Tuesday, July 19, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဇူလိုင်လ ၂၀ ရက်)


အာဇာနည်ဗိမာန်သို့ သွားရောက်သူ များပြား
လင်းသန့် Tuesday, 19 July 2011 17:22

ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၂၀၀၀ ကျော်တို့ ယနေ့ နေ့လယ် ၁၂ နာရီ ခန့်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရ၀ပြုကြသည်။

အာဇာနည်ဗိမာန် ၀န်းကျင်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခ ဖြစ်ပွားခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ ၁၀၀ အဖွဲ့ က ကားနဲ့ သပ်သပ်သွားတယ်။ အခု ကျနော်တို့ NLD ရုံးချုပ်ရှေ့က ထွက်လာတာက လူ ၂၀၀၀ ကျော် ရှိတယ်။ ဘေးက လိုက်ပါတဲ့ လူတွေကတော့ များတယ်။ လုံခြုံရေးတွေ ဘေးက ရှိပေမယ့် အားလုံး အဆင်ပြေပြေ အေးအေးချမ်းချမ်းပဲ” ဟု NLD လူငယ် တာဝန်ခံတဦးဖြစ်သူ ကိုရာဇာက ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည် ဗိမာန်သို့ ယနေ့ ဒုတိယအကြိမ် သွားရောက်ခြင်း ဖြစ်သည်။

နံနက်ပိုင်း အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်တဦးအဖြစ် တက်ရောက်ခဲ့သည်။

နေ့ခင်းပိုင်းတွင် NLD ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင်များ၊ လူငယ် ကွန်ယက် အဖွဲ့ဝင်များနှင့်အတူ သွားရောက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ဒေသခံ အများအပြားလည်း တနှစ်လျှင် တရက် ၀င်ခွင့်ရသည့် အာဇာနည်ဗိမာန်သို့ သွားရောက် အလေးပြုကြသည်။

လုံခြုံရေးအရ စစ်ဆေးမှုခံယူပြီးလျှင် အာဇာနည်ဗိမာန် အတွင်းသို့ တကြိမ်လျှင် လူ ၅၀ နှုန်းဖြင့် ၀င်ရောက် အလေးပြုခွင့် ရှိသည်ဟု ဆိုသည်။

နံနက် ၁၀ ခွဲခန့်က အာဇာနည်ဗိမာန်သို့ လွမ်းသူ့ပန်းခွေများဖြင့် လမ်းလျှောက် ချီတက်သွားကြသူတချို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားအနီးတွင်ခေတ္တ တားဆီးခံရသည့်သတင်းများ ပေါ်ထွက်လာသည်။

“အပေါ်ဖြူ၊ အောက်က ယောလုံချည် အနက် ၀တ်ထားတဲ့ လူငယ်တွေကို လမ်းလျှောက် ချီတက်တာ ပြဿနာဖြစ်မှာ စိုးလို့ လုံထိန်းရဲတွေက ကားနဲ့ အာဇာနည်ဗိမာန်ကို လိုက်ပို့တယ်။ တချို့က ဖမ်းတယ် ထင်သွားတာ။ အမှန်က မဟုတ်ပါဘူး” ဟု ကိုရာဇာက ရှင်းပြသည်။

အာဇာနည်နေ့ အခမ်းအနားများကို မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ သာစည်၊ ၀မ်းတွင်း ၊ မိတ္ထီလာ စသည့် မြို့နယ်များတွင်လည်း လုပ်ဆောင်ကြပြီး သံဃာတော်များအား ဆွမ်းကပ်ကာ ကျဆုံးသွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများကို အမျှပေးဝေကြသည်။

မန္တလေးတိုင်း NLD ရုံးတွင် ကျင်းပသည့် အခမ်းအနားတွင် ကဗျာဆရာကြီး ကိုလေး (အင်းဝ ဂုဏ်ရည်) က ဟောပြောခဲ့ကြောင်း သိရသည်။

ယနေ့ ကျရောက်သော ၆၄ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအဖွဲ့ဝင် မဟုတ်သူတို့ကလည်း အောက်မေ့ဖွယ် အစီအစဉ်များ သီးခြားစီ လုပ်ဆောင်ကြသည်။

မန္တလေးမြို့ မနော်ယမန်ဥယျာဉ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင်ထိုင်၍ ဆုတောင်း မေတ္တာ ပို့သနေသူတဦးကို အားပေး ကြည့်ရှုသူများ၊ လုံခြုံရေးများဖြင့် စည်ကားနေကြောင်းလည်း သတင်းရရှိသည်။

အာဇာနည်နေ့သည် ၁၉၄၇ ခုနှစ်တွင် လုပ်ကြံခံရသည့် နိုင်ငံရေးခေါင်းဆောင်များအတွက် ဂုဏ်ပြု သတ်မှတ်ထားသောနေ့ ဖြစ်သည်။

ထိုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံးကို မသမာသူများက ၀င်ရောက်ပစ်ခတ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ သက်တော်စောင့်တဦးဖြစ်သူ ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ရသည်။

အကြီးတန်း စစ်ထောက်လှမ်းရေး အရာရှိများကို ထောင်မှ လွှတ်ပေး
လင်းသန့် Tuesday, 19 July 2011 19:25

နှစ်ရှည်ထောင်ဒဏ် ကျခံနေကြရသော စစ်ထောက်လှမ်းရေး အရာရှိဟောင်း အနည်းဆုံး ၅ ဦးကို ဇွန်လအတွင်းက အကျဉ်းထောင်များမှ ပြန်လည် လွှတ်ပေး လိုက်ကြောင်း သတင်းရရှိသည်။
၎င်းတို့မှာ ဗိုလ်မှူးကြီးဟောင်း စန်းပွင့်၊ ဒု ဗိုလ်မှူးကြီးဟောင်း သက်တင်စိန်၊ ဗိုလ်မှူးဟောင်း ညီညီလွင်၊ ဗိုလ်မှူးဟောင်း စည်သူ၊ ဗိုလ်မှူးဟောင်း ထွန်းအောင်စိုးတို့ ဖြစ်သည်။

ဗိုလ်မှူးကြီးဟောင်း စန်းပွင့်သည် ယခင်က စစ်ထောက်လှမ်းရေးအဖွဲ့၏ တိုင်းရင်းသားရေးရာ ဒုတိယ တာဝန်ခံတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုတို့ဖြင့် သရက်ထောင်တွင် ထောင်ဒဏ် အနှစ် ၄၀ ကျော် ပြစ်ဒဏ်ပေးခံရသည်။

ဒု ဗိုလ်မှူးကြီးဟောင်း သက်တင်စိန်မှာ ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးဌာန (ကကလှမ်း) မှ ဗိုလ်မှူးချုပ် မြင့်အောင်ဇော် ဦးစီးခဲ့သည့် ကကလှမ်း ရုံးချုပ်တွင် အရာရှိတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

စန်းပွင့်နှင့် သက်တင်စိန်တို့သည် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ လက်ရုံးများဖြစ်ခဲ့သည်။ ၎င်းတို့သည် ၁၉၈၀ ဝန်းကျင်နှောင်းပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီအား ဖြိုခွဲခဲ့ပြီး ၁၉၈၉ နှင့် ၁၉၉၀ တို့တွင် ယင်းပါတီမှ မြေအောက်ကွန်ရက်အဖွဲ့ဝင် ဦးသက်ခိုင်နှင့် အပေါင်းအပါများကို ဖမ်းဆီးခဲ့သူလည်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ခုနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင်လည်း စန်းပွင့်နှင့် သက်တင်စိန်တို့သည် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။

ဗိုလ်မှူးဟောင်း ညီညီလွင်မှာ ရှမ်းပြည်မြောက်ပိုင်း၊ ကွမ်လုံ စစ်ထောက်လှမ်းရေးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ် သည်။

ဗိုလ်မှူးဟောင်း ထွန်းအောင်စိုးသည် ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် စစ်ထောက်လှမ်းရေး တပ်ဆွယ်တာဝန်ခံတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ယခင် တန်ပြန် စစ်ထောက်လှမ်းရေး အရာရှိဟောင်းလည်းဖြစ်၊ ၀ါရှင်တန်တွင် လက်ထောက် သံရုံးတာဝန်ခံအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က သက်တင်စိန်၊ ညီညီလွင် နှင့် ထွန်းအောင်စိုးတို့ နှစ်ရှည်ထောင်ဒဏ်ကျခံနေရခြင်းမှ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

“ဒါပေမယ့် အဓိကကျတဲ့ စစ်ထောက်လှမ်းရေး အရာရှိ တော်တော်များများကတော့ အခုထိ ထောင်တွေထဲမှာ ရှိနေဆဲပါ။ ကြည့်ရတာ စမ်းလွှတ်ပေးတာထင်တယ်” ဟု ဦးအောင်လင်းထွဋ်က ဧရာဝတီသို့ ပြောသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလက ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး အရာရှိ ၃၈ ဦးတို့သည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာ အလွဲသုံးစားလုပ်မှုတို့ဖြင့် ထောင်ဒဏ် ၂၀ နှစ်မှ ထောင်ဒဏ် ၁၆၀ နှစ်အထိ ချမှတ်ခံခဲ့ရပြီး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကိုမှု ဆိုင်းငံ့ ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိမ်းသိမ်းထားခဲ့သည်။

တန်ပြန် ထောက်လှမ်းရေး တာဝန်ခံ ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်းသည် ထောင်ဒဏ် နှစ်ပေါင်း ၁၆၀ ချမှတ်ခံထားရသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် စစ်ထောက်လှမ်း ရေးများကို ဖမ်းဆီးဖြိုခွဲခဲ့ရာတွင် စစ်ထောက်လှမ်းရေး မိသားစုဝင်များနှင့် ယင်းတို့နှင့် ပတ်သက်သည့် အရပ်သားများကိုပါ ဖမ်းဆီးထိမ်းသိမ်းခဲ့သည်။

ဦးခင်ညွန့်၏ သားသမက်ဖြစ်သူ ဦးတင်ထွဋ်သည်လည်း စီးပွားရေးပုဒ်မများဖြင့် ထောင်ဒဏ် ၁၄၈ နှစ် ကျော် ချမှတ်ခဲ့ပြီး စစ်ထောက်လှမ်းရေးဌာန၏ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ ဗိုလ်မှူးချုပ်သိန်းဆွေ၏ သားဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးဆန်နီဆွေလည်း ဖမ်းဆီးထောင်ချခံရသည်။

ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေသည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှုတို့ဖြင့် ထောင်ဒဏ် ၁၅၂ နှစ် ချမှတ် ခံထားရသည်။

“စစ်ထောက်လှမ်းရေးဟောင်းတွေကို ထောင်ထဲမှာ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့က လူတွေက မကြာခဏ လာတွေ့ပြီး ဆွေးနွေးတာတွေလုပ်တယ်။ သူတို့ကို တိုင်းရင်းသားကိစ္စတွေမှာ ပြန်သုံးဖို့အတွက် အကြံဥာဏ်ယူတာတွေလဲရှိတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

၂၀၀၉ ခုနှစ်ကလည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ထံသို့ ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) ၅ တပ်မှူး ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေက သွားရောက် တွေ့ဆုံခဲ့သည်ဟုလည်း သိရသည်။

ပူးပေါင်းဆောင်ရွက်မှု ဒေါ်စု ကျေးဇူးတင်
ကိုပေါက် | အင်္ဂါနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၆၄ နှစ်မြောက် အာဇာနည်နေ့ အစီအစဉ်များ အစအဆုံး ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်း ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက
ပြောသည်။

အင်္ဂါနေ့နေ့လည် ၁ နာရီခန့်တွင် အာဇာနည်ဗိမာန်သို့ လူပရိသတ် ၃ ထောင်ကျော်ကို ဦးဆောင်ကာ ဒုတိယအကြိမ် သွားရောက်ဂါရဝပြုပြီးအပြန် ပါတီခေါင်းဆောင်အချို့နှင့် နေအိမ်အတွင်း ပြန်လည်တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တွေ့ဆုံညှိနှိုင်းပြီးတော့ ဆောင်ရွက်တဲ့အတွက် တဖက်မှာလည်း တာဝန်ရှိတဲ့သူတွေက မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သလို အဖွဲ့ချုပ်ဘက်ကလည်း အာဇာနည်ကုန်းမှာ ငြိမ်းချမ်းစွာ သွားရောက် ဂါရဝပြုနိုင်တဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်။ ဒီအတွက်
ကျေးဇူးတင်ကြောင်းနဲ့ ဝမ်းသာကျေနပ်ကြောင်း ပြောကြားပါတယ်” ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

မည်သည့်ကိစ္စမဆို လိုအပ်သော တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းအောင်မြင်နိုင်ပြီး ယနေ့ကိစ္စမှာ နမူနာကောင်း တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ယူသည်ဟု ဆိုသည်။
အစိုးရသစ်က အာဇာနည်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂါမနက် ၈ နာရီခွဲတွင် အကြိုအပို့အစီအစဉ်ဖြင့် တက်ရောက်စေခဲ့ခြင်း ဖြစ်သည်။

နေ့လည် ၁၁ နာရီတွင် ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ ကျင်းပသည့် အခမ်းအနားတွင် အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြောရာ၌ အာဇာနည်ဟူသည့် အဓိပ္ပာယ်ကို ဖွင့်ဆိုရှင်းပြခဲ့သည်။

“အာဇာနည်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်တွေ ပြောသွားတာပေါ့။ အာဇာနည်ဆိုတာ ကွယ်လွန်သွားရုံ ပြောတာ မဟုတ်ဘူး။ မြင့်မြတ်တဲ့ လုပ်ငန်း၊ မြင့်မြတ်တဲ့ စိတ်ထားနဲ့ ဆောင်ရွက်နိုင်မှုကို ဆိုလိုတာ။ အဲဒီတော့ မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့သူတွေ၊ အာဇာနည်တွေ အများကြီးရှိဖို့ လိုအပ်တယ်လို့ ပြောသွားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြန်ပြောပြသည်။

တနာရီကြာ ကျင်းပသည့် အဆိုပါ အခမ်းအနားတွင် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ် စာစောင်ပြပွဲနှင့် ကဗျာရွတ်ဖတ်ပွဲများလည်း ထည့်သွင်း ကျင်းပခဲ့သည်။

ဧည့်ပရိသတ် ၄ ထောင်ခန့် တက်ရောက်ကြသည့် အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအရာရှိများလည်း တက်ရောက်ကြောင်း လုံခြုံရေး တာဝန်ယူပေးခဲ့သည့် တာဝန်ခံ ကိုစိုးထွန်းက မဇ္ဈိမကို
ပြောသည်။

“ ရုံးခန်းထဲတင် မကတော့ဘူးလေ။ ရုံးပြင်မှာကလည်း ထောင်ကျော်ရှိနေတယ်။ ဒါ ကျနော်တို့ဘက်ခြမ်းနော်။ မျက်နှာချင်းဆိုင်ဘက် အခြမ်းမှာလည်း လူတွေက အများကြီးပဲဗျ။ ဒီအခမ်းအနားပြီးရင် အန်တီတို့က ကားနဲ့ထွက်မှာ။ အဲဒီမှာ သတင်းထောက်တွေရော လူအုပ်ကြီးက အဲဒီဘက်ကို ပြေးလိုက်သွားမှာ။ အဲလောက်ဖြစ်နေတော့ ကျနော်တို့လည်း စိုးရိမ်တာပေါ့” ဟု သူက ပြောသည်။

အခမ်းအနား ကျင်းပနေစဉ် လူ ၇ဝ ကျော်ရှိ လူအုပ်တအုပ် လမ်းတလျှောက် ချီတက်လာသည်ကို တွေ့ရ၍ စိုးရိမ်မိသော်လည်း ၎င်းတို့မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည မှဖြစ်ပြီး နှုတ်ဆက်လက်ပြ၍ အာဇာနည်ကုန်းဘက် ချီတက်သွားတော့မှ စိတ်အေးရသည်ဟုလည်း ကိုစိုးထွန်းက ပြောသည်။

သူက ဆက်ပြီး “ကျနော်တို့ ဘယ်လောက်စိုးရိမ်ရသလဲဆိုတာ နားလည်လားဗျ။ အန်တီတို့ကား ထွက်လည်းထွက်ရော ဟိုဘက်ဒီဘက် ကားလမ်းတွေက ပြုံဆင်းလာတော့ မနည်းကို မေတ္တာရပ်ခံရတာ။ အဲဒီတော့မှ အန်တီတို့ကား ထွက်သွားနိုင်ပြီး လူထုက ကျန်ခဲ့တာ။ အဲဒီတော့မှ ၄ ယောက်တတွဲ တန်းပြီးတော့ ချီတက်ကြတာ” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ပါတီလူကြီးများ၊ လွှတ်တော်ကိုယ်စားပြုကော်မတီမှ ခေါင်းဆောင်များ၊ ဝါရင့်နိုင်ငံရေးသမားကြီးများနှင့်အတူ အာဇာနည်ဗိမာန်သို့ ဒုတိယအကြိမ် သွားရောက်ဂါရဝပြုပြီး နေအိမ်သို့
ပြန်ရောက်ခဲ့သည်။

ကျန်ရှိနေသော လူထုပရိသတ်မှာ ညနေအထိ အစီအစဉ်အတိုင်း ၄ ယောက်တတွဲ တန်းစီကာ ဝင်ရောက် အလေးပြုခဲ့ကြသည်။

“တာဝန်ရှိတဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဘာမှ အနှောင့်အယှက်၊ အတားအဆီး မရှိပါဘူး။ အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ရှာတာဖွေတာတော့ ရှိတာပေါ့၊ လုံခြုံရေးအရ။ အားလုံးကို ဝင်ခွင့်ပေးနေပါတယ်။ လူက ၄ ထောင်၊ ၅ ထောင် ကျော်တယ်” ဟု လုံခြုံရေးတာဝန်ကျ လူငယ်တဦးက ပြောသည်။

လူထုချီတက် အလေးပြုပွဲအား လူငယ်ကွန်ယက်အဖွဲ့ဝင်များက ပူးပေါင်းစီစဉ်ခဲ့ခြင်း ဖြစ်သည်။

မနက်ပိုင်းတွင် လာရောက်သည့် လူငယ်အချို့အား ခြောက်ထပ်ကြီး ဘုရားအနီး တာဝန်ကျ လုံခြုံရေးများက ရပ်တန့် စစ်ဆေးမှုများသာ ပြုလုပ်ခဲ့သည်။

၁၉၈၈ တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်မှာ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါရဝပြုခွင့်မှာ ၂၀၀၂ ခုနှစ်အထိ ၈ ကြိမ်သာ ရရှိခဲ့သည်။

၂ဝ၁၁ တွင် သားဖြစ်သူ ကိုထိန်လင်းနှင့်အတူ ဇူလိုင်လ ၁၂ ရက်နေ့တွင် အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုခွင့် ရရှိခဲ့သေးသည်။


မြစ်ကြီးနား အာဇာနည်နေ့ အခမ်းအနား

ကချင်ပြည်နယ် အုပ်ချုပ်ရေးမှူးက အာဇာနည်နေ့ အခမ်းအနား မလုပ်ရန် တားမြစ်ခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က မြစ်ကြီးနားရှိ ပြည်နယ်ပါတီရုံး၌ အင်္ဂါနေ့တွင် ကျင်းပခဲ့ကြောင်း မြို့နယ်စည်းရုံးရေးမှူး ဦးဝင်းဗိုလ်က ပြောသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလဂျွန်ငန်ဆိုင်းက NLD ကချင်ပြည်နယ် ဥက္ကဋ္ဌ ဦးလှဆိုင်းနှင့် ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးတင်ဝေတို့ကို အင်္ဂါမနက်ပိုင်းတွင် ခေါ်ယူ တားမြစ်ခဲ့သော်လည်း နေ့လည်ပိုင်းတွင် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြို့တော်မြစ်ကြီးနား အေးစေတီကုန်းအဆင်းရှိ ပါတီရုံး၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့မနက်ကတော့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးလဂျွန်ငန်ဆိုင်းက ခေါ်ပြီးတော့ ပြောတယ်။ ကျနော်တို့ဆီမှာ
အားလုံး စီစဉ်ထားပြီးဖြစ်လို့ မလုပ်ရင် မရဘူးဆိုပြီး လုပ်တာပဲလေ” ဟု ဦးဝင်းဗိုလ်က မဇ္ဈိမကို ပြောသည်။ အခမ်းအနား ကျင်းပနေစဉ် အနှောင့်အယှက် တစုံတရာ မရှိဟု ဆိုသည်။

အခမ်းအနားသို့ ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ တနိုင်း၊ ဝိုင်းမော်၊ ဖားကန့်နှင့် မြစ်ကြီးနားမြို့မှ ပါတီဝင် ၈၄ ဦး တက်ရောက်ခဲ့သည်။ ၎င်းတို့က နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရန်၊ တိုင်းရင်းသားများနှင့် အပစ်အခတ် ရပ်စဲရန် အစိုးရသစ်ကို တောင်းဆိုကာ၊ မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်ခဲ့သည်။

အဆိုပါ တောင်းဆိုချက်ပါ ကြေညာချက်ကို သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သွားမည်ဟု ဆိုသည်။

ရွှေဘို အခမ်းအနား

စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင်လည်း အာဏာပိုင်များ တားမြစ်သည့်ကြားက အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့သည်။ ဇူလိုင် ၁၇ ရက်တွင် ပါတီဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် တွဲဘက်အတွင်းရေးမှူး ကိုအောင်မျိုးတို့အား
ခေါ်ယူတွေ့ဆုံ တားမြစ်ခဲ့သေးသည်ဟု ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

“နှစ်စဉ်လုပ်နေကျမို့ ကျနော်တို့ အေးအေးချမ်းချမ်း လုပ်မယ်ဆိုတာ သိပါတယ်တဲ့။ သို့သော် အဖျက်အမှောက်တွေ
ပေါနေတဲ့အတွက် မလုပ်ဘဲနေရင် ကောင်းမယ်ပေါ့။ ကျနော်တို့က ဖိတ်ထားပြီး ဖြစ်တဲ့အတွက် စီစဉ်ထားတဲ့ အတိုင်း ကျင်းပသွားမှာလို့ ဆွေးနွေးပြီး လုပ်ကြတာပါ” ဟု သူက ပြောသည်။

ပါတီဝင် ၅ဝ ခန့် တက်ရောက်သည့် အခမ်းအနားသို့ လွတ်လပ်ရေးမော်ကွန်းဝင် အသက် ၉ဝ အရွယ် ဦးသန်းညွန့် လာရောက် ဟောပြောခဲ့သည်။

အခမ်းအနား ကျင်းပသည့် ပါတီရုံးအနီးတွင် ရဲများနှင့် အရပ်ဝတ် လုံခြုံရေးများ စောင့်ကြပ်ခဲ့သော်လည်း အနှောင့်အယှက် မရှိခဲ့ပေ။

အခြားသော ပြည်နယ်နှင့် တိုင်းများတွင်လည်း ၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေးနှင့် အခမ်းအနားများ ကျင်းပခဲ့ကြရာ စစ်ကိုင်း၊ မတ္တရာ၊ ရေနံချောင်း၊ ရေတာရှည်၊ ကော့သောင်းမြို့များလည်း ပါရှိသည်။



SSA/SSPP ဌာနချုပ်နဲ့ ၅ မိုင်အကွာ မြန်မာစစ်တပ် ရှေ့မတိုးနိုင်သေး
By နိုင်ကွန်းအိန်

မြန်မာစစ်တပ်ဘက်က စစ်အင်အား အလုံးအရင်းနဲ့ SSA/SSPP ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့အပေါ် ထိုးစစ်ဆင်ခဲ့ရာမှာ SSA/SSPP တပ်ဖွဲ့တွေရဲ့ ခုခံမှုကြောင့် ဌာနချုပ်နဲ့ ၅ မိုင်အကွာမှာပဲ ရပ်တန့်သွားတယ်လို့ ဆိုပါတယ်။

အခုစစ်ဆင်ရေးမှာ မြန်မာစစ်တပ်ကနေ စခန်းသိမ်းနိုင်တဲ့ အခြေအနေတွေ ရှိနေပြီး ရှမ်းပြည်တိုးတက်ရေးပါတီကတော့ ယာယီဌာနချုပ် အသွင်နဲ့ ဆက်ပြီး တိုက်ပွဲဝင်မယ်လို့ ပြောပါတယ်။ အခုတိုက်ပွဲအတွင်းမှာ မြန်မာစစ်တပ် အကြီးအကဲတွေက ဒေသခံတွေအပေါ် မတရားတဲ့ စစ်မိန့်တွေ ပေးထားတယ်လို့လည်း ရှမ်းပြည် တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ် စခန်းသိမ်းဖို့ ထိုးစစ်ဆင်နေတဲ့ မြန်မာစစ်တပ်ဟာ ရှမ်းတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်နေမှုကြောင့် နောက်ဆုံးဝင်လာတဲ့ သတင်းအရ ဌာနချုပ်နဲ့ ၅ မိုင်အကွာမှာပဲ ရပ်တန့်နေရတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့အနေနဲ့ကတော့ ရှေ့တန်း နမ့်ကိုင်ဖိတ်စခန်းကနေ တဆင့်ချင်း ဆုတ်ခွာပြီး မြန်မာစစ်တပ်တွေကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်နေတယ်လို့ အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခြေအနေက သူတို့ ရှေ့ဆက်မတိုးနိုင်သေးဘူး။ အဲဒီ ၀မ့်မိန်နားမှာပဲ ရပ်နေတယ်လေ။ သူတို့တပ်တွေက ကျနော်တို့ ၀မ့်ဟိုင်းနဲ့ ၅ မိုင် ၆ မိုင်လောက်ပေါ့။ ကျနော်တို့တပ်တွေလည်း ရှိသေးတယ်လေ အဲဒီမှာ။ ၀မ့်ဟိုင်းဝန်းကျင် ကျနော်တို့တပ်တွေ ရှိသေးတယ်။ အဲဒီမှာ ကျနော်တို့လူက နမ့်ကိုင်ဖိတ်က ခွာကတည်းက တိုက်ရင်းဆုတ်ရင်း တိုက်ရင်းနဲ့ပေါ့။ အဲဒီမှာ ကျဆုံး ဒဏ်ရာရတာတော့ မသိသေးဘူးခင်ဗျ။”

ဝမ့်ဟိုင်းဌာနချုပ်ကို သိမ်းဖို့ ထိုးစစ်ဆင်လာတဲ့ မြန်မာစစ်တပ်ရဲ့ အင်အားအနေအထားအရ အားသာမှု ရှိနေတာကြောင့် စခန်းကို သိမ်းနိုင်ခဲ့တာတောင် SSA/SSPP တပ်ဖွဲ့တွေ အနေနဲ့ ဌာနချုပ်ကို အတည်တကျ မထားတော့ဘဲ လှည့်လည်ပြီး ကျောပိုးအိတ် ဌာနချုပ် အသွင်သာ လှုပ်ရှားသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“၀မ့်ဟိုင်းဌာနချုပ် ကျသွားလည်း ကျပါစေလေ။ ကျသွားလည်း ကျနော်တို့ SSA က လုံးဝ ပျောက်သွားတာ မဟုတ်ပါဘူး။ ကျနော်တို့ အဲဒီအဆောက်အဦးတွေပဲ ရမှာပေါ့။ ကျန်တာ ဘာမှ ရစရာအကြောင်း မရှိပါဘူး။ အဲဒီဌာနချုပ်တော့ လောလောဆယ် တခြားနေရာ ပြန်တည်ဆောက်ဖို့တော့ ကျနော်တို့ အခက်အခဲ အများကြီး ရှိပါတယ်။ ဒီအတိုင်း ပြောက်ကျားဒေသမှာပဲ လှည့်ပတ်ပြီးတော့ ဒီအတိုင်းပဲ နေနေမှာပဲ။ ငြိမ်းချမ်းရေး မယူခင်တုန်းကလည်း ရောက်တဲ့နေရာ ဌာနချုပ် ဖွင့်တာပဲ။”

ဒီ ၀မ့်ဟိုင်းဌာနချုပ် စခန်းသိမ်း တိုက်ပွဲမှာ အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်က အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ကနေ ကိုယ်တိုင် ကွပ်ကဲနေသလို မလိုလားအပ်တဲ့ ညွှန်ကြားချက် အမိန့်တွေ ပေးနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ဆက်ပြောပါတယ်။

“တိုင်းချုပ် အောင်သန်းထွဋ်လေ၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် အမှတ် ၂ ပေါ့။ အဲဒီ မိုင်းနောင်မှာလေ၊ အဲဒီမှာ သူ့တပ်ကို သူ ညွှန်ကြားလိုက်တယ်။ မိုင်းနောင်က ကျနော်တို့ အထောက်တော် သတင်းပေးချက် အရလေ။ အမျိုးသားတွေတွေ့ရင် ပစ်သတ်လိုက်။ အမျိုးသမီးတွေတွေ့ရင် မုဒိမ်းကျင့်ဆိုပြီး အဲဒီလို ညွှန်ကြားချက် ပေးထားတော့ တိုင်းချုပ်ရဲ့ ညွှန်ကြားချက် အတိုင်းပဲ၊ ၁၆ ရက်နေ့က ခလရ ၂၂ က ဒု-အရာခံဗိုလ် စံဆာက အဲဒီ ၀မ့်ချက်နဲ့ ဆိုင်းခေါ်ကြားမှာ နွားကျောင်းနေတဲ့ ရွာသားတယောက်ကို သွားပစ်သတ်လိုက်တယ်။ အဲဒါ အကြောင်းမဲ့ ပစ်သတ်တာပဲ။”

ဟုတ်ကဲ့။ တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး ကွဲနေတဲ့ SSA ဟာ တဖွဲ့တည်း ပေါင်းစည်းသွားပြီလို့လည်း သိရပါတယ်။ မြောက်ပိုင်း SSA အပေါ် အခုလို မြန်မာစစ်တပ်ကနေ ထိုးစစ်ဆင်လာတော့ တောင်ပိုင်းတပ်တွေကရော ဘယ်လို အကူအညီတွေ ပေးနေပါသလဲ။ စစ်ရေးအရရော ကူညီဖို့ အစီအစဉ် ရှိပါသလားခင်ဗျ။

“တောင်ပိုင်းကတော့ သူတို့နယ်မြေထဲမှာ သူတို့ လှုပ်ရှားပြီးတော့ သူတို့လည်း တိုက်ပါတယ်။ ဒါပေမဲ့ အဲဒီတိုက်ပွဲ သတင်းတွေတော့ ကျနော်တို့ဆီ မရောက်သေးဘူး။ လိုအပ်ရင်တော့ အချိန်မရွေး သူတို့လည်း ကူဖို့ အသင့်ရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့လည်း မလိုအပ်သေးပါဘူး။”

SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်တွေနဲ့ မြန်မာစစ်တပ်တို့ဟာ ဇူလိုင်လ ၁၁ ရက်ကနေ အခုချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီတိုက်ပွဲတွေမှာ နှစ်ဦးနှစ်ဘက် ထိခိုက်မှုတွေ ရှိရုံမက အရပ်သားတွေ အပေါ်မှာလည်း ထိခိုက်မှု ရှိနေတယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

မြန်မာစစ်တပ် အနေနဲ့ ရှမ်းပြည်တိုးတက်ရေးတပ် အပေါ်မှာ အင်အားအရရော လက်နက်ကြီးတွေနဲ့ရော ပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားတွေနဲ့ ကျောင်းသူ ကျောင်းသားတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ တချို့ ငွေကြေး တတ်နိုင်သူတွေကတော့ မိုင်းရှူးမြို့နယ်ထဲကို တိမ်းရှောင်နေကြပြီး ငွေကြေးအင်အား မတတ်နိုင်သူ အများစုကတော့ တောတောင်တွေထဲမှာ၊ တောင်ယာတွေထဲမှာ ပုန်းအောင် တိမ်းရှောင်နေရတယ်လို့လည်း ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

ဘုရားများ မပင့်ဆောင်ရန် မြောက်ဦးဒေသခံများ တားမြစ်
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ဟောင်းမှ တူးဖော်ရရှိသည့် လောကမဉ္ဇူဘုရား၊ ဆင်းတုတော်များနှင့် ဌာပနာများအား နေပြည်တော်သို့ ဒေသအာဏာပိုင်များ ပင့်ဆောင်ရန် ကြိုးပမ်းနေစဉ် ဒေသခံ ၂ဝဝဝ ခန့်က ဝိုင်းဝန်း တားမြစ်မှုတရပ် တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့သည်။

ဆင်းတုတော်များ ကိန်းဝပ်ရာ ရတနာ့မာန်အောင် ကျောင်းတိုက်အတွင်း ပြန်လည် ပင့်ဆောင်ရန်အတွက် အာဏာပိုင်များက ဆရာတော် ၅ ပါးအား ဆွမ်းကပ် လျှောက်ထားစဉ် ဒေသခံများ သိရှိသွားပြီး ကျောင်းဝင်းအတွင်း စုပြုံရောက်ရှိလာခြင်း ဖြစ်သည်။

“ရောက်လာတဲ့လူတွေထဲမှာ အမျိုးသမီးတွေက ပိုများတယ်။ အားလုံးလိုလိုက လူလတ်ပိုင်းတွေ များတာပေါ့။ အဲဒီနေ့က ဖြစ်တာက ရှေးဟောင်းသုတေသနဌာနက ဒုညွှန်ကြားရေမှူးကိုယ်တိုင်လာတာ” ဟု တားမြစ်ရာတွင် ပါဝင်ခဲ့သည့် ဒေသခံတဦးက မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး “အခု ကျနော်တို့ ရတနာ့မာန်အောင် ကျောင်းတိုက်မှာ ကိန်းဝပ်နေတဲ့ လောကမဉ္ဇူဘုရားနဲ့တကွ တူးဖော်ရရှိတဲ့ တခြားဘုရားတွေနဲ့ ပစ္စည်းတွေကို ရှေးဟောင်း သုတေသနဌာနကို ပြောင်းလွှဲပေးရမယ် ဆိုပြီး အမိန့်စာပါတယ်လို့ သူက ဖတ်ပြပါတယ်။ နိုင်ငံတော် သမ္မတကြီး အမိန့်စာ၊ နောက်ပြီးတော့ နေပြည်တော် ယဉ်ကျေးမှု ဒုဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ပြည်နယ်ဝန်ကြီးအဖွဲ့ရဲ့ ညွှန်ကြားစာပါတယ် ဆိုပြီးတော့ ပြောပါတယ်” ဟု ဆိုသည်။

အာဏာပိုင်များဘက်မှ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရှေးဟောင်းသုတေသနမှ ဒုညွှန်ကြားရေးမှူးတို့ ဦးဆောင်ကာ မြို့နယ်ရဲမှူး၊ ယဉ်ကျေးမှုဌာန ဝန်ထမ်းများ၊ သုတေသနဌာန ဝန်ထမ်းများ၊ ထောက်လှမ်းရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် လူပေါင်း ၄၀ ခန့် ပါဝင်သည်ဟု ဒေသခံများ အဆိုအရ သိရသည်။

၂ဝ၁၁ မေလ ၃ဝ ရက်နေ့တွင် တူးဖော်ရရှိသည့် အဆိုပါ ဆင်းတုတော်များနှင့် ဌာပနာ ပစ္စည်းများအား အာဏာပိုင်များက နေပြည်တော် ရှေးဟောင်းသုတေသနဌာနသို့ ယူဆောင်ရန် ဇွန် ၁ ရက်နေ့တွင် ကြိုးစားခဲ့စဉ်ကလည်း ယခုလို တားမြစ်မှုမျိုး ဖြစ်ပွားခဲ့သေးသည်။

မြောက်ဦးမြို့ဟောင်း ရတနာသိင်္ခရှိ လောကမဉ္ဇူစေတီတော် ပြန်လည်ပြုပြင်ရန် တူးဖော်စဉ် ဆင်းတုတော်များ ရရှိကာ လောကမဉ္ဇူဆင်းတုတော်မှာ ဉာဏ်တော် ၁၂ လက်မ၊ အလေးချိန် ၄ ပိဿာနှင့် ၆၄ ကျပ်သားရှိပြီး ရွှေဖြင့် သွန်းလောင်းထားသည်။ ယင်းဆင်းတုတော်အပါအဝင် အခြား ဆင်းတုတော် ၃၆ ဆူပါ တူးဖော်ရရှိခဲ့ခြင်း ဖြစ်သည်။

“အခု ပြည်သူတွေက လောကမဉ္ဖူဘုရားကို လုံးဝမပေးနိုင်ဆိုတဲ့ အနေအထားမှာ ရှိတယ်။ ပထမတခေါက် နန်းရာကုန်းမှာ ဖြစ်တုန်းကလည်း နေပြည်တော် ယဉ်ကျေးမှုဒုဝန်ကြီး ဒေါ်သန္တာခင် ညွန်ကြားချက်နဲ့ ဘုရားကို ယူမယ်ဆိုပြီးတော့ ကားတွေနဲ့ လာကြတာ။ ဒေသခံပြည်သူတွေက လူအုပ်လိုက် အများကြီး ကန့်ကွက်ကြတာ” ဟု ဒေသခံက ဆိုသည်။

လောကမဉ္ဇူ ဆင်းတုတော်မှာ ကာလပေါက်ဈေး သိန်း ၃၀၀၀ ခန့် တန်ဖိုးရှိနိုင်ကြောင်း အငြိမ်းစား ရှေးဟောင်း သုတေသနဌာနမှူး ဦးကျော်ထွန်းအောင်၏ စကားကို ကိုးကား၍ နိရဉ္ဇရာသတင်းဌာနတွင် ဖော်ပြထားသည်။

အာဏာပိုင်များက ဆင်းတုတော်များ ထပ်မံပင့်ဆောင်ရန် ဖိအားပေးလာမည် ဆိုပါက သမ္မတထံ စာရေးသား
ပေးပို့မည်ဟု ဒေသခံများအကြား ပြောဆိုနေကြသည်။

“မြောက်ဦးဘုန်းကြီးကျောင်းတွေမှာ ရှေးဟောင်းဘုရားတွေကို ကိုးကွယ်လို့ရတဲ့ အစဉ်အလာ ရှိခဲ့ကြတယ်။ ဗန္ဓုလကျောင်းနဲ့ တခြားကျောင်းတွေမှာပါ ရှေးဟောင်းဘုရားတွေကို ကိုးကွယ်ထားကြတာတွေ ရှိတဲ့အတွက် ဒီရတနာ့မာန်အောင် ကျောင်းမှာလည်း ရှေးဟောင်းဘုရားတွေ ကိုးကွယ်လို့ ရပါတယ်ဆိုတဲ့ အထောက်အထားတွေနဲ့ တင်ပြကြမှာပါ” ဟု မြောက်ဦးဒေသခံက ဆိုသည်။

ယခု ဆင်းတုတော် ကိန်းဝပ်ရာ ကျောင်းထိုင်ဆရာတော်မှာ ခရီးထွက်နေပြီး ဇူလိုင် ၂၄ ရက်တွင် ပြန်ရောက်မည်
ဖြစ်သောကြောင့် ဒေသခံများက ဆရာတော်နှင့် ဆက်လက် တိုင်ပင်သွားရန်လည်း စီစဉ်ထားသည်။

ဖမ်းဆီး မှောင်ခိုသစ်များကို မြန်မာ ရေတပ်မှ မှောင်ခို သမားများသို့ ပြန်ရောင်းချ
ခိုင်သိန်း News Date:7/18/2011

ရခိုင်ပြည်နယ် ကျောက်ဖြူ အခြေစိုက် သစ်ပုတ်တောင် ရေတပ်စခန်းမှ များမကြာမှီက ဖမ်းဆီး ရမိသော မှောင်ခို သစ်များကို ရေတပ် အကြီးအကဲများက ၎င်းတို့၏ ကိုယ်ကျိုးအတွက် မှောင်ခို သမာများသို့ ပြန်လည် ရောင်းချ လိုက်သည်ဟု သတင်းရရှိသည်။

မြန်မာမှ သစ်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ယခုကဲ့သို့ ပြောသည်။
" ဒီလ ၉ရက်နေ့က အမ်းကနေ မလေးရှားကို သစ်မှောင်ခို ပို့တဲ့ စက်လှေ သုံးစီးကို ရေတပ် သင်္ဘော တစ်စီးက ဖမ်းပြီး သစ်တွေကို သစ်ပုတ်တောင် ရေတပ်မှာ သိမ်းယူထားလိုက်ပါတယ်။ အဲဒီသိမ်းထားတဲ့ မှောင်ခို သစ်တွေကို ရေတပ် အရာရှိတွေက ဘင်္ဂလာဒေ့ခ်ျကို သစ်မှောင်ခို ထုတ်တဲ့ သူတွေကို ရောင်းချလိုက်ပါတယ် "ဟု သူက ပြောသည်။

ဇူလိုင်လ ၉ ရက်နေ့က အမ်းမြို့နယ် ဒလက်တောင်စခန်းမှ သစ်တန်ချိန် ၂၅၀ တင်ဆောင်လာသော သစ်ဘုတ် (၃) စီးကို မလေးရှားသို့အသွား မာန်အောင်မြို့နယ် ဘီးကန် မီးပြနှင့် ၁၅ မိုင်အကွာ ရခိုင် ပင်လယ်ပြင်တွင် ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းသို့ ကင်းလှည့်လာသော အမှတ် ၇၇၁ ရေတပ်သင်္ဘောမှ ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးပြီးနောက် အဆိုပါ သစ်များကို သစ်ပုတ်တောင် ရေတပ်စခန်းတွင် သိမ်းဆည်းထားခဲ့ကြောင်း သိရသည်။

"အဲဒီ သစ်တွေကို သစ်ပုတ်တောင် ရေတပ်စခန်းကနေပြီးတော့ ကာလပေါက်ဈေး သစ်တတန်ကို မြန်မာကျပ်ငွေ ၅ သိန်းနဲ့ ဘင်္ဂလာဒေ့ခ်ျကို မှောင်ခို တင်ပို့နေတဲ့ သစ်ကုန်သည်တွေကို ရောင်းချ လိုက်ပါတယ်။ သစ်တန်ချိန်က ၂၅၀ ဖြစ်ဆိုတော့ သိန်းပေါင်း ၇၅၀ ခန့် ရရှိသွားပါတယ်" သူက ပြော သည်။

ထိုကဲ့သို့ သစ်များကို ရောင်းချလိုက်သဖြင့် ရရှိလာသောငွေများမှာ နိုင်ငံတော်အတွက် မဟုတ်ဘဲ ရေတပ် အရာရှိကြီးများ၏ ကိုယ်ကျိုးအတွက် ဖြစ်ကြောင်း သူက ပြောသည်။

ယခု ဖမ်းဆီးရမိသော သစ်အမျိုးအစားများမှာ ကျွန်းသစ်၊ စကားဝါနှင့် ကညင်တို့ ဖြစ်သည်။ ဖမ်းဆီး ခံရသော သစ်ဘုတ် သုံးစီးမှာ မွန်ပြည်နယ် ကျိုက္ခမီ နှင့် မော်လမြိုင်မှ ဖြစ်ကာ သစ်အငှားတင်ပြီး ရခိုင်မှ မလေရှားသို့ သွားနေစဉ် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။

ယခုအခါ ဖမ်းဆီးထားသော စက်လှေ သုံးစီးကို သစ်ပုတ်တောင် ရေတပ်စခန်းတွင် သိမ်းဆည်း ထားပြီး စက်လှေ ပေါ်တွင် ပါလာသူ ၃၆ ယောက်ကို ရေတပ်စခန်းမှ ထိန်းသိမ်းထားခဲ့သည်။ ယခုအခါ သူတို့ အားလုံးကို ခရီးစရိတ် ကျပ်ငွေ ၅သိန်းပေးကာ မွန်ပြည်နယ်သို့ ပြန်လွှတ်လိုက်ကြောင်း သိရသည်။

ဝ အာဏာပိုင်များ လူအဝင်အထွက်တင်းကြပ် ရာချီဖမ်း တပ်သားသစ်စုစောင်း
Tuesday, 19 July 2011 16:15 သျှမ်းသံတော်ဆင့်

E-mail Printသျှမ်းပြည်တပ်မတော်အားမြန်မာစစ်တပ် အပြင်း အထန် ထိုးစစ်ဆင်တိုက်ခိုက်နေချိန် ဝ နယ်အတွင်းလူ အဝင်အထွက်အား လုံခြုံရေးအရ ဝ အာဏာပိုင်များ အထူးတင်းကြပ်စစ်ဆေးနေကြောင်းပန်ဆန်းသတင်း ရပ်ကွက်ကပြောပါသည်။

“မြို့က ဝ တပ်တွေက နယ်ကတပ်တွေနဲ့ ချိန်းပြီး လူတွေကိုစစ်ဆေးတယ်။ အလုပ်လုပ်ခွင့်၊ ယာယီနေထိုင်ခွင့် ကဒ် မရှိရင် အကုန် ဖမ်းတာဘဲ။ သူလျှို ၊ ဘိန်းစား ၊ ထောက်ခံစာမရှိတဲ့ သူတွေအဓိကထားဖမ်းတယ်၊ သံလွင်အနောက်ခြမ်းက လာတဲ့ ဝ ၊ သျှမ်း၊ ဗမာတချို့နဲ့ တရုတ်တွေပါတယ်” - ဟု ပန်ဆန်း ရောက်တန့်ယန်း ဒေသခံ တဦးက ပြောပါသည်။

ယခုလ အစောပိုင်းမှ လလယ်ပိုင်းအထိ ဝ အာဏာပိုင်များဖမ်း ထားသော စာရင်းမှာ ၂၀ဝ ခန့်ရှိကြောင်း၊ ဂျူလိုင်လကုန်အထိ အယောက် ၅၀ဝ ဖမ်းမိရန် အစီအစဉ်ရှိကြောင်း၊ ဖမ်းဆီးရမိသူများအား ဝ စစ်သားလုပ် လို၊ မလုပ်လို၊ လုပ်လိုက စာရင်းမှတ် ထား ပြီး ယူနီဖေါင်းထုတ်ပေးကြောင်း၊ မလုပ်လိုက မြို့မြောက်ဖက်တောင်ပေါ် ရာဘာခြံ အတွင်း ပို့ဆောင်ပြီး အကျဉ်းသားသဖွယ် အလုပ်ကြမ်း ခိုင်းစေခဲ့ ကြောင်း အမည်မဖေါ်လိုသူပန်ဆန်း ဒေသ ခံတဦးက ဤကဲ့သို့ပြောပါသည်။

“အခုဖမ်းမိတဲ့ အယောက် ၂၀ဝ မှာ ယောကျာ်းချည်းတွေဘဲ။ သက်သေအထောက်အထား စာရွက်စာတမ်းမရှိ ရင် ပျိုပျို အိုအို အကုန်ဖမ်းတာဘဲ။ အရင်က ညအချိန်မတော် လမ်းသလားနေတဲ့ ဆေးသမား တွေကိုဘဲဖမ်း တာ။ ခုတော့ မနက်အစောကြီး အလုပ်ဆင်းချိန်မှာတောင် အဖမ်းခံရတယ်။ တပတ်ကျော်လောက်ကစပြီး ညပိုင်းဆိုရင်လဲ ၉-၁၀ နာရီ ဆို စဖမ်းနေပြီ”

ယခုကဲ့သို့ ဝ အာဏာပိုင်များ လူဝင်လူထွက်စာရင်းတင်းကြပ်မှုကြောင့်(မြန်မာအစိုးရ၏ သူလျှိုဟု ယုံကြည် ရသူ) သူစိမ်း အများအပြား လျှော့နည်းလာကြောင်း၊ ဖမ်းဆီးရမိမှုတွင် လာဘ်ပေးငွေထိုးခြင်း လုံးဝမလုပ် ဝံ့ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူအား နံပါတ် (၁) ၊ မသကာင်္သူများအား နံပါတ် (၂)၊ ထောက်ခံစာမရှိသူများ အား နံပါတ် (၃) အဖြစ် အဓိကထား ဖမ်းဆီးခဲ့သည်ဟုဆို၏။

“အဖမ်းအဆီးလုပ်မယ့်အကြောင်းလဲ ဂျွန်လကတည်းက ထုတ်ပြန်ကျေငြာထားတယ်” ဟုလည်း ဝ အာဏာပိုင်နှင့် နီးစပ်သူတဦးက အတည်ပြုပြောဆိုသည်။

ဝ အာဏာပိုင်များ ချထားသော မူအရ အခြားဒေသမှ လာသော ဝ နယ်သားမဟုတ်သူများသည် ပန်ဆန်းလုံခြုံ ရေး ရုံးသို့ နေထိုင်ခွင့် ၊ အလုပ်လုပ်ခွင့်တောင်းခံရမည်ဖြစ်သည်။တဘက်တွင်လည်း အသွင်ပြောင်းရေးပေါ်လစီ ကြောင့် မြန်မာစစ်တပ် နှင့် ဆက်ဆံရေး တင်းမာခဲ့သည့် နောက်ပိုင်း ဝ တပ်ဖွဲ့က လူသူလက်နက်အင်အား ဆက်တိုက်စုဆောင်းလာခြင်းလည်းဖြစ်နိုင်သည်ဟုသုံးသပ်ကြ သည် ။

ဗိုလ်ကြီးတဦး အပါအ၀င် မြန်မာတပ်မတော်သား (၇) ဦးကို KIA က ဖမ်းထား
2011-07-19 RFA

ကချင်ပြည်နယ် မန်စီမြို့နယ်မှာ မြန်မာ အစိုးရတပ် ခမရ (၃၂၈) နဲ့ KIA တပ်ရင်း (၁၂) တို့ ဒီကနေ့ မနက်မှာ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး သေကြေ ဒဏ်ရာရတာတွေ ရှိတယ်လို့ KIO အဖွဲ့ ပြောခွင့်ရသူ ဦးလာနန်းက RFA ကို ပြောပါတယ်။

ဒီအတောတွင်း ဇူလိုင်လ(၁၆) နဲ့ (၁၇) နှစ်ရက်ကြာ ဖြစ်ပွါးခဲ့တဲ့ ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်နဲ့ မဝေးတဲ့ ခယာ ဒေသ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဖက်က ဗိုလ်ကြီး (၁) ဦး အပါအ၀င် တပ်မတော်သား (၇) ဦးကို KIA တပ်တွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ သူတို့နဲ့ အတူ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ KIO က ပြောပါတယ်။

မြေသိမ်းမည့်သတင်းကြောင့် ရာဘာခြံပိုင်ရှင်များ စိုးရိမ်မကင်းဖြစ်နေကြ
ဇူလိုင်လ ၁၉ရက်။ ကေအိုင်စီ

မွန်ပြည်နယ် သံဖြူဇရပ်-ရေးလမ်းနှင့် ဘုရားသုံးဆူလမ်းခွဲတဝိုက်ရှိ ဧက ၆၀၀နှင့် ၁၀၀၀ကြားရှိ ရာဘာခြံမြေကို အစိုးရစစ်တပ် က သိမ်းယူမည်ဆိုသည့်သတင်းကြောင့် ဒေသခံ ရာဘာခြံပိုင်ရှင်များက စိုးရိမ်နေကြသည်။

“သတင်းကတော့ ပျံ့နေတာပေါ့နော်။ စစ်တပ်က သိမ်းမယ်ဆိုတာကို အားလုံးက ရာဘာခြံတွေကြီးပဲလေ။ တကယ်သိမ်းမယ် ဆိုရင် ကျနော်တို့လို ရာဘာခြံပိုင်ရှင်တွေတော့ အကြီးအကျယ် ဆုံးရှုံးမှာပဲ။”ဟု ဒေသခံ ရာဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

မကြာခင်ရက်ပိုင်းက သက်ဆိုင်ရာ မြေစာရင်းဌာနမှ လာရောက်တိုင်းတာထားပြီး ယခုလည်း စစ်တပ်မှ လာရောက်ကြည့်ရှု ထားမှုများရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
သို့သော် ရာဘာခြံမြေ သိမ်းမည်ဆိုသည့် သက်သေအထောက်အထား စာကပ်ထားခြင်း၊ တိုင်စိုက်ထားခြင်းများ မရှိသေးသော် လည်း လာရောက်တိုင်းတာထားခြင်းနှင့် စစ်တပ်က တပ်မြေအဖြစ် သိမ်းယူမည် ဆိုသည့်သတင်းကြောင့် ထိုနေရာတဝိုက်ရှိ ရာဘာခြံမြေများ ရောင်းသူဝယ်သူများလည်း မရှိသလောက် ဖြစ်သွားသည်။

“အဲလို သိမ်းမယ်ဆိုတဲ့သတင်း ပျံ့နေတော့ ဘယ်သူမှလည်း အဲဒီခြံတွေကို မဝယ်ရဲကြဘူး။ အဲဒီတဝိုက်က ရာဘာခြံတွေက တစ်ကွက်ကို သိန်းရာဂဏန်းချီ တန်တဲ့ခြံတွေ၊ အခုဆို သိန်းရာဂဏန်းမပြောနဲ့ ဝယ်လူတောင်မရှိဘူးလေ။”ဟု အဆိုပါ ရာဘာ ခြံပိုင်ရှင်က ပြောသည်။

ထိုမြေတိုင်းတာထားသည့်နေရာမှာ အစိုးရတပ်မှ လာရောက် တပ်ချမည်ဟု စစ်တပ်အသိုင်းအဝိုင်းမှ ပြောဆိုချက်များ ထွက် ပေါ်နေသော်လည်း မည်သည့်တပ်ရင်းမှ လာရောက် အခြေချမည်ကို အတိအကျ မသိရှိရသေးပေ။

မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦးက ယခု မြေတိုင်းတာထားသည့်နေရာမှာ အစိုးရတပ်များအနေဖြင့် လာရောက် တပ်စွဲနိုင် သည့် အနေအထားရှိကြောင်းနှင့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းတလျှောက်မှာလည်း အစိုးရတပ်များ ထပ်မံ တပ်ချသွားနိုင် သည့် အစီအစဉ်များရှိကြောင်း သူက ပြောသည်။

မြန်မာစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ကြား အပစ်ခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ်နောက်ပိုင်း မွန်ပြည်နယ်အတွင်း၌ အစိုးရ စစ်တပ်မှ ဒေသခံတို့၏ လယ်ယာခြံမြေ ဧကထောင်ပေါင်းများစွာကို တပ်ရင်းအခြေချရန်အတွက် သိမ်းယူမှုများ ရှိခဲ့သည်။

တောင်ကုတ် အာဇာနည်နေ့ ထောက်လှမ်းရေများ ဓါတ်ပုံရိုက်၍ ပြဿနာ ဖြစ်ပွားခဲ့
News Date:7/19/2011 နိရဉ္ဖရာ သတင်းဌာန

လူပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့သည် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ အာဇာနည် အခမ်းအနားတွင် ထောက်လှမ်းရေးဟု ယူဆရသူများက အခမ်းအနားသို့ ၀င်ရောက်ပြီး ဓါတ်ပုံ ရိုက်သဖြင့် ပြဿနာ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တောင်ကုတ်မြို့နယ် အဖွဲ့ချုပ်မှ ဦးဆောင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် ဥက္ကဌ ၁၉၉၀ ရွှေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင် အိမ်တွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ပြဿနာ ဖြစ်ပွားခဲ့သော်လည်း အာဇာနည်နေ့ အခမ်းအနားကို အစီအစဉ် အတိုင်း အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်ဟု တောင်ကုတ်မြို့နယ် ဒုဥက္ကဌ ဦးတင်သိန်းအောင်က ပြောသည်။

" အခမ်းအနားမှာ လူပေါင်း ၂၀၀ ခန့် တက်ရောက်ပါတယ်။ သက်ဆိုင်ရာက လွှတ်ထားတဲ့သူတွေ ထင်ပါတယ်။ တက်ရောက်လာတဲ့ သူတွေကို အိမ်လမ်းဝကနေပြီး ဓါတ်ပုံရိုက်ပါတယ်။ အခမ်းအနား လုပ်တော့ အခမ်းအနားကို ၀င်ရောက်ပြီး တက်ရောက်တဲ့သူတွေကို ဓါတ်ပုံရိုက်ပါတယ်။ ခုလို လုပ်တာဟာ လွန်လာတဲ့ အတွက် ကင်မရာကို သူ့ဆီက လုပြီး ဓါတ်ပုံတွေကို ဖျက်ပစ်ခဲ့ရတဲ့ အထိ ဖြစ်ပွားခဲ့ပါတယ်။ ခုလို ဓါတ်ပုံရိုက်ပေမယ့် လူတွေက ပြန်မသွားဘဲ အခမ်းအနား ပြီးဆုံးအောင်ထိ တက်ရောက်ခဲ့ကြပါတယ်" ဟု သူက ပြောသည်။

တောင်ကုတ်မြို့နယ် အဖွဲ့ချုပ်မှ ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မပြုလုပ်မှီ ယမန်နေ့က စပြီး ထောက်လှမ်းရေးများက အနီးကပ် စောင့်ကြည့်မူများရှိခဲ့ပြီး ယနေ့တွင် ထိုသို့ ဓါတ်ပုံ ရိုက်ခဲ့ခြင်း ဖြစ်သည်။

" အာဇာနည်နေ့ဆိုတာက တတိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်ပါ။ အာဇာနည် ခေါင်းဆောင်တွေ တိုင်းပြည်အတွက် အနစ်နာခံပြီး သူတို့ ပေးဆပ်သွားခဲ့တယ်။ ဒီလို စွန့်လွှတ် အနစ်နာခံမူတွေကို ဂုဏ်ပြုလိုတဲ့ အတွက် အာဇာနည် အခမ်းအနားကို ကျွန်တော်တို့ ကျင်းပရတာ ဖြစ်ပါတယ်။ ဒီပြဿနာ အပြင် နောက်ထပ်တော့ ဘာမှ ဖြစ်ပွားခဲ့တာ မရှိပါဘူး"ဟု သူက ပြောသည်။

ယနေ့ကျရောက်သော အာဇာနည်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းများပါ တိုက်ခတ်နေသဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်မှန်းပြီး ဆွမ်းကျွေးရန် စီစဉ်ထားသော မူလ အစီအစဉ်ကို ပယ်ဖျက်ပြီး ဆွမ်းအုပ်များကို ကျောင်းများသို့ သွားရောက် ဆပ်ကပ် လှူဒါန်းခဲ့ကြသည်ဟု သူက ပြောသည်။

အခမ်းအနားတွင် တောင်ကုတ်မြို့နယ် အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ခိုင်၊ အတွင်းရေးမှူးနှင့် ဒုဥက္ကဌ များဖြစ်ကြသော ဦးခင်လှနှင့် ဦးတင်သိန်းအောင်တို့မှလည်း အာဇာနည် အကြောင်းများကို ဟောပြောခဲ့ကြသည်။

" ကျွန်တော်တို့က အာဇာနည်နေ့ အကြောင်းတွေမှာ တိုင်းပြည် အာဏာကို မတရား ရယူလိုတဲ့ ဂဋုန်ဦးစောက ဗိုလ်ချုပ်တို့ကို လုပ်ကြခဲ့တဲ့ အကြောင်း၊ အခုလည်း တိုင်းပြည်မှာ အာဏာကို လက်မလွှတ်လိုသူတွေကြောင့် ဒီမိုကရေစီ မရရှိဘဲ တိုင်းပြည် အခက်ကြုံနေရတာကို ဟောပြော တယ်။ တက်ရောက်လာတဲ့ သူတွေက ဗိုလ်ချုပ်တို့ကျဆုံးတဲ့ အကြောင်းကို သိရတဲ့ အခါ ကြေကွဲ ၀မ်းနည်းတယ်။ တိုင်းပြည်ရဲ့ အခြေအနေမှန်တွေကို သိရတော့ ဆက်လက် လုပ်ဆောင်ရမယ်ဆိုတဲ့ အားတက်မျိုးမူတွေကို မြင်ရပါတယ်"ဟု သူက ဆက်ပြောသည်။

အာဇာနည်နေ့ အခမ်းအနားအား နံနက် ၈ နာရီ ၃၇ မိနစ်တွင် စတင် ကျင်းပခဲ့ပြီး ၁၁ နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

SSA ဌာနချုပ် ကျတော့မည်
သန်းထိုက်ဦး Tuesday, 19 July 2011 18:15

အစိုးရတပ်များ၏ ၄ ရက်ကြာ ထိုးစစ်ဆင်မှုနှင့် ရင်ဆိုင်နေရသည့် ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်းသည် ၎င်းတို့၏ ဌာနချုပ်ကို လက်လွှတ်ရတော့မည်ဟု သိရသည်။

လက်နက်ကြီးဒဏ် ခံနေရသော ဌာနချုပ်ကျရန် ၈၀ ရာခိုင်နှုန်း သေချာနေသည်ဟု SSA မြောက်ပိုင်း၏ အရာရှိတဦး ဖြစ်သည့် ဗိုလ်မှူးကြီး စိုင်းထူးက ဧရာဝတီကို ပြောသည်။

SSA တပ်သားများက ဌာနချုပ်အပြင်ဘက်သို့ ဆုတ်ခွာပြီး အစိုးရတပ်များကို ခုခံနေသည်ဟု ဆိုသည်။

နှစ်ဘက် အကျအဆုံး စာရင်းများကို မသိရသေးပေ။

တိုက်ပွဲများကြောင့် စာသင်ကျောင်းနှင့် ဆေးရုံများ ပိတ်ထားကြောင်း၊ ၀န်ထမ်းများက ကျေးသီးမြိုနယ်နှင့် လာရှိုးမြို့နယ်များသို့ ထွက်ပြေး တိမ်းရှောင်နေသည်ဟု သိရကြောင်း ဗိုလ်မှူးကြီးစိုင်းထူးက ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်ကလည်း တိုက်ပွဲကြောင့် ရွာပေါင်း ၂၀ မှ ဒေသခံ ၃၀၀ ခန့် အိုးအိမ်စွန့်ခွာ၍ တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သတင်းရကြောင်း ဧရာဝတီကို ပြောသည်။

SSA မြောက်ပိုင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ သို့သော်လည်း အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို လက်မခံသဖြင့် ငြိမ်းချမ်းရေး ပျက်ပြားသွားသည်။

SSA မြောက်ပိုင်း ထိန်းချုပ်နယ်မြေများမှာ မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်မြို့၊ မိုးမိတ် စသည့် ဒေသများ ဖြစ်သည်။

ရှမ်းပြည်နယ်တွင် SSA တောင်ပိုင်း ဟူသော အမည်ဆင်တူသည့် လက်နက်ကိုင်အဖွဲ့တခု ရှိသည်။

SSA တောင်ပိုင်းသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မပြုဖူးသည့် အဖွဲ့ ဖြစ်သည်။

မြန်မာစစ်ဗိုလ်တစ်ဦးအား သျှမ်းစစ်သားထပ်မံ ပစ်သတ်သေနတ်လုပြေး
Tuesday, 19 July 2011 16:18 သျှမ်းသံတော်ဆင့်

မြို့တွင်း သတင်းထောက်လှမ်းသည့် သျှမ်းပြည် တပ်မတော်သားနှစ်ဦး မြန်မာစစ်ဗိုလ်တဦးအား သီပေါမြို့ နယ်အတွင်းပစ်သတ်လိုက်ကြောင်းဒေသခံ သတင်းရပ်ကွက်မှသိရပါသည်။

)“အရပ်ဝတ် သျှမ်းစစ်သားနှစ်ဦးကို ဗမာစစ်ဗိုလ်က ခေါ်ယူစစ်ဆေးတယ်။ အဲဒီဗမာစစ်ဗိုလ်နားရောက်တော့ ပစ္စတို သေနတ်ရုတ်တရက်ထုတ်ပြီး ပစ်သတ်လိုက်တယ်ပြောတယ်။ သူတို့နှစ်ယောက်သတင်းကို ဗမာစစ် သားတွေက နားယန်း နဲ့ နားမခေါ် ရွာသားတွေကို လိုက်မေးနေတယ်။ သျှမ်းသူပုန်အမာခံတွေ ရအောင် ဖေါ်ထုတ်ပြီး အကုန်ပစ်သတ်ရမယ်တဲ့” - ဟု သီပေါသား တဦးက ပြောပါသည်။

ဂျူလိုင် ၁၆ ရက် စနေနေ့ က သျှမ်းပြည်တပ်မတော်သား ဗိုလ်စိုင်းမောင်အွန် နှင့် နောက်လိုက် ဒုဗိုလ်တဦး သတင်းထောက်လှမ်းရန် အရပ်ဝတ်ဖြင့် သီပေါမြို့နယ် နားမခေါ် - နားယန်းဘက်သို့ သွားရောက်ခဲ့ ကြောင်း၊ ထိုစဉ် မမျှော်လင့်ဘဲ ပက်ပင်းတိုးမိသော ဗမာစစ်ကြောင်းတကြောင်းမှ အရာရှိတဦး က ဌင်းတို့နှစ်အား လှမ်းခေါ်ကာ စစ်ဆေးမည်အပြု ဗိုလ်စိုင်းမောင်အွန်က ဌင်းဖွက်ယူ သွားသည့် ပစ္စတိုဖြင့် မြန်မာစစ်ဗိုလ်အား ပစ်သတ်လိုက် ကြောင်း၊ သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကလည်း ပြောသည်။“ဟုတ်တယ်ကျနော်တို့ တပ်ရင်း ၁၃၇ က ဗိုလ်စိုင်းမောင်အွန်နဲ့ ဒုဗိုလ်တဦး။ သူတို့ကသတင်းထောက်လှမ်း တဲ့ သူတွေလေ။

မြို့ပ်ါတက်ဖို့လုပ်နေချိန် အဲဒီခလရ ၁၄၇ နဲ့တွေ့တာ။ ဗမာစစ်ဗိုလ်တယောက် ပစ်သတ် ပြီး MA ပစ္စတို တစ်လက် ကျည် ၁၇ ဒေါင့် ရလာတယ်။ ဗမာတပ်တွေက သူတို့နှစ်ယောက်ကို လိုက်ပစ်သေးတယ်။ မထိဘူး။ သူတို့နှစ်ယောက်လုံး လွတ်မြောက်လာတယ်” - ဟု ဗိုလ်မှူး စိုင်းလှ ကပြောပါသည်။ပြီးခဲ့သည့် ဂျွန် ၂၅ ရက် ကလည်းသတင်းအချက်အလက်ထောက်လှမ်းစုံစမ်းခြင်း တာဝန်ယူသော သျှမ်းပြည် တပ်မတော် ရဲဘော် စိုင်းအိုက်လက မြန်မာစစ်တပ်အရာရှိတဦးအား မိုင်းနောင်မြို့အထွက်တောင်ဘက်၌ လုပ်ကြံသတ်ဖြတ် ၍ အဆိုပါအရာရှိ၏ ကျည် ၁၂ တောင့်ကျန် 9 mm ပစ္စတို တစ်လက် ယူဆောင်ထွက်ပြေး လွတ်မြောက်ခဲ့ ပါ သေးသည်။

SSPP/SSA ဌာနချုပ်အား ၁၂၀ မမ လက်နက်ကြီး အနည်းဆုံး ၇ လက်ဖြင့် တိုက်ခိုက်ရန်ပြင်ဆင်
Tuesday, 19 July 2011 16:10 သျှမ်းသံတော်ဆင့်

ယခုရက်ပိုင်းအတွင်း သျှမ်းပြည်တပ်မတော်နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲ ကြီးကြီးမားမား မဖြစ် ပွါးသေးသော်လည်း ဝမ့် ဟိုင်းဌာနချုပ်အား လက်နက် ကြီး ၁၂၀ မမ မော်ထာ အနည်းဆုံး ၇ လက် ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့်သတင်းရပ်ကွက် ဆိုသည်။

“ မိုင်းရှူး- မိုင်းနောင်ဖက်ကနေသယ်သွားမယ်။ လက်နက်ကြီးတွေ ကျည်တွေ အသင့်ပြင်ဆင်ထားတယ် လို့ကြားရတယ်။ ဒီတရက် ၂ ရက်အတွင်းတော့ သူတို့လေယဉ် လာမဝဲတော့ဘူး။ ကောင်းကင်က မကြည်လင် ဘူးလေ။ အရှေ့ အလယ်ပိုင်း တိုင်းသစ် ဖက်က လာတဲ့သတင်းအရတော့ ဝမ့်ဟိုင်းကိုဝင်ရင် ၁၂၀ မမ မော်ထာ ၇ လက် အနည်းဆုံးအသုံးပြုမယ်” ဟု နီးစပ်သည့်သူတဦးက ပြောပါသည်။

ဝမ့်ဟိုင်းနှင့် ၃ မိုင်ခန့်အကွာရှိ ပန်ဝိုး၊ နမ့်ပါခီးဖက်တွင်လည်း ရှိရင်းစွဲ မြန်မာစစ်တပ်က လူသူလက်နက်အင်အား အသင့် ပြင် ဆင်ထားကြောင်း သျှမ်းပြည်တပ်မတော် အရာရှိတဦစက ဤကဲ့သို့ပြောပါသည်။

“စိန်ကျော့ဖက်က နမ့်ဟူးဖှလန်၊ မိုင်းရယ်တောင်ဖက် ဝမ့်ပုံဖက်၊ ကျေးသီးမြို့နယ် လွယ်ယွဲဖက်၊ နမ့်ပုတ်ဖက် ပျောက်ကျား တိုက်ပွဲ ၅-၆ နေရာဆင်နွဲတယ်။ ဌာနချုပ် ဝမ့်ဟိုင်း တဝိုက်မှာတော့ မြန်မာစစ်တပ် ငြိမ်နေတယ် ။ ကျနော်တို့ဖက်က ချုံခိုတိုက်ခိုက်တဲ့ တိုက်ပွဲတွေတော့ နေ့တိုင်းဘဲ” ဟု ပြောသည်။

သျှမ်းပြည်တပ်မတော်အား ထိုးစစ်ဆင်နေသည့်မြန်မာတပ်မှာ - ရမခ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ - ၂၂၊ ၃၃၊ ၆၇၊ ခမရ -၂၄၃၊ ခမရ - ၅၀၁၊ ၅၀၃၊ ၅၀၄၊ ၅၀၆၊ ရပခ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် လက် အောက်ခံ ခလရ - ၉၊ ၁၂၊ ၆၄၊ ၂၈၆၊ ၂၈၇၊ ခမရ ၅၁၃၊ ၅၁၅၊ ၅၁၇၊ ၅၁၈၊ ၆၁၆ စသည့် တပ်များ ဖြစ် ကြသည်။

သို့သော်အဆိုပါတပ်များအနက် စစ်တပ်အင်အား (တပ်ရင်းတရင်း အင်အား ၁၀ဝ ကျော်) ရှိသော တပ်မှာ ရမခ လက် အောက်ခံ ခမရ ၂၄၃ နှင့် ရပခ လက်အောက်ခံ ခလရ ၂၈၇ တို့ဖြစ်ကြောင်းလည်း ပြည်သူ့စစ် ခေါင်းဆောင် အသိုင်း အဝိုင်းကပြောပါသည်။

“ ထိုးစစ်ဆင်လာတဲ့ သူတို့စစ်တပ်တွေထဲမှာ အင်အား ၁၀ဝ လောက် ရှိတဲ့ တပ်ရင်းက ခမရ ၂၄၃ နဲ့ ခလရ ၂၈၇ ဘဲရှိ တယ်။ ကျန် တာက အင်အား ၆၀ ထက်မပိုဘူး” ဟု ゞင်းကပြောသည်။

အလားတူ ကျေးလက်ဒေသခံများလည်း ယခုကဲ့သို့ လယ်ဆင်းချိန်၌ အချိန်နှင့်အမျှ သတိနှင့်နေနေရကြောင်း ဝမ့်ဟိုင်း အုပ်စု ဒေသခံများပြောပြချက်အရ သိရသည်။

“ လယ်ဆင်းချိန်ဆိုတော့ မဆင်းလို့လဲမဖြစ်ဘူးလေ။ ရွာသားတွေကင်းစောင့်ပြီး လယ်ထွန်ရတယ်။ သတိကြီးကြီး ထားရ တာပေါ့။ ဗမာစစ်ကြောင်း လာပြီလို့ သိရင်တော့ နွားဖြုတ် လှည်းဖြုတ်ပြီးပြေးပုန်းတော့တာဘဲ။ ပေါ်တာထမ်းဖို့ ဖမ်းမိရင်၊ သျှမ်းစစ်သားတွေအကြောင်းမေးလာရင်မလွယ် ဘူး” - ဟု ဝမ့်ဟိုင်းအုပ်စုကိန်းလိန်ရွာ သား တဦးက ပြောသည်။

တောတောင်အတွင်းထွက်ပြေးတိမ်းရှောင်ကာ သတိနှင့်နေထိုင်စားသောက်နေကြရသည့် ရွာများမှာဝမ့်ဟိုင်း အုပ်စု ကိန်း လိန်၊ ခီခပ်၊ ဝမ့်မိတ်၊ ခေးပွမ်း၊ ဖတ်နမ်၊ ပိန်းညောင်၊ မတ်ကျိုင်း၊ နမ့်ကုန်၊ ဝမ့်မိုင်၊ မတ်လုမ်း၊ လွယ်ကုန်၊ လွယ်ကျိုင်း၊ နမ့်ကိုင်ဖိတ်၊ နမ့်ဟို၊ ဝမ့်မော့၊ ဝမ့်ခုန့်ထွမ် ၊ နမ့်ဟူး၊ ပန်ခန် စသည့်ရွာများဖြစ်ကြောင်း သိရသည်၊




 

No comments: