Wednesday, September 7, 2011

တိုင်းပြည်ချစ်သူတွေ စဉ်းစားဖို့ (ထိန်လင်း)

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အမေရိကန်ပြည်ထောင်စုက အခမ်းအနားလေးတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီအခမ်းအနားက ပြည်ပရောက် ချင်းတိုင်းရင်းသားတွေတချို့ရဲ့ အခမ်းအနားဖြစ်ပါတယ်။ သာမန်ကျင်းပတဲ့ ပွဲကလေး ဖြစ်ပေမယ့် အခမ်းအနားအတွင်းမှာ ပြောကြဆိုကြတာတွေကို နားထောင်ပြီးတဲ့နောက် စဉ်းစားစရာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

အဲဒါကတော့ ပြည်ပရောက် မြန်မာတွေအကြားမှာရှိနေတဲ့ ကွဲပြားတဲ့အမြင်တွေပဲဖြစ်ပါတယ်။

အရင်ဆုံး သတိထားလိုက်မိတာကတော့ အခမ်းအနားကျင်းပတဲ့ တာဝန်ရှိသူတစ်ယောက်ရဲ့ ပြောစကားပါ။ သူက ချင်းတိုင်းရင်းသားတွေအနေနဲ့ ဘယ်နေရာရောက်ရောက်၊ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် တတ်စွမ်းသမျှ လုပ်ကိုင်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီလိုနဲ့ အခမ်းအနားကို သူ့အစီအစဉ်အတိုင်း ကျင်းပကြတာပေါ့။ ဒါပေမယ့်လည်း အဲဒီ အခမ်းအနားက ဆွေးနွေးပွဲပုံသဏ္ဌာန်ဖြစ်သွားတဲ့အခါ တစ်ယောက်က သူ့ရဲ့အမြင်သဘောထားကို ပြောလိုက်ပါတယ်။ သူကတော့ ဘာသာရေးက နံပါတ်တစ်၊ အမေရိကန်နိုင်ငံသား ခံယူထားတဲ့အတွက် အမေရိကန်လူမျိုးအဖြစ်က နံပါတ် ၂၊ မြန်မာလူမျိုးဆိုတာကတော့ နံပါတ် ၃ ဖြစ်ပြီး ချင်းတိုင်းရင်းသားဆိုတာက နံပါတ် ၄ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်တစ်ယောက်ကတော့ သူတို့ဟာ အမေရိကန်လူမျိုးအဖြစ်လည်း ခံယူထားပြီးပြီ၊ အမေရိကန် ပြည်ထောင်စုထဲမှာပဲ နေထိုင်ကြတဲ့အတွက် ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသလို အမေရိကန်ပြည်ထောင်စုအတွက် သိတတ်ဖို့၊ တာဝန်ကျေဖို့ ပြောဆိုသွားပါတယ်။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေ မတူတာကို တွေ့ရပါလိမ့်မယ်။ အဲဒီနောက်မှာ တစ်ယောက်က ထပ်ပြောပြန်ပါတယ်။ သူကတော့ သူတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်လာပေမယ့် ကိုယ့်တိုင်းရင်းသား၊ ကိုယ့်ဘာသာစကားကို တတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်တဲ့အကြောင်း၊ သူ့ရဲ့ သားသမီးတွေကို ရိုးရာစကားတွေ သင်ကြားပေးထားတဲ့အတွက် ကောင်းကောင်း ပြောတတ်ဆိုတတ်တဲ့အကြောင်း၊ ဒါဟာ သူ့ရဲ့မျိုးဆက်ကနေ ဒုတိယမျိုးဆက်ဖြစ်တဲ့ သားသမီးတွေအထိ ထိန်းသိမ်းခဲ့တာဖြစ်တဲ့အကြောင်း၊ ဒါပေမယ့်လည်း တတိယမျိုးဆက်အထိ ဘယ်လောက် ထိန်းသိမ်းနိုင်မလဲ ဆိုတာကိုတော့ စိုးရိမ်မိကြောင်း ပြောဆိုခဲ့ပါတယ်။
ဒီစကားရပ်တွေကို ကြားလိုက်ရတဲ့အခါ ကျနော်တို့တိုင်းပြည်က တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ အတွေးတစ်ခု ဝင်ရောက်သွားပါတယ်။ အထူးသဖြင့် မြန်မာပြည်ကနေ ပြည်ပနိုင်ငံတွေဆီ ထွက်ခွာလာကြပြီး ကိုယ့်မြေကိုယ့်ရေကို ပြန်လည် မရောက်ရှိနိုင်ကြတဲ့သူတွေနဲ့ပတ်သက်ပြီး စဉ်းစားစရာအချက်တစ်ခုအဖြစ် တွေးမိသွားပါတယ်။ ကျနော်တို့တိုင်းပြည်မှာက မျိုးချစ်စိတ်တွေ၊ တိုင်းပြည်ချစ်စိတ်တွေ ထွန်းကားဖို့ အမြဲတမ်း တိုက်တွန်းနှိုးဆော်နေကြတာမို့ ဒီလိုကိစ္စရပ်မျိုးတွေက အလေးအနက် စဉ်းစားသင့်တယ်လို့ ထင်မိပါတယ်။ ပြီးတော့ မျိုးချစ်စိတ်ထွန်းကားရေး လုပ်နေတဲ့သူတွေလည်း ဆင်ခြင်သင့်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

အားလုံး မှတ်မိကြမှာပါ။ အင်္ဂလိပ် ကိုလိုနီအစိုးရလက်ထက်တုန်းက ဝံသာနုစိတ်၊ မျိုးချစ်စိတ်ဓာတ်တွေ ကိန်းအောင်းဖို့ ‘ဗမာပြည်သည် တို့ပြည်၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာကို မြတ်နိုးပါ၊ တို့စကားကို လေးစားပါ’ ဆိုတဲ့ ဆောင်ပုဒ်ရေးသားပြီး နှိုးဆော်ခဲ့ကြပါတယ်။ ဒါက ဗမာလူမျိုးတစ်မျိုးတည်း မဟုတ်ဘဲ တစ်နိုင်ငံလုံးက တိုင်းရင်းသားအားလုံးကို ကိုယ်စားပြု ပြောဆိုတာဖြစ်ပါတယ်။ တိုင်းပြည်လွတ်လပ်ရေး မရခင်ကာလတလျှောက် တိုင်းပြည်ကို ချစ်ဖို့ လှုံ့ဆော်ခဲ့ကြတာ ဖြစ်ပေမယ့် တိုင်းတပါးကို ရွံရှာဖို့ မုန်းတီးဖို့ လှုံ့ဆော်တယ်လို့ သဘောပေါက်သူတွေကလည်း ရှိနေတာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကျနော်တို့တိုင်းပြည် လွတ်လပ်ရေးရခဲ့တာပါပဲ။ ဒါပေမယ့် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာပြည်ကနေ ပြည်ပကို ထွက်ခွာလာကြတဲ့သူတွေက တဖြည်းဖြည်း များပြားလာသလို၊ ပြည်ပနိုင်ငံတွေမှာပဲ တသက်လုံး နေထိုင်သွားကြတဲ့သူတွေလည်း အများကြီး ရှိလာပါတယ်။ ပြည်ပကို ထွက်ခွာလာပုံတွေကတော့ အမျိုးမျိုးပါ။ တချို့က ပညာသင်ဖို့ ရောက်လာတယ်၊ တချို့က စီးပွားရှာဖို့ ရောက်လာတယ်၊ တချို့ကတော့ တနည်းနည်းနဲ့ရောက်လာပြီး ခိုလှုံခွင့်လျှောက် နေထိုင်ခဲ့ကြပါတယ်။ တချို့ကတော့ နိုင်ငံရေးဒုက္ခသည်တွေအဖြစ်နဲ့ ရောက်လာကြပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံသားတွေ ဖြစ်ကုန်ကြပါတယ်။ ခက်တာက ကျနော်တို့ တိုင်းပြည်ရဲ့ ဥပဒေသတ်မှတ်ချက်အရ တခြားနိုင်ငံတစ်ခုရဲ့ နိုင်ငံသားအဖြစ် ခံယူလိုက်တဲ့သူတွေက မြန်မာနိုင်ငံသားအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်သွားတယ်ဆိုတော့ မြန်မာနိုင်ငံသားမဟုတ်တော့တဲ့ မြန်မာတွေ ပြည်ပနိုင်ငံတွေမှာ များသထက် များလာနေပါပြီ။

ဒီလို တခြားနိုင်ငံသား ဖြစ်ကုန်တဲ့သူတွေထဲမှာလည်း ကိုယ့်တိုင်းပြည်ကို ပြန်ပြီး တတ်နိုင်သလောက် ကူညီလုပ်ကိုင်ပေးနေတဲ့သူတွေ ရှိသလို၊ မြန်မာပြည်ကို တစ်ခေါက်တစ်ကျင်း မပြန်ဖြစ်တော့တဲ့သူတွေလည်း အများကြီး ရှိနေပါတယ်။ ဒီအထဲမှာမှ မြန်မာစကား မပြောတတ်တော့တဲ့သူတွေ၊ မြန်မာလို ပြောရမှာကို ရှက်နေတဲ့သူတွေ၊ မြန်မာပြည်က လာခဲ့တာပါလို့ ပြောရမှာ ရှက်တဲ့သူတွေကလည်း အများကြီးပါပဲ။ ဒါတွေက တိုင်းပြည်ရဲ့ အနာဂတ်အတွက် အင်အားလျော့ပါးစေမယ့် ကိစ္စတွေလားလို့ တွေးမိပါတယ်။ အထူးသဖြင့် မြန်မာပြည်ကို ပြန်ချင်ပါလျက်၊ မြန်မာပြည်အတွက် တတ်နိုင်သလောက် လုပ်ပေးချင်ပါလျက် မြန်မာပြည်သားပါလို့ ခံယူခွင့်မရတဲ့သူတွေ၊ ပြန်ခွင့်မရတဲ့သူတွေနဲ့ပတ်သက်လို့ စဉ်းစားကြရမှာဖြစ်သလို တိုင်းပြည်က မထွက်ခွာချင်ဘဲ ထွက်ခွာနေရသူတွေအတွက် ထည့်သွင်းစဉ်းစားကြရမယ်လို့ ထင်ပါတယ်။ တကယ်တမ်းကျတော့ တိုင်းပြည်ချစ်တဲ့သူတွေအားလုံး သက်ဆိုင်ရာ တိုင်းပြည်ထဲမှာပဲ နေခွင့်ရမယ်ဆိုရင် မကောင်းပေဘူးလား။ ။

၂ဝ၊ ၂၊ ၂ဝဝ၅

(အာရ်အက်ဖ်အေမှာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ဆောင်းပါးပါ။)


 

No comments: