရင်ရသလို ပြန်ရှာပါတယ်။ အထူးသဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကိစ္စတွေ ပြောဖို့ဆိုဖို့ အကြောင်းရှိလာချိန်တွေမှာ ကျွန်တော် ဖုတ်ပူမီးတိုက် ရှာဖွေမိပါတယ်။

ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံ စာနယ်ဇင်းသမိုင်းမှာ အစိုးရနဲ့ သတင်းစာတွေ တိုက်ပွဲဖြစ်ပြီး နောက်ဆုံးမှာ အစိုးရက သတင်းစာတွေကို တောင်းပန်၍ ကျေအေးလိုက်ရတဲ့ ပွဲကြီး ပွဲကောင်းအကြောင်းကို အဲဒီတုန်းက ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့တဲ့ အရေးပါသူ ကာယကံရှင် ဦးညိုမြကိုယ်တိုင် ခိုင်ခိုင်လုံလုံ ပြန်လည် မှတ်တမ်းတင်ထားတာ ဖြစ်လို့ပါပဲ။ သို့ပေမယ့် ဘယ်လိုမှ ပြန်မတွေ့လို့ ဆရာ ဦးစိန်တင်ကို တောင်းပန်ခဲ့ရပါတယ်။ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ‘အိုးဝေဦးညိုမြရဲ့ ကဗျာတစ်ပုဒ်’ ဆောင်းပါးကိုပဲ သူ့စာအုပ်မှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။

မှတ်တမ်းတင်ဖြစ်ခဲ့ပုံ 

ရှားရှားပါးပါး ခုလို သမိုင်းဝင် အဖြစ်အပျက်ကြီးတစ်ခုကို ကာယကံရှင်တစ်ဦးဖြစ်တဲ့ ဆရာဦးညိုမြကိုယ်တိုင် ပြန်လည် ရေးသားဖြစ်အောင် ဖန်တီးခဲ့သူ နံပါတ်တစ်က ကျွန်တော်ပါပဲ။

၁၉၇၄ မှာ ကျွန်တော်ဟာ မြန်မာ့အလင်းသတင်းစာတိုက်မှာ အယ်ဒီတာတစ်ယောက်ဖြစ်နေပါပြီ။ သတင်းစာလုပ်သက် ၁၀ နှစ် ရှိပါပြီ။ အဲဒီအချိန်မှာ ကျွန်တော့် ဝါသနာတစ်ခုက ကျွန်တော် မမီလိုက်တဲ့ လွတ်လပ်သော မြန်မာသတင်းစာခေတ်ကြီးအကြောင်း စူးစမ်းလေ့လာ မှတ်တမ်းတင်လိုခြင်း ဖြစ်ပါတယ်။

လုပ်သားပြည်သူ့နေ့စဉ်က အယ်ဒီတာ ပီဂျီစိုးမင်း ခေါ် သတင်းထောက် ဈာန်ရနဲ့ ကျွန်တော်က ညီအစ်ကိုလို ခင်မင်တယ်။ သူကလည်း သုတေသန ဝါသနာကြီးပါတယ်။ ကျွန်တော်က လွတ်လပ်ရေးရခါစ အချိန်ကလေးမှာပဲ အာဏာရပါတီက လူတွေက သတင်းစာတိုက်တွေကို ရိုက်ချိုးဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်ကို ပီဂျီစိုးမင်းနဲ့ ဆွေးနွေးတယ်။ သူ့ထင်မြင်ချက်တွေ မေးတယ်။ သူက လက်ဝဲယိမ်းသူဖြစ်လေတော့ သူ့ထင်မြင်ချက်တချို့က လက်ဝဲသမားအမြင်ဖြစ်နေတာ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်က အဲဒီတုန်းက ရိုက်ချိုးခံရတဲ့ အိုးဝေသတင်းစာတိုက်ပိုင်ရှင် ဆရာဦးညိုမြဆီ ကိုယ်တိုင် သွားမေးကြမယ်ဆိုပြီး သွားကြပါတယ်။

ဆရာဦးညိုမြက ၁၉၆၈ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းက မီးစိမ်းပြလိုက်လို့ အိုးဝေဂျာနယ် ပြန်လည် ထုတ်ဝေခွင့်ရခဲ့တယ်။ အရင်ကလို နေ့စဉ်ထုတ် သတင်းစာမဟုတ်ဘဲ နှစ်ပတ် တစ်ကြိမ်ထုတ် ဂျာနယ်ပဲဖြစ်ပေမယ့် စာဖတ်သူ ပြည်သူတွေက တစ်ခဲနက်အားပေးကြလို့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါတယ်။ သူလိုပဲ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်က ရွှေတူဂျာနယ်၊ ပမညတ ခေါင်းဆောင်ဟောင်း သခင်လွင်က ရှုဒေါင့်ဂျာနယ် ရတယ်။ နှစ်ပတ် တစ်ကြိမ်ပါပဲ။ အထောက်တော်လှအောင်က တစ်ပတ် တစ်ကြိမ်ထုတ် သတင်းဂျာနယ် ထုတ်ဝေခွင့်ရခဲ့တယ်။ နောက်ဆုံးတော့ သတင်းဂျာနယ်က ထိပ်ဆုံးက အအောင်မြင်ဆုံး ဖြစ်သွားတယ်။ ၁၉၇၂ ဇူလိုင်လကျတော့ ဗိုလ်ချုပ်နေဝင်း စိတ်အလိုမကျတဲ့အခါ ၎င်းဂျာနယ်အားလုံး ပိတ်စေ ဖြစ်သွားပါတယ်။

၁၉၆၈-၇၂ ကာလအတွင်း အိုးဝေဂျာနယ်မှာ ကျွန်တော် ဆောင်းပါးလေးတွေ ပါဝင်ရေးသားရင် ဆရာဦးညိုမြနဲ့ ခင်မင်ရင်းနှီးသွားတယ်။ အိုးဝေ ပိတ်ခံရပြီးနောက်လည်း ကျွန်တော် မကြာမကြာ အလည်ရောက်ပါတယ်။ ၁၉၇၄ ခု နှစ်ကုန်ခါနီးကျတော့ သတင်းစာတိုက်တွေ ရိုက်ချိုးခံရတဲ့ သမိုင်းဝင်ဖြစ်ရပ်အကြောင်း ဆရာ့မှတ်ချက်ကို သိရဖို့ သတင်းထောက်ဈာန်ရနဲ့ ကျွန်တော် ရောက်သွားပါတယ်။ ဆရာက ကျွန်တော်မေးတဲ့ခေါင်းစဉ်ကို ကြားလိုက်တာနဲ့ ခေါင်းထောင်သွားတယ်။ “ကိုယ့်လူ ဘာလုပ်မလို့လဲ” လို့ မေးပါတယ်။ ကျွန်တော်က “ဘာမှ မလုပ်ပါဘူး၊ အဲဒီအကြောင်း ဆရာ့ရှုထောင့်က အမြင်ကို သိချင်လို့ပါ” ပြောတော့ ဆရာ ခဏလောက် စဉ်းစားနေပြီး “အေး ဒီအကြောင်း ကိုယ်လဲ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး၊ ရေးမယ်ဆိုရင်လဲ တက္ကသိုလ်စာကြည့်တိုက်လိုနေရာကို သေချာသွား၊ သတင်းစာဟောင်းတွေ ပြန်ဖတ်ပြီး အချက်အလက်တွေ တိုက်ဆိုင်ပြီး ရေးမှ ကောင်းမယ်” လို့ ဆိုပါတယ်။

အဲဒီကစလို့ ကျွန်တော် အရင် ရေးခဲ့ဖူးသလိုပါပဲ၊ ဆရာ့ကို ကိုဈာန်ရနဲ့ ကျွန်တော်က တက္ကသိုလ်စာကြည့်တိုက်မှာ အချိန်ယူလေ့လာပြီး စာတမ်းတစ်စောင်ရေးဖို့ ကားကြို ကားပို့ကအစ စီစဉ်ပေးပါတယ်။ အရေးထဲ ဒီဇင်ဘာလထဲမှာ ဦးသန့်အရေးအခင်းဖြစ်လို့ ကျွန်တော်တို့အစီအစဉ် နားထားရသေးတယ်။ ၁၉၇၅ ဇန်နဝါရီလထဲကျမှ ဆရာဦးညိုမြ အလုပ်ပြန်စရတယ်။ ဖေဖော်ဝါရီလထဲမှာ ပြီးသွားပါတယ်။

ကျွန်တော့်ဆီက လက်နှိပ်စက် အဒေါ်ကြီးကို ကာဘွန်ခံပြီး ရိုက်ခိုင်းတာ ၃ စောင်လား ၄ စောင်လား ရပါတယ်။ ကျွန်တော့်ဆီ တစ်စောင်ချန်ပြီး ဆရာဦးညိုမြနဲ့ ကိုဈာန်ရကို ကျန်တဲ့ကော်ပီတွေ ပေးလိုက်တယ်။ အခု သူတို့ မရှိတော့ပါဘူး။ ကိုဈာန်ရက ၁၉၈၃ မှာ အနောက်ဂျာမနီမှာ ပြည်ပြေးအဖြစ် ကွယ်လွန်သွားတယ်။

ကျွန်တော်ပြန်တွေ့တဲ့ ဘိရမာဝါးတားဂိတ်လို့ ဆရာ ခေါင်းစဉ်တပ်ထားတဲ့စာတမ်းကို သင်္ကြန်ရက်အတွင်း ကျွန်တော် ပြန်ဖတ်မိပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်ခေါင်းစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အရေးတကြီး လေ့လာ ဆွေးနွေးနေကြချိန်မှာ သည်စာတမ်းကို အရေးတကြီးကို ဖတ်ရှု လေ့လာသင့်တယ်လို့ ယူဆတဲ့အလျောက် ပြည်သူ့ခေတ် အယ်ဒီတာအဖွဲ့လက်သို့ အပ်လိုက်ပါတယ်။

ပြည်သူ့ခေတ်မှာ မဖော်ပြခင် စာမြည်းတချို့ကို ကောက်နှုတ်ပေးလိုက်ချင်ပါတယ်။

‘ဘိရမာဝါးတားဂိတ်ဆိုသည်မှာ အခြားမဟုတ်။ ၁၉၄၈ ခု မြန်မာပြည် လွတ်လပ်ရေးရပြီးခါစအချိန်တွင် အာဏာရ အစိုးရပါတီဖြစ်သော ဖဆပလအဖွဲ့ဝင်များကိုယ်တိုင် သတင်းစာတိုက်များကို ဝင်ရောက်ရိုက်ချိုးကြသော သမိုင်းဝင် ဟိုးလေးတကျော်အမှုကြီးပင် ဖြစ်ပါသည်။’

‘(ထွန်းနေ့စဉ်) ဦးထွန်းဖေ - ဤတိုင်းပြည်သည် အရိုင်းအစိုင်း မဟုတ်ဘဲ သမိုင်းအမွေအနှစ်တို့နှင့် ပြည့်စုံ၏။ ဗုဒ္ဓယဉ်ကျေးမှု ထွန်းကားရာ ဖြစ်၏။ _ _ _ သတင်းစာဆရာများထက် နိုင်ငံရေးခေါင်းဆောင်များက ပို၍ တာဝန်ရှိသည် မဟုတ်ပါလော။ သူတို့လို အပေါ်စီးရနေသူများ မသိမလိမ္မာသောအခါ အဘယ်မှာ ကောင်းနိုင်ပါတော့မည်နည်း။’

‘ဝန်ကြီး ဦးကျော်ငြိမ်း (စားပွဲကို လက်နှင့်ပုတ်ကာ) ခင်ဗျားတို့သတင်းစာတွေက ဝန်ကြီးတစ်ယောက်ကို ချရစေတော့ဆိုပြီး သက်သက် စော်ကားတာဟု ဒေါနှင့် ပြော၏။ ဤတွင် မင်းရှင်စောကို ထပ်မံ သတိရမိသူကား ကျွန်တော် (ညိုမြ) ဖြစ်ပါသည်။’

‘သတင်းစာဆရာအသင်း ဥက္ကဋ္ဌကြီး ဦးထွန်းဖေမှာ ထိုအချိန်က ဟံသာဝတီသတင်းစာ၏ အယ်ဒီတာချုပ် ဖြစ်၏။ ဖဆပလအဖွဲ့ဝင်အဖြစ် ဟင်္သာတ အမတ်လည်းဖြစ်ရာ သတင်းစာများရိုက်ချိုးခံရချိန်တွင် ထိုအမတ် ရာထူးမှ နှုတ်ထွက်လွှာကို ပါတီသို့ တင်ပို့လိုက်၏။’

‘သူကဲ့သို့ နှုတ်ထွက်လွှာတင်သွင်းသူ အခြားသတင်းစာဆရာမှာ ရန်ကုန်သတင်းစာမှ ဦးအောင်မြင် ဖြစ်၏။ ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်မှလည်းကောင်း၊ မီးရထားဘုတ်အဖွဲ့လူကြီးအဖြစ်မှလည်းကောင်း နှုတ်ထွက်လိုက်၏။ သူ၏ အကြောင်းပြချက်တွင် ဝန်ကြီးချုပ်ဦးနုသည် ဖဆပလ အဖွဲ့တွင်း၌ မကောင်းသူတစ်စုဘက်မှ ပင်းနေခြင်းကြောင့် ဖက်ဆစ်ဝါဒ အသက်သွင်းရာတွင် အလိုတူမဖြစ်လိုဟု ဆို၏။’

‘ဆရာမှိုင်းကြီး (သခင်ကိုယ်တော်မှိုင်း)က - မတ်လ ၁၂ ရက်နေ့က ဖြစ်ပျက်ခဲ့စဉ် တောမှာရှိနေ၍ မသိရကြောင်း၊ နောက် ရောက်လာတော့ သတင်းစာနဲ့ အစိုးရ ဖြစ်ပျက်ပုံကိုသိရ၍ ပျက်စီးနေသော သတင်းစာတိုက်များကို သွားရောက်ကြည့်၍ ရင်ကွဲပက်လက် ဖြစ်ရကြောင်း၊ ခွေးမသားတွေ ဖက်ဆစ် မုန်းတယ် မုန်းတယ်နဲ့ လက်စသတ်တော့ မဟာဖက်ဆစ် ဖြစ်နေပြီ။ အစိုးရထဲမှာ သခင်နုကို ကြည်ညိုပါတယ်။ သူကတော့ စိတ်ပုတီး အမြဲစိပ်နေလို့ တော်ရဲ့လို့ ထင်ရ၊ ယခုတော့ စိတ်ပုတီးစိပ်လွန်းပြီး ရူးများနေသလား မသိဘူး။’

မိတ်ဆွေများ ခင်ဗျာ။ စိတ်ဝင်စားစရာကောင်းလှတဲ့ သမိုင်းဝင် ဖြစ်ရပ်ကြီးတစ်ခု ဇာတ်ရှိန်တက်လာပုံနဲ့ ပြဿနာဖြေရှင်းဖို့ သတင်းစာဆရာများနဲ့ အစိုးဘက်က ကြိုးစားကြပုံ၊ နောက်ဆုံးတော့ ပြန်ပေါင်းထုပ် ထမင်းစားပွဲကြီးနဲ့ ပြေပြေလည်လည် ဖြစ်သွားကြပုံတို့ကို ပြည်သူ့ခေတ် စာမျက်နှာများမှာ ဆက်လက် ဖတ်ရှုကြပါရန်။

၁၉၊ ၀၄၊ ၁၂ 

maungwuntha@gmail.com

၂၆ ဧပြီ ၂၀၁၂ ရက်စွဲနဲ့ထွက်သွားတဲ့ ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။ 

Face book မိတ်ဆွေများသို့ တင်ပြချက်။ မိတ်ဆွေများခင်ဗျား၊ ကျွန်တော့်ဆောင်းပါးမှာ ဘိရမာဝါးတားဂိတ်စာမူကို ပြည်သူ့ခေတ် စာမျက်နှာများမှာ ဆက်လက်ဖတ်ရှုကြပါလို့ ကျွန်တော်ရေးခဲ့ပေမယ့် ဂျာနယ်မှာဖော်ပြဖို့ တင်ပြတဲ့စာမူကို စာပေစိစစ်ရေးက ခွင့်မပြုပါ။ ၂ ပတ်ရှိပါပြီ၊ ယနေ့ထိ ခွင့်ပြုချက် မရပါ။ ၁၉၄၈ ခုနှစ်က အဖြစ်အပျက်ကို ယနေ့ ဒီမိုကရေစီ အစိုးရ လို့ ကျွန်တော်ကိုယ်တိုင်က မကြာမကြာ ရည်ညွှန်းရေးသားနေတဲ့ အစိုးရရဲ့ဌာနတစ်ခုက ဘာကြောင့် ခွင့်မပြုရတာပါလဲ။ ကျွန်တော် နားမလည်ပါ။ ဟိုတုန်းက သတင်းစာတိုက်တွေကို ရိုက်ချိုးခဲ့တာ ဖဆပလ အစိုးရရဲ့ လက်ကိုင်တုတ်များ ဖြစ်ပါတယ်။ ယနေ့အစိုးရနဲ့ ၆၄ နှစ် ကွာခြားပါတယ်။ ဘာမှ မသက်ဆိုင်ပါ။

ဆက်စပ်မိလို့ ပြောရပါဦးမယ်။ လာမည့် မေလ ၃ ရက် ၂၀၁၂ မှာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်လို့ပြောနိုင်မယ့် World Press Freedom Day 2012 ကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ UNESCO အဖွဲ့တို့ ပူးပေါင်းအစီအစဉ်နဲ့ ရန်ကုန်မြို့ ကမ်းနားလမ်း ဟိုတယ်မှာ ကျင်းပပါမယ်။ ကျွန်တော့်လည်း ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ တက်ဖို့လည်း အစီအစဉ်ရှိပါတယ်။ ယခုနှစ် World Press Freedom Day ရဲ့ ဆောင်ပုဒ်က Challenges to Media in a New Environment ပါတဲ့ဗျာ။

ဘိရမာဝါးတားဂိတ်လို စာမူမျိုးကို ပုံနှိပ်ထုတ်ဝေခွင့်မပေးတဲ့ အခြေအနေမျိုးကို ကျွန်တော် ဘယ်လို နားလည်ရမလဲ။ ဘယ်လို New Environment လို့ ပြောမလဲ။ ဘယ်လို challenges လို့ ပြောမလဲ။ ကျွန်တော်ကတော့ ဘယ်လိုမှ ဘဝင်မကျနိုင်ပါ။ ပြည်သူ့ခေတ်မှာ ဖော်ပြခွင့်မရဘဲ လမ်းဆုံးပြီဆိုရင်တော့ ကျွန်တော့် Face book စာမျက်နှာကပဲ မိတ်ဆွေများထံ ဆက်ဆက် တင်ပြသွားပါမယ် ခင်ဗျား။

မောင်ဝံသ


No comments: