Saturday, June 11, 2011

ဒေါ်လာဈေးပြန်တက်ဖို့ လောလောဆယ်မမြင်

မြန်မာနိုင်ငံမှာ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်မှုနှုန်းထားမှာ အမေရိကန် ဒေါ်လာဈေးက အလွန်ကျဆင်းနေပြီး ဒီကနေ့ ပေါက်ဈေးဟာဆိုရင် ဈေးကွက်မှာ အမေရိကန်တဒေါ်လာကို မြန်မာငွေ ၇၆၀၊ ၇၇၀ ကျပ်ပဲ ဈေးပေါက်တယ်လို့ သိရပါတယ်။


ဒီလိုဈေးကျတာကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ၊ ဒေါ်လာနဲ့လစာရသူတွေ၊ ပြည်ပမှာ စီးပွားရှာပြီး ပြည်တွင်းက မိသားစုကို ငွေပြန်ပို့နေသူတွေကတော့ ထိခိုက်နေပြီး ဒီ ဒေါ်လာဈေး ပြန်တက်ဖို့တော့ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးနှင်းဦးက ပြောပါတယ်။

သူအကြောင်းပြတာကတော့ ပြည်တွင်းမှာရှိနေတဲ့ ဒေါ်လာတွေက လိုတာထက် များနေလို့လို့ ဆိုပါတယ်၊ ဒေါ်လာဈေး ကျနေတာဟာ စိုးရိမ်စရာကောင်းပြီး အနုတ်လက္ခဏာဆောင်နေတယ်လို့ သုံးသပ်ရတဲ့အကြောင်း ဦးနှင်းဦးက ပြောပါတယ်။

 
၁၀၀၀  တန် မြန်မာကျပ်ငွေများ

မြန်မာနိုင်ငံကို မကြာခင်က ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတယ်၊ ချေးငွေတွေ ရလာတယ်၊ လူသားချင်း စာနာမှုအတွက် အကူအညီရတာတွေ ရှိတယ်၊ ဒါကြောင့် ဒေါ်လာတွေဝင်လာလို့ လို့ အမေရိကန်ပြည်ထောင်စု၊ အမေရိကန် တက္ကသိုလ်က စီးပွားရေးပညာရှင် ဦးဇော်ဦးက သုံးသပ်ပါတယ်။

အခုလို ဈေးတွေကျတော့ ပို့ကုန်လုပ်ငန်းရှင်တွေ၊ ပို့ကုန်ကို အခြေခံတဲ့ ထုတ်လုပ်သူတွေ၊ လယ်ယာကို အခြေခံတဲ့ လယ်သမားတွေ၊ ခြံသမားတွေ အကုန်ထိခိုက်မှာပဲလို့ သူက ဆိုပါတယ်။

မြန်မာ့စီးပွားရေးတည်ဆောက်ပုံကိုက ကသောင်းကနင်း ဖြစ်နေတယ်၊ သဘာဝ သယံဇာတ ထုတ်ရောင်းတာတွေနဲ့ ချေးငွေရယူတာတွေကများနေပြီး ကုန်ထုတ်လုပ်ငန်း ဦးစီးတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုမရှိသေးသရွေ့တော့ ဒီလိုပဲ ငွေကြေးနဲ့ စီးပွားရေး ပြဿနာတွေဖြစ်နေဦးမှာပဲလို့ ဦးဇော်ဦးက သုံးသပ်ပါတယ်။


သတင်း - ဘီဘီစီ၊ ဓာတ်ပုံ - အေပီ

No comments: