Monday, May 23, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၂၄ ရက်)

- မြန်မာအစိုးရသစ်လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှု ကျယ်ပြန့်နေဆဲ
- ကိုယ့်အား ကိုယ်ကိုးမှ ရမည်ဟု ဒေါ်စုပြော
- ရှမ်း SSA မြောက်နဲ့တောင် ပေါင်းစည်းဖို့ သဘောတူ
- ပါကစ္စတန် ရေတပ်စခန်း တာလီဘန် ဝင်စီးမှု အဆုံးသတ်
- ဆင်းရဲမွဲတေမှုဖိုရမ် မီဒီယာများ ဆွေးနွေးခွင့်ရ
- အမေ့အိမ် အခမဲ့ ပညာသင်ကျောင်း ဖိအားပေးခံရ
- ဗိုလ်ချုပ်မှူးကြီး တကယ်အနားယူပြီလား
- ကလလတကို တိုက်ခိုက်လျှင် နိုင်ငံရေးအရ နစ်နာမည်
- ဒေါ်စုဖွင့်လှစ်တဲ့ ဓာတ်ပုံပြပွဲ
- အင်းစိန်ထောင်၌ အစာငတ်ခံ ဆန္ဒပြ
- လူမှုရေးလုပ်သူများ သတိပေးခံရ
- ဇာဂနာကို ဗြိတိန် အနုပညာရှင်အဖွဲ့ ရာသက်ပန် ဂုဏ်ထူးဆောင်အဖွဲ့ဝင် သတ်မှတ်
- လူကုန်ကူးသည့် ထိုင်းရဲ အဖမ်းခံရ

မြန်မာအစိုးရသစ်လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှု ကျယ်ပြန့်နေဆဲ
By ဦးကျော်အောင်လွင် တနင်္လာ, 23 မေ 2011

မြန်မာအစိုးရက အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုတဲ့ သဘောလည်း မတွေ့ရဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောလိုက်ပါတယ်။

ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ဒီကနေ့ ကျင်းပခဲ့တဲ့ မစ္စတာ ကင်တားနားရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပြီး မြန်မာအစိုးရသစ်က အကျဉ်းသူ၊ အကျဉ်းသား ၁၄,၀၀၀ ကျော်ကို မေလ ၁၇ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တဲ့ အထဲမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရတဲ့သူတွေ ၅၀ လောက်ပဲ ပါဝင်တာကို ဘ၀င်မကျနိုင်ဘဲ ဖြစ်နေသူတွေ အထဲမှာ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားလည်း ပါဝင်ပါတယ်။ အခု ပြန်လွှတ်ပေးလိုက်တာက မြန်မာအစိုးရ ပြောသလို လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“အခု ပြန်လွှတ်ပေးတာဟာ ပြည့်စုံလုံလောက်မှု မရှိဘူးလို့ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေက ထောင်တွေ တော်တော်များများမှာ ကျန်နေပါသေးတယ်။ အခု ပြန်လွှတ်ပေးတယ် ဆိုတာက လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပါဘူး။ လျှော့ပေါ့ပေးတာက တနှစ်တည်းပါ။ မြန်မာအစိုးရက အခုလို ဆုံးဖြတ်ချက်ဟာ စိတ်ပျက်ဖို့လည်း ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လိုလားတဲ့သဘော၊ ရှေ့ရှုတဲ့ သဘောတွေ မပါဝင်လို့ပါပဲ။” လို့ ပြောသွားခဲ့တာပါ။

“လွှတ်တော်သာလျှင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးရမယ့် နေရာလို့ မြန်မာအစိုးရက ပြောထားပေမဲ့လည်း ဒီလွှတ်တော်တခုတည်းနဲ့တင် ဆွေးနွေးဖို့က မလုံလောက်ပါဘူး။” လို့ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။

မစ္စတာ ကင်တားနားဟာ အခု မေလ ၁၆ ရက်နေ့ကစပြီး ထိုင်းနိုင်ငံအတွင်းက မြန်မာ့အရေး လှုပ်ရှားတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အမှုထမ်းတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံပြီး မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အချိန်တပတ်ကျော်ကြာ အချက်အလက်တွေ ရှာဖွေ စုံစမ်းခဲ့တာပါ။ ဒီခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့နဲ့လည်း သူတွေ့ဆုံခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တယ်လီဖုန်းကတဆင့် စကားပြောဆိုခဲ့ပါတယ်။

“ဒီခရီးစဉ်ကနေ ရတဲ့ အချက်အလက်တွေကတော့ နယ်စပ်မှာရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခြေအနေတွေဟာ မြန်မာအစိုးရက ဒီမိုကရေစီ ကူးပြောင်းရေးကို ဖော်ဆောင်မယ်လို့ ကတိတွေ ပေးထားပေမဲ့လည်း စိုးရိမ်ဖို့ ကောင်းလောက်အောင် အကြမ်းဖက်မှုတွေက ဆက်ပြီး ဖြစ်နေတာ တွေ့ရတယ်။ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေတာတွေ၊ မြေယာတွေကို အတင်းသိမ်းပိုက်တာတွေ၊ အဓမ္မ လုပ်အားပေးခိုင်းတာ၊ ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုတွေ၊ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ဒီကနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာကို တွေ့ရပါတယ်။ အာဏာပိုင်တွေကလည်း ဒီကျူးလွန်မှုတွေကို ဟန့်တားနိုင်ဖို့ အရေးယူ ဆောင်ရွက်တာတွေကို မတွေ့ရပါဘူး။” လို့ ဆိုပါတယ်။

“မြန်မာပြည်ဟာ တရားဥပဒေ စိုးမိုးမှု ခိုင်ခိုင်မာမာရှိဖို့ လိုအပ်နေပါတယ်။ အခြေခံ အဆောက်အဦးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဒေသခံတွေနဲ့ တိုင်ပင်သင့်ပါတယ်။ ဒီလုပ်ငန်းတွေက ရလာတဲ့ ၀င်ငွေတွေကို ဒေသဖွံ့ဖြိုးရေးအတွက် ပြန်ပြီး အသုံးပြုသင့်ပါတယ်။ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို အာမခံမှု ရှိနိုင်ရပါလိမ့်မယ်။” လို့ ပြောသွားခဲ့တာပါ။

မြန်မာပြည်တွင်းက လူ့အခွင့်အရေးဆိုင်ရာ ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ အရေးကိုလည်း မစ္စတာ ကင်တားနားက တိုက်တွန်းထားတာပါ။ ဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူတယ်လို့ မစ္စတာ ကင်တားနားက ဆိုပါတယ်။

မစ္စတာ ကင်တားနားရဲ့ အခု ထိုင်းနိုင်ငံ ခရီးစဉ်ကနေ ရလာတဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အချက်အလက်တွေကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီနှစ်ကုန်ရင် တင်သွင်းသွားမှာပါ။ ဒီလို တင်သွင်းနိုင်ရေး အချက်အလက် ပြည့်စုံအောင် မြန်မာပြည်တွင်းကို သူကိုယ်တိုင်သွားဖို့ ပြည်ဝင်ခွင့်ဗီဇာ တောင်းထားပေမဲ့လည်း အခုထိ မရနိုင်သေးဘဲ ဖြစ်နေပါတယ်။

သူ့ဘက်ကတော့ သွားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက မြန်မာပြည်ကို နောက်ဆုံးအကြိမ် သူ ရောက်ခဲ့တာပါ။ မြန်မာပြည်မှာ စစ်အစိုးရကနေ အရပ်သား အစိုးရသစ် ပြောင်းခဲ့ပြီး နောက်ပိုင်း မစ္စတာ ကင်တားနား မြန်မာပြည်ကို တခါမှ လာခွင့်မရသေးပါဘူး။

ကိုယ့်အား ကိုယ်ကိုးမှ ရမည်ဟု ဒေါ်စုပြော
ဂျင်အင်ဒရူး | တနင်္လာနေ့၊ မေလ ၂၃ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၄၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအတိုက်အခံများအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) နှင့် အိန္ဒိယနိုင်ငံတို့မှ ထောက်ခံမှုရရန် သိပ်မျှော်လင့်၍ မဖြစ်ကြောင်းနှင့် ဒီမိုကရေစီရရန် ကိုယ့်အား ကိုယ်ကိုးမှဖြစ်မည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျာမန်ရုပ်သံ သတင်းဌာနတခုကို ပြောကြားလိုက်သည်။

‘‘နောက်ဆုံးတော့ ကိုယ့်အားကိုယ်ကိုးမှ ရမယ်ဆိုတာ ကျမတို့ သိလာကြပါပြီ။ ဒါလည်း မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဂျာမန်ကမ္ဘာတလွှား အစီအစဉ်ဖြစ်သော Deutsche Welle က Hertie School of Governance နှင့် ပူးတွဲထုတ်လွှင့်သည့် Sunday to Asia တွင် ပြောကြားခဲ့သည်။

ဒီမိုကရေစီခေါင်းဆောင်သည် အဆိုပါ စားပွဲဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခဲ့ပြီး၊ မြန်မာ့အနာဂတ်အရေးကို ပြောကြားခဲ့ကြသည်။ ၎င်းအစီအစဉ်ကို ရန်ကုန်မြို့ရှိ `လျှို့ဝှက်နေရာ´တနေရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကိုလိုနီခေတ်ကတည်းက အဆက်အဆံများခဲ့သော အိန္ဒိယနိုင်ငံ၏ `စိတ်ပျက်ဖွယ် ကောင်းလှသော သဘောထား´ ကြောင့် အထူးတလည် ၀မ်းနည်းရကြောင်း သူက ပြောကြားခဲ့သည်။ ဤအရှေ့တောင်အာရှနိုင်ငံတွင် တရုတ်၏ သြဇာအာဏာ ကြီးထွားလာခြင်းကို သတိထားမိသည့်အတွက် မြန်မာအာဏာပိုင်များနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် အိန္ဒိယအစိုးရက ကြိုးစားခဲ့သည်ဟု ဆိုသည်။ သူတို့၏ မြန်မာနိုင်ငံရှိ မဟာဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်ရမည်ဖြစ်ပြီး၊ ဒီမိုကရေစီရေးတိုက်ပွဲမှာ မြန်မာပြည်သူများသာ ပြုလုပ်ရမည်ဖြစ်သည်ဟု နယူးဒေလီရှိ အစိုးရက အလေးထား ပြောကြားခဲ့သည်။

အာဆီယံနှင့်ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်က သူတို့အနေဖြင့် အာဖရိကနိုင်ငံများက ပြဿနာများကို မည်သို့မည်ပုံ ဖြေရှင်းကြသည်ကို လေ့လာနိုင်ကြကြောင်းနှင့် အာဆီယံ၏ ပြဿနာတရပ်မှာ မစွက်ဖက်ရေးမူဝါဒကို ကိုင်စွဲထားခြင်းဖြစ်ပြီး ယင်းသည် အာဖရိကနိုင်ငံများနှင့် ကွာခြားကြောင်း ပြောကြားသွားသည်။ ၅၃ နိုင်ငံပါ အာဖရိက သမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ဝင်တစား တက်ကြွစွာ ဆောင်ရွက်ကြပြီး အချို့သော အကျပ်အတည်း ဖြစ်ပွားနေသော နိုင်ငံများတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့များ ထားရှိပေးသည်။

နိုင်ငံတကာ ထောက်ခံမှုကင်းမဲ့ခြင်းနှင့် နိုင်ငံတကာ အကူအညီများ ပေးအပ်ရာတွင် ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းအတွက်လည်း သူက ၀မ်းပန်းတနည်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် ဥရောပသမဂ္ဂသည် `အလွန်မညီမညွတ်´ ဖြစ်ကြကြောင်းလည်း သူက ပြောသည်။

မြန်မာပြည်သူများသည် ပြင်းထန်စွာ ဆင်ဆာဖြတ်တောက်နေသည့်အကြားမှ အာရပ်ကမ္ဘာတွင် ဖြစ်ပွားနေသော အရေးအခင်းများကို စိတ်ဝင်တစား လေ့လာစောင့်ကြည့်လျက် ရှိကြကြောင်းပါ သူက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယား၊ တူနီးရှား၊ ယီမင်နိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော `အာရပ်နွေဦး´ ဆန္ဒပြပွဲများက မြန်မာ ပြည်ပမီဒီယာများကို မေးခွန်းများစွာ ထွက်ပေါ်လာစေခဲ့ကာ၊ မြန်မာနိုင်ငံတွင်လည်း စစ်အစိုးရကို ဆန့်ကျင်သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမျိုး တကျော့ပြန် ဖြစ်နိုင်မဖြစ်နိုင် မေးခွန်းများ ထုတ်လာကြကြောင်းနှင့် အကဲခတ်များကမူ ရန်ကုန်အခြေအနေသည် ကိုင်ရိုလမ်းမများပေါ်တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် လွန်စွာကွာခြားကြောင်း ပြောဆိုနေကြသည်။

မြန်မာပြည်လူငယ်ထုကြားတွင် နိုင်ငံရေးစိတ်ဝင်စားမှု တိုးပွားလာသည့်အတွက် အားတက်မိကြောင်းဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ‘‘ဒါ .. ကျမ နေအိမ်အထိန်းသိမ်းခံနေက လွတ်လာပြီးကတည်းက မြင်ခဲ့ရတဲ့ အလွန်ကြီးမားတဲ့ အပြောင်းအလဲတွေထဲက တခုပါပဲ’’ ဟု သူက ပြောသည်။

‘‘လူငယ်တွေဟာ နိုင်ငံရေးကို အရမ်းစိတ်ဝင်စားလာကြတယ်။ သူတို့ဟာ မချင့်မရဲ ဖြစ်လာကြပြီး အပြောင်းအလဲဆိုတာ ကိုယ့်ဘာသာလုပ်မှ ဖြစ်မယ်ဆိုတာ သိလာကြလို့ပဲ’’။

‘‘မြန်မာနိုင်ငံက လူငယ်တွေဟာ လုပ်တတ်အောင်လုပ်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ခဲ့ကြပြီ။ လူငယ်တွေဟာ အလွန့်ကို ပိုပြီး ကိုယ့်အား ကိုယ်ကိုးလာကြတယ်’’

သို့သော် `နေရာအနှံ့ အကြောက်တရား´ စိုးမိုးနေခြင်းကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုတွင် အဟန့်အတား ဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်သော တရားစီရင်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် လိုအပ်လျက်ရှိကြောင်း သူက ပြောသည်။ ဥပဒေစိုးမိုးမှုရှိပါက အပြောင်းအလဲအတွက် ကြိုတင်စည်းကမ်းချက်ဖြစ်သော တိုင်းပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာမည်ဟုပါ သူက ပြောသည်။

ရှမ်း SSA မြောက်နဲ့တောင် ပေါင်းစည်းဖို့ သဘောတူ
By ဦးမိုးဇော် တနင်္လာ, 23 မေ 2011

ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့ဟာ မကြာမီ တဖွဲ့တည်းအဖြစ် ပေါင်းစည်းတော့မယ်လို့ ပြီးခဲ့တဲ့ စနေနေ့ မေလ ၂၁ ရက်နေ့က ကြေညာခဲ့ပါတယ်။

ဒီလို ပေါင်းစည်းကြမယ့် ရှမ်းတိုင်းသား တပ်ဖွဲ့တွေကတော့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) လက်အောက်ခံ ဗိုလ်ချုပ်ပန်ဖ ခေါင်းဆောင်တဲ့ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-North) တပ်မဟာ ၁ အစုနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) လက်အောက်ခံ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် ခေါင်းဆောင်တဲ့ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA-South) တပ်ဖွဲ့တွေ ဖြစ်ပါတယ်။

အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အစိုးရကို ဆန့်ကျင်နေတဲ့ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ ပူးပေါင်းတော့မယ်ဆိုတဲ့ သတင်းကို ၅၃ ကြိမ်မြောက် ရှမ်းအမျိုးသားများ တော်လှန်ရေးနေ့မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ရဲ့ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရှမ်းအမျိုးသားများ တော်လှန်ရေးနေ့ အခမ်းအနားကို ဒီလ ၂၁ ရက် စနေနေ့က ထိုင်း၊ မြန်မာနယ်စပ် SSA တောင်ပိုင်းဌာနချုပ် လွိုင်တန်လျန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းက ကိုယ်စားလှယ်အဖွဲ့လည်း အတူတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ ပူးပေါင်းရေးကို ဆွေးနွေးနေဆဲဖြစ်ပြီး မကြာမီ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းစံမိန်းက ပြောပါတယ်။

“ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ ကျနော်တို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့ စည်းလုံးညီညွတ်ဖို့ ကြိုးစားနေတဲ့အချိန် ဖြစ်တာပေါ့နော်။ ရှေ့ကာလတည်းမှာပေါ့ ကျနော်တို့ တစုတစည်းတည်း စုစည်းနိုင်ဖို့ရယ်၊ ရှမ်းပြည်တပ်မတော် တခုတည်း ဖြစ်သည်ထိကို ကျနော်တို့ ကြိုးစားနေတဲ့အချိန် ဖြစ်ပါတယ်။ အခု ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းစဉ်တွေ ဒါတွေချမှတ်ဖို့ အတွက်ပေါ့နော် အရေးကြီးတဲ့ အခန်းကဏ္ဍတွေ ဆွေးနွေးဖို့ လိုတယ်ပေါ့နော်။ အဲဒီကဏ္ဍတွေ ပြီးဆုံးပြီ ဆိုရင်တော့ ကျနော်တို့ အောင်မြင်မှု ရရှိမယ်လို့တော့ ယုံကြည်ပါတယ်ခင်ဗျ။”

လက်ရှိခေါ်ဆိုနေတဲ့ ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းဟာ ၁၉၈၉ ခုနှစ်က မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်ခဲ့တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ တပ်မဟာ ၁ တပ်ဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ဗိုလ်ချုပ်ပန်ဖက ဦးဆောင်ပြီး မြန်မာစစ်အစိုးရက တောင်းဆိုတဲ့ ပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်မခံခဲ့တဲ့နောက် ဒီနှစ် မတ်လကစပြီး အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေခဲ့ပါတယ်။ သူတို့ဌာနချုပ်က ရှမ်းပြည်နယ် အလယ်ပိုင်း ၀မ်ဟိုင်းဒေသမှာ အခြေစိုက်တာကြောင့် မြန်မာအစိုးရ သတင်းစာတွေက SSA ၀မ်ဟိုင်းတပ်ဖွဲ့လို့ ခေါ်ဆိုတဲ့အဖွဲ့ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်တပ်မတော် (SSA) အဖြစ် အပစ်မရပ်ခင်က အမည်ကို ပြန်လည်သုံးစွဲခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းကတော့ ၁၉၉၅ ခုနှစ် ဘိန်းဘုရင် ခွန်ဆာရဲ့ မော်ထိုင်း တပ်မတော်ခေါ် MTA က လက်နက်ချချိန်မှာ သီးခြားခွဲထွက်ပြီး မြန်မာစစ်အစိုးရကို ဆက်လက် တော်လှန်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို လက်ရှိ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ခေါင်းဆောင်ပြီး နိုင်ငံရေး ဦးဆောင်အဖွဲ့ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ လက်နက်ကိုင်တပ်ဖွဲ့ကို ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း အမည်နဲ့ ဆက်လက် လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဒီနှစ်ဖွဲ့ ပေါင်းစည်းနိုင်ရင် ဘယ်အမည်နဲ့ ရပ်တည်မလဲ ဆိုတာတော့ အတိအကျ မရွေးချယ် မသတ်မှတ်ရသေးဘူးလို့ SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းစံမိန်းက ပြောပါတယ်။
ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာချုပ် ဦးခွန်ဆိုင်းကတော့ SSA မြောက်ပိုင်းနဲ့ တောင်ပိုင်း တပ်ဖွဲ့တွေဟာ စစ်ရေးအရ ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ ပူးပေါင်းပြီးတဲ့နောက်မှာ နိုင်ငံရေး ဦးဆောင်ပါတီအဖြစ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အမည်ကို ဆက်လက်သုံးစွဲဖွယ် ရှိတယ်လို့ ဦးခွန်ဆိုင်းက ဆက်ပြောပါတယ်။

“ဘယ်လိုဖြစ်မလဲဆိုတော့ ပါတီကတော့ RCSS ဘက်ကလည်း ထောင်ဖို့ စိတ်ကူးရှိနေတာ ကြာပြီ။ ပေါင်းမယ်ဆိုရင်တော့ ပါတီအသစ် ထပ်ထောင်စရာ မလိုတော့ဘူးပေါ့ဗျာ။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အမည်ကို သူတို့သုံးမယ်။ ဒါပေမဲ့ ဒီပါတီ စည်းမျဉ်းတွေကိုတော့ သူတို့ လောလောဆယ် ဝေဖန်ဆန်းစစ် နေတယ်လို့ ပြောပါတယ်။ တဘက်ကလည်း RCSS ဆိုတာ စစ်ရေး၊ နိုင်ငံရေး အားလုံးကို ဦးစီးတဲ့ ကောင်စီ ဖြစ်တဲ့အတွက်ကြောင့်မို့ ဦးစီးတဲ့ ကောင်စီကတော့ သူတို့ ပူးပေါင်းပြီးတော့ ဖွဲ့မှာပေါ့ဗျာ။ ပူးတွဲပြီးတော့ ဖွဲ့မယ် ဆိုရင်တော့ ဘယ်နာမည်သုံးမယ် ဆိုတာတော့ အခုတော့ ဆုံးဖြတ်ချက် မရသေးဘူးပေါ့။”

လောလောဆယ်မှာတော့ SSA မြောက်ပိုင်း တပ်ဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃,၀၀၀ လောက်နဲ့ SSA တောင်ပိုင်း တပ်ဖွဲ့ဘက်က လက်နက်ကိုင်အင်အား ၇,၀၀၀ လောက် ရှိမယ်လို့ စစ်ရေးလေ့လာသူတွေက ခန့်မှန်းကြပါတယ်။ တဆက်တည်းမှာပဲ ဒီတပ်ဖွဲ့ ၂ ခု ပူးပေါင်းမယ်ဆိုရင် မြန်မာအစိုးရအတွက် စစ်ရေးအရ အခက်အခဲ ပိုရှိလာနိုင်မယ်လို့ သုံးသပ်ကြပါတယ်။

ပါကစ္စတန် ရေတပ်စခန်း တာလီဘန် ဝင်စီးမှု အဆုံးသတ်
By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 23 မေ 2011

ပါကစ္စတန်ရေတပ်က တာလီဘန် စစ်သွေးကြွတွေနဲ့ ၁၇ နာရီကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ရေတပ်စခန်းကို ပြန်လည် အရယူနိုင်ခဲ့တယ်လို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

တာလီဘန် စစ်သွေးကြွ တိုက်ခိုက်ရေးသမားတွေက ပါကစ္စတန်နိုင်ငံ ကရာချိ စစ်တပ်စခန်းတခုကို တနင်္ဂနွေနေ့ ညက အပြင်းအထန် ၀င်တိုက်ခဲ့ရာမှာ လုံခြုံရေးအရာရှိ ၁၀ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သလို ရေတပ်က တိုက်လေယာဉ်တစီးလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး Rehman Malik ကပြော ပါတယ်။

တာလီဘန်တွေဘက်က အကျအဆုံးကိုတော့ ချက်ချင်း မသိရသေးပါဘူး။ အဲဒီ တာလီဘန် စစ်သွေးကြွတွေကို နှိမ်နင်းဖို့အတွက် ပါကစ္စတန် အထူးတပ်ဖွဲ့တွေကို တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အထူးတပ်ဖွဲ့က အိုစမာ ဘင်လာဒင် (Osama Bin Laden) အသေဖမ်းခဲ့တာကို လက်စားချေတဲ့ အနေနဲ့ အခုလို တုံ့ပြန်လိုက်တာလို့ တာလီဘန် ပြောခွင့်ရသူက ဆိုပါတယ်။
တာလီဘန် စစ်သွေးကြွ ၄ ယောက်ကနေ ၆ ယောက် ၀န်းကျင်ဟာ ကရာချိမြို့ မယ်ရန် (Mehran) ရေတပ် လေကြောင်းပြစခန်းကို သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ မီးလောင်ကျွမ်းခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုက ပေးထားတဲ့ ထောက်လှမ်းရေး လေယာဉ်တစီးလည်း ဖျက်ဆီးခံခဲ့ရပါတယ်။
ပါကစ္စတန် အစိုးရနဲ့ ပြည်သူတွေရဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို လမ်းလွဲအောင် ဒီလုပ်ရပ်က သူရဲဘောကြောင်တဲ့ လုပ်ရပ်ပဲလို့ ပါကစ္စတန် ၀န်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဆင်းရဲမွဲတေမှုဖိုရမ် မီဒီယာများ ဆွေးနွေးခွင့်ရ
ဖနိဒါ | တနင်္လာနေ့၊ မေလ ၂၃ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတကိုယ်တိုင် တက်ရောက်ကာ မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်ခဲ့သော ဆင်းရဲမွဲတေမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်တွင်းဂျာနယ်များမှ တာဝန်ရှိသူ ၁၂ ဦး တက်ရောက်ဆွေးနွေးခွင့် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အတွင်းရေးမှူး ဦးကိုကို (စက်မှု) က ပြောသည်။

ယခုလ ၂ဝ ရက်မှ ၂၂ ရက်နေ့ထိ နေပြည်တော်တွင် ၃ ရက်ကြာ ဆွေးနွေးပွဲ ကျင်းပခဲ့ရာ ပြည်တွင်းဂျာနယ်များမှ အယ်ဒီတာချုပ်၊ လက်ထောက်အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာ စသည့် တာဝန်ရှိသူများ ပါဝင်ဆွေးနွေးရန် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က သတင်းယူဖို့ တခုတည်း မဟုတ်ဘူး။ ဒီဆွေးနွေးပွဲမှာ ဝင်ရောက်ဆွေးနွေးရတဲ့ Participate အနေနဲ့ တက်ရတယ်။ သတင်းယူလို့ မရဘူးလားဆိုတော့ သတင်းထောက်ပါရင်တော့ သတင်းပါတာပေါ့။ ဒါပေမဲ့ သတင်းယူတာ မဟုတ်ဘဲ၊ အလုပ်ရုံ ဆွေးနွေးပွဲ အသိပညာတွေ ဖလှယ်ခွင့်ရတာပါပဲ” ဟု ဦးကိုကို (စက်မှု) က မဇ္စျိမကို ပြောသည်။

“ပြည်တွင်းက လူတွေက Participate ပါဝင်ဖို့ ဖိတ်တာ။ နိုင်ငံခြား သတင်းထောက်တွေက သတင်းယူဖို့ မဖိတ်တာက နိုင်ငံခြားသတင်းထောက်နဲ့ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ကြားထဲမှာရှိတဲ့ ကိစ္စပဲ ဖြစ်လိမ့်မယ်။ ကျနော့်အနေနဲ့ ဘာမှ မှတ်ချက်မပေးချင်ဘူး” ဟု သူက ဆိုသည်။

ယခုလ ၂ဝ ရက်နေ့ထုတ် မဇ္စျိမသတင်းတွင် ရန်ကုန်အခြေစိုက် မြန်မာနှင့် နိုင်ငံခြား သတင်းဌာနများမှ သတင်းသမားများ အားလုံးကို ဆွေးနွေးပွဲ သတင်းယူခွင့် ပိတ်ပင်ခဲ့သည်ဟူ၍ မှားယွင်းစွာ ဖော်ပြခဲ့သည်။

အမှန်က မေလ ၁၈ ရက်နေ့တွင် နိုင်ငံခြားသတင်းထောက်အဖွဲ့မှ ၄ ဦး၊ ပြည်တွင်း ဂျာနယ်တိုက်များမှ ၁၂ ဦး စုစုပေါင်း ၁၆ ဦးကို ကန့်သတ်ဖိတ်ခေါ်ခဲ့ပြီး၊ နောက်တရက် ညနေပိုင်းတွင် နိုင်ငံခြားသတင်းထောက် ၄ ဦးကိုသာ အထက်အမိန့်အရ ပြန်လည်ဖျက်သိမ်းသည်ဟု အကြောင်းကြားခဲ့ခြင်းသာ ဖြစ်သည်။

Flower News ၊ 7 Day News ၊ Weekly Eleven News၊ Modern Time၊ မြန်မာတိုင်းမ်၊ မော်ဒန်တိုင်းမ်၊ ကုမုဒြာ စသည့် ဂျာနယ်များမှ အယ်ဒီတာချုပ၊် လက်ထောက်အယ်ဒီတာများမှာ ဆွေးနွေးပွဲ တက်ရောက်နိုင်ခဲ့ကာ ပါဝင်ဆွေးနွေးခွင့်လည်း ရရှိခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲ ပထမနေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ခဲ့ပြီး၊ ဒုတိယနေ့တွင် ဒုသမ္မတ ဦးသူရတင်အောင်မြင့်ဦး တက်ရောက်ခဲ့ကြောင်းနှင့် စာတမ်းပေါင်း ၂၀ ကျော် ဖတ်ကြားခဲ့ကြကြောင်း ဦးကိုကိုက ပြောပြသည်။

“အလုပ်ရုံဆွေးနွေးပွဲက နိုင်ငံတော်က ထိပ်တန်းတာဝန်ရှိတဲ့ လူတွေကိုယ်၌ စိတ်ဝင်တစား ရှိတာကို ပြတယ်။ ဆွေးနွေးမှုကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ ပွဲပဲ။ ဒီလိုမျိုးဆွေးနွေးမှု ကျနော့်သက်တမ်းမှာ တခါမှ မမြင်ဖူသေးဘူး” ဟု သူက ဆိုသည်။

ထို့ပြင် ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊ စီးပွားရေးဆိုင်ရာ ဝန်ကြီးများ၊ စီးပွားရေးပညာရှင်များ၊ မီဒီယာသမားများ၊ ပြည်တွင်း NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ရာ စုစုပေါင်း ဦးရေ ၂၀၀ ကျော်သည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ပြီး ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှ ဆင်းရဲနွမ်းပါးမှု လျော့ကျလာမည်ဟု သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က
မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးလမ်းပြ စာတမ်း၊ စီးပွားရေးပညာရှင် ဦးဆက်အောင်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးတိုးတက်မှုတွင် တွေ့ရှိရသော အသိအမြင် အားနည်းချက်များနှင့် ပြင်ဆင်သင့်သည့် အချက်များ၊ စိုက်ပျိုးရေးပညာရှင် ဒေါက်တာ စိန်လှဗိုလ်က ဘက်စုံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အလေအလွင့်များ
ပြန်လည်အသုံးချရေး စသည့် စာတမ်းများ ဖတ်ကြားတင်ပြခဲ့ကြောင်း Weekly Eleven အွန်လိုင်းသတင်းက
ဖော်ပြခဲ့သည်။

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဒေါ်လီကျော်က တောင်သူစီးပွား တွက်ခြေကိုက်ရေးနှင့် လယ်ယာကဏ္ဍ မြှုပ်နှံမှု တိုးမြှင့်ရေး စာတမ်းကို ဖတ်ကြားခဲ့သည်ဟုလည်း ဆိုထားသည်။

အလုပ်ရုံဆွေးနွေးပွဲအတွင်း ဂျာနယ် အယ်ဒီတာအချို့လည်း ပါဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အမေ့အိမ် အခမဲ့ ပညာသင်ကျောင်း ဖိအားပေးခံရ
သန်းထိုက်ဦး Monday, 23 May 2011 18:53

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့မှ ရန်ကုန်တိုင်း မြောက်ဒဂုံ မြို့နယ်တွင် အိမ်ငှား၍ ဖွင့်လှစ်ထားသော “အမေ့အိမ်” အခမဲ့ ပညာရေး အင်္ဂလိပ်စာ သင်တန်းကျောင်းကို ပြောင်းရွှေ့ရန် အာဏာပိုင်များက ယမန်နေ့က ဖိအားပေးခဲ့သည်။

ထို အခမဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်းကို ပြောင်းရွှေ့ပေးရန် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ)က အိမ်ပိုင်ရှင်မှ တဆင့် ဖိအားပေးခဲ့ကြောင်း ယင်းကျောင်း အတွက် အိမ်ငှားပေးထားသူ ဒေါ်သီတာဆွေက ဧရာဝတီသို့ ပြောသည်။

“အိမ်ရှင်ကနေပြီးတော့ ကျမရဲ့ သမီးတွေ၊ သားတွေကို လာပြောတယ်၊ ကျနော်တို့က ရှုပ်ရှုပ်ရှက်ရှက် မကြိုက်ဘူးတဲ့၊ အခု တော့ ကျမတို့ အိမ်ရှာရတော့မယ်ဆိုတော့ အဲဒါ ဘယ်လိုလုပ်ရမလဲ မသိဘူး၊ အခု ကလေးတွေကတော့ နည်းနည်း ကျောင်း တက်ရဖို့ကတော့ ဒုက္ခရောက်သွားပြီပေါ့”ဟု ၎င်းက ဆိုသည်။

“အမေ့အိမ်”အခမဲ့ ပညာရေးသင်ကြားမှုအတွက် မြောက်ဒဂုံမြို့နယ်တွင် မူလတန်း အဆင့် သင်တန်းကျောင်းနှင့် အင်္ဂလိပ်စာ သင်တန်းကျောင်း ဖွင့်လှစ်ထားရာ အင်္ဂလိပ်စာ သင်ကြားနေသည့် ကျောင်းကို ပြောင်းရွှေ့ရန် ဖိအားပေးခံရခြင်း ဖြစ်သည်။ သို့သော် မူလတန်းကျောင်းကိုမှု တစုံတရာ ဖိအားပေးခြင်း မရှိသေးပေ။

ကျောင်း ဖြစ်မြောက်ရေး ကော်မတီမှ ကိုဖြိုးမင်းသိန်းက“နိုင်ငံရေးအရ တိုက်ခိုက်တယ် ဆိုရင်တော့ ဒီ ဥစ္စာဟာ အဆိုးမြင်တဲ့ သဘောရှိနေတယ်၊ တဖက်မှာရှိတဲ့ ဒီမိုကရက်တစ် အင်အားစုတွေရဲ့ လူထု အကျိုးပြု လုပ်ငန်းတွေကို ဖျက်ဆီး သလိုမျိုး ဖြစ် နေတယ်”ဟု ဆိုသည်။

အင်္ဂလိပ်စာ သင်တန်းကျောင်းတွင် ကျောင်းသား ၃၀ ခန့်ရှိပြီး မူလတန်းကျောင်း၌ ကျောင်းသား ၁၀၀ ခန့်ရှိကြောင်း သိရ သည်။

ယခုနှစ် ဇန်န၀ါရီလကလည်း လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက် မေခလမ်း အမှတ် ၅၄၈ ဦးမင်းလွင်၏ နေအိမ်တွင် ဖွင့်လှစ်ခဲ့ သော အမေ့အိမ် ပညာဒါန ကျောင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက တားမြစ်ခဲ့ဖူးသည်။

ပညာရေး ကျောင်းများကို ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် NLD နှင့် လူငယ်ကွန်ရက်တို့က ဦးစီး၍ ဆင်းရဲနွမ်းပါးသည့်ကလေးငယ်များအတွက် အဓိကရည်ရွယ်ချက်ဖြင့် ယခုနှစ်ဆန်းပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး တကယ်အနားယူပြီလား
ဧရာဝတီ Monday, 23 May 2011 19:23

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူသွားပြီဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြည်တွင်းမီဒီယာတချို့ကို ပြောခဲ့သော်လည်း အစိုးရသစ်အဖွဲ့ကို နောက်ကွယ်မှ ဆက်လက် ကြိုးကိုင်နေဆဲ ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ ကြံ့ဖွံ့ပါတီရုံးချုပ်၌ ဦးဌေးဦးက ပြည်တွင်းမီဒီယာ တချို့အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အများထင်မြင် ယူဆနေသကဲ့သို့ မဟုတ်ဘဲ ရာထူးတာဝန်မှ အမှန်တကယ် အနား ယူသွားပြီဖြစ်ကြောင်း၊ ပါတီတွင်လည်း နာယက တာဝန်ယူထားခြင်း မရှိကြောင်း ရှင်းလင်းပြောဆိုသည်ဟု ပြည်တွင်း အခြေစိုက် ဧရာဝတီ သတင်းထောက်က ဆိုသည်။

“ဗိုလ်ချုပ်မှူးကြီးက ပါတီကို တည်ထောင်ခဲ့တယ်။ ကမ္ဘာမှာ ရုရှားအပါအ၀င် တိုင်းပြည်အတော်များများ ဖရိုဖရဲဖြစ်ခဲ့တာပဲ။ ဗိုလ်ချုပ် မှူးကြီးရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေကြောင့်သာ တိုင်းပြည် အေးအေးချမ်းချမ်း ဖြစ်ခဲ့တာ” ဟု ဦးဌေးဦးက ပြောကြောင်း ၎င်းကဆိုသည်။

ယခုအခါ အရှေ့အလယ်ပိုင်းဒေသ အပါအ၀င် နိုင်ငံအများအပြား၌ နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများအကြား ထိပ်တိုက်ရင် ဆိုင်မှုများ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီး၏ အတွေ့အကြုံနှင့် စွမ်းရည်များကြောင့်သာ အေးချမ်း နေခြင်းဖြစ်ကြောင်း ဦးဌေးဦးက ပြောဆိုခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ရာထူးတာဝန်များမှ အနားယူသွားပြီဆိုသော်လည်း အစိုးရခေါင်းဆောင်ပိုင်းနှင့် ပါတီထိပ်တန်း တာဝန် ရှိသူများက ပစ်ပယ်ထားခြင်း မရှိကြောင်း၊ သို့သော် ဗိုလ်ချုပ်မှူးကြီးမှာ ပါတီဌာနချုပ်သို့ လာရောက်ခြင်း မရှိကြောင်း ၎င်းက ပြောခဲ့သည်။

သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးကမူ လက်ရှိအစိုးရ အကောင်အထည် ဖော်နေသည့် လုပ်ငန်းတချို့သည် ၎င်းဖြစ်စေချင်သည့် ပုံသဏ္ဌာန် မဟုတ်ကြောင်း၊ အထူးသဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များအား လုပ်ပိုင်ခွင့် အာဏာကို အပြည့်အ၀ ပေးခြင်းသည် နောင်တချိန် ပြုလုပ်မည့် ရွေးကောက်ပွဲများ၌ တခြားသောပါတီများ အနိုင်ရရှိခဲ့သော် ကြံ့ဖွံ့ပါတီ အနေဖြင့် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း သမ္မတ ဦးသိန်းစိန်အား ဧပြီလအတွင်းက ထောက်ပြပြောဆို ခဲ့သည်ဟု စစ်ဘက်အသိုင်းအ၀န်း၏ အဆိုအရ သိရသည်။

စစ်ဘက် အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက “တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တွေကို လုပ်ပိုင်ခွင့် အပြည့်မပေးနဲ့၊ ဗဟို အစိုးရကပဲ အရာရာ ဆုံးဖြတ်ပါ၊ အထူးစီမံကိန်းကြီးတွေမှာ ပြည်နယ်အစိုးရတွေ ၀င်မစွက်ပါစေနဲ့လို့ ဗိုလ်ချုပ်မှူးကြီးက သတိပေးတယ်” ဟုဆိုသည်။

ထိုသတိပေးမှုကြောင့် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က နေပြည်တော်၌ ၂ ရက်ကြာ ပြုလုပ်သည့် အထူးစီမံကိန်းများ အကောင် အထည်ဖော်ရေး အစည်းအဝေး၌ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ စီမံကိန်း၊ အကြီးစား စက်မှုလက်မှု လုပ်ငန်းများ၊ စီးပွားရေး ဇုန်ကြီးများ တည်ဆောက်ခြင်း၊ သယံဇာတများ ထုတ်လုပ်ရောင်းချရေး စသည့် လုပ်ငန်းများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက ၀င်ရောက် ဆုံးဖြတ်ခြင်းမပြုစေဘဲ ပြည်ထောင်စု အစိုးရကသာ ဆက်လက် တာဝန်ယူလုပ်ဆောင်မည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောင်းလဲပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က နအဖ စစ်ကောင်စီကို ဖျက်သိမ်းကာ ဦးသိန်းစိန်ကို သမ္မတ တာဝန် လွှဲပြောင်းပေးခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ပေးအပ်ခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး ရာထူးမှ အငြိမ်းစား ယူမယူ ကိုမူ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသကဲ့သို့ သတင်းစာများတွင်လည်း ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိပေ။

နေပြည်တော် စစ်ဘက်သတင်းရပ်ကွက် အဆိုအရမူ ဗိုလ်ချုပ်မှူးကြီး၏ လုံခြုံရေးနှင့် ပတ်သက်၍ စစ်တပ်ကပင် တာဝန်ယူထား ကြောင်း၊ သို့သော် ကိုယ်ရေးအရာရှိများဖြစ်ကြသော ဗိုလ်ချုပ် နေဝင်း၊ ဗိုလ်မှူးချုပ် စိုးရှိန်နှင့် ဗိုလ်မှူးကြီး မြင့်ကြည်တို့က ဗိုလ်ချုပ်မှူး ကြီး အနီးတွင် ဆက်လက် တာဝန်ယူနေကြဆဲ ဖြစ်ကြောင်းလည်း သိရသည်။

ရန်ပိုင်နှင့် ပြည်တွင်းအခြေစိုက် ဧရာဝတီ သတင်းထောက်တဦး ပူးပေါင်းရေးသားသည်။

ကလလတကို တိုက်ခိုက်လျှင် နိုင်ငံရေးအရ နစ်နာမည်
ရေးသားသူ - နှောင်းလှိုင် တနင်္လာနေ့, 23 မေလ 2011 13:01

စီးပွားရေးလုပ်ငန်းကို အကြောင်းပြ၍ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ထိန်းချုပ်နယ်မြေထိ တိုးချဲ့လာနေသော ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦးကို စစ်ရေးအရ တိုက်ခိုက်မည်ဆိုပါက နိုင်ငံရေးအရနစ်နာမည်ဟု စစ်မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသောအဖွဲ့က ဆိုသည်။

နယ်ခြားစောင့်တပ်အသွင်သို့ ကူးပြောင်းသွားခဲ့သော ကလလတအဖွဲ့သည် ယခုမြန်မာအစိုးရသစ် လက်ထက်တွင် စီးပွားရေးလုပ်ငန်းများကို ကေအဲန်ပီပီ ထိန်းချုပ်နယ်မြေများဖြစ်သည့် အမှတ် ၂ ခရိုင်ဘက်သို့ တိုးချဲ့လျက်ရှိသည်။

“သူတို့ အပြင်မှာ တဖြည်းဖြည်း တိုးချဲ့လာတာဟာ အလိုအလျောက် နယ်မြေတိုးချဲ့မှုတစ်ခုပဲ။ ဒါပေမဲ့ နအဖအတွက်က အလိုအလျောက် ခြံစည်းရိုး တစ်ခုလို ဖြစ်လာတယ်လေ။ ကျနော်တို့က ဒီအပစ်ရပ်အဖွဲ့တွေကို တကူးတက သွားတိုက်ထုတ်မယ်ဆိုရင်လည်း နိုင်ငံရေးအရ ကျနော်တို့ နစ်နာမယ်။ ပြည်သူလူထုကလည်း အဲပေါ်မှာ အမြင်ရှင်းချင်မှ ရှင်းမယ်။ အဲဒါကို သူတို့ တဖြည်းဖြည်း အခွင့်ယူပြီးတော့မှ တဖြည်းဖြည်း တိုးချဲ့လာတာပေါ့” ဟု အမှတ် ၂ ခရိုင်တွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဦးဆောင်နေသော ဦးဖားမူးက ပြောသည်။

အစိုးရမှ ခွင့်ပြုချက်တို့ဖြင့် ကလလတသည် မော်ချီးမှ ဂိုးသရိုးကျေးရွာ၊ ခိုဘောသောကျေးရွာတွင် တပ်များချထားခဲ့ရာမှ ယခုနှစ်ထဲတွင် ခီးလေးခီး သတ္တုမိုင်းတွင် တပ်ထပ်မံတိုးချဲ့လာသည်။

ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မ (ကေအက်စ်ဒဘလျူဒီစီ) သည် ပြည်တွင်း၌ အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက်ပံ့မှုတို့ကို ဆောက်ရွက်ပေးနေသော အဖွဲ့ဖြစ်သည်။
“သူတို့ များသောအားဖြင့် ရန်သူက သူတို့ကို အခွင့်အရေးပေးထားတယ်။ သတ္တုတွင်းမှာ ၀င်လုပ်နိုင်စွမ်းအားရှိတယ်။ ပြီးမှ သစ်ထုတ်လုပ်ရေးမှာ ပိုဝင်လုပ်တယ်။ ဒါပေမဲ့ အဲဒီမှာ တဖက်လှည့်အနေနဲ့ ရန်သူက အကွက်ဘယ်လိုဆင်ထားလဲဆိုတော့ သူတို့ ဒီစီးပွားရေး လုပ်ရင်းနဲ့ သူတို့ အဖွဲ့ကို ရှေ့တိုး တိုးခိုင်းတယ်လေ။ ရှေ့မှာက သူတို့ နအဖအတွက် အကာအကွယ်ပေးရအောင်ပေါ့ သူတို့တပ်တွေ ရှေ့ကိုတိုးတယ်။ စီးပွားရေးလုပ်ရင်းနဲ့ တိုးလာတာပေါ့” ဟု ဦးဖားမူးက ဆိုသည်။

ခဲများ၊ သစ်များကို ပြည်သူများမှတဆင့် လုပ်ကိုင်ပြီး ကလလတမှ ကြီးကြပ်သည်။ မော်ချီးမှ ကလလတ ဦးဆောင်သူ ဒေသတာဝန်ခံ ဗိုလ်မှူးထူးပေါ်၊ ခွဲမှူးအဆင့် ဗိုလ်ပေါလူနှင့် အုပ်ချုပ်ရေးမှာ ဗိုလ်မောင်ဝမ်းဖြစ်သည်။

“ကရင်နီ ထိန်းချုပ်နယ်မြေမှာက ပိုပြီးတော့မှ အခြေအနေကောင်းတယ်လေ။ အခု သူတို့လုပ်တဲ့ စီးပွားရေးတွေက သစ်တွေ များနေတယ်။ သစ်တွေ လုပ်ကြတယ် ။ အဲတော့သူတို့က လာပြီး သစ်တွေ ထုတ်ကြတယ်။ နောက်သူတို့ လာပြီးတော့မှ အချိုသတ်တာပေါ့နော်။ ကျနော်တို့က ညီအစ်ကိုတွေပဲ။ ကျနော်တို့က အချင်းချင်းတွေပဲဆိုပြီး အချိုသတ်နေတယ်” ဟု အမှတ်၂ ခရိုင်တွင် လှုပ်ရှားနေသော ကရင်နီတပ်မှ ပြောရေးဆိုခွင့်ရှိသူ စောထီးထာစွေ့က ပြောပါသည်။

ကလလတသည် ၁၉၇၈ ခုနှစ်တွင် ကေအဲန်ပီပီမှ ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည်။

ဒေါ်စုဖွင့်လှစ်တဲ့ ဓာတ်ပုံပြပွဲ
မျိုးသိဏ်း | တနင်္လာနေ့၊ မေလ ၂၃ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၆ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ‘အလင်းနဲ့ရေးတဲ့ပန်းချီ’ အမည်ရှိ ဓါတ်ပုံပြပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ယနေ့ နံနက် ၁ဝ နာရီအချိန်က ဖွင့်လှစ်ခဲ့ရာ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ဓါတ်ပုံ ပညာရှင်ပေါင်း ၃၈ ဦး၏ ဓါတ်ပုံလက်ရာပေါင်း ၉၆ ပုံ ပြသသည့် အဆိုပါ ဓါတ်ပုံပြပွဲမှ ဓါတ်ပုံ ရောင်းရငွေများကို အဖွဲ့ချုပ်၏ လူမှုအထောက်အကူပြု လုပ်ငန်းများတွင် လှူဒါန်းသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာနက ပြောသည်။

‘အလင်းနဲ့ရေးတဲ့ပန်းချီ’ ဓါတ်ပုံပြပွဲကို မေလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ သုံးရက်ဆက်တိုက် နေ့စဉ် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဓါတ်ပုံတပုံလျှင် အနည်းဆုံး ကျပ်ငါးသောင်းနှုန်း၊ ဓါတ်ပုံလက်ရာများ
ဖော်ပြထားသည့် ပြပွဲအထိမ်းအမှတ် စာအုပ်တအုပ် အနည်းဆုံး ကျပ်သုံးထောင့်ငါးရာနှုန်းဖြင့် ရောင်းချလျှက်ရှိသည်။

အင်းစိန်ထောင်၌ အစာငတ်ခံ ဆန္ဒပြ
လင်းသန့် Monday, 23 May 2011 17:54

ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် အကျဉ်းသား ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး မကျေနပ်မှုကြောင့် နိုင်ငံရေး အကျဉ်းသားများက အစာငတ်ခံ ဆန္ဒပြမှု ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

“အင်းစိန် အမျိုးသမီးဆောင်က ၇ ယောက်က စပြီး အစာငတ်ခံဆန္ဒပြတယ်။ အမျိုးသားဆောင်က နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကလည်း အစာငတ်ခံဆန္ဒပြနေဆဲပဲ”ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

ယခုကဲ့သို့ အစာငတ်ခံဆန္ဒပြမှုဖြစ်ပေါ်လာရခြင်းမှာ မေလ ၁၆ ရက်နေ့ကကြေညာခဲ့သော သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ကြောင့် မတရားဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်ကျခံနေကြရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် တချို့သော နှစ်ကြီးထောင်ကျ အကျဉ်းသားများက မကျေမနပ်ဖြစ်ကြခြင်းမှစတင်သည် ဟုဆိုသည်။

“ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခုထိတော့ ထောင်က ဘာမှ အရေးမယူသေးဘူး၊ ဒါပေမယ့် စစ်ခွေးတိုက် ပို့ဖို့နဲ့ထောင်ပြောင်းဖို့လည်း စီစဉ်နေတယ်လို့ ထောင်ဝန်ထမ်းတချို့ဆီက သိရတယ်”ဟု ရန်ကုန်မြို့နေ အမည်မဖော်လို သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးက ပြောသည်။

အင်းစိန်ထောင်တွင်း ဆန္ဒပြသူများ၏ အဓိက တောင်းဆိုချက်များမှာ သင့်တင့်ကောင်းမွန်သော အစားအသောက် လုံလောက်စွာ ရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာရရှိရေး စသည့် နိုင်ငံရေးအကျဉ်းသားများ၏ ရပိုင်ခွင့် များကို တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။


“ပြီးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာအမိန့်ကြောင့် နိုင်ငံရေးအကျဉ်းသားလွတ်လာတာက ၄၀ ကျော်ပဲ ရှိတယ်။ အခုက အင်းစိန်ထောင် နိုင်ငံရေး အကျဉ်းသားတွေကလည်း သူတို့ဆက်ပြီး ဆန္ဒပြနေကြသေးတယ်၊ ကျနော်တို့ ဒီကိစ္စ အပေါ်လည်း ကြေညာချက်လည်း ထုတ်ထားတယ်”ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးအရာရှိ မစ္စတာ ဗီဂျေ နမ်ဘီယာ က မြန်မာ အစိုးရသစ်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်၌ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို ထည့်သွင်းလွှတ်ပေးခဲ့ခြင်းသည် မှန်ကန်သည့် လမ်း ကြောင်းပေါ်သို့ ခြေလှမ်းလိုက်ခြင်းဖြစ်သော်လည်း မျှော်လင့်ထားသည်ထက် အလွန်နည်းကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြခဲ့သည်။

ထို့အပြင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာအမိန့် ကြေညာပြီး နောက်တရက်မှာလည်း အကျဉ်းသားတချို့က အဆိုပါ အမိန့်အပေါ် မကျေနပ်ကြသည့်အတွက် အော်ဟစ်ပြောဆိုမှုများလည်း နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များစွာ၌ ဖြစ်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်သို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဌေးကြွယ်အား ထောင် ၀င်စာ သွားရောက်တွေ့ပြီးပြန်လာခဲ့သည့် ယောက်ဖဖြစ်သူ ကိုဖြိုးမင်းသိန်းက“ကိုဌေးကြွယ်ကပြောလိုက်တာက သူတို့ ၈၈ ကျောင်းသား တွေကို ထောင်ဒဏ် ၆၅ နှစ် ကျော်တွေချထားပြီး အခု သမ္မတရဲ့လွတ်ငြိမ်းချမ်းသာအမိန့်က တနှစ်

လျှော့ပေါ့ခံစားခွင့် ဆိုတာက စော်ကားလိုက်သလို ခံစားရတယ်လို့ပြောတယ်”ဟု ဧရာဝတီကိုပြောသည်။

“နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ လက်ရှိအစိုးရဆက်ပြောနေတာဟာ အရင်စစ်အစိုးရအတိုင်းပဲ မပြောင်းလဲချင်ဘူး ဆိုတာ ထင်ရှားနေတယ်လို့ သူကပြောတယ်”ဟုလည်း ၄င်းကဆက်လက်ပြောဆိုသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး၏ ဦးဆောင်ဆရာတော် တပါးဖြစ်သည့် ထောင်ဒဏ် ၆၃ နှစ်ကျခံနေရသူ ဦးဂမ္ဘီရ၏ နှမဖြစ်သူ မသူဇာဌေးက“ကလေးထောင်က ဆရာတော် ဦးဂမ္ဘီရနဲ့ ကျန် နိုင်ငံရေး အကျဉ်းသားတွေကလည်း

နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့စတဲ့ သူတို့ဆန္ဒကို စာပို့တယ်။ ဆက်ပြီး ကျန်တဲ့နိုင်ငံရေး အကျဉ်းသားတွေကလည်း ထောင်ပိုင်ကနေတဆင့်ပေါ့ ပြည်ထဲရေး ၀န်ကြီးဆီကိုရော သမ္မတဆီ ကိုပါ ဆက်ပြီးတင်ပြနုင် ဖို့ အတွက် လုပ်နေကြတယ်”ဟု ပြောသည်။

သမ္မတ၏ အမိန့်ထုတ်ပြန်ကြေညာပြီးနောက် သေဒဏ်ကျ အကျဉ်းသား ၃၄၀ ကျော် တသက်တကျွန်း ထောင်ဒဏ်သို့ လျှော့ပေါ့ ပြောင်းလဲပေးခြင်းအပေါ်ပျော်ရွှင်ကြရကြောင်း ၄င်းတို့၏ မိသားစုဝင်တချို့က ပြောသည်။

တသက်တကျွန်း ပြောင်းလဲကျခံရသူများထဲတွင် အာဏာရှင်ဟောင်း ဦးနေ၀င်း၏ သားသမက်နှင့်မြေး ၃ ဦး လည်း ပါဝင် ခဲ့ရာ မေလ ၁၈ ရက်နေ့တွင် ဒေါ်စန္ဒာဝင်းလည်း အင်းစိန်ထောင်သို့ ထောင်ဝင်စာလာရောက်တွေ့သွားခဲ့ကြောင်း သိရသည်။ ဦးအေးဇော်ဝင်းနှင့် ၄င်း၏သား ၃ ဦးတို့ကို ယခင် ထိန်းသိမ်းထားရာ အင်းစိန်ထောင် အထူးဝင်းရှိ လုံးချင်း အိမ်ရာများတွင် ဆက်လက်ထားရှိဆဲဟု သိရသည်။

“ဒီအမိန့်ထုတ်ပြီး ပြန်လွတ်လာသူတွေဆီက အခုထောင်တွေမှာ မကျေနပ်ကြဘူးဆိုတဲ့ အသံတွေကြားနေရတယ်။ ဒါကတော့ ဒီလိုဖြစ်လာမှာပဲ။လွတ်ငြိမ်းချမ်းသာခွင့်မှ မဟုတ်တာ။ နောက်ထပ်လုပ်လာနိုင်စရာတွေက တိုက်ခွဲထားတာတွေ၊ ထောင်ပြစ်ဒဏ် ပေးတာတွေနဲ့ ထောင်ပြောင်းတာတွေဖြစ်လာနိုင်တယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

၁၉၆၂ ခုနှစ် အာဏာရှင် ဦးနေ၀င်းလက်ထက်က နိုင်ငံရေးအကျဉ်းသားတချို့ကို ကိုကိုးကျွန်းသို့ ပို့ဆောင်ပြီး ကျွန်းစနစ် ကို ကျင့်သုံးခဲ့ရာ နိုင်ငံရေးအကျဉ်းသားအခွင့်အရေးအတွက် ကျွန်းတိုက်ပွဲဟု ခေါ်တွင်သော နိုင်ငံရေးအကျဉ်းသားများ ၏ အစာငတ်ခံဆန္ဒပြမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၈ ဦးသေဆုံးခဲ့ရသည်။ နောက်ဆုံးတွင် ဦးနေ၀င်းက ကျွန်းစနစ်ကိုဖျက် သိမ်းပေးလိုက်သည်။
၁၉၈၈ ခု စစ်အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားများက အစာငတ်ခံဆန္ဒပြခြင်းများ အပါအ၀င် ထောင်တွင်းတိုက်ပွဲများလုပ်ခဲ့ကြရာ ထောင်အာဏာပိုင်များနှင့် တာဝန်ရှိသူများ ၏ ရက်စက်စွာ ဖြိုခွင်းခြင်းများကို ရင်ဆိုင်ခဲ့ကြရသော်လည်း အောင်မြင်မှုများလည်းရှိခဲ့ကြောင်း သိရသည်။

၁၉၉၈ ခုနှစ် မေလ ၅ ရက် နေ့တွင် ပဲခူးတိုင်း သာယာဝတီ အကျဉ်းထောင်တွင် အစာငတ်ခံ ဆန္ဒပြမှုကြောင့် နိုင်ငံရေး အကျဉ်းသား ကိုအောင်ကျော်မိုး သေဆုံးခဲ့ရဖူးသည်။

AAPP မှ ထုတ်ပြန်သည့်စာရင်းများအရ အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော် ရှိနေပြီး မြန်မာတနိုင်ငံ လုံး တွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝ၀၀ ကျော် ရှိနေဆဲဖြစ်သည်ဟု သိရသည်။

လူမှုရေးလုပ်သူများ သတိပေးခံရ
ဧရာဝတီ Monday, 23 May 2011 15:38 သတင်းတိုများ

ရန်ကုန်တိုင်း သန်လျင်မြို့မှ တသီးပုဂ္ဂလ အမတ်လောင်း ဦးဝင်းကိုကိုဝင်းနှင့်အဖွဲ့အား လူမှုရေးလုပ်ငန်းများ ဆက်မလုပ်ရန် အာဏာပိုင်များက သတိပေး တားမြစ်သည်ဟု သိရသည်။

၎င်းတို့အဖွဲ့သည် ရွေးကောက်ပွဲနောက်ပိုင်းတွင် သွေးလှူခြင်း၊ ကျောင်းနေအရွယ် ကလေးများအား ထောက်ပံ့ခြင်း စသည့် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိပြီး မကြာသေးခင်က ဘုန်းတော်ကြီး ပညာသင်ကျောင်း တကျောင်းအား သွားရောက်လှူဒါန်းစဉ် သတိပေးခံရခြင်း ဖြစ်သည်။ အလားတူ တောင်ဥက္ကလာပ မြို့နယ်ရှိ တသီးပုဂ္ဂလ အမတ်လောင်း ဒေါက်တာစောနိုင်အားလည်း လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် လူငယ်ကွန်ယက် ဖွဲ့စည်းမှုနှင့် ပတ်သက်၍ အာဏာပိုင်များက ခေါ်ယူမေးမြန်းခဲ့ကြောင်းသိရသည်။

ဇာဂနာကို ဗြိတိန် အနုပညာရှင်အဖွဲ့ ရာသက်ပန် ဂုဏ်ထူးဆောင်အဖွဲ့ဝင် သတ်မှတ်
ဧရာဝတီ Monday, 23 May 2011 11:57 သတင်းတိုများ

ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော စွယ်စုံ အနုပညာရှင် လူမှုကူညီရေး ဆောင်ရွက်သူ လူရွှင်တော် ဇာဂနာအား ဗြိတိန် နိုင်ငံမှ အနုပညာ ရှင်ပေါင်း သုံးသောင်း ကျော် ပါဝင်တဲ့ Equity အဖွဲ့၏ ရာသက်ပန် ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

လူရွင်တော် ဇာဂနာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ဂျာမနီနိုင်ငံ ဘရီမင်မြို့၏ သွေးစည်း ညီညွတ်ရေးဆုကို ချီးမြှင့်ခံခဲ့ရသည်။

လူကုန်ကူးသည့် ထိုင်းရဲ အဖမ်းခံရ
ဧရာဝတီ Monday, 23 May 2011 13:20

မြန်မာ နိုင်ငံသားများကို ထိုင်းနိုင်ငံ တွင်းသို့ တရားမ၀င် သယ်ဆောင်လာသည့် ထိုင်းရဲတပ်ဖွဲ့ပိုင် အချုပ်ကားတစီးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပြင်ရှိ ထိုင်း စစ်တပ် စစ်ဆေးရေးဂိတ် (ဟွေ့ဟင်ဖွန်ဂိတ်) က စနေနေ့ညနေ ၆ နာရီခန့်တွင် ဖမ်းဆီးလိုက်သည်။

အဖမ်းခံရသည့် အချုပ်ကားသည် တာ့ခ်ခရိုင် တာ့ခ်မြို့ရဲစခန်းမှဖြစ်ပြီး တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသား ၇၁ ဦးကို မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ သွားရောက်ပို့ဆောင်ပြီး အပြန်တွင် မြန်မာနိုင်ငံသား ၁၀ ဦးကို အခ ကြေးငွေယူ၍ သယ်ဆောင်လာစဉ် အဖမ်းခံရခြင်းဖြစ်သည်။

၎င်းအချုပ်ကားကို မောင်းနှင်လာသည့် ထိုင်း ရဲတပ်ကြပ်ကြီး ၀ိရတ်လီလာစ၀မ် ကို မဲဆောက် အခြေစိုက် အမှတ် ၄ ဒေ သဆိုင်ရာကွပ်ကဲရေး တပ်မှ ဗိုလ်မှူးကြီး ပစံဆယ်ဆီရီရတ် နှင့် တပ်ဖွဲ့ ၀င်များက ဖမ်းဆီးခဲ့ပြီး မဲဆောက် ရဲစခန်းသို့ လွှဲ
ပြောင်း ပေးအပ်ခဲ့ဖြစ်ကြောင်း ဒေသခံ အာဏာပိုင် အသိုင်းအ၀ိုင်းမှ သိရသည်။

အဖမ်းခံရသည့် မြန်မာများမှာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦးဖြစ်ပြီး ကားရှေ့ခန်းတွင် ထိုင်းဘတ်ငွေ ၃၄၂၀၀ နှင့် အတူ ထိုင်း စစ်တပ်က စစ်ဆေးတွေ့ရှိခဲ့မှုကို ယာဉ်မောင်း တပ်ကြပ်ကြီး က ၀န်ခံ ထွက်ဆိုခဲ့သည်။

မဲဆောက်မြို့၏ ရဲမင်းကြီး ဗိုလ်မှူးကြီး ဒေးချား ၀ထနဖနုံ က အဆိုပါ ယာဉ်မောင်း ရဲတပ်ကြပ်ကြီး ကို တရားဥပဒေ နှင့် အညီ အရေးယူသွားမည်ဟု ဒေသခံ သတင်းထောက်များကို ပြောကြားသည်။

မဲဆောက်မြို့မှ ထိုင်း ရှေ့နေ တဦးက“ထိုင်းဥပဒေမှာပြဌာန်းထားတာက ဒါမျိုးဆိုရင် အဲဒီ ရဲဝန်ထမ်းဟာ အစိုးရ၀န်ထမ်း အဖြစ်က ထုတ်ပယ်ခံရမယ်၊ ပြီးရင် အနည်းဆုံး ထောင်ဒဏ် ၅ နှစ် ကျခံရနိုင်တယ်”ဟု ပြောဆိုသည်။

“မြန်မာတွေ ထိုင်းနိုင်ငံအတွင်းကို ခိုးဝင်နေတာကတော့ နည်းလမ်း ပေါင်းစုံပဲ၊ ဒါပေမယ့် အခုလိုမျိုး ရဲတပ်ဖွဲ့ပိုင်ကားတွေအသုံးပြီး လုပ်တာမျိုးအရင်က မရှိသလောက်ဘဲ၊ ကျနော့် အမြင် အရပြောရရင် အခုမှဖမ်းမိပေမယ့် ဒီမတိုင်ခင်က ဘယ် လောက်အထိ လုပ်ခဲ့လည်းဆိုတာ စဉ်းစားစရာတော့ဖြစ်တယ်၊ နောက်ပြီး ဒါမျိုးက တဦးတယောက်တည်း လုပ်လို့ရတာမဟုတ်ဘူးဟု”ဟု မဲဆောက် အခြေစိုက် ၀ါရင့် ထိုင်း သတင်းထောက် တဦးက ပြောသည်။

ယခင်ကလည်း မဲဆောက်တွင် ထိုင်း စစ်တပ်ပိုင် ကားများကို အသုံးပြု၍ မြန်မာများကို ထိုင်း နိုင်ငံတွင်းသို့ ခိုးသွင်းမှုများအား ဒေသခံ အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ရှိခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိနေသည့် ကရင်ပြည်နယ် ဘားအံမြို့မှ အမျိုးသမီး တဦးက“ကျမတို့ ဘားအံ က လူ တွေ ဘန်ကောက်တက်မယ်ဆိုရင် လူကယ်ရီက ရွာအထိလာခေါ်ပါတယ်၊ တယောက်ကို မြန်မာငွေ ကျပ် ၅ သိန်း ပေး ရ တယ်၊ မဲဆောက်ကနေဘန်ကောက်ကို ကားနဲ့တိုက်ရိုက်ပဲ၊ အဆက်အသွယ်ကောင်းဖို့တော့ လိုတယ်၊ တချို့ဘန်ကောက် မရောက်ဘဲ အဖမ်းခံရပြီး ပိုက်ဆံဆုံးသွားတဲ့ လူတွေလည်းရှိတယ်”ဟု ပြောသည်။

ယခု ဖမ်းဆီးထားသူများအား လတ်တလောတွင် မဲဆောက် ရဲစခန်း၌ ထားရှိကြောင်း၊ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၀ ဦးကိုမူ မြန်မာနိုင်ငံဘက် ပြန်ပို့မည်ဖြစ်ကြောင်း ဒေသခံ ထိုင်း အာဏာပိုင်များက ပြောဆိုသည်။

မဲဆောက်မှတဆင့် နည်းလမ်းပေါင်းစုံဖြင့် ထိုင်းနိုင်ငံတွင်းသို့ အလုပ်အကိုင်ရှာဖွေရန် ခိုးဝင်သည့် မြန်မာများကို ဒေသခံ အာဏာပိုင်များက မကြာခဏဖမ်း ဆီးရမိမှုမှာ လစဉ်နီးပါးရှိကြောင်း မဲဆောက် ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်းအတွင်း ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ခန့်မှန်းကြသည်။

No comments: