Saturday, February 18, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၂၃)

ပန်းနာရင်ကြပ် နွားမြီးဖြတ်

အင်းစိန်မှာ အဖိုးနေတုန်းက ဖထီးဆဲလ် ဆိုတာရှိတယ်။

သူက ပန်းနာရင်ကြပ်ရောဂါသည်။ သူ့ကိုကြည့်တော့ အဖိုးက သနားတယ်။

“ဖထီး တယ်ပြီး ချောင်းဆိုးပါလား”

“အေးကွ”

အဖိုး စိတ်ထဲမှာ တခုခုလုပ်ပေးချင်တဲ့ စိတ်ဖြစ်မိတယ်။

အဖိုး လက်ထဲမှာ ငွေ လေးငါးခြောက်ကျပ် ခုနှစ်ကျပ်ရှိတာကိုး။

“ဖထီး ဘာစားချင်လဲ။ ကျနော် သွားဝယ်ပေးမယ်လေ။ ကျနော့်မှာ ပိုက်ဆံရှိတယ်”

“ငါ စားချင်တဲ့ဟာ မင်းဝယ်ပေးလို့ မရဘူး”

“ဟာ ဖထီးကလည်း ပြောပါ။ ကျနော် ရအောင် ရှာပေးမှာပေါ့”

“ငါ နွားမြီး ပြုတ်သောက်ချင်တယ်ကွ။ မင်းရှာလို့ မရပါဘူး”

အဖိုးက စဉ်းစားကြည့်လိုက်တယ်။ ဒါ သူနဲ့တည့်တယ် ထင်တယ်။ ငါ သွားရှာအုံးမှပဲလို့ တွေးလိုက်တယ်။
တောင်သူကုန်းမှာ အဖိုး နွားမြီးသွားရှာတာပေါ့။

တောင်သူကုန်းဆိုတာက အင်းစိန်ဘက်ကနေဆင်းသွားရင် ကားလမ်းတချောင်းပဲ ခြားတယ်။ ပြီးတော့ ချောက်ကြီးပေါ့။

ချောက်ကြီးကိုကျော်လိုက်ရင် တောင်သူကုန်းကို ရောက်ပြီ။

တောင်သူကုန်းက အင်တောကြီးရဲ့အစပ်မှာ ကုလားတွေ နွားကျောင်းတာ ရှိတယ်။ နွားက အကောင်တရာကျော်လောက် ရှိတယ်။

အခြေအနေကို အဖိုး အကဲခတ်လိုက်တော့ နွားကျောင်းတဲ့ကုလားတွေက ဆေးခြောက်တွေရှူပြီး အင်ပင်ကြီးတွေကို မှီပြီး မှိန်းနေတာ။ နွားတွေကတော့ သူတို့ဖာသာသူတို့ မြက်စားနေကြတာပေါ့။ တချို့နွားတွေက ချုံတွေကြား တိုးဝင်တာ ရှိတယ်။

အဖိုးက သွားကတည်းက ဓားကို မြနေအောင် သွေးသွားတယ်။ ဟိုရောက်တော့ ချုံထဲ ဝင်တိုးနေတဲ့ နွားကြီးတကောင်ရဲ့ အမြီးကို ‘ဘောက်’ ဆို ဖြတ်လိုက်တယ်။ ပြီးတော့ နွားမြီးကြီးကို အင်ဖက်နဲ့ ပြန်ထုပ်လာခဲ့တယ်။

နွားကတော့ အမြီးငုတ်တိုကြီးနဲ့ “ဒန့် ဒန့် ဒန့်” နဲ့ နာလို့ ခုန်ပေါက်ပြေးတာပေါ့။

ပြန်ရောက်တော့ “ဒီမှာ ဖထီးစားချင်တဲ့ နွားမြီး” ဆိုပြီး သွားပေးလိုက်တယ်။

သူက အဖိုးကို မေးတယ်။ 

“ဒါ မင်း ဘယ်ကရလဲကွ”

“မေးမနေပါနဲ့ ဖထီးရယ်။ ဖထီးနဲ့ တည့်မယ်ထင်လို့ ကျနော် သွားရှာလာတာပါ”

အဖိုးက ဒီလိုပြောတော့ သူက “အေး အေး” ဒါပဲ ပြန်ပြောတယ်။

သူ ဝမ်းသာတာပေါ့။ သူပြုတ်သောက်တာ နည်းနည်းသက်သာတယ်။ နောက်နေ့ ချောင်းဆိုးတဲ့အသံ သိပ်မကြားရတော့ဘူး။


ဘိန်းလည်း ရှူပြန်ပြီ

တော်လှန်ရေးထဲ ရောက်လာတော့ ဗိုလ်ဖြစ်တဲ့အချိန်မှာ ဘယ်က ဘယ်လို ဘိန်းရှူချင်စိတ် ဖြစ်လာတယ် မသိဘူး။ အဖိုးရဲ့တပ်မှူးတယောက်ရှိတာကိုး။ သူက လူသစ်။

အရင်က ဝါးခယ်မမြို့မှာ သူက ဘိန်းစားဖူးတယ်။

“ဟေ့ကောင် ငါ ဘိန်းဆီ ရှူချင်တယ်ကွာ”

သူက အဖိုးကို ကြည့်တယ်။ 

“ဘာကြည့်တာလဲ။ ငါ စမ်းကြည့်ချင်လို့” 

အဲဒါနဲ့ သူက မှာပေးတယ်။ လာတာပဲဟေ့ အစုံပဲ။ သူ့ဘိန်းခွက်က အပေါက်နည်းနည်းလေး ဖောက်ထားတယ်။ အရိုးကတော့ တော်တော်ကောင်းတယ်။

သူ ဘာလုပ်သလဲဆိုတော့ မီးခွက်ထွန်းတယ်။ ပြီးတော့ အတံချွန်ချွန်လေး ရှိတယ်။ အဲဒီ အတံချွန်ချွန်လေးနဲ့ ဘိန်းကို တို့လိုက်တော့ ဘိန်းအဆီတွေ ပါလာတာပေါ့။ မီးနဲ့ရှို့လိုက်တော့ ‘ရှီး ရှီး’ နဲ့ မြည်လာတယ်။ တော်ပြီ။ သူက နှာခေါင်းနဲ့ တေ့ပေးတယ်။

“မျိုချလိုက်နော်။ ထွက်သွားရင် နှမြောစရာကြီး။ အဆီ” တဲ့။

ပထမ ရှူလို့ မရဘူး။ ပြန်ထွက်လာတာပဲ။ 

“ဟာ ကုန်ပါပြီ။ မလုပ်နဲ့”

လုပ်ပါဦးလို့ဆိုတော့ နောက်တလုံး ထပ်ထည့်တယ်။ သုံးလုံး အဖိုး ရှူတယ်။ တခါတည်း မူးတာပဲ။ မူးတော့ နေ့ခင်းထဲကနေ မူးတာ ညနေသုံးနာရီ လေးနာရီခွဲလောက် ရှိနေပြီ မူးတာ မထချင်ဘူး။

ဘယ်မှလည်း မသွားဖြစ်၊ မလာဖြစ် အရက်ပုလင်းတွေ ရှိတာကိုး။ ငါ အရက် နှစ်ခွက် သောက်ချလိုက်တယ်။ ဘိန်းပျောက်သွားပြီး အရက်ဝင်လာရော နောက်တော့ လေးငါးခြောက်ရက်ပဲ လုပ်တယ်။ နံရိုးတွေပေါ်လာရော။ ဘာမှ မစားချင်ပဲဟာ။ မကောင်းဘူး။ မကောင်းဘူး။ ကြာရင် သေနာပေါ်လိမ့်မယ်ဆိုပြီး မလုပ်တော့ဘူး။

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: