Saturday, January 21, 2012

၈၈ မျိုးဆက် ကျောင်းသားများ၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သော ကိုမင်းကိုနိုင်၏ နှုတ်ခွန်းဆက်စကား

“ရှေးဟောင်း မာယာလူမျိုးတွေရဲ့ပြက္ခဒိန်အရ ကမ္ဘာပျက်မယ့်နှစ်မှာ ကျွန်တော်တို့ လူပြန်ဖြစ်ခွင့်ရတယ်။ ကမ္ဘာပျက်မယ့်နှစ်မှ နိုင်ငံသစ်ပြန်တည်ရမယ့်ဘဝဖြစ်နေပါတယ်။ ကျွန်တော်တို့က ဒါပေမယ့် ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ တကယ်တန်းသာ ညီညွတ်မယ်ဆိုရင် ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ်တစ်ခု မကဘူး။ ကမ္ဘာသစ်တစ်ခုပါ တည်လို့ရမယ်လို့ …”

ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်သလို ဖြစ်ခဲ့ရတဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားများအိမ် အပြန်လမ်းမှာ ဒီကနေ့ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်ကျော်က ကျွန်တော်တို့ ကြွေးကြော်ခဲ့သမျှ ပဲ့တင်သံတွေ ပြန်ထပ်တဲ့နေ့ပါ။ ကျွန်တော်တို့ စိုက်ပျိုးခဲ့သမျှ ကောက်ပင်စိမ်းတွေ ယိမ်းကတဲ့နေ့ပါ။ လောကဓမ္မတာ မိခင်ဟာ ထိုက်တန်တဲ့ တုံ့ပြန်မှုနဲ့ ရလဒ်ကို ကျွန်တော်တို့ ပြန်ရတဲ့နေ့ပါ။ 

ဆိုလိုတာကတော့ အခုလို သတင်းမီဒီယာသမားတွေရဲ့ရှေ့မှာ တစ်ဖျတ်ဖျတ် တောက်နေတဲ့ ဓာတ်ပုံမီးတွေရဲ့အောက်မှာ ကျွန်တော်တို့ ရပ်နိုင်တာ၊ စကားပြောနိုင်တယ်ဆိုတာ လမ်းမပေါ်မှာ ကစဥ့်ကလျားနဲ့ ကျန်ခဲ့တဲ့ ဖိနပ်ပိုင်ရှင်တွေ၊ လူမသိ၊ သူမသိဘဝနဲ့ အသက်စွန့်ခဲ့ရတဲ့ ကျောင်းသား ပြည်သူတွေ ဘဝရဲ့ အစိတ်အပိုင်းများစွာကို ဖဲ့ကျွေး၊ ချကျွေးခဲ့ရပြီးတော့ လူ့လောကကို နှုတ်ဆက်သွားကြရတဲ့ ကျောင်းသား ပြည်သူတွေရဲ့ ကိုယ်စား ကျွန်တော်တို့ မတ်တပ်ရပ်နိုင်သေးတဲ့သူတွေ ဒီနေ့ ဒီအချိန် ဒီအခင်းအကျင်းမျိုးမှာ ပြောနိုင်တာပါ။

အခု သတင်းလောကမှာရော ပြည်သူလူထုရဲ့ ပြန်ကြားရေးလောကမှာ အင်မတန် ခေတ်စားနေတဲ့ မေးခွန်းတွေရှိပါတယ်။ အဲဒါဘာလဲဆိုတော့ နိုင်ငံရေးအခြေအနေကို ဘယ်လိုသုံးသပ်လဲဆိုတဲ့ မေးခွန်းပါ။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ရှိတာကို ဘယ်လိုမြင်သလဲဆိုတဲ့ကိစ္စဟာ ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ အကောင်းမြင်လား၊ အဆိုးမြင်လား ဆိုတဲ့ မေးခွန်းလည်း ဖြစ်ပါတယ်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက် အထူးသဖြင့် ကျွန်တော်တို့ပေါ့။ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေ ပကတိ နိုင်ငံရေးအခြေအနေကို ဘယ်လိုမြင်သလဲဆိုတာ တစ်ဝက်ကြီးများတောင်လို့လည်း အကောင်းမမြင်နိုင်ဘူး။ တစ်ဝက်ထဲ နည်းလိုက်တာလို့လည်း အဆိုးမြင်တာ မဟုတ်ဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ ရေရှိမှ အသက်ရှင် နိုင်တဲ့ ငါးတွေလိုပဲ။ ငါးတွေအတွက်ကျတော့ တစ်ဝက်ကိစ္စ မဟုတ်ပါဘူး။ အသက် ကိစ္စပါ။ ရေများဖို့ လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ သတင်းသမားတွေ၊ မီဒီယာသမားတွေ သိပါတယ်။ ၂၃ နှစ်တာ ပေးဆပ်လိုက်ရတဲ့ နောက်မှာ ရလာတဲ့ အသီးအပွင့်တွေအနေဖြင့် အမှန်တရားကို ဖော်ထုတ်ကြဖို့ သတင်းမီဒီယာသမားတွေ တာဝန်ကိုထမ်းချင်နေကြပြီ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြားသလောက်ကတော့ ပြည်တွင်း သတင်းလွတ်လပ်ခွင့် ပြဿနာမှာ အကြောင်းအရာတစ်ခုဆိုပါတော့ ၂၀ဝ၈၊ ၂၀၁၀ အဲဒီတုန်းကဆိုရင် သတင်းမီဒီယာတွေရဲ့ဖော်ပြနိုင်စွမ်း ဘက်တစ်ဖက်တည်းကိုပဲတင်ပြရသလို အဲဒီအခါကျတော့ မတူကွဲပြား ခြားနားတဲ့ အမြင်တွေ၊ အတွေးတွေကို ဖော်ပြခွင့် မရတဲ့အခါမှာ တစ်ဖက်သတ် နားထဲ၊ မျက်စိထဲထည့်တဲ့ အရာသာလျှင် အမှန်တရားဆိုတဲ့ အချက်အလက်တွေသာလျှင် အမှန်တရား ဖြစ်ခဲ့ရတယ်။ အဲဒါကို ကျွန်တော်တို့ ပြောင်းချင်ပြီဗျာ။ ဒီကနေ့ သတင်းသမားတွေအားလုံး ကျွန်တော်တို့ ဆန္ဒကို နားလည်ကြမယ် ထင်တယ်။ ကျွန်တော်တို့နဲ့အတူ အဲဒီအပြောင်းအလဲကို လိုက်ပါနိုင်ကြမယ်လို့ ရည်ရွယ်တဲ့ဆန္ဒနဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ ရည်ရွယ်ချက် အချက်တစ်ချက်အနေနဲ့ ပါပါတယ်။

ထပ်ပြီးတော့ ပြောရပါလိမ့်မယ်။ စာပေစိစစ်ရေးဆိုတာ လိုအပ်ပါတယ်လို့ဆိုတဲ့ အတွေးမျိုးနဲ့ဆိုရင်တော့ ရှိဖို့လိုတယ်ဆိုတဲ့ အတွေးမျိုးနဲ့ဆိုရင်တော့ ဒီ လောက ထပ်တက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပေးဆပ်ထားရတာတွေ အဲဒီလို တစ်ဖက်သက်အမြင်ကိုပဲ ဖော်ပြဖို့ မကြိုက်တာတွေ၊ မိမိနဲ့သဘော ထားမတူတာတွေ ဖယ်ရှားဖို့ဆိုတာ မဖြစ်ပါဘူး။ သဘောထားတွေ၊ အယူအဆတွေ အမျိုးမျိုးတင်ပြနိုင်ကြပါစေဆိုတဲ့ လွတ်လပ်မှုမျိုးကို စာပေလောကသားတွေ ထပ်ပြီး ခြေတစ်လှမ်းတိုးဖို့၊ ထပ်ပြီးတော့ သတ္တိတွေမွေး ပြီးတော့ ရေးကြ ထည့်ကြဖို့ ကျွန်တော် တိုက်တွန်းပါရစေ။

တစ်ချို့က ပြောပါတယ်။ ကျွန်တော်တို့ ၈၈ မျိုး ဆက်ကျောင်းသားတွေ ဘယ်ကနေ ဘယ်လိုစပြီးတော့ ၈၈ ဘာလဲ၊ ၈၈ ဘယ်လဲ မေးခွန်းတွေ ရှိပါတယ်။ ၁၉၈၈ အားလုံးသိခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံကြီးမှာ ပါဝင်ဆင်နွဲခဲ့တဲ့ မျိုးဆက် အားလုံးတွေက ၈၈ မျိုးဆက်တွေပါ။ အဲဒီမျိုးဆက်ကြီးဟာ ၈၈ အရေးတော်ပုံကြီးပြီးတဲ့အခါမှာ နယ်ပယ်အသီးသီးကို စိမ့်ပြီး ဖြာပြီးတော့ ဝင်ရောက်သွားပါတယ်။ ဒီအချက် အရေးကြီပါတယ်။ စီးပွားရေးလောက၊ အနုပညာလောက၊ သတင်းမီဒီယာလောက၊ နိုင်ငံရေး သီးသီးသန့်သန့် လုပ်ရမယ့်လောက ဒီလိုပဲ အများ ပြည်သူတွေရဲ့အကျိုးအတွက် အသင်းအဖွဲ့တွေ၊ ပရဟိတလောကတွေထဲကို ရောက်ပါတယ်။ နောက်ဆုံး ဝန်ထမ်းလောကတွေထဲအထိ ရောက်ပါတယ်။ ၈၈ အရေးတော်ပုံကြီးကို အင်နဲ့အားနဲ့ဆင်နွှဲခဲ့တဲ့ အဲဒီမျိုးဆက်ရဲ့အသီးသီးသော အစိတ်အပိုင်းတွေဟာ နောက်ဆုံး လက်နက်ကိုင် အဖွဲ့အစည်းတွေထဲအထိ ရောက်ခဲ့ပါတယ်။

ကောင်းပါပြီ။ အဲဒီအင်အားစုတွေရဲ့စိတ်တွေ၊ အဲဒီတုန်းက ဝိညာဉ်တွေ၊ ၈၈ ရဲ့သွေးတွေဟာ ဟောဒီ အမိမြန်မာပြည်ထဲမှာ ဧရာဝတီဆိုတဲ့ ပင်မ သွေးကြောကြီးထဲကနေ တစ်ဆတ်ဆတ် ခုန်နေတုန်းပါပဲ။ နှလုံး အသည်းပွက်ထဲမှာ နွေးထွေးစွာ လှန့်နေဆဲပါပဲ။ ဆိုတော့ ကျွန်တော်တို့ ဒီနေ့ဒီမှာလာပြီးတော့ သတင်းသမားတွေရှေ့မှာရပ်ကြတဲ့ ၈၈ တွေဟာ ဘာလဲဆိုတော့ မကြာခင်ကမှ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေက ပြန်လာကြတဲ့ ၈၈ တွေပါ။ ဒါဖြစ်ရင် အဲဒီ ၈၈ တွေ ဘာလုပ်မှာလဲဆိုတဲ့ မေးခွန်းထွက်လာတယ်။ အရှင်းဆုံး ပြောရရင်တော့ ၁၉၈၈ တုန်းက နယ်ပယ်အသီးသီးကို ဖြန့်ကျက်သွားသလိုပဲ။ အခု ထောင်တွေက တစ်ဖန် ပြန်ထွက်လာပြီးတော့ ပန်းပဲဖိုတွေထဲမှာ တစ်ကြိမ်နဲ့အားမရ နှစ်ကြိမ်၊ နှစ်ကြိမ်နဲ့အားမရ သုံးကြိမ်ဆိုသလို ကံကောင်းနိုင်ရင် မီးပြင်းပြင်းနဲ့ ထပ်ပြီးတော့ အတိုက်အခံ၊ ထပ်ပြီးတော့ ပေမှာ အထုခံ အနှက်ခံတဲ့ ဓားကောင်းတွေအဖြစ် လောကခရီးစဉ်ကို ပြန်ရောက်လာတာပါပဲ။

အဲဒီတော့ ၈၈ တွေဘာဆက်လုပ်မှာလဲဆိုတဲ့ မေးခွန်းမှာနယ်ပယ် အသီးသီးမှာရှိပြီးသားဖြစ်တဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေနဲ့ ပြန်ပြီးတော့ လက်တွဲကြဖို့ ထပ်မံ ဖြန့်ကျက်ပြီးတော့ အများအကျိုး၊ တိုင်းပြည် အကျိုး၊ လောကပါလ တရားသုံးပါးကို ထွန်းကားဖို့အရေးတွေကို ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ အဲဒါကို ကျွန်တော် ပြောချင်တာပါ။ အရာရာတိုင်းမှာ ကျောင်းသားတွေဟာ ကြားနေရမယ်၊ ဘက်မလိုက်ရဘူး ဆိုတဲ့ အတွေးအခေါ် အယူအဆတွေ ရှိခဲ့ပါတယ်။ ယေဘုယျအားဖြင့် မှန်ချင်မှန်ပါလိမ့်မယ်။ ချွင်းချက်အနေနဲ့တော့ ကျွန်တော်တို့ဟာ လောကပါလတရား သုံးပါးဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ အချက်သုံးပါးနဲ့ ပတ်သက်ရင်တော့ လောကပါလတရား သုံးပါးကို တည်ထောင်သူတွေနဲ့ ဖျက်ဆီးသူတွေရဲ့အကြားမှာတော့ ဘက်မလိုက်ဘဲ မနေနိုင်ပါဘူး။ ကျွန်တော်တို့ လောကပါလတရား သုံးပါးတည်ထောင်သူဖက်ကနေပြီးတော့ ပြတ်ပြတ်သားသား ဘက်လိုက်မှာပါ။ အဲဒါလေးကို ကျွန်တော် အသိပေးပါရစေ။

နောက်ဆုံး ကျွန်တော် ခရီးစဉ်တစ်လျှောက်မှာလည်း အားလုံး ကိုယ်စား ပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ လက်တွဲဆောင်ရွက်ရမယ့်ကိစ္စပါ။ ဒါ နောက်ဆုံးစကားပါ။ ၂၃ နှစ်တာ ပြည်သူလူထုကြီးရဲ့ ပေးဆပ်မှုနဲ့ နောက် ဘဝများစွာ၊ အသက်များစွာ စတေးပြီးတဲ့နောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ငြင်းပယ်လို့မရတဲ့ ပကတိမျက် မှောက်တရားအဖြေရဲ့ နောက်ဆုံးလက်ရှိ အစိုးရကိုယ်တိုင် လက်ခံရပါပြီ။ အဲ ဒါ ပြည်သူ့အောင်ပွဲ ဆိုတာကို အောင်စိတ်နဲ့ မှတ်ပါ။ အဲဒီအတွက် ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ အဟောင်းအဆွေးကြီးဖြစ်တဲ့ ဖိနှိပ်ချုပ်ချယ်ခြင်း၊ အခွင့်ထူးခံခြင်း ဆိုတဲ့ အဟောင်းကြီးကို ဖက်တွယ်ထားချင်တဲ့သူတွေကတော့ နေရာတကာမှာရှိဦးမှာပါပဲ။ လွန်ဆွဲပွဲတစ်ခု လိုပါ။ လွန်ကြီး နှစ်ဖက်ပဲရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ချင်တဲ့သူတွေနဲ့ အင်အားစုတွေ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် သူတို့က တစ်ဖက် အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်းထဲမှာပဲ နေမယ်ဆိုတဲ့သူတွေက တစ်ဖက်ပါ။ အဲဒီလွန်ပွဲဆွဲမှာလဲ ၈၈ ဟာ ပြုပြင်ပြောင်းလဲရေးဘက်ကပဲ လွန်ဝင်ဆွဲဦးမယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း အသိပေးထားချင်ပါတယ်။

အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ ၈၈ တွေ အခုလိုရပ်ပြီး စကားပြောရတဲ့ကာလဟာ ဘာဖြစ်နေသလဲဆိုတော့ ရှေးဟောင်း မာယာလူမျိုးတွေရဲ့ပြက္ခဒိန်အရ ကမ္ဘာပျက်မယ့်နှစ်မှာ ကျွန်တော်တို့ လူပြန်ဖြစ်ခွင့်ရတယ်။ ကမ္ဘာပျက်မယ့်နှစ်မှ နိုင်ငံသစ်ပြန်တည်ရမယ့်ဘဝဖြစ်နေပါတယ်။ ကျွန်တော်တို့က ဒါပေမယ့် ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ တကယ်တန်းသာ ညီညွတ်မယ်ဆိုရင် ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ်တစ်ခု မကဘူး။ ကမ္ဘာသစ်တစ်ခုပါ တည်လို့ရမယ်လို့ ယုံပါတယ်လို့ပြောရင်း ကျွန်တော် စကားကို အဆုံးသတ်ပါရစေ။


 

No comments: