Wednesday, July 27, 2011

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, 27 ဇူလိုင် 2011

ဒီသီတင်းပတ်အစီအစဉ်မှာ ထိုင်းနိုင်ငံရေးလောကမှာ လုပ်ကိုင်ကြပုံတွေနဲ့ မြန်မာ့နိုင်ငံရေးကို နှိုင်းယှဉ်ချက်၊ မြန်မာနိုင်ငံ တိုးတက်ရေး မျှော်လင့်နိုင်သေးသလားဆိုတဲ့ မေးခွန်း၊ ဧရာဝတီမြစ် ပြုပြင်ထိန်းသိမ်းရေးကိစ္စ၊ ပြည်တွင်းစစ်မီး ငြိမ်းသတ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ဘာတွေလုပ်ကြမလဲဆိုတာတွေနဲ့ ပတ်သက်တဲ့ မှတ်ချက် မေးခွန်းတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေကို ကြားကြရမှာဖြစ်ပါတယ်။


ကျောက်မဲအကျဉ်းသားဆိုသူ သောတရှင်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ သူ့လူတွေရဲ့ လုပ်ဆောင်ပုံတွေကို ထောက်ပြပြီး မှတ်ချက်ပေး ရေးပို့လာတဲ့စာမှာတော့ -

မေး။ ။ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ထိုင်းပြည်သူအများစုက ထောက်ခံကြတဲ့ နိုင်ငံရေး ခေါင်းဆောင် တယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူ့လက်ထက် တိုင်းပြည်ကို အုပ်ချုပ်ပုံများဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်များကြောင့်လို့ ယူဆကြတဲ့ ထိုင်းဘုရင့်အသိုင်းအဝိုင်းနဲ့ တပ်မတော် ခေါင်းဆောင်တွေက ထိုင်းနိုင်ငံ အနာဂတ်ကောင်းစားရေးအတွက် ရည်ရွယ်ပြီး စစ်အာဏာသိမ်းပြီး သူတို့ စိတ်ကြိုက် ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲခဲ့ပါတယ်။

သက်ဆင်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်များသာမက သူတို့ နိုင်ငံရေးပါတီကိုပါ ရွေးကောက်ပွဲ ဝင်ရောက်ခွင့်မပြုခဲ့ဘဲ သူတို့ကို နိုင်ငံရေးထဲကနေ နှစ်အချို့ အကန့်အသတ်နဲ့ ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် သက်ဆင်တို့ နိုင်ငံရေး အုပ်စုက စစ်တပ်ကဦးစီးရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူ့ကိုယ်စားလှယ်များနဲ့ ရေးဆွဲ ထားတာမဟုတ်လို့ တရားမဝင်ဘူးလို့လည်း မပြော၊ ပါတီကိုဖျက်သိမ်းခံရလို့ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လည်းမဆိုဘဲ ဥပဒေက ခွင့်ပြုထားတဲ့အတိုင်း နောက်ထပ် ပါတီသစ်ထူထောင်၊ နိုင်ငံရေးလုပ်ခွင့်ရှိသူတွေက ဆက်လုပ်ပြီး ပြည်သူကို အကျိုးရှိစေမယ့် ရည်မှန်းချက်တွေချပြပြီး ရွေးကောက်ပွဲဝင်ခဲ့ကြတော့ သက်ဆင်ကိုယ်တိုင် ရွေးကောက်ပွဲမှာ မပါဝင်ရပေမယ့် မဲအပြတ်နဲ့ နိုင်ခဲ့တာပါပဲ။

ကျနော်တို့ တိုင်းပြည်မှာလည်းပဲ NLD က ပြည်သူလူထုရဲ့ထောက်ခံမှုကို တကယ်ယုံကြည်တယ်၊ ရွေးကောက်ပွဲ အနိုင်ရမယ်လို့ ယုံကြည်တယ်ဆိုရင် မည်သည့်ပုဂ္ဂိုလ်ကိုပဲ ဝိုင်းပယ်ထားထား၊ ပညတ်တရားတွေအပေါ် အာရုံမထားဘဲ ပြည်သူကို အလုပ်အကျွေးပြုမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဝင်ရောက်ယှဉ်ပြိုင်သင့်ပါတယ်။ ရွေးကောက်ပွဲကြီးကို မမီတော့ပေမယ့်လည်း အခုကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ဖြစ်အောင် ဝင်စေချင်ပါတယ်။

ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယက ဆွန်နီယာဂန္ဒီလို ကိုယ်က ဝန်ကြီးချုပ်ဖြစ်ဖို့ကို အဓိက မထား၊ တိုင်းပြည် ကောင်းစားဖို့သာ အဓိကထားတဲ့ နိုင်ငံရဲ့ခေါင်းဆောင်တယောက်ဖြစ်လာနိုင်ပြီး ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးကိုလည်း အောင်အောင်မြင်မြင်နဲ့ အုတ်မြစ်ချနိုင်မှာပါ။ ဒီလိုနည်းနဲ့ တဖြည်းဖြည်း ကျနော်တို့လိုချင်တဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကို ရလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို တဖြည်းဖြည်း ပြန်လည်စဉ်းစားစေချင်ပါတယ်။

ဖြေ။ ။ တနိုင်ငံနဲ့တနိုင်ငံ အခြေအနေတွေဆိုတာ မတူတတ်ပါဘူး။ ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မြန်မာနိုင်ငံ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း မတူပါဘူး။ နိုင်ငံရေးဖြစ်စဉ်နဲ့ အခြေအနေတွေကလည်း အများကြီး ကွာခြားပါတယ်။ မြန်မာနိုင်ငံနဲ့ အိန္ဒိယဆိုတာကလည်း နိုင်ငံရေးစနစ် လုံးဝကွာခြားပါတယ်။ ဖြစ်စဉ်တွေကလည်း တူတာတောင်မှ မရှိသလောက်ပါပဲ။ ဒါ့ကြောင့်မို့ တနိုင်ငံရဲ့ဖြစ်ရပ်အပေါ်မှာအခြေခံပြီး နောက်တနိုင်ငံမှာ ဘယ်လို လုပ်သင့် လုပ်ထိုက်တယ် ဆိုတာကို ဆုံးဖြတ်လို့ မရပါဘူး။ လူတိုင်းလူတိုင်းကတော့ သူ့အမြင်နဲ့သူ ရှိကြမှာပါ။

မျှော်လင့်ချက်မဲ့ စိတ်ဓာတ်ကျနေတဲ့ မကွေးမြို့နယ်၊ လယ်ယားရွာသား၊ ကိုဝင်းသူကတော့ နိုင်ငံတိုးတက်ရေး မျှော်လင့်ချက်လေး ရှိနိုင်ပါဦးမလားလို့ မေးလာပါတယ်။

မေး။ ။ ဒီတိုင်းပြည်က နိုင်ငံရေးအကြောင်း အဓိကထားရေးနေတဲ့ မီဒီယာသမားတွေက အစိုးရလုပ်ရပ်တွေကို နိုင်ငံတကာက ကျော်ကြားတဲ့ စာရေးဆရာတွေရဲ့စာတွေနဲ့ တူတယ်ပြောပြီး ဖားနေကြတယ်။ အဲဒါကို ကျွန်တော်လည်း ပါပြီး ရွေးကောက်ပွဲကို တော်တော်လေး မျှော်လင့်ခဲ့မိတယ်။ အခု အစိုးရသစ်ရဲ့ လုပ်ရပ်တွေကလည်း တော်တော်လေး မျှော်လင့်စရာ ဘာမှမရှိတော့ဘူး ထင်တယ်။

အဲဒီတော့ ကျွန်တော်တို့နိုင်ငံရဲ့ တိုးတက်လာမယ့် အပြောင်းအလဲကို ကျွန်တော်တို့ပြည်သူတွေအနေနဲ့ မျှော်လင့်လို့ ရနိုင်ပါသေးလား။ အဲဒီကိစ္စနဲ့ပဲ ကျွန်တော့်မှာ တွေးမိတိုင်း စိတ်ဓာတ် တော်တော်ကျမိတယ်။

အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ နေရာတကာမှာကိုပဲ တရုတ်တွေ များနေပြီ။ သူတို့သိမ်းတာ ခံရတော့မယ်နဲ့ တူတယ်။ အခုတော့ အစိုးရနဲ့ပတ်သတ်သူတွေက များသေးတော့ အုပ်ချုပ်ရေးကို လုပ်နေနိုင်ပြီး နောက်ကျလို့ သိပ်မစွမ်းတော့တဲ့အချိန်မှာ တရုတ်တွေအုပ်သွားမှာကို တော်တော်လေး စိတ်ပူနေမိတယ်။

အဲဒီလို အတွေးတွေ တွေးတိုင်းမှာ စိတ်ဓာတ်တွေကျသွားတာ ဘာမှကို မလုပ်ချင် မကိုင်ချင်တော့သလိုပဲ။ လူဖြစ်ရတာတောင် ကြောက်လာတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံ တကယ် တိုးတက်လာဖို့ ဘာကို မျှော်လင့်လို့ရမလဲ၊ ဒီလိုပဲ အရှုံးပေးလိုက်ရတော့မလား၊ ကျွန်တော်တို့ ဘာကို မျှော်လင့်လို့ရသေးလဲ။ စိတ်ချမ်းသာစရာ တကယ့် အဖြစ်မှန်လေးကို ပြောပေးပါလို့။

ဖြေ။ ။ ထိန်ထိန်လင်းပြီး အမှောင်ထုကို ခွင်းနိုင်မယ့် မီးလျှံကြီးတခု ဖြစ်ပေါ်အောင် မလုပ်နိုင်သည့်တိုင် ဖယောင်းတိုင်လေးတချောင်းတော့ ထွန်းလို့ရပါတယ်ဆိုတဲ့ ရှေးအဆိုတခု ရှိပါတယ်။ အမေက ဒီစကားကို ဖြည့်စွက်ပြီး ပြောရမယ်ဆိုရင် ဖယောင်းတိုင်လေးများစွာရဲ့ အလင်းဟာ မီးလျှံကြီးတခုရဲ့အလင်းနဲ့ ယှဉ်နိုင်ရုံမက အန္တရာယ်လည်း ပိုပြီးတော့ နည်းသေးတယ်လို့တောင် မြင်ပါတယ်။

ဒါ့ကြောင့် ကိုယ်မလုပ်နိုင်တာတွေအတွက် စိတ်ဓာတ်ကျမနေပါနဲ့။ ကိုယ့်ရပ်ကိုယ့်ရွာက အစပြုပြီး ကိုယ့်တိုင်းပြည်အတွက် အကျိုးပြုမယ့် အလုပ်ကလေးတွေ စဉ်းစားပြီးတော့ လုပ်စေချင်ပါ တယ်။ ဥပမာ - အမေတို့ လူငယ်ကွန်ယက်ထဲမှာဆိုရင် သွေးလှူတဲ့အဖွဲ့၊ ကလေးတွေကို အခမဲ့ ပညာသင်ပေးတဲ့ အဖွဲ့တွေ ရှိသလို NLD ရုံးမှာလည်း အမေတို့ လူငယ် လူလတ် လူကြီးတွေ အားလုံး အရည်အချင်းမြင့်မားစေဖို့ သင်တန်းတွေ မကြာခန ပို့ချပါတယ်။ အခုလောလောဆယ်မှာ နိုင်ငံခြားက ပညာရှင်နှစ်ဦးက တပတ်ကြာ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေးသင်တန်းတွေ ပို့ချပေးနေပါတယ်။
ဒီလိုနည်းတွေနဲ့ အမေတို့ လက်လှမ်းမီရာ တိုင်းပြည်ကောင်းကျိုးအတွက် လုပ်နေရသလို သားတို့လည်း ကြိုးစားပြီးတော့ လုပ်ကြည့်စေချင်ပါတယ်။

အိမ်နီးနားချင်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အမေတို့နိုင်ငံအကြား စိတ်ပျက်စေမယ့်ကိစ္စတွေ ပြေလည်စေဖို့လည်း အများက လိုလားနေတာကြောင့် ဒါအတွက်လည်း လိုလားမှုနဲ့ကိုက်ညီတဲ့ ကြိုးပမ်းမှုတွေ လိုအပ်ပါတယ်။
သား စိတ်ဓာတ်မကျပါနဲ့။ သိပ် စိတ်ဓာတ်ကျနေရင်လည်း NLD ရုံးကို အလည်လာခဲ့ပါ။ စိတ်အားဖြည့်ပေးမယ့်သူတွေနဲ့ တွေ့ရပါလိမ့်မယ်။

ဧရာဝတီမြစ်ကြီး တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံဉာဏ်ကို တောင်းခံပြီး မေတ္တာရပ်ခံပန်ကြားထားသူကတော့ မနှင်းနှင်းဆိုတဲ့ သောတရှင်ပါ။

မေး။ ။ ချစ်ခင်လေးစားရပါသော အန်တီစုရှင့်၊ ပုဂံဘုရားဖူးခရီးစဉ်ကနေ ပြန်လာတုန်းက Friends of Bagan ဆိုတာမျိုး ဖွဲ့ပြီး ပုဂံဒေသကို ထိန်းသိမ်း ပြုပြင်တည်ဆောက်ရေး လုပ်ဖို့ပြောတာ ကြားလိုက်ရပါတယ်။ ဒီရက်ပိုင်းသတင်းတွေမှာ ဧရာဝတီမြစ်ကြီးနဲ့ပတ်သက်ပြီး ဧရာဝတီမြစ် အတော်လေး ပျက်စီးနေပြီလို့ ပြောတာတွေလည်း ကြားရပါတယ်။

ဧရာဝတီဆိုတာ သမီးတို့နိုင်ငံရဲ့ အသက်သွေးကြော အဓိကမြစ်ကြီးဆိုတာ လူတိုင်းအသိပါ။ ဧရာဝတီကို ပြုပြင် ထိန်းသိမ်း ကယ်တင်နိုင်ရေးအတွက်လည်း တိုက်တွန်းပြောဆိုပေးပါဦးလို့ သမီး မေတ္တာရပ်ခံချင်ပါတယ်ရှင်။ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အန်တီစုရဲ့ အကြံပေးချက်ကိုလည်း သိချင်ပါတယ်။

ဖြေ။ ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အန်တီလည်း ဧရာဝတီမြစ် ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ ပန်ကြားလွှာတခု ပြင်ဆင်နေပါတယ်။ အခုရက်ပိုင်းအတွင်း ထုတ်ပြန်နိုင်မယ်လို့ ထင်ပါတယ်။ ဒီမှာတော့ ခပ်တိုတိုပဲပြောရမယ်ဆိုရင် ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်တွေအပေါ် မူတည်ပြီး ပြည်သူပြည်သားတွေက တတ်နိုင်တဲ့နေရာကနေ ဝိုင်းဝန်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

တခြား ကူညီနိုင်တဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ၊ ပုဂ္ဂိုလ်တွေလည်း ပါဝင်မယ် ဆိုလို့ရှိရင်တော့ ပိုပြီးတော့ ကောင်းပါလိမ့်မယ်။ ပန်ကြားလွှာ ထုတ်ပြန်ပြီးတဲ့အခါမှ အကြံဉာဏ်အချို့ကိုလည်း ထုတ်ပြန်ဖို့ အစီအစဉ်ရှိပါတယ်။

Gold Lion ဆိုတဲ့ နာမည်နဲ့ စာရေးလာသူ သောတရှင်က လူမျိုးစုဒေသတွေဘက်က စစ်ပွဲတွေအပြင် မြစ်ဆုံ ရေကာတာစီမံကိန်းကိစ္စ စိုးရိမ်စွာ မေးထားပါတယ်။

မေး။ ။ အမေ့အနေနဲ့ နယ်စပ်ဒေသကထိုးစစ်တွေကို ရပ်သွားအောင် ပြောပေးပါဦးဗျာ။ လူပေါင်းများစွာရဲ့ သွေးတွေ မျက်ရည်တွေနဲ့ ရင်းနှီးနေရလို့ပါ။ အမေပြောလို့မရရင် နိုင်ငံတကာကို ပြောခိုင်းသင့်တယ်လို့ ထင်ပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်းကိုလည်း ရပ်ခိုင်းသင့်ပါတယ်။

အလွန်အန္တရာယ်များပြီး ကြောက်စရာကောင်းလို့ပါ။ လူပေါင်းများစွာ ဒုက္ခရောက်ရမှာစိုးလို့ပါဗျာ။ အမေစုကော ဘယ်လိုထင်ပါသလဲခင်ဗျာ။ အတိုင်းအတာတခုထိတော့ အမေစု လုပ်နိုင်မယ် ထင်ပါတယ်။ အမေစု ကျန်းမာပါစေ ချမ်းသာပါစေဗျာ။

ဖြေ။ ။ အမေလည်း ပြည်တွင်းစစ် ငြိမ်းချမ်းရေးကိစ္စနဲ့ မြစ်ဆုံရေကာတာစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ထိန်းသိမ်းရေးကိစ္စတွေနဲ့ပတ်သက်ပြီး ပန်ကြားလွှာတွေကို ရက်ပိုင်းအတွက် ထုတ်ပြန်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီကိစ္စတွေဟာ သားပြောသလိုပဲ တနိုင်ငံလုံးက အလေးထား ချဉ်းကပ်ရမယ်ဆိုတာကို အပြည့်အဝ ထောက်ခံပါတယ်။ ဒါကြောင့်မို့လို့ ပန်ကြားချက်တွေ ထုတ်မှာပါ။ NLD ဝက်ဘ်ဆိုက်တ်ပေါ်မှာလည်း တင်ပါမယ်။ အဲဒီ အခါကျလို့ရှိရင် သား အသေးစိတ် သိရပါလိမ့်မယ်။

ကိုယ်တိုင်က တပ်မတော်သားတဦးဖြစ်ခဲ့တာကြောင့် အခုဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေရဲ့ ဂယက်အပေါ် ရတက်မအေးစွာ ပြောဆိုထားပြီး ပြည်တွင်းစစ်မီးကို ဘယ်လိုငြိမ်းသတ်ကြမလဲ ဆိုတာကိုတော့ ရွှေပြည်သာ မြို့နယ်က တပ်မတော်သားဟောင်းကြီး ဦးလှစိန်က မေးထားပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား၊ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဦးစွာပထမ ဆုတောင်း မေတ္တာ ပို့သပါတယ်။

ကျနော်က အသက် ၇၀ အရွယ် တပ်မတော်သား အငြိမ်းစားတဦးပါ။ အငြိမ်းစားဆိုတဲ့ စကားအတိုင်း ငြိမ်းပြီးတော့တော့ စားမနေနိုင်ပါဘူး။ ရုန်းနေ ကန်နေရတုန်းပါပဲ။ ထားပါတော့လေ။ ကျနော်ပြောချင်တာ အဲဒါမဟုတ်ပါဘူး။ အခု ကချင်ပြည်၊ ရှမ်းပြည်ဘက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်လိုဖြစ်နေတဲ့သတင်းတွေ ကြားရလို့ အတော်လေး စိတ်မချမ်းမမြေ့ ဖြစ်မိလို့ပါ။

ကိုယ်တိုင် လက်နက်ကိုင်ပြီး တိုက်ခဲ့ရသူမို့ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ကိုယ်တိုင်သိခဲ့ရသူဖြစ်တော့ နှစ်ဖက် တပ်ဖွဲ့ဝင်တွေ ဘယ်လိုဖြစ်နေကြမယ်၊ အထူးသဖြင့် ဒေသခံလူထုတွေ ဘယ်လောက် ဘေးဒုက္ခရောက်နေကြမယ်ဆိုတာ တွေးမိတိုင်း စိတ်ထဲ နင့်နေအောင် နာရပါတယ်။

ဒီပြည်တွင်းစစ်မီးကြီး အဆုံးသတ်အောင် ဘာတွေလုပ်ကြမလဲခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော ဘာတွေ စဉ်းစားမိပါသလဲ။ ပြည်တွင်းစစ်မီး တောက်လောင်နေသရွေ့ တိုင်းပြည်ရှေ့ရေး ကောင်းဖွယ်မမြင်တာကြောင့် ဝိုင်းဝန်း အဖြေရှာဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ဖြေ။ ။ တပ်မတော်သားဟောင်းတယောက်က ငြိမ်းချမ်းရေးကို လိုလားတန်ဖိုးထားတဲ့စိတ်နဲ့ ထက်ထက်သန်သန် ပြောဆိုတာဟာ ကျမတို့အတွက် အင်မတန်မှ လေးစားစရာ၊ အားရစရာဖြစ်ပါတယ်။ လွတ်လပ်ရေး ရကတည်းက ပြည်တွင်းစစ်မီး လုံးဝ ငြိမ်းတယ်ရယ်လို့ မရှိရသေးတဲ့ ကျမတို့ တိုင်းပြည်အတွက် နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ညီအကိုမောင်နှမများ သောကဖြစ်ရသလို ကျမလည်း သောကဖြစ်ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားအချင်းချင်း မြန်မာ့တပ်မတော် အပါအဝင် ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစောင် ထုတ်ပြီးဖြစ်ပါတယ်။ အခြေအနေတွေက တိုးတက်မှုမရှိသေးတာကြောင့် အားလုံး ကိုယ်တတ်နိုင်သမျှ လုပ်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းငြိမ်းချမ်းချမ်း ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပန်ကြားချက်တစောင်ထုတ်ဖို့ ကျမ ပြင်ဆင်နေပါတယ်။

ဦးလှစိန်လိုပဲ အခြား တပ်မတော် ဝန်ထမ်းဟောင်းတွေ၊ လက်ရှိဝန်ထမ်းတွေနဲ့ ပြည်သူတွေ ဝိုင်းဝန်းပြီး ငြိမ်းချမ်းရေးဖြစ်မြောက်ဖို့ တတ်နိုင်တဲ့နည်းနဲ့ လုပ်ဆောင်ကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။

အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေသောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေ အီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။




 

No comments: