Tuesday, March 22, 2011

ဒုက္ခကို ပျားရည်ဆမ်း၍ …. (မောင်လွမ်းဏီ)

အာရ်အက်ဖ်အေ သောတရှင်များ ခင်ဗျား။

တလောက သတင်းတခုမှာ တပ်ခ်ခရိုင်အတွင်း မှီတင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသား ထိုင်းနွယ်ဖွား လူ ၁,၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုတာ ခံရပေမယ့် နိုင်ငံသား လျှောက်ထားရာမှာ နှစ် ၂၀ ကျော် နှစ် ၃၀ ကျော် ကြာမြင့်လာခဲ့ပေမယ့် ထိုင်းပြည်ထဲရေးဌာနက အသိအမှတ်မပြုတာကြောင့် ထိုင်း ပြည်ထဲရေးဌာနကို တရားစွဲဖို့ လုပ်နေကြပါတယ်တဲ့။

မြန်မာနယ်ဘက်ခြမ်း မြဝတီမြို့နယ်အတွင်း ကွေ့ရှမ်းရွာတွေနဲ့ ကရင်ရွာတွေဘက်မှာ နေထိုင်တဲ့ ထိုင်းနွယ်ဖွား မြန်မာနိုင်ငံသားတွေဟာ မဲဆောက်မြို့နဲ့ မဲဆောက်အနီးက မဲလမတ် မြို့နယ်တွေမှာ အဓိက နေထိုင်ကြသူတွေ ဆိုပါတော့။


ဒီထိုင်းနွယ်ဖွား မြန်မာပြည်သားတွေရဲ့အရေးဟာ နှစ်နဲ့ကြာမြင့်နေပြီ ဖြစ်တဲ့အတွက် ယခုလို တရားစွဲဆိုဖို့ ဆောင်ရွက်လုပ်ကိုင်ရတာဖြစ်တယ်လို့ ထိုင်းရှေ့နေများကောင်စီက လူ့အခွင့်အရေးဆိုင်ရာ အရာရှိတဦးက ရှင်းပြသွားခဲ့ပါတယ်။ ထိုင်းမှာ အဖေ အမေနဲ့ လိုက်လာခဲ့တာ ဘယ်နှစ်နှစ်မှန်း မသိတော့ဘူး။ မဲဆောက်မှာ အိမ်ထောင်ကျတာ ထိုင်း ကရင်စပ်နဲ့ပဲ။ ခု ကလေး ၃ ယောက်ရှိပြီ။ အကြီးဆုံး သားတယောက်က အိမ်ထောင်တောင်ကျနေပြီ။ ဒီဘဝက ကိုယ်မလွတ်လည်း သားမြေးတွေတော့ ဝဋ်ကျွတ်စေချင်ပြီ။ ဟိုကြောက်ရ ဒီကြောက်ရ။ ဟိုကျောင်းထား မရ၊ ဒီကျောင်းထား မရ၊ ဟိုမသွားရ ဒီမသွားရနဲ့။ ခု တရားစွဲပေးမယ် ပြောတာပဲ။ မရလည်း ဒုံရင်း ပေါ့လို့ပြောပြနေတဲ့ ကရင် အမိုးကြီးကို ကျွန်တော် သူ နေထိုင်ခဲ့ရတဲ့ ထိုင်းမြေပေါ်က ဘဝကို ကိုယ်ချင်းစာ မှန်းဆကြည့်လို့ရနေပါတယ်။


တပ်ခ်ခရိုင်ဟာ ထိုင်းနယ်ငံတွင်းမှာ ထူးခြားတဲ့ဒေသလို့ပြောရင် ရပါတယ်။ မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသား လူမျိုးစုတွေ၊ ဧည့်နိုင်ငံသား လက်မှတ်ရထားသူတွေ နေထိုင်နေကြတဲ့အပြင် အချိန်အခါအရ ပြဌာန်းတဲ့ ဥပဒေထွေနဲ့အညီ လုပ်ကိုင်ပေးတဲ့ နေထိုင်ခွင့် တနှစ်ခံ၊ ၅ နှစ်ခံ၊ ၁၀ နှစ်ခံနဲ့ အလုပ်လုပ်ခွင့်လက်မှတ် ရရှိထားသူတွေ ဖြစ်ကြပါတယ်။ သို့ပေမဲ့ ဒီလိုလက်မှတ်မျိုးတွေ လက်ဝယ်ပိုင်ပိုင် ကိုင်ဆောင်ထားနိုင်ဖို့ ဆိုတာကလည်း လူတဦးချင်းစီမှာ အနည်းဆုံး ထိုင်းဘတ်ငွေ ၅,၀၀၀ ကနေ၊ ၆ သောင်း ၇ သောင်းလောက်ရှိမှ သူ့အဆင့်နဲ့၊ သူ့အဆက်အသွယ်နဲ့၊ သူ့ရပ်ရွာလူကြီး၊ သူ့အလုပ်ရှင် စသူတွေရဲ့ အစီအမံ ထောက်ခံမှုတွေနဲ့မှ လုပ်လို့ ကိုင်လို့ အဆင်ပြေတာပါ။ ဒါကလည်း တပ်ခ်ခရိုင်အတွင်း မြန်မာပြည်ဖွား ထိုင်းနိုင်ငံသားတွေ အပါအဝင် တရားဝင် တရားမဝင် လာရောက်နေထိုင်လုပ်ကိုင်နေကြတဲ့ လူဦးရေ ၄ သိန်းရဲ့  ၁၀၀ ပုံ ၁ ပုံလို့ပြောရမယ့် လူ ၄ သောင်းပတ်ဝန်းကျင် ၅ သောင်း ခန့်လောက်သာ လက်မှတ်တခုခု ကိုင်ဆောင်ထားနိုင်သူတွေပါ။ ဘယ်လို လက်မှတ်ကိုင်ဆောင်ထားထား ထိုင်းဘာသာစကား မပေါက်ရင်တော့ ထိုင်းရဲ၊ ထိုင်း လဝက ရဲ့လက်က ပြေးမလွတ်ကြသူတွေပေါ့။

မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံအတွင်းမှာ လာရောက်အလုပ်လုပ်နိုင်ဖို့ ယမန်နှစ်ကတော့ မြန်မာနိုင်ငံဘက်က ယာယီ ပတ်စပိုစ့်တွေ လုပ်ပေးတဲ့အတွက် စိတ်ဝင်တစား လျှောက်ထားကြသူနည်းပေမယ့် ဒီနှစ်တော့ မဲဆောက်မြို့နယ်ထဲမှာ အလုပ်လုပ်ခွင့် လက်မှတ်ရှိသူရော၊ အသစ်လုပ်သူရော ၂ သောင်းလောက် လျှောက်ထားတယ်လို့ သိရတယ်။ ဒါပေမယ့် ထုံးစံအတိုင်းပါပဲ၊ ပတ်စပို့စ်လျှောက်တာ နှစ်လည်တော့မယ်၊ ဘာမှ ထပ်မကြားရပါဘူးလို့ ညည်းသူတွေလည်း ညည်းကြပါတယ်။ မဲဆောက်မြို့နယ်မှာ နောက် ထူးခြားချက် တခုကတော့ ကရင်တိုင်းရင်းသားလူမျိုးစုတွေက အများစုနေထိုင်ကြတယ်ဆိုပေမယ့် ဒုတိယ အများဆုံး နေထိုင်နေကြသူတွေက မြန်မာပြည်ဖွား မူဆလင်ဘာသာဝင်တွေပါ။ အနည်းဆုံး ၄ သောင်းကျော်ရှိပြီး နေထိုင်လာတဲ့ နှစ်ပေါင်းကလည်း မနည်းတော့ပါဘူး။ စောစောကပြောတဲ့ ဧည့်နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူတွေလို့ ပြောရင်ရပါတယ်။ နှစ် ၂၀ ကျော် ဧည့်နိုင်ငံသားလက်မှတ် ကိုင်ဆောင်သူတဦး ကတော့ ဒီလက်မှတ်က အိမ်ငှားရင်တောင် လက်ခံချင်တဲ့ လက်မှတ်မဟုတ်တော့ မြေပေါ် ခြေချရုံပဲ တန်ဖိုး ရှိတာပါလို့ ပြောပြပါတယ်။

ယမန်နှစ် အောက်တိုဘာလအတွင်းက ထိုင်းဝန်ကြီးချုပ် အဘိစစ် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်ကတော့ ထိုင်းနိုင်ငံတွင်းမှာ အနှစ် ၂၀ ကျော် နေထိုင်လာခဲ့တဲ့သူတွေကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးမှာဖြစ်တဲ့ ဥပဒေပါ ကြေငြာချက်ပါ။ ဒီဥပဒေကလည်း ယခုထိတော့ ပြဌာန်းခြင်း၊ ဆက်လက် အကောင်အထည်ဖော်ခြင်းတွေ မရှိသေးပါဘူး။ ဒါပေမယ့် အဲဒီကာလတုန်းကတော့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာပြည်ဖွားတွေအပြင် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ ဆက်နွယ်ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိလာကြသူတွေထဲမှာလည်း ဂယက်တခု ဖြစ်ခဲ့ပါသေးတယ်။ တရားမဝင် မြန်မာအလုပ်သမားတွေအပြင် နယ်ပယ်အသီးသီးက မြန်မာပြည်သားတွေဟာ မပြန်ချင်တဲ့သူ။ ပြန်ဖို့ခက်တဲ့သူ။ ရေကြည်ရာ မြက်နုရာ ပျော်ပိုက်နေကြသူ စသဖြင့် အမျိုးမျိုး အစားစား ရပ်တည်နေကြရတာ မဟုတ်လား။

ဒီလို အခက်အခဲတွေ၊ ဒုက္ခတွေ၊ အကြပ်အတည်းတွေ ရှိနေပေမယ့်လည်း ကျွန်တော်တို့ မြန်မာပြည်သားတွေကတော့ အပြုံးမပျက်ရှာကြသူတွေပါ။ အဲဒီလို လက်မှတ်ကိုင်သူတွေနဲ့ မတူတဲ့ မြန်မာပြည်သား အနည်းစုလေးကတော့ မယ်ဟောင်ဆိုင်ခရိုင်က မယ့်ဆရင်းမြို့လေးမှာ နေထိုင်သူတွေပါ။ သူတို့တွေက ဦးနု ဦးဆောင်တဲ့ ပြည်သူ့ပြည်ချစ်ပါတီက ရဲဘော်ဟောင်းတွေပါ။ ၁၉၇၀ ခုနှစ်မှာ သူတို့ရဲ့ တော်လှန်ရေးပြိုကွဲသွားတဲ့အခါ မြန်မာပြည်ကို မပြန်ဘဲ ထိုင်းအာဏာပိုင်တွေဆီမှာ လက်နက်အပ်ပြီး ခိုလှုံ့နေထိုင်ခဲ့ကြသူတွေ ဆိုပါတော့။ သူတို့ အားလုံး ၂၀၀ လောက်ရှိပါတယ်။ နှစ် ၃၀ ကျော် နေလာခဲ့သူတွေပါ။ ခုလည်း လူက ကုန်သလောက်ရှိနေပါပြီ။ ခုတော့ ၁၀ ယောက် မပြည့်တော့ပါဘူး။ အကြောင်းကြောင်းတွေနဲ့ ကွယ်လွန်ကုန်ကြပါပြီ။ သူတို့ကို ထိုင်းအစိုးရအဆက်ဆက်က ၅ နှစ်တခါ လဲလှယ်ရတဲ့ နေထိုင်ခွင့် လက်မှတ်လေး လုပ်ပေးထားပါတယ်။ ခရီးသွားချင်ရင် သက်ဆိုင်ရာမြို့ပိုင်ရုံးမှာ အကြောင်းကြားပြီး ခရီးသွားကြရသူတွေပေါ့။ ဘယ်လို အခွင့်အရေးတွေရသေးလဲလို့ မေးကြည့်တော့ ဒို့တတွေက ဘာတွေမို့ ဘာ အခွင့်အရေးတွေ ရမှာလဲကွာ။ ဒီလို နှစ် ၃၀ နေထိုင် လုပ်ကိုင်စားသောက်လို့ ရတာကိုပဲ ကြံဖန် ကျေးဇူးတင်နေရတာပဲ။ အထူးသဖြင့် ဒို့ကို ပြန်မပို့တာကိုပေါ့ တဲ့။ နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

မောင်လွမ်းဏီ
၁၈ -၁- ၂၀၁၁

လွတ်လပ်တဲ့ အာရှအသံ (RFA) မှ ပြန်လည် ကူးယူဖော်ပြပါတယ်။

သရုပ်ဖော် ပန်းချီ - မောင်မောင်တင်

No comments: