Monday, November 28, 2011

ကချင်ပြည်နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ

မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အစိုးရစစ်တပ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆိုးဆိုးဝါးဝါး ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်အသစ်တွေ ထွက်ပေါ်လာပါတယ်။

နော်ဝေးအခြေစိုက် Partners Relief and Development အဖွဲ့ကနေ အစီရင်ခံစာ ထုတ်ပြန်ရာမှာ မြန်မာစစ်တပ်ရဲ့ ကချင်ပြည်နယ်မှာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အတင်းအဓမ္မခိုင်းစေမှုတွေ၊ အရပ်သားတွေကို ဥပဒေမဲ့ သတ်ဖြတ်မှုတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေရှိကြောင်း အထောက်အထားနဲ့တကွ ဖော်ပြထားပါတယ်။


ညှဉ်းပန်းနှိပ်စက်မှုရှိကြောင်း အထောက်အထားအဖြစ်နဲ့ အသက် ၃၄ နှစ်အရွယ် လူကြီးတယောက်နဲ့ အသက် ၁၇ နှစ် အရွယ် လူငယ်တယောက်ရဲ့ အလောင်းတွေကို ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

 
ဒူးနှစ်ဖက်နဲ့ ချိုင်းနှစ်ဖက်မှာ သေနတ်နဲ့ပစ်ထားတဲ့ ဒဏ်ရာတွေ၊ ခန္ဓာကိုယ်မှာရထားတဲ့ ဒဏ်ရာတွေ၊ ဦးခေါင်းကြေမွတဲ့ ဒဏ်ရာနဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ခံထားရတာတွေကို ထောက်ပြပြီး မသေခင်မှာ ဆိုးဆိုးဝါးဝါး ညှဉ်းပန်းနှိပ်စက်ခံထားရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာရမှုရှိကြောင်းကိုတော့ ဗုံးထိမှန်ပြီး သေဆုံးခဲ့တယ်ဆိုတဲ့ သုံးတန်း ကျောင်းသားကလေးတယောက်ကို မြှုပ်နှံထားတဲ့မြေပုံနဲ့ ခေါင်းကို သေနတ်နဲ့ အပစ်ခံခဲ့ရသူတယောက်ရဲ့ အလောင်းဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။

နမ်လင်းပါ ရွာထဲက ကောက်ယူရရှိတယ်ဆိုတဲ့ ဗမာစစ်သားတယောက်ရဲ့ နာမည်ရေးထိုးထားတဲ့ စစ်သုံးရေဗူးနဲ့ ကျည်ဆံထည့်တဲ့ ပလပ်စတစ်ဗူး တဗူးကိုလည်း ဓာတ်ပုံနဲ့ ပြထားပါတယ်။

ဒီအစီရင်ခံစာကို အောက်တိုဘာလအတွင်း နမ်လင်းပါ ဆိုတဲ့ရွာမှာ သုံးပတ်ကြာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကို အခြေခံရေးသားထားတာဖြစ်ပြီး အဲဒီကဖြစ်ရပ်တွေဟာ ဇူလိုင်လကတည်းက စတင်ပြီး ကချင်ပြည်နယ်တခုလုံးမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်တွေကို ထင်ဟပ်နေပါတယ်လို့ Partners Relief & Development အဖွဲ့ရဲ့ အစီရင်ခံစာကို အဓိက ဦးဆောင်ရေးသားသူဖြစ်တဲ့ ဘရိုင်ယန် အီရစ်က်ဆန် Bryan Erikson က ဘီဘီစီကို ပြောပါတယ်။

 
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာစုံစမ်းရာမှာ အသုံးပြုတဲ့ နိုင်ငံတကာစံထားတဲ့ နည်းလမ်းတွေကိုသုံးပြီး ဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်ခဲ့သူတွေ၊ နစ်နာသူတွေနဲ့နီးစပ်သူ ဆွေမျိုးသားချင်းတွေကို အဓိက တွေ့ဆုံမေးမြန်းထားတယ်လို့ ပြောပါတယ်။

ဒီလို အခြေအနေတွေကိုကြည့်ရင် စစ်ရာဇဝတ်မှုမြောက်ဖွယ်ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တွေ့မြင်နေရတဲ့အတွက် ကုလသမဂ္ဂကနေ ကော်မရှင်အော့ဖ် အင်ကွာရီ ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တိုက်တွန်းထားပါတယ်။ 

 
ဒီနေ့မှာပဲ အဲဒီလို ကချင်ပြည်နယ်အတွင်း ကချင်အမျိုးသားတွေအပေါ်မှာ အစိုးရတပ်ရဲ့ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုတွေအပေါ် ရှုတ်ချတဲ့အနေနဲ့ ပြည်ပအခြေစိုက် ကချင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကချင်အမျိုးသားကောင်စီနဲ့ ကချင်အမျိုးသားအစည်းအရုံးတို့ကလည်း အမေရိကန်၊ ဂျပန်၊ ဗြိတိန်နိုင်ငံတို့မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း - ဘီဘီစီ
ဓာတ်ပုံတွေက ရိုက်တာသတင်းဌာနက တင်ထားတဲ့ ကချင်ပြည်နယ်ထဲက နမ်လင်းပါ ဆိုတဲ့ရွာက စစ်ပြေးဒုက္ခသည်တွေရဲ့ ပုံရိပ်တွေပါ။


 

No comments: