Tuesday, May 31, 2011

ကျေနပ်မိပါပြီ ( ရွှေဇီးကွက်)

ကျွန်မငယ်ငယ်ကတည်းက ရုပ်ရှင်မကြည့်တတ်ခဲ့ပါ။ တနှစ်နေလို့ တခေါက်ရုပ်ရှင်ရုံကို မရောက်ခဲ့ပါဘူး။ ရှင်းရှင်းဝန်ခံရရင် ကျွန်မ ရုပ်ရှင် လုံးဝ မကြိုက်ခဲ့ပါ။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ရယ်လို့ ဖြစ်လာမယ့် ကျွန်မခင်ပွန်းနဲ့ အိမ်ထောင်ကျခဲ့စဉ်ကလည်း သူဟာ ရုပ်ရှင်သရုပ်ဆောင်တယောက် မဟုတ်သေးပါဘူး။ တက္ကသိုလ်ကျောင်းသားလေး မောင်ကျော်ဝင်း (ခ) မောင်မောင်ပါ။ သို့သော်လည်း ဘဝကံ အကျိုးပေးကြောင့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ဇနီးအဖြစ်နဲ့ ဘဝလမ်းကို လျှောက်လှမ်းခဲ့ရပါတော့တယ်။


တကယ်တော့ သူရုပ်ရှင်သရုပ်ဆောင်တယောက်ဖြစ်ခဲ့ရတာ ကျွန်မရဲ့ပယောက မကင်းဘူး လို့လည်း ပြောနိုင်ပါတယ်။ ကျွန်မတို့ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ သူ့ရဲ့ အမနဲ့ ညီတို့ဟာ နိုင်ငံရပ်ခြားကို ထွက်ခွာသွားခဲ့ကြပါတယ်။

ဒီတော့ သူ့ရဲ့မိဘများက ကျွန်မတို့ကိုလည်း နိုင်ငံခြားသွားဖို့ တိုက်တွန်းကြပါလေရော။ ကျွန်မက မြန်မာပြည်ကို သိပ်ချစ်တဲ့သူ၊ မြန်မာလူမျိုးတွေနဲ့ပဲ နေချင်တဲ့သူ။ ကျွန်မမိဘတွေကိုလည်း မခွဲနိုင်ပါဘူး။

အဲဒါကြောင့် ကျွန်မသာ မြန်မာပြည်မှာနေရမယ်ဆိုရင် သူ လုပ်ချင်တာ လုပ်နိုင်တယ်လို့ ခွင့်ပြုလိုက်ရာက သူဟာ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ရယ်လို့ ဖြစ်လာခဲ့တာပါ။ အဲဒီမှာ ကျွန်မတခါမှ အိပ်မက်တောင် မမက်ခဲ့ဖူးတဲ့ဘဝကို မကြိုက်နှစ်သက်ဘဲနဲ့ လက်ခံလိုက်ရပါတယ်။

ကျွန်မ တခါတလေ သူ့ကို “ပြည်သူပိုင်ကြီး” လို့ ခေါ်ခဲ့ပါတယ်။ ဟုတ်တယ်လေ။ ကျွန်မ လိုချင်တာက ငြိမ်းအေးတဲ့ ကိုယ်ပိုင်သီးသန့်ဘဝလေး။ ဒါပေမယ့် ကျွန်မ ရခဲ့တာက … ထားလိုက်ပါတော့။

ကျွန်မ ပြောချင်တာက။ ကျွန်မ ရုပ်ရှင်သရုပ်ဆောင်တယောက်ရဲ့ ဇနီးဘဝကို မကြိုက်ခဲ့ဘူးဆိုတာကိုပါ။
ဒီလိုနဲ့ နာရေးကူညီမှုအသင်းကြီး စတင်တည်ထောင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကို ရောက်လာခဲ့တယ်ဆိုပါတော့။

အဲဒီမတိုင်ခင် ၃ နှစ်လောက်ကတည်းက ကျွန်မ ဖေဖေရဲ့ နှမ၊ မန္တလေး တက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါ်လှမြတ်ဆီက သူ နာယက အဖြစ် ဆောင်ရွက်နေတဲ့ မန္တလေး ဗြဟ္မာစိုရ် အသင်းကြီးအကြောင်းကို ကြားသိနေခဲ့ရပါတယ်။ ကျွန်မလေ ကျွန်မ ချစ်တဲ့ ကျွန်မတို့လူမျိုးတွေအတွက် အကျိုးရှိမယ့် အဲဒီအလုပ်ကို ရန်ကုန်မှာလုပ်ဖို့ အရမ်းကို စိတ်အားထက်သန်ခဲ့တယ်။

တချိန်ချိန်မှာတော့ လုပ်ဖြစ်အောင်လုပ်မယ်လို့ စိတ်ကူးတွေယဉ်နေတုန်း အဒေါ်က ရန်ကုန်မှာ ဘဘ ဦးသုခတို့၊ ဆရာ ဦးအောင်သင်း တို့ စလုပ်ကြမယ်လို့ သတင်းပေးလာတော့။ ဝမ်းသာအားရနဲ့ ကျွန်မတို့ အလှူငွေလည်း ထည့်ဝင်ရင်းနဲ့ ကိုယ်တိုင်လည်း ဝင်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။ ကျွန်မ မြန်မာပြည်မှာ နေလိုက်ရကျိုးက အခုမှ နပ်တော့တာလေ။ ကိုယ်လည်း ကုသိုလ်ရ၊ အများလည်း အကျိုးရှိတဲ့အလုပ်ကို လုပ်လိုက်ရလို့ ကျွန်မ အရမ်းကျေနပ်ပြီ။

အဲဒီထက် ကျေနပ်ရတာကတော့ ကျွန်မတို့အသင်းဟာ ထင်ထားတာထက်ပိုပြီး အချိန်တိုတိုနဲ့ လူသိများ အောင်မြင်လာခဲ့ရတာဟာ အဲဒါ ဘာကြောင့်လဲလို့ သေချာပြန်ကြည့်လိုက်တော့ ကျွန်မတို့ အသင်းမှာ နာမည်ကျော်ကြား လူသိများပြီးသား၊ လူချစ်လူခင်များပြီးသား အနုပညာရှင်တွေ ပါနေကြလို့ ဆိုတာ ကျွန်မ လုံးဝ မငြင်းနိုင်ပါ။ ဟုတ်တယ် လုံးဝ မငြင်းနိုင်ပါ။

အကယ်ဒမီ ခြောက်ထပ်ကွမ်း ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာကြီး ဦးသုခ၊ စာရေးဆရာကြီး ဦးအောင်သင်း၊ အကယ်ဒမီရုပ်ရှင် သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူ၊ စာရေးဆရာမ သန်းမြင့်အောင်တို့ရဲ့ အနုပညာသြဇာဟာ သည်နေရာမှာ ဘယ်လောက်ထိသက်ရောက် အကျိုးပြုနေတယ်ဆိုတာ ကျွန်မတို့ အသိဆုံးပါ။

၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှာ ရွှေဟင်္သာတောရ၊ သီရိမန္တစံကျောင်းတော် ဆရာတော် ဘဒ္ဒန္တရာဇိန္ဒာဘိဝံသ ဆရာတော်ဘုရားကြီးရဲ့ ဒါယကာ၊ ဒါယကာမ များဖြစ်တဲ့ ဦးဋ္ဌေးအောင်ဝင်း ဇနီး ဒေါ်ဆွေဆွေဝင်းနဲ့ ရဟန်းဒါယကာမကြီး ဒေါ်ခင်စောနွဲ့ တို့ ဦးဆောင်တဲ့ ဆွေမျိုးတစုက နာရေးကူညီမှုအသင်းအတွက် အလှူငွေကို ဆရာတော်ကြီးရဲ့ ရှေ့မှောက်မှာ ရေစက်သွန်ချ လှူဒါန်းလိုကြောင်း ပြောကြားတဲ့အတွက် အလှူငွေသွားရောက် လက်ခံပေးခဲ့ကြရပါတယ်။

ဆရာတော်ကြီးကို ရှိခိုးကန်တော့ မိတ်ဆက်စကားလျှောက်ထားကြတဲ့အခါ ကိုကျော်သူကို ဆရာတော်ကြီးက သူ့ရဲ့ ဒကာမတဦးဖြစ်တဲ့ အင်္ဂလန် သံအမတ်ကြီး ဒေါက်တာ ကျော်ဝင်း ကတော် ဒေါ်ကြည်ကြည်ရဲ့တူ အနုပညာလုပ်နေတဲ့ တယောက်လား လို့မေးတော့ ကိုကျော်သူက ဟုတ်မှန်ကြောင်း ယခု နာရေးကူညီမှုအလုပ်ကိုလည်း လုပ်နေကြောင်း ပြန်လည်လျှောက်ထားရာ ဆရာတော်ကြီးက …

“အေးပေါ့ သံဃာတွေ စာမေးပွဲအောင် အောင်၊ ဘွဲ့တံဆိပ်ရအောင် ဖြေဆိုထားကြသလိုပေါ့။ ဂုဏ်အရှိန်ရှိတော့ သာသနာပြုရတာ ပိုတွင်ကျယ်သလို၊ နာမည်ရှိပြီးသား ရုပ်ရှင်သရုပ်ဆောင်ဆိုတော့ လူမှုရေးလုပ်ရတာ ပိုလွယ်ကူ အောင်မြင်လွယ်တာပေါ့”

လို့ မိန့်ကြားလိုက်တဲ့ စကားတခွန်းနဲ့ပဲ ကျွန်မလေ ကျွန်မ ခင်ပွန်းဟာ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တဦးဖြစ်နေတာကို ကျေနပ်မိပါပြီ။

(ဆောင်းပါးအသစ် မရေးနိုင်သေးခင်မှာ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ်မှာ ဖော်ပြခဲ့ဖူးတဲ့ ကျွန်မရဲ့ ပထမဆုံး ဆောင်းပါးကို ပြန်လည်တင်ပြလိုက်ပါတယ်။ ဒီဆောင်းပါးကို နာရေးကူညီမှုအသင်းက ထုတ်ဝေတဲ့ ‘ပေးဆပ်နေသူများ’ စာအုပ်ထဲမှာလည်း ထည့်သွင်းခဲ့တော့ ဖတ်ဖူးတဲ့သူတွေလည်း ရှိကြမှာပါ။ မဖတ်ရသေးတဲ့သူတွေအတွက်တော့ အသစ်ပေါ့)


 

No comments: