Wednesday, May 18, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၁၉)

- အစိုးရသစ်လက်ထက် အမေရိကန် အဆင့်မြင့် သံတမန် မြန်မာပြည် ပထမဆုံး ရောက်ရှိ
- အစိုးရသစ်၏ အလုပ်သမား ဥပဒေကို ကန့်ကွက်ဖို့တိုက်တွန်း
- ဒဏ် လျှော့ပေါ့ရုံနဲ့ မလုံလောက်ကြောင်း လူ့အခွင့်ရေးအဖွဲ့ ပြောကြား
- ရန်ကုန်-မန္တလေးရထား ဗုံးကွဲ ၂ ဦးသေ
- KIA တပ်များ အမြင့်ဆုံး တပ်လှန့်ထား
- မြန်မာစစ်တပ်နှင့် KIA ကြား ပြည်တွင်းစစ်ဖြစ်ရန် နီးစပ်လာ - KNG
- ဆီးရီးယား စစ်တပ်က ဒုက္ခသည်တွေကို ပစ်ခတ် - BBC
- နိုဘယ်ဆုရှင်များ လူသားမျိုးနွယ်စုကို တရားစွဲဆိုမည်
- ကုလ ကိုယ်စားလှယ် ပြောဆိုချက်တချို့ စိစစ်ရေးဖြုတ်
- ဘင်လာဒင် နေရာကို အီဂျစ်နိုင်ငံသား ဆက်ခံ
- လာဘ်ယူအများဆုံး ၁၉ ကျောင်း ရန်ကုန်အစိုးရ ထုတ်ဖော်
- မြဝတီ နေ့စဉ်သတင်းစာ အရှုံးခံ ဖြန့်ချိ
- တိုက်ပွဲခေါ်သံများ စတင်
အစိုးရသစ်လက်ထက် အမေရိကန် အဆင့်မြင့် သံတမန် မြန်မာပြည် ပထမဆုံး ရောက်ရှိ
By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 18 မေ 2011

အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သား အစိုးရသစ် ဖွဲ့ပြီးတဲ့နောက်ပိုင်း မြန်မာအစိုးရသစ် တာဝန်ရှိသူတွေနဲ့ အမေရိကန် အကြီးတန်း သံတမန်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားနဲ့ ခရီးစဉ်အတွင်း ဘယ်လို အကြောင်းရပ်တွေ ဆွေးနွေးဖွယ် ရှိသလဲဆိုတာ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

မစ္စတာယွန်းဟာ မြန်မာအစိုးရသစ် တက်ပြီး မြန်မာနိုင်ငံကို ပထမဆုံး ရောက်လာတဲ့ အမေရိကန် အကြီးတန်း သံတမန် ဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာတော့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

ဒီကနေ့ ရန်ကုန်ကို ရောက်ရှိပြီး နေပြည်တော်ကို ဆက်ပြီး ထွက်ခွာမယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ အခုခရီးစဉ်ကနေ ရလဒ်ကောင်းတွေ ချက်ချင်း ထွက်လာမယ် လို့ မျှော်လင့်ချက်တော့ မထားပါဘူး။ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာအစိုးရနဲ့ တိုက်ရိုက် ထိစပ် ဆက်ဆံရေး အပိုင်းမှာ အကဲစမ်းချက်အချို့ ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ယာယီ ပြောခွင့်ရသူ မာ့ခ် တုန်နာ (Mark Toner) က ပြောပါတယ်။

“အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနဲ့ ပတ်သက်လို့ နှစ်လမ်းသွား ချဉ်းကပ်မှုအရ ဒီခရီးစဉ် ဖြစ်လာတာပါ။ အကောင်းမြင် မျှော်လင့်ချက်ကြီးတော့ မထားပါဘူး။ ဆက်ဆံရေးပိုင်းမှာ သတိတကြီး ဖြေရှင်းရမယ့် စိန်ခေါ်ချက်တချို့ ရှိနေတယ်ဆိုတာ သိထားပါတယ်။ ဒါပေမဲ့လည်း ဖိအားပေးတာရော တိုက်ရိုက်ထိစပ်ဆက်ဆံသွားဖို့ရော နှစ်ခုစလုံးပါတဲ့ ချဉ်းကပ်မှုကိုတော့ ဆက်လုပ်သွားရမှာပါ။”

မစ္စတာယွန်းဟာ ဒီနေ့ မေ ၁၈ ရက်နေ့ကနေ ၂၁ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရောက်ရှိနေမှာဖြစ်ပြီး မြန်မာအစိုးရသစ် တာဝန်ရှိသူတွေကိုရော ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အတိုက်အခံတွေကိုပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အစိုးရသစ်နဲ့ အခုလို ထိစပ် ဆက်ဆံသွားမယ် ဆိုပေမဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ အခုအစိုးရသစ် ဖြစ်လာစေတဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ထောက်ခံတာရယ်လို့ မဟုတ်ပါဘူး။

“ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အတော်လေး အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ ရလဒ်ဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ မယူဆပါဘူး။”

နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တုန်နာက မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်းကူးပြောင်းရေးမှာ အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ အတိုက်အခံတွေကို ဖယ်ထုတ်ထားတယ်လို့ အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေက ယူဆထားပါတယ်။

လှုပ်ရှားတက်ကြွသူ အများစုဟာ အကျဉ်းထောင်တွေထဲမှာပဲ ရှိနေဆဲပါ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ တိုးတက်မှု အချို့ကို မြင်တွေ့ခဲ့ရပေမဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမယ် ဆိုတာကိုတော့ အမေရိကန် ပြည်ထောင်စုဘက်က ဆက်ပြီး ဖိအားပေး တောင်းဆိုသွားမယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

အခုခရီးစဉ်အပေါ် မျှော်လင့်ချက်ကြီးကြီး မထားပေမဲ့လည်း ဒီခရီးစဉ်ဟာ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံလိုတယ်ဆိုတဲ့ သဘောထားကို ပြသလိုခြင်း ဖြစ်တယ်လို့ မာ့ခ် တုန်နာက ပြောပါတယ်။

“ဒီခရီးစဉ်ဟာ ကျနော်တို့ရဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး ထိတွေ့လိုတဲ့ ဆန္ဒကို ထင်ဟပ်ခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေ၊ အရပ်သား အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမယ်ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒု-လက်ထောက်ဝန်ကြီး ယွန်းဟာ မြန်မာအစိုးရ အရာရှိကြီးတွေနဲ့ မိတ်ဆက် တွေ့ဆုံမှု ပြုလုပ်ပြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ NGO တွေ၊ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေ၊ စီးပွားရေး လောကသားတွေ အပါအ၀င် မြန်မာ့အရေးမှာ အကျုံးဝင် ပတ်သက်နေသူ အများအပြားနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။”

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာပဲ ၁၉၉၇ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုကို နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်ပါတယ်။ ဒါကြောင့် ဒီသီတင်းပတ် အတွင်းမှာပဲ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာအပေါ် နှစ်လမ်းသွား မူဝါဒရဲ့ လက်တွေ့လုပ်ရပ် နှစ်ခုစလုံးကို မြင်ရတယ်လို့ ပြောရမှာပါ။

ဒါပေမဲ့လည်း ဒီမူဝါဒကနေ အခုအချိန်အထိ သိသာထင်ရှားတဲ့ ရလဒ်ကောင်းတွေ မတွေ့ရသေးဘူး ဆိုတာကိုတော့ အမေရိကန် အဆင့်မြင့် အရာရှိတွေက ၀န်ခံထားပြီးသားပါ။ မစ္စတာယွန်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာ တာဝန်ရှိသူတွေအပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့ပါတယ်။ အခုခရီးစဉ်ဟာ သူ့ရဲ့ ဒုတိယအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံ အရေးကို အမေရိကန် အနေနဲ့ ပိုပြီး အားစိုက်လုပ်နိုင်ဖို့ သမ္မတ အိုဘားမားကလည်း အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ ဒဲရစ် မစ်ရှဲလ်ကို အဆိုပြုထားပါတယ်။ ဒါကိုတော့ လွှတ်တော်ကနေ သီးခြား အတည်ပြုပေးရဦးမှာ ဖြစ်ပါတယ်။

အစိုးရသစ်၏ အလုပ်သမား ဥပဒေကို ကန့်ကွက်ဖို့တိုက်တွန်း
2011-05-18 RFA

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ရဲ့ အကြိမ် ၁၀၀ မြောက် ညီလာခံမှာ မြန်မာ အစိုးရသစ်က သူတို့ စိတ်ကြိုက် ရေးဆွဲထားတဲ့ အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ အတုအယောင် ဥပဒေတရပ် တင်ပြဖို့ စီစဉ် ပြင်ဆင်နေတဲ့အတွက် နိုင်ငံတကာ အစိုးရတွေနဲ့ အလုပ်သမားအဖွဲ့တွေက ကန့်ကွက်ကြဖို့ ထိုင်းနိုင်ငံအခြေစိုက် FTUB မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ချုပ်က မေလ ၁၈ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

လာမယ့် ဇွန်လ (၁) ရက်နေ အိုင်အယ်လ်အို ညီလာခံမှာ တင်ပြမယ့် မြန်မာအစိုးရရဲ့ ဥပဒေဟာ အိုင်အယ်လ်အို ပြဌာန်းချက် (၈၇) ဖြစ်တဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ကို ချိုးဖောက်တဲ့ ဥပဒေတရပ်သာ ဖြစ်လာလိမ့်မယ်လို့ FTUB ရဲ့ လက်ထောက် အတွင်းရေးမှူး ဒေါက်တာ ဇော်ဝင်းအောင်က RFA ကို ပြောပါတယ်။

“ILO အနေနဲ့ အဓိက ချမှတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေထဲက တခုဖြစ်တဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ပေါ့။ အလုပ်သမားတွေ အနေနဲ့၊ လယ်သမားတွေ အနေနဲ့ သူတို့ ဘဝတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ ဆိုရင် သူတို့ ကိုယ်တိုင်ကာကွယ်ဖို့ လွတ်လွတ်လပ်လပ် အသင်းအပင်း ဖွဲ့စည်းခွင့် ရှိဖို့ လိုပါတယ်။

ဒါကို ILO ကလည်း အပြည့်အဝ အသိအမှတ် ပြုထားပြီးသားပါ။ ဒီ ပြဋ္ဌာန်းချက် အမှတ် ၈၇ ကို ဗမာနိုင်ငံအစိုးရ လက်တွေ့ အကောင်အထည် ဖော်မှု မရှိသေးတဲ့အချက် အဲဒါကိုလည်း ကျွန်တော်တို့က တင်ပြသွားဖို့ ရှိပါတယ်။ အဲဒါအပြင်ကို သူတို့ အနေနဲ့ပေါ့နော်၊ ILO ရဲ့ ပူးပေါင်းကူညီမှုနဲ့အတူ အလုပ်သမား ဥပဒေအသစ်တွေ ပြဋ္ဌာန်းမယ်၊ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်တွေ ကာကွယ်တဲ့ အလုပ်သမား ဥပဒေသစ်တွေ ပြဋ္ဌာန်းမယ်ဆိုပြီး သူတို့ ပြောလာပါတယ်။ တကဲ့တကယ်ကျတော့ ILO နဲ့ ညှိနှိုင်းတိုင်ပင်မှု မရှိသလောက်ပဲလို့ ကျွန်တော်တို့ သိရပါတယ်။ ”

မြန်မာနိုင်ငံမှာ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေတရပ် ပြဌာန်းဖို့ ရှိတယ်လို့ ပြောနေကြပေမဲ့ အိုင်အယ်လ်အို အနေနဲ့ ဘာမှမသိရှိတာ တွေ့ရကြောင်း၊ ဒါ့အပြင် အလုပ်သမား လယ်သမား အခွင့်အရေး၊ အဓမ္မ စေခိုင်းမှုတွေနဲ့ ပတ်သက်ပြီး အိုင်အယ်လ်အိုက အကြံပြုထာခဲ့တဲ့အချက်တွေ ကို မြန်မာအစိုးရဘက်က လိုက်နာ ဆောင်ရွက်ခြင်း ရှိ မရှိ စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး သုံးသပ်ဖို့ လိုအပ်ကြောင်းလည်း FTUB က တောင်းဆိုထားပါတယ်။

ဒဏ် လျှော့ပေါ့ရုံနဲ့ မလုံလောက်ကြောင်း လူ့အခွင့်ရေးအဖွဲ့ ပြောကြား
2011-05-18 RFA

မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို အစိုးရက ထောင်ဒဏ် သက်တမ်း လျှော့ပေါ့ပေးရုံ တင်မက ၊ ချွင်းချက်မရှိ အမြန် ပြန်လွှတ်ပေးဖို့ လိုကြောင်း A.I ခေါ် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က မေလ(၁၇) ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

မြန်မာ အစိုးရ အာဏာပိုင်တွေက အကျဉ်းသားတွေကို ထောင်ဒဏ် (၁) နှစ်စီ လျှော့ပေးပြီး သေဒဏ် ကျခံနေရသူတွေကို ထောင်ဒဏ် တသက်တကျွန်း အဖြစ် ပြောင်းလဲ ကျခံစေမှာ ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ A.I အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက်ပါ ပြစ်ဒဏ် လျှော့ပေါ့ပေးတာကို ကြိုဆိုပေမယ့် ဒါဟာ ဘယ်လိုမှ လုံလောက်တဲ့ အတိုင်းအတာ မဟုတ်ကြောင်း၊ မြန်မာ့ နိုင်ငံရေး ပြဿနာရဲ့ လိုအပ်ချက်က နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးရေးဘဲ ဖြစ်ကြောင်း အာရှရေးရာ ကျွမ်းကျင်သူ Mr. Benjamin Zawacki က ပြောကြားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်တဲ့ သေဒဏ်ပေး တရားစီရင်ရေး စနစ်ကိုလည်း အခြား ကမ္ဘာ့နိုင်ငံတွေ နည်းတူ အပြီးတိုင် ဖျက်သိမ်းပစ်ဖို့ တိုက်တွန်းကြောင်း A.I အဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်၊ မြန်မာနိုင်ငံမှာ အီလက်ထရွန်နစ် ဥပဒေလိုမျိုး မလိုလားအပ်တဲ့ တင်းကြပ်တဲ့ ဥပေဒေတွေ ပြင်ဆင်သင့်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရကို ဝေဖန်မှုတွေ အပေါ် တားမြစ်ထားတဲ့ ဥပဒေမျိုးတွေကိုပါ ပြင်ဆင်သင့်ကြောင်း၊ တရား စီရင်ရေးမှာလည်း နောက်ကွယ်က နိုင်ငံရေး အရ ထိန်းချုပ်တာမျိုး မပါဘဲ လွတ်လပ်မှု ပေးသင့်ကြောင်း A.I အဖွဲ့က ထပ်မံ တိုက်တွန်း ထားပါတယ်။

ရန်ကုန်-မန္တလေးရထား ဗုံးကွဲ ၂ ဦးသေ
မဇ္ဈိမသတင်းဌာန| ဗုဒ္ဓဟူးနေ့၊ မေလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်မှ မန္တလေးသို့ သွားသော စာပို့ရထားတစီးပေါ်၌ ဗုဒ္ဓဟူးနေ့ ညနေတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

အမှတ် ၃ အဆန် ရထားသည် မန္တလေးတိုင်း ပျဉ်းမနားခရိုင် တပ်ကုန်းမြို့နယ်အတွင်းရှိ ရွှေမြို့နှင့် ဆင်သေဘူတာအနီးတွင် ရိုးရိုးတန်းခရီးသည်တွဲ၌ ညနေ ၄ နာရီခန့်က ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးသွားပြီး ဒဏ်ရာရသူ ၇ ဦးကို တပ်ကုန်းမြို့ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ဆိုသည်။

“ ဝုန်းဆိုတဲ့ အသံကျယ်ကြီး၊ မီးရထားသံ ဆူညံနေတာတောင် ဖုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အခြေအနေ တော်တော်ဆိုးတယ်" ဟု ရထားပေါ်တွင် လိုက်ပါသွားခဲ့သူ ခရီးသည် ကိုဇာနည်က မဇ္ဈိမကို ပြောသည်။

ချိန်ကိုက်ဗုံး အမျိုအစားဖြစ်ပြီး နေပြည်တော်ဘူတာတွင် ပေါက်ကွဲရန် စီစဉ်ထားခြင်း ဖြစ်နိုင်ကြောင်းနှင့် အချိန်လွဲချော်မှုကြောင့် နေပြည်တော်ကျော်လွန်ပြီးမှ ပေါက်ကွဲခြင်းဖြစ်နိုင်ကြောင်း ရထားလုံခြုံရေးများက ခန့်မှန်းပြောဆိုကြသည်ဟု မဇ္ဈိမက ဆက်သွယ်ရရှိသော ခရီးသည်များက ပြောသည်။
နေပြည်တော် ဘူတာရုံ တာဝန်ရှိသူများကလည်း ဗုံးပေါက်ကွဲမှုအကြောင်း အတည်ပြုပြောကြားသော်လည်း အသေးစိတ် ဖြေဆိုရန် ငြင်းဆန်သည်။

KIA တပ်များ အမြင့်ဆုံး တပ်လှန့်ထား
ဧရာဝတီ Wednesday, 18 May 2011 19:10

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတခုဖြစ်သည့် မိုးညှင်းမြို့နယ်တွင်းရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) စခန်းများသို့ ယနေ့နံနက်တွင် အစိုးရတပ်များက လောင်ချာဖြင့် ပစ်ခတ်ခံရပြီးနောက် အမြင့်ဆုံး တပ်လှန့်ထားကြောင်း သတင်းရရှိသည်။

အဆိုပါ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်ကျဆုံးမှုစာရင်း မသိရသေးကြောင်း အမည်မဖော်လိုသည့် KIA အရာရှိကြီးတဦးက ယနေ့တွင် ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒု ဥက္ကဋ္ဌ General Xu Caihou မြန်မာနိုင်ငံသို့ လာရောက်ပြီးနောက်ပိုင်းတွင် တရုတ်နယ်စပ်အခြေစိုက် KIA တပ်များနှင့် အစိုးရတပ်များကြား ပထမဆုံးအကြိမ် စစ်ရေး ပြန်လည်တင်းမာမှုဖြစ်သည်ဟု ပြည်တွင်းအခြေစိုက် စစ်ရေးသုံးသပ်သူတဦးက ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကလည်း အစိုးရတပ်များက KIA ထိန်းချုပ်နယ်မြေသို့ ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ ဒု ဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးတဦးနှင့် တခြားတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည်။

ယခင်စစ်အစိုးရက ကမ်းလှမ်းခဲ့သည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအစီအစဉ်ကို KIO အဖွဲ့က ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် အပြီးသတ် ငြင်းဆိုခဲ့ပြီး ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်းသို့ အစိုးရတပ်များ မဝင်ရန် သတိပေးထားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် KIO ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးသို့ စစ်အစိုးရ၏ ရဟတ်ယာဉ်တစင်း ပျံသန်းဝင်ရောက်ခဲ့သဖြင့် သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။

KIO အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး သဘောတူခဲ့သည်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်ပြီးနောက်ပိုင်း အစိုးရပိုင်သတင်းစာများမှတဆင့် KIO အဖွဲ့ကို သောင်းကျန်းသူဟု ပြန်လည်သုံးနှုံးခဲ့သည်။

မြန်မာစစ်တပ်နှင့် KIA ကြား ပြည်တွင်းစစ်ဖြစ်ရန် နီးစပ်လာ - KNG
Wednesday, 18 May 2011 23:23 KNG

မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကြား လတ်တလော စစ်ရေးတင်းမာမှု အခြေအနေများ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် နေရာ ၃ ခု တွင်ဖြစ်ပွားခဲ့သည်ဟု KIA အရာရှိများပြောသည်။

ယနေ့ ဗုဒ္ဓဟူးနေ့ နံနက် ၅ နာရီခန့်တွင် ဒေါ့ဖွမ်းယန်မြို့နယ်ခွဲ၊ မြို့သစ်အခြေစိုက် ခမရ ၃၂၀ သည် KIA တပ်မဟာ ၅ လက်အောက်ခံ ဗန်းမော်ခရိုင်၊ တာခေါ်ခမြစ် (တာပိန်မြစ်) အနောက်ဘက်ကမ်းရှိ KIA တပ်ရင်း ၂၅ ကို အမြောက်ကျည်ဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သည်ဟု KIA အရာရှိများ ဆိုသည်။

အမြောက်ကျည် ၃ ကြိမ် တပ်ရင်းအနီး ကျရောက်ခဲ့ပြီး သေဆုံးဒဏ်ရာရမှု မရှိဟု KIA တပ်ရင်း ၂၅ အရာရှိများ ကချင်သတင်းဌာနသို့ပြောသည်။

၎င်းနောက် နှစ်ဖက် တပ်လှန့်ထားပြီး KIA တပ်မဟာ ၃ လက်အောက်ခံ မံစီမြို့နယ်ရှိ KIA တပ်ရင်း ၁ အနီးသို့ မြန်မာစစ်တပ်များဖြန့်ချလာကြောင်း ဒေသခံမျက်မြင်သက်သေများက ဆိုသည်။

ထို့အတူ ဆင်ဘိုအနီး KIA တပ်ရင်း ၅ ကို ယခုနှစ် မေလ ၂၅ ရက်တွင် ပြောင်းရွှေ့ရန် မြန်မာစစ်တပ်က ဖိအားပေးလာပြီးနောက် ကချင်ပြည်နယ်တောင်ပိုင်း နှစ်ဖက်စစ်ရေးတင်းမာမှု တိုးလာသည်။

လမ်းတည်ဆောက်နေမှုကို ဟန်ပြ၍ မြန်မာစစ်တပ်ကKIAတပ်ရင်း ၅ အနီးနေရာယူလာသည်။ KIA က တပ်ရင်းနေရာပြောင်းရွှေ့ရေးကို ငြင်းပယ်ထားသည်။

မြန်မာစစ်တပ်က တပ်ရင်းအနီးချဉ်းကပ်ရန်ကြိုးပမ်းလာပါက စစ်ဖြစ်လာမည်ဟု KIA အရာရှိများ ပြောသည်။

ထို့နောက်ရှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်လွယ်ကန်အခြေစိုက်KIAတပ်မဟာ၎အနီးသို့မြန်မာစစ်အစိုးရ၏ လမ်းတည်ဆောက်နေမှုကြောင့် မြန်မာစစ်တပ်နှင့် KIA ကြား အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည်ဟု ယင်းတပ်မဟာ ၄ အရာရှိ များပြောသည်။

၇ မိုင်ရှည်သည့်လမ်းခွဲသည် KIA တပ်မဟာ ၄ နှင့် ကွတ်ခိုင်-တာမိုးနဲ-မုံစီ လမ်းမကြီးနှင့် ဆက်သွယ်ပေးရန်ဖြစ်သည်။

KIA တပ်မဟာ ၄ နယ်မြေအလည်မှ ဖြတ်ပြီးဖောက်မည့်လမ်းသည် ၎င်းတို့တပ်မဟာ ကို သိမ်းပိုက်ရန် ဗျူဟာ ဖြစ်သည့်အတွက် မြန်မာအာဏာပိုင်များအား လမ်းဖောက်လုပ်ခြင်းမပြုရန် အကြိမ်ကြိမ် သတိပေးခဲ့သည်ဟု တပ်မဟာ ၄ သဘာပတိ လဖိုင်ဇော်ရော် ပြောသည်။

အမည်မဖော်လိုသူ ၀ါရင့် ကချင်နိုင်ငံရေး သုံးသပ်သူတစ်ဦးကလည်း တရုတ်အစိုးရက “စစ်မှန်တဲ့ပြည်ထောင်စုနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်တောင်းဆိုနေသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များထက် မြန်မာအစိုးရဘက်ရပ်တည်ရန်” ပိုလိုလားမည်ဟု သုံးသပ်သည်။

အကြောင်းမှာတရုတ်၏လုံခြုံရေးအတွက်“တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထက်မိမိပြည်သူများပေါ် ဖိနှိပ်အုပ်ချုပ်သော မြန်မာအစိုးရကိုထောက်ခံခြင်းက ပိုအကျိုးရှိမည်ကို တရုတ်ခံယူထားမည်ဖြစ်သည်” ဟု သူက ဆိုသည်။

မြန်မာပြည်တည်ငြိမ် အေးချမ်းရေးအတွက် တရုတ်လိုလားသည့် “ငြိမ်းချမ်းရေးပုံစံ” သည် နိုင်ငံရေးအတိုက်အခံအားလုံး (ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ကို ချေမှုန်းပစ်ခြင်း နည်းဗျူဟာဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူနှစ်ဦးက သုံးသပ်သည်။

လျစ်လျူရှူကာတပ်မဟာ ၄ ကိုဦးတည်သည့်လမ်း ဆက်လက်ဖောက်လုပ်လျှင် အင်အားသုံးပြီး တားမြစ်ရလိမ့်မည်ဟု ဇော်ရော်ဆက်ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ပြည်ထောင်စုမြန်မာနိုင်ငံမှ အင်အားကြီးသည့် လက်နက်ကိုင်အဖွဲ့ထဲမှ တစ်ခုဖြစ်သည်။ စစ်မှန်သည့်ပြည်ထောင်စုစနစ်နှင့် ကိုယ်ပိုင်ပြဌါန်းခွင့်ကို တောင်းဆိုနေသည်။

ထို့အပြင် မြန်မာနိုင်ငံမှ လူမျိုးစု ၁၂ ခု ပါဝင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council, UNFC) ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ပါဝင်ပြီး ယခုနှစ် ဖေဖော်ဝါရီ တွင် ထူထောင်သည်။

UNFC သည်လည်း စစ်မှန်သောပြည်ထောင်စုနှင့် လူမျိုးစုများကြား တန်းတူအခွင့်အရေးအတွက် ရည်ရွယ်ဖွဲ့စည်းသည်။

မြန်မာဗဟိုအစိုးရက ယင်း KIA နယ်မြေများတွင် ဆက်ပြီးဖိအားပေးနေပါက လတ်တလော တင်းမာမှုမှ ပြည်တွင်းစစ်သို့ ပြောင်းလဲနိုင်သည်ဟု KIA အရာရှိများဆိုသည်။

ဆီးရီးယား စစ်တပ်က ဒုက္ခသည်တွေကို ပစ်ခတ် - BBC

ထောင်နဲ့ ချီတဲ့ ဆီးရီးယား နိုင်ငံသား တွေဟာ နယ်စပ် အနီး တယ်လ် ခလာ့ မြို့က အကြမ်းဖက် နှိမ်နင်းမှု ဒဏ်တွေကို မခံနိုင်လို့ လက်ဘနွန် နိုင်ငံဘက်ကို ထွက်ပြေး နေရာမှာ လုံခြုံရေး တွေက သေနတ်နဲ့ ပစ်ခတ် နှိမ်နင်း နေတယ်လို့ ထွက်ပြေး လာသူ တခိျု့က ဆိုပါတယ်။

ဆီးရီးယား စစ်တပ်ဟာ သံချပ်ကာ ကားတွေနဲ့ မြို့ထဲကို ရောက်လာသလို သူတို့နဲ့ အတူ လက်နက် အပြည့် တပ်ထားတဲ့ အရပ်သား တွေလည်း ပါဝင် ကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

အမျိုးသမီးတစ်ဦး ပြောပြတာက သူ့နဲ့ဆွေမျိုးတော်စပ်တဲ့ နောက်အမျိုးသမီးတစ်ဦးဟာ ထွက်ပြေးဖို့ လုပ်နေတဲ့အချိန်မှာပဲ နွားကျန်ခဲ့တာကို သွားဆွဲတုန်း ခေါင်းကို အပစ် ခံရတယ်လို့ ပြောပါတယ်။
နောက်အမျိုးသမီး တစ်ဦးကလည်း သူ့ရဲ့ အကိုကို မနေ့တုန်းက ပစ်သတ် ခံခဲ့ရပြီး အခုချိန်ထိ မသင်္ဂြိုဟ် ရသေး ပါဘူး။

သူတို့တွေဟာ လွတ်လပ်မှုကိုပဲ လိုချင်တယ်၊ တခြားဘာမှ မလိုချင်ပါဘူးလို့ နောက် အမျိုးသမီး တဦးက ပြောပါတယ်။

ဆီးရီးယား အာဏာပိုင်တွေ ဘက်က ပြောတာ ကတော့ အခု ပစ်ခတ် သူတွေဟာ အစိုးရ စစ်တပ် မဟုတ်ပဲ လက်ဘနွန် ဘက်ကနေ ဆီးရီယား ထဲကို ဝင်လာတဲ့ လက်နက်ကိုင် ဂိုဏ်းအဖွဲ့ တွေသာ ဖြစ်တယ်လို့ အစိုးရ သတင်း အေဂျင်စီတွေမှာ ဖော်ပြပါတယ်။

ဒါပေမယ့် ဒုက္ခသည်တွေ ပြောတာနဲ့တော့ တခြားစီ ဖြစ်နေ ပါတယ်။ ဒုက္ခသည်တွေကတော့ ဆီးရီးယား စစ်တပ်မှာ တာဝန် ရှိတယ်လို့ ပြောပါတယ်။

နောက်ပြီး ဆီးရီးယားက သူတို့ရဲ့ နေအိမ်တွေကို ဘယ်တော့ ပြန်သွားနိုင်မယ် ဆိုတာ ဘယ်လိုမှ မသိနိုင် သေးဘူးလို့ ဆိုပါတယ်။

တချိန်တည်း မှာပဲ လက်ဘနွန်က ပရဟိတ အဖွဲ့တွေ ကလည်း ဒုက္ခသည် တွေကို အစားအစာ နဲ့ ဆေးဝါးတွေ ပေးဝေ နေပါတယ်။

နောက်ပြီး နယ်စပ်မှာ ရှိတဲ့ လက်ဘနွန် ဒေသခံ တွေက သူတို့ရဲ့ အိမ်တွေကို ဖွင့်ထား ပေးပြီး ညပိုင်းမှာ နားခိုစရာ အဖြစ် ပေးထား ကြပါတယ်။

ဒေသခံ အမျိုးသမီး တစ်ဦးဆိုရင် သူ့အိမ်မှာ ဒုက္ခသည် ၁၅ ဦး ရှိနေပြီး ဘုရားသခင်ရဲ့ အဆုံးအမကြောင့် သူတို့ကို လမ်းပေါ်မှာ ပစ်မထား နိုင်ဘူးလို့ ပြောပါတယ်။

နိုဘယ်ဆုရှင်များ လူသားမျိုးနွယ်စုကို တရားစွဲဆိုမည်
Tuesday, 17 May 2011 13:34 Editor

တရားသူကြီးများအဖြစ် နိုဘယ်ဆုရှင် ၂၀ ဦး ပါဝင်သော အဖွဲ့က မြေကမ္ဘာနှင့် လူသား မျိုးနွယ်စုတို့ကို တရားခွင်တင်သည့် ပုံစံဖြင့် တရားစွဲဆို စစ်ဆေးကြမည်။ စတော့ဟုမ်းမြို့တွင် ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ရေး ညီလာခံကို စီစဉ်သူများက ပြောဆိုလိုက်ပါသည်။

“ကမ္ဘာဂြိုဟ်နဲ့ အပြန်အလှန် အမှီသဟဲပြု ဆက်ဆံ ရှင်သန်နေရတာကို ချိုးဖေါက် လိုက်ပြီလားဆိုပြီး တရားစီရင်ခန်းပါ။ ဒီဆက်ဆံရေးကို ဘယ်လိုမျိုး ပြန်လည် တည်ဆောက်နိုင်မလဲ ဆိုတာကိုလည်း သုံးသပ်ကြဖို့ရာ ဖြစ်ပါတယ်။” ညီလာခံ သဘာပတိဖြစ်သူ ဂျိုဟန် ရော့စထရိုအမ်က တော်ဝင် ဆွီဒင်သိပ္ပံ အကယ်ဒမီတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“တရားစီရင်ခန်း” မှာ ၂ နှစ်တကြိမ် ကျင်းပသည့် တတိယအကြိမ်မြောက် မြေကမ္ဘာ ရေရှည် တည်တံ့ရေး ဆိုင်ရာ နိုဘဲလ်ဆုရှင်များ ညီလာခံ၏ ခေါင်းစဉ်ကြီး တစ်ခုဖြစ်သည်။ ဆွီဒင်မြို့တော်တွင် ယနေ့မှစပြီး ၃ ရက်ကြာ ကျင်းပကြပါမည်။

နိုဘယ်ဆုရှင်များအပြင် အထင်ကရ သိပ္ပံပညာရှင်များ၊ သဘာဝ ပတ်ဝန်းကျင် သုတေသနအုပ်စု ခေါင်းဆောင် များလည်း ပါဝင်ပြီး ဆွေးနွေးပွဲ ရလဒ်ကို စတော့ဟုမ်း ကြေညာ စာတမ်းအဖြစ် မူကြမ်း ပြုစုကြရန် စီစဉ်ထားသည်။

ခေါင်းစဉ်တစ်ခုကို “တရားစီရင်ခန်း” ပုံစံဖြင့် တင်ဆက်ထားကြောင်း ရော့စထရိုအမ်က ဆိုသည်။ “ရိုးရိုး တွေ့ဆုံစည်းဝေးပွဲ၊ နောက်ထပ် ဒိုင်ယာလော့နဲ့တော့ အလုပ်ဖြစ်တော့မှာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ နားလည် သဘောပေါက် လာကြပါတယ်။ လူတွေ နားလည်ဖို့အတွက် ထိထိရောက်ရောက်ဖြစ်မှာ မဟုတ်ဘူးလို့လည်း မြင်ပါတယ်။ … အခု ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ဖြစ်နိုင်ချေတွေကိုပါ။”

“ဘယ်လိုပဲ ဖြစ်ဖြစ် သမိုင်းကသာ ကျနော်တို့ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။” ဆွီဒင် သဘာဝ ပတ်ဝန်းကျင် ၀န်ကြီး အန်ဒရိ့စ်ကာလ်ဂရန်က ပြောသည်။ “တရားစီရင်ခန်း” မှာ အနာဂတ် မျိုးဆက်များကို စိတ်ထဲတွင် ထည့်သွင်း စဉ်းစားပြီးလျှင် လူသားမျိုးနွယ်စု အနေဖြင့် ကိုယ့်ကိုယ်ကို စီရင်ဆုံးဖြတ် ကြဖို့ရာပါပဲဟုလည်း ရှင်းပြခဲ့သည်။

အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အကြံပေး တစ်ဦးဖြစ်သူ ၁၉၉၅ ခုနှစ် ဓါတုဗေဒ နိုဘယ်ဆုရှင် မက်ဆီကိုနိုင်ငံမှ မာရီယိုမိုလီနမှ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားရာတွင် ကမ္ဘာဂြိုဟ်အမှု “အထိမ်းအမှတ်” တရားစီရင်ခန်းမှာ ကျိုးကြောင်း ဆင်ခြင်တုံတရား၊ မျှတသော အမြင်နှင့် အသိဉာဏ်ပညာတို့ ပိုမို တိုးတက်လာစေရန် ဖြစ်ကြောင်း ဆိုသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ခန့်အပ်ထားသည့် ကုလသမဂ္ဂပန်နယ် အနေဖြင့် စတော့ဟုမ်း ကြေညာစာတမ်းကို စဉ်းစားသွားမည်ဖြစ်သည်။ တောင်အာဖရိကနှင့် ဖင်လန်သမ္မတတို့လည်း ပါဝင်ကြပြီး ဖွံ့ဖြိုးတိုးတက်ရေး “အမြင်သစ်” ကို ချမှတ်သွားရန် တာဝန် ပေးအပ်ထားသည်။

ပန်နယ်က၂၀၁၂ ခုနှစ်တွင် ရီအိုဒီဂျန်နဲရိုမြို့တွင် ကျင်းပမည့် UN Conference on Sustainable Development တွင် အကြံပြုချက်များဖြင့် အစီရင်ခံ တင်ပြသွားမည်ဖြစ်သည်။

ကုလ ကိုယ်စားလှယ် ပြောဆိုချက်တချို့ စိစစ်ရေးဖြုတ်
ဧရာဝတီ Wednesday, 18 May 2011 13:41

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီးယား၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သော သတင်းအချက်အလက် တချို့ကို အစိုးရ စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ ဖြုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။

မစ္စတာ ဗီဂျေနမ်ဘီးယား မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်လည်ပတ်ခဲ့ပြီး မေလ ၁၃ ရက်နေ့ ညနေက ရန်ကုန် လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

၎င်းက နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရေးကိစ္စကို မြန်မာအစိုးရအာဏာပိုင် များနှင့် တွေ့ဆုံစဉ် လေးနက်စွာ တောင်းဆိုခဲ့ကြောင်း၊ နိုင်ငံရေး အင်အားစုများ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စများ လုပ်ဆောင် သင့်သည်ဟုလည်း ပြောဆိုခဲ့ကြောင်း သတင်းသမားများအား တရားဝင်ထုတ်ဖော် ပြောဆိုခဲ့ သော်လည်း အဆိုပါ အချက်အလက်များကို ဂျာနယ်များတွင် ဖော်ပြခွင့် မရခဲ့ပေ။

“မစ္စတာဗီဂျေ နမ်ဘီးယား တိုက်တွန်းတောင်းဆိုတဲ့ အချက်တွေကို စာပေစိစစ်ရေးက ဖြုတ်တယ်။ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ အသုံးအနှုန်းကို လက်ခံချင်ပုံ မရဘူး။ တခြား အပြုသဘောဆောင်တဲ့ မြန်မာအစိုးရကို ကြိုဆိုတယ်၊ သမ္မတမိန့်ခွန်းကို ကြိုဆိုတယ် ဆိုတာမျိုးတွေတော့ ဖော်ပြခွင့်ရတယ်” ဟု ပြည်တွင်း သတင်းသမားတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာဗီဂျေ နမ်ဘီးယား တွေ့ဆုံသည်ဆိုသော သတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့် ပြုသော်လည်း ဓာတ်ပုံကိုမူ အတွင်းစာမျက်နှာ၌သာ ဖော်ပြရန် သတင်းဂျာနယ်များအား စာပေစိစစ်ရေးက ညွှန်ကြားခဲ့ကြောင်း၊ သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သော စကားများကိုလည်း စိစစ်ရေးက ဖြုတ်ပယ်ခဲ့ကြောင်း သိရသည်။

“အာဆီယံဥက္ကဋ္ဌ ဖြစ်ဖို့ ကြိုးစားနေတဲ့ မြန်မာအစိုးရအပေါ် ဘယ်လိုမြင်သလဲ ဆိုတဲ့ သတင်း ထောက်တဦးရဲ့အမေးကို ဒေါ်အောင်ဆန်းစုကြည်က အာဆီယံဥက္ကဋ္ဌ ဖြစ်ဖို့ထက် ပြည်တွင်းရေး ပြုပြင်ပြောင်းလဲဖို့က အရေးကြီးတယ်လို့ ပြန်ဖြေတယ်။ အဲဒါကို စာပေစိစစ်ရေးက ပယ်ချတယ်” ဟု သတင်းဂျာနယ် အယ်ဒီတာ တဦးက ဆိုသည်။

စာပေစိစစ်ရေးဌာနသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားမှု သတင်းများကို လုံးဝ ဖော်ပြခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟုလည်း ပြည်တွင်း စာနယ်ဇင်းအသိုင်းအဝန်းမှ သိရသည်။

NLD သတင်းများကို ပိတ်ပင်နေသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ၎င်းပါတီ၏ ကျောင်းဆောက်၊ ငွေချေး စသည့် သတင်းများထည့်ပေးရန် သတင်းထောက်များအား ခေါ်ယူ၍ ပြောဆိုကြောင်း စာနယ်ဇင်းသမားများက ပြောကြသည်။

“ဦးဌေးဦးက ဟင်္သာတမှာ ကြံ့ဖွံ့ပါတီရဲ့ လှူဒါန်းငွေနဲ့ ဆောက်တဲ့ ကျောင်းဖွင့်ပွဲက အစ၊ ကြံ့ဖွံ့ပါတီနဲ့ နိုင်ငံတကာ သံတမန်တွေ တွေ့တဲ့ သတင်းအဆုံး မီဒီယာတွေကို ခေါ်ပြီး ထည့်ခိုင်းတယ်။ ကြံ့ဖွံ့ပါတီအနေနဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ လုပ်နေပါတယ်ဆိုတဲ့ သတင်းမျိုးတွေ ဂျာနယ်စာမျက်နှာပေါ်မှာ ပုံမှန်ပါစေချင်တဲ့ သဘောရှိတယ်” ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

မကြာသေးမီက အပတ်စဉ်ထုတ် True (ခေါ်) သစ္စာသတင်းဂျာနယ်ကို ထုတ်ဝေခွင့် ၂ ပတ် ရပ်ဆိုင်းခဲ့ပြီး အဆိုပါ ပိတ်ပင်မှုသည် အစိုးရသစ် လက်ထက်တွင် သတင်းမီဒီယာများအပေါ် ပထမဆုံး အရေးယူမှုဖြစ်သည်။

နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က အဆိုပါ သစ္စာဂျာနယ် ၂ ပတ်ပိတ်ခံသည့်ကိစ္စကို ရှုံ့ချကြောင်း ကြေညာချက် တစောင်အား မေ ၁၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်း ကြေညာချက်တွင် မြန်မာနိုင်ငံ၌ အင်တာနက် သုံးစွဲမှုအပေါ် တင်းကျပ်သော ဥပဒေများ ထုတ်ပြန်ထားကြောင်း၊ သမ္မတ ဦးသိန်းစိန်က စာနယ်ဇင်းများ၏ အခန်းကဏ္ဍကို အလေးထားမည်ဟု ၎င်းမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုထားသော်လည်း ယခုအချိန်အထိ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ထူးခြားသော ပြောင်းလဲမှုများ မမြင်တွေ့ရသေးကြောင်း ရေးသားထားသည်။

ဘင်လာဒင် နေရာကို အီဂျစ်နိုင်ငံသား ဆက်ခံ
by FNG on May 18, 2011

မေလ ၁ ရက်နေ့ က သေဆုံးသွားခဲ့တဲ့ အယ်(လ)ကာယီဒါး အကြမ်းဖက်အဖွဲ့  ခေါင်းဆောင်အိုစမာဘင်လာဒင် ရဲ့နေရာကို ဆက်ခံဖို့ အတွက် ဆာအိဖ်အယ်(လ) အဒယ် ဆိုတဲ့ အီဂျစ်နိုင်ငံသားတစ်ဦးကို အဖွဲ့ ရဲ့  ယာယီ ခေါင်းဆောင်အဖြစ် ခေတ္တ တင်မြှောက်ထားတယ်လို့  လက်ရှိ အယ်(လ)ကာယီဒါးခေါင်းဆောင်တွေနဲ့  နှစ်ပေါင်းများစွာ ရင်းနှီးလာတဲ့ နိမန် ဘီနုတ် မန်း ရဲ့  ပြောကြားချက်ကို ကိုးကား ပြီး CNN သတင်းဌာနကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အယ်(လ)ကာယီးဒါး ခေါင်းဆောင် အဖြစ် ယာယီတင်မြောက်ခံရတဲ့ ဆာအိဖ် အယ်(လ) အဒယ် ဟာ အယ်(လ) ကာယီဒါး အဖွဲ့ ရဲ့  အထူးစစ်ဆင်ရေး အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၈၁ ခုနှစ်က အီဂျစ် သမ္မတ အန္ဒ၀ါ ဆဒတ်ကို လုပ်ကြံတဲ့သူတွေထဲမှာ ပါဝင်ခဲ့ကာ ၁၉၈၈ ခုနှစ်မှာ အီဂျစ်နိုင်ငံက ထွက်ခွာခဲ့ပြီး ဆိုဗီယက်တပ်တွေကို တွန်းလှန်နေတဲ့ မူဂျာ ဟေဒင် ခေါင်းဆောင်တွေနဲ့  သွားရောက် ပူးပေါင်းခဲ့ပါတယ်။

အဲဒီနောက် တာလီဘန်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး လက်ဘနွန်၊ ဆူဒန် ၊ ဆီးရီးယား စတဲ့ နိုင်ငံတွေမှာ စစ်သင်တန်းတွေ ပေးခဲ့ပြီး ဟစ်ဘိုလာအဖွဲ့ နဲ့  အနီးကပ် ဆက်ဆံမှုရှိခဲ့ကာ ၁၉၉၆ ခုနှစ်မှာ အိုစမာဘင်လာဒင်၊ အီဂျစ်နိုင်ငံသား ဒေါက်တာ အေမန် အယ်(လ) ဇ၀ါရီတို့ နဲ့အတူ ဆူဒန်နိုင်ငံမှ ပြန်လည် ထွက်ခွာပြီး အာဖဂန် နစ္စတန်နိုင်ငံမှာ အခြေချခဲ့ပါတယ်။

ဆာအိဖ် အယ်(လ) အဒယ် ဟာ ၂၀၀၁ ခုနှစ်ကစပြီး အယ်(လ)ကာယီးဒါး အကြမ်းဖက်အဖွဲ့ ရဲ့  ဦးဆောင်မှုနေရာကို ရယူခဲ့ပြီး အမေရိကန်ရဲ့  တိုက်ခိုက်မှုကြောင့် ပြိုကွဲခဲ့တဲ့ အကြမ်းဖက်အဖွဲ့ကို ပြန်လည် အသက်သွင်းသူအဖြစ် လူသိများခဲ့ပါတယ်။ သူဟာ အီရန် နိုင်ငံအခြေစိုက် အကြမ်းဖက် ခေါင်းဆောင် မူစတာ ဖာ အာမစ် ရဲ့  သမီးကို လက်ထပ် ခဲ့ပြီး သားသမီး ငါးဦး ထွန်းကားခဲ့ပါတယ်။ FBI အဖွဲ့ က သူ့ ကို အလိုရှိဆုံးသူ စာရင်းထဲမှာ ထည့်သွင်းထားပြီး သူနေထိုင်တဲ့နေရာကို အတိအကျ ပေးနိုင်ခဲ့ရင် ဒေါ်လာ ငါးသန်းပေးမယ်လို့  သတင်းထုတ်ပြန်ထားပါတယ်။

၂၀၀၁ ခုနှစ်မှာ အီရန် အစိုးရက သူ့ကို ဖမ်းဆီးထိမ်းသိမ်းကာ ခရီသွားလာခွင့် ပိတ်ပင်ပြီး နေအိမ် အကျယ်ချုပ် ချထားခဲ့ပေမယ့် ၂၀၁၀ ခုနှစ်မှာ ပါကစ္စတန်မှာ ပြန်ပေးဆွဲခံရတဲ့ အီရန်သံတမန်တစ်ဦး လွတ်မြောက်ရေးအတွက် အလဲအလှယ် လုပ်ခဲ့ရပါတယ်။

အခြား သတင်းရင်းမြစ်တွေမှာတော့ ဆာအိဖ် အယ်(လ) အဒယ် ဟာ အီရန်နိုင်ငံမှာ နေထိုင်စဉ် တစ်လျှောက်မှာ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်တယ်လို့ ဆိုပါတယ်။

အယ်(လ) အဒယ် ဟာ အယ်(လ)ကာယီဒါး အကြမ်းဖက်အဖွဲ့ ကို စစ်ရေး နိုင်ငံရေး အရ ဦးဆောင်မှုပေးနိုင်မယ်လို့  အဖွဲ့ဝင်တွေက ယုံကြည်ခဲ့ပြီး အယ်(လ) အဒယ်ဟာ အကြမ်းဖက် သဘောတရားနဲ့  အကြမ်းဖက်နည်းတွေနဲ့  ပတ်သက်ပြီး စာအုပ်ပေါင်း နှစ်ဆယ်ခန့် ရေးသားခဲ့ကာ အယ်(လ)ကာယီဒါး အဖွဲ့ ရဲ့  မဟာဗျူဟာကို ပြန်လည်ရေးဆွဲခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဖွား ယီမင် အခြေစိုက် အယ်(လ)ကာယီးဒါး အကြမ်းဖက် ခေါင်းဆောင် အယ်(လ)အော်လာကီကို အယ်(လ)ကာယီဒါး အဖွဲ့ ရဲ့ ခေါင်းဆောင်အဖြစ် လျှာထားခဲ့ကြပေမယ့် နိုင်ငံအသီးသီးမှာ ရောက်နေတဲ့ ထိပ်တန်း အယ်(လ) ကာယီဒါး ခေါင်းဆောင်တွေက သူ့ ကို ဆန္ဒပြု ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အယ်(လ)ကာယီဒါးအဖွဲ့ မှာ အီဂျစ်နိုင်ငံသား အများအပြား ပါဝင်ပြီး ဒီ အဖွဲ့ ရဲ့ လက်ရှိ ဒုတိယ ခေါင်းဆောင် အယ်(လ)ဇ၀ါရီဟာလည်း အီဂျစ်နိုင်ငံဖွား သမားတော်ကြီးတစ်ဦး ဖြစ်ပါတယ်။

ယခင်က လစ်ဗျား စစ်သွေးကြွှအဖွဲ့  ရဲ့  ထိပ်တန်းခေါင်းဆောင်ဖြစ်ပြီး ယခု လန်ဒန်မှာ နေထိုင်တဲ့ နိမန် ဘီနုတ် မန်း ကတော့ အယ်(လ)ကာယီဒါးခေါင်းဆောင်ဟာ အစ္စလာမ် ဘာသာတရားအရ မွန်မြတ် သန့် စင်တဲ့မြေဖြစ်တဲ့ အာရေးဗီးယား ကျွန်းဆွယ်နိုင်ငံတစ်ခုခုမှသာ မွေးဖွားခဲ့သူဖြစ်ရမယ် လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

လာဘ်ယူအများဆုံး ၁၉ ကျောင်း ရန်ကုန်အစိုးရ ထုတ်ဖော်
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မေလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၃၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ကျောင်းသားမိဘထံမှ အများဆုံး လာဘ်ယူသော ကျောင်း ၁၉ ကျောင်း အမည်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။

လာဘ်စားမှုအများဆုံးကျောင်း ၁၉ ကျောင်း အမည်များ

အ.ထ.က (၂) မင်္ဂလာဒုံ
အ.ထ.က (၁) ဒဂုံ
အ.ထ.က (၅) ဗိုလ်တထောင်
အ.ထ.က (၄) ဗိုလ်တထောင်
အ.ထ.က (၂)ကမာရွတ်
အ.ထ.က (၂)လသာ
အ.ထ.က (၂)ဗဟန်း
အ.ထ.က (၂)စမ်းချောင်း
အ.ထ.က (၂)ရန်ကင်း
အ.ထ.က (၂)လမ်းမတော်
အ.ထ.က (၄)အလုံ
အ.ထ.က (၂)အင်းစိန်
အ.ထ.က (၄)တာမွေ
အ.ထ.က (၅)ကမာရွတ်
အ.လ.က (၁)ပန်းပဲတန်း
အ.မ.က (၂)ကမာရွတ်
အ.မ.က (၂)ဗဟန်း
အ.မ.က (၃)ဗဟန်း
ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (T.T.C)

၎င်းကျောင်းများထဲမှ အထက်တန်းကျောင်းများမှာ မင်္ဂလာဒုံ (၂)၊ ဒဂုံ (၁)၊ ဗိုလ်တထောင် (၄၊ ၅)၊ ကမာရွတ် (၂)၊ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (T.T.C) ၊ လသာ (၂)၊ ဗဟန်း (၂)၊ စမ်းချောင်း (၂)၊ ရန်ကင်း (၂)၊ လမ်းမတော် (၂)၊ အလုံ (၄)၊ အင်းစိန် (၂)၊ တာမွေ (၄) နှင့် ကမာရွတ် (၅)၊ အလယ်တန်းကျောင်းမှာ ပန်းပဲတန်း (၁)၊ အခြေခံပညာ မူလတန်းကျောင်းများမှာ ကမာရွတ် (၂) နှင့် ဗဟန်း (၂၊ ၃) တို့ ဖြစ်သည်။

ဌာန ၆ ခုကိုင် ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဉာဏ်ထွန်းဦးနှင့် ရန်ကုန်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက ပြည်လမ်းမပေါ်ရှိ တိုင်းဒေသကြီး လွှတ်တော်ရုံး၌ အင်္ဂါညနေတွင် ပြည်တွင်း မီဒီယာများနှင့် ဒုတိယအပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သမ္မ္မတ ဦးသိန်းစိန်က သန့်ရှင်းကောင်းမွန်သော အစိုးရဖြစ်ရေးအတွက် လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှု ပပျောက်ရန် ဆောင်ရွက်မည်ဟု ပြောဆိုခဲ့ပြီးနောက် ပညာရေးကဏ္ဍ၌ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရတရပ်အနေဖြင့် ပထမဆုံး တရားဝင် ထုတ်ဖော်ပြောဆိုမှု ဖြစ်သည်။

အဆိုပါ ၁၉ ကျောင်းအပေါ် မည်ကဲ့သို့ အရေးယူထားသည်နှင့် အရေးယူမည်ကို ပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော် ယခု စာသင်နှစ်အတွက် ကျောင်းအပ်ခနှင့် အထွေထွေကြေးများကို အများသိစေရန် တရားဝင် ထုတ်ပြန်ထားမည်ဖြစ်ကာ၊ သတ်မှတ်ကြေးထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ရန် ကျောင်းများ၌ ဖုန်းနံပါတ်နှင့် ဖက်စ်နံပါတ်များထားရှိမည်ဟု ဆိုသည်။

တိုင်ကြားရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ အခိုင်အမာ လိုအပ်ကြောင်း ရန်ကုန်အစိုးရ တာဝန်ရှိသူများကဖြည့်စွက်ပြောဆိုခဲ့သည်။

မြဝတီ နေ့စဉ်သတင်းစာ အရှုံးခံ ဖြန့်ချိ
သင်းအောင် Wednesday, 18 May 2011 15:47

အစိုးရသစ် တက်ပြီး ပထမဆုံး ထုတ်ခွင့်ရသည့် စစ်တပ်ပိုင် မြ၀တီ နေ့စဉ်သတင်းစာသည် တစောင်လျှင် ၁၂၀ ကျပ် အရှုံးခံ၍ ဖြန့်ချိနေရကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပျဉ်းမနား မြို့ကြီးများသို့ လတ်တလော စောင်ရေ ၁ သောင်းခန့် ဖြန့်ချိလျက်ရှိသည့် မြဝတီသတင်းစာတိုက်အတွက် တနေ့လျှင် ကျပ် ၁၀ သိန်းထက်မက အရှုံးရှိနိုင်သည်ဟု ရန်ကုန်မြို့ အရောင်း ကိုယ်စားလှယ်များက ခန့်မှန်းနေကြသည်။

အထူးသဖြင့် စီးပွားရေးကြော်ငြာ စာမျက်နှာ မရရှိခြင်းကြောင့် ဤမျှ ရှုံးနေရခြင်း ဖြစ်သည်ဟုလည်း တချို့က ပြောကြသည်။

“ဈေးကွက်ဝေစု ကျယ်ပြန့်အောင် ရန်ကုန်က ဆိုင်တွေမှာ စတင်ဖြန့်ချိခဲ့တဲ့ ဧပြီတလလုံး ပရိုမိုးရှင်းသဘော အခမဲ့ ပေးခဲ့တယ်။ မေ ၁ ရက်နေ့ကမှ သတ်မှတ်တန်ဖိုးနဲ့ ဆက်ဖြန့်တယ်။ ဒါပေမယ့် လူစိတ်ဝင်စားမှု အရမ်းနည်းတယ်” ဟု ရန်ကုန် ရွှေဂုံတိုင်ရှိ သတင်းစာနှင့် ဂျာနယ် ဖြန့်ချိရေး အရောင်းဆိုင်တဆိုင်က ဆိုသည်။

လူအများစိတ်ဝင်စားမည့် သတင်းနည်းခြင်း၊ အစိုးရအဖွဲ့ဝင်များ၏ နေ့စဉ် လုပ်ဆောင်ချက်များကိုသာ အားပြုတင်ပြထားခြင်း၊ စစ်တပ်က ထုတ်ဝေသည်ဟူသော အစွဲများ ရှိနေခြင်းတို့က မြ၀တီနေ့စဉ် သတင်းစာ၏ အားနည်းချက်များ ဖြစ်သည်ဟု အများက ပြောဆိုနေကြသည်။

ထို့အပြင် ဖြန့်ချိရေး ဈေးကွက်သို့ နံနက် ၁၀ နာရီ နောက်ပိုင်းမှ ရောက်ရှိလေ့ ရှိသောကြောင့် ဖြန့်ချိရေးဆိုင်များ စိတ်ဝင်စားမှု နည်းပါးသည်ဟုလည်း သိရသည်။

“ရန်ကုန်မြို့ မြို့နယ်တိုင်းမှာ မြ၀တီကိုယ်စားလှယ် အသစ်တွေ ခန့်ထားတယ်။ လိုအပ်နေသေးတယ် ဆိုပြီးတော့လည်း နေ့တိုင်း ကြော်ငြာခေါ်နေတယ်။ ဒါပေမယ့် ကိုယ်စားလှယ်တဦးကို အစောင် ၄၀၊ ၅၀ နေ့တိုင်း ဖြန့်ချိနိုင်ဖို့ အတော် လုပ်နေရတယ်” ဟု အရောင်းကိုယ်စားလှယ် တဦးက ပြောသည်။

မြ၀တီ နေ့စဉ်သတင်းစာအား ကြေးမုံ၊ မြန်မာ့အလင်း အပါအ၀င် နိုင်ငံပိုင် သတင်းစာ ကိုယ်စားလှယ် အများစုမှာ မယူကြ ကြောင်းလည်း သိရသည်။

“မြ၀တီ သတင်းစာ တာဝန်ရှိသူတွေက သူတို့ ကိုယ်စားလှယ်တွေကို ခေါ်ညှိတယ်။ ကိုယ်စားလှယ်ဖြန့်ဈေး ၅၀ ကျပ်ကနေ ၆၀ ယူချင်တယ်ပေါ့။ တခြား ဂျာနယ်တွေ၊ သတင်းစာတွေလို မနက် ၇ နာရီ မတိုင်ခင် ရောက်အောင် ဖြန့်ပေးနိုင်ရင် တိုးပေးပါ့မယ် ပြောတာကျတော့ သူတို့ဘက်က မလိုက်လျောနိုင်ဘူး” ဟု ကိုယ်စားလှယ် တဦးက ပြောသည်။

မြ၀တီ သတင်းစာသည် ဖြန့်ချိရေးဈေးကွက်သို့ အစောဆုံး နံနက် ၁၀ နာရီခန့်မှ ရောက်ရှိလေ့ရှိပြီး နေပြည်တော် ယာဉ်အ၀င် နောက်ကျပါက ထိုနေ့ သတင်းစာကို နောက်တနေ့ နံနက်မှ ဖတ်ရှုကြရသည်ဟု သိရသည်။

မြ၀တီ သတင်းစာတိုက် အယ်ဒီတာများနှင့် သတင်းအဖွဲ့သည် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ ဘောက်ထော်၊ တပ်မတော် မှတ်တမ်းရုံးဟောင်း ၀န်းအတွင်း ရုံးထိုင်သည်။

သတင်းတည်းဖြတ်ခြင်း၊ ကွန်ပျူတာစာရိုက်၊ မျက်နှာဖွဲ့ခြင်းများ ပြုလုပ်အပြီးတွင် အီးမေးလ်ဖြင့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဘုရင့်နောင် ရပ်ကွက်ရှိ မြ၀တီ သတင်းစာတိုက်သို့ ပို့ပေးရသည်။ နေပြည်တော်မှ အဆိုပါ သတင်းများကို ထပ်မံတည်းဖြတ်၍
အစိုးရအဖွဲ့ အာဘော်များ ဖြည့်စွက်ကာ မြ၀တီပုံနှိပ်စက်၌ ရိုက်နှိပ်ပြီး နံနက် အရုဏ်တက်တွင် ရန်ကုန်နှင့် တခြား မြို့များသို့ မော်တော်ယာဉ်များဖြင့် နေ့စဉ် ပို့ဆောင်ပေးရသည်ဟု သိရသည်။

“အင်တာနက် သတင်းတွေကောင်းရင် စောင်ရေ နည်းနည်းတိုးတယ်။ အိုစမာဘင်လာဒင် သေဆုံးတဲ့ သတင်းကို နိုင်ငံပိုင် သတင်းစာတွေက မထင်မရှား ဖော်ပြတယ်။ ဒါပေမယ့် မြ၀တီကတော့ သတင်းဓာတ်ပုံ ဝေေ၀ဆာဆာနဲ့ မျက်နှာပြည့် ဖော်ပြလိုက်တော့ အဲဒီရက် ရောင်းအားကောင်းသွားတယ်” ဟု လက်ပွေ့ အရောင်းသမားတဦးက ပြောသည်။

မြ၀တီ သတင်းစာတိုက်မှနေ၍ မြ၀တီ၊ ငွေတာရီ၊ တေဇ၊ မိုးသောက်ပန်း အစရှိသည့် စာစောင်များ ထုတ်ဝေလျက်ရှိပြီး မြ၀တီ နေ့စဉ်သတင်းစာကို ပြီးခဲ့သည့် ဧပြီ ၁ ရက်မှ စတင်ထုတ်ဝေ ဖြန့်ချိခဲ့သည်။ စာမျက်နှာ ၁၆ မျက်နှာ ပါဝင်ပြီး တစောင်လုံး ၄ ရောင် (အရောင်ပြည့်) ဖြင့် ပုံနှိပ်ထားသည်။

ကိုယ်စားလှယ်နှုန်းမှာ ၅၀ ကျပ်၊ လက်ပွေ့ အရောင်းသမားများက ၆၀ ကျပ်နှင့် ရယူကာ တစောင်ချင်း ၁၀၀ ကျပ်၊ လပေး အဖြစ် တလလျှင် ၂၀၀၀ ကျပ်ဖြင့် ပြန်လည် ဖြန့်ချိကြသည်။

နေပြည်တော်တွင် လက်ရှိ တာဝန်ထမ်းဆောင်မည့် တိုက်ပိုင် သတင်းထောက်မရှိ၍ အိမ်ထောင်မရှိသူ အဆောင်ပေးမည်၊ အိမ်ထောင်ရှိပါက တိုက်ခန်းပေးမည်၊ သတင်းရင်းမြစ်ထံမှ သတင်းရယူစဉ် ယာဉ်အကြိုအပို့ စီစဉ်ပေးမည်ဟူ၍ ကြော်ငြာကာ ဝန်ထမ်းများ ခေါ်ယူနေသည်။

သို့ရာတွင် ရန်ကုန်မြို့ရှိ မြ၀တီ တိုက်ပိုင် သတင်းထောက်များ၊ အလွတ်တန်း သတင်းထောက်များမှာ သတင်းစာ စတင် ထုတ်ဝေသည့်နေ့မှ ယနေ့အထိ သတင်းခများ လုံးဝ မရရှိသေးကြောင်း ကြားသိရသည်။

တိုက်ပွဲခေါ်သံများ စတင်
by FNG on May 17, 2011

ပြည်သူလူထု ၏ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကို ပမာမခန့် ပျက်ရည်ပြုသည့် ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရ၏ ယမန်နေ့ည ရုပ်သံကြေငြာချက် ထွက်ပေါ်ပြီး နာရီပိုင်းအတွင်းမှာပင် နိုင်ငံတွင်းရှိ မြေအောက် နိုင်ငံရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နည်းမျိုးစုံဖြင့်ဆက်လက် လှုပ်ရှားကြရန် နှိုးဆော်မှုများ ထွက်ပေါ်လာသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ၈၈မျိုးဆက်ကျောင်းသားများနဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးတို့ က ပူးတွဲ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာတော့ “အကျဉ်းထောင်အသီးသီးမှာ ရှိတဲ့ နိုင်ငံရေးသမားများ လွတ်မြောက်ရေးအတွက် ဆက်လက်လှုပ်ရှားကြဖို့” တိုက်တွန်းဆော်ထားသည်။

ပြည်တွင်း အခြေစိုက် ၈၈ မျိုးဆက် ကျောင်းသားတဦးက နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ပြည်သူများမှ ပုံသဏ္ဍန်မျိုးစုံဖြင့် တိုက်ပွဲဝင်ရန်လို ကြောင်း FNG သို့ ပြောသည်။

မြေအောက် လူငယ်လှုပ်ရှားမှုအဖွဲ့ ဖြစ်သည့် Just Do It Against Military Dictatorship အဖွဲ့  မြန်မာပြည် စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရေးအတွက် ပြည်သူတရပ်လုံး ပါဝင်ရန် လှုံဆော်ထားပြီး နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို ယခုအခါတွင် တဦးချင်း တနိုင်တပိုင် လုပ်ဆောင်ရန် တိုက်တွန်းထားပြီး သြဂုတ်လတွင်မူ စုပေါင်းလုပ်ဆောင်ရန် ဆော်သြထားသည်။

Just Do It အဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ကိုသီဟတေဇ က “ယမန်နေ့ ညက ဦးသိန်းစိန် အစိုးရ၏ သတင်း ထုတ်ပြန်ချက်သည် ပြည်သူကို ပမာမခန့် သွေးတိုးစမ်းသလို ဖြစ်နေကြောင်း တနည်းဆိုရသော် ပြည်သူကို စော်ကားသလိုမျိုးပင်ဖြစ်ပြီး ၊ ထိုကိစ္စအတွက် ဆက်လက် သီးခံပြီးစောင့်ဆိုင်းစရာ မလိုတော့ပြီ ဟု ပြောသည်။

ယမန်နေ့ က သတင်းထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ အတုအယောင် လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတကာ နှင့် ပြည်တွင်းအင်အားစုများမှ ပြင်းပြင်းထန်ထန် ဝေဖန်တုံ့ ပြန်ခဲ့သည်။

No comments: