Monday, October 17, 2011

မင်းကိုနိုင်အတွက် မွေးနေ့ဆုတောင်း

(အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက်မွေးနေ့ အမှတ်တရ)

Dr.THA
အောက်တိုဘာ ၁၇ ရက်

ကျွန်တော်လွန်ခဲ့တဲ့ သုံးလေးရက်က နိုင်ငံခြားခရီးက ပြန်ရောက်ပါတယ်။ လူဝင်မှုမှာ တန်းစီနေတုန်း ဗုဒ္ဓဂါယာက ပြန်လာတဲ့ အသက် ၆၀၊ ၇၀ အရွယ် အမျိုးသမီးကြီးတွေ ပြောတာကြားခဲ့ပါတယ်။ “တို့ သမ္မတကြီးလာမှာမို့ ဗုဒ္ဓဂါယာမှာ စောင့်ကြတယ်။ မတွေ့လိုက်ရဘူး” တဲ့။ တို့သမ္မတကြီးလို့ ပြည်သူတွေ မသုံးစွဲခဲ့တာ ဘယ်လောက်ကြာပါပြီလဲ။ ဒါဟာ ပြည်သူတွေဆီက ရောင်ပြန်ဟပ်တဲ့ မေတ္တာတရားပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခုတစ်ခေါက်လွှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ကျွန်တော်အပါအဝင် ပြည်သူအများစုက စိတ်ပျက်လက်ပျက်ရှိကြပါတယ်။ သမ္မတကြီးရဲ့ မြစ်ဆုံရေကာတာ စီမံကိန်းဆုံးဖြတ်ချက် အပါအဝင် တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်ထားရှိတဲ့ စေတနာကို အသိအမှတ်ပြုကြလို့သာ အပြစ်မပြောရက်ကြတာပါ။ ရိုးသားဖြောင့်မတ်တဲ့ လုပ်ဆောင်မှုတစ်ခုလို့တော့ မမှတ်ယူကြပါဘူး။


သမ္မတကြီးရဲ့ အကြံပေးတစ်ဦးက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသား ၆၀၀ မှာ ၂၀၀ ၊ သုံးပုံတစ်ပုံနီးပါး လွှတ်ပြီးပြီလို့ ပြောပါတယ်။ အရေအတွက်က အရေးမကြီးပါဘူး။ စေတနာက အရေးကြီးပါတယ်။ တစ်ပြည်လုံးမှာရှိတဲ့ အကျဉ်းသား ၂ သိန်းကျော်လုံးကို Amnesty ပေးပြီး ကိုမင်းကိုနိုင်တို့အုပ်စုနဲ့ ဦးခွန်းထွန်းဦးတို့ကျန်ခဲ့ရင် ဒါကို ဘယ်သူမှ Amnesty လို့ ထင်မှာ မဟုတ်ပါဘူး။ အရင်အစိုးရအဖွဲ့က ဝန်ကြီးဟောင်းတစ်ဦး အခု ပြည်ခိုင်ဖြိုးပါတီမှာ တာဝန်ကြီးကြီးယူထားတဲ့ သူတစ်ဦးက နောင်ရွေးကောက်ပွဲနီးမှ (၂၀၁၄ ကျော်မှ) မင်းကိုနိုင်ကို လွှတ်မယ်လို့ ပြန်ပြောသံကို တစ်ဆင့် ကြားရတာကလည်း အရမ်းနားခါးလှပါတယ်။ သူနဲ့ သူ့မိသားစုချမ်းသာမှုဟာ လက်ရှိအစိုးရတစ်ဖွဲ့လုံး အားလုံးပေါင်းထက်သာနေတာတောင် အာဏာကိုမက်ပြီး တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာ နည်းလွန်းလှပါတယ်။ ဒီလိုလူမျိုးကို သမ္မတကြီးအနေနဲ့ ရှောင်သင့်ပါတယ်။

မနက်ဖြန် အောက်တိုဘာ ၁၈ ရက်နေ့ဟာ ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ဘဝရဲ့ ပျော်ရွှင်စရာ အကောင်းဆုံး၊ လူငယ်ဘဝရဲ့ မွေးနေ့ပွဲပေါင်းများစွာကို နံရံလေးဘက်ထဲမှာ ကုန်ဆုံးခဲ့ရတာဟာ ဘယ်လိုစွန့်လွှတ်မှုလည်း ဆိုတာ သိသာပါတယ်။ ကျွန်တော်နဲ့ အသက်အရွယ် မတိမ်းမယိမ်းမှာရှိတဲ့ ကိုမင်းကိုနိုင်တို့ အုပ်စုအားလုံးမှာ ကျွန်တော့်လို၊ သမ္မတကြီးတို့လို သားသမီးတွေနဲ့ ပျော်ရွှင်ဖွယ် မိသားစုတွေရှိ မနေပါဘူး။ ချစ်သူတွေနဲ့ ရှင်ကွဲ ကွဲခဲ့ရတယ်။ အသက် ၅၀ နားနီးပြီ၊ ထောင်ကလွတ်ရင်တောင် ကြိုမယ့် ဇနီး သားသမီးမရှိဘူး။ ပျော်ရွှင်ဖွယ် အနာဂတ်မရှိဘူး။ မိသားစုဘဝဆိုတာ လူ့ဘဝမှာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ မိသားစုဘဝကို ပိုင်ဆိုင်ဖူးတဲ့သူတိုင်း စာနာနားလည်ကြပါတယ်။

ဒီလိုနာကျည်းဖွယ်ကောင်းတဲ့ စွန့်လွှတ်မှုမျိုးနဲ့ ကြုံတွေ့ခံစားရတာတောင် သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်လိုပဲ နာကျည်းခံစားနေမယ့်သူတွေ မဟုတ်သလို ကိုယ့်ရဲ့ ခံစားမှုတွေကို တိုင်းပြည်တိုးတက်ရေးအတွက် မေ့နိုင်ကြသူတွေပါ။ သူတို့ဟာ နိုင်ငံကောင်းကျိုးအတွက် ဘယ်သူနဲ့မဆို ပူးပေါင်းနိုင်ကြသူတွေဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်စိတ်တည်း ရှိကြသူတွေပါ။ တိုင်းပြည်ကို မငြိမ်သက်အောင်၊ နစ်နာအောင် လုပ်ကြမယ့်သူတွေမဟုတ်ပါဘူး။ ကိုသူရ (ဇာဂနာ)က သူ့အသက်နဲ့ပေါင်ပြီး အာမခံပါတယ်လို့ ပြောပါတယ်။ သူ့စကားကို ကျွန်တော် ယုံကြည်ပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ဟာ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ပါ။ သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် သမ္မတကြီးဆီက တစ်ခုခု ကျွန်တော် မျှော်လင့်ပါတယ်။

Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


    

No comments: