Friday, September 23, 2011

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၃၈)

ပြည်ပရောက် ဘွဲ့ရ ပညာတတ်လူငယ်တွေ အခုအချိန် မြန်မာပြည်အတွက် ဘာတွေ လုပ်ပေးနိုင်မလဲမေးခွန်း အပါအဝင် မေးခွန်း ၅ ခု ဖြေကြားထားပါတယ်။ 

အခု သတင်းပတ်မှာတော့ ကျေးရွာအဆင့် ပညာရေးတိုးတက်မှုတွေအတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ မေးမြန်းချက်၊ မြန်မာ့တောင်သူလယ်သမားတွေရဲ့ဘဝ ဆွေးနွေးချက်၊ တမျိုးသားလုံး လူတိုင်းလူတိုင်း တိုင်းပြည်အတွက် ဘာလုပ်နိုင်မလဲဆိုပြီး အပတ်စဉ်ပုံမှန်လိုလို လမ်းညွှန်ပြပေးဖို့ဆိုတဲ့ ဆွေးနွေးချက်နဲ့ ပြည်ပရောက် မြန်မာဘွဲ့ရ ပညာတတ်တွေ အခုအချိန်မှာ ဘာတွေလုပ်ကြနိုင်မလဲ မေးမြန်းချက်တွေကို ဗွီအိုအေ သောတရှင်တွေက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းထားကြပါတယ်။

တောင်ဥက္ကလာပမြို့က အရပ်ဖက်ဝန်ထမ်းပင်စင်စား ဆိုတဲ့ သောတရှင်တဦးကတော့ တောင်သူလယ်သမားတွေ နင်းပြားဘဝရောက်နေကြရပါတယ်ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားလာပါတယ်။

မေး။ ကျနော်တို့အထက်တန်းကျောင်းသားဘဝကတည်းက သိရှိမှတ်သားလာခဲ့တဲ့ အချက်နှစ်ချက် ရှိပါတယ်။ ပထမက တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာပြီး ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူလူထုသာ နိုင်ငံ၏ ကျေးဇူးရှင်များဖြစ်ကြသည် တဲ့။ ဒုတိယကတော့ ကျွဲနွားနှင့်ဖက်၍ ထွန်ယက်စိုက်ပျိုးကြသော တောင်သူလယ်သမားများ၏ ဆန်မှရသောထမင်းမှာ ကျနော်တို့၏လယ်ချောင်းအတွင်း အတောင့်လိုက်ရှိနေသည်။ ကော်ထုတ်လိုက်လျှင် အတောင့်လိုက် ထွက်လာမည်။ တောင်သူလယ်သမားများမှာ ကျေးဇူးရှင်များဖြစ်ကြသည် ဆိုတာပါပဲ။

အခု မျက်မှောက်ကာလမှာတော့ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” စစ်ခေါင်းဆောင်များမှာ ကျေးဇူးရှင်များ ဖြစ်ပြီး၊ တောင်သူလယ်သမားအများစုမှာလည်း ငွေကြေးရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် အာဏာရှိသူများ၏ နင်းပြားဘဝ ရောက်နေကြပါသည်။ ကျွန်တော်တို့နိုင်ငံတွင်း ဖြစ်ပျက်နေသမျှမှာ ဤအရိုးရှင်းဆုံး နှစ်ချက်ကို အမှန်ဖြစ်စေရေးအတွက် ဝန်ကြီး ဦးအောင်ကြည်နှင့် ထပ်မံတွေ့ဆုံသည့်အခါ ထည့်သွင်းဆွေးနွေးပေးစေလိုပါသည် ခင်ဗျား။

ဖြေ။ တောင်သူလယ်သမားတွေကို ဆန်စားတဲ့ ပြည်သူပြည်သားအားလုံးက ကျေးဇူးရှင်တွေလို့ သဘောထားရမှာ သဘာဝကျပါတယ်။ တပ်မတော်သားတွေဆိုတာကလည်း ပြည်သူတွေနဲ့ မကွာခြား တသွေးတည်း တသားတည်း စိတ်ဓာတ်ရှိဖို့ အရေးကြီးတယ်ဆိုတာလည်း အမှန်ပါပဲ။ ဒီလို အမြင်တွေကို သိသင့်သူတွေ သိနိုင်ဖို့ကို ကျမ တယောက်တည်းတင်မက အားလုံးက အချိန်အခါ အခွင့်အရေးသင့်တော်တိုင်းမှာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကျမကလည်း ကြိုးစားမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ထံကို ပထမဆုံး စာရေးသားတာပါဆိုတဲ့ မိုးမင်းကောင်းဆိုတဲ့ သောတရှင်ကတော့ လူတိုင်းလူတိုင်း တိုင်းပြည်အတွက် ဘာလုပ်သင့်သလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်ဖက်က ရိုးရိုးရှင်းရှင်း လမ်းညွှန်ပြသဖို့ ဆိုပြီး တောင်းဆိုရေးသားလာပါတယ်။

မေး။ လက်ရှိအချိန်အထိ ဇွဲရှိရှိ ကြိုးစားနေတဲ အန်တီစုကို လေးစားကြည်ညိုစွာ အလေးပြုလိုက်ပါတယ်။ တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးကို ကြည့်သွားကြသူတွေကြောင့် ကျွန်တော်တို့ တမျိုးသားလုံး အောက်ကျ နောက်ကျ ဖြစ်နေရတာတွေကို အန်တီစု ကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

တမျိုးသားလုံးကို စုစည်းဦးဆောင်နိုင်မယ့် ခေါင်းဆောင်ကောင်းအဖြစ် အန်တီစု မားမားမတ်မတ် ရပ်တည်ပေးပါ။ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရမှန်း ကောင်းစွာသဘောပေါက်ပါတယ်။ ဖြစ်ပေါ်တိုးတက်လာနေတဲ့ အခြေအနေတွေအပေါ်မှာ တခုလောက် အကြံပြုချင်ပါတယ်။

ကျွန်တော်တို့ တမျိုးသားလုံးအတွက် လူတိုင်းလူတိုင်း လက်တွေ့ကျကျ ဘာလုပ်သင့်တယ်ဆိုတာကို မီဒီယာတခုခုကနေ ရိုးရိုးရှင်းရှင်း လမ်းညွန်ပြသမှု (ဖြစ်နိုင်ရင်) အပတ်စဉ် သီးသန့် ထုတ်ပြန်ပေးစေလိုပါတယ်။ စားဝတ်နေရေးအတွက် နေ့စဉ် ရုန်းကန်နေကြရတဲ့ ပြည်သူတရပ်လုံး သိနိုင် မြင်နိုင်စေဖို့ပါ။ ပြည်သူတရပ်လုံး သဘောပေါက် လိုလားတောင်းဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တာကို ရကို ရရမယ်ဆိုတာ အန်တီစု ရှင်းပြပေးပါ။ အခြေအေနေပေးလာပြီလို့ မြင်မိလို့ပါ။

ဖြေ။ အန်တီကို အားပေးစကားပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘယ်လောက် ခက်ခဲတဲ့အလုပ်လုပ်နေရပါစေ နားလည်မှုနဲ့ ထောက်ခံသူတွေ ရှိတယ်ဆိုတဲ့အသိက အားဖြစ်စေပါတယ်။ ပြည်သူတွေကို ရှင်းပြစရာရှိတာ ရှင်းပြပြီး ဝိုင်းဝန်းကူညီပေးဖို့ တောင်းခံဖို့လိုတဲ့အခါမှာ သား အကြံပြုသလိုပဲ၊ သင့်တော်တဲ့နည်းတွေနဲ့ အသိပေးမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အဓိက ပြဿနာဟာ စားဝတ်နေရေးဖြစ်တယ်ဆိုတာ သိနေပေမယ့် ဒီပြဿနာနောက်က အကြောင်းရင်းတွေကို သိနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှလည်း အားလုံးက ဘယ်လိုပုံစံနဲ့ ဝိုင်းဝန်းအဖြေရှာရမယ် ဆိုတာကို စဉ်းစားနိုင်မှာဖြစ်ပါတယ်။ ဒီကိစ္စတွေကို ကြေညာချက်တွေနဲ့ပဲ ဖြစ်ဖြစ် ဆောင်းပါးတွေနဲ့ပဲဖြစ်ဖြစ် ဆွေးနွေးဖို့ စဉ်းစားထားပါတယ်။

ကိုထွန်း KTY ဆိုတဲ့ သောတရှင်တဦးကတော့ သူတို့ရွာရဲ့ ပညာရေးကိစ္စကိုပြောလာပါတယ်။ သူတို့ရွာနာမည်ကိုတော့ ပြောမထားပါဘူး။

မေး။ အမေစုအနေနဲ့ ကျနော်တို့ ရွာတွေက ပညာရေးအခြေအနေတွေနဲ့ပတ်သက်လို့လည်း တခုခု ဘာလုပ်ပေးနိုင်မလဲ ဆိုတာ ကျနော် မေးလိုပါတယ်။

ဖြေ။ သားတို့ရွာက ဘယ်မှာရှိပြီး ဘာတွေ လိုအပ်နေလဲဆိုတာ အသိပေးနိုင်ရင် အမေတို့ တတ်နိုင်သမျှ ကြိုးစားကူညီပါ့မယ်။ တနိုင်ငံလုံးမှာ ပညာရေးဘက်က လိုအပ်ချက်တွေကို အခုအချိန် အမေတို့ဖြည့်ဆည်းပေးနိုင်မယ့် အခြေအနေမရှိသေးပေမယ့် သတ်သတ်မှတ်မှတ်အကူအညီတောင်းလာတယ်ဆိုတဲ့အခါ အတတ်နိုင်ဆုံး အကူအညီ ပေးပါတယ်။

ထိုင်းတက္ကသိုလ်တခုမှာ တက်နေတဲ့ မြန်မာကျောင်းသားတဦးကတော့ သူတို့တွေ တိုင်းပြည်အတွက် အခုအချိန်မှာ ဘယ်လို ပါဝင်ကူညီသင့်သလဲ ပူးပေါင်းသင့်သလဲဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ထံကို မေးမြန်းထားပါတယ်။

မေး။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား အခု အစိုးရသစ်က အနည်းငယ်အပြောင်းအလဲလုပ်လာတာကို အကောင်းမြင်ပါသလား။ အဲဒါဟာ အခွင့်အရေးကောင်းတခုဆိုရင် ပြည်ပမှာရောက်ရှိနေတဲ့ အတတ်ပညာရှင် အသိပညာရှင်တွေအနေနဲ့ ဒါကို အခွင့်အရေးယူပြီး တိုင်းပြည်တိုးတက်ပြောင်းလဲဖို့အတွက် ဘယ်လို ကူညီပါဝင်ဆောင်ရွက်သင့်တယ်လို့ အကြံပေးချင်ပါသလဲ။

ဖြေ။ အခုအခြေအနေဟာ အကောင်းဘက်ကိုရောက်စေမယ့် လမ်းစပေါ်ပြီလို့ ပြောနိုင်ပါတယ်။ အစပဲ ဆိုတော့ ဘယ်လောက် ခရီးရောက်မလဲဆိုတာတော့ ပြောလို့မရသေးပါဘူး။ တိုင်းပြည်ကို ကူညီချင်တယ်ဆိုရင် လက်ရှိ လူမှုရေး စီးပွားရေး နိုင်ငံရေး အခြေအနေတွေကို လေ့လာပြီး ဘယ်ဘက်က ဝင်ရောက် ဖြည့်ဆည်းပေးနိုင်မလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ နိုင်ငံနဲ့ ပြည်သူအနေအထား လက်ရှိ အရည်အချင်းတွေနဲ့ ဆီလျော်အောင် ကူညီမှ ထိရောက်မှာပါ။ စေတနာ ဘယ်လောက်ပဲရှိရှိ မှန်ကန်တဲ့နည်းလမ်းတွေ မသုံးနိုင်ရင် ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။ ကျောင်းသူဘဝတုန်းက ခရစ်ယာန်သီလရှင် ဆရာမကြီးတပါးက ပြောပြဖူးပါတယ်။ John ကို လက်တင်ဘာသာ တတ်အောင် သင်ပေးချင်ရင် လက်တင်ဘာသာအကြောင်း ကောင်းကောင်းသိတာထက် John အကြောင်း ကောင်းကောင်းသိဖို့က လိုတယ်တဲ့။ ဒါကြောင့် ကူညီနိုင်မယ့် အခြေအနေရောက်လာတဲ့အခါ တကယ်ပဲ ကူညီဖြစ်ဖို့ ကိုယ်ကူညီမယ့်လူတွေရဲ့အကြောင်းနဲ့ သူတို့ရဲ့လိုအပ်ချက်တွေကို သေသေချာချာသိဖို့ ကြိုးစားပါ။ တခု ဖြည့်ပြီး ပြောချင်တာကတော့ ကိုယ် ကူညီချင်တဲ့လူတွေကို လေးစားဖို့က အင်မတန် အရေးကြီးပါတယ်။

နောက်ဆုံးမေးခွန်းတခုကလည်း အလားတူပါပဲ စင်ကာပူရောက် သူငယ်ချင်းတစုဆိုပြီး ရေးသားလာတာပါ။ ဘွဲ့ရပညာတတ်လူငယ်တွေပြန်ပြီး နိုင်ငံမှာ အခြေချနိုင်ဖို့အတွက် အချိန်အခါရောက်ပြီလားဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ထံ မေးမြန်းထားပါတယ်။

မေး။ ကျွန်တော် တခုလောက် မေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံက ဘွဲ့ရလူငယ်အတော်များများဟာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ရှားပါးမှုဒဏ်ကြောင့် စင်ကာပူ၊ မလေးရှား စတဲ့ နိုင်ငံပြည်ပမှာ အလုပ်လာလုပ်ကြရပါတယ်။ ကျွန်တော် မေးချင်တာက ကျွန်တော်တို့ ပြည်ပမှာ ငွေကြေးနှင့်ပညာများ အတော်အသင့် စုဆောင်းလို့ရပေမယ့် ကျွန်တော်တို့ ပြန်လည်အခြေချချင်သည်မှာ ကျွန်တော်တို့ အမိနိုင်ငံသာဖြစ်ပါတယ်။ သို့သော် မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု မရှိခြင်းဟာ ကျွန်တော်တို့ စီးပွားရေးအခြေချဖို့ အရမ်းကို အခက်အခဲဖြစ်လှပါတယ်။ လာဘ်ပေးလာဘ်ယူမှုများကိုလည်း ကျွန်တော်တို့ တကယ့်ကို မနှစ်မြို့ပါဘူး။ ကျွန်တော်တို့ ပြန်လည်အခြေချနိုင်ဖို့ ဘယ်အရာတွေ လိုအပ်နေပါသေးလဲ ခင်ဗျား။ အခုအချိန်ဟာ ကျွန်တော်တို့ လူငယ်တတွေ ပြန်တော်ပြန်ဖို့ အချိန်ရောက်ပါပြီလားဆိုတာလဲ သိချင်ပါတယ်။

ဖြေ။ တရားဥပဒေစိုးမိုးရေးဟာ စီးပွားရေးဖွံဖြိုးမှုအတွက် အဓိကကျတယ်ဆိုတာ ထောက်ပြလိုက်လို့ အန်တီ အင်မတန်မှ သဘောကျပါတယ်။ ပြည်သူတွေရဲ့ ဘဝလုံခြုံမှုအတွက်လည်း အဓိက ကျပါတယ်။ ဒီတိုင်းပြည်ကို ဘယ်တော့ ပြန်လာမလဲဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။ တရားဥပဒေ စိုးမိုးမှု ရှိမရှိ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေအတွက် လိုအပ်တဲ့လမ်းတွေ ပွင့်လာပြီလား၊ မပွင့်လာပြီလား ဆိုတာတွေကြည့်ပြီး သုံးသပ်ရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ရမယ် ထင်ပါတယ်။ နိုင်ငံက ပညာတတ် အလုပ်ကျွမ်းကျင်သူတွေ လိုနေတာကတော့ အမှန်ပါပဲ။ ဒီလိုပုဂ္ဂိုလ်တွေ တကယ့်ကို တိုင်းပြည်ကို အကျိုးပြုနိုင်မယ့် နည်းလမ်းတွေ ရှာနိုင်ဖို့က အရေးကြီးပါတယ်။

အခု နားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေ သောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေ သောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။


 

No comments: