Monday, April 9, 2012

လွှတ်တော်ထဲ ရောက်သွားပြီးရင် ဘာဆက်လုပ်မလဲ (မောင်ဝံသ)

ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့နိုင်ငံက ပြည်သူလူထုအများစုကြီးဟာ ၂၀၁၀ ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ပေါက်လာခဲ့တာဖြစ်တဲ့ လွှတ်တော်နဲ့ အစိုးရအပေါ် စောစောပိုင်းက သိပ်စိတ်မဝင်စားခဲ့ကြဘူးဗျ။

သို့ပေမယ့် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရိုးသားပွင့်လင်းတဲ့ စကားတွေ (ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ နောက်မှာတောင် ပြတ်ကျန်ရစ်ခဲ့ပြီ ဆိုတဲ့စကား၊ လွှတ်တော်ပြင်ပမှာရှိသူတွေဟာလည်း တိုင်းချစ် ပြည်ချစ်စိတ်ရှိသူတွေပဲဖြစ်တာမို့ ပူးပေါင်းဆောင်ရွက်ကြရအောင်လို့ ဖိတ်ခေါ်လိုက်တဲ့စကား) စတဲ့ စတဲ့ စစ်အစိုးရ ခေါင်းဆောင်အဆက်ဆက် ဘယ်တုန်းကမှ မပြောခဲ့ဖူးတဲ့ စကားတွေနဲ့ အဲဒီစကားတွေ နောက် တစ်ဆက်တည်း လိုက်ပါလာတဲ့ ရဲဝံ့ပြောင်မြောက်တဲ့လုပ်ရပ်တွေ (ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တာ၊ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်းပစ်လိုက်တာ၊ ယုံကြည်ချက် အကျဉ်းသား အများစုကို ပြန်လွှတ်ပေးလိုက်တာ၊ နှစ်ပေါင်းများစွာ ပစ်ထားခြင်းခံခဲ့ရတဲ့ ပင်စင်စားတွေကို ထည့်သွင်းစဉ်းစားပေးခဲ့တာ စတဲ့ စတဲ့ စစ်အစိုးရခေါင်းဆောင် အဆက်ဆက် ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတဲ့ လုပ်ရပ်တွေ)ကြောင့် နှစ်ပေါင်း ငါးဆယ်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်သူတွေဟာ အစိုးရအပေါ် စိတ်ဝင်စားလာခဲ့ကြတာ အမှန်ပဲဗျ။

လွှတ်တော်အသံ ပြည်သူ့အသံ

လွှတ်တော်တွေဆိုတာကလည်း ယခင်စစ်အစိုးရက တည်ထောင်ခဲ့တဲ့ လူမှုရေးအသင်းအဖြစ်ကနေ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ အဖွဲ့ကြီးနဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များက ဧရာမ အများစု အနေအထားနဲ့ ဖွဲ့စည်းထားတာ အထင်အရှားဖြစ်တယ်ဗျာ။

လမ်းစဉ်ပါတီခေတ်က လွှတ်တော်လိုပဲနေမှာပါလို့ ထင်မြင်ယူဆခြင်းခံနေရတဲ့ အဲဒီလွှတ်တော်ဟာလည်း ပြည်သူ့အသံကို ထင်ဟပ်တဲ့ ပြောဆိုဆွေးနွေးငြင်းခုံမှုတွေကြောင့် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို တိုးတက်ရရှိလာနေခဲ့တယ်ဗျ။
အထူးသဖြင့် အာဏာရပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိတို့ကိုယ်စားပြုရာ မဲဆန္ဒနယ်များက ပြည်သူများရဲ့ အကျိုးစီးပွားကို ထင်ဟပ်တဲ့အကြောင်းအရာများကို မပြတ်ရှာဖွေလေ့လာ တင်ပြဆွေးနွေးနေကြတဲ့အပြင် ယုံကြည်ချက် အကျဉ်းသားများ လွှတ်ပေးရေးတို့လို တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စများမှာတောင် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ၊ အဆိုပြုမှုတွေ၊ ထောက်ခံမှုတွေ ပြုလုပ်လာခဲ့တာကို တွေ့မြင်ခဲ့ကြရတယ်ဗျာ။ ယုတ်စွအဆုံး ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတာမဟုတ်တဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကတောင် ယုံကြည်ချက် အကျဉ်းသား လွတ်မြောက်ရေးကိစ္စမှာ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်လာခဲ့ကြတာကြောင့် ကနဦးပိုင်းမှာ ပုံရိပ်သိပ်မကောင်းခဲ့တဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာဟာ တစ်စတစ်စ မြင့်မားလာခဲ့တာ အမှန်ပဲဗျ။ ပြောရရင် အစောပိုင်းမှာတုန်းက ရုပ်/သံဖန်သားပြင်ပေါ်မှာ “လွှတ်တော်အသံ ပြည်သူ့အသံ” ဆိုတဲ့ စာသားတွေပေါ်လာရင် ရယ်သွမ်းသွေးခဲ့ကြတဲ့သူ အတော်များများတောင် နောက်ပိုင်းမှာ ရုပ်သံက လွှင့်ပေးတဲ့ လွှတ်တော်တွင်းက ဆွေးနွေးမှုတွေကို အလေးထားပြီး နားထောင်လာကြတယ်။ အကြောင်းကြောင်းကြောင့် နားမထောင်ဖြစ်လိုက်ရင် နောက်တစ်နေ့ထုတ် သတင်းစာမှာ မဖြစ်မနေ ဖတ်ကြရတဲ့အထိ ဖြစ်လာခဲ့တယ်လို့ သိရတယ်ဗျ။

လွှတ်တော်အမတ်တွေ မခံချင်စရာအပြောခံရလို့

သည်လိုအချိန်မျိုးမှာ အုပ်ချုပ်ရေးမဏ္ဍိုင်က ကြီးကြီးမားမား တာဝန်ရှိသူတစ်ယောက်က ဂျာနယ်တစ်စောင်နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ လွှတ်တော်ကိုယ်စားလှယ်များ မခံမရပ်ဖြစ်စေလောက်တဲ့ မှတ်ချက်တချို့ကို ပြောဆိုခဲ့တဲ့အတွက် ကန့်ကွက်မှုတွေ ဖြစ်ပေါ်နေတာ ကြားရတယ်ဗျာ။ မဏ္ဍိုင်ကြီးသုံးရပ်ဟာ တစ်ဦးနဲ့တစ်ဦး လွှမ်းမိုးမှုမရှိဘဲ သီးခြား လွတ်လပ်စွာ ရပ်တည်ကြရတဲ့ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းအရဆိုရင် အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ဥပဒေပြုမဏ္ဍိုင်ကို လေးလေးစားစား ဆက်ဆံဖို့သာ ရှိတယ်ဗျ။ လွှတ်တော်အမတ်တွေဟာ စင်စစ်အားဖြင့် ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တယ် ဆိုတဲ့ အချက်တစ်ချက်တည်းနဲ့ပဲ ရိုသေလေးစားစွာ ဆက်ဆံခံရဖို့ ထိုက်တန်တယ်ဗျာ။ ခုလိုဖြစ်ရတာ ဒီမိုကရေစီလွှတ်တော်စစ်စစ် မရှိဘဲ နှစ်ပေါင်း ၅၀ နေခဲ့ရတဲ့ အခြေအနေရဲ့ အကျိုးဆက်ပဲလို့ ကျွန်တော် စဉ်းစားမိတယ်ဗျ။

ဂျိုးဇက် စတစ်ဂလစ်ရဲ့ အမြင် 

ဒီနေရာမှာ စကားစပ်မိလို့ မကြာသေးခင် လအနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြင်းအရာတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို သုံးလေးကြိမ် လာရောက်ခဲ့ဖူးပြီး သူ့ရဲ့အတွေးအခေါ်အယူအဆတွေကို တင်ပြအကြံပြုသွားခဲ့ဖူးတဲ့ နိုဘယ်ဆုရှင် စီးပွားရေး ပညာရှင် ဂျိုးဇက်စတစ်ဂလစ်ရဲ့ အမြင်တစ်စွန်းတစ်စကို မျှဝေချင်တယ်ဗျ။ ပညာရှင်ကြီး စတစ်ဂလစ်ကို ပြီးခဲ့တဲ့ တစ်ခေါက်က ဒေါက်တာဦးမြင့်ရဲ့အစီအစဉ်အရ ကျွန်တော်ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခွင့်ရလိုက်ပါသေးတယ်။ သူက ... “၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ စတင် ပေါ်ထွန်းလာခဲ့တဲ့ အသွင်ကူးပြောင်းရေးလှုပ်ရှားမှုတွေဟာ အသက်ရှူမှားလောက်စရာပါ။ ၁၉၆၁ ခုနှစ်ကတည်းက အာဏာကို အကြွင်းမဲ့ချုပ်ကိုင်လာခဲ့တဲ့ စစ်တပ်က လွှတ်တော်ကိုယ်စားလှယ်နေရာအားလုံးရဲ့ (၂၅%) ကို ဆုပ်ကိုင်ထားတာကြောင့် အဲဒီရွေးကောက်ပွဲဟာ ‘အပေါ်ယံ ရွှေမှုန်ကြဲ’ မှုတစ်ခုသာ ဖြစ်တယ်ဆိုတဲ့ အယူအဆ အားကောင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီရွေးကောက်ပွဲက ပေါ်ထွက်လာခဲ့တဲ့ အစိုးရဟာ အများ ကြိုတင် ထင်မြင်စိတ်ကူးထားကြတာထက် မြန်မာပြည်သူတွေရဲ့ အခြေခံစိုးရိမ်ပူပန်မှုတွေကို အများကြီး ပိုပြီး နားလည်သဘောပေါက်တဲ့ အစိုးရတစ်ခုဖြစ်ကြောင်း ပေါ်ထွက်လာခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ပွင့်လင်းလွတ်လပ်မှု လိုအပ်တယ်ဆိုတဲ့ ခေါ်သံတွေကို သမ္မတသစ် လက်ထက်မှာ အာဏာပိုင်တွေက ထူးခဲ့ကြပါပြီ။” လို့ မှတ်ချက်ပေးသွားပါတယ်။
သူပြောသလို အစိုးရဟာ ပြည်သူတွေရဲ့ခံစားချက်ကို နားလည်သဘောပေါက်တယ်ဆိုရင် ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ အလုပ်ကိုလည်း လေးစားကြဖို့ အထူးလိုအပ်မယ်ထင်တယ်ဗျာ။

လွှတ်တော် အားကောင်း မကောင်း

ကိုယ်စားပြု ဒီမိုကရေစီစနစ်မှာ လွှတ်တော်ဟာ အသက်ဝိညာဉ်ဖြစ်တယ်ဗျ။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဆိုပြီး အဓိကကျတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ရှိတဲ့အနက် ကျန်မဏ္ဍိုင်နှစ်ခုစလုံးဟာ ဥပဒေပြုရေးမဏ္ဍိုင်ဆိုတဲ့ လွှတ်တော်ကတစ်ဆင့် သွားကြရတာဖြစ်တဲ့အတွက် ဒီကနေ့ ကမ္ဘာမှာ အလွှမ်းမိုးအတွင်ကျယ်ဆုံး နိုင်ငံရေးစနစ်ဖြစ်တဲ့ ကိုယ်စားပြု ဒီမိုကရေစီစနစ် ရှင်သန်တည်တံ့ခိုင်မာဖို့ အခွင့်အလမ်း ဘယ်လောက် ရှိ မရှိဆိုတဲ့အချက်ဟာ လွှတ်တော် ဘယ်လောက် အားကောင်း မကောင်းဆိုတဲ့အပေါ်မှာ လုံးလုံးလျားလျား တည်မှီနေတာဖြစ်တယ်ဗျ။ ဆိုလိုတာက လွှတ်တော်ဟာ အာဏာရှင်တစ်ယောက်ရဲ့ အလိုဆန္ဒတွေကိုပဲ အလိုလိုက် အကြိုက် ဆောင်ပေးနေရတဲ့ ‘ရာဘာတံဆိပ်တုံးထု’ လွှတ်တော်လား။ အတုအယောင် လူထုဆန္ဒခံယူပွဲ၊ အကြံအဖန် အခြေခံဥပဒေ၊ မမှန်မကန် ရွေးကောက်ပွဲတွေကတစ်ဆင့် ပေါ်ထွက်လာတဲ့ အဆန်မပါ လွှတ်တော်လား။ ဒါမှမဟုတ် အမှန်အကန် လူထုဆန္ဒခံယူပွဲ၊ အမှန်အကန် အခြေခံဥပဒေ၊ အမှန်အကန် ရွေးကောက်ပွဲတွေကတစ်ဆင့် ပေါ်ထွက်လာတဲ့ အမှန်အကန်လွှတ်တော်လား ဆိုတဲ့အချက်က နိုင်ငံတစ်ခုရဲ့ အနာဂတ်ကို ပြဋ္ဌာန်းစီရင်မှာဖြစ်တယ်ဗျ။

လွှတ်တော်ထဲ ရောက်ကြတော့မယ်

ဘာပဲပြောပြော လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်ဖွဲ့စည်းခွင့်မရခဲ့တဲ့အပြင် ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်အများစု ထောင်ထဲရောက်သူရောက်၊ ပြည်ပကို ထွက်ခွာရသူထွက်ခွာဖြစ်ခဲ့ရတဲ့ ပါတီကြီးရဲ့ ကိုယ်စားလှယ်တွေဟာ ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်ထဲသို့ ခိုင်မာတဲ့အင်အားစုတစ်ရပ်အဖြစ် ရောက်ရှိလာပါတော့မယ်ဗျာ။

အဲဒီပါတီကြီးဟာ သူတို့ရဲ့ ရွေးကောက်ပွဲ ရည်မှန်းချက်အဖြစ် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုပြီး ပြတ်ပြတ်သားသား ကြေညာထားတာပဲဗျ။ လွှတ်တော်ထဲရောက်လာတာနဲ့ အဲဒီပါတီကြီးဟာ အဲဒီရည်မှန်းချက်သုံးရပ် အကောင်အထည် ပေါ်လာရေးကို ဘယ်သို့ဘယ်ပုံ ကြိုးပမ်းဆောင်ရွက်မည်လဲ၊ အဲဒီအချိန်ကျရင် လက်ရှိလွှတ်တော်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကျွန်တ်ာတို့ပြည်သူအားလုံး အလွန်မှပဲ စိတ်ဝင်စားနေကြပါတယ်။ မျက်ခြည်မပြတ်လည်း စောင့်ကြည့်နေကြမှာဖြစ်တယ်ဗျာ။ ဒီမိုကရေစီစနစ်ရဲ့ အသက်ဝိညာဉ်ဖြစ်တဲ့ လွှတ်တော်သို့ ရောက်ရှိသွားသူအားလုံး နိုင်ငံ့အကျိုးကို ဦးထိပ်မှာထားပြီး ဉာဏ်ပညာအမြော်အမြင်ကြီးမားစွာ တွေးတော လုပ်ဆောင်နိုင်ကြဖို့ ပြည်သူတွေ မျှော်လင့်နေကြမယ်ဆိုတာကိုတော့ ယုံမှားသံသယရှိစရာ မလိုပါဘူးဗျ။

(ခါသင်္ကြန်ကို ကြိုဆိုပြီး တနင်္ဂနွေနေ့ထွက်လာတဲ့ ပြည်သူ့ခေတ်ဂျာနယ်က
မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။)

၃၊ ၄၊ ၂၀၁၂
maungwuntha@gmail.com


 

No comments: