Sunday, October 16, 2011

ရွှေတံခါးကြီးဖွင့်နိုင်ဖို့ (လူထုစိန်ဝင်း)

"ဒီအချိန်ဟာ သမိုင်းမှာ အလှည့်အပြောင်းကြီးတစ်ခုအဖြစ် မော်ကွန်းတင်နိုင်တဲ့ အချိန်ဖြစ်တယ်။ တပ်မတော်နဲ့ပြည်သူ ကြည်ဖြူလက်တွဲမှု ဖြစ်ပေါ်လာနိုင်တဲ့ အချိန်ဖြစ်တယ်။ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး။ အမိအရ၊ ရအောင်ယူကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ် ..."

စာတွေရေးနေတာ နှစ်ပရိစ္ဆေဒ မနည်းတော့ဘူး။ ကိုယ့်အလုပ်မို့သာ ဝတ္တရားမပျက်လုပ်နေတာ။ ရာနှုန်းပြည့် အားရကျေနပ်တယ်လို့တော့ ဘယ်အခါမှမရှိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်လောက်ပဲရေးရေး ဘာမှအရာရောက်တယ်လို့ မခံစားရလို့ပဲ။

အတိုင်းအဆမရှိ မေတ္တာတွေကြောင့်

တစ်ခါတလေ စိတ်ပျက်လက်ပျက်နဲ့ ‘ဟောရင်းသာ ပျံတော်မူလိမ့်မယ်’ လို့တောင် ရေးမိသွားတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ရေးခဲ့တဲ့စာတွေ နည်းတာမဟုတ်ဘူး။ စုပြီးထုတ်တဲ့ စာအုပ်တွေတောင်လေး ဆယ်ကျော် ငါးဆယ်နီးပါးရှိနေပြီ။ ရေးရကျိုးနပ်တယ်လို့ ကျေနပ်အားရဖြစ်ရတာမျိုး မရှိဖူးဘူး။ အတိုင်းအဆမရှိကြီးမားတဲ့ စာဖတ်ပရိသတ် ပြည်သူလူထုရဲ့မေတ္တာကို ရရှိခံစားနေရတာလေးတစ်ခုကြောင့်ပဲ အဆက်မပြတ်ရေးဖြစ်နေတာ။ အမှန်ပြောရရင် အချိန်မရွေးကြုံတွေ့ရနိုင်တဲ့ အန္တရာယ်အသွယ်သွယ်ကို စဉ်းစားလိုက်တဲ့အခါ ရေးသင့်တယ်လို့တောင် မထင်မိပါဘူး။

ထင်းခုတ်စားတောင် ရပါတယ်

စာတွေအများကြီးရေးတော့ ပိုက်ဆံတွေအများကြီးရနေတယ် မဟုတ်လားလို့မေးစရာရှိတယ်။ မှန်ပါတယ်။ အများကြီးမဟုတ်ပေမယ့် အသင့်အတင့်ရပါတယ်။ ဒါပေမယ့် ဒါလောက်ငွေကြေးကတော့ မြန်မာပြည်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြောခဲ့သလို “ထမင်းတစ်လုတ်တော့ ထင်းခုတ်စားရင်တောင်ရပါတယ်” လို့ပြောရမှာပါ။ ရှမ်းပြည်နယ်တက်ပြီး ကော်ဖီလေးစိုက်လိုက်၊ လိမ္မော်လေး စိုက်လိုက်လုပ်နေတာက အန္တရာယ် ကင်းဘေးကင်းဖြစ်ရုံမက ကျန်းမာရေးအတွက်ပါ အလွန်ကောင်းတာပေါ့။ အဲဒီလိုနေချင်စိတ် အခုထိရှိနေသေးတယ်။ ဒါပေမယ့် အတိတ်က ဝဋ်ကြွေးတွေက မကုန်သေးတော့ စာရေးတဲ့အလုပ်ကို မစွန့်နိုင်ဘူး။ ရန်ကုန်ဟာ ကိုယ့်အတွက် ပဋိရူပဒေသ မဟုတ်ပေမယ့် မခွာနိုင်ဘူး။ တွယ်ကပ်ပြီး နေနေရဆဲဖြစ်တယ်။

ရုတ်တရက်ပြောင်းသွား

ကိုယ့်ဟာကိုယ်ပခုံးပေါ်တင်ပြီး ထမ်းထားတဲ့တာဝန်မို့ မညည်းမညူ လုပ်ကိုင်နေပေမယ့် အားတက်သရောမရှိလှတာတော့ အမှန်ပဲ။ ဒါပေမယ့် အခုနှစ်လ၊ သုံးလအတွင်းမှာ အခြေအနေတွေ ရုတ်တရက် ပြောင်းသွားတယ်။ နှစ်ပေါင်း ငါးဆယ်လောက်အတွင်း ဘယ်တုန်းကမှမကြားဖူးတဲ့ ‘ပြည်သူလူထု’ ဆိုတဲ့အသံတွေ ညံနေအောင်ကြားလာရပြီး၊ အရင်ကထုတ်ဝေခွင့် အကြိမ်ကြိမ်ပယ်ချခံရတဲ့ ကိုယ့် စာအုပ်တွေ ထုတ်ဝေခွင့် ပြန်ရလာတယ်။ နေ့စဉ်ရေးနေတဲ့ စာမူတွေလည်း ပရိသတ်လက်ထဲ မြန်မြန်ဆန်ဆန်ရောက်လာတယ်။ ပုဂ္ဂလိက ကြေးမုံသတင်းစာတို့၊ လူထုသတင်းစာတို့ ခေတ်ကတည်းက အတူလက်တွဲလာခဲ့တဲ့ သွေးသောက်ကြီး ဦးဝင်းတင်ရဲ့စာအုပ်တွေလည်း ထုတ်ဝေခွင့်ရလို့ တစ်အုပ်ပြီး တစ်အုပ်ပြန်ထွက်လာတာ ဝမ်းသာစရာတွေ့ရတယ်။

တံခါးဖွင့်ထားတယ်

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးဦးအောင်ကြည်နဲ့ တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ ဓာတ်ပုံတွေ ဂျာနယ်တွေမှာ ဖော်ပြခွင့်ရလာတယ်။ ပြီးတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ကြတယ်။ သမ္မတကြီး ဦးသိန်းစိန်က ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်မယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားသူများဖြစ်လို့ ပြည်သူ့ဆန္ဒကို လေးစားမယ်။ ပြည်တွင်းငြိမ်းချမ်းရေးရအောင် အမြန်ဆုံးဆောင်ရွက်မယ်။ ဒီမိုကရေစီလိုလားသူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် နည်းလမ်းတွေရှာကြံမယ်။ မတူတာတွေ အသာထားပြီး တူတာတွေကိုအတူ ပူးပေါင်းလုပ်ဆောင်မယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံနိုင်သေးသူများနဲ့ပါ လက်တွဲဆောင်ရွက်နိုင်အောင် ညှိနှိုင်းဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်ဆိုတဲ့ စကားတွေ ပြောကြားလာခဲ့တယ်။

ပေါ်လစီဆောင်းပါး

အဲဒီအချိန်မှာ ဧရာဝတီမြစ်ဆုံဒေသမှာ တရုတ်ကုမ္ပဏီက ဧရာမရေကာတာကြီးတစ်ခု တည်ဆောက်မယ့်ကိစ္စကို ပြည်သူလူထုတစ်ရပ်လုံးက မလိုလားတဲ့အကြောင်း ပုံစံအမျိုးမျိုးနဲ့ တင်ပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ ဒီအသံတွေကို ချေဖျက်ဖို့ အစိုးရသတင်းစာတွေမှာ ထုံးစံအတိုင်း ‘ပေါ်လစီဆောင်းပါး’ တစ်ပုဒ်ထည့်လိုက်တယ်။ လျှပ်စစ်ဝန်ထမ်းတစ်ဦး အမည်ခံပြီးထည့်တဲ့ဆောင်းပါးမှာ မြစ်ဆုံရေကာတာ ဆောက်လုပ်တဲ့အတွက် အကျိုးအမြတ်တွေ ဘယ်လိုရရှိမယ်ဆိုတဲ့အချက်တွေကို ပေါ်လစီဆောင်းပါးများထုံးစံအတိုင်း ရွှန်းရွှန်းဝေအောင် ရေးသားထားတာ တွေ့ရတယ်။

ဈေးဦးပေါက် ခွင့်ပြု

အဲဒီဆောင်းပါးပါလာတဲ့နေ့မှာ ပဲ Weekly Eleven ရဲ့ စီအီးအိုက အွန်လိုင်းဂျာနယ်မှာ ဒီဆောင်းပါးကို ကန့်ကွက်ကြောင်း၊ အချက်အလက် အခိုင်အမာနဲ့ ပြန်လည်ရေးသားလိုက်တယ်။ ပုံနှိပ်ဂျာနယ်ထဲမှာလည်း အပြည့်အစုံဖော်ပြခဲ့တယ်။ ဒါဟာ နှစ်ငါးဆယ်အတွင်း မြန်မာစာနယ်ဇင်းလောကရဲ့ မှတ်တိုင်တစ်ခုဖြစ်သွားတယ်။ အစိုးရသတင်းစာမှာပါတဲ့ ဆောင်းပါးကို ပြန်လည်ဝေဖန်ချေပတဲ့စာမျိုး ဘယ်တုန်းဘယ်အခါကမှ မရေးဖူးခဲ့ဘူး။ စာပေစိစစ်ရေးကလည်း ဘယ်တော့မှခွင့်မပြုခဲ့ဘူး။ ဒီတစ်ခါ ဈေးဦးပေါက်ခွင့်ပြုတာဖြစ်တယ်။

မကြုံဖူးတဲ့ ပေါင်းစည်းမှု

အဲဒီကန့်ကွက်ဝေဖန်ချက် ပါလာပြီးတဲ့နောက် ဧရာဝတီကယ်တင်ရေးအသံတွေ ပိုညံလာတယ်။ ပြည်သူလူထုကြီးတစ်ရပ်လုံး မကြုံဖူးတဲ့စည်းလုံးမှုမျိုးနဲ့ ညီညွတ်ပေါင်းစည်းသွားတယ်။ တကယ်ကို အံ့သြစရာ ပေါင်းစည်းညီညွတ်မှုကြီး ဖြစ်တယ်။ ထုံးစံအတိုင်း နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေက ပြည်သူလူထုကြီးရဲ့ နောက်ကလိုက်လာကြပြီး လွှတ်တော်ထဲအထိ ဂယက်တွေရောက်သွားတယ်။ နောက်တော့ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးကို သူ့အစိုးရလက်ထက်မှာ ဆက်မလုပ်တော့ဘဲ ရပ်စဲထားမယ်ဆိုတဲ့ သမ္မတကြီးရဲ့ လွှတ်တော်ကို ပေးပို့တဲ့သဝဏ်လွှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။

နတ်လူ သာဓုခေါ်

လုံးဝမျှော်လင့်မထားတဲ့ ကြေညာချက်ဖြစ်တာကြောင့် လူတွေအားလုံး မယုံနိုင်အောင်ဖြစ်သွားကြပြီး နီးစပ်ရာ မိတ်သင်္ဂဟတွေဆီ ဖုန်းဆက်မေးလိုက်ကြတာ အဲဒီနေ့ကတော့ ဖုန်းလိုင်းတွေ အားတယ်လို့ကို ရှိမှာမဟုတ်တော့ဘူး။ အိမ်ကဖုန်းလည်း ဆက်တိုက်မြည်နေတော့တယ်။ တချို့ဖုန်းဆက်ရင်း မျက်ရည်တောင်ကျရှာကြတယ်။ ဝမ်းသာတယ်ဆိုတာထက် ပိုလိမ့်မယ်။ ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဘယ်တုန်းကများ ဖြည့်ဆည်းပေးဖူးတယ်ရှိလို့လဲ။ သမ္မတကြီးကို သာဓုခေါ်ကြတယ်။ နတ်လူ သာဓုခေါ်ကြတယ်လို့တောင် ပြောရလိမ့်မယ် ထင်မိတယ်။

ဆန့်ကျင်ဘက်က ရပ်ခဲ့တာ

သာမန်ပြည်သူတွေဆိုတာထား နှစ်ပေါင်းငါးဆယ်လုံးလုံး တက်လာသမျှအစိုးရတိုင်းကို တစ်ကြိမ်တစ်ခါတောင် အကောင်းမပြောဖူးတဲ့ မိမိကိုယ်တိုင်တောင် မေးလာသမျှ မီဒီယာတိုင်းကို ကြိုဆိုကြောင်း၊ ဝမ်းသာကြောင်း၊ ကျေးဇူးတင်ကြောင်းပြောတဲ့အထိ ဖြစ်သွားတယ်။ တကယ်ပါ။ နှစ်ပေါင်းငါးဆယ်လုံးလုံး ဆန့်ကျင်ဘက်က ရပ်ခဲ့တာပါ။ တော်လှန်ရေးကောင်စီအစိုးရကို မထောက်ခံသလို၊ မြန်မာ့ဆိုရှယ်လစ်အစိုးရကိုလည်း မထောက်ခံဘူး။ ၁၉၈၈ နောက်ပိုင်း အစိုးရတွေကိုလည်း မထောက်ခံဘူး။ အမျိုးသားညီလာခံကို မထောက်ခံသလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း လက်မခံဘူး။ ရွေးကောက်ပွဲကို မထောက်ခံသလို ပေါ်ထွက်လာတဲ့ လွှတ်တော်တို့၊ အစိုးရတို့ကိုလည်း မထောက်ခံဘူး။ နိုင်ငံတော်သမ္မတကြီးနဲ့ တခြားထိပ်ပိုင်းပုဂ္ဂိုလ်တွေက ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်မယ်လို့ အကြိမ်ကြိမ်ပြောနေလည်း မယုံသေးဘူး။ စောင့်ကြည့်ဦးမယ်လို့ပဲ ဆုံးဖြတ်ထားခဲ့တယ်။

မနာယူဘဲ မနေနိုင်

ဒီလိုလူတောင် ဧရာဝတီကိစ္စကျတော့ သတင်းသမားရဲ့ဝိညာဉ် (Conscience)က သတိပေးလာတာကို မနာယူဘဲ မနေနိုင်တော့ဘူး။ သတင်းသမားဆိုတာ ကောင်းတာတွေ့ရင် ကောင်းတယ် ရေးရမယ်။ မှန်တာတွေ့ရင် မှန်တယ် ရေးရမယ်လို့ တစ်သက်လုံး နာယူမှတ်သားခဲ့ရတာ မဟုတ်လား။ ပြည်သူ့မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာမှမကြည့်ရဘူးလို့ ကိုယ်တိုင်အပ်ကြောင်းထပ်အောင် ရေးနေတာပဲ။ ဒီတော့ အပြောနဲ့အဟော ညီရမှာပေါ့။ ပြည်သူတစ်ရပ်လုံး လှိုက်လှိုက်လှဲလှဲကြီး ဝမ်းသာကြိုဆိုနေကြတာကို ဘာကြောင့်မကြိုဆိုဘဲနေရမှာလဲ။ ဝမ်းသာတယ်။ ကြိုဆိုချင်တယ်။ ကျေးဇူးတင်လို့ရေးရင် ပိုပြီးလေးနက်စေချင်လို့ အရင်က မထောက်ခံခဲ့ဘူးဆိုတာတွေပါ ထည့်ရေးလိုက်တယ်။ အံ့သြစရာမှ တကယ့်အံ့သြစရာ။ စာပေစိစစ်ရေးက အဲဒီမထောက်ခံဘူးဆိုတာတွေကို ထည့်ခွင့်ပေးလိုက်တယ်။

ထောက်ခံမဲတစ်မဲ ပေးလိုက်ပြီ

အဲဒါတွေပါတဲ့ ‘ခဏကြီး မဟုတ်ပါဘူး။ ခဏလေးပါ’ ဆိုတဲ့ ဆောင်းပါးမှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို အချိန်နည်းနည်းပေးလိုက်ပါ။ တကယ်ကို ခဏလေးပါလို့ ရေးလိုက်တယ်။ ပြီးတော့ သမ္မတဦးသိန်းစိန် အစိုးရကို ‘စံသုံးခု’ နဲ့ စောင့်ကြည့်အကဲခတ်နေမယ်လို့လည်း ရေးလိုက်တယ်။

၁။ နိုင်ငံရေးအကျဉ်းသားများ လွှတ်၊ မလွှတ်ဆိုတဲ့ စံ။
၂။ ပြည်တွင်းစစ်ရပ်စဲရေး အမြန် လုပ်၊ မလုပ်ဆိုတဲ့ စံ။
၃။ မြစ်ဆုံရေကာတာဆောက်လုပ်ရေး ရပ်၊ မရပ်ဆိုတဲ့ စံ။

အဲဒီသုံးချက်ထဲက မြစ်ဆုံရေကာတာကိစ္စ အဖြေပေါ်သွားပြီ။ အစိုးရက ပြည်သူ့ဆန္ဒကို အမှန်လေးစားလိုက်နာကြောင်း ပြလိုက်ပြီ။ ထောက်ခံမဲတစ်မဲပေးလိုက်ပြီ။

လွတ်ငြိမ်းချမ်းသာခွင့်

သီတင်းကျွတ်လဆန်း ၁၄ ရက် (အဖိတ်နေ့) မွန်းလွဲပိုင်းလောက်မှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထွက်လာတယ်။ အမျှော်ကြီးမျှော်ရင်း နှစ်ပေါင်းများစွာ ‘မျှော်မျှော်သူ မောရရှာတယ်’ ဖြစ်နေကြရတဲ့ မိဘဆွေမျိုးတွေ ဧရာဝတီတုန်းကလိုပဲ ဝမ်းသာရွှင်မြူးသွားကြတယ်။ ဧရာဝတီကိစ္စမှာ ပြည်သူတစ်ရပ်လုံး စိတ်ချမ်းသာအောင် ဆောင်ရွက်ခဲ့တဲ့သမ္မတကြီးကို အပြည့်အဝယုံကြည်ပြီး အရင်အကြိမ်တွေလိုတော့ဖြစ်မှာ မဟုတ်ပါဘူးလို့ သေချာပေါက် တွက်ဆထားကြတယ်။ တစ်ညလုံး အိပ်မပျော်နိုင်ကြဘဲ မိုးလင်းအောင်မနည်းကြီး သည်းခံစောင့်ဆိုင်းနေကြရတယ်။ တချို့က မအောင့်နိုင်တော့ဘဲ မိုးမလင်းခင်က ထောင်ဗူးဝက သွားစောင့်ကြတယ်။

ရောင်နီလာပြီ။ ပြီးတော့ မိုးစင်စင်လင်းပြီ။ ထောင်တံခါးကြီး ပွင့်ပြီ။ အချိန်တန်တော့ သူတို့ပြန်လာကြပြီ။ ဒါပေမယ့် သူတို့ထဲမှာ သူတို့ပါမလာဘူး။ အရင်အကြိမ်တွေလိုပဲ မျှော်မျှော်သူ မောရရှာတယ် ဖြစ်ရပြန်ပြီ။ ဘာကြောင့်လဲ။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ဆိုတာ ခေါင်းဆောင်နှစ်ယောက်တည်းအားနဲ့ မရနိုင်ဘူး။ ပါတီအဖွဲ့အစည်း နှစ်ခုတည်းလည်း မဆောင်ရွက်နိုင်ဘူး။ ပြည်သူလူထုအများစုကြီးရဲ့ပေါင်းစည်းအင်အားနဲ့ ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုတယ်။ အထူးသဖြင့် နှစ်ပေါင်းခြောက်ဆယ်ကျော် ပြည်တွင်းစစ်တိုက်ခိုက်နေရတဲ့ တိုင်းပြည်တစ်ပြည်အဖို့၊ တိုင်းရင်းသားအားလုံးနဲ့ လက်တွဲနိုင်ဖို့ အင်မတန် အရေးကြီးတယ်။ မဖြစ်မနေကို ရအောင်လုပ်ဖို့ လိုတယ်။

ရွှေပြည်တော် ဂိတ်တံခါး

အထဲမှာကျန်ရှိနေရစ်တဲ့ ၈၈ မျိုးဆက်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အရေးကြီးဆုံး သော့တစ်ချောင်းကိုယ်စီ ကိုင်ဆောင်ထားသူတွေ ဖြစ်တယ်။ ရွှေပြည်တော် ဂိတ်တံခါးက သော့လေးချက် ခတ်ထားတယ်။ တစ်ချောင်းက ဒေါ်အောင်ဆန်းစုကြည်ဆီမှာရှိပြီး၊ နောက်တစ်ချောင်းက သမ္မတဦးသိန်းစိန်ကို ရှေ့တန်းတင်ထားတဲ့ တပ်မတော် လက်ထဲမှာရှိတယ်။ ဒီနေ့ တပ်မတော်ခေါင်းဆောင်အားလုံးလိုလိုဟာ လူငယ်တွေဖြစ်တယ်။ အထဲမှာရှိနေတဲ့ ၈၈ မျိုးဆက်တွေနဲ့ အရွယ်ချင်း မတိမ်းမယိမ်းတွေလို့ ဆိုနိုင်တယ်။

မော်ကွန်းတင်နိုင်တဲ့အချိန်

သူတို့ရွယ်တူတန်းတူ လူငယ်တွေချင်း အတွေးအခေါ်တွေ သိပ်ခြားနားကြမှာ မဟုတ်ပါဘူး။ အရှေ့တောင်အာရှဒေသမှာ အချမ်းသာဆုံးဖြစ်တဲ့ မြန်မာနိုင်ငံကို ဆင်းရဲတွင်းကြီးထဲကဆွဲထုတ်ပြီး ထိုက်တန်တဲ့နေရာကို အမြန်ဆုံးပြန်လည်ရရှိအောင် လုပ်ဆောင်ချင်စိတ်တွေ လူငယ်တိုင်းမှာရှိပါတယ်။ စစ်မြေပြင်မှာ လုံခြုံရေးဦးစားပေး လုပ်ဆောင်ရတာ သဘာဝကျတယ်။ ဒါပေမယ့် နိုင်ငံရေးကိစ္စမှာတော့ နိုင်ငံရေးကိုသာ ဦးစားပေး စဉ်းစားရပါတယ်။ ဒီအချိန်ဟာ သမိုင်းမှာ အလှည့်အပြောင်းကြီးတစ်ခုအဖြစ် မော်ကွန်းတင်နိုင်တဲ့ အချိန်ဖြစ်တယ်။ တပ်မတော်နဲ့ပြည်သူ ကြည်ဖြူလက်တွဲမှု ဖြစ်ပေါ်လာနိုင်တဲ့ အချိန်ဖြစ်တယ်။ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး။ အမိအရ၊ ရအောင်ယူကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။  



No comments: