Wednesday, May 25, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၆ ရက်)

- အစာငတ်ခံ နိုင်ငံရေး အကျဉ်းသား အခြေအနေ HRW အနီးကပ်စောင့်ကြည့်
- တာဝန်သိသတင်းသမားတို့ ဆူညံသံကြား တိုးပေါက်ဖို့
- ၉ဝ ပြည့် ရွေးကောက်ပွဲနေ့ NLD ကျင်းပမည်
- မန္တလေး မြေသိမ်းမှု သမ္မတထံ ကန့်ကွက်စာတင်
- သမ္မတ ဦးသိန်းစိန် တရုတ်ခရီးစဉ် စတင်မည်
- ဂဒါဖီ အာဏာစွန့်တဲ့အထိ အမေရိကန်နဲ့ ဗြိတိန် ဖိအားပေးသွားမည်
- ရှမ်းပြည်တပ်မတော် ပူးပေါင်းမှု တိုင်းရင်းသားခေါင်းဆောင်များ ကြိုဆို
- တရားမမျှတမှုကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ဖို့ အဆိုတော် ဇေယျာသော်ပြောကြား
- ဆန္ဒပြနိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာတွေ့ခွင့်ပိတ်
- ချင်းပြည်နယ်မှာ အဓမ္မအလုပ်ခိုင်းစေမှု ကျဆင်းရေး ILO အရာရှိမျှော်လင့်
- စာနယ်ဇင်းသမား ၃ ဦး လျှော့ပေါ့မှုဖြင့် ပြန်လွတ်
- အမေ့အိမ်ကျောင်း နေရာပြောင်းရန် ခက်ခဲ
- မြန်မာအတိုက်အခံများကို NGO များ မကူညီရန် ထိုင်းဖိအားပေး
- သံတွဲတွင် လျှပ်စစ်မီး တယူနစ် ကျပ် ၄၀၀ ထိ လျော့ကောက်မည်

အစာငတ်ခံ နိုင်ငံရေး အကျဉ်းသား အခြေအနေ HRW အနီးကပ်စောင့်ကြည့်
By ဒေါ်ခင်မျိုးသက် ဗုဒ္ဓဟူး, 25 မေ 2011

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မေလ ၂၂ ရက်နေ့ကစလို့ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုချက် ၆ ချက်ကို တောင်းပြီး အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို အနီးကပ် သေချာ စောင့်ကြည့်သွားမယ်ဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ဒီနေ့ ပြောဆိုလိုက်ပါတယ်။

အခု အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၇ ယောက်ကိုလည်း အင်းစိန်ထောင်မှာရှိတဲ့ စစ်ခွေးတိုက်ကို မနေ့ကစပြီး ပို့ဆောင်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB က အတည်ပြု ပြောဆိုခဲ့သလို ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ထောင်ပြောင်းရွှေ့ဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရသစ် အဖွဲ့ရဲ့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့တဲ့ နောက်ပိုင်း အင်းစိန် အကျဉ်းထောင်ထဲမှာ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒါပေမဲ့ ထောင်အာဏာပိုင်တွေက တုံ့ပြန်မှု မရှိတဲ့အတွက် အစာငတ်ခံ ဆန္ဒပြနေတဲ့ အကျဉ်းသား ၂၇ ဦးလောက် ရှိနေပြီဆိုတဲ့ သတင်းတွေ ရနေသလို ဒီလို ဆန္ဒပြသူတွေကို စစ်ခွေးတိုက်ထဲ ပို့တာလို အပြစ်ဒဏ်ပေးတာတွေ ရှိလာတာမို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ကြီးက စိုးရိမ် စိတ်ပူမှုနဲ့အတူ အနီးကပ် စောင့်ကြည့်နေတယ်လို့ Human Rights Watch အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး ဖိလစ် ရောဘတ်စန်က ပြောပါတယ်။

“အခု အစာငတ်ခံ ဆန္ဒပြနေတဲ့ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အဖွဲ့ရဲ့ တုံ့ပြန် လုပ်ဆောင်မှုတွေကို ကျနော်တို့ သေသေချာချာ စောင့်ကြည့်နေပါတယ်။ အခုရထားတဲ့ သတင်းတွေအရ ၂၇ ဦး အစာငတ်ခံ ဆန္ဒပြနေတာမို့ သူတို့အတွက် သိပ်ကို စိတ်ပူပါတယ်။ အခုဆိုရင် သီးခြား ခွဲထားတဲ့နေရာမှာ တိုက်ပိတ်ခံနေရတာနဲ့ နယ်ဝေးအကျဉ်းထောင် ပို့တာလို ပြစ်ဒဏ်ပေး ခံရတာတွေ ရှိနေပါတယ်။

“အရင် မြန်မာစစ်အစိုးရ အနေနဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က တောင်းဆိုခဲ့တဲ့ အကျဉ်းသား ရပိုင်ခွင့်တွေကို မထီမဲ့မြင် ဂရုမစိုက် လုပ်ခဲ့တဲ့အတွက် အခု ဒီလိုအပ်ချက်တွေကို အကျဉ်းသားတွေက ထပ်ပြီး တောင်းနေရတာပါ။ ဒီတောင်းဆိုတဲ့ အကျဉ်းသားတွေကို အခုလို ပြစ်ဒဏ်ပေးတာကို ကြည့်ရင် အစိုးရသစ် အဖွဲ့ဟာ အရင် စစ်အစိုးရ ပုံစံအတိုင်း လုပ်နေတာမို့ မကြာခင်ကမှ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆိုထားတဲ့အတိုင်း မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး အခြေအနေတွေအတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းဖို့ အရေးတကြီး လုပ်သင့်ပြီ။” လို့ ပြောသွားတာ ဖြစ်ပါတယ်။

ထိုင်းအခြေစိုက် AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့-မြန်မာနိုင်ငံကလည်း ဒီအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ရကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ AAPPB အဖွဲ့ တာဝန်ခံတဦး ဖြစ်တဲ့ ကိုဘိုကြည်ကို အစာငတ်ခံ ဆန္ဒပြသူတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေကို သိရအောင် မေးကြည့်ပါတယ်။

“အခု ကျနော်တို့ သိရသလောက်က အစာငတ်ခံ ဆန္ဒပြနေတဲ့ အထဲက ၇ ယောက်ကို စစ်ခွေးတိုက်ကို ပို့လိုက်တယ်လို့ သိရတယ်။ စစ်ခွေးတိုက်ဆိုတာက ပုံမှန်အားဖြင့် ပြစ်ဒဏ်ဆိုပြီး သူတို့ လုပ်လေ့ရှိတယ်။ အဲဒါဆိုရင် ပုံစံမောင်းတာတို့၊ ရိုက်တာနှက်တာတို့ ရှိလာနိုင်တယ်။ အဲဒီတော့ ဒီလူတွေရဲ့ ကျန်းမာရေးရော၊ အသက်အန္တရာယ်ရော ကျနော်တို့ အတော်လေး စိုးရိမ်ပါတယ်။

“အခု ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး နောက်ပိုင်းမှာဆိုရင် နယ်ဝေး အကျဉ်းထောင်တွေကိုလည်း ပြောင်းလေ့ရှိတယ်။ အဲဒီအတွက် မိသားစုတွေ အနေနဲ့ကလည်း အခုဆိုရင် သူတို့သားသမီးတွေ ဘယ်ထောင်ကို ပြောင်းမလဲ၊ အင်းစိန်ထောင်မှာပဲ ရှိသေးသလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေပါတယ်။”

AAPPB ရဲ့ သဘောထားကို သိပါရစေ၊ ဒီအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့။

“တကယ်တမ်းဆိုရင်တော့ အခု တောင်းဆိုတယ်ဆိုတဲ့ အချက်တွေက အကျဉ်းသားတွေရဲ့ အခြေခံ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး တောင်းဆိုရုံနဲ့တော့ အကျဉ်းသားတွေကို ရိုက်တာ၊ မတရားသဖြင့် နှိပ်စက်ညှဉ်းပန်းတာတွေ၊ နယ်ဝေးထောင်တွေ ပို့တာတွေတော့ မလုပ်သင့်ဘူး။ နောက် သူတို့ တောင်းဆိုနေတဲ့ အခြေခံ တောင်းဆိုချက်တွေကို လိုက်လျောသင့်တယ်။

“အဲဒါက ဘာကိုပြသလဲဆိုတော့ လက်ရှိ ရှိနေတဲ့ ဦးသိန်းစိန် အစိုးရက ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းတဲ့ အခါမှာ ညင်ညင်သာသာနဲ့ ကိုင်တွယ် ဖြေရှင်းတယ်ဆိုတာ ပြသရာ ရောက်မယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ အရင် နအဖအစိုးရနဲ့ အတူတူပဲ၊ ပြဿနာတွေကို ညင်ညင်သာသာနဲ့ ကိုင်တွယ် ဖြေရှင်းတာမျိုး မလုပ်ချင်ဘူး၊ တခုခုဖြစ်တိုင်း အကြမ်းဖက်တဲ့ ပုံစံမျိုးနဲ့ ဖြေရှင်းမယ်ဆိုရင် တိုင်းပြည်အနာဂတ် အတွက်လည်း ကောင်းတဲ့ အနာဂတ် မဟုတ်ဘူး။ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သွားနေပါတယ်လို့ ကျနော်တို့အတွက် ယုံကြည်ဖို့ အရမ်းခက်သွားလိမ့်မယ်။”

အကျဉ်းသားတွေ အခုတောင်းနေတဲ့ တောင်းဆိုမှုတွေဟာ အာဏာပိုင်တွေဘက်က မလိုက်လျောရလောက်အောင် ခက်ခဲနေပါလား။

“ဒီတောင်းဆိုချက်တွေက ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ တကယ်တမ်းဆို တောင်းဆိုစရာ မလိုဘဲကို ဒါတွေက ပြည့်စုံအောင် လုပ်ပေးရမှာ ဖြစ်တယ်။ ဒါက အကျဉ်းထောင် အာဏာပိုင်တွေဘက်က ပျက်ကွက်လို့၊ ဒါမှမဟုတ် လာဘ်ပေးလာဘ်ယူတွေ ဖြစ်နေလို့ ဒီလိုမျိုး ဆန္ဒပြတယ်ဆိုတဲ့ အဆင့်အထိ ရောက်လာရတာပါ။ တကယ်တမ်းဆို ဒီအဆင့်ထိ ရောက်လာစရာအကြောင်း မရှိဘူး။”
ကိုဘိုကြည် ပြောပြသွားတာ ဖြစ်ပါတယ်။

အခုလို အစာငတ်ခံ ဆန္ဒပြနေသူတွေနဲ့ တကွ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုနေသူတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အာရုံစိုက်ပြီး စောင့်ကြည့်ဖို့ လိုအပ်ကြောင်း အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ US Campaign အဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

တာဝန်သိသတင်းသမားတို့ ဆူညံသံကြား တိုးပေါက်ဖို့
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မေလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၃၁ မိနစ်

ဦးသိန်းစိန် အစိုးရလက်ထက်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် တိုးတက်လာမယ်လို့ မျှော်လင့်တာထက် တာဝန်သိစိတ်ရှိတဲ့ သတင်းမီဒီယာတွေအနေနဲ့ စိန်ခေါ်မှုအသစ်တွေ ပိုရင်ဆိုင်ဖို့ ပြင်ဆင်အားထုတ်ရမှာ ဖြစ်ပါတယ်။

ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ရင် မြန်မာ့လူ့ဘောင်အတွက် အကျိုးဖြစ်ထွန်းမှုရလဒ်ကို မြင်လာနိုင်မှာဖြစ်သလို
မကျော်နိုင်ရင်တော့ ခေတ်ပျက်သံသရာကို ဆွဲကြာစေမှာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းမီဒီယာ၊
ပြည်ပမီဒီယာရယ်လို့ ခွဲခြားမှုမရှိဘဲ တာဝန်သိစိတ်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုသာ အလေးထား လုပ်ဆောင်ကြစေလိုပါတယ်။

ပုံစံပြောင်း စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရရဲ့ ဆင်ဆာလျှော့ချမှုကို များများစားစား
မျှော်လင့်တာလည်း လက်တွေ့ကျလှတာတော့ မဟုတ်ပါဘူး။ ဦးသိန်းစိန်ရဲ့ မူဝါဒမိန့်ခွန်းမှာ ခေတ်နဲ့မလျော်ညီတဲ့ စာပေ၊ စာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ပြဋ္ဌာန်းဖို့ ပြောပေမယ့်လည်း အုပ်ချုပ်ရေး ယန္တရားတွင်းမှာ အရိုးစွဲလာခဲ့တဲ့ မီဒီယာကို ရန်သူလိုမြင်တာကို မချေဖျောက်နိုင်သရွေ့ မီဒီယာလွတ်လပ်ခွင့်ကတော့ အလှမ်းဝေးအုံးမှာ
ဖြစ်ပါတယ်။

ဒီလိုကာလမှာ အာဏာပိုင်များနှင့် ပုလဲနံပသင့်အောင်လုပ်ပြီး ဆင်ဆာဘုတ်ကို အိတ်ထောင်ထဲထဲ့ကာ ဆိုးရွားလှတဲ့ ပိတ်ပင်မှုကို သက်သာအောင် လုပ်နိုင်တဲ့ မီဒီယာတွေဟာ အာဏာရှိသူတွေသွားလိုတဲ့ နိုင်ငံရေးကို အကောင်အထည်ဖော်ရာမှာ ပါးနပ်လိမ္မာစွာ ဝါဒဖြန့်ချိပေးရာ စင်မြင့်တွေ ဖြစ်နေပါတယ်။

ဒါ့အပြင် သိသိသာသာ ဖွံ့ထွားလာခြင်းမရှိလို့ ဈေးကွက်အရ မက်လုံး သိပ်မကောင်းလှပေမယ့်လည်း ပုလင်းတူဗူးဆို့ငွေရှင်တွေ၊ မျိုးတော်ဟောင်း ဆွေတော်ဟောင်းတွေ ငွေထုတ်ပိုက်ပြီး သတင်းစာနယ်ဇင်း ထုတ်ဝေရေးထဲကို ဝင်လာနေကြတာလည်း တမူထူးကဲလှပါတယ်။

လစဉ်အရှုံးခံထုတ်နေတဲ့ သူတို့အတွက် မျှော်လင့်နိုင်တာကတော့ ပုံရိပ်အမဲကို ချေဖျက်စေနိုင်မယ့် ဝါဒဖြန့်ချရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရခြင်းနှင့် အစိုးရကပေးအပ်မယ့် ဆုလာဘ်တော် အခွင့်အလမ်းများ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပါအဝင် မူဝါဒလမ်းစဉ် ၇ ရပ်မှာတုံးက မူဝါဒလမ်းစဉ် ၇ ရပ်ကို ရေးသားထောက်ခံပြီး အများပြည်သူရဲ့ အာဏာရှင်အပေါ်အမြင်ကို ပြောင်းလဲလာအောင် ကြိုးစားခဲ့ကြသလို ဦးသိန်းစိန်အစိုးရရယ်လို့ပေါ်လာပြန်တော့လည်း ဘာမှ မယ်မယ်ရရ ပြုပြင်ပြောင်းလဲတာတွေ မဖြစ်လာပေမယ့် စိတ်ရှည်သည်းခံဖို့၊ အချိန်ပေးစောင့်ကြည့်ဖို့ အခါတော်ပေးနေတတ်ကြပြန်ပါတယ်။ အစိုးရကိုဝေဖန်ရင် မကောင်းမြင်တယ်ဆိုတာနဲ့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖိတတ်ကြတတ်တဲ့ သတင်းစာနယ်ဇင်းလောကတခုကို ပေါ်ပေါက်လာပါစေတော့တယ်။

တချိန်တည်းမှာပဲ အစိုးရကိုယ်တိုင်က စတာလင်ခေတ် ခပ်တုံးတုံး ဝါဒဖြန့်ဟန်ကိုလည်း ဆက်လက် ဆုပ်ကိုင်ထားပြီး နိုင်ငံရေးအရ သဘောထားကွဲသူတွေကို အသရေဖျက်နေချိန်မှာ သတင်းပေး လူမွေးလုပ်ခံရတဲ့သူတွေရဲ့ မိတ်ကပ်လိမ်းချက်ဟာလည်း အာဏာရအတွက် အားသာမှု ဖြစ်လာပါတယ်။

ဒါ့အပြင် နိုင်ငံရေးကို မယ်မယ်ရရ မပြောင်းလဲဘဲ စီးပွားရေး တိုးတက်ဖို့သာ အာရုံစိုက်မယ့် ယူနီဖောင်းချွတ် အစိုးရဟာ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူ အချို့အတွက် စိတ်ဝင်စားစရာလည်း ဖြစ်ကောင်း ဖြစ်မှာပါ။
နောက်ထပ်လည်း မီဒီယာသစ်တွေ မြန်မာနိုင်ငံမှာ တွေ့မြင်ကြဖွယ်ရှိပါတယ်။ မီဒီယာကုမ္ပဏီ ၃ဝ လောက် ပြင်ဆင်မှုတွေ လုပ်နေကြတယ်လို့ ဈေးကွက်သုတေသနတခုက ခန့်မှန်းထားပါတယ်။ ရုပ်သံလိုင်း ထုတ်လွှင့်မှု အသစ်တွေ၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းအသစ်တွေ၊ ဒစ်ဂျစ်တယ်လိုင်းသစ်တွေ ထပ်ဝင်ဖို့ တာစူနေကြပါတယ်။

ရသစာပေအား ကျဆင်းသွားပြီး စာအုပ်ဖတ်သူ ထိုးစိုက်ဆင်းသွားတဲ့၊ လူငယ်လူရွယ်တွေဟာ ရှင်သန်ရပ်တည်ဖို့ပြေးနိုင်သမျှ ပြည်ပနိုင်ငံတွေကို အရောက်ပြေး အလုပ်လုပ်နေကြရတဲ့ ခေတ်သစ်မြန်မာ့လူဘောင်မှာ မီဒီယာအသံတွေကတော့ ဆူညံနေမှာပါ။ ငသိုင်းများပြီး ဟင်းဟုံမယ့်အနေအထားမှာ စာနယ်ဇင်းကျင့်ဝတ်ကို ခါးဝတ်ပုဆိုးလို မြဲမြဲဝတ်လိုတဲ့ စာနယ်ဇင်းသမားကောင်းတွေအနေနဲ့ မိမိသတင်းစကားကို ဆူညံနေတဲ့ အသံကြားထဲကနေ အရောက်ပို့နိုင်အောင် ထိုးထွင်းကြံဆဖို့မှုတွေလည်း လိုနေပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်ကို တန်ဖိုးထားသူတွေချင်း ပိုမိုပူးပေါင်းလုပ်ဆောင်မှုတွေ လိုကောင်း လိုပါလိမ့်မယ်။

အရေအတွက်များတာဟာ အဆိုးချည်းတော့လည်း မဟုတ်ပါဘူး။ ဆူညံနေတဲ့အသံတွေကြားမှာ မိမိအသံကိုပြောရတာ ပိုမိုလုံခြုံတတ်နေပြန်သလို ပရိသတ်ကိုလည်း ပိုမိုရင့်ကျက်မှု၊ ရွေးချယ်နိုင်ခွင့် အခွင့်အလမ်းတွေ ဖော်ဆောင်ရာလည်းဖြစ်နိုင်ပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် မရှိရင်တော့ ဒီမိုကရေစီဟာ အတုအယောင် ဒီမိုကရေစီပဲ ဖြစ်ပါတယ်။

၉ဝ ပြည့် ရွေးကောက်ပွဲနေ့ NLD ကျင်းပမည်
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မေလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အနိုင်ရရှိခဲ့သော်လည်း အာဏာလွှဲပြောင်းမခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မကြာခင်ကလွတ်လာသော နိုင်ငံရေးအကျဉ်းသားများကို ကြိုဆိုပွဲအပါအဝင် “၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲနေ့ အထိမ်းအမှတ်” အခမ်းအနားတခုကို မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်နေသည်။

ထောင်ဒဏ်တနှစ် ကင်းလွတ်ခွင့်ဖြင့် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၅ဝ ခန့်ကို ကြိုဆိုမှုအပါအဝင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်သော စာတမ်းများ ဖတ်ကြားမှုကို ရန်ကုန်မြို့ NLD ရုံးချုပ်၌ပြုလုပ်မှာဖြစ်သည်။

စာတမ်းများတွင် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကို NLD ပါတီ ဘာကြောင့် ဝင်ခဲ့သလဲ ဆိုသည့် စာတမ်းကို NLD က ဖတ်ကြားကာ၊ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို ဘာကြောင့်မဝင်ရလဲ စာတမ်းကို ကိုဖြိုးမင်းသိန်းက ဖတ်ကြားရန် စီစဉ်ထားသည်။ ထို့ပြင် ၁၉၉ဝ နှင့်၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာနှင့်ပတ်သက်၍ တိုင်းရင်းသားများအမြင်ကို ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ စိုင်းစောအောင်က ဟောပြောမှာ ဖြစ်သည်။

“၉ဝ ခုနှစ် ရွေးကောက်ပွဲဟာ ဘာကြောင့် ယှဉ်ပြိုင်သင့်တယ်၊ ဘာကြောင့်ဝင်ပြိုင်ခဲ့ကြတယ်ဆိုတဲ့ အကြောင်းကို ရှင်းလင်းသလို၊ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ဒီရွေးကောက်ပွဲ ၂ ခုကို ယှဉ်တွဲပြမယ့် အခမ်းအနားပွဲဖြစ်လို့ ကျနော်က အဲဒီစာတမ်းကို ရွေးချယ်ခဲ့တာပါ” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ၏ ဥက္ကဋ္ဌဟောင်း ဖြစ်ခဲ့သူ ဦးဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောဆိုသည်။

မေလ ၂၇ ရက်၊ ၁၉၉ဝ ပြည့်နှစ်တွင် အာဏာသိမ်းစစ်အစိုးရက ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။

ထိုရွေးကောက်ပွဲတွင် ပါလီမန်အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် NLD က အနိုင်ရခဲ့သော်လည်း အာဏာလွှဲပေးရန် စစ်အစိုးရက ငြင်းဆန်ခဲ့သည်။

“၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို နှစ်ပေါင်း ၂ဝ တိတိ နည်းအမျိုးမျိုးနဲ့ နှိပ်ကွပ်ပြီး ပပျောက်အောင် လုပ်တဲ့အခါမှာ အဆင့်ဆင့် လူတွေကို ဖမ်းလိုက်တယ်၊ ပြန်လွှတ်လိုက်တယ်၊ အကျယ်ချူပ်တွေချတယ်၊ အကျဉ်းချုပ်တွေ ချတယ်၊ နယ်ချူပ်တွေ ချတယ်။ အခုချိန်ထိ NLD ကို ရက်ရက်စက်စက် နှိပ်ကွပ်ခံခဲ့တဲ့ အနေအထား။ ဆိုတော့ ဘယ်လိုလုပ်ပြီး မေ့ပျောက်လို့ရမှာလဲ” ဟု NLD အထွေထွေအတွင်းရေးမှူး၏ ရုံးအဖွဲ့မှူးဖြစ်သူ ဦးဝင်းထိန်က မဇ္ဈိမကို ပြောသည်။

မန္တလေး မြေသိမ်းမှု သမ္မတထံ ကန့်ကွက်စာတင်
ရန်ပိုင် Wednesday, 25 May 2011 19:36

မန္တလေးမြို့ ကုန်သွယ်ရေး ဗဟို စီမံကိန်းအနီး မြေကွက် အသိမ်းခံရသူများက မေလ ၁၄ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်ထံသို့ စာရေးသား တိုင်ကြား ထားကြောင်း သိရသည်။

မန္တလေး ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနက စီမံကိန်းအနီးတွင် ပေ ၁၂၀ ပတ်လည် မြေကွက်များ ဖော်ထုတ်ပြီး တကွက်လျှင် ကျပ် သိန်း ၈၀၀၀ ဖြင့် ရောင်းချနေသည်ဟု အမှတ် ၈ ကွက်သစ်တွင် နေထိုင်သည့် ဦးမောင်မောင်ဦးက ပြောသည်။

“လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ကတည်းက တရားဝင် နေလာတာ။ လျော်ကြေး မပေး၊ မညှိနှိုင်းဘဲ ပယ်ဖျက်မိန့် ထုတ်ပြီးတော့ ငွေရှိတဲ့ လူနဲ့ ပေါင်းပြီး အကွက်ရိုက် ရောင်းစားတာကို သမ္မတကြီးက တရားသဖြင့် အကာကွယ်ပေးဖို့ပါ” ဟု ၎င်းက ဆိုသည်။

အမှတ် ၈ ကွက်သစ်တွင် အိမ်ခြေ ၈၀ ကျော် ရှိပြီး ဦးမောင်မောင်ဦး၊ ဒေါ်ဆွေဆွေလွင်၊ ဦးမျိုးထွန်းတို့ အပါအ၀င် ၁၇ ဦးက သမ္မတထံ စာရေးသား တိုင်ကြားခြင်း ဖြစ်ကြောင်း၊ မိတ္တူများကို ဒုသမ္မတ၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံး၊ မြို့တော်ဝန်တို့ထံ ပေးပို့ထားကြောင်း ၎င်းက ဆက်ပြောသည်။

သိမ်းဆည်းမှုနှင့် ပတ်သက်၍ မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေး ရုံးသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။

ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ယင်းမြေကွက်များကို ၁၉၉၂ ခုနှစ်က ဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လက အမှတ် ၄ ကွက်သစ်ကို ဖျက်သိမ်းကာ ၇၆ ဧက ကျယ်ဝန်းသည့် ကုန်သွယ်ရေး ဗဟို စီမံကိန်းကို တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စီမံကိန်းသည် အိန္ဒိယ- မြန်မာ - တရုတ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိပြီး ပေ ၆၀x ၈၀ အကျယ်အ၀န်းရှိ ဂိုဒေါင် ၂၃၆ လုံး၊ ပေ ၃၀x ၈၀ အကျယ်ရှိ ဆိုင်ခန်းပေါင်း ၁၆၀၊ ပေ ၄၀x ၆၀ နှစ်ထပ် RC လူနေ အဆောက်အအုံ ၃၄ လုံး၊ ဘဏ်၊ ပန်းခြံ စသည်တို့ ပါဝင်မည် ဖြစ်သည်။

မန္တလေး၊ မေမြို့ အနီးတ၀ိုက်တွင် မြေဈေးများ အဆမတန် မြင့်တက်နေပြီး ၀ယ်ယူလိုသူ များပြားသော်လည်း ရောင်းချမည့်သူ မရှိကြောင်း မန္တလေးမြို့ခံ သတင်းသမားတဦးက ဆိုသည်။

၁၉၈၈ ခုနှစ်မှ စတင်ပြီး မြေယာ အဓမ္မ သိမ်းဆည်းမှု အများအပြား ဖြစ်ပွားလျက်ရှိသည်။ မကြာသေးမီက မကွေးတိုင်း ကံမမြို့နယ်ရှိ မြေယာများကို သိမ်းယူပြီး ကော့စတစ် စက်ရုံ ဆောက်ရန် စီစဉ်ခဲ့သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို တောင်သူများက တရားစွဲထားသည်။

၂၀၁၀ နှစ်ဆန်းပိုင်းတွင်လည်း လယ်သမား ၂၀၀ ကျော်က ၎င်းတို့ လယ်ယာများကို ပြန်လည် ရရှိရေးအတွက် ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

၂ဝ၁ဝ ပြည့်နှစ်တွင် စစ်အစိုးရက စိတ်ကြိုက်ရေး အခြေခံဥပဒေကို ဦးတည်ကာ ရွေးကောက်ပွဲလုပ်ပြန်ပြီး NLD ဝင်မပြိုင်လိုအောင် ကန့်သတ်ခဲ့သည်။

သမ္မတ ဦးသိန်းစိန် တရုတ်ခရီးစဉ် စတင်မည်
By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 25 မေ 2011

မနက်ဖြန် သွားရောက်မယ့် မြန်မာအစိုးရသစ် သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ဟာ တရုတ်နဲ့ မြန်မာအကြား နီးနီးကပ်ကပ် ရှိနေတယ် ဆိုတာကို ပြည်တွင်းရော နိုင်ငံတကာကိုပါ ပြသလိုတဲ့ ရည်ရွယ်ချက် ရှိပုံရတယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။

ခရီးစဉ်အတွင်းမှာတော့ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး ကိစ္စတွေနဲ့ နယ်စပ်တည်ငြိမ်ရေး ကိစ္စတွေကို အလေးပေး ဆွေးနွေးဖွယ် ရှိနေပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အခုခရီးစဉ်ဟာ သမ္မတအဖြစ် ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သလို တရုတ်နိုင်ငံကိုတော့ သမ္မတသစ် အနေနဲ့ ပထမဆုံး သွားရောက်တဲ့ ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ပါတယ်။ ပထမဆုံး ပြည်ပခရီးစဉ်ကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး အာဆီယံ ထိပ်သီးအစည်းအဝေးကို အဲဒီမှာ တက်ရောက်တာလည်း ဖြစ်ပါတယ်။ သမ္မတသစ်ရဲ့ တရုတ်ခရီးစဉ် မတိုင်ခင်မှာဆိုလည်း အစိုးရသစ် ဖွဲ့ပြီးပြီးချင်း မြန်မာပြည် လာရောက်တဲ့ နိုင်ငံခြား အဆင့်မြင့် ခေါင်းဆောင်ဟာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။

ဒါကြောင့် အစိုးရသစ် လက်ထက်မှာလည်း တရုတ်၊ မြန်မာ ဆက်ဆံရေး နီးနီးစပ်စပ် ရှိနေတယ်ဆိုတာ ပြသလိုပုံ ရတယ်လို့ တရုတ်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

“အစိုးရသစ် တက်ရင်တော့ သူက အင်အားကြီးနိုင်ငံ၊ မိတ်ဆွေရင်းနိုင်ငံတွေကို သွားပြီး မိတ်ဆက်ရတာ၊ အစိုးရရဲ့ ပေါ်လစီတွေ ရှင်းပြရတာတွေ ရှိတာပေါ့။ အဲဒါအပြင် သူ့မှာ တခြား ရည်ရွယ်ချက်ကတော့ ပြည်တွင်းက သူ့ကို မကျေမနပ် ဖြစ်နေတဲ့ ပြည်သူလူထုကိုလည်း သူက ပြတာ၊ ငါ့နောက်မှာ တရုတ်ကြီးရှိတယ်၊ ထို့အတူပဲ အနောက်နိုင်ငံက လူတွေကိုလည်း ဒီလိုပဲ သူ့ကို ခပ်ခွာခွာ လုပ်ချင်လုပ်၊ ငါ့မှာတော့ ဒီမှာ အားကိုးရှိတာပဲဆိုပြီး ဖိအားပေးတဲ့ သဘောနဲ့ သူက တရုတ်ကို လုံးပြတာ ပါပါတယ်။”

သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ ၀န်ကြီးဌာနတွေအကြား ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို လက်မှတ်ထိုးမှာ ဖြစ်သလို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေကို အလေးပေး လုပ်ဆောင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဂျန်ဟူး (Li Junhua) က တရုတ်ပိုင် ဆင်ဟွာ သတင်းဌာနကို ပြောခဲ့ပါတယ်။

တရုတ်အနေနဲ့ အခုလို စီးပွားရေးနဲ့ ကုန်သွယ်ရေး ကိစ္စကို အလေးပေး ဆွေးနွေးမှာ ဖြစ်သလို တချိန်တည်းမှာလည်း တရုတ်၊ မြန်မာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရ တင်းမာနေတဲ့ ကိစ္စကိုလည်း ဆွေးနွေးနိုင်ချေ ရှိတယ်လို့ ဒေါက်တာ လှကျော်ဇောက ယူဆပါတယ်။

“East Asian Community ဆိုတာ သူက ရအောင် ကြိုးစားနေတဲ့ အချိန်မှာ အဲဒီ ၃ နိုင်ငံနဲ့ Asian + 3 ပေါ့၊ အဲဒီဟာကြီး တခုလုံးကို သူက အာရှဈေးကွက်ကြီး ဖြစ်စေချင်တယ်။ ဗမာတို့၊ လာအိုတို့၊ ကမ္ဘောဒီးယားတို့ ဒီထဲမှာ အဆင်းရဲဆုံး နိုင်ငံတွေကို သူက တတ်နိုင်သမျှ မြှင့်တင်ဖို့ ကြိုးစားနေတယ်၊ သူ့ပေါ်လစီက။”
နယ်စပ်ကိစ္စတွေရော ပါနိုင်လားခင်ဗျ။

“ပါတယ်၊ ဒါကတော့ သေချာတယ်။ ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့တွေ၊ အဲဒီကိစ္စတွေကတော့ သူ့အနီးအနားမှာ အပူကွက် ရှိကို မရှိစေချင်ဘူး။”

တရုတ်နိုင်ငံဟာ အရင် မြန်မာစစ်အစိုးရရော အခုလက်ရှိ အစိုးရသစ်နဲ့ပါ နီးနီးကပ်ကပ် ဆက်ဆံပေမဲ့ မြန်မာအစိုးရအပေါ် အများယူဆသလို၊ အထူးသဖြင့် အနောက်နိုင်ငံက လေ့လာသူအချို့ ယူဆသလို တရုတ်ဟာ မြန်မာအပေါ် သြဇာညောင်းတယ် ဆိုတာကိုတော့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး လေ့လာသူအချို့က လက်မခံပါဘူး။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဖြစ်တဲ့ သခင်ချန်ထွန်းက အရင် စစ်ခေါင်းဆောင်တွေ လက်ထက်ကတည်းက တရုတ်ဘက်ကပြောတိုင်း လိုက်နာတာ မဟုတ်ဘူးလို့ ယူဆပါတယ်။

“တုံးတိုက်တိုက် ကမ်းတိုက်တိုက်ပဲ၊ သိပ်ပြီးတော့ ဂရုစိုက်ချင်တာ မဟုတ်ဘူး။ စစ်ခေါင်းဆောင်တွေက လူထွက်ပြီး အုပ်ချုပ်လာတဲ့အချိန် ဖြစ်လာတယ် အခုက၊ မူလစိတ်ထား၊ မာန်မာနကတော့ ချမယ်လို့ မထင်ဘူး။”

ဒါပေမဲ့လည်း တရုတ်ဘက်ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ အနောက်နိုင်ငံတွေရဲ့ ချဉ်းကပ်ပုံနဲ့ မတူဘဲ တိုးတိုးတိတ်တိတ် နားချတဲ့ နည်းလမ်းကို သုံးလေ့ရှိတယ်လို့ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“အနောက်နိုင်ငံနဲ့ မတူတာက အနောက်နိုင်ငံက မီဒီယာမှာ အရမ်းကာရော အုတ်အောင်သောင်းနင်းတွေ ပြောတာလေ။ တရုတ်က အဲဒီလို မဟုတ်ဘူး၊ တိုးတိုးတိတ်တိတ်ပေါ့ဗျာ။”

သမ္မတသစ် ဦးသိန်းစိန်ရဲ့ သမ္မတ ကျမ်းသစ္စာဆိုပွဲမှာ သူတို့အစိုးရသစ် အနေနဲ့ Clean Government သန့်ရှင်းတဲ့ အစိုးရနဲ့ Good Governance ကောင်းမွန်တဲ့ အုပ်ချုပ်မှုဖြစ်အောင် လုပ်သွားမယ်လို့ ကတိစကား ဆိုခဲ့ပါတယ်။ ဒါကိုက တရုတ်ရဲ့ အငွေ့အသက် မကင်းဘူး၊ တရုတ်အစိုးရ လက်ရှိ ဆောင်ရွက်နေတဲ့ ပုံစံကို နမူနာ ယူချင်တာ ဖြစ်တယ်လို့ လေ့လာသူ အချို့က ယူဆပါတယ်။

တရုတ်အစိုးရဟာ တဘက်မှာ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာမှာ ဝေဖန်ပြစ်တင် ခံရမှုတွေကနေ အကာအကွယ် ပေးသလို တဘက်မှာ အပြောင်းအလဲ ဖြစ်လာစေရေး တိုက်တွန်း ကူညီမှုတွေ ရှိတယ်လို့ ယူဆကြပါတယ်။

တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ရဲ့ ဖိတ်ကြားချက်အရ အခုသွားရောက်မယ့် သမ္မတသစ်ရဲ့ ချစ်ကြည်ရေး ခရီးစဉ်ဟာ မနက်ဖြန်ကစပြီး စနေနေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ သမ္မတရဲ့ ခရီးစဉ်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ၀န်ကြီး ၁၀ ဦးကျော်နဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် တော်တော်များများ ပါဝင်မယ်လို့ သိရပါတယ်။

ဂဒါဖီ အာဏာစွန့်တဲ့အထိ အမေရိကန်နဲ့ ဗြိတိန် ဖိအားပေးသွားမည်
By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 25 မေ 2011

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) က ပြည်သူတွေကို တိုက်ခိုက်နေတာတွေ မရပ်သရွေ့၊ အာဏာကို မစွန့်သရွေ့ စစ်ဆင်ရေးတွေကို ဆက်ပြီး လုပ်သွားမယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) တို့က ပြောလိုက်ပါတယ်။

လန်ဒန်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ခေါင်းဆောင် ၂ ဦးရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့ကြတာပါ။

သမ္မတ အိုဘားမားက ဗြိတိသျှ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်တွေကို ဒီကနေ့ မိန့်ခွန်းပြောခဲ့ပါသေးတယ်။ ကမ္ဘာတ၀န်း လုံခြုံရေးအတွက် ဆောင်ရွက်မှုတွေမှာ ဥရောပဟာ အမေရိကန်နဲ့အတူ အဓိက နေရာက လုပ်သွားဖို့ကိစ္စ ပြောဆိုခဲ့ပါတယ်။

 လစ်ဗျားခေါင်းဆောင် ဂဒါဖီကို ဖိအားပေးတာတွေ လျှော့သွားမှာ မဟုတ်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။ ဗြိတိန်အနေနဲ့ကလည်း ဖိအားတွေ ပိုပေးဖို့ နည်းလမ်းအားလုံးကို ကြည့်ပြီး လုပ်ဆောင်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန် ၂ နိုင်ငံလုံးရဲ့ ရည်ရွယ်ချက်ကတော့ လစ်ဗျားပြည်သူတွေ အနေနဲ့ သူတို့ရဲ့ အနာဂတ်ကို ကိုယ်တိုင် ရွေးချယ်နိုင်ကြဖို့ပဲလို့ ခေါင်းဆောင် ၂ ဦးက ဆိုပါတယ်။
လစ်ဗျားမှာ မစ္စတာ ဂဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေက နောက်ဆုံးမှာ အောင်မြင်လိမ့်မယ်၊ ဒါပေမဲ့ လုပ်ငန်းစဉ်တွေကတော့ ဖြည်းဖြည်းနဲ့ မှန်မှန် သွားလိမ့်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန် ၂ နိုင်ငံဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆာ့ဒ် (Bashar al-Assad) ကိုလည်း ဖိအားတွေ ပိုပြီး ပေးသွားမယ်လို့ ဆိုပါတယ်။
 
အရှေ့အလယ်ပိုင်း ဒေသက နိုင်ငံတွေနဲ့ မြောက်အာဖရိက နိုင်ငံတွေက ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေအတွက် အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းစဉ် တခုနဲ့ နိုင်ငံရေးအရ အားပေးမှုတွေ လုပ်သွားဖို့ ကိစ္စတွေကို အခုတပတ်အတွင်း ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် စက်မှုအင်အားကြီး ၈ နိုင်ငံရဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ သမ္မတ အိုဘားမားနဲ့အတူ တွန်းအားပေး ပြောဆိုသွားကြမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက နိုင်ငံတွေဘက်က လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြတဲ့ သူတွေဘက်က ရပ်တည်သွားကြဖို့ သဘောတူထားကြတယ်လို့လည်း ဆိုပါတယ်။

ရှမ်းပြည်တပ်မတော် ပူးပေါင်းမှု တိုင်းရင်းသားခေါင်းဆောင်များ ကြိုဆို
2011-05-25 RFA

အပစ်ခတ်မရပ်ပဲ တိုက်နေဆဲဖြစ်တဲ့ SSA (တောင်ပိုင်း) တပ်တွေနဲ့ စစ်အစိုးရလက်ထက် အပစ်အခတ်ရပ်စဲခဲ့ဖူးတဲ့ SSA (မြောက်ပိုင်း) တပ်တွေ ရှမ်းပြည်တပ်မတော် SSA တပ်တခုတည်း အဖြစ် မေလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ၅၃ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့မှာ တစုတစည်းတည်း ပေါင်းစည်းလိုက်ကြပါတယ်။

ဒီလိုပေါင်းစည်းမှုကို အခြားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တချို့ကလည်း ကြိုဆိုတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာပါတယ်။ SSA တပ်တွေရဲ့ ပေါင်းစည်းမှုကနေ တချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးပါဝင်မဲ့ ပြည်ထောင်စု တပ်မတော်တခု ပေါ်လာနိုင်ဖွယ် ရှိတယ်လို့လည်း တိုင်းရင်းသားခေါင်းဆောင်အချို့က မြင်ပါတယ်။

တရားမမျှတမှုကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ဖို့ အဆိုတော် ဇေယျာသော်ပြောကြား
2011-05-25 RFA

နိုင်ငံတဝန်းမှာရှိတဲ့ လူငယ်တွေအနေနဲ့ မိမိတို့မှာ ရှိတဲ့ မဟုတ်မခံချင်တဲ့ စိတ်ဓာတ်၊ တရားမမျှတမှုကို လက်ပိုက် ကြည့်မနေလိုတဲ့ စိတ်ဓာတ်တွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ကြဖို့ ၂၀၀၇ မျိုးဆက် လူငယ်ခေါင်းဆောင် တဦးဖြစ်သူ နာမည်ကျော် Hip Hop အဆိုတော် ကိုဇေယျာသော်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး တည်ထောင်သူ ကိုဇေယျာသော်ဟာ (၃)နှစ်ကျော်အကြာ မေလ ၁၇ ရက်နေ့ အကျဉ်းထောင်က ပြန်လည်လွှတ်မြောက်လာပြီးနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့က ပထမဆုံးအကြိမ် သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဆန္ဒပြနိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာတွေ့ခွင့်ပိတ်
2011-05-25 RFA

မေလ ၂၂ ရက် ပြီးခဲ့တဲ့ တနင်္ဂနွေက အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အာဏာပိုင်တွေက ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ထားတယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။

ထောင်ဝင်စာလာတွေ့သူတွေကို ထောင်အာဏာပိုင်တွေက အမည်စာရင်းနဲ့ တိုက်ကြည့်ပြီး ဆန္ဒပြသူ စာရင်းမှာ ပါတဲ့ မိသားစုဝင်တွေကို ထောင်ဝင်စာ တွေ့ခွင့်မပေးဘူးလို့ အင်းစိန်ထောင် နိုင်ငံရေး အကျဉ်းသား မိသားစုတွေနဲ့ နီးစပ်သူတဦးက ပြောပြပါတယ်။

“ပိတ်တဲ့လူတွေ ပိတ်တယ်လို့ ပြောတယ်။ ကိုယ်တိုင်သွားမှပဲ သူက ကြေညာတာလေ။ ပါတဲ့စာရင်းတွေကို သူက ရေးထားတာကိုး။ ၂၂ ယောက်လို့ ပြောတယ်။ ပါတဲ့လူကို သူက ကြည့်လိုက်သေးတယ်။ ဒီလူ ပါတယ်ဆိုရင် ထောင်ဝင်စာ ပေးမတွေ့ဘူး။ ပြန်တော့၊ အဲလိုပေါ့။ ပါတယ် မပါဘူး သူတို့ ခွင့်ပြုထားတဲ့ လူကျရင်တော့ ပေးတွေ့တယ်၊ အဲလိုပေါ့။ အဲဒီတော့ ကိုယ်တိုင် သွားတဲ့ အလှည့်မရောက်သေးတဲ့ လူတွေကတော့ မသိကြသေးဘူးပေါ့နော်။”

အင်းစိန်ထောင်တွင်းမှာ စာနယ်ဇင်း အယ်ဒီတာဟောင်း ကိုညီညီထွန်းနဲ့ ရခိုင်လူငယ် ကိုအောင်နိုင်တို့ ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား အယောက်၂၀ ကျော်က အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။

ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုရဖို့ ၊ လုံလောက်တဲ့ အစာအာဟာရ ပေးဖို့၊ စာရေးသားခွင့်နဲ့ လူ့ဂုဏ်သိက္ခာနဲ့ ကိုက်ညီတဲ့ ထောင်ဝတ်စုံကို ခြောက်လတကြိမ် လဲခွင့် စတဲ့ အချက် ၇ ချက်ကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။ ဒါအပြင် သမ္မတဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ပြန်လည် ပြင်ဆင်ပေးဖို့ နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုနေကြတယ်လို့လည်း သိရပါတယ်။

အစာငတ်ခံဆန္ဒပြပွဲ စတင်ပြီး မကြာခင်မှာ အင်းစိန်ထောင် ညွှန်ကြားရေးမှူး ရောက်လာပြီး ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်းအပါအဝင် နိုင်ငံရေးအကျဉ်းသား ခြောက်ယောက်ကို သီးသန့်တိုက်ပိတ် အရေးယူခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ အခုအချိန်အထိ နိုင်ငံရေးအကျဉ်းသားတွေဟာ ဆက်လက်ပြီး အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ အဓမ္မအလုပ်ခိုင်းစေမှု ကျဆင်းရေး ILO အရာရှိမျှော်လင့်
2011-05-25 RFA

ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ မြန်မာနိုင်ငံရုံးခွဲ တာဝန်ခံ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ စတိဗ် မာရှယ်က ချင်းပြည်နယ်မှာ အဓမ္မ လုပ်အားပေး ခိုင်းစေခံရတယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်း ရရှိရင် သူ့တို့အနေနဲ့ အစိုးရနဲ့တိုင်ပင်ပြီး အရေးတယူ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

မစ္စတာ စတိဗ် မာရှယ်ဟာ ဒီလ ၁၇ ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့ကို သွားရောက်ခဲ့ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်တွေ ၊ ပြည်နယ်အတွင်းမြို့နယ်အသီးသီးက တာဝန်ရှိသူတွေ နဲ့ တပ်မတော်အရာရှိတွေ အပါအဝင် လူပေါင်း ၁၆၀ နီးပါးလောက်နဲ့ အဓမ္မလုပ်အားပေးမှု ပပျောက်ရေး ပညာပေး ဆွေးနွေးခဲ့ပါတယ်။
ချင်းပြည်နယ်ခရီးစဉ်အတွင်း အစိုးရပိုင်းနဲ့သာ တွေ့ဆုံခဲ့တယ် ဆိုပေမဲ့ တခြား အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့လည်း အဆက်အသွယ် ကောင်းကောင်း ရှိပါတယ်လို့ RFA ကို ပြောပါတယ်။

“ချင်းပြည်နယ်မှာ အဓမ္မလုပ်အားပေးခိုင်းစေမှု နဲ့ပတ်သက်လို့ အစိုးရနဲ့ မတူကွဲပြားတဲ့ သတင်းတွေ ပေးနိုင်တဲ့ လူထုလူ့အဖွဲ့အစည်းတွေ ၊ တသီးပုဂ္ဂိုလ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျနော်တို့ အဆက်အသွယ် ရှိပါတယ် ။ အခုကျနော်တို့ရဲ့ခရီးစဉ်က အစိုးရအဖွဲ့အစည်းတွေ ၊ တပ်မတော်သားတွေကို အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးနဲ့ ပတ်သက်လို့ ပညာပေးတာတွေ၊ ဆွေးနွေးတာတွေ လုပ်ဆောင်ဖို့ သွားတာပဲ ဖြစ်ပါတယ်။

အဲဒီအတွက် ချင်းဒေသမှာ နောက်ထပ် အဓမ္မလုပ်အားပေး ခိုင်းစေတာတွေ မရှိတော့ဘူးလို့ မျှော်လင့်ပါတယ်။ တကယ်လို့ နောက်ထပ် အဓမ္မ လုပ်အားပေး ခိုင်းနေတယ်ဆိုတဲ့ သတင်းတွေ ရရှိလို့ရှိရင် အစိုးရနဲ့ တိုင်ပင်ပြီး အရေးတယူ လုပ်ဆောင်သွားမှာပါ”လို့ မစ္စတာ စတိဗ် မာရှယ်က ပြောသွားပါတယ်။

စာနယ်ဇင်းသမား ၃ ဦး လျှော့ပေါ့မှုဖြင့် ပြန်လွတ်
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မေလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၉ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ တနှစ်လျှော့ပေါ့ထောင်ဒဏ် အမိန့်ဖြင့် နိုင်ငံတဝှမ်းရှိ အကျဉ်းသား ၁၄၆ဝဝ ခန့် ပြန်လွှတ်ပေးခဲ့ရာတွင် စာနယ်ဇင်းသမား ၃ ဦးလည်း ပါဝင်လာကြောင်း ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းနှင့် မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

၄၄ နှစ်အရွယ် ၈၈ မျိုးဆက်ကျောင်းသားဖြစ်သူ ကဗျာဆရာ စာရေးဆရာ ဦးလူတင်ဝင်း၊ ၆၅ နှစ်အရွယ် မြန်မာ့အလင်း အင်္ဂလိပ်ပိုင်းမှ ဝါရင့်သတင်းထောက် ဦးသောင်းဝင်းဗိုလ်နှင့် The News Watch ဂျာနယ်မှ ၃၆ နှစ်အရွယ် ကိုဇော်ထွန်း ခေါ် ဝင်းဦးတို့ မေလ ၁၇ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။

ဦးလူတင်ဝင်းသည် ၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နှင့် လူစုလူဝေးဖြစ်အောင် လှုံ့ဆော်မှု ပုဒ်မ ၁၄၅၊ ၁၄၇ ဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရာ တနင်္သာရီတိုင်း မြိတ်ထောင်မှ ပြန်လွတ်လာသည်။

ပြန်လွတ်လာသော်လည်း ရန်ကုန်သို့ မရောက်သေးသဖြင့် ဆက်သွယ်၍ မရသေးကြောင်း နိုင်ငံရေးကျဉ်းသားများ လွတ်မြောက်လာမှုကို စောင့်ကြည့်နေသူ အကျဉ်းသားဟောင်းတဦးက မဇ္ဈိမကို ပြောသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန် ဆူးလေမီးပွိုင့်အနီး လုံခြုံရေးတပ်ဖွဲ့က ရှာဖွေစစ်ဆေးစဉ် ဦးလူတင်ဝင်း၏ ခါးကြား၌ ထိုးထားသည့် “၈၈ သဘောထား” အမည်ရှိ စာအုပ် တွေ့ရှိခဲ့သဖြင့် အဖမ်းဆီးခံခဲ့ရသည်။

မြန်မာ့အလင်း သတင်းဌာနမှ ဝါရင့်သတင်းထောက် ဦးသောင်းဝင်းဗိုလ်မှာ ပဲခူးတိုင်း သာယာဝတီထောင်မှ လွတ်မြောက်လာကြောင်း မိသားစုဝင် တဦးက ပြောသည်။

သူ့ကို ၂ဝဝ၈ ဇူလိုင် ၈ ရက်နေ့တွင် သမီးဖြစ်သူ ဗီအိုအေသတင်းထောက် မအေးအေးမာ၏ မိတ်ဆွေ၊ သူငယ်ချင်းများနှင့် ဆက်သွယ်ခြင်းအပြင် သမီးကို သတင်းပေးသည်ဟု အာဏာပိုင်များက စွပ်စွဲကာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

စာနယ်ဇင်းသမား တဦးအနေဖြင့် ရပ်တည်ခဲ့ပြီး ခရီးသွားဆောင်းပါးများ ရေးသားခဲ့ကာ နိုင်ငံရေးလှုပ်ရှားမှုတွင် မပါဝင်ခဲ့ကြောင်း မိသားစုဝင် တဦးက ပြောသည်။

ရန်ကုန်အခြေစိုက် The News Watch ၏ အလွတ်သတင်းထောက် ဖြစ်နေစဉ် ၂ဝဝ၈ စက်တင်ဘာအတွင်း
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီး၌ လုံခြုံရေးများက စစ်ဆေးဖမ်းဆီးပြီးနောက်၊ အာမခံဖြင့် အမှုရင်ဆိုင်နေရာမှ ရဲကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ၂ နှစ်ချခံရခြင်း ဖြစ်သည်။

ထို့ပြင် ၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) နှင့် မျိုးဆက်သစ် လူငယ်များအစည်းအရုံး (GW) ကို ဆက်သွယ်လှုပ်ရှားသည်ဟု စွပ်စွဲကာ ဖမ်းဆီးအရေးယူခံရသူ Beauty Magazine အယ်ဒီတာအဖွဲ့ဝင် ဦးဥာဏ်လင်းအောင်လည်း ပြန်လွတ်လာကြောင်း ရန်ကုန်ရှိ ဝါရင့်အယ်ဒီတာ တဦးက ပြောသည်။ သို့သော် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူ နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗီဘီ)သတင်းထောက်ဖြစ်ကာ ထောင်ဒဏ် ၁၃ နှစ် ကျခံနေရသူ ကိုငွေလင်းစိုး၏ အကိုဖြစ်သည့် ကိုအောင်ထွန်းမြင့်လည်း မေလ ၁၂ ရက်နေ့ကတည်းက ရခိုင်ပြည်နယ် စစ်တွေထောင်မှ လွတ်ရက်စေ့သဖြင့် လွတ်မြောက်လာကြောင်း မိခင်ဖြစ်သူ ဒေါ်သိန်းအေးက ပြောသည်။

သူ့ကို ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၌ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ မဲရုံကို ဓာတ်ပုံရိုက်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သော်လည်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် အကျဉ်းကျနေသူ စာနယ်ဇင်းသတင်းသမားများ ၂၂ ဦး၏ စာရင်းကို မဇ္စျိမက စုံစမ်းထားခဲ့ရာ လက်ရှိ ၄ ဦး လွတ်မြောက်လာခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းကျခံနေရသူ ၂ဝ၆၁ ဦး ရှိရာမှ မေလ ၁၆ ရက်နေ့တွင် ဦးသိန်းစိန်အစိုးရ ထုတ်ပြန်သည့်
ပြစ်ဒဏ်လျှော့ပေါ့မှုတွင် လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၅ဝ ကျော် လွတ်မြောက်လာခဲ့သည်။

သမ္မတက သေဒဏ်ကျခံနေရသူများကို တသက်တကျွန်းသို့လည်းကောင်း၊ ကျန်အကျဉ်းသား အားလုံးကို ထောင်ဒဏ်တနှစ်သို့လည်းကောင်း လျှော့ပေါ့ပေးခဲ့ခြင်း ဖြစ်သည်။

အမေ့အိမ်ကျောင်း နေရာပြောင်းရန် ခက်ခဲ
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ မေလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၄၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်ထောက်လှမ်းရေး ဖိအားကြောင့် နေရာပြောင်းပေးရမည့် ရန်ကုန်တိုင်း မြောက်ဥက္ကလာပ၌ ဖွင့်လှစ်ထားသည့် အမေ့အိမ် ပညာဒါန အခမဲ့ အင်္ဂလိပ်စာသင်ကျောင်းမှာ နေရာသစ် ရရှိရန် ခက်ခဲနေကြောင်း ကျောင်းတာဝန်ခံ မသီတာဆွေ အဆိုအရ သိရသည်။

တနင်္ဂနွေနေ့တွင် စစ်ထောက်လှမ်းရေးက ကျောင်းပြောင်းပေးရန် အိမ်ရှင်မှတဆင့် ဖိအားပေးလာသည်ကို ဒေသခံများ သိရှိနေပြီဖြစ်သောကြောင့် အနီးတဝိုက်တွင် ထပ်မံပြောင်းရွှေ့ရန် ရှာဖွေရာ၌ ခက်ခဲနေခြင်း ဖြစ်သည်။

“အခုဆို တော်တော်တော့ ခက်ခဲသွားတာပေါ့။ ဒီသတင်းက တရပ်ကွက်လုံး ပျံ့သွားပြီလေ။ အိမ်ရှင်တွေက ငှါးဖို့
တော်တော်ခဲယဉ်းမယ် ထင်ပါတယ်။ ကျမတို့ကတော့ ကိုယ်တတ်နိုင်သလောက် ရှာကြည့်ရမှာပေါ့” ဟု မသီတာဆွေက မဇ္ဈိမကို ပြောသည်။

အမေ့အိမ် ကျောင်းမှာ ယခုနှစ် ဇန်နဝါရီမှစ၍ ဖွင့်လှစ်လာခဲ့ပြီး၊ ယခုလို အိမ်ရှင် ဦးလှမိုးမှတဆင့် ဖိအားပေးလာခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

“ကျနော့်အိမ်ကို စစ်ထောက်လှမ်းရေးက လာရှာတယ်။ စသုံးလုံး အသွင်ပြောင်း စစ်ထောက်လှမ်းရေးကတဲ့။ တပ်ကြပ်အဆင့်လို့ ပြောတာပဲ။ အိမ်ကို ချိတ်ပိတ်မယ်လို့ ပြောတယ်။ ခင်ဗျားတို့ကြောင့် ကျနော့်စီးပွားကို အထိခိုက်မခံနိုင်ဘူး။ အဲတော့ ခင်ဗျားတို့ အိမ်ပြောင်းပေးပါဆိုပြီး လာပြောတယ်” ဟု မသီတာဆွေက ဆိုသည်။

ဤကဲ့သို့ ကိုယ်ထူကိုယ်ထ ကျောင်းတကျောင်းဖြစ်သည့် သင်္ကန်းကျွန်းမြို့နယ်မှ ဗေဒါ အင်စတီကျုမှာလည်း အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ၃ ကြိမ်တိုင်တိုင် နေရာပြောင်းရွှေ့ခဲ့ရပြီး ဖြစ်သည်။

“NLD က လူကြီးတာ လာဖွင့်တာတို့၊ လာသင်တာတို့ကလည်း အကြောင်းတခုပေါ့။ ခဏခဏပြောင်းရတော့ တည်ငြိမ်မှု မရှိဘူးပေါ့။ လှည့်ပတ်ရှာရတာ။ ရှာတာ သိတယ်ဆိုရင်လည်း ကြိုပြီးတော့ အဖျက်ခံရတာပဲဗျ။ ကျနော်တို့က
မြောက်ဒဂုံ သွားကြည့်တယ်ဆိုရင် အာဏာပိုင်တွေက အိမ်ရှင်ကို သွားကျပ်လိုက်ရင် ငှါးတောင် မငှါးလိုက်ရဘူး” ဟု ဗေဒါ အင်စတီကျုမှ ကျောင်းဆရာ ဦးမြင့်ဦးက မဇ္ဈိမကို ပြောသည်။

ဤသို့ နေရာအတည်တကျ မရနိုင်ဘဲ တာမွေ၊ စမ်းချောင်း၊ သင်္ကန်းကျွန်း လှည့်လည်ရွှေ့ပြောင်းနေရသည့်အတွက် ပညာသင်ကြားရေးမှ လုံခြုံအေးချမ်းမှု မရှိဟု ဆိုသည်။

“ခဏခဏပြောင်းရတာ စရိတ်လည်း ရှိသေးတာကိုး။ ကလေးတွေမှာလည်း လုံလုံခြုံခြုံနဲ့ စိတ်အေးအေးချမ်းချမ်း သင်နေရတဲ့ အနေအထား မဟုတ်ဘူးပေါ့။ ငါတို့ ဘယ်တော့ပြောင်းရမလဲဆိုတဲ့ စိတ်မျိုးနဲ့ဆိုတော့ ကောင်းတော့ မကောင်းဘူးဗျ” ဟု ဦးမြင့်ဦးက ပြောသည်။

သို့သော် NLD လူကြီးများ အဝင်အထွက် မရှိခဲ့ဖူးသည့် မြောက်ဥက္ကလာပမှ အမေ့အိမ် ကျောင်းအား ရပ်ကွက် အာဏာပိုင်များက လိုက်လျောမှု ရှိခဲ့သော်လည်း ယခုလို ဖိအားပေးလာမှုအပေါ် စဉ်းစားရခက်ကြောင်း မသီတာဆွေက ပြောသည်။

“ဒီ ၅ လပိုင်း ၁၂-၁၃ ရက်နေ့လောက်က ရပ်ကွက်အုပ်ချုပ်ရေးရုံး ဥက္ကဋ္ဌ က ခေါ်ပြောတယ်ရှင့်။ ခင်ဗျားတို့တွေ လုပ်နေတာ ကျနော်တို့ သိတယ်။ ခင်ဗျားတို့တွေ နိုင်တဲ့ဘက်က ဒီလိုလုပ်တာ ကျေးဇူးတင်ပါတယ်တဲ့။ ခင်ဗျားတို့ ဘာလုပ်လုပ် ကျနော်တို့ကိုတော့ သတင်းပေးပါလို့ ပြောထားတာရှိပါတယ်။ ဒီလိုရှိရက်သားနဲ့ တနင်္ဂနွေနေ့က ဒီလိုဖိအားလာပေးတာ ဘာလို့လဲဆိုတာ စဉ်းစားရခက်တယ်” ဟု သူက ဆိုသည်။

အမေ့အိမ်သို့ အင်္ဂလိပ်စာ လာရောက်သင်ယူနေသည့် ဝိဇ္ဇာဘွဲ့ရ သင်တန်းသားတဦးက “ကျနော်တို့ဟာ ဆင်းရဲသား အခြေခံလူတန်းစားတွေပါ။ အပြင်သင်တန်းတွေဘာတွေ သွားမတက်နိုင်ပါဘူး။ ဒီလို ပညာဒါနပြုရာမှာ လာတက်တုန်း အာဏာပိုင်တွေက ဒီလိုလာလုပ်တော့ ကျနော်တို့ အရမ်းခံစားရပါတယ်” ဟု ပြောသည်။

အမေ့အိမ်ကျောင်းတွင် အင်္ဂလိပ်စာ လာရောက်သင်ကြားနေသူ ၃ဝ ခန့်ရှိပြီး ၎င်းတို့မှာ ၁ဝ တန်းဖြေဆိုထားသူများ၊
အောင်မြင်ထားသူများနှင့် ဘွဲ့ရထားပြီးသူများ ဖြစ်ကြသည်။

ဗေဒါ အင်စတီကျုမှ ဦးမြင့်ဦးကမူ အာဏာပိုင်များအနေဖြင့် ဤကဲ့သို့ လိုက်လံနှောင့်ယှက်နေမည့်အစား အားပေးမှု ပြုသင့်ကြောင်း ပြောဆိုသည်။

“တတိုင်းပြည်လုံး ပညာရေးစနစ်ကြီးတခုလုံး ကောင်းဖို့ဆို အစိုးရတဖွဲ့ထဲနဲ့ မလုပ်နိုင်ဘူးဗျ။ ကျနော်တို့နိုင်ငံလို အစိုးရမျိုးဆို ပိုပြီးတော့ မလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ပညာရေးအတွက် သုံးစွဲတဲ့ ဘတ်ဂျက်က အင်မတန် နည်းတာပဲ။ သူများနိုင်ငံ အချိုးနဲ့ကြည့်ရင် ကျနော်တို့အချိုးက အင်မတန်နိမ့်တာပဲ။ ကျနော်တို့လို အစစအရာရာ
နောက်ကျနေတဲ့ တိုင်းပြည်မှာ ဒီလိုလူမှုအဖွဲ့အစည်းတွေက စေတနာနဲ့ လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် အစိုးရကနေ တိုက်တွန်းတာတို့၊ ကူညီပံ့ပိုးတာတို့ အများကြီး လုပ်သင့်တယ်ဗျ” ဟု သူက ပြောသည်။

သင်္ကန်းကျွန်းမြို့နယ်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄ နေရာလုံး အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ အနိုင်ရရှိခဲ့သည့်အတွက် အမတ် ဦးသိန်းညွန့်ထံ ကျောင်းအိပ်ကျောင်းစား သင်တန်းသားများအတွက် ဧည့်စာရင်းကိစ္စ အကူအညီ တောင်းထားကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်သူများမှ ဘွဲ့ရသူများအထိ တက်ရောက်သင်ကြားနိုင်သော ဗေဒါကျောင်း၌ လူမှုရေးသိပ္ပံ၊ ကမ္ဘာ့ပဋိပက္ခများအကြောင်း၊ အရှေ့တောင်အာရှ နိုင်ငံများကို လေ့လာခြင်းနှင့် အခြေခံအင်္ဂလိပ် ဘာသာရပ်များကို
နှစ်ပတ်ကြာ အခမဲ့ပို့ချပေးနေသည်။

တိုင်းနှင့် ပြည်နယ်များမှ လာရောက်သည့် သင်တန်းသား ၃ဝ ကျော်ကို ကျောင်းအိပ်ကျောင်းစား သင်ကြားပေးနေရာ အပတ်စဉ် ၆ အထိ ရှိပြီဖြစ်သည်။

မြန်မာအတိုက်အခံများကို NGO များ မကူညီရန် ထိုင်းဖိအားပေး
ဧရာဝတီ Wednesday, 25 May 2011 15:59

မြန်မာ အတိုက်အခံ အဖွဲ့အစည်းများကို အားပေးကူညီမှုများ မပြုလုပ်ကြရန် ထိုင်းနိုင်ငံ မဲဆောက်ဒေသ အခြေစိုက် အစိုးရမဟုတ်သည့် NGO အဖွဲ့များအား တာ့ခ် ခရိုင်ဝန်က တနင်္လာနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး သတိပေး ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ မြို့ပိုင်ရုံးတွင်ပြုလုပ်သည့် ထိုင်း အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများ အပါအ၀င် မဲဆောက် အခြေစိုက် လှုပ်ရှားနေသည့် NGO အဖွဲ့အစည်း ၂၀ ခန့်နှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် တာ့ခ်ခရိုင်ဝန် နိုင် စမာ့လွိုင်ဖာ့က ပြောကြားခြင်းဖြစ်သည်။

၎င်းက“NGO တွေအနေနဲ့ကိုယ့်အလုပ်ကို ရိုးရိုးသားသားလုပ်ကိုင်ကြဖို့ ပြောချင်တယ်၊ မြန်မာအတိုက်အခံ အဖွဲ့တွေကို အားပေး ကူညီတာတွေ မလုပ်ကြဖို့ သတိပေးချင်တယ်၊ တချို့ NGO တွေက မြန်မာအတိုက်အခံတွေကို အားပေးကူညီမှုလုပ်နေတာတွေကို မလုပ်ကြဖို့ ပြောချင်ပါတယ်”ဟု ဆိုသည်။

အစည်းအဝေးတွင်ခရိုင်ဝန်က ယခုလ ၁၁ ရက်နေ့က မဲဆောက်အနီးရှိ မဲ့ကစာရွာတွင် မြန်မာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တခုသို့ပေးပို့မည့် တပ်ဖွဲ့အမှတ်တံဆိပ်ပါ စစ်ယူနီဖောင်းအစုံ ၃၀၀ နှင့် အမှတ်တံဆိပ်ပါ စစ်သုံး စွပ်ကြယ်လက်တို အင်္ကျီ ၂၆၂ ထည်ကို ထိုင်းနယ်ခြားစောင့်တပ် က ဖမ်းဆီးရရှိမှုကိုလည်း ရည်ညွန်းကာ ထည့်သွင်းပြောကြားခဲ့သည်။

ခရိုင်ဝန်၏အဆိုအရ မဲဆောက်ဒေသအတွင်း အခြေစိုက်ကာ ဒုက္ခသည်စခန်းအတွင်း လုပ်ကိုင်နေသည့် NGO အဖွဲ့ ၂၀ ခန့်ရှိပြီး အခြားပြင်ပတွင်လုပ်ကိုင်နေသည့် NGO အဖွဲ့မှာ ၆၀ ခန့်ရှိသည်ဟု သိရသည်။

သတိပေးထားသည့်အတိုင်း လိုက်နာခြင်းမရှိသည့် NGO အဖွဲ့အစည်းများမှာ အရေးယူခြင်းခံရမည်ဟု အစည်းအဝေးအပြီး တွင် နိုင် စမာ့လွိုင်ဖာ့က ဒေသခံ သတင်း ထောက်များကို ပြောကြားသည်။

မြန်မာဒုက္ခသည်များနှင့် ပတ်သက်၍လည်း ဒုက္ခသည်များ စခန်းအပြင်ထွက်ကာ သစ်ခုတ်ခြင်း၊ မူးယစ်ဆေးဝါးများရောင်း ၀ယ်သုံးစွဲခြင်းများကို တွေ့ရှိပါက ဒုက္ခသည်အဖြစ်မှ ပယ်ဖျက်ပြီး အရေးယူခံရမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာအတိုက်အခံ ခေါင်းဆောင်တဦးက“ထိုင်းနယ်စပ်မှာ သွားလာလှုပ်ရှားနေတာမှန်ပေမယ့် ထိုင်းနိုင်ငံရဲ့အချုပ်အခြာကို ထိခိုက်စေမယ့်အနေအထားတွေကိုတော့ ဘယ်အဖွဲ့ကမှမလုပ်ပါဘူး၊ မြန်မာဘက်မှာ လတ်တလောဖြစ်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ အခြားကိစ္စတွေကို မြန်မာအတိုက်အခံအဖွဲ့တွေက ထိုင်းနယ်မြေကိုအသုံးချပြီး လုပ်နေတယ်လို့ မြန်မာနယ်ခြား ကော်မတီ ကနေတဆင့် ထိုင်းဘက်ကိုအရေးဆို တိုင်ကြားတာတွေရှိတယ်၊ အခုဖြစ်တဲ့ကိစ္စကလည်း ပတ်သက် ဆက်နွယ် မှုတွေရှိတယ်၊ ပြောရရင်တော့ မြန်မာဘက်က ဖိအား ပေးလို့”ဟု ဧရာဝတီသို့ ပြောသည်။

၎င်းအစည်းအဝေးသို့ ထိုင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ ထိုင်း စစ်တပ်၊ ထိုင်းရဲ၊ လူဝင်မှု ကြီးကြပ်ရေး(လ၀က)၊ နယ်ခြား စောင့်တပ်ဖွဲ့နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၊ ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီ ညစောင့်ရှောက်ရေး ညွန့်ပေါင်း အသင်း(TBBC) အပါအ၀င် NGO အဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာဒုက္ခသည်စခန်းများမှ စခန်းဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

သံတွဲတွင် လျှပ်စစ်မီး တယူနစ် ကျပ် ၄၀၀ ထိ လျော့ကောက်မည်
စံလင်း News Date:5/24/2011 နိရဉ္ဖရာ သတင်းဌာန

သံတွဲမြို့နယ် ငပလီကမ်းခြေတွင် လာမည့် ဇွန်လမှ စတင်ပြီး လျှပ်စစ်မီး တယူနစ်ကို ၄၀၀ ကျပ်ထိ လျော့ကောက်တော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

" သူတို့ အရင် ကောက်တာက တယူနစ်ကို ၅၅၀ ကျပ်ပါ။ အဲဒီလို ကောက်ခံရာကနေ အခုအခါ ကျပ် ၄၀၀ သာ ကောက်ခံတော့မယ်လို့ သံတွဲ အုပ်ချုပ်ရေးမှူးက ပြောပါတယ်" ဟု အမည် မဖေါ်လိုသူ ဟိုတည် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးက ဟိုတည် လုပ်ငန်းရှင်များကို များမကြာမှီက ခေါ်ယူတွေ့ဆုံရာတွင် တယူနစ် ကျပ် ၅၅၀ ကောက်ခံနေရာမှ ကျပ် ၁၅၀ လျော့ပြီး ၄၀၀ ကျပ်သာ ကောက်ခံတော့မည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

သံတွဲမှာ မြန်မာနိုင်ငံတွင် လျှပ်စစ်မီတာဖိုး အလွန်ကြီးမြှင့်သော မြို့ဖြစ်ပြီး ဗမာပြည်မှ ဒေသများထက် မီတာဖိုး ယူနစ် အဆ ၂၀ ပိုပေးရသော မြို့ဖြစ်သည်။

" စစ်တွေမှာ တယူနစ်ကို ၄၀၀ ကျပ်၊ မြေပုံမှာ ၅၀၀ ကျပ်၊ သံတွဲမှာ ၅၅၀ ကျပ် ဖြစ်ပါတယ်။ ဗမာပြည်မှာတော့ တယူနစ် ၂၈ ကျပ် ဖြစ်ပါတယ်။ အခုတော့ ရခိုင်မှာ မီတာဖိုးတွေ မတရား ကောက်ခံနေတဲ့အတွက် ပူညံ ပူညံ ဖြစ်လာတာကြောင့် ခုတော့ သံတွဲမှာ တယူနစ် ၅၅၀ ကောက်ခံရာကနေ ၄၀၀ ထိ လျော့ကောက်မယ် ဆိုပြီး ဖြစ်လာတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

သံတွဲတွင် သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းအား တည်ဆောက်နေသော်လည်း ထုတ်ယူနိုင်သော အဆင့်သို့ မရောက်ရှိသေးကြောင်း သိရသည်။ ပြီးစီးပါက မီဂါဝပ် ၁၁၁ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ဇွန်လမှ စပြီး ဒီဇယ်သုံး မီးစက်များမှ တဆင့် သံတွဲ ငပလီတွင် ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်ဟု သိရသည်။


 

No comments: