Monday, October 24, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (ခိုင်မာကျော်ဇော)

စာအုပ်မှတ်တမ်း

စုစည်းတင်ပြသူ
ခိုင်မာကျော်ဇော

ပုံနှိပ်ထုတ်ဝေ
ဒေါက်တာ စင်သီယာမောင်

ကွန်ပျူတာ စာစီ၊ စာရိုက်
ကရင်သတင်းစဉ် အဖွဲ့သူ အဖွဲ့သားများ

အုပ်ရေ
၂ဝဝဝ

ထုတ်ဝေသည့် ခုနှစ်
မတ်လ၊ ၂ဝဝ၇ ခုနှစ်

ဆက်သွယ်ရန်
ခိုင်မာကျော်ဇော
စာတိုက်သေတ္တာ (၂၂)
တာခ့်ခရိုင်၊ မဲဆောက်
၆၃၁၁ဝ

ကျေးဇူးတင်ရှိခြင်း

- ဤစာအုပ်ဖြစ်မြောက်ရေးအတွက် တွေ့ကြုံကျော်ဖြတ်ခဲ့ရသည်များကို အားတက်သရော ပြန်လည်ပြောပြပေးခဲ့သည့် အဖိုး ဗိုလ်မှူးချုပ်ကျော်သောင်း

- ဤစာအုပ် ထုတ်ဝေဖြန့်ချိရေးအတွက် အားပေးကူညီခဲ့သည့် ကိုကျော်ဟိန်း နှင့် ဒေါက်တာ စင်သီယာမောင်

- ကက်စက်ခွေများ ကူညီဖြည်ပေးခဲ့သည့် နော်ကပေါ်စေး နှင့် နော်စေးလျာဖော

- စာရိုက်စာစီ၊ စာပြင်ဆင်ခြင်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးခဲ့သည့် ကရင်သတင်းစဉ်မှ နန်းဖောဂေ၊ နန်းထူးထူးစံ၊ နော်ဖောဝါး၊ စောခေါင်သောင့်၊ စောအယ်ကော်

- စာမူကြမ်းများ ဖတ်ရှုပေးသည့် ဗိုလ်မှူးစောလှငွေ နှင့် နမ့်ဝါဝါစိုးသိန်း

- အမှာစာ ရေးသားပေးသည့် ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်မှ ဗိုလ်မှူးချုပ်မန်းကျော်ဖေနှင့်တကွ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူး အထူးတင်ရှိပါသည်။

စုစည်းတင်ပြသူ၏ အမှာစကား

ကရင်တော်လှန်ရေးအတွင်း နှစ် ၅ဝ ကျော်ကြာ ဖြတ်သန်းလာခဲ့တဲ့ ခေါင်းဆောင်ကြီးတဦးရဲ့ ဘဝဖြတ်သန်းမှုများနဲ့ အမျိုးသားတော်လှန်ရေး လူမျိုးစုံသွေးစည်းညီညွတ်ရေးအပေါ် တစိုက်စိုက်မတ်မတ်ပေးဆပ်ခဲ့တဲ့ ခေါင်းဆောင်ကြီးတဦးရဲ့ ခံယူချက်၊ သဘောထားကို မှတ်တမ်းတင်နိုင်ဖို့အတွက် ကျမ အတော့်ကို လက်တွန့်နေခဲ့ရပါတယ်။

အခု ကျမ စုစည်းတင်ပြလိုက်တဲ့ အဖိုးကျော်သောင်းရဲ့ တော်လှန်ရေး ခံယူချက်၊ ယုံကြည်ချက်များနှင့် ဘဝဖြတ်သန်းမှုများဟာ ပြီးပြည့်စုံခြင်း မရှိပါ။ အဖိုး နာမကျန်းဖြစ်နေစဉ် အချိန်တိုကာလအတွင်း ကတိုက်ကရိုက်နဲ့ ဟိုတစ၊ ဒီတစ အဖိုးပြောပြသမျှကို စုစည်းတင်ပြရခြင်း ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်၊ မယ်တော်ဆေးခန်းမှာ ပြုလုပ်တဲ့ ကရင်သက္ကရာဇ် (၂၇၄၆) သလေးထိုင်ခေါက်ဖို ကရင်နှစ်သစ်ကူးနေ့အခမ်းအနားမှာ သက်ကြီးရွယ်အိုတွေကို ပူဇော်ကန်တော့တဲ့ အစီအစဉ်တခု ပါပါတယ်။ ဒေါက်တာစင်သီယာမောင်မိသားစုနဲ့ အတူတကွနေထိုင်တဲ့ အဖိုးနဲ့ အဖွားကိုဒီအခမ်းအနားမှာ မတွေ့ရတဲ့အတွက် ဆရာမကို မေးကြည့်တော့ အဖိုး နေမကောင်းလို့ မလာနိုင်ဘူးလို့ ဆရာမက ပြောပါတယ်။

ကျမ ရင်ထဲ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပါတယ်။ အဖိုးအကြောင်းကို စာအုပ်တအုပ်ဖြစ်အောင် ရေးဖို့အတွက် ကျမ စိုင်းပြင်းနေတာ ကြာပါပြီ။ ဟိုတစ ဒီတစ မေးမြန်းထားခဲ့တာလေးတွေကို အချိန်အားရှိသရွေ့ စာအုပ်တအုပ်ဖြစ်အောင် ကျမ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။

အဲဒီနေ့က အဖိုးရှိရာကို ကျမသွားတော့ အပေါ်ထပ်အခန်းထဲက ခြင်ထောင်တလုံးထဲမှာ အဖိုးနဲ့အဖွား တယောက်တဖက်လှည့်ပြီး ကွေးကွေးလေး ခွေအိပ်နေတာကို တွေ့ရပါတယ်။ အဖိုးနဲ့အဖွား အသက်အရွယ်ရလာကာမှ စွယ်တော်ရွက်လို နှစ်လွှာတရွက်ဘဝနဲ့ ချစ်ချစ်ခင်ခင် ဖေးဖေးမမရှိနေခဲ့တာ ကြာပါပြီ။ အဖိုးနဲ့ အဖွားကို စောင့်ကြည့်ပေးတဲ့ ကျန်းမာရေး ဆရာမလေးက ကျမ လာတာကို အသိပေးတော့ အဖိုးက ပြာပြာသလဲနဲ့ ခြင်ထောင်ကို ဖြုတ်ဖို့ ပြောပါတယ်။

ကျမ အတန်တန်တားတဲ့ ကြားကပဲ အဖိုးက ကုန်းရုန်းထဖို့ ကြိုးစားပါတယ်။ သူ့ဆီကိုလာတွေ့တဲ့ ဧည့်သည်တွေလာတိုင်းလည်း အဖိုးက မတတ်နိုင်တဲ့ကြားက အားတင်း ကုန်းရုန်းပြီးတော့ အမြဲထထိုင်တတ်ပါတယ်။

အဖိုးနဖူးကို ကျမ ကိုင်ကြည့်တော့ ပူနွေးနေပါတယ်။ အဖိုး အစာမစားနိုင်တာ တပတ်လောက်ရှိပါပြီ။ စားချင်စိတ်လည်း မရှိဘူးလို့ ပြောပါတယ်။ ဒေါက်တာစင်သီယာမောင်က နွားနို့ပူပူလေးကိုတော့ ဝင်အောင်သောက်ပါလို့ မှာထားလို့ နွားနို့တော့ နည်းနည်းသောက်တယ်လို့ ပြောပါတယ်။

အဖိုးက အနည်းငယ်မို့နေတဲ့ သူ့ရဲ့ ရင်ဘတ်ကြီးကို ပွတ်သပ်ပြီးတော့ အဖိုး ရင်ခေါင်းထဲက အောင့်အောင့်နေတယ် သမီးရယ်။ တချက်တချက်လည်း အရမ်းနာတယ်။ ခွဲဖို့စိတ်ဖို့လည်း အဖိုးဆန္ဒ မရှိတော့ဘူး။ သေချင်လည်း သေပါစေတော့ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်တော့ဘူးလို့ ပြောပါတယ်။ အဖိုးက သူရဲ့ ရောဂါအခြေအနေကို ကြိုသိနေပုံရပါတယ်။

အဲဒီနေ့က အဖိုးနဲ့ ကြာကြာစကားမပြောတော့ဘဲ ကျမ အိမ်ကို အပြေးပြန်ခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကို အတင်းအဓမ္မ အကူအညီတောင်းပြီး အဖိုး ပြောခဲ့ဆိုခဲ့တဲ့ ဟိုတစ ဒီတစကို ပြန်လည်စုစည်းခဲ့ပါတယ်။

အခု စာဖတ်သူများရဲ့ လက်ဝယ်ရောက်ရှိနေတဲ့ စာအုပ်ငယ်ဟာ အဖိုး ဗိုလ်ချုပ်ကျော်သောင်းရဲ့ဘဝ တစိတ်တဒေသမျှသာ ဖြစ်ပါတယ်။ ကရင်တော်လှန်ရေး အစဖြစ်တဲ့ အင်းစိန်တိုက်ပွဲ၊ မြစ်ဝကျွန်းပေါ်၊ ပဲခူးရိုးမနဲ့ ကော်သူးလေ အရှေ့တိုင်း၊ မာနယ်ပလော၊ မာနယ်ပလော ဗဟိုဌာနချုပ်ကျပြီးနောက် တပ်မဟာ ၆ ဒေသအထိ အဖိုး ဗိုလ်ချုပ်ကျော်သောင်းရဲ့ တော်လှန်ရေးဖြတ်သန်းမှုတွေဟာ သေသေချာချာ စုစည်းတင်ပြမယ်ဆိုရင် ကျမ်းတစောင်စာလောက် ရှိပါလိမ့်မယ်။

အခုတော့ ဟိုတစ ဒီတစနဲ့ ကျန်းမာရေးမကောင်းတဲ့ကြားက အဖိုးပြောနိုင်ခဲ့သမျှလောက်ကိုသာ ကျမ တင်ပြခွင့်ရခြင်းဖြစ်ပါတယ်။ အဖိုးက သူ နေသာထိုင်သာရှိတဲ့အချိန်တိုင်းမှာ ကျမကို လှမ်းလှမ်းမှာပြီး သမီး မေးချင်တာတွေ မေး၊ အဖိုး ဖြေမယ် လို့ပြောပေမယ့် အဖိုး မောနေတာကိုကြည့်ပြီး အချိန်ကာလ နောက်ကျခဲ့ပြီဆိုတဲ့ အသိကို ကျမ ရခဲ့ပါတယ်။

ကျမရဲ့နောက်ကျရလာဒ်ကတော့ အခုစာအုပ်မှာ အဖိုးရဲ့ ငယ်ဘဝနဲ့ အဖိုးရဲ့ တော်လှန်ရေးကာလအရှေ့ပိုင်း ဖြတ်သန်းမှုများသာ ကျမလက်ဝယ် ကျန်ရှိနေတာကို ပြနေပါတယ်။ ဒါကြောင့်လည်း အခုစာအုပ်ငယ်ကို “ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ” လို့ ကျမ အမည်ပေးရခြင်းဖြစ်ပါတယ်။
စာအုပ်ပါ အကြောင်းအရာများနဲ့ အချက်လက်များဟာ အဖိုး ဗိုလ်ချုပ်ကျော်သောင်း မမောနိုင်၊ မပမ်းနိုင် ပြောပြခဲ့တဲ့ အကြောင်းအရာများဖြစ်ပြီး ကျမက ဆီလျော်အောင် စုစည်းတင်ပြခြင်းသာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အားနည်းချက်၊ ချို့ယွင်းချက်များရှိပါက စုစည်းတင်ပြသူ ကျမရဲ့အားနည်းချက်သာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ပါရှိတဲ့ ဗိုလ်ချုပ်ကျော်သောင်းရဲ့ ကရင့်တော်လှန်ရေးအပေါ် ယုံကြည်ချက်၊ ခံယူချက်၊ လုပ်ဆောင်ချက်တွေကို ဖတ်ရှုရတဲ့ စာဖတ်သူတွေရဲ့ရင်မှာ တစုံတရာ စွဲထင်ကျန်ရစ်မယ်ဆိုရင်ပဲ ကျမအနေနဲ့ စုစည်းတင်ပြရကျိုးနပ်ပါတယ်။

ခိုင်မာကျော်ဇော

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: