Wednesday, July 27, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဇူလိုင်လ ၂၈ ရက်)


ဆန်ရှင် ဆန့်ကျင်ရေးလုပ်ရန် ကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၆ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် မြန်မာအစိုးရကို ဒဏ်ခတ်သော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရေးတွင် နိုင်ငံရေး ပါတီများ ပါဝင် လုပ်ဆောင်ကြရန် နေပြည်တော်တွင် ဗုဒ္ဓဟူးနေ့က ၃၇ ပါတီနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တိုက်တွန်းလိုက်သည်။

စီးပွားရေး ပိတ်ဆို့မှုသည် အစိုးရနှင့် နီးစပ်သူ စီးပွားလုပ်ငန်းရှင်များထံ မထိခိုက်ကြောင်းနှင့် ပြည်သူလူထုများကို ထိခိုက်သဖြင့် ယင်းပိတ်ဆို့မှု ရုပ်သိမ်းရေး နိုင်ငံရေးပါတီများမှ ကူညီ ဆောင်ရွက်သွားဖို့ လိုသည်ဟု ပြောကြား သွားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တဦးဖြစ်သာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

“ကျနော်တို့ တိုင်းပြည်မှာ စီးပွားရေး မဖွံ့ဖြိုးအောင်၊ မတိုးတက်အောင်အဟန့်အတား ဖြစ်နေတာက တချို့နိုင်ငံကြီးတွေက ဆန်ရှင်လုပ်ထားတာ။ ဆန်ရှင်ဆိုတာ တချို့က ပြောကြတယ်။ အစိုးရရဲ့ စီးပွားရေးသမားတွေပဲ ထိခိုက်တယ်လို့ ပြောတယ်။ တကယ်တော့ သူတို့ကို မထိခိုက် ပါဘူးတဲ့” ဟု ဦးသုဝေက ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ပူးပေါင်း၍ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည် သုံးသပ် သွားကြရန် တိုက်တွန်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂ဝ၁ဝ မတ်လဆန်းက ထုတ်ပြခဲ့သော ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ အတိုင်း ဆက်လက် လိုက်နာကျင့်သုံးရန်နှင့် ပြည်ပမှ မတရားအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ ပါတီဝင်အဖြစ် လက်ခံပါက ပုဒ်မ ၆ အတိုင်း ပါတီ ဖျက်သိမ်းမည်ဟုလည်း ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

ထို့ပြင် နိုင်ငံရေးပါတီ ကိုယ်စားလှယ် တဦးလျှင် ၂ မိနစ်ဆီကြာဆွေးနွေး တင်ပြခွင့်ပေးခဲ့ရာ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူပါတီက လက်ရှိ ဖြစ်ပွားနေသော
လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် တိုင်းရင်းသားပါတီမှ ပုဂ္ဂိုလ်များလည်း ပါဝင် ဆွေးနွေးစေလိုကြောင်း
အဆိုပြုခဲ့သည်ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

“ အခုလောလောဆယ် ရှမ်းပြည်နယ်တွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ငြိမ်းချမ်းဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်တဲ့ အခမ်းအနားမှာ ပါတီတွေကို သူက အကြံပြုတာပါ။ တိုင်းရင်းသားပါတီ ပေါင်းစုံထဲက ပုဂ္ဂိုလ်တွေပါတဲ့ဆွေးနွေးစေချင်တဲ့ အကြောင်းကို အဆိုပြုတာကို ဥက္ကဋ္ဌကြီးက ဒါဟာ ရွေးကောက်ပွဲ ကော်မရှင်က လုပ်လို့ မရဘူး၊ လွတ်တော်မှာ တင်ပြကြပါဆိုပြီးတော့ အကြံပြုတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

ယင်းအဆိုပြုချက်များကို ချင်း၊ အင်း၊ ဖလုံစဝေါ်၊ ရခိုင် စသည့် တိုင်းရင်းသားပါတီများ ကလည်း ထောက်ခံခဲ့သော်လည်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကော်မရှင်မှ လုပ်ပိုင်ခွင့် မရှိကြောင်းနှင့် လာမည့် ပြည်ထောင်စု လွတ်တော်သို့ တင်ပြရန် အကြံပြုခဲ့သည်ဟု သူက ဆက်ပြောသည်။

အလားတူ ကော်မရှင် ဥက္ကဋ္ဌက သူ၏ အသက် ၁၈ နှစ်အရွယ်မှစ၍ တပ်မတော်တွင် ဖြတ်သန်းခဲ့သည့် သူ့ကိုယ်ရေး ရာဇဝင် အကျဉ်းကို ပြောကြားလိုက်ပြီး တပ်မတော်အပေါ် သွေးခွဲခြင်း၊ ဖြိုဖျက်ခြင်းများ မပြုလုပ်မိစေရန်ဟူ၍ပြောဆိုခဲ့သည်ဟု ဦးတင်အေးက ပြောဆိုခဲ့သည်။

“ အခုထိ လက်နက်ကိုင် ပဋိက္ခကိစ္စတွေလည်း ဖွဲ့စည်းပုံအရ လုပ်တဲ့ သဘောလို့ အကြမ်းဖျင်းပြောတယ်ဗျ။ ဒါပေမဲ့ ငြိမ်းချမ်းစေချင်တယ်။ သူတို့မှာလည်း ဆန္ဒရှိပါတယ်။ ဆွေးနွေး ညှိနှိုင်းရေး ဆိုတာကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အရ တခုတည်းသော တပ်မတော် ဖြစ်ရမယ်ဆိုတာကို ပြန်ပြောတာပါ” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

နအဖ စစ်အစိုးရလက်ထက် စစ်တပ် ရန်ပုံငွေ အတွက်ရှာသော ဦးပိုင်ကုမ္ပဏီ အကြီးအကဲအပြင် အရေးပါသော ရာထူးများ ယူခဲ့သော ဒုဗိုလ်ချုပ်ကြီးဟောင်း တင်အေးသည် ကြံ့ခိုင်ဖွံဖြိုးရေးပါတီဝင်ဖြစ်ပြီး ၂ဝ၁ဝ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က အဆို တင်သွင်းခဲ့ရာမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ယနေ့ ဆွေးနွေးမှုတွင် နိုင်ငံရေး ပါတီများ အနေဖြင့် ၂ မိနစ်ခန့်သာ ပြောဆိုရသဖြင့် အချိန်နည်းပါးပြီး ယခုကဲ့သို့ ရှင်းပြမှုကို မကြာခဏ ခေါ်ယူ တွေ့ဆုံသင့်ကြောင်း ဒေါက်တာ အေးမောင်က အကြံပြုသည်။

သို့သော် ကြားဖြတ် ရွေးကောက်ပွဲအတွက် ဒီမိုကရေစီမိတ်ဆွေများ ၁ဝ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အင်အားစု၊ NDF၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသားပါတီများက ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်သော စာတမ်းတခုကို ရွေးကောက်ပွဲ
ကော်မရှင်ထံ ပေးပို့ခဲ့သည်။

စာတမ်းက ရွေးကောက်ပွဲအတွင်း အစိုးရပါတီ ကြံ့ဖွံဘက်လိုက်ကာ မဲလိမ်၊ မဲခိုးမှုများ ပြုလုပ်ထားခြင်းကို အဓိက မီးမောင်းထိုးပြထားသည်။

“သူကတိတော့ ပေးပါတယ်။ ကျနော်တို့ မဟာမိတ်ပါတီတွေ ညှိနှိုင်းတိုင်ပင်ပြီး ရေးတဲ့ စာတမ်းမှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နည်းဥပဒေအတိုင်း မကျင့်သုံးခဲ့တာတွေ ရှိတယ်။ အဲဒါကိုရှောင်ရန် ပြုပြင်သွားဖို့။ ကြိုတင်မဲ ယူတာတို့၊ မဲရေတွက်တဲ့ အချိန် အများပြည်သူရှေ့မှာ ရည်တွက်ဖို့ အဲဒါတွေကို တင်ပြတယ် အဲဒါဖတ်ပြီးပြီ။ သူက အဲဒီစာကို ပြုပြင်သင့်တာတွေ ပြုပြင်သွားမယ်လို့ ပြောတယ်”ဟု ဒေါက်တာအေးမောင်ကပြောသည်။

ယနေ့ ဆွေးနွေးပွဲတွင် ပြည်တွင်းမှ သတင်းသမားတဦးမှ မလာရောက်သော်လည်း အစိုးရ၏ မြန်မာသတင်းစဉ်၊ MRTV စသည့် မီဒီယာများသာ တွေ့ရသည်သဖြင့် နောက်နောင် သတင်းမီဒီယာသမားများ ကိုလည်း ခေါ်ယူသင့် သည်ဟု ကိုယ်စားလှယ်များက ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၏ ယနေ့ ဆွေးနွေးပွဲတွင် နည်းဥပဒေ၊ ဥပဒေများကိုသာ တင်ပြဆွေးနွေးခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ မည်သည့်နေ့တွင် ကျင်းပမည်၊ မဲဆန္ဒနယ် မည်မျှ ရှိသည် ဆိုသည့် အချက်များကိုမူ ပြောဆိုလာခြင်း မရှိသေးကြောင်း ဦးသုဝေက ပြောသည်။

နိုင်ငံရေးပါတီ ၃၇ ပါတီမှ ၃၆ ပါတီမှ ကိုယ်စားလှယ်မျာ တက်ရောက်ခဲ့ပြီး ဦးသိန်းတင်အောင် ဦးဆောင်သောပြည်ထောင်စု ဒီမိုကရေစီ ပါတီက တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။

ဒေါ်စု ပဲခူးရှိ “ အောင်ဆန်းဂျာမွန်း ” စာကြည့်တိုက် ဖွင့်ပွဲသွားမည်
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအတွင်းရှိ “ အောင်ဆန်းဂျာမွန်း ” ဟု အမည်ပေးထားသော စာကြည့်တိုက်နှစ်ခုကို ဩဂုတ်လ ဒုတိယပတ်တွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပဲခူးမြို့နယ် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

၁၉၉၇ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ ခရီးထွက်စဉ် အတွင်း ကြားသိခဲ့ရသည့် ကချင်ဝေါဟာရ တခုကို ဒေါ်အောင်ဆန်းစုကြည်မှ ကြိုက်နှစ်သက်သည့် အတွက် စာကြည်တိုက် အမည်ကိုအောင်ဆန်းဂျာမွန်းဟု ပေးဖြစ်ကြောင်းလည်း ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

“ကချင်ပြည်နယ်ကိုရောက်တော့ ကချင်မလေးတွေက အော်တယ်တဲ့။ အောင်ဆန်းဂျာမွန်း၊ အောင်ဆန်းဂျာမွန်း ဆိုပြီးတော့ အော်တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က သိပ်ပြီးတော့ သဘောကျလာတယ် ” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

ဂျိန်းဖော ကချင်ဘာသာစကားတွင် ဂျာမွန်းဆိုသည်မှာ ရွှေဝတ်မှုန်ဟု အဓိပ္ပါယ်ရပြီး သမီးကြီးများကိုလည်း မျိုးရိုးအမည် နောက်တွင်တွဲ၍ တင်စား အမည်မှည့်ခေါ်လေ့ ရှိသည်။

ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင် ၂၃ လမ်းနှင့် သနပ်ပင်မြို့ မင်းလမ်းတို့တွင် ဖွင့်လှစ်မည့် အောင်ဆန်းဂျာမွန်း စာကြည့်တိုက် များတွင် စာအုပ်ပေါင်း ၄,၀၀၀ ကျော်ရှိကြကာ ပဲခူးဒေသခံများမှ လှူဒါန်းသည့် စာအုပ်များ
ဖြစ်သည်ဟု ဦးမြတ်လှက ပြောသည်။ စာကြည့်တိုက် တခုစီအတွက် ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁ဝ သိန်းကျော် ဖြစ်သည်။

စာအုပ်များတွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ရေးသည့် “ ဘာလဲဟဲ့ လူ့ငရဲ ” ကဲ့သို့သော စာအုပ်အများ အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနှင့် ဝတ္ထုစာအုပ်များလည်း စာကြည့်တိုက်တွင် ထားရှိမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးတိုင်း စာကြည့်တိုက်ဖွင့်ပွဲ အတွင်း လုံခြုံရေးနှင့် ပတ်သက်၍ ဦးမြတ်လှမှ ဦးစီးကာ ပဲခူးတိုင်း NLD လူငယ်များမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဟုလည်း ဦးမြတ်လှက ဆိုသည်။

“လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ပဲခူးလူငယ်တွေနဲ့ ကျနော်တို့ဒီမှာ အကုန်လုံး စီစဉ်ထားပြီးပြီ လုံခြုံရေးက သူတို့ဆီကလည်း ပါလာမယ် ကျနော်တို့ဆီကလဲ တထပ် ထပ်ဝိုင်းမယ် လုံခြုံရေးကလည်း ကျနော်တို့ အားလုံး စီစဉ်ထားပြီးပြီ ဘယ်တော့ လာမယ်ဆိုတာသာ မသိသေးတာ ” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၃ ရက် နေအိမ် အကျယ်ချုပ်မှ လွတ်လာအပြီး နေအိမ်ပြင်ပ ခရီးစဉ်များ အဖြစ် ယခုလ ၄ ရက်နေ့ကလည်း ပုဂံရှေးဟောင်းမြို့တော်သို့ ၄ ရက်ကြာ မိသားစု ဘုရားဖူးခရီး သွားခဲ့သေးသည်။

ခရီးစဉ်၏ နောက်ဆုံးနေ့ ဖြစ်သည့် ဇူလိုင် ၇ ရက်နေ့ ညောင်ဦးဈေးသို့ သွားရောက်ရာတွင် ညောင်ဦး
ဈေးသူဈေးသားများနှင့် ဒေသခံ ၃,၀၀၀ ကျော်တို့မှ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

ယခုဒုတိယအကြိမ် ပဲခူးခရီးစဉ်တွင်လည်း ပဲခူးဒေသခံများမှ စိတ်ဝင်စားမှု များပြားကြောင်း ဦးမြတ်လှက မဇ္ဈိမကို ဆက်ပြောခဲ့သည်။

“အခုလည်း ကျနော့်ကို လာမလား လာမလားနဲ့ တော်တော်လာမေးနေကြတယ်ဗျ၊ စည်းရုံးရေး သဘောလည်း ပါမှာပေါ့ဗျ အခုတည်းက ကျနော့်ကို လာမေးနေကြတာ အဲဒီနေ့လည်း ဘယ်လောက်လာမလဲမှ မသိတာ၊ အခုတည်းက သူတို့က ရွစိရွစိနဲ့ ဖြစ်နေကြပြီ ” ဟု ဦးမြတ်လှက ဆိုသည်။

မြန်မာပြည်ရှိ အဆင့်အမြင့်ဆုံး အမေရိကန် သံအရာရှိ အနားယူမည်
အေးလဲ့ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံရှိ အဆင့်အမြင့်ဆုံးသော အမေရိကန် သံအရာရှိကြီးဟု ဆိုနိုင်သည့် ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးယာယီ တာဝန်ခံ လယ်ရီဒင်းဂါး လာမည့် သြဂုတ်လတွင် အနားယူတော့မည် ဖြစ်ကြောင်း အမေရိကန်သံရုံးက ပြောသည်။

မစ္စတာဒင်းဂါး အနေဖြင့် အသက် ၆၅နှစ် ပြည့်မည် ဖြစ်သောကြောင့် ရာထူးမှ အနားယူခြင်း ဖြစ်သည်ဟုလည်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာနတွင် တာဝန်ထမ်းဆောင်သူများ အဖို့ ၂ နှစ်မှ ၃ နှစ် ကာလအတွင်း လူအပြောင်းအလဲ လုပ်သည့် အစဉ်အလာအတိုင်း ပြောင်းလဲခြင်း ဖြစ်ကြောင်းလည်း အမေရိကန် သံရုံးက ဆိုသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံး ပြောခွင့်ရ အရာရှိက “သံရုံးတာဝန်ခံဟာ ရန်ကုန်မှာ တာဝန်ထမ်းဆောင်တာ သုံးနှစ်
ကျော်သွားပြီဖြစ်လို့ သြဂုတ်လမှာ ထွက်ပါလိမ့်မယ်။ နိုင်ငံခြားရေးဌာန လုပ်ထုံးလုပ်နည်းအရ သူဟာ သြဂုတ်လမှာ ၆၅ နှစ်ပြည်လို့ အနားယူမှာပါ ” ဟု မဇ္ဈိမသို့ စာရေး ပြန်ကြားသည်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသို့ သံအမတ်ကြီး အဆင့်မထားပဲ သံရုံးယာယီတာဝန်ခံ (Charge de Affairs) အဆင့်သာ ထားသဖြင့် ယင်းအမြင့်ဆုံး တာဝန်ယူခဲ့သူ မစ္စတာဒင်းဂါးသည် မြန်မာ့ဒီမိုကရေစီရေးကို စိတ်ဝင်စားမူရှိသူ ဖြစ်ကြောင်း ပြည်တွင်း နိုင်ငံရေးသမားများက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ ကျနော်တို့နဲ့ ဆက်ဆံတဲ့ နေရာမှာ
တော့ သူဟာ ကျွမ်းကျင်တဲ့ သံတမန် တဦးပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ်မှာလည်း အရမ်း စိတ်ဝင်စား ပါတယ်။” ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ (NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း “သူက တော်တော့ကို ရင်းရင်းနှီးနှီး ဆက်ဆံ ပြောဆိုလို့ရတဲ့ သံမှူးပါပဲ။ ကျနော် ထောင်က ထွက်လာပြီး သူနဲ့ တွေ့ရတာပဲလေ” ဟု ဦးခင်မောင်ဆွေက ပြောသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ် အရေးယူမှုများနှင့် စပ်လျင်း၍လည်း သဘောထား တင်းမာသူ
ဖြစ်ပုံရကြောင်း ဦးခင်မောင်ဆွေ က မှတ်ချက်ချသည်။

“ စီးပွားရေး ပိတ်ဆို့မူနဲ့ ပတ်သက်လို့ သူ့သဘောထားကတော့ ချက်ချင်း အပြောင်းအလဲကြီး ဖြစ်ဖို့ မလွယ်ဘူး
ဆိုတဲ့ သဘောမှာရှိတယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ပေးဘဲနဲ့တော့ ဟိုဘက်က
ဘာမှ လုပ်ပေးနိုင်တဲ့ အနေအထား မရှိဘူး ဆိုတဲ့ သူ့ယူဆချက် ရှိပါတယ်” ဝီကီလိခ် ခေါ်အမေရိကန် သံတမန်များ
က ဝါရှင်တန်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနထံ ပေးပို့သော ကြေးနန်းများ ပေါက်ကြားသည့် အထဲတွင် လယ်ရီ ဒင်းဂါး အမည်ဖြင့် “ မြန်မာဗိုလ်ချုပ်များနှင့် စကားပြောဆိုမှု စတင်ခြင်း ” ဆိုသည့် စာတစောင်ကို တွေ့ရှိရသည်။

ယင်းစာ၌ မြန်မာ့စစ်တပ်ကြီးများနှင့် ပတ်သက်ပြီး သူ၏ သရုပ်ဖော် ရေးသားရာတွင် မြန်မာစစ်တပ်သည် အထက် - အောက် အုပ်ချုပ်သော ယန္တရားတခုဖြစ်ပြီး တိုင်းတပါးကို ကြောက်သော၊ အမျိုးသား ညီညွတ်ရေးကို ထိန်းသိမ်း ထားရမည်ဟူသော အမြင်ရှိကြောင်း၊ တချိန်တည်းတွင် ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် နိုင်ငံတကာ မျက်နှာစာတွင် လူမိုက်ကြီးများ ဖြစ်နေရခြင်းကို ရှက်ရွံ့နေကြပြီး လူအများ၏ လေးစားမှု ခံယူလိုကြကြောင်း ယင်း၏ အမြင်ကို
ရေးသားထားသည်။

မစ္စတာဒင်းဂါး လက်ထက်တွင် မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံမှ အဆင့်အမြင့် နိုင်ငံရေး ခေါင်းဆောင်များ
ရောက်ရှိလာခဲ့ရာ၊ ၎င်းတို့အနက် အထက်လွှတ်တော် အမတ်များ ဖြစ်သည့် ဂျင်မ်ဝက် နှင့် ဂျွန်မက်ကိန်းတို့
ပါဝင်သလို အမေရိကန် နိုင်ငံခြားရေးဌာနမှ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဆင့်ရှိ ဂျိုးဆက်ယွန်းတို့လည်း ပါဝင်သည်။

မစ္စတာ ဒင်းဂါးသည် Macalester ကောလိပ်၊ ဟားဗက်ဥပဒေကျောင်းနှင့် အမျိုးသားစစ်ဘက် ကောလိပ်တို့မှ ဘွဲရရှိခဲ့သူ ဖြစ်သည်။

ကြိုတင်မဲအကြောင်း ရှင်းပြီ
ခင်ဦးသာ Wednesday, 27 July 2011 18:25

ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲမသမာမှုများ၊ ကြိုတင်မဲနှင့် ပတ်သက်သည့် အငြင်းပွားဖွယ် ဖြစ်ရပ်များ ပေါ်ပေါက် လာရခြင်းမှာ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက ယနေ့ ပြောလိုက်ကြောင်း သိရသည်။

နေပြည်တော်၌ ပြုလုပ်သော ရွေးကောက်ပွဲဝင် ပါတီ ၃၇ ခုမှ ခေါင်းဆောင်များ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၏ အစည်းအဝေးတွင် ထိုသို့ ပြောဆိုခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ခဲ့သည့် နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။

“ပါတီတခုကို ၂ မိနစ်စီ တင်ပြ ဆွေးနွေးဖို့ အချိန်ရတော့ အများစုက မဲမသမာမှုတွေကို တင်ပြကြတယ်၊ ဒီတော့ ပြန်ပြီးတော့ သုံးသပ်သွားမယ်၊ နောင် ဒီလို မဖြစ်အောင် လုပ်သွားမယ်ပေါ့၊ ဒီလောက်ပါပဲ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောပြသည်။

နိုင်ငံတကာက ၂၀၁၀ ရွေးကောက်ပွဲသို့ အကဲခတ်အဖွဲ့ စေလွှတ်ရန် ကမ်းလှမ်းစဉ်ကမူ အာဏာပိုင်တို့က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအတွေ့အကြုံ အလုံအလောက် ရှိသဖြင့် အကဲခတ်သူများ မလိုအပ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ဖူးသည်။

ကြံ့ဖွံ့ပါတီဟု လူသိများသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှအပ အစည်းအဝေး တက်ရောက်ကြသော ပါတီ အများစုက ၂၀၁၀ ရွေးကောက်ပွဲအတွင်း ကြံ့ဖွံပါတီ၏ မဲ မသမာမှု၊ ဒေသဆိုင်ရာ အာဏာပိုင်တို့၏ ချယ်လှယ်မှုများကို တင်ပြကြကြောင်း၊ သို့သော်လည်း ကော်မရှင်ထံမှ တိကျသော အဖြေ မရခဲ့ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ကျနော်တို့အနေနဲ့ ဖွဲ့စည်းပုံမှာ ပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို လက်ခံနိုင်ပေမယ့် ဒီဥပဒေကို ပါတီတချို့က လက်တွေ့ မကျင့်သုံးတဲ့ ကိစ္စတွေကို တင်ပြခဲ့ပါတယ်” ဟု ပြောပြသည်။

အစိုးရသစ်လက်ထက်တွင် ပေါ်ပေါက်လာသော လွှတ်တော်အရ ဖွဲ့စည်းထားသော ကော်မရှင်သည် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ လွတ်လပ်မှုရှိပြီး ဘက်လိုက်မှု ကင်းရှင်းရန် လိုအပ်ကြောင်း၊ အစည်းအဝေးများတွင် ပြောဆိုနေမှုထက် လက်တွေ့ ကျင့်သုံးရန် အရေးကြီးကြောင်း၊ ကော်မရှင်အဖွဲ့ဝင် အများစုသည် ကြံ့ဖွံ့ပါတီဝင်များ ဟု သိရကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

တိုက်ပွဲဖြစ်နေသော တိုင်းရင်းသားဒေသများ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတခုကို နိုင်ငံရေးပါတီများက တာဝန်ယူ ကျင်းပသင့်ကြောင်း ပါတီခေါင်းဆောင်တချို့က အစည်းအဝေးတွင် တင်ပြခဲ့ကြသည်ဟု ဆိုသည်။

“(ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ်) ဦးတင်အေးက ဒီကိစ္စကို လွှတ်တော်မှာပဲ တင်ပြ ဆွေးနွေးပါ၊ ကျနော်တို့လည်းပဲ ငြိမ်းချမ်းရေး လိုချင်ပါတယ်လို့ ပြန်ဖြေပါတယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် ကြံ့ဖွံ့ပါတီတွင် ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသည်။ လက်ရှိအချိန်တွင် ဦးတင်အေးက ကြံ့ဖွံ့ပါတီတွင် တာဝန်ယူထားခြင်း မရှိတော့ကြောင်း အစည်းအဝေး တက်ရောက်သူများကို ရှင်းပြခဲ့သည်ဟု သိရသည်။

လွှတ်တော်အစည်းအဝေးများ မည်သည့်အချိန်တွင် ပြန်လည် ကျင်းပမည်ကို မသိရသေးကြောင်း ပါတီခေါင်းဆောင်များက ဆိုသည်။

ဗိုလ်ချုပ်တင်ငွေ “သန့်ရှင်းသော အစိုးရ” သားကောင်ဖြစ်သွား
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၁၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အစိုးရသစ်လက်ထက်တွင် စစ်ဘက်ဆိုင်ရာ အကြီးဆုံး ရာထူးမှ ဖယ်ရှားမှုဖြစ်သည့် စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေအား ရာထူးမှ အနားပေးလိုက်ခြင်းမှာ အစိုးရသစ်၏ ‘သန့်ရှင်းသော အစိုးရ’ ဖော်ဆောင်ရေးတွင် သားကောင်ဖြစ်သွားသည်ဟု စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

“ငါတို့ ကလင်းဂါးဗားမန့် လုပ်နေတယ်ဆိုပြီး။ (ဗိုလ်ချုပ်)တင်ငွေတော့ သိပ်စားတာ မတွေ့ဘူး” ဟု ဦးအောင်ကျော်ဇော က ပြောသည်။

နောင်တွင် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ရန် အလားအလာကောင်းသည်ဟု စစ်တပ် ထိပ်ပိုင်းအတွင်း ခန့်မှန်းခဲ့ကြသော ဗိုလ်ချုပ်တင်ငွေ ဖြုတ်ပစ်မှုကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း တပ်တွင်း ခန့်မှန်းပြောဆိုမှုများတွင် အလယ်ပိုင်း တိုင်းမှူး ဖြစ်စဉ်ကာလ မန္တလေးအောင်ပင်လယ် မြေယာကိစ္စ အရှုတ်တော်ပုံတွင် ပါဝင်ပတ်သက်မှုကြောင့်ဟု ဆိုသည်။

ဗိုလ်ချုပ်တင်ငွေမှာ ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုဗိုလ်ချုပ်ကြီးမောင်အေးတို့ နှစ်ဦးလုံး၏ လူယုံဟု တပ်တွင်းသိကြသည်။

“သူတို့လူဖြစ်သော်လည်း အထောက်အထားတွေ တွေ့နေရရင် အဖြုတ်ခံရတာပဲ။ ဘိန်းစားချင်း တမူးပိုအရှူခံ ရတာပေါ့ဗျာ။ အနည်းနဲ့ အများ စားကြတဲ့ သူတွေချည်းပဲ။ သူ့အမှုက သိပ်ထင်ရှားနေလို့၊ ရန်ကုန်မှာလည်း အုတ်အော်သောင်းနင်း ဖြစ်နေလို့ဆိုရင်လည်း ချမှာပေါ့” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

အောင်ပင်လယ် မြေရိုင်းဖော်ထုတ်မှုတွင် ဗိုလ်ချုပ်တင်ငွေ မည်သို့ ကိုယ်တိုင် ပါဝင် ပတ်သက်ခဲ့သည်ကို အခိုင်အမာ မသိကြရသော်လည်း ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည် အရှေ့ဘက်ထိပ်မှ မြေများအား ပေးဝေခဲ့ရာတွင် ပြဿနာ အရှုတ်အထွေးများ ဖြစ်ခဲ့ကြောင်း မန္တလေးမှ စာရေးဆရာတဦးက မဇ္ဈိမကို ပြောသည်။

“သူ တိုင်းမှူးက နားရတော့မယ့်အချိန်မှာ မြေကွက်တွေ တော်တော်များများကို အလှူပွဲကြီးလိုကို ပေးပစ်လိုက်တာ
ပေါ့ဗျာ။ သူနဲ့ ပတ်သက်တဲ့ လူတွေကိုပေါ့။ နောက်တိုင်းမှူး တက်တဲ့အချိန်မှာ အဲဒီမြေတွေက တော်တော်များများ
ပြဿနာတွေ တက်ကုန်တယ်။ တချို့မြေတွေကို ၂ ယောက် ၃ ယောက် ပေးတာ၊ ထပ်ကုန်တာတွေ ဖြစ်တယ်” ဟု သူက ပြောသည်။

အောင်ပင်လယ် တောင်ဖျားရှိ ၄၈ လမ်း၊ ၄၉ လမ်း တဝိုက်တွင်လည်း အားကစားကွင်း၊ ကျောင်း၊ ပန်းခြံများ
အတွက် လျာထားသည့် မြေရိုင်းများအား အကွက်ချ၍ ရောင်းစားမှုများ ရှိခဲ့ကြောင်း အောင်ပင်လယ် ဒေသခံ တဦးကလည်း “မြေကွက်တွေ ပိုင်းရောင်းတာတွေ ရှိတယ်။ ၃၅ လမ်း မြောင်းဘေးကိုလည်း မြေဖို့လိုက်ပြီးတော့ အကွက် ယူလိုက်တယ်ပေါ့။ ဘောလုံးကွင်းတို့၊ ကျောင်းတို့၊ ပန်းခြံတို့အတွက် လျာထားတာတွေ ရောင်းသွား
တယ်ပေါ့၊ မြို့ကွက်သစ်တွေပဲ” ဟု ပြောသည်။

ဤသို့ မြေရိုင်းများအား ရောင်းချပုံမှာ အာဏာပိုင်များက ကိုယ်တိုင် ရောင်းချခြင်း မဟုတ်ဘဲ ကုန်သည်ကြီးများက တဆင့်ခံ ရောင်းချပေးခြင်းဖြစ်ကြောင်း “အဲဒါကို ရောင်းချပေးတာက မြို့ပေါ်က ကုန်သည်ကြီးတချို့ပေါ့။ သိန်းထောင်ချီ ပေးရတယ်။ အဲလို အရောင်းအဝယ်တွေ ဖြစ်ကြတယ်။ ဝယ်ထားပြီးရင်ကို ရာကြီးပိုင်းတွေ၊
ထောင်ကြီးပိုင်းတွေ ဈေးဖြစ်တာကိုးဗျ။ ပိုက်ဆံ ရတာကတော့ မူလပိုင်ရင် သက်ဆိုင်ရာ အာဏာပိုင်တွေက
ရတာပေါ့” ဟု အောင်ပင်လယ် ဒေသခံက ဆက်ပြောသည်။

သို့သော် ဗိုလ်ချုပ်တင်ငွေ အလယ်ပိုင်းတိုင်းမှူးအဖြစ် မန္တလေး၌ ရှိနေစဉ် လာဘ်စားမှုဖြင့် နာမည်ပျက်
သိပ်မရှိခဲ့ကြောင်း မန္တလေး စာရေးဆရာက ဆိုသည်။

“လုပ်ငန်းရှင်တွေ ပြောကြတာက သူရှိတဲ့ကာလတုန်းက တည်တည်ငြိမ်ငြိမ်နဲ့ ဘာမှ ပြဿနာမရှိဘူးပေါ့။ လာဘ်ပေးလာဘ်ယူမှု သိပ်မရှိဘူးလို့တောင် ကြားဖူးပါတယ်” ဟု သူက ပြောသည်။

နဝတ၊ နအဖ စစ်အစိုးရများ လက်ထက်တွင် စစ်တိုင်းမှူးဆိုသည်မှာ နယ်ဘုရင်များဖြစ်ကြပြီး ခြစားမှု မကင်းကြ
ကြောင်းလည်း ဦးအောင်ကျော်ဇောက ပြောသည်။

ကစထ ၆ ခုရှိရာ ဗိုလ်ချုပ်တင်ငွေ အနားယူသွားသည့်အတွက် ကစထ နေရာ ၃ ခု လစ်လပ်သွားပြီ ဖြစ်သည်။

ဗိုလ်ချုပ်တင်ငွေအပြင် ကာကွယ်ရေးဝန်ကြီး ဖြစ်သွားသည့် ဗိုလ်ချုပ်လှမင်းနှင့် ဒု-ကာချုပ် ဗိုလ်ချုပ်စိုးဝင်းတို့၏
နေရာများလည်း လစ်လပ်နေခြင်း ဖြစ်သည်။

အစိုးရက ရှမ်းမြောက်ပိုင်းကို ဆွေးနွေးရန် ကမ်းလှမ်း
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်တိုးတက်ရေး ပါတီဌာနချုပ်ကို ရက်သတ္တတပတ်ကျော် ပိတ်ဆို့ ဝန်းရံထားသည့် အစိုးရတပ်က တနင်္လာနေ့တွင် ဒေသခံ သံဃာတော် ၂ ပါးကို ဝမ်ဟိုင်းဌာနချုပ်သို့ စေလွှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလာသော်လည်း ပြည့်စုံ လုံလောက်သည့် ကမ်းလှမ်းခြင်း မဟုတ်သည့်အတွက် လက်မခံသေးကြောင်း ရှမ်းတပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ပြောသည်။

“သံဃာတော် ၂ ပါး လွှတ်တာ အကျုံးမဝင်ဘူးလေ။ ဒါကြောင့် ကျနော်တို့ စစ်ခေါင်းဆောင်တွေကလည်း ငြိမ်းချမ်းရေး ဆွေးနွေးချင်ရင် အစိုးရတပ်တွေ ကျနော်တို့ ဌာနချုပ်အနီးက အရင်ဆုံး ဆုတ်ခွာပေးဖို့ တိုတိုတုတ်တုတ်ပဲ ပြန်ပြောလိုက်တယ်” ဟု SSPP ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလှက မဇ္ဇျိမကို ပြောသည်။

SSPP အနေနှင့် ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ်အနီးရှိ ဝမ်ဟိုင်းဌာနအတွင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည်သာမက တပြည်လုံး အတိုင်းအတာထိ ပြည်တွင်းစစ် ရပ်စဲရန် လိုလားကြောင်း ပြောသည်။

ဇူလိုင်လ ၁၁ ရက်မစ၍ှ အစိုးရတပ်က SSPP၏ စစ်တပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ ၁၈ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသအတွင်းရှိ ရွာပေါင်း ၂ဝ ကျော်မှ အထက်တန်းကျောင်းခွဲ တကျောင်း၊ ပရဟိတတကျောင်းနှင့် မူလတန်း ၁၃ ကျောင်းမှ ကျောင်းသူ ကျောင်းသား တထောင်ကျော် ကျောင်း မတက်နိုင်ဘဲ လုံခြုံရာသို့ တိမ်းရှောင်နေရပြီး စာသင်ကျောင်းများကို ပိတ်ထားခဲ့ရသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် ဝမ်ဟိုင်းဌာနချုပ်နှင့် ၁၈ မိုင် ကွာဝေးသည့် ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ပညာရေးမှူးက ကျောင်းများ ပြန်ဖွင့်ပေးရန် ဆရာ ဆရာမများကို ဝမ်ဟိုင်းဌာနချုပ်သို့ စေလွှတ်ပြီး ပြောဆိုသော်လည်း ကျောင်းများ ပြန်မဖွင့်နိုင်သေးပေ။

“ကျောင်းပိတ်တာက ကျနော်တို့ ပိတ်တာ မဟုတ်ဘူးလေနော။ ကလေးတွေရဲ့ ပညာရေးကို သူတို့ တကယ် လိုလားရင် သူတို့တပ်တွေကို အရင် ရုပ်သိမ်းပေးရမယ်။ အဲလိုဆိုရင်တော့ ကျောင်းက အလိုလို ပြန်ဖွင့်သွားမှာပါ” ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။

လက်ရှိတွင် ဝမ်ဟိုင်းဌာနချုပ် အရှေ့တောင်ပိုင်း ၃ မိုင်အကွာ၊ အနောက်ဘက် ၅ မိုင်အကွာတွင် အစိုးရတပ်များ ရောက်ရှိနေပြီး SSPP ဒေသဝန်းကျင်တွင် တပ်ရင်း ၂ဝ ခန့် တပ်စွဲထားကြောင်း SSPP က ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် မြန်မာအစိုးရတပ်က ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် တောင်ပိုင်း ပူးပေါင်း တပ်ဖွဲ့ဝင်များအား စစ်လေယာဉ် နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၁၈ ရက်နေ့နှင့် ၂ဝ ရက်နေ့အတွင်း ပျောက်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ရှမ်းမြောက်နှင့် ပူးပေါင်းရန် စီစဉ်နေသော မဟာမိတ် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်းက ပြောသည်။

ရှမ်းပြည်တပ်မတော်တွင် တောင်ပိုင်း၊ မြောက်ပိုင်းဟူ၍ မရှိတော့ဘဲ တပေါင်းတည်း ဖြစ်သွားပြီ ဖြစ်ကြောင်း ၂ဝ၁၁ မေ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် ၅၃ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲ၌ SSA-S ၏ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး စဝ်ရွက်စစ်က မီဒီယာများကို ပြောဆိုခဲ့သည်။

သို့သော်လည်း လက်တွေ့ အနေအထားအရ လုပ်ငန်းစဉ်ပိုင်းဆိုင်ရာ နောက်ထပ် ဆွေးနွေးစရာ ရှိနေသေးကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောသည်။

၁၉၈၉ ခုနှစ်တွင် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N က ယခင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။

ထို့နောက် အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးရာက လက်မခံသည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကိုင်ဖက SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေး ပါတီကို ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

စစ်ရဲ့သားကောင်မှာ လူတွေချည်းမဟုတ်၊ တိရစ္ဆာန်တွေလည်းပါ
ဂျင်အင်ဒရူး | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၃၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် နယ်စပ်ဒေသများတွင်ဖြစ်ပွားနေသည့် စစ်ပွဲများသည် ကရင်ပြည်သူများကိုဘေးဒုက္ခအန္တရာယ် ကျရောက်စေသည်သာမက ဒေသတွင်းရှိ တောရိုင်း တိရစ္ဆာန်များကိုလည်း တိုးမြှင့်ခြိမ်းခြောက် လာနေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီရင်ခံစာအသစ် တစောင်ကဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က သဘာဝ ဘေးမဲ့တောအဖြစ် ၁၉၈၉ ခုနှစ်က သတ်မှတ်ခဲ့သော မဲကသာ တောကြီးအတွင်း ဆင်ရိုင်းကောင်ရေသည် ခန့်မှန်းခြေ ၁၅ ကောင်အထိ ကျဆင်းသွားခဲ့သည်ဟု ကရင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုလှုပ်ရှားမှုကွန်ရက် Karen Environmental and Social Action Network (KESAN) က ဂျူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါဘေးမဲ့တောအတွင်း နေထိုင်ကြသည့် နောက်ထပ် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၆ဝ ခန့်အနက် သုံးပုံတပုံ ခန့်မှာ မျိုးတုံးပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟုလည်း အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။
မဲကသာ ဘေးမဲ့တောသည် ထိုင်းနိုင်ငံသဘာဝ တောရိုင်း တိရစ္ဆာန် ဥယျာဉ်နှင့် ထိစပ်တည်ရှိပြီး အကျယ်အဝန်း အားဖြင့် ၁၅၆ စတုရန်း ကီလိုမီတာ ရှိသည်။ ကရင်နှင့် မြန်မာ စစ်တပ်များ တိုက်ပွဲဖြစ်လျှင် ထွက်ပြေးနိုင်ရန် အတွက် မြန်မာဘက်ခြမ်းမှ ရွာသားများသည် အမြဲအသင့်ပြင်ထားကြရပြီး သူတို့သည် မကြာခဏပင် ပြည်တွင်း ရွှေ့ပြောင်း နေထိုင်သူ ရွာပုန်းရွာရှောင် ဒုက္ခသည်များ အဖြစ် ကျရောက်ကြရသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။

အတောမသတ် ဖြစ်ပွားနေသော တိုက်ပွဲများသည် ဆင်ရိုင်းကောင်ရေနှင့် အခြား တိရစ္ဆာန်မျိုးစိတ်များ လျော့နည်း ကျဆင်းနေရခြင်း၏ တခုတည်းသော အကြောင်း မဟုတ်ပါဟုလည်း ကီဆန် အစီရင်ခံစာကဆိုသည်။ အမဲလိုက်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ တရားမဝင် သစ်ခုတ်လှဲခြင်း၊ တောပြုန်းစေခြင်းတို့သည်လည်း အဓိကခြိမ်းခြောက်နေသည့် အချက်များဖြစ်သည်ဟု ဆိုသည်။

ရှားပါး တိရစ္ဆာတမျိုးဖြစ်သည့် ဆူမားထရားကြံ့ ဆိုလျှင် ယခုအခါ လုံးဝပျောက်ကွယ် သွားခဲ့ပြီဖြစ်သည် ဟုလည်း ဆိုသည်။ အခြား မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်ရှိသည့် မျိုးစိတ်များမှာ နို့တိုက်သတ္တဝါ ၂၂ မျိုး၊ ငှက်မျိုးစိတ် ၂၃ ခု၊ တွားသွားသတ္တဝါ ၈ မျိုးနှင့် ကုန်းနေ၊ရေနေ သတ္တဝါ ၅ မျိုးတို့ ဖြစ်ကြသည်။

အန္တရာယ် အရှိဆုံး အခြားမျိုးစိတ်များမှာ ကျား၊ အစက်အပြောက်များပါ ကျားသစ်တို့ ဖြစ်ကြသည်ဟု ကီဆန် အစီရင်ခံစာက မြေမြှုပ်မိုင်းကြောင့် သေဆုံးနေသော အရွယ်ရောက်ပြီး ကျားသစ်တကောင်၏ ဓါတ်ပုံနှင့် အတူ ဖော်ပြရေးသားထားသည်။

ကီဆန် အစီရင်ခံစာကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ ကရင်ရွာသားများ ၂ဝဝ၈ ခုနှစ်မေလမှ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလအထိ ကွင်းဆင်းလေ့လာ ပြုစုခဲ့ကြခြင်း ဖြစ်သည်။

ဒေသတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် သူတို့၏ လေ့လာသုတေသနလုပ်ငန်းများ အနှောင့်အယှက် အဟန့် အတား ဖြစ်ခဲ့ရသည်။ “ ဒေသတွင်းလုံခြုံမှု မရှိခြင်းကြောင့် ပညာရပ်ဆိုင်ရာ လေ့လာခြင်း လုပ်ငန်းများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အန်ဂျီအိုများ၏ ဆန်းစစ် လေ့လာခြင်း လုပ်ငန်းများ ကဲ့သို့သော ပြင်ပမှ ဝင်ရောက် စူးစမ်းလေ့လာခြင်း လုပ်ငန်းများကို အထူးတလည် အဟန့်အတား ဖြစ်စေခဲ့သည်" ဟု အစီရင်ခံစာတွင်
ရေးသားထားသည်။

သစ်တောနှင့် သဘာဝသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ကြပါရန်လည်း ကီဆန် အစီရင်ခံစာက ဒေသခံကရင်ပြည်သူများကို တိုက်တွန်း နှိုးဆော်ထားသည်။

“ (ကရင်ယဉ်ကျေးမှုကဲ့သို့သော) ဇီဝမျိုးစုံလင်မှုသည် အပြောင်းအလဲများ ဖြစ်ပေါ်ရေးအတွက် ပြင်ပနိုင်ငံတကာမှဆောင်ရွက်ပေးမည့်သူများ ရောက်ရှိလာသည်အထိ စောင့်ဆိုင်း မနေနိုင်ပါ ” ဟု အစီရင်ခံစာက ဆိုသည်။

“ သစ်တောများ ထိန်းသိမ်းရန်နှင့် ဇီဝမျိုးစုံလင်မှုကို ထိန်းသိမ်းရန်အတွက် ဒေသခံ ပြည်သူများ အနေနှင့် သူတို့ တတ်စွမ်းသမျှ ပါဝင် လုပ်ကိုင်ကြရမည် ဖြစ်သည်။ ထိုသို့ လုပ်ကိုင်ခြင်း မရှိပါက သစ်ထုတ်ခြင်း၊ ဆည်များ တည်ဆောက်ခြင်းနှင့် အခြား စက်မှုလုပ်ငန်းများက သယံဇာတ ထုတ်ယူမှုများကြောင့် ပျက်စီးဆုံးရှုံးရတော့မည် ” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

အစီရင်ခံစာ ပြုစုရခြင်း၏ ရည်ရွယ်ချက်မှာ "ဒေသခံ တိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့ မိရိုးဖလာ သိရှိထားသော အသိပညာများဖြင့် သစ်တောများကို ကယ်တင်ရန် ကြိုးပမ်းခြင်းသည် မိမိတို့နိစ္စဓူဝ လုပ်ဆောင်နေရသော ရှင်သန်ရေးအတွက် အားထုတ်ကြိုးပမ်းမှုများနှင့် အတူတူပဲဆိုသည်ကို သူတို့အား ပြသရန်ပင်ဖြစ်သည် ” ဟု အစီရင်ခံစာတွင် ဆိုထားသည်။

အစီရင်ခံစာကို သုတေသန ရလဒ်များဖြင့် ကျောထောက် နောက်ခံပြု ရေးသားထားခြင်း ဖြစ်ပြီး စစ်ပွဲကို အဆုံးသတ် ကြရန်လည်း အကြံပြုချက်အဖြစ် ရေးသားထားသည်။ သစ်တောများကို ပျက်စီးဆုံးရှုံးစေသည့် သစ်ထုတ်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ ရာဘာပင် စိုက်ပျိုးခြင်းများကို မပြုလုပ်ကြရန်နှင့် အမဲလိုက်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်သည့် ဥပဒေများ ပြဋ္ဌာန်း ကာကွယ်ကြပါရန်လည်း အဆိုပါအစီရင်ခံစာက တိုက်တွန်း အကြံပြုထားသည်။


တပ်တွင်း နှင့် အစိုးရသစ်များအတွင်း အက်ကြောင်းများရှိ
Wednesday, 27 July 2011 15:12 သျှမ်းသံတော်ဆင့်

တပ်တွင်းမိသားစု စားနပ်ရိက္ခာဖြတ်တောက်ခံရမှု၊ တိုင်းရင်းသားဒေသ ရှေ့တန်းစစ်မျက်နှာဖွင့်နေမှု အခြေအနေများကြောင့်စစ်အုပ်စုထိပ် ပိုင်းခေါင်း ဆောင်များအတွင်း သဘောထားမတိုက်ဆိုင်မှုများ ပိုမိုကြီးထွားလာကြောင်း တရုတ်မြန်မာနယ်စပ်နေ နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“သမ္မတ သိန်းစိန် က တဘက်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး နဲ့ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တို့ က တဘက်ပေါ့။ ဘယ်လောက်အထိပြဿနာတက်လဲတော့မသိဘူး။ စစ်ထိပ်သီး သန်းရွှေ လူလွှတ်ပြီး အခြေအနေ ထိန်းသိမ်းရတဲ့အဆင့်တဲ့” - ဟု နီးစပ်သည့် ပုဂ္ဂိုလ်က ပြောပါသည်။

တပ်တွင်းစားနပ်ရိက္ခာဖြတ်တောက်ခံရမှုကြောင့် အမှတ် ၁ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအဝင် အနိမ့် ဆုံး ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်အထိ အရာရှိပေါင်း ၂၀ဝ ကျော် နှုတ်ထွက်စာ တင်ရာ၊ ထို ပြဿနာ များဖြေရှင်းနိုင်ဖို့ သမ္မတသစ်ဦးသိန်းစိန်က ရှေ့တန်းစစ်မျက်နှာဖွင့်မှုအားလုံးရပ်ဆိုင်း ရမည်ဟု ဆို၏။

သို့သော် ဒုသမ္မတ ဦးသီဟ သူရတင်အောင်မြင့်ဦး နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့က တိုင်းရင်းသားများအား ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို ရပ်ဆိုင်း၍မဖြစ်နိုင်ကြောင်း၊ သျှမ်းတပ်နယ်မြေအားလုံးကို သိမ်းပိုက်နိုင်မှသာ ဝ တပ်ဖွဲ့ကို တိုက်ခိုက်ရန်လွယ်ကူမည် ဖြစ်ကြောင်း၊တပ်တွင်းစားဝတ်နေရေး ပြဿနာ အတွက် တရုတ်ထံမှ ချေးငွေရလာ ပါက အားလုံးပြေလည်သွားမည်ဖြစ်ကြောင်း - အချင်းချင်း အချေအတင် ငြင်းခုံကြသည်ဟုဆို၏။

ယခုကဲ့သို့ သမ္မတနှင့် ဒုသမ္မတအကြား မပြေလည်မှုကြောင့် အနားယူနေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြားဝင် အဆုံးအဖြတ်ပေးရကြောင်း၊ ゞင်းက “ ယခုအခြေအနေ၌ လက်ရှိသမ္မတနှင့်ဒုသမ္မတတို့ သူ့နေရာ သူဆက်ရှိသင့်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှုကို ဦးစားပေးသင့်ကြောင်း” ညွှန်ကြားခဲ့ဟည်ဟုအဆိုပါ ပုဂ္ဂိုလ်ကပြောပြသည်။

“သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် ကို သိမ်းပိုက်ဖို့ - အဲဒါတွေနဲ့လဲဆိုင်တယ်။ တိုင်းချုပ်အောင်သန်းထွဋ် အမိန့် အရဆို ၇ ရက်အတွင်း အပြီး တိုက်ရမှာ။ အခုက ၃-၄ ရက်တောင်လွန်လာပြီ။ ရပခ၊ ရမခ၊ ရလခ လက်အောက်ခံ ဘယ် တပ်ရင်းတပ်ဖွဲ့မှ ရှေ့တိုး မတိုက်ဘူး။ တပ်တွင်း ၊အစိုးရသစ်အတွင်းအကွဲအပြဲတွေ ကြောင့် စစ်ရေးအမိန့်အာဏာ မထိ ရောက်တာလဲ ဖြစ်နိုင်တယ်” - ဟု သျှမ်းခေါင်းဆောင် တဦးက လဲ ပြောပါ သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်အုပ်စုထိပ်တန်း အကွဲအပြဲ သတင်းနှင့်ပတ်သက်၍ ဌင်းတို့ရထားသောအချက်အလက်နှင့် ကွင်းဆက်ချိတ်မိကြောင်းဆို၏။ သို့သော် သျှမ်းသံတော် ဆင့်အနေဖြင့် အဆိုပါကိစ္စအသေးစိတ်အား သီးခြားအတည်ပြုနိုင်ခြင်းမရရှိသေးပေ။

ငွေကြေးမတတ်နိုင်၍ မီတာဘောက်စ် ထပ်မလဲချင်ဟု ဒေသခံများပြော
Wednesday, 27 July 2011 17:50 Mo Huang

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဒေသခံများကို လျှပ်စစ်ဦးစီးမှူးက မီတာဘောက်စ်ထပ်မံလဲခိုင်းရာ ငွေကြေးမတတ်နိုင်သော ဒေသခံများကထပ်မလဲချင် ဟု ပြောကြသည်။

“အရင်က ကျမတို့ တရုတ်မီတာဘောက်စ်ကနေ ဗမာမီတာဘောက်စ်ကို တခေါက်လဲထားပြီးပြီ။ ကျမတို့ အတွက်နောက်တခေါက်လဲရမယ်ဆိုရင်တော့ မလွယ်တော့ဘူး။ ကျမတို့မှာ ငွေကြေးမတတ်နိုင်ဘူး လေ” ဟုဒေသခံတဦးကပြောသည်။


ယခင်က မီတာဘောက်စ်တခုလဲလျှင် သုံးသောင်းနှင့်ငါးသောင်းကြားပေးဆောင်ကြရပြီး ယခုမှာ ခြောက် သောင်းမှ ရှစ်သောင်းခွဲအထိ ပေးဆောင်ရမည့် အတွက်ကြောင့်ဖြစ်သည်ဟုဆို၏။

မီတာဘောက်စ်ပြန်လည်လဲလှယ်ရခြင်းမှာ မီတာ မတက်သဖြင့် မီတာခ မရခြင်းကြောင့် ဖြစ်ပြီး ယခုလ မှ စတင်၍ ရပ်ကွက်ဥက္ကဌများထံ မီတာဘောက်စ် လဲလှယ်ရန် စာရင်းသွင်း လက်မှတ်ရေးထိုးနေရပြီဟု ဒေသခံတဦးပြောသည်။

တရုတ်မီတာသုံးစဉ်က လျှပ်စစ်မီတာခ ၁ ယူနစ် ၁၀ဝ ကျပ်ခန့်ပေးဆောင်ရပြီး ဗမာမီတာဘောက်စ်မှ လျှပ်စစ် မီတာခမှာ ၂၅ ကျပ်ပေးဆောင်ရသည်ဟုဆို၏။ သို့သော် လျှပ်စစ်မီးအား မပြည့်သည့်အပြင် မကြာခဏ ပြတ် တောက်သဖြင့်ဒေသခံများမသုံးလိုကြကြောင်း၊ ထို့ထက်သာမက မီတာမတက်သည့် ဗမာမီတာဘောက်စ်ကို မီတာခတက်မည့် ဗမာမီတာဘောက်စ်နှင့်ပင် ပြန်လဲလှယ်ခိုင်းခြင်းဖြစ်ကြောင်း၊ မီတာဘောက်စ်ပြန် လည် လဲလှယ်ခမှာလည်း ဈေးကြီးနေသဖြင့် မတတ်နိုင်ကြခြင်းဖြစ်ကြောင်း သိရ၏။

နမ့်ခမ်းဒေသခံများမှာ ပြီးခဲ့သည့် ၂၀ဝ၉ က တရုတ်မီတာဘောက်စ်မှ ဗမာမီတာဘောက်စ်သို့ တခါလဲလှယ်ခဲ့ ရဖူးသည်။

မြန်မာစစ်တပ်အတွက် ရိက္ခာနှင့် မြင်းကုန်းနှီးများ သင်္ဘောဖြင့်တင်ပို့နေ
Wednesday, 27 July 2011 17:53 သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် အတွင်း ကေအိုင်အေနှင့် မြန်မာ စစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် မြန်မာ စစ်တပ် စားသုံးရန် ရိက္ခာ နှင့် ထောက်ပံ့ရေးပစ္စည်း သယ်ရာတွင် အသုံးပြုသည့် မြင်း ၊လားကုန်းနှီးများ တင်ဆောင် လာသည့် သင်္ဘ࿿ောတစ်စီး ဗန်းမော်ဆိပ် ကမ်းသို့ ယမန်နေ့က ဆိုက်ကပ်လာကြောင်းသိရသည်။

အဆိုပါ သဘောင်္ပေါ် တွင် မြန်မာစစ်သည် အယောက် ၅၀ ခန့်လည်း လိုက်ပါလာကြောင်း ခိုင်လုံသည့် တရုတ်နယ်စပ် စစ်ဘက်သတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မနေ့က ဗန်းမော်ကို ဆိုက်တဲ့သဘောင်္ပေါ်မှာ လားကုန်းနှီးနဲ့ ရိက္ခာတွေပါလာတယ် လားကုန်းနှီးက စစ်ကားတစ်စီးစာ အပြည့်တင်သွားတယ် ဆန်အိတ်နဲ့ရိက္ခာတွေလည်း စစ်ကားတွေနဲ့လာသယ်တယ် စစ်သားကတော့ သိပ်မများဘူး ၅၀ လောက်ပါတယ် ” ဟု ကချင်ပြည်နယ်တွင်း စစ်ပွဲအခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက ဆိုသည်။

ဗန်းမော်မြို့၌ မြန်မာစစ်တပ်၏ အမှတ် ၉၃၃ ဝန်တင်တပ်ရင်း အခြေစိုက်ထားပြီး ゞင်းဝန်တင်တပ်ရင်းမှ မြင်း ၊ လား များဖြင့် တောင်ပေါ်ဒေသရှိ စစ်အခြေစိုက်စခန်းများသို့ လက်နက်ရိက္ခာများ ပို့ဆောင်နိုင်ကြောင်း သိရသည်။

ယခင်ကလည်း မန်မာစစ်တပ်များ သဘောင်္ဖြင့်ပို့ဆောင်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး မြန်မာစစ်တပ်မှ ကေအိုင် အေအပေါ် ထိုးစစ်ဆင်မည့် အသွင်ဆောင်နေရာ ဒေသတွင်း စစ်ပွဲပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းသိရသည်။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့နှစ်ဘက်တိုက်ပွဲများယမန်နေ့ အထိဆက်တိုက် ဖြစ်ပွားနေကြောင်း သိရသည်။
၁၃ နှစ်ကလေးအား မြန်မာတပ်မှ ရှေ့တန်း သတင်းယူရန် အဓ္ဓမ အသုံးချ
Wednesday, 27 July 2011 14:41 KNG
မြန်မာစစ်တပ် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)က နိုင်ငံမြောက်ပိုင်း ယခုကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ဖြစ်သောစစ်ပွဲတွင် အသက် ၁၃နှစ် ယောက်ျားလေးအား ရှေ့တန်းသတင်းအချက်အလက် ရယူရာတွင် အဓ္ဓမအသုံးချကြောင်း သိရသည်။

ကချင်ပြည်နယ်အရှေ့ဘက် ချီဖွေမြို့ စရဖ က ထို ကလေးကို ချီဖွေမြို့အနောက်မြောက်ပိုင်းတွင် အခြေစိုက်သည့် KIA တပ်မဟာ ၁ အောက် တပ်ရင်း ၁၀ ၏ စစ်ရေးလှုပ်ရှားမှု သတင်းဓါတ်ပုံများကို အတင်းရိုက်ယူခိုင်းခဲ့သည်ဟု ကလေးမိဘများပြောသည်။

ဇူလိုင် ၂၆၊ အင်္ဂါနေ့က ချီဖွေအနီး ချန်းဇော်(Chang Zaw)ကျေးရွာ နှင့် ဒမူ(Damu)ကျေးရွာ ကြား တံတားတစ်ခုအခြေအနေကိုသိရှိရန် စရဖ မှ ကလေးငယ်အား ဓါတ်ပုံကင်မရာပေးကာ သတင်းယူစေသည်ဟု ဆိုသည်။

ထိုနေ့ မနက် ၈ နာရီကျော် ယင်းတံတားသို့ ရောက်ရှိစဉ် KIA၏ သတိပေး ပစ်ခတ်မှုတွင် ကလေးငယ် ဒဏ်ရာရရှိသွားပြီး ၎င်းအား ချီဖွေဆေးရုံသို့ မိဘများ သယ်ယူသွားသည်ဟု ကလေးမိဘနှင့် ရင်းနှီးသူများ ပြောသည်။

“ကလေးကို အဲလိုခိုင်းတဲ့လူတွေကို စိတ်နာတယ်။ ကလေးကို သွားလည်း မသယ်ကြဘူး။ ဆေးလည်း ကု မ ပေးကြဘူး။ ကလေးက သေတော့မလို ဝေဒနာခံစားနေရပြီ ချီဖွေဆေးရုံမှာ။” ဟု ကလေးမိဘများနှင့် နီးစပ်သူ ချီဖွေဒေသခံ တစ်ဦးပြောသည်။

မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား စစ်ဖြစ်နေသည့်အခြေအနေကြောင့် ချီဖွေ ဒေသခံများမှာ ကြောက်ရွံ့စွာ နေထိုင်နေရသည်ဟု ဆိုသည်။

“စရဖတွေက သတင်းသွားစုံစမ်းဖို့ မ လုပ်ရဲကြ။ လုံခြုံရေးယူဖို့ကြတော့လည်း မ လုပ်ရဲကြနဲ့ ပြည်သူတွေကို ဒီလို လုပ်ခိုင်းနေကြတယ်။” ဟု ဒေသခံတစ်ဦးလည်း ပြောသည်။

ဇူလိုင် ၂၅ ရက်တွင်လည်း မြန်မာစစ်တပ် ငါးဦး (ငဦး) အခြေစိုက် ခလရ (၁၂၁)နှင့် KIA တပ်ရင်း (၁၀)ကြား ချီဖွေ အနီးတွင် တိုက်ပွဲဖြစ်ခဲ့သေးသည်။

ကားမိုင်းတိုက်ပွဲတွင် မြန်မာစစ်သား ၄ ဦးသေ၊ ၁၂ ဦးကျော် ဒဏ်ရာရ
Wednesday, 27 July 2011 09:52 KNG
ကချင်ပြည်နယ် နမ္မတီး-ဖားကန့် လမ်းမကြား ကားမိုင်းအနီး ငါးပေါက်ကုန်းတွင် မြန်မာစစ်ကား နှစ်စီးအား KIA တပ်မဟာ (၂) အောက် တပ်ရင်း (၆)မှ ဇူလိုင် ၂၆၊ အင်္ဂါနေ့ ညနေ ၆ နာရီကျော်ချိန် တိုက်ခိုက်မှုကြောင့် အစိုးရ စစ်သား ၄ ဦးသေဆုံးပြီး ၁၂ ဦးကျော် ဒဏ်ရာရရှိကြောင်း KIA တပ်မဟာ ၂ အရာရှိများ အတည်ပြုပြောသည်။

ယင်း စစ်ကားနှစ်စီးတွင် တစ်စီးမှာ စစ်လက်နက်ရိက္ခာတင်ဆောင်ထားပြီး ကျန်တစ်စီးတွင် စစ်သားများ တင်ဆောင်ကာ ဖားကန့်တက်လာစဉ် ယခုကဲ့သို့ လမ်းခုလတ်တွင် ကြားဖြတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် ဆားမှော်နယ်မြေခံ ခလရ (၁၀၅) ဖြစ်သည်ဟု KIA ကဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်
2011-07-27 RFA

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းလားမြို့ အခြေစိုက် ခလရ (၃၂၅) စစ်ကြောင်းနဲ့ SSA ရှမ်းပြည် မြောက်ပိုင်း တပ်တို့ ဒီကနေ့ နေ့လည်ပိုင်းမှာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး SSA (မြောက်ပိုင်းတပ်) ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက RFA ကိုပြောပါတယ်။ “ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ထဲကပေါ့။ မိုင်းလားဆိုတာ သူတို့တပ်စခန်းရှိတယ်။

အဲဒီတပ် ခလရ (၃၂၅) ချီတက်နေတုန်း ကျနော်တို့က ချုံခို တိုက်တယ်။ အဲဒီ ခလရ (၃၂၅) နဲ့ ကျနော်တို့ SSA တပ်မဟာ ၃၆ လက်အောက်ခံ တပ်နဲ့ ဒီနေ့နေ့လည် ၁၂ နာရီခွဲကနေ ၁ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်ခင်ဗျ။ ခလရ (၃၂၅) က တယောက်ကျတယ်။ ၅ ယောက်လောက် ဒဏ်ရာရတယ်။ ကျနော်တို့ဖက်က ထိခိုက်မှု မရှိဘူး” အဲဒီ တိုက်ပွဲဟာ ရှမ်းပြည် အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်နမိတ် ဒေသမှာဖြစ်ပြီး အစိုးရတပ်သား အကျအဆုံးနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြု နိုင်သေးပါဘူး။

SSA မြောက်ပိုင်းတပ်ရဲ့ ၀မ်ဟိုင်း ဌာနချုပ်ကို မြန်မာအစိုးရ တပ်တွေ ၀ိုင်းထားချိန်မှာ SSA တပ်တွေနဲ့ အစိုးရတပ် နှစ်ဖက်ကြား ကြိုကြားကြိုကြား တိုက်ပွဲငယ်တွေ ဖြစ်ပွားနေကြောင်း သိရပါတယ်။


ကေအိုင်အိုနဲ့ မြန်မာအစိုးရတပ်တွေ ထပ်မံတိုက်ခိုက်
2011-07-27 RFA

မြစ်ကြီးနားကနေ ဖားကန့်ကျောက်စိမ်းတွင်း ဒေသကို သွားတဲ့လမ်းမှာ မနေ့ညနေက ကေအိုင်အိုနဲ့ မြန်မာအစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။
ကျောက်စိမ်းတွင်း ဒေသမှာ အခြေစိုက်ထားတဲ့ ကေအိုင်အို တပ်ရင်း ၆ နဲ့ မြန်မာအစိုးရ ဆားမှော် အခြေစိုက် ခလရ ၁၀၅ တပ်ရင်းတို့ မနေ့ ညနေမှာ မြစ်ကြီးနားကနေ ဖားကန့် သွားလမ်းမှာရှိတဲ့ ကာမိုင်းမြို့အနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဖားကန့်ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ ၆ နာရီ ၂၅ မှာ ဖြစ်တာကတော့ ကာမိုင်းအ၀င်မှာ သူတို့ စစ်ကြောင်း တက်လာတာကို ကြားဖြတ် ၀င်တိုက်တယ်။ အင်အားက ၄၀ ကျော်လောက်ပဲ ရှိတယ်လို့ပြောတယ်။ ၄ ယောက်သေတယ်။ ၁၅ ယောက် ဒဏ်ရာရသွားတယ်။ ကား ၂ စီးနဲ့ တက်လာတာ။ ကားပေါ်မှာ ပစ္စည်းတင်ပြီး လူက လမ်းလျှောက် လာတာ။ အဲဒီလိုမျိုး တက်လာတာကို ကြားဖြတ် ပြောက်ကျားလုပ်ကြတာပေါ့။ အဲဒီမှာ ၂ ယောက်သေတယ်။ ၁ ယောက်က ဒဏ်ရာပြင်းတယ်” ဒီကိစ္စနဲ့ပတ်သက်လို့ ကေအိုင်အို တပ်ရင်း ၆ က အရာရှိတွေက အတည်ပြုပေမဲ့ အသေးစိတ် ပြောဆိုတာ မရှိပါဘူး။

နှစ်ဖက် စစ်ရေးအရ တိုက်ခိုက်တာတွေ ဖြစ်လာတာက တကြောင်း၊ မိုးရာသီ ရောက်နေတာက တကြောင်းကြောင့် ဖားကန့် ကျောက်စိမ်းဒေသမှာ အရောင်းအ၀ယ်တွေလည်း ရပ်တန့် သလောက်ဖြစ် သွားတယ်လို့လည်း ဖားကန့်ဒေသခံက ပြောပါတယ်။

အမေ့အိမ် စာသင်ကျောင်း တကျောင်း ထပ်မံဖွင့်လှစ်
2011-07-27 RFA

ရပ်ကွက် အာဏာပိုင်တွေ နဲ့ ညှိနှိုင်းပြီး အမေ့အိမ် စာသင်ကျောင်း တကျောင်းကို ဒေါပုံမြို့နယ်အတွင်း ဒီကနေ့ ဖွင့်လှစ် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက ဒေါပုံမြို့နယ် NLD အဖွဲ့ဝင်တွေနဲ့ လူငယ်ကွန်ယက်အဖွဲ့ တို့ ပူးပေါင်းပြီး ဒေါပုံမြို့နယ် ဆင်မလိုက် သင်္ဘောကျင်းအနီးမှာ အမေ့အိမ် စာသင်ကျောင်းတခုကို ဖွင့်လှစ် နိုင်ခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ အဆိုတော်တွေလည်း ပါဝင်ကူညီခဲ့တယ်လို့ အဆိုတော် ကိုရဲလွင်က ပြောပါတယ်။ “ကျနော်တို့ကတော့ ဖွင့်ပွဲကို သွားပြီးတော့ ကူညီတာပါပဲ။ သူတို့က ဖဲကြိုးဖြတ်ပြီး ဖွင့်ကြပါတယ်။ ကိုဖြိုးမင်းသိန်းလည်း ပါတယ်ခင်ဗျ။ ကျနော်တို့ကတော့ အဲဒီပွဲကို မျက်နှာသွားပြတယ်။ သီချင်းလေးတွေဆိုကြတယ်။ ကိုသားထွေးပါတယ်။ ကိုတိုးမြင့်ပါတယ်။

ညီညီလွင်ပါတယ်” ဒေါပုံမြို့နယ်အတွင်း ကျောင်းဖွင့်လှစ်ဖို့ စတင် ဆောက်လုပ်ချိန်မှာ အာဏာပိုင်တွေက မေးမြန်း တာတွေ လုပ်ခဲ့ပေမဲ့ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့တာကြောင့် ကျောင်းဖွင့်ခွင့် ရတာဖြစ်တယ်လို့ လူငယ် ကွန်ယက်တာဝန်ခံ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

ဒီကျောင်းမှာ ရပ်ကွက်တွင်း နေထိုင်တဲ့ သူငယ်တန်းကစပြီး ဒဿမတန်းအထိ ကျောင်းသား ကျောင်းသူတွေကို စေတနာ့ဝန်ထမ်း ဆရာ ဆရာမတွေက အခမဲ့သင်ကြား ပေးမှာဖြစ်ပါတယ်။ အခုဖွင့်လှစ်တဲ့ ကျောင်းမှာ တက်ရောက်ဖို့ ကျောင်းသူကျောင်းသား ၅၀ကျော် စာရင်းပေးထားပြီးပြီလို့ သိရပါတယ်။




 

No comments: