Tuesday, August 24, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄၉)

ရုတ်တရက် ကြုံလိုက်ရတဲ့ အန္တရာယ်

သူကြီးထည့်ပေးလိုက်သော လူငယ်လေးနောက်သို့ ကျနော်တို့ ၃ ယောက် လိုက်သွားပါသည်။ ၁၅ မိနစ်လောက် လျှောက်မိရာ ခြံစပ်တခု၏အဆုံးတွင် ရှေ့မှလယ်ကွင်းတကွင်း ခံနေပါသည်။ ကျနော်က လိုက်ပို့သည့် လူငယ်နောက်မှ ကပ်လျှက်ပါလာပါသည်။

လယ်ကွင်းစပ်တဖက်သို့ ကျနော်လှမ်းကြည့်လိုက်ရာ စစ်သား ၁၅ ယောက်ခန့် သည် တောစပ်ထဲမှ ထွက်လာသည်။ အသင့်အနေအထားနှင့် လျှောက်လာသည်ကို လှမ်းတွေ့ရပါသည်။ ကျနော်က ..

“ဖထီးမန်း … ဟိုမှာ ရန်သူတွေ ကျနော်တို့ ပြန်ဆုတ်မယ်”

ကျနော် ကပျာကယာ ပြန်လှည့်ပါသည်။ လိုက်ပို့သည့်ကောင်ကလေးလည်း ထွက်ပြေးသွားပါသည်။ ကျနော်တို့ ၃ ယောက် နောက်ကြောင်းသို့ ပြန်လှည့်ပြီး ဆုတ်လာပါသည်။ ရွာအပြင်သို့ရောက်လာပါသည်။ လမ်းတွင် ရန်သူ့စစ်တပ်လာ၍ ထွက်ပြေးသော ရွာသားအချို့ကို တွေ့ရပါသည်။

လမ်းတွင် အသက် ၅၀ ခန့်ရှိ မွန်အမျိုးသား ဦးလေးကြီးတဦးကို တွေ့ပါ သည်။ ကျနော်တို့ကိုတွေ့ရာ အလွန် လန့်နေပါသည်။ သူသည် အဖျားတက်နေပါသည်။ ဦးအောင်ငွေက ကြောက်စရာမလိုကြောင်း၊ ကျနော်တို့လည်း စစ်တပ်နဲ့တွေ့လို ထွက်ပြေးတာဖြစ်ကြောင်း၊ အဖျားပျောက်သွားအောင် ဆေးပေးမည်ဖြစ်ကြောင်း၊ ဦးအောင်ငွေကပြောပြီး ခေါ်လာပါသည်။

တနေရာအရောက်တွင် အဖိုးကြီးက စိတ်ချရသည်ဟုပြော၍ နားကြပါ သည်။ ဦးအောင်ငွေက ပါလာသည့် ဆေးတွေ ထုတ်တိုက်ပါသည်။ အဖိုးကြီးလည်း ကျနော်တို့အပေါ် ယုံကြည်မှုရှိလာပါသည်။ ဖထီးမန်းအောင်ကြည်က ပိုက်ဆံ ၅ ကျပ် ထုတ်ပေးပြီး စားစရာတခုခု စီစဉ်ပေးရန် အကူအညီတောင်းပါသည်။ အဖိုးကြီးသည် လိုလိုလားလားပင် လုပ်ပေးမည်ပြောပြီး ပြန်သွားပါသည်။

တနာရီခန့်ကြာမည် ထင်သည်။ အဖိုးကြီးပြန်လာသည်။ ထမင်းတထုပ်လည်း ယူလာပေးသည်။ ထမင်းထုပ်ကို ဖြေကြည့်လိုက်ရာ ကြက်ပေါင်ကင်တခုနှင့် ငရုပ်သီးတောင့် တထုပ်ကို တွေ့ရသည်။ ကျနော်တို့စားသောက်ပြီး အဖိုးကြီးကို ရွာနှင့်ခပ်လှမ်းလှမ်းအထိ လိုက်ပို့ခိုင်းပါသည်။

နယ်မြေ အခြေအနေကိုမေးကြည့်ရာ ၎င်းပြောပြချက်အရ တောင်ကျော်လိုက်လျှင် ကျောင်းရွာဆိုသော ကရင်ရွာရှိကြောင်း အတော်လေးဝေးကြောင်း ပြောပြသည်။ အဖိုးကြီးလိုက်ပို့ပြီး တနာရီခရီးခန့်တွင် နားလိုက်ပါသည်။ အဖိုးကြီးလည်း ပြန်သွားပါသည်။

ကျနော်တို့ ၃ ယောက်တိုင်ပင်ပါသည်။ တောင်ကျော်ပြီး ကျောင်းရွာသွားမလား၊ ဒူးယားသူကြီးကို ဆက်မလား တိုင်ပင်ပါသည်။ တောင်ကျော်လျှင် လမ်းမသိ၊ အခြေအနေ မသိ၊ သွားရန်မသင့်ကြောင်း ဒူးယားသူကြီးမှာ တော်လှန်ရေးနှင့် ပတ်သက်သူ လူကြီးတဦးဖြစ်၍ စိတ်ချရကြောင်း ညမိုးချုပ်လျှင် ရွာနားပြန်ကပ်ပြီး သူကြီးနှင့်ဆက်ရန် ဆုံးဖြတ်လိုက်ပါသည်။

ညမိုးချုပ်ခါနီးတွင် လမ်းမကြီးအတိုင်း ဝင်လာပါသည်။ ရွာအစွန်နားက အိမ်ကလေး တလုံးအပေါ်တက်နားပြီး မွန်အဒေါ်ကြီးကို အကူအညီတောင်းပါသည်။ မနက်ပိုင်း က လှေပျက်လာသူများဖြစ်ကြောင်း၊ စစ်တပ်လာ၍ ထွက်ပြေးခဲ့ရကြောင်း၊ သူကြီးနှင့်တွေ့လိုကြောင်း၊ စစ်တပ်ရှိ မရှိ ကြည့်လာခဲ့စေလိုကြောင်း ပြောပြီး အဒေါ်ကြီးကို အကူအညီတောင်းပါသည်။

အဒေါ်ကြီးလည်း သူကြီးသွားခေါ်ပေးမည်ဟု ပြောပြီးထွက်သွားပါသည်။ အဒေါ်ကြီးသွားသည်မှာ တနာရီကျော် ပါပြီ။ ပြန်လည်းပေါ်မလာပါ။ လကွယ်နေ့ညမို့ မိုးမှောင်နေသည်။ မိုးကလည်း ဖွဲဖွဲရွာနေသည်။ ကျနော်က အိမ်ခြံဝ၏ ခြံစည်းရိုး အကွယ်တွင် ကင်းစောင့်နေသည်။ ဖထီးမန်းသည် ကျနော် ကင်းစောင့်သည့်နေရာသို့ ရောက်လာသည်။

“အဖွားကြီး လွှတ်လိုက်တာကြာပြီ၊ သူကြီးလည်း ရောက်မလာဘူး။ အခြေအနေ မကောင်းဘူးထင်တယ်၊ ကျနော်တို့ ဒီနေရာကနေ ထွက်သွားရင် ကောင်းမယ်”

ဆက်လက်ဖော်ပြပါမည်။



No comments: