Wednesday, August 25, 2010

ဦးခင်မောင်ဆွေ ရွေးကောက်ပွဲ မဝင်တော့

အမျိုးသားဒီမိုကရေစီအင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်က ခံဝန်ချက်အသနားခံစာ ထပ်တင်ခိုင်းတဲ့ အတွက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်သလို ခံဝန်ချက် လည်းထပ်မတင်တော့ဘူးလို့ ၎င်းက ဆိုပါတယ်။

“ပထမတကြိမ်လည်း တင်ပြီးပြီလေ၊ အခုနောက်တခါ ထပ်ပြီး ပုဂ္ဂိုလ်ရေးအရ တင်ရမယ်ဆိုတော့။ တင်လည်း ရလည်း ရမှာမဟုတ်ဘူးဆိုပြီးတော့ တင်လည်း မတင်ဘူး။ ဝင်လည်း မဝင်ဘူးပေါ့ဗျာ ဒါပါပဲ” ဟု ဦးခင်မောင်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကို မဝင်ပေမယ့် ပါတီတာဝန်တွေကို ဆက်ပြီးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ၎င်းက ဆက်လက် ပြောဆိုပါတယ်။

ဦးခင်မောင်ဆွေနဲ့အတူ NDF ဒုဥက္ကဋ္ဌ ဦးတင်အောင်အောင်၊ ဗဟို အလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးသာဆိုင်နှင့် နိုင်ငံရေးဦးဆောင် ကော်မတီဝင် ဦးစိန်လှဦးတို့ ၄ ဦးအား ၁၉၉ဝ ခုနှစ်က နိုင်ငံတော်ပုန်ကန်မှု ပြစ်ဒဏ်များ ကျခံခဲ့ရသဖြင့် လာမယ့်ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့်မရှိ၍ အသနားခံစာတင်ရန် ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

NDF ဟာ နိုင်ငံရေးဦးဆောင်ကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၂ ခု ပုံစံနဲ့ဖွဲ့ထားပြီး ပထမ ခေါင်းဆောင်က ဦးခင်မောင်ဆွေ၊ ဒုတိယခေါင်းဆောင်က ဦးသိန်းညွန့်၊ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌက ဒေါက်တာသန်းငြိမ်း၊ ဒုတိယ ဥက္ကဋ္ဌတွေအဖြစ် ဒေါက်တာ သန်းဝင်းနဲ့ ဦးတင်အောင်အောင်၊ အတွင်းရေးမှူး အဖြစ် ဦးစိုးဝင်းက တာဝန်ယူထားပြီး ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၂၀ ကျော် ဝင်ပြိုင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - မြန်မာတိုင်းမ်


No comments: