Wednesday, May 25, 2011

နိုင်ဝင်းဆွေ သို့မဟုတ် အနုပညာမှော်ဝင်စားသူ (နိဂုံးပိုင်း) - အောင်ငြိမ်း

(ငါး)

ဒီနောက် ကြားရတဲ့ သတင်းတွေက စိတ်ထိခိုက်စရာပါ။ ကိုနိုင်ဝင်း ဘုန်းကြီး ဝတ်တယ်။ စိတ်တည်ငြိမ်မှုကို ရှာတယ်။ နောက် လူဝတ်ပြန်လဲတယ်။ ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ မာနယ်ပလောကျတဲ့ ဗရုတ်ဗရက်ကာလ သောင်းရင်းမြစ်နံဘေးမှာ ဗုံးဆန်ထိမှန် ကျဆုံးသွားခဲ့ပါတယ်။

ကိုနိုင်ဝင်း ဆုံးတော့ မဂျုံ ရလလဖ ကို ရောက်လာတယ်။ ‘ငြိမ်း’ ကာလပါ။ ကျွန်တော်လည်း မရှိတော့ဘူး။ ဘာကြောင့်လည်း မသိဘူး၊ မဂျုံက ဝနယ် မပြန်ချင်ဘူး။ ဝ တပ်မှုးတဦးက ဝအမျိုးသမီး ဝ ဒေသပြန်ရမယ်ဆိုပြီး ပြန်ခေါ်သွားလို့ မဂျုံ ဝနယ် ပြန်ရောက်တယ်။


၂ဝဝ၆ နှစ်လည်ပိုင်း ဝ နယ်မှာ မဂျုံ ဆုံးတဲ့သတင်း ကြားရတယ်။ ဘာ့ကြောင့်ဆုံးသလဲ အတိအကျ မသိရဘူး။ သူ့ရွာမှာလည်း သူ မပျော်ဘူး။ နမ့်ပန်ချောင်းထဲ လိမ့်ကျသလို ပျောက်ဆုံးသွားသလိုလည်း ကြားရပါတယ်။

မိုးသက်မုန်တိုင်းထန်တဲ့ တော်လှန်ရေးကွေ့ကြီးတကွေ့မှာ ကျွန်တော်တို့တတွေဟာ အညှာက ကိုင်ယမ်းခံလိုက်ရတဲ့ သစ်ပင်က သစ်ရွက်တွေလို လှုပ်ခါကုန်ကြပါတယ်။

လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုကို ရှာကြံရင်း အနုပညာမှော်ဝင်စားနေတဲ့ ကိုနိုင်ဝင်းဟာ မိုးသက်မုန်တိုင်းကြားမှာ သစ်ရွက်တရွက်လို လှုပ်ခါလွင့်ပါးသွားခဲ့ပါတယ်။

ငြိမ်းချမ်းမှုကို ရှာ၏၊ ငြိမ်းချမ်းမှုကား မတွေ့။ စိတ်ကူးစံကို အနုပညာဖြင့်ဖော်ဆောင်ဖို့ ကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကို ဖြတ်သန်းရင်း သူ ရိုးသားစွာ ကြိုးစားခဲ့တယ်လို့ ကျွန်တော် ယုံတယ်။

ဗမာပြည်လူ့အဖွဲ့အစည်းက ရှုပ်ထွေးတယ်။ ဖိနှိပ်မှုက အညှာအတာကင်းတယ်။ တော်လှန်ရေးခရီးက ခက်ခဲ ကြမ်းတမ်းတယ်။ ကိုနိုင်ဝင်းရေးချင်တဲ့ တော်လှန်ရေးဂန္ထဝင်ဝတ္ထုကြီးကို မျိုးဆက်သစ်များက ရေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရပါတယ်။

(ဘယ်သူ့ကိုမှ ထိခိုက်စေဖို့ မရည်ရွယ်ပါ၊ သက်ရှိထင်ရှား ရှိနေသူများဖြစ်တဲ့အတွက် ဘယ်သူ့ အမည်ကိုမှ မဖော်ပြပါ။)

အောင်ငြိမ်း (၂ဝ နိုဝင်ဘာ ၂ဝ၁ဝ)

အရေးတော်ပုံ ဂျာနယ် အတွဲ ၁၊ အမှတ် ၃ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


 

2 comments:

Yaw Han Aung said...

ကိုဦး
တချို့အချက်အလက်တွေက အမှားတွေ ဆိုတာ မသိဘူးလား။ ဥပမာ-သေရပုံက လက်နက်ကြီးထိမှန် သေတယ်ဆိုတာမျိုး ကျနော်တော့ မကြားဖူးဘူး။

အောင်သူငြိမ်း

ko oo said...

ကိုအောင်သူငြိမ်း ခင်ဗျား

အခုလို ဝေဖန်ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ထောက်ပြထားတဲ့ အချက်အလက်က အမှားဆိုတာ ဟုတ်ပါတယ်။ ဆရာနိုင်ဝင်းဆွေ ဆုံးတဲ့အချိန် (မာနယ်ပလော ကျတဲ့အချိန်မှာ) ကျနော် ကိုယ်တိုင်လည်း အဲဒီဒေသမှာ ရှိနေပါတယ်။ ဒါပေမယ့် ကျနော်က ဆောင်းပါးကို ပြန်လည်ကူး ယူဖော်ပြတာဖြစ်လို့ ပြန်လည် ပြင်ဆင်ခွင့်မရှိပါဘူး။

ကျေးဇူးတင်စွာဖြင့်

ကိုဦး