Friday, May 27, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၈ ရက်)

- ၉၀ ရလဒ် အသိအမှတ် မပြုခြင်းကို NLD က အမြဲကန့်ကွက်မည်- စစ်အစိုးရပြောင်းလဲခဲ့သည့် Myanmar ကို ဒေါ်အောင်ဆန်းစုကြည် အသိအမှတ်မပြု
- နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ သမ္မတထံ အိတ်ဖွင့်ပေးစာပို့
- ၉၀ ရလဒ် သဘောထား ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာ ပြော
- ရာဇသံကုန်ဆုံးပြီး KIAနှင့် မြန်မာတပ်ကြား ပထမဆုံး ပစ်ခတ်မှုဖြစ်ပွား
- မြန်မာ့ ယာဘား ဘင်္ဂလာဒေခ်ျ့တွင် အဖမ်းအဆီးများ
- အရပ်သားကို လူသားဒိုင်းအဖြစ် စစ်တပ်က ခိုင်းဟု KNU ပြော
- မြန်မာအစိုးရအပေါ် ဒဏ်ခတ်ဥပဒေ သက်တမ်းတိုးရေး ဆီးနိတ်အမတ်များ တောင်းဆို
- ဂျွန်မက်ကိန်း NLD နှင့် တွေ့မည်
- မြောက်ကိုရီးယား - မြန်မာဆက်ဆံရေး တရုတ် ဘယ်အခန်းကဏ္ဍက ပါသလဲ
- Bangkok Post နှင့် The Nation မြန်မာပြည်၌ ဖြန့်မည်
- ဟောင်ကောင်-မြန်မာ ကုန်သွယ်မှု မြင့်လာ
- အစိုးရကို စမ်းသပ်မယ့် ဒေါ်စု နယ်ထွက်ခရီး

၉၀ ရလဒ် အသိအမှတ် မပြုခြင်းကို NLD က အမြဲကန့်ကွက်မည်
By မသင်းသီရိ သောကြာ, 27 မေ 2011

၁၉၉၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် သမိုင်းတွင်ခဲ့ပြီး အရေးပါတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုပေးဖို့ ပြောနေတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အာဏာတောင်းနေတာ မဟုတ်ဘဲ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေကို မလေးစားခဲ့တာကြောင့် ပြောနေရတာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ ဗဟန်း ရွှေဂုံတိုင်မှာရှိတဲ့ NLD ပါတီ ရုံးချုပ်မှာ ပြုလုပ်တဲ့ ၁၉၉၀ မေလ ၂၇ ရက် ရွေးကောက်ပွဲ ၂၁ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ အခုလို ပြောလိုက်တာပါ။ ဒါ့အပြင် ဒီရွေးကောက်ပွဲအပေါ် တခြား နိုင်ငံရေး ပါတီတွေရဲ့ သဘောထားတွေကို မသင်းသီရိက စုစည်း တင်ပြပေးထားပါတယ်။

၁၉၈၈ လူထုဆန္ဒကို ဖော်ထုတ်ခဲ့တဲ့ လှုပ်ရှားမှုကြီးကနေ ပေါက်ဖွားလာတဲ့ ၁၉၉၀ ရွေးကောက်ပွဲဟာ
ဒီနေ့ဆိုရင် ၂၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပေမဲ့ နိုင်ငံအတွက် သမိုင်းတွင် ကျန်ရစ်တဲ့ အရေးကြီးတဲ့ ရွေးကောက်ပွဲတခု ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားပြီး အသိအမှတ် မပြုခဲ့တဲ့ လုပ်ရပ်တွေ အပေါ်မှာ NLD ပါတီက အခုချိန်ထိ ထောက်ပြ ပြောဆိုနေတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့၊ စကားပြောတဲ့ ဟာတွေထဲမှာ သမိုင်းမှာ ကျန်ရစ်ခဲ့ပြီဆိုတဲ့ အသုံးအနှုန်းကို တချို့က သုံးပါတယ်။ ကျမတို့ရဲ့ ရွေးကောက်ပွဲကို သမိုင်းနဲ့ နှိုင်းယှဉ်ပြီး ပြောရတယ် ဆိုရင်ကို ဒီရွေးကောက်ပွဲဟာ ဘယ်လောက် အရေးပါခဲ့တယ် ဆိုတာကို အသိအမှတ် ပြုတာပဲ။ သမိုင်းနဲ့ကို ချီပြီးတော့ ဒီရွေးကောက်ပွဲက အရေးကြီးခဲ့တယ် ဆိုတာကို ကျမတို့ မမေ့သင့်ပါဘူး။

“ကျမတို့ အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုတာကို အမြဲကန့်ကွက်တယ်။ NLD ကို အာဏာမပေးလို့ မဟုတ်ဘူး၊ ပြည်သူလူထုကို မလေးစားလို့။ ပြည်သူလူထုကို မျှော်လင့်ချက်တွေ ပေးပြီးတော့ ဒီမျှော်လင့်ချက်တွေကို ချေဖျက်လို့။ မလုပ်ကောင်းတဲ့ ကိစ္စဆိုတာ ဒီတိုင်းပြည်ရဲ့ သမိုင်းအတွက် မကောင်းဘူး။ ကျန်ခဲ့တဲ့သမိုင်း မဟုတ်ဘူး၊ နောင်လာမယ့် သမိုင်းအတွက်လည်း မကောင်းဘူး။”

ဒီကနေ့ ဗဟန်း ရွှေဂုံတိုင်မှာရှိတဲ့ NLD ပါတီ ရုံးချုပ်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ နှစ်ပတ်လည် အခမ်းအနားမှာ စာတမ်းဖတ်ပွဲနဲ့အတူ မကြာသေးခင်က ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နှုတ်ဆက်ဂုဏ်ပြုတဲ့ အခမ်းအနားတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲလုပ်တိုင်း ဒီမိုကရေစီ ရှိပြီလို့ မပြောနိုင်သလို ဒီမိုကရေစီဆိုတာ ပြည်သူလူထုကို ဘယ်လောက်လေးစားတဲ့ အစိုးရ ဖြစ်မလဲဆိုတဲ့ စံနှုန်းတွေနဲ့သာ တိုင်းတာဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

“ရွေးကောက်ပွဲရှိတိုင်း ဒီမိုကရေစီရှိတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ မရှိတဲ့ နိုင်ငံတွေမှာလည်း ရွေးကောက်ပွဲတွေဆိုတာ ရှိပါတယ်။ တကယ် နိုင်ငံတနိုင်ငံအတွက် အရေးကြီးတာဟာ ပြည်သူလူထုကို ဘယ်လောက် အလေးထားသလဲ၊ ပြည်သူလူထုရဲ့ ကောင်းကျိုးအတွက် အစိုးရလုပ်တဲ့ သူတွေက ဘယ်လောက် လုပ်ပေးရသလဲ။ လုပ်ပေးနိုင်သလဲ မဟုတ်ဘူး၊ ဘယ်လောက် လုပ်ပေးရသလဲ။ လုပ်ပေးနိုင်ပေမဲ့ မလုပ်ပေးတဲ့သူတွေ ရှိတယ်။ ဘယ်လို အဆောက်အအုံတွေ ရှိလဲ၊ ဘယ်လို စည်းမျဉ်း စည်းကမ်းတွေရှိလဲ၊ ဘယ်လို အထောက်အပံ့တွေရှိလဲ ဆိုတာ အဲဒါ အရေးအကြီးဆုံးပါပဲ။ ဒီနိုင်ငံဟာ တကယ်ပဲ ဒီမိုကရေစီဘက်ကို ဦးတည်နေပြီလား ဆိုတာ ကျမတို့ ကြည့်ရမှာပေါ့။”

ဒီမိုကရေစီဘက်ကို တကယ်ပဲ ဦးတည်နေပြီ ဆိုရင်တော့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးဆုံးပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။

“တရားဥပဒေ စိုးမိုးရေး မရှိသ၍တော့ ဘယ်လို ကတိတွေပဲပေးပေး၊ ဘယ်လို စကားလှလှတွေပဲ ပြောပြော အဲဒါကတော့ ဘာမှ အရာရောက်မှာ မဟုတ်ပါဘူး။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်နေတာတော့ ကျမတို့ ခံယူချက်ကြောင့် အကျဉ်းကျနေတဲ့ သူတွေပဲ။ ဒီပုဂ္ဂိုလ်တွေကို တရားဥပဒေနဲ့အညီ အကျဉ်းချခဲ့တာလား၊ တရားဥပဒေနဲ့အညီ စစ်ဆေးခဲ့ကြတာလား၊ တရားဥပဒေနဲ့အညီ ဖမ်းဆီးခဲ့တာလား။ အဲတော့ အဲဒီဟာတွေ မရှိခဲ့ဘူးဆိုရင် ဒီတိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး မရှိဘူးဆိုတာ အင်မတန်မှ ရှင်းပါတယ်။”

ဒါ့အပြင် အကျဉ်းထောင်တွေက လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သူတို့ရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့ တာဝန်သိမှုတွေအပေါ် ကျေးဇူးတင်ကြောင်းနဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတခုဖြစ်တဲ့ လုပ်ရဲတာ သတ္တိမဟုတ်ဘဲ ခံရဲတာသာ သတ္တိဖြစ်တယ်ဆိုတဲ့ စကားကို လက်ကိုင်ထားကြရင်း မဆုတ်မရွံ့ ဆက်ပြီး လူထုအတွက် ရပ်တည်ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် မဖော်ဘဲ မနှစ် ၂၀၁၀ က နောက်ထပ် ရွေးကောက်ပွဲတခု ထပ်ကျင်းပခဲ့ပြီး အခုဆိုရင် အရပ်သား အစိုးရကို အာဏာလွှဲပေးလိုက်ပါပြီ။ ဒီလို ဆယ်စုနှစ် ၂ စုနီးပါးကြာမှ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ၂ ခုကို ယှဉ်ကြည့်မယ်ဆိုရင် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ လူထု စိတ်ဝင်စားမှုက ကွာဟ ခြားနားခဲ့ပေမဲ့ ပြောစရာတခု အနေနဲ့ ကျန်ရစ်ခဲ့တာကလွဲရင် ကျန်တာတွေကတော့ အချိန်လွန်နေပြီလို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့က ဦးသုဝေက သုံးသပ်ပါတယ်။

“၁၉၉၀ ခုနှစ် ရွေးကောက်ပွဲက အများကြီး လွတ်လပ်တာပေါ့။ လုပ်ပိုင်ခွင့်တွေ အများကြီးရှိတယ်၊ လူတွေကလည်း တက်တက်ကြွကြွနဲ့ စိတ်ပါဝင်စားစွာ ရှိနေတဲ့ အချိန်ကာလပေါ့။ ၂၀၁၀ ရွေးကောက်ပွဲကျတော့ လူတွေကလည်း ဟိုတုန်းကလို မတက်ကြွတော့ဘူး။ ရွေးကောက်ပွဲရဲ့ လွတ်လပ်မှု၊ တရားမျှတမှု ဆိုတာလည်းပဲ ဟိုတုန်းကလို မရှိဘူးပေါ့။ အဲဒီလို ရွေးကောက်ပွဲ အခြေအနေကတော့ ကွာခြားမှု ရှိပါတယ်။ ဒါပေမဲ့ အချိန်အခါတော့ လွန်သွားပြီ။ လူတွေကလည်း ဒါကတော့ မျှော်လင့်ချက် မရှိတော့ပါဘူး။ ဖြစ်လည်း ဖြစ်လာနိုင်မယ့်ဟာ မဟုတ်တော့ဘူး။”

ပြီးခဲ့တဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲတရပ် ပြုလုပ်ခဲ့တယ် ဆိုပေမဲ့ ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်နဲ့ ပေါ်ပေါက်လာတဲ့ အစိုးရ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD) က ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဆိုပါတယ်။

“ပြည်သူတရပ်လုံး လိုလားတောင့်တမှု မပြည့်စုံတဲ့ ကိစ္စကို ပြောတာ။ အားလုံးကို အာမခံပေးနိုင်တဲ့ အစိုးရ အဖွဲ့အစည်းမျိုး လိုအပ်တယ်။ အားလုံး လက်သင့်ခံနိုင်တဲ့ တရားဥပဒေ တခုကို ရေးဆွဲပေးနိုင်တဲ့ အစိုးရဖြစ်ဖို့ လိုအပ်တယ်။”

ဒီကနေ့ ကျရောက်တဲ့ ၂၁ နှစ်မြောက် ၁၉၉၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထားတွေ ဖြစ်ပါတယ်။

စစ်အစိုးရပြောင်းလဲခဲ့သည့် Myanmar ကို ဒေါ်အောင်ဆန်းစုကြည် အသိအမှတ်မပြု

2011-05-27 RFA

မြန်မာနိုင်ငံရဲ့အမည်ကို အင်္ဂလိပ်လို ခေါ်ဝေါ်သုံးစွဲရာမှာ မူလ အသုံးအနှုန်း ဖြစ်တဲ့ Burma ကနေ မြန်မာလို့ စစ်အစိုးရက အဓမ္မ ပြောင်းလဲခဲ့တာဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့အတွက် မိမိတို့ အသိအမှတ်မပြုခြင်း ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
“NLD နဲ့ ကျွန်မက မူအရ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma လို့ပဲ ပြောပါတယ်။

မူအရလို့ဆိုရတာကတော့ နိုင်ငံတနိုင်ငံရဲ့ အမည်ကို ကမ္ဘာ့အလယ်မှာ ပြောင်းပြီးခေါ်တဲ့ ကိစ္စဆိုတာ ပြည်သူများရဲ့ ဆန္ဒကို မရယူပဲ လုပ်သင့်တဲ့အရာ မဟုတ်ပါဘူး။ ဒါ့ကြောင့် နဝတက မိမိတို့ ဆန္ဒတခုတည်းနဲ့သာ ပြောင်းပြီး ခေါ်ခဲ့တဲ့ အင်္ဂလိပ်လို Myanmar ဆိုတာကို ကျွန်မတို့ လက်မခံတာ ဖြစ်ပါတယ်။”

RFA က တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် သောတရှင်တဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် မြန်မာနိုင်ငံကို လာရောက်စဉ်မှာ ဦးသိန်းစိန်အစိုးရက အမေရိကန် ပြည်ထောင်စုအနေနဲ့ မိမိတို့နဲ့ ဆက်ဆံရေး တိုးတက်ချင်ရင် Burma လို့ ဆက်လက်သုံးစွဲခြင်း မပြုပဲ မြန်မာလို့ ပြောင်းလဲ ခေါ်ဝေါ်စေချင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ အန်အယ်လ်ဒီနည်းတူ မြန်မာနိုင်ငံကို အင်္ဂလိပ်လို ခေါ်ဆိုရာမှာ Burma လို့ပဲ ဆက်လက် သုံးစွဲပါတယ်၊ နိုင်ငံတကာ စာနယ်ဇင်းကြီးတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးတွေ၊ RFA ၊ VOA ၊ BBC စတဲ့ အဖွဲ့အစည်းတွေမှာလည်း မြန်မာဌာနကို အင်္ဂလိပ်လို ပြောဆိုရာမှာ Burmese Service လို့ပဲ သုံးနှုန်းပါတယ်။

ဒီတပတ်အစီအစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းတခုကို ဖြေကြားရာမှာ အာဆီယံအဖွဲ့အတွင်း မြန်မာ့ဒီမိုကရေစီရေးအတွက် ဆောင်ရွက်ဖို့ ဦးသိန်းစိန်အစိုးရကို ပိုမို တိုက်တွန်း ပြောဆိုလာတာတွေဟာ တိုးတက်မှုဖြစ်ကြောင်း ဝေဖန်သုံးသပ်ပြောဆိုလိုက်ပါတယ်။

“အာဆီယံအဖွဲ့က အခု မြန်မာအစိုးရကို ဘယ်လို သဘောထားလဲ ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မသိပါဘူး။ အစဉ်အလာအားဖြင့်တော့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု မူဝါဒကို အာဆီယံက စွဲကိုင်ခဲ့ပါတယ်။ အချို့ အာဆီယံနိုင်ငံတွေကတော့ ခုနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေကို ထောက်ပြလာတာတော့ တွေ့ရပါတယ်။ ဒါဟာ တိုးတက်မှုလို့ ပြောနိုင်မယ် ထင်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ သမ္မတထံ အိတ်ဖွင့်ပေးစာပို့
2011-05-27 RFA

မကြာခင်က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ဦးရေဟာ နည်းပါးတဲ့အတွက် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာတစောင်ကို၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ကြတဲ့ ဒီမိုကရက်တစ်နဲ့ တိုင်းရင်းသားပါတီ ၁၁ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့က သမ္မတ ဦးသိန်းစိန်ထံ မေလ ၂၆ ရက်နေ့က ပေးပို့လိုက်ကြပါတယ်။

အခု လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အခင်းအကျင်းအရ အမျိုးသား ရင်ကြားစေ့ရေး အခွင့်အလမ်းကို မှေးမှိန်အားနည်းသွားစေမဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်စရာရှိတဲ့အတွက် အခုလို စာရေးသားတိုက်တွန်းရတာ ဖြစ်တယ်လို့ ပေးစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအပေါ် ဒဏ်ခတ်ဥပဒေ သက်တမ်းတိုးရေး ဆီးနိတ်အမတ်များ တောင်းဆို
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 26 မေ 2011

မြန်မာစစ်အစိုးရကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ် အရေးယူထားတဲ့ ၂၀၀၃ ခုနှစ် ဥပဒေတရပ်ကို နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကွန်းနဲလ် (Mitch McConnell) နဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဒိုင်ယန်း ဖိုင်းစတိုင်းန် (Dianne Feinstein) တို့ အပါအ၀င် အထက်လွှတ်တော်အမတ် ၄ ဦး ပူးတွဲပြီး မေလ ၂၆ ရက်၊ ကြာသပတေးနေ့က အမေရိကန် အထက်လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။

၂၀၀၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ အဲဒီတုန်းက အမေရိကန် သမ္မတ ဂျော့ဂ်ျ ဒဗလျူ ဘုရှ် (George W.Bush) က လက်မှတ်ရေးထိုးပြီး အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်မှုနှင့် ဒီမိုကရေစီ ဥပဒေလို့ ဆိုရမယ့် Burmese Freedom and Democracy Act ကို သက်တမ်းတိုးပေးဖို့ အဲဒီ အထက်လွှတ်တော် အမတ်တွေက တင်ပြခဲ့တာပါ။

မြန်မာအစိုးရအပေါ် ဒဏ်ခတ် အရေးယူထားတာကို ဘာ့ကြောင့် သက်တမ်းတိုးသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး မစ္စတာ မက်ကွန်းနဲလ်က အထက်လွှတ်တော်ကို တင်ပြတဲ့ အထဲမှာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှု မရှိတာ၊ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အများစု အနိုင်ရခဲ့တာ၊ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး အပါအ၀င် ကိစ္စရပ် အားလုံးကို စစ်တပ်ထောက်ခံမှု မပါဘဲ လွှတ်တော်တွေ အနေနဲ့ ဘာမှလုပ်လို့ မရတာ၊ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ဆက်ပြီး အကျဉ်းချထားတာ၊ ဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ အိုးအိမ်စွန့် ထွက်ပြေးရသူတွေ သိန်းနဲ့ချီပြီး ရှိနေသေးတာ၊ မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးဆက်ဆံမှုတွေ ပိုတိုးလာတာ စတဲ့ အချက်တွေကို ထောက်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လောက် လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင် ဆောင်ရွက်နိုင်သလဲ ဆိုတာအပေါ်မှာ စိုးရိမ်မှု ရှိနေတာကိုလည်း မစ္စတာ မက်ကွန်းနဲလ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ သိသာထင်ရှားတဲ့ လုပ်ရပ်တွေကြောင့် မိမိတို့ အရူးလုပ်တာ မခံရသင့်ကြောင်း၊ အဲဒါတွေဟာ အစိုးရက ဘယ်လို အုပ်ချုပ်မယ် ဆိုတာတွေ၊ သူ့ရဲ့လူထုကို ဘယ်လို ပြုမူဆက်ဆံမယ် ဆိုတာတွေ၊ ကျန်တဲ့ ကမ္ဘာကြီးနဲ့ ဘယ်လို ထိတွေ့ဆက်ဆံမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်တာမဟုတ်ဘဲ နိုင်ငံတကာရဲ့ ဒဏ်ခတ် အရေးယူမှု အောက်ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားတာ သက်သက်ပဲ ဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် မက်ကွန်းနဲလ်က ဝေဖန်ပြောဆိုပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်တဲ့အထိ ဒဏ်ခတ် အရေးယူမှုကို ဆက်ပြီး ချမှတ်ထားသင့်တယ်လို့ မိမိ ယုံကြည်ကြောင်း သူက ထောက်ခံ တင်ပြခဲ့ပါတယ်။

အဲဒီဥပဒေအရ ဒဏ်ခတ် အရေးယူထားတာတွေထဲမှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံဆီ တင်သွင်းခွင့်ကို ပိတ်ပင် တားမြစ်တာ၊ မြန်မာခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို ထိန်းချုပ်တာ၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာငွေကြေး အဖွဲ့အစည်းတွေက မြန်မာအစိုးရကို ငွေချေးတဲ့ကိစ္စ အမေရိကန်က မထောက်ခံရဘူးလို့ တားမြစ်တာ၊ မြန်မာတာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာ မပေးဖို့ ကန့်သတ်တာ၊ မြန်မာအစိုးရ ခေါင်းဆောင်တွေအတွက် ကြားခံလုပ်ပေးဖွယ်ရှိတဲ့ ဘဏ်ငွေစာရင်းတွေ အသုံးပြုမှုကို ကန့်သတ်တာတွေ ပါဝင်ပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အဓိပ္ပာယ် ပြည့်ဝတဲ့ လုပ်ဆောင်မှုတွေ မြန်မာအစိုးရက မလုပ်သေးသရွေ့ ဒီအရေးယူမှုတွေ ဆက်ရှိနေမှာ ဖြစ်တယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကွန်းနဲလ်က ပြောထားပါတယ်။

၉၀ ရလဒ် သဘောထား ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာ ပြော
လင်းသန့် Friday, 27 May 2011 18:10

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုခြင်းသည် ပြည်သူ့ဆန္ဒကိုချေဖျက်ခြင်းဖြစ်ပြီး ဒီမိုကရေစီမဆန်ဘဲ တိုင်းပြည် ၏ သမိုင်းအတွက် သိက္ခာကျစေသောလုပ်ရပ်ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ်တွင် ယနေ့ကျင်းပသော၂၁ နှစ်မြောက် ၁၉၉၀ ရွေးကောက်ပွဲအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“နိုင်ငံတနိုင်ငံ ဂုဏ်သိက္ခာရှိဖို့ဆိုတာက ပြည်သူ့ဆန္ဒကိုလေးစားရမယ်။ ပြည်သူကို မလှည့်ဖျားရဘူး၊ အခုစကား တမျိုး ပြော၊ နောက် စကားတမျိုးပြော လုပ်လို့မရဘူး၊ ၉၀ ရလဒ် အသိအမှတ်မပြုတာကို ကျမတို့က အမြဲကန့်ကွက်တယ်။ NLD ကို အာဏာမပေးလို့ မဟုတ်ဘူး။ ပြည်သူလူထုကို မျှော်လင့်ချက်တွေပေးပြီး ချေဖျက်လို့ မလုပ်ကောင်းတဲ့ကိစ္စ”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ရွေးကောက်ပွဲ ရှိတိုင်း ဒီမိုကရေစီ ရှိမည်မဟုတ်ကြောင်း၊ ဒီမိုကရေစီ မရှိသော နိုင်ငံများတွင်လည်း ရွေးကောက်ပွဲ ရှိနေ ကြောင်း၊ ဒီမိုကရေစီ ရှိမရှိ တိုင်းတာနိုင်သည့် အချက်တခုမှာ တရားဥပဒေ စိုးမိုးရေးဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် နိုင်ငံ ရေးလုပ်သူများကို တရားဥပဒေနဲ့အညီ ဖမ်းဆီးအကျဉ်းချခဲ့ခြင်း မဟုတ်ဘဲ ဥပဒေမဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။

မကြာသေးခင်က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာကြသော နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်အား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကိုလည်း NLD ဌာနချုပ်တွင် ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

NLD ဌာနချုပ်၌ ယနေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ စုစုပေါင်း တက်ရောက်သူ ၁၀၀၀ ကျော်တက်ရောက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် NLD ခေါင်းဆောင်များက လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ ကို ဂုဏ်ပြုစကားများ၊ အားပေးစကားများ ပြောကြားပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော် အပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်းများကလည်း ကျေးဇူးတင်ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ဆက်လက်ကြိုးစားသွားကြမည်ဖြစ်ကြောင်းများကို ပြန်လည် ပြောကြားခဲ့ သည် ဟု သိရသည်။

“လုပ်ရဲတာ သတ္တိ မဟုတ်ဘူး၊ ခံရဲတာ သတ္တိလို့ ဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း) ပြောခဲ့တယ်။ ကြောက်လို့ မလုပ်တော့ဘူး ဆိုရင် အထဲမှာ ခံခဲ့ရတဲ့နှစ်တွေက အလကားဖြစ်သွားမှာပေါ့။ ဘာပဲပြောပြော ကိုယ်ခံခဲ့ရတာတွေက ကိုယ့်တိုင်း ပြည်အတွက် ခံရကျိုးနပ်အောင်လုပ်ပါ။ ကိုယ်တယောက်ချင်း အတွက်မဟုတ်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်လာ သောနိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲတွင် ပြောသည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းထိန်ကလည်း“ဦးတင်ဦးက လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုဂုဏ်ပြုစကားပြောတယ်၊ ပြီးတော့ လွတ်ငြိမ်းချမ်းသာ က အစစ်မဟုတ်လို့ ဒီထက်ပိုပြီး တကယ့် နိုင်ငံရေးအကျဉ်းသားတွေ ထပ် လွတ်စေဖို့ လုပ်ဆောင်သွားမယ်လည်း ပြောတယ်”ဟု ဧရာဝတီကို ပြောသည်။

နေ့လယ်ပိုင်းတွင် စာတမ်းဖတ်ပွဲအနေဖြင့် စာတမ်းသုံးဆောင်ကို ဖတ်ကြားကြောင်း သိရသည်။ ပထမဦးစွာ ၁၉၉၀ ရွေးကောက်ပွဲအား တိုင်းရင်းသားပါတီများ အဘယ်ကြောင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်ဆိုသည့် တိုင်းရင်းသားများ၏ အမြင် ဆိုင်ရာ စာတမ်းကို ရှမ်း တိုင်ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) မှ ဦးစိုင်းစောအောင်က လည်းကောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အကြောင်းအရင်းများကို NLD မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းမြင့်က လည်းကောင်း ၊ ၂၀၁၀ ရွေးကောက်ပွဲကို အဘယ်ကြောင့် ၀င်ရောက်မယှဉ်ပြိုင်ကြောင်း စာတမ်းကို ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(UDP) ဥက္ကဌ ဟောင်း ဦးဖြိုးမင်းသိန်းက လည်းကောင်း ဆွေးနွေးသွားကြသည်။

“ကိုဖြိုးမင်းသိန်း စာတမ်းကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၁၉၉၀ ရွေးကောက်ပွဲကို နိုင်းယှဉ်ပြီး ကြံ့ခိုင်ရေးပါတီဟာ လူမှုရေး အသင်းကနေ ရွေးကောက်ပွဲနီးမှ ပါတီပြောင်းလိုက်တာ၊ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီမရှိဘူး ဆိုတာတွေကို ဆွေးနွေးသွားတယ်”ဟု ဦးဝင်းထိန် က ရှင်းပြသည်။

အဆိုပါအခမ်းအနားသို့ NLD ပါတီ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်တင်မှာ မိန့်ခွန်းပြောရန် စီစဉ် ထားခဲ့သော် လည်း ကျန်းမာရေးချို့ယွင်းနေသည့်အတွက် တက်ရောက်လာနိုင်ခြင်းမရှိကြောင်း စာတမ်းဖတ်ကြားခဲ့သူ ကိုဖြိုးမင်းသိန်း က ပြောသည်။

“ဒီနေ့ အခမ်းအနားက တော်တော်စည်တယ်။ တက်လာတဲ့သူတွေက ခန်းမအပြင်မှာတွေရော ရုံးချုပ်အပြင်ဘက်ထိပါ ပြည့် လျှံနေတာ”ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ယခုနှစ်ကျင်းပခဲ့သော ရွေးကောက်ပွဲအောင်ပွဲ နှစ်ပတ်လည်အခမ်းအနားသည် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံး နေ အိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ပြီး ပထမဆုံး ကျင်းပခြင်းဖြစ်သည်။

NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတ၀န်း ဆန္ဒမဲ ၈၀ ရာခိုင်နှုန်း ကျော်ဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည့် ပါတီဖြစ်သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေး ရန်တာဝန် ပျက်ကွက်ခဲ့ သည်။

ပြည်တွင်း အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပူးပေါင်း ရေးသားသည်။

ရာဇသံကုန်ဆုံးပြီး KIAနှင့် မြန်မာတပ်ကြား ပထမဆုံး ပစ်ခတ်မှုဖြစ်ပွား
Friday, 27 May 2011 17:43 KNG

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)မှ ပေးသော နောက်ဆုံးရက် ရာဇသံ ကုန်ဆုံးသွားပြီးနောက် ကချင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် KIA ကြား ပထမဆုံးကြိမ်ပစ်ခတ်မှု စစ်ပွဲငယ် ယနေ့နံနက် ၁၀ နာရီ ခွဲခန့် တွင် ဖြစ်ပွားခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ၎င်းတို့တပ်စခန်းများအနီးပို့ထားသည့် မြန်မာစစ်သားများ မေ ၂၅ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ခွာရန် ရာဇသံ ပေးပြီးနောက် နှစ်ရက်အကြာတွင် ယင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုသည် မိနစ်အတော်ကြာသည်ဟု ပစ်ခတ်မှုဖြစ်ပွားရာအနီးရောက်ရှိနေသည့် ကချင်သတင်းဌာနသတင်းထောက်က ပြောသည်။ နေရာမှာ ဗန်းမော်ခရိုင် အရှေ့တောင်ဘက် မံဂျေ (မံစီ)မြို့နယ်၊ ရှဒန်ဂါးဂေါ့ ဒေသ၊ ၀မိကောင် တွင် ဖြစ်သည်ဟု ဆိုသည်။

မန်မော် (ဗန်းမော်)-နမ့်ခမ်းလမ်းပိုင်း ကိုင်ထိတ်စခန်း၌ တပ်ချနေသည့် ဆားမှော်အခြေစိုက် မြန်မာစစ်တပ် ခလရ ၁၀၅ နှင့် KIA တပ်ရင်း ၂၇ ကြား တိုက်ပွဲငယ်ဖြစ်ပွားခြင်း မှန်ကန်ကြောင်း ကချင်ပြည်နယ် KIA လိုင်ဇာဌာနချုပ်မှ အရာရှိများ ထိုင်းအခြေစိုက် ကချင်သတင်းဌာနကို အတည်ပြုပြောသည်။

ယခုနောက်ဆုံးပစ်ခတ်မှုသည် မြန်မာ သမ္မတဦးသိန်းစိန်၏ ယမန်နေ့ မေ ၂၆ ရက်မှစတင်သည့် တရုတ်နိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

ယနေ့နံနက် ၃ နာရီခွဲတွင် နမ့်ခမ်းမြို့မှ မြန်မာစစ်သားများတင်ဆောင်ထားသည့် စစ်ကား အစီး ၂၀ သည် မံဝိန်းသို့ ထွက်ခွာသွားသည်ဟု ဆိုသည်။ မံဝိန်းမှ ကိုင်ထိတ်၊ မံဂျေ (မံစီ)ကို ဖြတ်ပြီး မန်မော် (ဗန်းမော်)သို့လည်းကောင်း၊ KIA တပ်ရင်း ၂၇ တည်ရှိရာ ဗလောင်ဒိန်ဆာသို့လည်းကောင်း၊ အင်မောင်ခ (ရွှေလီမြစ်)ရှိ ရွှေလီ အမှတ် ၁ နှင့် ၂ ရေအားလျှပ်စစ်စက်ရုံသို့လည်းကောင်း၊ တရုတ်နယ်စပ်သို့လည်းကောင်း ၄ နေရာသို့သွားရောက်နိုင်သည်ဟု ဆိုသည်။

မြန်မာစစ်တပ်များက KIA ထိန်းချုပ်နယ်မြေထဲ ချဉ်းကပ်လာလျှင် စစ်ရေးပဋိပက္ခ ပိုမို ပြင်းထန်လာမည်ဟု လိုင်ဇာမှ KIA အရာရှိများပြောသည်။

တချိန်ထဲတွင် KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၂ ခု မှာလည်း မြန်မာစစ်တပ်နှင့် အပြန်အလှန်ဝန်းရံပိတ်ဆို့နေကြ သော်လည်း ပစ်ခတ်မှုမရှိသေးဟု ဆိုသည်။ ၎င်းတို့မှာ မုန်ညန် (မိုးညှင်း) မြို့နယ်၊ ဆင်ဘိုအနီး ပန်ခေါန်အခြေစိုက် KIA တပ်ရင်း ၅ နှင့် နမ္မတီးအနီး ကဆုန်ပါရှိ KIA တပ်ရင်း ၁၁ တွင်ဖြစ်သည်။

ပြီးခဲ့သည့်အပတ်မှ စတင်လာသည့် နှစ်ဖက်စစ်ရေးတင်းမာမှုတွင် ယခုချိန်အထိ မြန်မာစစ်သား အနည်းဆုံး ၁၁ ဦးနှင့် KIA စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း KIA က ပြောသည်။

KIA အခြေစိုက်စခန်းအနီးမှ မြန်မာစစ်တပ်များ ဆုတ်ခွာခြင်း မ ရှိခြင်းကြောင့် “ရှေ့ဖြစ်ပေါ်လာမည့် ပြဿာများ အားလုံးသည်” ဦးသိန်းစိန်ဦးဆောင်သည့် ဗဟိုအစိုးရ၌သာ တာဝန်ရှိမည်ဟု KIA က သတိပေးထားသည်။

မြန်မာ့ ယာဘား ဘင်္ဂလာဒေခ်ျ့တွင် အဖမ်းအဆီးများ
မောင်အေး News Date:5/27/2011 နိရဉ္ဖရာ သတင်းဌာန

မြန်မာမှ တင်သွင်းလာသော ယာဘား ဆေးပြားများ နယ်စပ် ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် အဖမ်းအဆီး များနေကြောင်း သတင်း ရရှိသည်။

လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က တက်ကနက်မြို့မှ ကော့စ်ဘဇားမြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင် ဘတ်စ်ကားများကို ဒုံဒုံမီယာ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာ စိတ်ကြွဆေးပြား ၇၄၃၇ ပြားနှင့် အတူ ဆေးပြား သယ်ဆောင်လာသူ ၃ ဦးကို ဘင်္ဂလာ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

အဆိုပါ စိတ်ကြွဆေးပြားများကို ဗုဒ္ဓဟူးနေ့ တနေ့တည်း အတွင်း ဘတ်စ်ကားများ ပေါ်မှ သီးခြားစီ ၄ ကြိမ်ခွဲ၍ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၃ ဦးမှာ တက်ကနက်မြို့မှ အာဘူလ်ကာလာမ် (၂၅နှစ်) ၊ အိုခီးယားမြို့ ကာမာလ်အူလ်ဒိန် (၂၇ နှစ်)နှင့် နီလားမြို့နယ် နတ်တောင်မှ ၀ါရှိခ်ျဟောဆန်းဆာဒမ် (၂၅ နှစ်) တို့ဖြစ်သည်။

မေလ ၂၅ ရက်နေ့ကလည်း တက်ကနက်မြို့တွင် စိတ်ကြွဆေးပြား ၅၀၀ နှင့် ဆေးခြောက် ၅ ကီလိုကို ဖမ်းမိခဲ့ပြီး လွန်ခဲ့သည့် တနင်္လာနေ့ ညဥ့်ကလည်း ဖလောင်းချိတ်မြို့ရှိ အစိုးရ ကောလိပ် ကျောင်းသား တစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၁၀၀ ကို ဘင်္ဂလာ ရဲတပ်ဖွဲ့မှ ဖမ်းဆီး ရမိခဲ့သည်။

မေလ ၁၉ ရက်နေ့ကလည်း မြန်မာနိုင်ငံမှ တင်သွင်းလာသော စိတ်ကြွ ယာဘား ဆေးပြား ၄၀၀၀၀ ကို တက်ကနက် နယ်စပ်တွင် ဖမ်းဆီးရမိပြီး မြို့တော် ဒက္ကားတွင် ဆေးပြား ၁၈၀၀၀ ဖမ်းဆီး ရမိခဲ့သည်။

ယခုကဲ့သို့ ဖမ်းဆီး ရမိသော်လည်း မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အကြားတွင် ယာဘား မှောင်ခို နှိမ်နှင်းရေးကို ယခုအချိန်ထိ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။

အရပ်သားကို လူသားဒိုင်းအဖြစ် စစ်တပ်က ခိုင်းဟု KNU ပြော
ဖနိဒါ | သောကြာနေ့၊ မေလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၅ မိနစ်

ချင်းမိုင် (မဇ္စျိမ)။ ။ ယခုနှစ် ပထမ လေးလပတ်အတွင်း အစိုးရ စစ်တပ်က ရှေ့တန်း စစ်မျက်နှာများတွင် အမျိုးသမီးများ အပါအဝင် အရပ်သား ၂ဝ၅၁ ဦးကို အကာအရန်အဖြစ် အသုံးပြုခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က ကြာသပတေးနေ့တွင် ပြောသည်။

ဇန်နဝါရီမှ ဧပြီလအတွင်း ကရင်ပြည်နယ် ခရိုင် ၅ ခုမှ အမျိုးသမီး ၁၂၂ဝ ဦးအပါအဝင် ရွာသား ၂ဝ၅၁ ဦးကို စစ်သားများရှေ့တွင် အဓမ္မ ချီတက်စေခြင်း၊ မိုင်းရှင်းလင်းခိုင်းခြင်းများ ပြုလုပ်ကြောင်း KNU ကြေညာချက်တွင် ဖော်ပြထားသည်။

“ရှေ့တန်းမှာက သူတို့ ခရီးတခု သွားရမယ့် တရက်ခရီးဆိုရင် တပတ်လောက် သွားရမယ်။ အဲဒီတော့ သူတို့က ရွာသားကို ခေါ်လိုက်ပြီးတော့ ရှေ့ကသွား လမ်းပြပေါ့။ သူတို့စခန်းကနေ ရေဆင်းခတ်ရင် သူတို့ကို စောင့်ပစ်တယ်။ အဲဒီအခါကျတော့ သူတို့က ရွာသားကို ခေါ်ထားပြီးတော့ ရေဆင်းခတ်ခိုင်းတယ်။ အဲဒီလို ရွာသားကို မိုင်းရှင်း ကိရိယာနဲ့ အကာအကွယ် ထားလိုက်တာပဲ” ဟု KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက မဇ္စျိမကို ပြောသည်။

ကုလသမဂ္ဂ္ဂနှင့် ဒီမိုကရေစီ နိုင်ငံများက စုံစမ်းရေး ကော်မရှင်တရပ် အမြန်ဆုံး ဖွဲ့စည်းပေးပါရန် KNU က တောင်းဆိုသည်။

“စုံစမ်း စစ်ဆေးလာမယ် ဆိုရင်လည်း ကျနော်တို့က ပြည်သူတွေကို ထိခိုက်အောင်လုပ်တာ မရှိဘူး။ ဒါပေမဲ့လို့ ကျနော်တို့မှာလည်း ကိုယ့်ရဲ့ရပ်တည်မှုကို ကာကွယ်နေရတယ် ဆိုတော့ ကျနော်တို့ အားနည်းချက်တွေ ရှိပေမယ့် စုံစမ်းရေး ကော်မရှင်ကနေ စုံစမ်း စစ်ဆေးမယ် ဆိုရင်လည်း ကျနော်တို့ အနေနဲ့တော့ လက်ခံဖို့ အသင့်ပါ” ဟု ဗိုလ်မှူး စောလှငွေက ပြောသည်။

သီးခြားအတည်ပြုချက် မဇ္ဈိမအနေဖြင့် ရယူနိုင်ခြင်း မရှိပါ။

KNU ၏ နယ်နမိတ် သတ်မှတ်ချက်အရ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်-ထားဝယ်ခရိုင်၊ ဖာပွန်ခရိုင်၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် တိုက်ပွဲပေါင်း ၃ဝ၂ ကြိမ်နှင့် ပြောက်ကျားတိုက်ပွဲ ၂၂၄ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဧပြီလထဲတွင်ပင် စစ်အစိုးရတပ်နှင့် တိုက်ပွဲပေါင်း ၅၇ ကြိမ်၊ ပြောက်ကျားတိုက်ပွဲ ၃၁ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင်တိုက်နေသော တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် KNU မှ ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုးက ကာကွယ်ရေးဌာန စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူထားသည်။

မြန်မာအစိုးရအပေါ် ဒဏ်ခတ်ဥပဒေ သက်တမ်းတိုးရေး ဆီးနိတ်အမတ်များ တောင်းဆို
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 26 မေ 2011

မြန်မာစစ်အစိုးရကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ် အရေးယူထားတဲ့ ၂၀၀၃ ခုနှစ် ဥပဒေတရပ်ကို နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကွန်းနဲလ် (Mitch McConnell) နဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဒိုင်ယန်း ဖိုင်းစတိုင်းန် (Dianne Feinstein) တို့ အပါအ၀င် အထက်လွှတ်တော်အမတ် ၄ ဦး ပူးတွဲပြီး မေလ ၂၆ ရက်၊ ကြာသပတေးနေ့က အမေရိကန် အထက်လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။

၂၀၀၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ အဲဒီတုန်းက အမေရိကန် သမ္မတ ဂျော့ဂ်ျ ဒဗလျူ ဘုရှ် (George W.Bush) က လက်မှတ်ရေးထိုးပြီး အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်မှုနှင့် ဒီမိုကရေစီ ဥပဒေလို့ ဆိုရမယ့် Burmese Freedom and Democracy Act ကို သက်တမ်းတိုးပေးဖို့ အဲဒီ အထက်လွှတ်တော် အမတ်တွေက တင်ပြခဲ့တာပါ။

မြန်မာအစိုးရအပေါ် ဒဏ်ခတ် အရေးယူထားတာကို ဘာ့ကြောင့် သက်တမ်းတိုးသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး မစ္စတာ မက်ကွန်းနဲလ်က အထက်လွှတ်တော်ကို တင်ပြတဲ့ အထဲမှာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှု မရှိတာ၊ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အများစု အနိုင်ရခဲ့တာ၊ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး အပါအ၀င် ကိစ္စရပ် အားလုံးကို စစ်တပ်ထောက်ခံမှု မပါဘဲ လွှတ်တော်တွေ အနေနဲ့ ဘာမှလုပ်လို့ မရတာ၊ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ဆက်ပြီး အကျဉ်းချထားတာ၊ ဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ အိုးအိမ်စွန့် ထွက်ပြေးရသူတွေ သိန်းနဲ့ချီပြီး ရှိနေသေးတာ၊ မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးဆက်ဆံမှုတွေ ပိုတိုးလာတာ စတဲ့ အချက်တွေကို ထောက်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လောက် လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင် ဆောင်ရွက်နိုင်သလဲ ဆိုတာအပေါ်မှာ စိုးရိမ်မှု ရှိနေတာကိုလည်း မစ္စတာ မက်ကွန်းနဲလ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ သိသာထင်ရှားတဲ့ လုပ်ရပ်တွေကြောင့် မိမိတို့ အရူးလုပ်တာ မခံရသင့်ကြောင်း၊ အဲဒါတွေဟာ အစိုးရက ဘယ်လို အုပ်ချုပ်မယ် ဆိုတာတွေ၊ သူ့ရဲ့လူထုကို ဘယ်လို ပြုမူဆက်ဆံမယ် ဆိုတာတွေ၊ ကျန်တဲ့ ကမ္ဘာကြီးနဲ့ ဘယ်လို ထိတွေ့ဆက်ဆံမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်တာမဟုတ်ဘဲ နိုင်ငံတကာရဲ့ ဒဏ်ခတ် အရေးယူမှု အောက်ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားတာ သက်သက်ပဲ ဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် မက်ကွန်းနဲလ်က ဝေဖန်ပြောဆိုပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်တဲ့အထိ ဒဏ်ခတ် အရေးယူမှုကို ဆက်ပြီး ချမှတ်ထားသင့်တယ်လို့ မိမိ ယုံကြည်ကြောင်း သူက ထောက်ခံ တင်ပြခဲ့ပါတယ်။

အဲဒီဥပဒေအရ ဒဏ်ခတ် အရေးယူထားတာတွေထဲမှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံဆီ တင်သွင်းခွင့်ကို ပိတ်ပင် တားမြစ်တာ၊ မြန်မာခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို ထိန်းချုပ်တာ၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာငွေကြေး အဖွဲ့အစည်းတွေက မြန်မာအစိုးရကို ငွေချေးတဲ့ကိစ္စ အမေရိကန်က မထောက်ခံရဘူးလို့ တားမြစ်တာ၊ မြန်မာတာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာ မပေးဖို့ ကန့်သတ်တာ၊ မြန်မာအစိုးရ ခေါင်းဆောင်တွေအတွက် ကြားခံလုပ်ပေးဖွယ်ရှိတဲ့ ဘဏ်ငွေစာရင်းတွေ အသုံးပြုမှုကို ကန့်သတ်တာတွေ ပါဝင်ပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အဓိပ္ပာယ် ပြည့်ဝတဲ့ လုပ်ဆောင်မှုတွေ မြန်မာအစိုးရက မလုပ်သေးသရွေ့ ဒီအရေးယူမှုတွေ ဆက်ရှိနေမှာ ဖြစ်တယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကွန်းနဲလ်က ပြောထားပါတယ်။

လူငယ်တဦးကို BGF က ဖမ်းဆီးသတ်ဖြတ်
မေလ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကတိုင်တိကျေးနယ်အုပ်စုအတွင်းရှိ ဘောကျို့လယ်ကျေးရွာနေ လူငယ်တစ်ဦးကို နယ် ခြားစောင့်တပ်-BGF (၁၀၁၃)တပ်ရင်း လက်လက်အောက်ခံတပ်ခွဲ အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် အပတ်က ဖမ်းဆီး၍ သတ်ဖြတ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ဘောကျို့လယ်ကျေးရွာအနီးအနားတ၀ိုက်တွင် လှုပ်ရှားနေသည့် အင်အား ၂၀ ခန့်ရှိ တပ်ခွဲမှူး ဗိုလ်စောမောင်စိုးမြင့် ဦးဆောင် BGF တပ်ဖွဲ့သည် မေလ ၂၀ရက်နေ့က အသက် ၁၈နှစ်အရွယ် စောတာပိုးလိုကို ဘောကျို့လယ်ရွာအ ပြင်တနေရာတွင် ဖမ်းဆီးကာ စစ်ဆေးမှုများပြုလုပ်ပြီး ထိုနေ့၌ပင် ရိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရိုက်သတ်ခံရသည့် စောတာပိုးလို၏ မိခင်ဖြစ်သူက “ကျမသားဟာ သိပ်ပြီးဦးနှောက် အလုပ်မလုပ်တာ ဒီကျေးရွာက လူတွေနဲ့ ဒီအနီးအနားက ရွာတွေ အားလုံးအသိပဲ။ သူက ရွာပြင်ထွက်လိုက် ၀င်လိုက်အမြဲလုပ်တယ်။ ဒါကို BGF က တွေ့တော့ သူတို့အတွက် ဘယ်လိုထူးခြားလည်း မသိဘူး။ သတ်လိုက်တာပဲ။ ကျမအနေနဲ့ စိတ်မကောင်းပေမဲ့ ဘာမှ ထွေထွေထူးထူးတော့ မပြောလိုပါဘူး။ သူ့ထိုက်နဲ့ သူ့ကံလို့ပဲ ပြောရမှာပေါ့။”ဟု ပြောသည်။

KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့က “BGF ဟာ တချိန်က DKBA ပေါ့နော်။ ဘာသာ ရေးနဲ့ ကရင်လူထုတွေကာကွယ်ဖို့ပေါ့နော်။ အခုက လုံးဝ မြန်မာစစ်အစိုးရဲ့ လက်ကိုင်တုတ် ဖြစ်သွားပြီဆိုတော့ မြန်မာ စစ်တပ်ရဲ့ လမ်းစဉ်အတိုင်း လိုက်လုပ်နေတာတော့ မကောင်းဘူး။ အားလုံးခြုံလိုက်ရင်တော့ တရားခံဟာ မြန်မာအစိုး ရပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ အမှားအမှန်ပိုင်းခြားစိပ်ဖြာပြီး ပြည်သူတွေထိခိုက်စေတဲ့ အကျိုးမရှိတဲ့ အရာတွေ ထပ်မလုပ်ကြဖို့ သူတို့ကို တိုက်တွန်းချင်တယ်”ဟု ပြောဆိုသည်။

အဆိုပါဒေသတွင် လှုပ်ရှားနေသည့် BGF တပ်ရင်း (၁၀၁၃)သည် ယခုလို အပြစ်မဲ့ပြည်သူတဦးကို သတ်လိုက်သည့် အတွက် ဘောကျို့လယ်ရွာနှင့် အနီးအနားရှိ ဘောသို့ထာ့၊ ထီးသဲလေး၊ ဘိုမာ့ဟဲနှင့် ထီးလော်သေထာ့ စသည့် ကျေးရွာများမှ ရွာသူရွာသားများ အထိတ်တလန့်ဖြစ်နေကြရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အိမ်ခြေ ၄,၀၀၀ ကျော်ရှိသည့် ဘောကျို့လယ်ကျေးရွာတွင် ယခင်က DKBA(ယခု နယ်ခြားစောင့်တပ်) အခြေစိုက် စခန်းတည်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အဆိုပါ စခန်းကို ဖျက်သိမ်းလိုက်ကာ မြန်မာအစိုးရက BGF တပ်များ ကို လှုပ်ရှားတပ်ပုံစံဖြင့် ပြောင်းလဲလှုပ်ရှားစေခဲ့ရာ ယခုအချိန်ထိ ဖြစ်သည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကတိုင်တိကျေးနယ်အုပ်စု၌ လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်-BGF (၁၀၁၃)တပ် ရင်း၏ တပ်ရင်းမှူးသည် ဗိုလ်မှူး စောလှကြိုင်ဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွင်း ဘောကျို့လယ်ရွာမှ အပြစ်မဲ့ပြည်သူတဦးကို သတ်ဖြတ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဂျွန်မက်ကိန်း NLD နှင့် တွေ့မည်
ဖနိဒါ | သောကြာနေ့၊ မေလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၉ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း John McCain ၏ မြန်မာပြည် ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီချုပ် NLD ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိသည်ဟု NLD သတင်းရပ်ကွက်တခုက ဆိုသည်။

ရီပတ်ပလစ်ကင်ပါတီဘက်မှ ၂ဝဝ၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူ မစ္စတာ ဂျွန်မက်ကိန်းသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးခြားတွေ့ဆုံမည်။

၇၅ နှစ်အရွယ် ဗီယက်နမ်စစ်ပြန်ကြီးသည် နေပြည်တော်သို့ သွားရောက်၍ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အာဏာပိုင်များနှင့်လည်း တွေ့ဆုံဖွယ်ရှိသည်ဟု သံတမန် သတင်းရပ်ကွက်တခုကလည်း ပြောသည်။

မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုကို ထောက်ခံထားသူဖြစ်ကာ၊
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရပ်တည်ပေးသူ ဂျွန်မက်ကိန်းခရီးစဉ်က မြန်မာ့အရေး လေ့လာသူများအတွက် စိတ်ဝင်စားစရာ ဖြစ်သည်။

ထို့အပြင် လာမည့်သီတင်းပတ် နှစ်ပတ်အတွင်း အမေရိကန် အစိုးရ ကိုယ်စားလှယ်အဖွဲ့လည်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် လာရောက်မှာဖြစ်ပြီး၊ ဇွန်လ ၂ ရက်နေ့တွင် မြန်မာအတိုက်အခံ ခေါင်းဆောင်များနှင့်ပါ
တွေ့ဆုံဖွယ် ရှိသည်။

အမေရိကန်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားဝန်ကြီး ဂျိုးဇက်ဝိုင်ယွန်းသည် မေလ ၁၈ ရက်နေ့မှစ၍ ၄ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။

သို့သော် အမေရိကန် သမ္မတအိုဘားမား အစိုးရသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူခြင်းကို ဆက်လက် ကျင့်သုံးနေသလို၊ နေပြည်တော်နှင့် ထိတွေ့ဆက်ဆံမှုကိုလည်း ကျင့်သုံးနေသည်။

မြောက်ကိုရီးယား - မြန်မာဆက်ဆံရေး တရုတ် ဘယ်အခန်းကဏ္ဍက ပါသလဲ
ခင်ဦးသာ Friday, 27 May 2011 19:31

တရုတ်သမ္မတ ဟူကျင်းတောင်သည် မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်နှင့် တရုတ်နိုင်ငံ ဘေကျင်းမြို့၌ မနေ့က တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် ယနေ့ တွေ့ဆုံသည်။

မြောက်ကိုးရီးယား ခေါင်ဆောင်နှင့် ဦးသိန်းစိန်တို့ ဘေကျင်းမြို့၌ တွေ့ဆုံခြင်း ရှိ၊ မရှိကို တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုးရီးယား သံအမတ်ကြီးက ဦးသိန်းစိန်၏ ခရီးစဉ်မစတင်မီ ရက်ပိုင်း၌ မြန်မာ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ်သိန်းဌေးနှင့် တွေ့ဆုံခဲ့ကြောင်းကို နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။ ဆွေးနွေးသည့် အကြောင်းအရာ များကိုမူ ဖော်ပြခြင်း မရှိပေ။

မြောက်ကိုးရီးယား သံအမတ်ကြီး H.E.Mr Kim Sok Cholသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးခင်ရီနှင့် လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း မေလ ၂၆ နေ့ထုတ် ကြေးမုံသတင်းစာ၌ ရေးထားသည်။

ဗိုလ်ချုပ်သိန်းဌေးသည် ၂၀၀၈ ခုနှစ်က မြောက်ကိုးရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ၏ ခရီးစဉ်တွင်လည်း အဖွဲ့ဝင်တဦး အနေဖြင့် လိုက်ပါခဲ့ဖူးသူဖြစ်သည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုးရီးယား နိုင်ငံတို့၏ ဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးအတွက် တရုတ်နိုင်ငံသည် ကြားခံ ဆောင်ရွက်ပေးနိုင်ခြေ ရှိကြောင်း ၀ါရင့်သံတမန်ဟောင်း တဦးဖြစ်သူ သခင်ချန်ထွန်းက ပြောသည်။

“မြန်မာရော မြောက်ကိုးရီးယားပါ အမေရိကန်တို့၊ ဥရောပတို့နဲ့ မတည့်ဘူးလေ။ ဒီတော့ နှစ်နိုင်ငံစလုံးကို စည်းလုံးစေချင်တဲ့ ဆန္ဒနဲ့ တရုတ်က လုပ်ပေးတယ်လို့ ပြောရမှာပါ” ဟု တရုတ်နှင့် မြောက်ကိုးရီးယားနိုင်ငံတို့တွင် သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးချန်ထွန်းက ဆိုသည်။

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်သည် တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် ရက်ပိုင်းက ရောက်ရှိနေခြင်း ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်သည် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၃ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရုတ်သို့ ရောက်ရှိနေသည်။

“ဒီနှစ်နိုင်ငံ စလုံးကို အနောက်အုပ်စုတွေက စီးပွားရေး ပိတ်ဆို့ထားတော့ တရုတ်ကိုပဲ မီခိုနေကြရတယ်။ ဒီတော့ တရုတ်ရဲ့သြဇာက နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေ ပေါ်မှာရှိတယ်” ဟု ဦးချန်ထွန်းက ပြောသည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုးရီးယားတို့သည် ဦးနေ၀င်း အစိုးရလက်ထက်တွင် ဆက်ဆံရေးကောင်းမွန်ခဲ့ကြပြီး နှစ်နိုင်ငံ သမ္မတများ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့သော်လည်း ၁၉၈၃ ခုနှစ် အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုးရီးယားနိုင်ငံတို့သည် ၂၀၀၇ ခုနှစ်မှ စတင်ကာ နှစ်နိုင်ငံ သံအမတ်ကြီးများ ခန့်အပ်၍ သံတမန်ဆက် သွယ်မှုများ လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ အနုမြူစွမ်းအင် စီမံကိန်းအတွက် မြောက်ကိုးရီးယားနိုင်ငံက ကူညီပေးလျက်ရှိကာ မြောက်ကိုးရီးယား၏ စားနပ်ရိက္ခာအတွက် မြန်မာနိုင်ငံမှ ဆန်စပါးများ ကူညီပေးထားကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာ၊ မြောက်ကိုးရီးယား အပြင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စသည့်နိုင်ငံများနှင့်လည်းဆက်ဆံရေး ကောင်းမွန်လျက်ရှိပြီး အင်အားကြီး အိန္ဒိယ နိုင်ငံနှင့်မူ ဆက်ဆံရေး ကောင်းမွန်ခြင်း မရှိပေ။

“တရုတ် အနေနဲ့မြောက်ကိုးရီးယားထက် မြန်မာကို ပိုပြီးအရေးပေးတာတွေ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနဲ့ ထိစပ်နေတဲ့ အိန္ဒိယနဲ့ တရုတ်က အဆင်မပြေလို့ပါ”ဟု ဦးချန်ထွန်းက သုံးသပ်ပြောဆိုသည်။

တရုတ်နိုင်ငံ၌ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်သမ္မတ ဟူကျင်တောင်း၊ ၀န်ကြီးချုပ် ၀မ်ကျားပေါင်၊ တရုတ်ထိပ်တန်း ခေါင်းဆောင်များနှင့်ယနေ့ တွေဆုံ၍ စီးပွားရေးဆိုင်ရာ ကိစ္စများနှင့်နည်းပညာဆိုင်ရာ ကိစ္စတို့ကိုဆွေးနွေး၍ သဘောတူစာချုပ်များ ချုပ်ဆို မည်ဟု ဆင်ဟွာသတင်းတွင် ရေးသားထားသည်။

တရုတ်အစိုးရသည် မြန်မာ၊ မြောက်ကိုးရီးယား အပါအ၀င်အာရှဒေသတွင်း နိုင်ငံများအပေါ် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး သြဇာများလွမ်းမိုးမှုရှိနေပြီး မြန်မာနိုင်ငံ၏ အရေးကိစ္စများကို နိုင်ငံတကာမျက်နှာစာ၌ ကာကွယ်ပေးလျက်ရှိသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ စီးပွားရေး၊ စွမ်းအင်၊ သဘာဝဓာတ်ငွေ့စသည့် စီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံမှု အများအပြား လုပ်ဆောင်ထားသည်။

Bangkok Post နှင့် The Nation မြန်မာပြည်၌ ဖြန့်မည်
သန်းထိုက်ဦး Friday, 27 May 2011 17:27

ထိုင်းနိုင်ငံတွင် နေ့စဉ် ထုတ်ဝေလျက်ရှိသော Bangkok Post နှင့် The Nation သတင်းစာများကို လာမည့် ဇွန်လဆန်းပိုင်းမှ စတင်၍ မြန်မာပြည်တွင် ဖြန့်ချိရန် စီစဉ်နေသည်။

သတင်းစာများကို Success International Publisher’s Distributor ကုမ္ပဏီမှ ဦးမျိုးအောင်က ကိုယ်စားလှယ် အနေဖြင့် ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း သတင်းစာများ ဖြန့်ချိရန်အတွက် အစိုးရ စာပေစိစစ်ဆေးရေးက ခွင့်ပြုမှသာလျှင် ဖြန့်ချိသွားနိုင်မည် ဖြစ်သည်ဟု ဖြန့်ချိရေး အတွက် ဆောင်ရွက်နေသည့် ဦးတင်ထွန်းအောင် က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့လည်း အခုမှ စမှာဆိုတော့ အခြေအနေက ဒီကြားထဲမှာ ဘယ်လိုလာမလဲ ဘယ်လိုအခက် အခဲတွေနဲ့ ရင်ဆိုင်ရ မလဲ မသိသေးဘူး”ဟု ၎င်းက ဆိုသည်။

နိုင်ငံခြား သတင်းစာများကို အစိုးရက ဖြန့်ချိခွင့်ပေးခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် ဖွင့်ထားသော အမည်မဖော်လိုသူ စာအုပ်ဆိုင်မှ မန်နေဂျာ တဦးကလည်း အများပြည်သူလူထု ဖတ်ခွင့်ရသည့် အတွက် ၎င်း အနေဖြင့် ကြိုဆိုကြောင်းပြော သည်။

“တရားဝင် တင်သွင်းခွင့် လိုင်စင်ရတဲ့သူတွေကို ကြိုဆိုပါတယ်၊ ကျနော်တို့လည်း တရားဝင် မဂ္ဂဇင်းတွေ တင်သွင်းနေတဲ့လူ တွေပဲ၊ အများကြီး ခွင့်ပြုချက်တွေ ရလာတယ်”ဟု ၎င်းက ပြောသည်။

မြန်မာပြည်တွင်း၌ လက်ရှိ Time နှင့် Newsweek ၊ Reader’s Digest အပါအ၀င် နိုင်ငံတကာ မဂ္ဂဇင်း ၆ မျိုးကို ဖြန့်ချိနေကြောင်း သိရသည်။

လွန်ခဲ့သည့် မတ်လက အာဏာလွှဲပြောင်းရယူခဲ့သည့် သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ အစိုးရအတွက် စတုတ္ထမဏ္ဍိုင်ဟု ခေါ် သော သတင်း မီဒီယာများ၏ ကဏ္ဍသည် အရေးကြီးကြောင်း ၎င်း၏ မိန့်ခွန်းများ၌ ထည့်သွင်းပြောဆိုခဲ့သည်။

ထိုသို့ သမ္မတက သတင်းစာများကို စတုတ္ထမဏ္ဍိုင်အဖြစ် ပြောဆိုခဲ့သော်လည်း ပြည်တွင်း စာနယ်ဇင်းလောကရှိ သတင်းသမား အများစုကမူ လက်ရှိအနေအထားအရ မြန်မာနိုင်ငံ၌ သတင်းလွတ်လပ်ခွင့်မှာ အနည်းငယ်သာရှိသေးသည်ဟု ပြောဆိုကြသည်။

ဟောင်ကောင်-မြန်မာ ကုန်သွယ်မှု မြင့်လာ
ဧရာဝတီ Friday, 27 May 2011 13:37 သတင်းတိုများ

တရုတ် အထူး အုပ်ချုပ်ရေး ဒေသ ဟောင်ကောင် နှင့် မြန်မာနိုင်ငံ ၏ ကုန်သွယ်ရေးသည် ၂၀၁၀ – ၂၀၁၁ ဘဏ္ဍာရေး နှစ်တွင် အမေရိကန် ဒေါ်လာ ၁.၇ ဘီလီယံ ရှိ၍ ၇၉ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဟောင်ကောင်သို့ တင်ပို့မှု တန်ဖိုးမှာ ဒေါ်လာ ၁.၆၉ ဘီလီယံ ရှိပြီး ဟောင်ကောင်မှ မြန်မာသို့ တင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၄.၇ မီလီယံ ရှိသည်ဟု မြန်မာ နိုင်ငံ စီးပွားရေးဆိုင်ရာ စာရင်းအင်းများကို ကိုးကား၍ ဆင်ဟွာ သတင်း၌ ဖော်ပြထားသည်။

၂၀၀၉-၂၀၁၀ ဘဏ္ဍရေးနှစ်တွင် ဒေါ်လာ ၉၄၉ မီလီယံသာ ရှိကြောင်း သိရသည်။ ဟောင်ကောင်သည် တရုတ်ပြည်မကြီး နှင့် ထိုင်းနိုင်ငံတို့ ပြီးလျင် မြန်မာနှင့် တတိယ အများဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သည်ဟုလည်း ဆိုသည်။

အစိုးရကို စမ်းသပ်မယ့် ဒေါ်စု နယ်ထွက်ခရီး (သတင်းသုံးသပ်ချက်)

ချင်းမိုင် (မဇ္ဈိမ) ။ ။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့အပြင်ဘက်သို့ ခရီးထွက်ရန် ပြင်ဆင်လျက်ရှိရာ အစိုးရသစ်ကို စမ်းသပ်ချက်တခု ဖြစ်လာမှာ ဖြစ်သည်။

သြဂုတ်လသို့မဟုတ် နောက်ပိုင်းမှသာ ခရီးထွက်နိုင်မည်ဟု ယူဆရပြီး၊ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံမှ လွတ်မြောက်ပြီးနောက် ပထမဆုံးဖြစ်လာမည့် ခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များက ယခုထိထုတ်ဖော်ပြောဆိုခြင်း မပြုသေးပေ။ သို့သော် ဧရာဝတီတိုင်းဘက်သို့ စတင်မည်ဟု ပါတီတွင်း သတင်းရပ်ကွက် အချို့က မဇ္ဈိမကို ပြောသည်။
ဤအတိုင်းသာ ဟုတ်မှန်ခဲ့သော် သူ၏နိုင်ငံရေးကို မှတ်ကျောက်တင်ပေးခဲ့သည့် နေရာတခုကို
သွားရောက်ခြင်း၊ သို့မဟုတ် မအောင်မြင်ခဲ့သည့် ခရီးကို တတိယအကြိမ်မြောက် ကြိုးစားသည့် ခရီးစဉ် ဖြစ်လာမည်။

၁၉၈၉ ဧပြီ ၅ ရက်နေ့က ကွယ်လွန်လေပြီးသော NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူတွင် စစ်တပ်က ဟန့်တားခဲ့သည်။ ပစ်ခတ်ရန် အသင့်အနေအထား နောက်ဆုံးမိနစ်ကျမှ ပစ်မိန့်ပြန်လည် ရုပ်သိမ်းခဲ့သည်။ အခင်းဖြစ်ချိန်တွင် တည်တည်ငြိမ်ငြိမ်နှင့် သူရင်ဆိုင်ခဲ့ပုံက မြန်မာ့နိုင်ငံရေးတွင်
ပြောစမှတ် တွင်ရစ်သည်။

၁၉၈၉ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ဧရာဝတီတိုင်းဘက်သို့ သွားရောက်ခဲ့သော်လည်း လမ်းခုလတ်တွင် အာဏာပိုင်များက ပိတ်ဆို့ဟန့်တားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်လျားကန်စောင်း တက္ကသိုလ် ရိပ်သာလမ်း နေအိမ်သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်တဦး၏ အမေးကို "တလ၊ နှစ်လလောက် ကျရင်တော့ သွားဖြစ်မယ်လို့ မျှော်လင့်တယ်။ အခု နည်းနည်း အလုပ်တွေ၊ ရန်ကုန်က အလုပ်တွေ ပြီးအောင်တော့ တခါထဲ ကြိုးစားပြီး အမြန်ဆုံး ပြီးအောင်တော့ လုပ်နေတယ်။ ဒါပေမဲ့ အလုပ်ကြွေးတွေက နည်းနည်းများနေတော့" ဟု သူက ပြန်ဖြေခဲ့သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူမှုရေးအဖွဲ့ပုံစံ ရှိနေသည့်ကာလ ၂ဝဝ၃ ခုနှစ် မေ ၃ဝ ရက်နေ့တွင် တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားသူများက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို အကွက်ချ အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။ နောက်ဆက်တွဲအဖြစ် နေအိမ်အကျယ်ချုပ် ၆ နှစ်ကျော် ကျပြန်သည်။

အခုတဖန် ခရီးထွက်မည်ဟုဆိုပြန်ရာ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ထိပ်တန်းခေါင်းဆောင်များအကြား သူ၏ လုံခြုံရေးအတွက် စိုးရိမ်နေကြပြန်သည်။

"အစိုးရတာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေက ပြည်သူလူထုရဲ့ လုံခြုံရေးကို တာဝန်ယူရမယ့် တာဝန်ရှိနေတာပဲဗျာ။ အဲဒီတော့ အစွမ်းကုန်၊ အထက်မြက်ဆုံး၊ အန္တရာယ် အကင်းရှင်းဆုံး သူတို့တာဝန်ယူရမှာပေါ့။ တာဝန်ယူရမယ့်ကိစ္စက သူတို့တာဝန်ပဲလေ” ဟု ဦးတင်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးဖြစ်သူ အသက် ၇ဝ နှစ်အရွယ်ရှိ စစ်တပ်အရာရှိဟောင်း ဦးဝင်းထိန်က “ဘာလက်နက်မှ ပါတဲ့လူတွေ မဟုတ်ဘူး။ အဲဒါမျိုးကြုံလာရင် ကျနော်တို့ဘက်က ခံဖို့ပဲရှိတယ်။ ခံဖို့လည်း မကြောက်လို့ လိုက်သွားကြတာပေါ့ဗျာ” ဟု ကြုံခဲ့ရသည့် အဖြစ်အပျက်များကို နှိုင်းယှဉ်ရင်း ပြောပြသည်။

သို့သော် ယခုတဖန် ခရီးထွက်မည်လျှင် “ဒီတခါသွားလို့ ကျနော်လိုက်မယ်ဆိုရင် အရင်ကလို သွက်သွက်လက်လက်နဲ့ မလုပ်ကိုင်ပေးနိုင်မှာဘဲ အားမလို အားမရ ဖြစ်မိတာ။ ကျန်တာကတော့ မစိုးရိမ်ပါဘူး” ဟု ဦးဝင်းထိန်က ဆက်ပြောသည်။

ဘိုကလေးမြို့ဇာတိဖွား မတူကွဲပြားခြားနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးနေမျိုးဝေကမူ ဒေါ်အောင်ဆန်းစုကြည်ကျေးလက်အရောက် ခရီးထွက်သင့်သည်ဟု ယူဆသည်။

“အစိုးရဘက်က ဝန်ကြီးတယောက်လာရင်လည်း အောက်က အဆင်ပြေအောင် ပြောဖို့စဉ်းစားတယ်။ NLD ဘက်က သွားရင်လည်း တိုင်းအဆင့်က ဆင်းလာရင် မြို့နယ်အဆင့်က အဆင်ပြေအောင် ပြောတယ်။ အဲဒါကြီးက အကျင့်ပါနေပြီဗျ။ အဲဒါက မရတော့ဘူး၊ ရွာအထိသွား” ဟု သူက ပြောသည်။

သို့သော် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက အစိုးရဘက်မှ တုံ့ပြန်မှု မကောင်းမည်ကို စိုးရိမ်နေသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်လာကတည်းက ရန်ကုန်မှာပဲ ရှိနေတယ်။ လူထုနဲ့ ထိတွေ့တယ် ဆိုတာကလည်း
ရေဒီယိုကပဲ ထိတွေ့ရတာကိုး။ အခုလိုအချိန်မှာ တကယ်လို့ နယ်ထွက်မယ်ဆိုရင် အရင်လိုပဲ ထောက်ခံမှု ရှိနိုင်တယ်။ လူတွေက အများကြီး ပြုံပြီးတော့ လိုက်လာဦးမယ်။ လိုက်လာတဲ့အခါမှာလည်း အာဏာပိုင်တွေအတွက် စိုးရိမ်စရာ အများကြီး ဖြစ်လာပါလိမ့်ဦးမယ်။ ဒီပဲယင်းဖြစ်ရပ်ကို ပြန်ကြည့်ရင် သူတို့က (အာဏာပိုင်တွေ) ဘာဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ အနေအထားမျိုး တွေ့ပါတယ်” ဟု ဦးအောင်သူငြိမ်းက ပြောသည်။

“တကယ်လို့ ထွက်မယ်ဆိုရင် ရည်မှန်းချက်က ဘာလဲ၊ ဒါတွေကို သေချာစဉ်းစားပြီးမှလုပ်ရင် ပိုကောင်းတယ်” ဟု ဆိုသည်။

ဒီပဲယင်းအရေးအခင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် ကားကို မောင်းနှင်ခဲ့သည့် မန္တလေးမြို့နေ ကိုကျော်စိုးလင်းကလည်း စိုးရိမ်နေသည်။

“ဒီအချိန်မှာက သိပ်ပြီးတော့ လုံခြုံမှု မရှိသေးဘူးလို့ ကျနော်က မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်တက်တဲ့ အစိုးရလည်း အရင်အစိုးရပဲလို့ ကျနော်က ယူဆတယ်လေ။ အဲဒါကြောင့် ကျနော်က သိပ်ပြီးတော့ အယုံအကြည် မရှိဘူး။ အရင်အစိုးရနဲ့ အခုအစိုးရဟာ အတူတူပဲလို့ ကျနော်က မြင်တဲ့အပေါ်မှာ နောက်ထပ် ဒီပဲယင်းလို အဖြစ်မျိုးလည်း မဖြစ်ဘူးလို့ ပြောလို့မရဘူး” ဟု ကိုကျော်စိုးလင်းက ပြောသည်။

သူက "ကျနော်တို့လည်း အနီးကပ်ကြည့်တာပဲ။ ဒါပေမဲ့ ဒီလိုပဲ ဝင်ပြီးတော့ ရမ်းကားသွားတာပဲလေ။ ကျနော်တို့က လက်ဗလာနဲ့ဆိုတော့ ထိခိုက်ဆုံးရှုံးနစ်နာမှုတွေ ရှိတာပေါ့ဗျာ” ဟု လုံခြုံရေးအနေအထားကို ပြောသည်။

ကြံ့ဖွံ့အဖွဲ့ကို စောင့်ကြည့်လေ့လာခဲ့ပြီး စာအုပ်ပြုစုခဲ့သည့် ပြည်ပအခြေစိုက် အတိုက်အခံ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကလည်း လုံခြုံရေးအတွက် အစိုးရတွင် တာဝန်ရှိသည်ဟု မြင်သည်။

“ကျမတို့ခေါင်းဆောင်က ကိုယ့်ပြည်သူတွေနဲ့ သွားတွေ့ဖို့၊ ထိတွေ့ဖို့ သူနဲ့တခြား NLD ခေါင်းဆောင်တွေ ဆုံးဖြတ်ပြီးတော့ လုပ်တာဖြစ်တဲ့အတွက် ကျမတို့အနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ ဒါပေမဲ့ လုံခြုံရေးကတော့ လက်ရှိ အာဏာပိုင်တွေ လက်ထဲမှာ အပြည့်အဝ ရှိတယ်” ဟု သူက ပြောသည်။

NLD မှ ခွဲထွက်ခဲ့ကာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဦးခင်မောင်ဆွေကတော့ ခရီးထွက်ခြင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုလိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်ငန်းများတွင် အကြံဉာဏ်များ မျှဝေပေးနိုင်ပါက ပြည်သူလူထုအတွက် အကျိုးရှိနိုင်မည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ရန်ပြုခံရသည့် အဖြစ်များ

၁၉၈၉ ဧပြီ ၅ ရက်နေ့ - NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူတွင် စစ်တပ်က ဟန့်တားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ရန် ဗိုလ်ကြီးမြင့်ဦးမှ စစ်သား ၆ ယောက်ကို အမိန့်ပေးခဲ့ရာ ဗိုလ်မှူး ၂ ဦးက ဝင်ရောက်တားမြစ်၊

၁၉၉၆ မတ် ၁၃ ရက်န့ - မန္တလေးသို့သွားရန် စီစဉ်ရာ အာဏာပိုင်တို့မှ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲကို ပြင်ဆင်ရန်ဟု အကြောင်းပြ ဖြုတ်သိမ်းပြီး ခရီးစဉ်ကို တားဆီးခဲ့၊

၁၉၉၆ နိုဝင်ဘာ ၉ ရက်နေ့ - ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းတွင် တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားသူ ၂ဝဝ ခန့်၊ ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းကို တိုက်ခိုက်ခဲ့၊

၁၉၉၈ ဇူလိုင် ၂၃ ရက်နေ့ - ဦးတင်ဦးနှင့်အတူ ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းသို့ သွားရောက်ရန် ကြိုးပမ်းရာ တားဆီးခံရ၊ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ၁၃ ရက်ကြာ ပိတ်ဆို့ခံရ၊

၂ဝဝဝ သြဂုတ် ၂၄ ရက်နေ့ - ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ တားဆီးခံရ၊ စက်တင်ဘာ ၂ ရက်နေ့တွင် နေအိမ်သို့ ပြန်ပို့ခံခဲ့ရ၊

၂ဝဝဝ စက်တင်ဘာ ၂၁ ရက်နေ့ - မန္တလေးသို့ ခရီးထွက်ရန် စီစဉ်ရာ ရန်ကုန်ဘူတာကြီး၌ တားဆီးခံရ၊ နေအိမ်သို့ ပို့ဆောင်ခံရပြီး၊ ၂ နှစ် နီးပါး အကျယ်ချုပ်ချခံရ၊

၂ဝဝ၃ မေ ၃ဝ ရက်နေ့ - အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး အတိုက်ခိုက်ခံရ၊ ကားမောင်း ထွက်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့၊ သို့သော် ရေဦးမြို့၌ အဖမ်းခံရပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်ခံရ၊ ထိုမှတဆင့် နေအိမ် အကျယ်ချုပ် ကျခံရ၊

(အကျယ်ချုပ်သက်တမ်း ၆ နှစ်အကြာ၂ဝဝ၉ ခုနှစ် မေလအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တောဆိုသူ နေအိမ်ထဲ ခိုးဝင်ခဲ့သည်ကို လက်ခံမှုဖြင့် နေအိမ် အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် ဆက်လက်၍ ထိန်းသိမ်းခံခဲ့ရသည်။ ၁၈ လအကြာ ၂ဝ၁ဝ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။)


 

No comments: