Tuesday, February 28, 2012

စာပေဟောပြောပွဲ ဘာကြောင့်ပိတ် (မောင်ဝံသ)

ပြီးခဲ့တဲ့ တစ်လ နှစ်လခန့်အတွင်း ကျွန်တော် ခရီးယာယီလေးတွေ များခဲ့ပါတယ်။ စာပေဟောပြောပွဲ လိုက်နေတာပါ။ အရင်က ဟောပြောပွဲစင်တွေပေါ် မတက်နိုင်ခဲ့တာ နှစ်နဲ့ချီကြာခဲ့ရာက ခုတော့ အတန်အသင့် ပွင့်လင်းလာပြီမို့ ကျွန်တော်လည်း စမ်းသပ်ပြီး လိုက်ဟောနေခဲ့ပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ကျောက်မြောင်း သြဘာလမ်း၊ အလုံ၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံက နာရေးကူညီမှုအသင်း၊ ဝါဏိဇဘွဲ့ရအသင်း၊ လူငယ်များအစည်းအရုံး စသည်ဖြင့် အတော်ကို နေရာစုံပါတယ်။

ပထမဆုံးပွဲတွေ

ထူးခြားတာတစ်ခုက နာရေးကူညီမှုအသင်းနဲ့ ဝါဏိဇအသင်းကလွဲလို့ ကျန်တဲ့နေရာတွေအားလုံးဟာ ကျွန်တော်တို့ပါဝင်တဲ့ စာပေဟောပြောပွဲတွေနဲ့ ပြန်လည် ‘ကွင်းဖွင့်’ ခဲ့တာဖြစ်တယ်လို့ သိရတာပဲဗျ။ နှစ်ပေါင်းများစွာ စာပေဟောပြောပွဲတွေ မကျင်းပနိုင်ဘဲနေခဲ့ရာက ဒီနှစ်မှ ပထမဆုံး ပြန်လည်ကျင်းပကြတာဖြစ်တယ်။ အဲဒီမှာ ပထမဆုံး စင်ပေါ်ပြန်တက်တဲ့ မောင်ဝံသနဲ့ ဂွပ်ခနဲ အံကိုက်ပဲပေါ့ဗျာ။


ဟင်္သာတ၊ ဇလွန်၊ ပဲခူး၊ ဥက္ကံ၊ ဒိုက်ဦး၊ မုပ္ပလင်၊ ကလေး၊ တမူး စတဲ့ နေရာတွေကိုလည်း ရောက်ခဲ့တယ်။ များသောအားဖြင့် စာကြည့်တိုက်အသင်းတွေက ဦးဆောင်ကျင်းပတာကို တွေ့ရတယ်ဗျ။ အခုနောက်ဆုံးရောက်ခဲ့တဲ့ ကလေးမြို့မှာဆိုရင် နေသာဆရာတော်ဦးစီးတဲ့ နေသာစာကြည့်တိုက် သုံးနှစ်မြောက် စာပေဟောပြောပွဲ ဖြစ်ပါတယ်။ ဆရာဦးအောင်သင်း၊ ဦးဘုန်း (ဓာတု)၊ ကဗျာဆရာ ညီမင်းညိုတို့နဲ့ နေရာတွေဖြန့်ပြီး ဟောပြောခဲ့ကြတယ်။ ကျွန်တော်က ကလေးမြို့ပေါ်မှာ နှစ်ညအပြင် နတ်ချောင်းရွာနဲ့ ထိုမာရွာမှာလည်း သွာပြီးဟောခဲ့တယ်။ သာစည်ရွာစာကြည့်တိုက်ကိုလည်း လေ့လာခွင့် ရခဲ့တယ်။ ကလေးမြို့နဲ့ တမူးမြို့က ဒီချုပ် စာပေမိတ်ဆွေတွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

ပရဟိတ များများလုပ်ကြဖို့

စာပေဟောပြောပွဲတိုင်းမှာ ကျွန်တော် အဓိက ပြောတာကတော့ စတုတ္ထမဏ္ဍိုင်လို့ တင်စားခြင်းခံရတဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း ပေါ်ထွန်းရေးအကြောင်းပဲ ဖြစ်ပါတယ်။ လူထုအခြေပြု အရပ်ဘက် ပရဟိတအဖွဲ့အစည်းတွေမှာ များများပါဝင်ကြဖို့နဲ့ ပြည်သူကြားက သတင်းသမားတွေ (Citizen Journalists) များများပေါ်ထွက်ရေးကို တွန်းအားပေး ပြောပါတယ်။

အတူဟောဖော် ဟောဖက်တွေက အလွန် အဟောအပြောကောင်းသူတွေပါ။ ဆရာဦးအောင်သင်းဆိုရင် နာလန်ထခါစအချိန်မှာ တပည့်တွေ အဖေးအမနဲ့ လိုက်လာခဲ့တာ ဖြစ်ပါတယ်။ စင်ပေါ်မှာ ထိုင်ခုံချပေးပြီး ထိုင်ဟော ဟောရပေမယ့် ပရိသတ်မငြီးရအောင် နှစ်နာရီနီးနီး ပြောနိုင် ဆိုနိုင်တာ အံ့သြလောက်ပါတယ်။ ဦးဘုန်းနဲ့ ညီမင်းညိုတို့ကလည်း နာမည်ကြီး နည်းပြဆရာတွေဆိုတော့ ပရိသတ်ထဲက ကျောင်းသားကျောင်းသူတွေနဲ့ မေးလိုက် ဖြေလိုက် အတိုင်အဖောက်ညီညီ ဟောပြောသွားကြပါတယ်။ အင်မတန်မှာ အောင်မြင်တဲ့ စာပေခရီးတစ်ခုပါပဲဗျာ။

မိုးလေဝသ ဦးထွန်းလွင် အတွေ့အကြုံ

ကလေးမြို့တစ်ခွင်မှာ စာပေပရိသတ်များနဲ့ စာရေးဆရာများ လှိုက်လှဲပျော်ရွှင်စွာ စာပေပွဲသဘင် ဆင်နွှဲနေကြတာကို ကြည့်ပြီး မကြာခင်က မိုးလေဝသ ဒေါက်တာထွန်းလွင်ပြောပြတဲ့ ရင်နင့်စရာဖြစ်ရပ်ကလေးကို သတိရနေမိပါတယ်။ ဆရာထွန်းလွင်၊ ဆရာကောင်းသန့်နဲ့ ကျွန်တော် ဥက္ကံမြို့ စာပေဟောပြောပွဲ အတူသွားကြရင်း ဆရာက ပြောပြခဲ့တာပါ။ ဒေါက်တာ ထွန်းလွင်က သူ ကြုံတွေ့ခဲ့ရတဲ့ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မဲဇလီရွာ ကလေးမှာ စာပေဟောပြောပွဲ အချိန်ကပ်ပြီးမှ အပိတ်ခံရပုံကို ဆောင်းပါး ရေးပေးလို့ ပြီးခဲ့တဲ့အပတ် ပြည်သူ့ခေတ် ဂျာနယ် (၂၃၊ ၂၊ ၁၂) မှာ ဖော်ပြ ပြီးပါပြီ။ ‘ထိုအချိန်ဝယ် ... တိမ်ညိုမည်းတစ်ခုက ... လခြမ်းလေးကို ... ဖုံးအုပ်လိုက် ... ပြန်ပါပေါ့ကွယ်’ ဆိုတဲ့ ဆောင်းပါးပါ။ မဖတ်မိလိုက်သေးသူများ ပြန်ရှာဖတ်ကြည့်ကြဗျာ။ ဒေါက်တာထွန်းလွင်ဟာ စကားပြော ကောင်းရုံမက စာအရေးအသားလည်း ဘယ်လောက်ကောင်းတယ်ဆိုတာ လက်တွေ့ပြလိုက်သလိုပါပဲ။

အလွန်အကျိုးမဲ့တဲ့ လုပ်ရပ်

ဆရာထွန်းလွင်က မဲဇလီရွာမှာ စာပေဟောပြောပွဲစီစဉ်သူတွေ ဘယ်လို စိတ်အားထက်သန်စွာ၊ တက်ကြွပျော်ရွှင်စွာ ပြင်ဆင်မှုတွေ ပြုလုပ်နေကြပုံ၊ ဖီးလိမ်း ပြင်ဆင်နေကြပုံကို လှပစွာ စာပန်းချီခြယ်ပြီး ည ၇ နာရီ စင်ပေါ်တက်ခါနီးကျမှ ပွဲမိန့်ပိတ်တယ်ဆိုလို့ ငိုကြယိုကြ မချိတင်ကဲ ဖြစ်ကြရပုံကို ဆက်ရေးပြပါတယ်။ သူပြောတာကို နားထောင် သိရှိပြီးဖြစ်ပေမယ့် ဆောင်းပါးအဖြစ် ပြန်ရေးထားတာကို ဖတ်ရတဲ့အချိန်မှာလည်း ကျွန်တော်ပါ ရင်ထဲဆို့နင့်နေမိတယ်ဗျာ။

“ဟာ ... ဗျာ ဆိုပြီး ပါးစပ်ဟောင်းလောင်း ဖြစ်ကုန်ကြတော့တာပါပဲ။ အားလုံး ငြိမ်ကျသွားပါတယ်။ ကျွန်တော်တို့ စာရေးဆရာတွေပါ ငြိမ်ကျသွားပါတယ်။ ဆရာတစ်ဦးကတော့ မျက်ရည်တွေဝဲလာပြီး အသံမထွက်တော့ပါဘူး။ နောက် ဆရာတစ်ဦးကလည်း အသံတွေ တုန်တုန်ယင်ယင်နဲ့ စာရေးဆရာမလည်း ခေါင်းငိုက်စိုက်နဲ့၊ ငိုနေတဲ့ တပည့်လေးတွေကို ချော့နေပါတယ်။ ကျွန်တော်လည်း စိတ်မကောင်းလိုက်တာဗျာ။ ဘာလို့ ဟောပြောပွဲအမိန့်က မရရတာလဲ၊ ဒီဒေသဟာ ဟောပြောပွဲကျင်းပဖို့ ခွင့်မပြုတဲ့ဒေသမို့လား _ _ _ ဘာမှန်းဆိုတာကိုတော့ သက်ဆိုင်ရာတွေက ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ ရှိစေအောင် (Good Governance) ဆိုတာနဲ့အညီ ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ ဒီမဲဇလီရွာ ဟောပြောပွဲ ပြောခွင့်မရတာဟာ မဲဇလီရွာအတွက်သာမက သက်ဆိုင်ရာ တိုင်းဒေသကြီးအတွက်ရော၊ နိုင်ငံတော်အတွက်ပါ ထိခိုက်နစ်နာလှပါတယ်။ အလွန်အကျိုးမဲ့တဲ့ ဖြစ်ရပ်၊ လူထုရဲ့ တိုးတက်မှုအရှိန်ကို ဟန့်တားစေတဲ့ ဖြစ်ရပ်ပဲလို့ ရိုးရိုးလေး မြင်မိပါတယ် _ _ _”

နာမည်ကြီးတဲ့ မကွေးတိုင်းဒေသကြီး

ဆရာထွန်းလွင် ခုလို ထုတ်ဖော်ရေးလိုက်တာကိုဖတ်ရတဲ့ ပြည်သူ့ခေတ်ဂျာနယ် ပရိသတ်များလည်း ကိုယ်ချင်းစာနာမိကြမှာပါ။ မကွေးတိုင်းဒေသကြီးမှာ စာပေဟောပြောပွဲများ အချိန်ကပ်ကပ်ပြီး အပိတ်ခံရလို့ စိတ်မချမ်းမသာဖြစ်ပြီး ပြန်လာရတဲ့ စာရေးဆရာတွေ အတော်များနေပါပြီ။ ပြည်သူ့ခေတ် အယ်ဒီတာချုပ် ဆရာဖေမြင့်တောင် အရင်လထဲမှာ မကွေးတိုင်းဒေသကြီးထဲက မြို့တစ်မြို့က ဖိတ်လို့ သွားခဲ့စဉ် အလားတူ ကြုံခဲ့ရတယ်လို့ ပြန်ပြောဖူးပါတယ်။ ကျွန်တော်ကတော့ စာပေဟောပြောပွဲများကို ပိတ်ခြင်းဟာ ဆရာထွန်းလွင် ရေးသလိုပဲ အလွန် အကျိုးမဲ့တဲ့ဖြစ်ရပ်၊ လူထုရဲ့ တိုးတက်မှုအရှိန်ကို ဟန့်တားစေတဲ့ဖြစ်ရပ်လို့ ထပ်ပြောလိုက်ချင်ပါတယ်။

ကိုယ်တွေ့ခံစားချက်

အဓိပ္ပာယ်မရှိ ပိတ်ပင်ခံရတဲ့အဖြစ်မျိုးကို ကိုယ်တိုင် ကြုံတွေ့ခံစားရဖူးတဲ့ ကျွန်တော်ကတော့ ဆရာထွန်းလွင်တို့ ဆရာဖေမြင့်တို့ရဲ့ ရင်ထဲက ခံစားချက်ကို ပိုပြီး ထဲထဲဝင်ဝင် နားလည်တယ်ဗျာ။ ကျွန်တော့်မိသားစုရဲ့ ဒေါင်းစာပေကို ၁၉၇၃ ခုနှစ်က တည်ထောင်ခဲ့ပါတယ်။ မူလနာမည်က ခွပ်ဒေါင်း စာပေပါ။ ကျောင်းသားသမဂ္ဂသံယောဇဉ်နဲ့ မှည့်ခေါ်ထားတဲ့နာမည်ပါ။ ၁၉၈၆ အထိ ကျွန်တော့်တိုက်က ထုတ်ဝေခဲ့တဲ့ စာအုပ်တွေမှာ ခွပ်ဒေါင်း စာပေက ထုတ်ဝေသည်လို့ပဲ ဖော်ပြခဲ့တာ ပြန်ကြည့်လို့ရပါတယ်။ ၁၉၈၆ ကျတော့ အဲဒီနာမည် သုံးခွင့်မပေးနိုင်ဘူးဆိုလို့ ခွပ်ကို ဖြုတ်လိုက်ရတယ်ဗျ။ ဒေါင်းစာပေ အဖြစ်ပဲ နေခဲ့ရတာ ခုထိပါပဲ။

၂၀၀၃ မှာ ဒေါင်းစာပေ နှစ် ၃၀ ပြည့် ပွဲတစ်ပွဲလုပ်ပါတယ်။ ၂၀၀၃ မေ ၃၁ တိပိဋကကျောင်းမှာကျင်းပတဲ့ အဲဒီပွဲကို မော်တော် ဆိုင်ကယ်တွေနဲ့ အဝိုင်းခံရတယ်ဗျာ။ ကျွန်တော့် ဧည့်ခံပွဲလာတဲ့ ဧည့်သည်တချို့ တထိတ်တလန့် ဖြစ်ရတာပေါ့။ ၂၀၀၈ ခုနှစ်ကျတော့ ဒေါင်းစာပေ ၃၅ နှစ် ပြည့်ပွဲကို စီးတီးစတား ဟိုတယ်မှာ လုပ်ပါတယ်။ မနက် ၉ နာရီကျင်းပဖို့ အားလုံး ပြင်ဆင်ထားပြီးသားပွဲကို အကြိုည ၉ နာရီလောက်မှာ ဖျက်သိမ်းခိုင်းတယ်။ မနက်ကျတော့ ဧည့်ခံပွဲဖျက်ရတာကိုမသိတဲ့ ဧည့်သည်တွေလာကြတော့ ဟိုတယ်အောက်ကနေ ပြန်ခိုင်းတယ်။ မဟာဗန္ဓုလ ပန်းခြံလမ်းထဲမှာလည်း ကားသုံးစီးနဲ့ အင်အားပြထားသေးတယ်။ စဉ်းစားကြည့်ကြပါ။ ကျွန်တော် ဘယ်လိုခံစားရမလဲဆိုတာ။

ဒါကြောင့် မကွေးတိုင်းကဖြစ်ရပ်ကို ကျွန်တော် အများကြီး စာနာပါတယ်လို့ ပြောတာ ဖြစ်တယ်ဗျ။ ဒေါင်းစာပေပွဲကိစ္စဖြစ်ပြီး နောက်တစ်နှစ်မှာ စီးတီးစတား ဟိုတယ်မှာပဲ တော်ဘုရားကလေး စာပေဆုပေးပွဲကို အချိန်ကပ်ပြီး ပိတ်ပင်ခံရသေးတယ်ဗျာ။ ကွယ်လွန်သူ တော်ဘုရားကလေးရဲ့ဇနီး ဒေါ်ခင်မေနဲ့ သမီး ဒေဝီသန့်စင် တို့လည်း အတော်စိတ်ဆင်းရဲခဲ့ရမှာ သေချာတယ်ဗျ။

အရင်ကလို မဟုတ်တော့ပါ 

ယနေ့ခေတ်မှာတော့ စီးတီးစတားဟိုတယ်မှာ ပွဲမျိုးစုံ လွတ်လွတ်လပ်လပ် ကျင်းပနေကြပါပြီ။ ကျွန်တော့်ရဲ့ ဒေါင်းစာပေပွဲနဲ့ တော်ဘုရားကလေးပွဲ အပိတ်ခံရတဲ့ဖြစ်ရပ်မျိုးကို ဝန်ထမ်းအသစ်လေးတွေ သိတောင် မသိကြတော့ပါဘူး။ တော်ဘုရားကလေး စာပေဆုပေးပွဲကိုလည်း ယခုဆိုရင် လွတ်လွတ်လပ်လပ် ကျင်းပနေပါပြီ။ ဆရာထွန်းလွင်တို့ လတ်တလော ကြုံခဲ့ရတဲ့ဖြစ်ရပ်မျိုးတွေဟာ ယနေ့ခေတ်အဖို့တော့ အင်မတန် ရှားပါးတဲ့ ထူးထူးဆန်းဆန်း သတင်းထဲမှာ ပါနေမယ်ထင်ပါရဲ့ဗျာ။
အချုပ်အားဖြင့် အုပ်ချုပ်ရေးယန္တရားထဲက ပုဂ္ဂိုလ်အချို့အနေနဲ့ ယနေ့နိုင်ငံတော်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတယ်လို့ တကယ် ခံယူရင်၊ တကယ် ယုံကြည်ရင် ဒီမိုကရေစီနည်းမကျတဲ့လုပ်ရပ်တွေကို တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း မလုပ်သင့်ဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိတိကျကျ လိုက်နာပြီး ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဆောင်ရွက်သင့်ကြပါပြီလို့ အပြုသဘောနဲ့ ကျွန်တော် ပြောချင်ပါတယ်ဗျ။

maungwuntha@gmail.com

ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။


 

No comments: