Friday, May 27, 2011

မြန်မာပြောင်းမယ့်ပုံစံ ကန်ရော တရုတ်ပါ စိုးရိမ်

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို ပထမဆုံး ချစ်ကြည်ရေးခရီးအဖြစ် မနေ့က စတင်သွားရောက်တာဟာ အရေးကြီးတဲ့ ခရီးစဉ်တခုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ဘရွတ်ကင်း အင်စတီကျူ့၊ တရုတ်ဌာနရဲ့ အကြီးတန်း သုတေသီ ပါမောက္ခ ချန်းလီက ရှုမြင်ပါတယ်။

 
 
ဒေသတွင်း နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ချစ်ကြည်ရေးရှိဖို့ တရုတ်သမ္မတ ဟူကျင်တောင်က အကောင်အထည်ဖော် ကျင့်သုံးနေတာလို့လည်း သူက ပြောပါတယ်။ တရုတ်ဟာ မြန်မာကို နိုင်ငံတကာ နိုင်ငံရေးစင်မြင့်မှာ အကာအကွယ် ပေးတာတွေရှိသလို မြန်မာနိုင်ငံက သဘာဝ အရင်းအမြစ် တော်တော်များများဟာလည်း တရုတ်လက်ထဲ ရောက်နေပြီလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

 
 
တရုတ်-မြန်မာ ဆက်ဆံရေးကို တရုတ်သမိုင်းနဲ့ချီပြီး ပြောရမယ်ဆိုရင်တော့ ဆက်ဆံရေး အတက်အကျတွေ ရှိတယ်၊ ပြန်ချစ်လိုက် ရန်ဖြစ်လိုက် ဆက်ဆံရေးမျိုးလို့ တရုတ် ပါမောက္ခက ဆိုပါတယ်။ မြန်မာကတော့ ဒေသတွင်း အင်အားကြီး တရုတ်ကို လေးလေးစားစား ဆက်ဆံပါတယ်။

 
 
မကြာသေးခင်ကတော့ တရုတ်နဲ့မြန်မာ ဆက်ဆံရေးမှာ အဓိက အကြောင်းအရာ နှစ်ခု ရှိလာတယ်။ တခုကတော့ နှစ်နိုင်ငံကြား စီးပွားရေးတိုးမြှင့် ဆက်ဆံလာတာနဲ့ နောက်တခုကတော့ တရုတ်ရဲ့ စွမ်းအင် အရင်းအမြစ် နောင်ရေးအတွက် ဒေသတွင်းက မဟာဗျူဟာကျတဲ့ မြန်မာနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်လာတာပါလို့ သူက ဆိုပါတယ်။

 
 
မြန်မာနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားမှုတွေ၊ တရုတ်အမြင်နဲ့ ပြောရင်တော့ တော်လှန်ရေးတွေ မြန်မာပြည်မှာ ဖြစ်လာရင် တရုတ်ရဲ့နိုင်ငံရေး တည်ငြိမ်မှုကိုလည်း ထိခိုက်နိုင်တဲ့ အကြောင်းနဲ့ နောက်တခု တရုတ်တို့စိတ်ပူတာကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုက တရုတ်လိုချင်တဲ့ ပုံစံမဟုတ်ဘဲ အမေရိကန်တို့လိုချင်တဲ့ ပုံစံ ပြောင်းသွားမှာကိုပါလို့ ပါမောက္ခလီက ပြောပါတယ်။

 
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေ၊ စစ်တပ် အင်အားကြီးအောင်လုပ်ပြီး ဒေသတွင်း မတည်ငြိမ်မှုကနေ နိုင်ငံရေး မတည်ငြိမ်မှုဖြစ်စေနိုင်တာတွေဟာ ဆွေနွေး ပြောဆိုစရာ ကိစ္စတွေဖြစ်လာပါတယ်လို့ တရုတ် ပါမောက္ခ က သုံးသပ်ပါတယ်။


 
အမေရိကန်ကလည်း ဒီကိစ္စတွေကို အမြဲမပြတ် စောင့်ကြည့်နေတယ်။ မြန်မာနိုင်ငံမှာ ကောင်းတဲ့ဘက်က နိုင်ငံရေး ဖြစ်ပေါ် တိုးတက် ပြောင်းလဲမယ့်အရေးကို တရုတ်က ကာဆီးကာဆီး လုပ်နေမယ့် ပုံစံမျိုးကိုတော့ အမေရိကန်က မကြိုက်ဘူးလို့ သူက ဆိုပါတယ်။

တခါ မြန်မာပြည်ကို နိုင်ငံခြားတပ်ဖွဲ့တွေဝင်ပြီး အာဏာကို ကာလရှည်ကြာ ကိုင်ထားတဲ့ အစိုးရကို ဖြုတ်ချလိုက်မလား၊ တကယ်ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆို ဘယ်သူမှ အတပ်မပြောနိုင်တဲ့အကြောင်းနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်ကြားတောင် တင်းမာမှုတွေ ရှိလာနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ဘရွတ်ကင်းစ် အင်စတီကျူရဲ့ တရုတ်ဌာနက အကြီးတန်းသုတေသီ ပါမောက္ခ ချန်လင်းက သုံးသပ်ပါတယ်။

သတင်း - ဘီဘီစီ

ဓာတ်ပုံများ - ကြံ့ဖွံ့သမ္မတ ဗိုလ်သိန်းစိန်ရဲ့ တရုတ်ခရီးစဉ်
(AP, Reuters, Getty Images)


 

No comments: