Tuesday, July 19, 2011

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, 20 ဇူလိုင် 2011

ဒီသီတင်းပတ်မှာ မြန်မာလူငယ်တွေ ပညာဗဟုသုတ လေ့လာသင်ကြားရေး၊ မြန်မာ-ဗမာ အသုံးအနှုန်းနဲ့ ဆိုင်တဲ့ မေးခွန်း၊ ကုလသမဂ္ဂ ပြုပြင် ပြောင်းလဲရေးအပေါ် သဘောထား၊ ဒီမိုကရေစီရဲ့ကောင်းကျိုးနဲ့ အမှန် တရားဆိုင်ရာ မေးခွန်း၊ နိုင်ငံရေးခေါင်းဆောင်မျိုးဆက် ပြတ်မသွားရေး အကြံပေးချက်၊ နိုင်ငံရေးအကျဉ်း သားတွေလွတ်မြောက်ရေး ဘာတွေ ဆက်လုပ်ကြမလဲဆိုတာတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က သဘောထားပေး ဖြေကြားထားပါတယ်။


လူငယ်တဦးဖြစ်ပုံရတဲ့ မောင်ဖိုးသားက လူငယ်တွေ ပညာ ဗဟုသုတကို ကြိုးစား လေ့လာစေချင်တဲ့ဆန္ဒ၊ လမ်းလွဲ အချိန်ကုန်နေတာတွေအပေါ် စိုးရိမ်စိတ်ကို ထင်ဟပ်နေတဲ့မေးခွန်း မေးထားပါတယ်။

မေး။ ။ ကျွန်တော်က ပြည်ပမှာ ဖွံ့ဖြိုးမှုဘာသာရပ်ကို သင်ယူနေသူဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ မြန်မာ နိုင်ငံကလူငယ်တွေကို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရာ တိုးတက်စေကြောင်း တတ်နိုင်သမျှ အွန်လိုင်းကတဆင့် ပြောဆိုဆွေးနွေးပါတယ်။ Facebook မှာ၊ မြန်မာဘလော့တွေမှာ ရေးသားဆွေးနွေးပါတယ်။

ကျွန်တော့်ဆွေးနွေးချက်တွေဟာ ဆူပူအုံကြွဖို့မဟုတ်ဘဲ လူငယ်တွေ ပညာကြိုးစားကြဖို့နဲ့ တတ်နိုင်သမျှ ဖွံ့ဖြိုး တိုးတက်ရေးမှာ လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ လူငယ်အများစုဟာ အဲဒီလို ကောင်းမွန်တဲ့ကိစ္စတွေမှာ စိတ်မဝင်စားပေမဲ့ အပျော်အပါး သောက်စား မူးယစ်ဖို့ ကိစ္စတွေမှာတော့ အလွန်တက်ကြွစွာ ပါဝင် ဆင်နွှဲကြ တာကို ဝမ်းနည်းဖွယ်တွေ့နေရပါတယ်။ မည်မျှခက်ခဲပါစေ ကျွန်တော်တို့ တတ်နိုင်သမျှ ဆက်လက်ကြိုးပမ်း သွားပါမယ်လို့လည်း ကတိပြုအပ်ပါတယ်။ အဲဒီလိုမဖြစ်အောင် ကျွန်တော်တို့ ဘယ်လို ဆက်လက် ကြိုးပမ်း သင့်ပါသလဲ။

ဖြေ။ ။ မောင်ဖိုးသားက ကိုယ့်မေးခွန်းကို ကိုယ်တိုင်ပဲ အဖြေရှာတွေ့သွားပြီလို့ အန်တီ ထင်မိပါတယ်။ အားမလျှော့ဘဲ ဆက်လက်ပြီးတော့ ဇွဲ ၀ီရိယနဲ့ ကြိုးစားသွားမယ်ဆိုတာ အဓိက အဖြေပါပဲ။ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ကြိုးစားမယ်ဆိုတာကတော့ တကယ့် ဆန္ဒ ၀ီရိယနဲ့ အချိန်မလပ် စဉ်းစား ဆင်ခြင်ပြီးတော့ အဖြေရှာရမှာဖြစ်ပါတယ်။ အန်တီတို့လည်း ဒီလိုပဲ အချိန်ပြည့် လုပ်နေကြရတာပါ။ စိတ်ဓာတ်မကျပါနဲ့။ အရေးကြီးတာတခုကတော့ အများရဲ့အမြင်ကို သတိပြုပြီး တဖြည်းတဖြည်း ဖွံ့ဖြိုးရေး၊ နိုင်ငံရေး သဘော တရားတွေကို စိတ်ဝင်စား လက်ခံလာမယ့်နည်းတွေကို ရှာဖို့ဖြစ်ပါတယ်။

မြန်မာ-ဗမာ အသုံးအနှုန်းအပေါ် သူနားလည်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ပြန် ရည်ညွှန်းပြီး သူ့ရဲ့သဘောထားကို ပြောထားသူကတော့ ဦးဝင်းပါ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားမီဒီယာတွေနဲ့ ပြောဆိုရာမှာ မြန်မာနိုင်ငံလို့ မသုံးနှုန်းဘဲ Burma လို့သာ သုံးနှုန်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြထားတာကို ကျနော် နားထောင်လိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တာကို ကျနော်နားလည်သလို ပြန်ပြောရရင်၊ မြန်မာဆိုတာနဲ့ ဘားမားဆိုတာမှာ မြန်မာဆိုတာ တိုင်းပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့အကြောင်း၊ ဘားမားဆိုတာကတော့ ဗမာလူမျိုး တမျိုးထဲကိုသာ ကိုယ်စားပြုတာဖြစ်ကြောင်းကို နားလည်ပေမဲ့ နာမည်ပြောင်းတဲ့ကိစ္စကို ပြည်သူလူထုကိုချမပြဘဲ စစ်အစိုးရက မိမိသဘောနဲ့ မိမိဘာသာ ပြောင်းလဲလိုက်တာဖြစ်လို့ လက်မခံနိုင်တဲ့ သဘောလို့ နားလည်လိုက်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒီလို သဘောထားကြောင့် မြန်မာလို့ ခေါ်တာဟာ အဓိပ္ပါယ်မှန်ပေမဲ့ လုပ်နည်းလုပ်ဟန်မမှန်လို့ မြန်မာလို့မခေါ်နိုင်ဘူးလို့ ပြောတာလို့ နားလည်မိပါ တယ်။

ဒီလိုသာပြောကြမယ်ဆိုရင် Burma လို့ခေါ်တာကလည်း ကျနော်တို့နိုင်ငံသားတွေရဲ့ဆန္ဒကို ရယူပြီး ခေါ်ဝေါ် တာမဟုတ်ဘဲ အင်္ဂလိပ်နယ်ချဲ့သမားက သူတို့နားမှာ ကြားတဲ့အသံအတိုင်း ဗမာကို ကိုယ်စားပြုတဲ့အနေနဲ့ ဘားမားလို့ ပေးခဲ့တာပဲ မဟုတ်လားခင်ဗျာ။

နာမည်ဆိုတာ ဘယ်သူကပေးပေး အရေးမကြီးဘူးလို့ ထင်ပါ တယ်။ မှန်ကန်တဲ့အဓိပ္ပါယ်တစ်ခုကို ဖော်ဆောင် ကိုယ်စားပြုနေနိုင်ရင် ကောင်းတာပါပဲ။ လက်ခံကြရမှာပဲလို့ မြင်မိပါတယ်။ ကျနော့် ဒီမေးခွန်းကို အလေးအနက်စဉ်းစားပြီးမှ အဖြေပေးစေချင်ပါတယ်။

ဖြေ။ ။ ဦးဝင်းပြောသလို ဘားမားဆိုတာ ဗမာလူမျိုးကိုပဲ ကိုယ်စားပြုပြီး (မြန်မာဆိုတာ တိုင်းပြည်မှာရှိတဲ့) လူမျိုးတွေအားလုံးကို ကိုယ်စားပြုတယ်ဆိုတာကို ကျမ သဘောတူ လက်ခံခဲ့တယ်လို့ ဘယ်တုန်းကမှ မပြော ခဲ့ပါဘူး။

မြန်မာဆိုတာ စာပေစကားအရ ဗမာလူမျိုးကိုပဲ ညွှန်းတယ်ဆိုတာ ပညာရှင်များက လက်ခံကြပါတယ်။ ဥပမာ သမိုင်းမှာ မွန်-မြန်မာ စစ်ပွဲရယ်လို့ပဲ ပြောခဲ့တာပါ။ မွန်-ဗမာလို့ မသုံးခဲ့ပါဘူး။ “မြန်မာအစ တကောင်းက” ဆိုတဲ့စကားကလည်း ကျမတို့နိုင်ငံမှာ ဟိုးရှေးကတည်းက တွင်ခဲ့တာပါ။

Burma ဆိုတာ အင်္ဂလိပ်တွေ ခေါ်ခဲ့တဲ့နာမည် ဆိုပေမဲ့ လွတ်လပ်ရေးရပြီး ပြည်သူတင်မြှောက်တဲ့ ကိုယ်စားလှယ်များ အတည်ပြုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ခံခဲ့တဲ့ အင်္ဂလိပ်ဘာသာ နာမည်ဖြစ်ပါ တယ်။ ဒါကလည်း အထူးအဆန်းလုပ်ရပ် မဟုတ်ပါဘူး။ အရှေ့တိုင်းမှာ အင်အား အကြီးမားဆုံးဖြစ်တဲ့ China၊ India၊ Japan တို့တွေကလည်း အင်္ဂလိပ်တွေ ခေါ်ခဲ့တဲ့အတိုင်း အင်္ဂလိပ်ဘာသာနာမည်ကို သုံးနေကြတာ ဖြစ်ပါတယ်။

Liongold ဆိုတဲ့ သောတရှင်ကတော့ နိုင်ငံတကာမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆို ဆွေးနွေးနေကြတဲ့ ကုလသမဂ္ဂ ပြုပြင် ပြောင်းလဲရေးကိစ္စကို မြန်မာ့အရေးပါထင်ဟပ်ပြီး မေးထားပါတယ်။

မေး။ ။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဖွဲ့စည်းပုံကို ပြောင်းသင့်ပြီလို့ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အင်အား ကြီးနိုင်ငံအချို့ရဲ့ ချုပ်ကိုင်မှုကိုခံနေရလို့ပါ။ ဒီနေရာမှာ ဒီမိုကရေစီနိုင်ငံတွေဆို တော်ပေမယ့် အာဏာရှင်နိုင်ငံ တွေပါလာတော့ ကိစ္စတွေကို ဖြေရှင်းရာမှာ အခက်တွေ့လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် လုံခြုံရေး ကောင်စီရဲ့ ဗီတိုအာဏာသုံးခွင့်အစား မဲပေးစနစ်ကိုသာ သုံးသင့်တယ်ထင်ပါတယ်။ မြန်မာ့အရေးမှာဆို တော်တော်ကြီးကို သိသာပါတယ်။ တရုတ်နဲ့ ရုရှားရဲ့လုပ်ရပ်တွေက အတော်ကို စိတ်ပျက်မိပါတယ်။ ကျွန်တော့်ရဲ့ထင်မြင်ချက်ကို အမေစုကော ဘယ်လိုထင်ပါလဲခင်ဗျာ။ အမေစု ကျန်းမာ ချမ်းသာပါစေဗျာ။

ဖြေ။ ။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အခြေခံဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြုပြင်သင့်တယ်လို့ ပြောနေကြတာ ကြာပါပြီ။ သားလိုပဲ နိုင်ငံကြီးတွေက လုံခြုံရေးကောင်စီကို လွှမ်းမိုးထားတာ မသင့်လျော်ဘူးလို့ထင်သူတွေ အများကြီးရှိပါတယ်။ အခုခေတ်နဲ့ ဆီလျော်အောင် ဘယ်လိုပြုပြင်မလဲဆိုတာကို သေချာ စိစစ် လေ့လာသင့် ပြီလို့ အမေလည်း ယုံကြည်ပါတယ်။

အမေတို့နိုင်ငံကိစ္စ တခုထဲကြောင့် မဟုတ်ပါဘူး။ တခြားနိုင်ငံတွေရဲ့ လိုအပ်ချက်တွေ၊ ပြဿနာတွေကို လေ့လာပြီး ကမ္ဘာ့ကုလသမဂ္ဂဟာ ကမ္ဘာကြီး တကယ် ပိုမို အေးချမ်း လုံခြုံ တိုးတက်နိုင်ဖို့ ဘယ်လို စွမ်းဆောင်ရမယ်ဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဒီမိုကရေစီကိုချစ်မြတ်နိုးသူဆိုတဲ့ ဦးထွန်းလှိုင်ကတော့ ဒီမိုကရေစီရဲ့ ကောင်းကျိုး၊ လူတိုင်း အခွင့်အရေး ရှိ-မရှိ ဆိုတာတွေအပြင် အမှန်တရားဆိုင်ရာ ကျယ်ပြန့်တဲ့ မေးခွန်းတခုကိုလည်း မေးထားပါတယ်။

မေး။ ။ အန်တီစုခင်ဗျား၊ တစ်ခုလောက်မေးပါရစေ၊ လောကမှာ အမှန်တရားရှိပါသလား၊ ဒီမိုကရေစီ စနစ်ရဲ့ကောင်းကျိုးများ သိပါရစေ၊ လူတိုင်းမှာ အခွင့်အရေးရှိပါသလားခင်ဗျာ။

ဖြေ။ ။ လောကမှာ အမှန်တရားရှိတယ်လို့ ယုံကြည်တဲ့သူတွေကြောင့် အန်တီတို့ကမ္ဘာကြီးဟာ ကျောက်ခေတ် လူရိုင်းအဆင့်ကနေပြီး လူ့အခွင့်အရေးကြေညာစာတမ်း ပေါ်ထွက်လာတဲ့အဆင့်အထိ ရောက်လာတာပါ။ ဒါ့ကြောင့် အမှန်တရားကို ယုံကြည်တဲ့သူတွေ ရှိခြင်းကိုက အမှန်တရားကို ခိုင်မာစေပါ တယ်။

ဒီမိုကရေစီရဲ့ အဓိကကောင်းကျိုးကတော့ လူတွေကို လူပီပီမြင်ခြင်းဖြစ်ပါတယ်။ လူတိုင်းမှာ အခွင့်အရေး ရှိသလို တာဝန်ရှိတယ်ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားဖြစ်လို့ လူတွေရဲ့တန်ဘိုး တိုးတက်စေပါ တယ်။ ဒါက ကောင်းတဲ့နိုင်ငံရေးစနစ်တခုရဲ့ ရလာဒ်ပါပဲ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးခေါင်းဆောင်မျိုးဆက် ပြတ်မသွားဖို့အရေး ရတက်မအေးစွာ အကြံပေးထားသူက တော့ ရန်ကုန်မြို့က ကိုထွေးလေးဖြစ်ပါတယ်။

မေး။ ။ မြန်မာပြည် နိုင်ငံရေးမာရသွန် တာဝေးအပြေးပြိုင်ပွဲမှာ အမေစုက တစ်ဦးတည်းပြေးနေရပြီး စစ်အုပ်စုကတော့ လက်ဆင့်ကမ်း အလံကိုင် (Relay) ပြေးနေကြပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်၊ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ တဆင့် ယခု သမ္မတကြီး ဦးသိန်းစိန်ရဲ့လက်အတွင်း အလံရောက်ရှိချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအရ လက်ဆင့်ကမ်းဖို့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အဆင်သင့်စောင့်နေပါပြီ။ ဒီကြားထဲက သူတို့မောလာလို့ မနိုင်ပုံပေါ်ရင် အမေစုကို ခြေထိုး ခံ၊ ခြောင်းရိုက်ပြီး အကျယ်ချုပ်လည်း ချတတ်ကြပါသေးတယ်။

ငြိမ်းချမ်းရေးနည်းနဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းဖို့ ဆုံးဖြတ်ထားတဲ့ အမေစုအနေနဲ့ လက်ဆင့်ကမ်း ဖို့ အမေစုကို ဝန်းရံထားတဲ့ ကျောင်းသားလူငယ်တွေထဲကဖြစ်စေ၊ NLD ပါတီဝင်ထဲကဖြစ်စေ သင့်တော်တဲ့ သူတွေကိုရွေးပြီး ပွဲထုတ်ဖို့၊ လက်တွဲခေါ်ဖို့၊ နိုင်ငံတကာဆက်ဆံရေး နှင့် Diplomacy တွေကို လေ့ကျင့်ပေးဖို့ လိုပြီဟု အကြံပေးချင်ပါသည်။ ဝန်ကြီးချုပ် အင်ဒီရာ ဂန္ဒီက သူ့သားနှစ်ဦးဖြစ်သော ဆန်ဂျေးဂန္ဒီနှင့် ရာဂျစ် ဂန္ဒီတို့ကို နိုင်ငံရေးအမွေပေး၊ သင်ပေးသလိုမျိုးကိုဆိုလိုပါသည်။

ဖြေ။ ။ လူငယ်တွေ အရည်အချင်းတိုးဖို့ သင်တန်းတွေကို NLD က အမျိုးမျိုးပဲ ပေးနေခဲ့တာ ကြာပါပြီ။ ဒီလူငယ်တွေနဲ့ အခြား NLD က မဟုတ်ပေမဲ့လည်း ဒီမိုကရေစီလိုလားတဲ့ လူငယ်တွေထဲကနေ နိုင်ငံအတွက် လုပ်ကိုင်သွားမယ့်ပုဂ္ဂိုလ်တွေ ပေါ်လာမှာပါ။ နိုင်ငံရေးဆက်ခံမယ့်သူတွေကို တဦးတယောက်က၊ ကိုထွေးလေး ပြောသလိုဆိုရင် အန်တီက ရွေးချယ်တာမျိုးဆိုတာဟာ အခြေခံ ဒီမိုကရေစီမူနဲ့ မကိုက်ညီဘူးလို့ ထင်ပါ တယ်။ ပါတီအသိုင်းအ၀ိုင်းနဲ့၊ နိုင်ငံရေးအသိုင်းအ၀ိုင်းနဲ့ ပြည်သူတွေရဲ့ တုန့်ပြန်မှုပေါ်အရသာ ဒီမိုကရေစီ ခေါင်းဆောင်များ ပေါ်ထွက်သင့်တာပါ။

မြန်မာ့နိုင်ငံရေးပြဿနာမှာ ထိပ်ဆုံးကနေ အမြဲတမ်း ပြောဆိုကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး မျှော်လင့်ချက် မဝေးချင်သလို ဘာတွေ ဆက်လုပ်နိုင်ကြပါဦးမလဲလို့ မေတ္တာ ရပ်ခံ မေးမြန်းထားသူကတော့ ခေတ္တ ထိုင်းနိုင်ငံရောက်၊ ဖျာပုံမြို့က ဒေါ်မြမြအေးပါ။

မေး။ ။ ကျမက နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်ပါ။ တိုက်ရိုက်မဟုတ်ပေမဲ့ အားလုံးသိနေရ ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအခြေအနေဟာ အရမ်းကိုဆိုးလွန်းပါတယ်။ သူတို့လုပ်ရပ်နဲ့ မထိုက်တန် တဲ့အခြေအနေကို ရင်ဆိုင်နေကြရတာပါ။ လူကောင်းတွေ တိုင်းပြည်ကို ချစ်မြတ်နိုးသူတွေဆိုတာ ပြောစရာ တောင်လိုမယ်မထင်ပါဘူး။ သူတို့လွတ်မြောက်ရေးအတွက် ဘယ်လို နည်းလမ်းတွေနဲ့များ လုပ်နိုင်ပါဦးမလဲ အမကြီးရေ။ အမကြီးတို့ ကြိုးစားလုပ်ကိုင်နေကြတာတွေကိုလည်း ကြားနေရလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲဒီ လူကောင်းသူကောင်းတွေ သူတို့ချစ်တဲ့တိုင်းပြည်အတွက် သူတို့အင်အားတွေကို အသုံးပြုနိုင်အောင် အမြန်ဆုံးပြန်လွတ်လာဖို့ ဒီ့ထက်ပိုပြီး ဘာတွေများလုပ်နိုင်ပါဦးမလဲ၊ သူတို့တွေ မကြာခင်ကာလမှာ ပြန်လွတ် လာကြဖို့ မျှော်လင့်ချက်ရော ရှိပါလားဆိုတာ ဖြေနိုင်ရင် ဖြေပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်။

ဖြေ။ ။ နိုင်ငံရေးအကျဉ်းသားတွေ ရှိ-မရှိဆိုတာ နိုင်ငံတနိုင်ငံရဲ့ ဥပဒေစိုးမိုးမှုနဲ့ နိုင်ငံသားတွေကို တန်ဘိုး ထားမှုကို ဖော်ပြပါတယ်။ ကျမတို့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဘာ ရာဇ၀တ်မှုကိုမှ မကျူးလွန်ခဲ့ဘဲနဲ့ အကျဉ်းကျခံနေရတာဖြစ်လို့ ဥပဒေစိုးမိုးရေးမရှိတာကို ထင်ရှားစေပါတယ်။ နောက်ပြီးတော့ နိုင်ငံရဲ့အရေးမှာ ပါဝင်ဆောင်ရွက်ချင်တဲ့သူတွေကို ထောင်ချပြီး ပိတ်ပင်တာဟာ နိုင်ငံသားတွေရဲ့ အမြင်သဘောထားများကို တန်ဘိုးမထားရာ ရောက်ပါတယ်။

ဒါတွေကို ပြည်သူအများ သဘောပေါက်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ ဘယ့်လောက်အရေးပါလဲဆိုတာ နားလည်လာပြီး ဒါ့အတွက် ပိုပြီးတော့ ကြိုးစားလှုပ်ရှားလာမယ်လို့ ထင်ပါ တယ်။

ဥပဒေစိုးမိုးရေး မရှိတဲ့နိုင်ငံ၊ ပြည်သူတွေကို တန်ဘိုးမထားတဲ့နိုင်ငံမှာ ဘယ်သူမှ စစ်မှန်တဲ့ လုံခြုံမှု၊ စစ်မှန် တဲ့လွတ်လပ်မှုတို့ ရရှိနိုင်မှာမဟုတ်ပါဘူး။

ဒါ့ကြောင့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြဿနာဟာ ပြည်သူ ပြည်သားအားလုံးရဲ့ပြဿနာ ဖြစ်တယ်ဆိုတာကို အားလုံး သိနားလည်အောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ဆောင်စေချင်ပါတယ်။

အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေသောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ် ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။
ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။

No comments: