Wednesday, July 13, 2011

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, 13 ဇူလိုင် 2011

ဒီသီတင်းပတ်မှာ ဗွီအိုအေသောတရှင်တွေက ရွေးကောက်ပွဲဝင်ရေး မဝင်ရေး NLD ခေါင်းဆောင်တွေအကြား ဆုံးဖြတ်ခဲ့စဉ်က အခြေအနေ၊ မြန်မာသံမှူးကြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံတဲ့အပေါ် သဘောထား၊ ပုဂံခရီးစဉ်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေးနဲ့ ခံစားချက်၊ လူထုခေါင်းဆောင်လည်းရှိ၊ လူထုရဲ့ဝန်းရံမှုလည်း ရှိနေပါလျက် ဒီမိုကရေစီတိုင်းပြည် တည်ဆောက်ရေး ဘာ့ကြောင့် အလှမ်းဝေးနေရသေးတာလဲ၊ မြန်မာနိုင်ငံသားတွေ တခြားနိုင်ငံသားတွေနဲ့ ဘယ်တော့များမှ ရင်ပေါင်တန်း ပုခုံးချင်းယှဉ်နိုင်မှာလဲဆိုတဲ့ မေးခွန်းတွေကို မေးမြန်းထားကြပါတယ်။


ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးအပေါ် NLD ခေါင်းဆောင်တွေအကြား သဘောထားကွဲခဲ့စဉ်က အခြေအနေကို ပြန်ထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည် ပေးခဲ့တဲ့သဘောထား၊ ကျန်တဲ့ ခေါင်းဆောင်တွေရဲ့ သဘောထား စတာတွေအပေါ် သူ့ရဲ့အမြင်နဲ့အတူ မေးခွန်းတခု မေးထားသူကတော့ ဦးဝင်းဆိုတဲ့ သောတရှင် ဖြစ်ပါတယ်။

မေး။ ။ ရွေးကောက်ပွဲမတိုင်မီကာလက NLD ဟာ ရွေးကောက်ပွဲကို ဝင်-မဝင် ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပါတီတွင်းမှာ သဘောထားနှစ်မျိုး ကွဲနေခဲ့ပါတယ်။ ဒီကိစ္စအပေါ်မှာ ခေါင်းဆောင်မှုအဖွဲ့က နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ ပြင်ဆင်နေကြတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်ကျနေတဲ့အတွက် မိမိရဲ့သဘောထားကို ကြိုတင် ဖော်ထုတ်ကြေငြာပြီး အကယ်၍ ပါတီက မိမိရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီး ဆုံးဖြတ်ခဲ့လျှင်လည်း ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါမယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီကို မြတ်နိုး တန်ဖိုးထားတဲ့ ခေါင်းဆောင်တယောက်ရဲ့ မှန်ကန်တဲ့သဘောထားလို့ ထင်ပါတယ်။

သို့သော်လည်း တချို့သောခေါင်းဆောင်များက သူတို့ဆန္ဒနဲ့ဆန့်ကျင်ပြီး ပါတီ ဗဟိုကော်မတီအများစုက ဆုံးဖြတ်မယ် ဆိုရင် ပါတီက ထွက်မယ်၊ နားမယ်ဆိုတဲ့ စကားများကို ပြောခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တယောက်မှာ ထားသင့်တဲ့ မှန်ကန်တဲ့ စိတ်သဘောထား မဟုတ်ပါဘူး။

ရိုးရိုးသာမန်လူတယောက်ရဲ့ ခေါင်းမာတဲ့ ဖော်ပြချက်တရပ်သာပဲဖြစ်လို့ လေးစားစရာ မဟုတ်ပါ။ နိုင်ငံရေးပါတီတွင်းမှာ ဒီလိုအစဉ်အလာတွေဟာ နောင်လာနောင်သားတွေအတွက် မကောင်းပါ။
နောက်ပြီး နိုင်ငံရေးပါတီတရပ်ရဲ့ သေရေး ရှင်ရေးတမျှ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်ဖို့ကိစ္စကို ပါတီ ဗဟိုကော်မတီဝင်တွေ တတ်နိုင်သမျှ စုံစုံလင်လင်တက်ရောက်စေပြီး ဘက်ပေါင်းစုံက အချိန်ယူ ပြောဆို ဆွေးနွေးခွင့် ပေးသင့်ပါတယ်။ ခေါင်းဆောင်အားလုံးက အစည်းအဝေးမှာ စုံစုံလင်လင် ဆွေးနွေးသုံးသပ် ပြောဆိုကြပြီးတဲ့အခါကျမှသာ ကွဲပြားနေတဲ့ ဆန္ဒသဘောထားရှိခဲ့ရင် မဲခွဲပြီးဆုံးဖြတ်စေသင့်ပါတယ်။

ကျနော်တို့ အပြင်မှာကြားနေတာက ခေါင်းဆောင်အဖွဲ့ဝင်တယောက်ကို နှစ်မိနစ်လောက်ပဲ စကားပြောခွင့်ပေးပြီး အလျင်အမြန် ဆုံးဖြတ်ခိုင်းတယ်လို့ ကြားရပါတယ်။ အဲဒါ ဟုတ်ပါသလားခင်ဗျား။

ဖြေ။ ။ ဗဟိုရုံးချုပ်မှာ ပါတီမှတ်ပုံတင်ရေး မတင်ရေး မဆုံးဖြတ်မီ မြို့နယ်၊ တိုင်း၊ ပြည်နယ်၊ ဗဟို အမျိုးသမီးအဖွဲ့၊ ဗဟိုလူငယ်အဖွဲ့ စသည်တို့က စည်းဝေးပြီး အများသဘောတူ ဆုံးဖြတ်ချက်တွေ ချခဲ့ပါတယ်။ ဗဟိုမှာကျင်းပခဲ့တဲ့ အစည်းအဝေးမှာတော့ အချိန်အကန့်အသတ်ကြောင့် ချပြီးသား ဆုံးဖြတ်ချက်တွေကို သက်ဆိုင်ရာ တာဝန်ခံတွေက တင်ပြပြီးတော့ တဦးစီ ပြောကြားသွားတာဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့လုပ်ရပ်လို့ပဲ မြင်ပါတယ်။

တခါ စင်္ကာပူရောက် ကိုဇော်လေးက ပြီးခဲ့တဲ့သီတင်းပတ်က ထိပ်တန်းသတင်းတပုဒ်ဖြစ်ခဲ့တဲ့ အမေရိကန် နိုင်ငံဆိုင်ရာ၊ မြန်မာနိုင်ငံသံရုံးရဲ့ ဒုတိယတာဝန်ခံ သံမှူးကြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို မေးထားပါတယ်။

မေး။ ။ မြန်မာသံမှူးကြီးဦးကျော်ဝင်း အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံတာနဲ့ ပတ်သက်လို့ ဒေါ်စုရဲ့အမြင်ကို သိချင်ပါတယ်။

ဖြေ။ ။ ကျမ နားလည်သလောက်က ဦးကျော်ဝင်းအနေနဲ့ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီဘက်ကို ဦးတည်ခြင်းမရှိလို့ ယုံကြည်တာကြောင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခြင်း ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တဦးရဲ့ ယုံကြည်ချက်ကို လက်တွေ့ကျကျ ထုတ်ဖော်ပြလိုက်တာဖြစ်လို့ လေးစားအပ်ပါတယ်။

ကျမတို့ ဦးတည်ရမှာကတော့ ဘယ်သူကမှ မြန်မာနိုင်ငံကနေပြီး ဒီလိုအကြောင်းတွေကြောင့် ရှောင်တိမ်းသွားဖို့ မလိုတော့မယ့် အခြေအနေတရပ်ကို ပေါ်ပေါက်လာအောင် လုပ်ဖို့ပါပဲ။

လူအများ စိတ်ဝင်တစားနဲ့ စောင့်ကြည့် နားထောင်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံ ခရီးစဉ်နဲ့ပတ်သက်လို့တော့ မနှင်းသန့်စင်က အခုလို မေးထားပါတယ်။

မေး။ ။ အန်တီစု ပုဂံဘုရားဖူးသွားတာသိရလို့ တကယ့်ကို ဝမ်းသာမိပါတယ်။ အဲဒီ ဘုရားဖူးခရီးစဉ် အတွေ့အကြုံလေးကို နည်းနည်းပြောပြပါလား အန်တီ။ အဲဒီအချိန်က အန်တီ့အတွေးနဲ့ စိတ်ခံစားချက်တွေကို သိချင်လို့ပါ။

ဖြေ။ ။ အန်တီကော အန်တီ့သားပါ ပုဂံကို ယခင်ကလည်း ရောက်ဖူးပြီးတာမို့ ဒီတခါမှာတော့ အန်တီ့အတွက် အထူးအဓိပ္ပာယ်ရှိတဲ့ စေတီ ပုထိုးတွေကိုပဲ သွားရောက်ပြီး ဖူးခဲ့ပါတယ်။ အန်တီ အင်မတန် လေးစား တန်ဖိုးထားတဲ့ ကျန်စစ်သားမင်း တည်ခဲ့တဲ့ အာနန္ဒာဘုရား၊ အန်တီ အင်မတန်မှ လေးစား ဂရုဏာသက်ရတဲ့ မနူဟာမင်း တည်ခဲ့တဲ့ဘုရားတို့ ပါဝင်ပါတယ်။ မြစေတီ ကျောက်စာကိုလည်း ရောက်ခဲ့ပါတယ်။
ဒီလို ဖူးခဲ့၊ သွားခဲ့တာတွေဟာ အန်တီ့ရဲ့ ယုံကြည်ချက်တွေနဲ့ သက်ဆိုင်နေတယ်ဆိုတာ သမီး ခန့်မှန်းလို့ ရမှာပါ။ တကယ်တော့ ဒီခရီးစဉ်အကြောင်းကို ဆောင်းပါးတပုဒ်မက ရေးစရာတွေရှိပေမယ့် ဒီမှာတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်နော်။

ပုဂံခရီးစဉ်အတွင်း တွေ့ခဲ့ရတာကိုပဲထောက်ပြပြီး ဒီမိုကရေစီတိုင်းပြည်အဖြစ် တည်ဆောက်ရေး အလှမ်းဝေး နေရသေးတဲ့အပေါ် မေးခွန်းထုတ်ထားသူကတော့ ကိုအဂ္ဂဖေပါ။

မေး။ ။ အန်တီစုခင်ဗျား၊ အန်တီစုရဲ့ ခရီးစဉ်အတွင်း အန်တီစုကို ချစ်ခင်လေးစားတဲ့ ပြည်သူလူထုကြီးက အကြောက်တရားအောက်က ရုန်းထွက်ပြီး ဝိုင်းဝန်း နှုတ်ဆက် အားပေးစကား ပြောကြားတာကို တွေ့ရပါတယ်။ အဲဒီမြင်ကွင်းတွေက ကျနော်တို့ကို အတိုင်းအတာတခုထိ ဝမ်းမြောက် အားတက်စေပါတယ်။

ကျနော်တို့တိုင်းပြည်မှာ အန်တီစုလို လူထုချစ်တဲ့၊ လူထုကို ဦးဆောင်နိုင်တဲ့ လူထုခေါင်းဆောင်လည်း ရှိနေတယ်၊ အဲဒီ လူထုခေါင်းဆောင်ကို ဝန်းရံမယ့် ပြည်သူလူထုတွေလည်း နိုင်ငံအနှံ့မှာ အများစု ရှိနေပါတယ်။ အဲဒါတောင်မှ ကျနော်တို့ တိုင်းပြည်ကို ဒီ့ထက်ကောင်းအောင်၊ ပြောင်းလဲတိုးတက်အောင်၊ ကျနော်တို့တိုင်းပြည်ကို ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီပြည့်ဝတဲ့ တိုင်းပြည်မျိုးဖြစ်အောင် ဘာလို့ မလုပ်နိုင်ရတာလဲဆိုပြီး တွေးမိပါတယ်။ အန်တီ့အမြင်လေး ပြောပြပေးပါခင်ဗျား။

ဖြေ။ ။ အန်တီ ရိုးရိုးလေးနဲ့ပဲပြောရမယ်ဆိုရင် အားလုံးလိုချင်နေတဲ့ ဒီမိုကရေစီပြည့်ဝတဲ့ တိုင်းပြည်ဖြစ်အောင်လုပ်ဖို့ ပိုပြီးတော့ ပြည်သူအများက တတ်နိုင်တဲ့ဘက်ကနေလုပ်ဖို့ လိုနေပါတယ်လို့ ထင်ပါတယ်။

အန်တီ့ကို ဝိုင်းဝန်း အားပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်သလို ပိုပြီးတော့ အေးချမ်းသာယာတဲ့ ဘဝရှင်တွေ ဖြစ်စေချင်ပါတယ်။ ဒါ့ကြောင့် ဒီလိုပြည်သူတွေနဲ့တွေ့တိုင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်၊ တိုင်းပြည် သာယာဝပြောရေးအတွက် ပိုမိုကြိုးပမ်းရမယ်လို့ သန္နိဋ္ဌာန်ချသလို သားတို့လို လူငယ်ပိုင်းကလည်း သန္နိဋ္ဌာန်ချစေချင်ပါတယ်။

ခေတ္တ ထိုင်းနိုင်ငံရောက် ပဲခူးမြို့သား ဦးတင်ထွန်းက မြန်မာနိုင်ငံတွင်း လူထုရဲ့အခြေအနေ တစေ့တစောင်းကို သူမြင်သလို ပြောထားပြီး မြန်မာနိုင်ငံသားတွေ အောက်ကျနောက်ကျ ဖြစ်နေရတဲ့အပေါ် အားမလိုအားမရဖြစ်စွာ မေးမြန်းထားပါတယ်။

မေး။ ။ ဒေါ်စုခင်ဗျား၊ ကျနော်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ပဲခူးမြို့သားတယောက်ပါ။ မြို့မှာ လုပ်ကိုင် စားသောက်ရတာ ခက်ခဲပြီး မိသားစုကို တဝမ်းတခါး ဝအောင်မကျွေးနိုင်လို့ အခုလို ထွက်လာပြီး လုပ်နေရတာပါ။ မြန်မာပြည်မှာက လိမ်စား ပေါင်းစား မဟုတ်တာ တခုခုလုပ်မှပဲ တဝမ်းတခါးလှသလိုဖြစ်နေပါတယ်။ သားသမီးတွေ ပညာရေးအတွက်လည်း ထောက်ပံ့ဖို့ ခက်လှပါတယ်။

ပတ်ဝန်းကျင်ကြည့်လိုက်ရင် ကိုယ်ကျင့်တရားကို အသာထားပြီး အဆင်ပြေသလို လုပ်ကိုင်နေကြတာပဲ တွေ့ရပါတယ်။ လူတွေ ကိုယ်ကျင့်တရား ပျက်ကုန်တာကို ဘယ်လို ပြုပြင်ကြပါမလဲ။ ဘယ်လောက်အချိန်ယူရပါမလဲ။ ထိုင်းနိုင်ငံကြီးက မြန်မာနဲ့ မယှဉ်နိုင်အောင်ကို တိုးတက်နေပါပြီ။ ကျနော်တို့တွေ အောက်ကျနောက်ကျဖြစ်လှပါတယ်။ မြန်မာနိုင်ငံသားတွေ ဘယ်အချိန်မှာမှ ရင်ကော့ ဦးမော့နိုင်မှာလဲ ဒေါ်စုရေ။ ရင်လေးလွန်းလို့ပါ။ မြန်မာရယ်လို့ ဝံ့ကြွား ထည်ဝါချင်လှပါပြီ။

ဖြေ။ ။ တချိန်တခါတုန်းက ကျမတို့ မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှာ တိုးတက်ဖွယ်ရာအရှိဆုံး နိုင်ငံအနေနဲ့ သတ်မှတ်ခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးခဲ့တာတွေ၊ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်ကြောင့် ဒုက္ခတွေပွားရတဲ့ အထဲကကိုပဲ ပညာရေး၊ ကျန်းမာရေးဘက်မှာ ဒေသအတွင်းမှာ ထိပ်တန်းက ပြေးခဲ့ပါတယ်။

မြန်မာနိုင်ငံနောက်မှ လွတ်လပ်ရေးရခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်အချို့ကဆိုရင် ဘယ်နှစ်အတွင်းမှာ မြန်မာနိုင်ငံကို မီစေရမယ်ဆိုပြီးတော့ လွတ်လပ်ရေးသန္နိဋ္ဌာန်အဖြစ် ကျုံးဝါးခဲ့ကြရပါတယ်။

၁၉၆၂ ခုနှစ်၊ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ အစိုးရစနစ် ပြိုကွဲပြီးတဲ့အခါကစပြီး တိုင်းပြည်အခြေအနေက ကျဆင်းလာလိုက်တာ အခုဆိုရင် အာဆီယံနိုင်ငံတွေထဲမှာ နောက်ဆုံးလောက်ကို ဖြစ်နေပါပြီ။ အဲဒီတော့ ကျမတို့ပြည်သူတွေလည်း အိမ်နီးချင်းနိုင်ငံတွေမှာ မျက်နှာငယ်ရတာ သိပ်ပြီးတော့ မထူးဆန်းပါဘူး။

ဒါပေမယ့် ဦးတင်ထွန်း စိတ်ဓာတ်မကျပါနဲ့၊ မြန်မာနိုင်ငံ သိက္ခာရှိရှိနဲ့ ကမ္ဘာ့အလယ်မှာ တင့်တယ်နိုင်ဖို့ ဘဝကို မြှုပ်နှံပြီး ကြိုးစားနေတဲ့သူတွေရှိနေပြီးတော့ မျိုးဆက်သစ်လူငယ်တွေကလည်း ဒီ ကြိုးပမ်းမှုကို ပိုလို့ ပိုလို့ ပံ့ပိုးလာတာကို တွေ့ရပါတယ်။

ပြည်သူတွေဟာ အခုထက်ပိုပြီးတော့ ဇွဲသတ္တိနဲ့ လိုအပ်တဲ့အပြောင်းအလဲတွေ ဖြစ်ဖို့ရာ တတ်နိုင်တဲ့ဘက်က ကူညီပေးမယ်ဆိုရင် မြန်မြန်ဆန်ဆန်နဲ့ ဦးတင်ထွန်းလိုချင်တဲ့ အခြေအနေမျိုးကို ရောက်နိုင်မှာပါ။ မြန်မာနိုင်ငံသူ နိုင်ငံသား တဦးချင်းမှာ ကိုယ့်နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိမ်းသိမ်းဖို့ တာဝန်ရှိတယ်ဆိုတာ နားလည်ပြီး ဒီနားလည်မှုအရ လုပ်ဆောင်သွားကြဖို့ ကျမအနေနဲ့ ကြုံတုန်း မေတ္တာရပ်ခံချင်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေ အီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။



 

No comments: