Saturday, January 21, 2012

နိမိတ်ပုံ ... ကိစ္စ (သို့မဟုတ်) ကြယ်စင်တို့၏ ... နေရာ (ကမာပုလဲ)

နိမိတ်ပုံ ဆိုတာ
ကဗျာဆရာ၏
ပုလဲဖြစ်သွားတဲ့ ခံစားမှု မျက်ရည်
မှော်ဝင်နေတဲ့
နှလုံးသား ရုပ်ပုံလွှာဖြစ်တယ် ...။

အနန္ဒသူရိယ အမတ်ရဲ့
သမုဒ္ဒရာပြင်ထက်
တခဏ တက်တဲ့
ရေပွက်ပမာ
ဘဝ နိမိတ်ပုံ ...။

စလေ ဦးပုညက
အစွယ်လိုသူ မိဖုရား
စေခိုင်းသူ မင်းဧကရာဇ်
လေးပစ်သူက ကျနော်ရယ်ပါတဲ့
မိန်းမလှတဦးရဲ့
အမုန်း နိမိတ်ပုံ ...။


ပျဉ်းမငုတ်တို
ဗေဒါ
သပြေခက်
ပိတောက်ရွှေဝါ ...
ပတ္တမြားရည်
လင်းအရုဏ်ဦး
ငါးရိုးနင် ငွေလမင်းနဲ့
စသည် ... စသည်
ဂန္ထဝင်မြောက်
မရိုးနိုင်တဲ့ ကဗျာသင်္ကေတ နိမိတ်ပုံ ...။

ခေတ်ဆိုး စနစ်ဆိုးရဲ့
နိမိတ်ပုံ သင်္ကေတကို ... ည
လူထုဘက်မှ
လွတ်မြောက်ရေး တိုက်ပွဲဝင်
သူရဲကောင်းတွေအတွက်တော့ ... ကြယ်စင်။

ချေဂွေဗားရား
မော်
ကိုဗဟိန်း
ကိုအောင်ဆန်း
ဝင်းမော်ဦး
..............
..............
သူတို့ ... သူတို့ ... သူတို့တွေဟာ
ကမ္ဘာ
ဗမာ
ရာဇဝင်ရဲ့
သမိုင်းဝင် သူရဲကောင်း သင်္ကေတ
လွတ်မြောက်ရေး တိုက်ပွဲတို့၏
အောင်ပွဲ နိမိတ်ပုံ
ထာဝရ ကြယ်စင်တွေ ...။

တန်ဖိုးကို နားလည်ခံစားတတ်တဲ့အခါ
ကြယ်စင်တို့၏ နေရာ ...
မည်သည့်ခေတ်မှာမှ နိမ့်ကျမသွားခဲ့ဘူး ...။

ကဗျာ
နှလုံးသား
ကျောင်းသား
အလုပ်သမား
လယ်သမား
လူသားများ၏
ဦးခေါင်း အထက်မှာ ...။ ။

ကမာပုလဲ
၂၁၊ ၁၊ ၂၀၁၂


 

No comments: