Saturday, December 19, 2009

ခြင်သုံးကောင် နဲ့ ကျနော် (မောင်တော်ရှင်ချစ်)

ကြုံဖူးကြမှာပါ။ အနားမှာ တဝီဝီလာလုပ်နေတဲ့ ကောင်တွေကို။ သိပ်မုန်းဖို့၊ သိပ်ဒေါသထွက်ဖို့ကောင်းတဲ့ ကောင်တွေဗျာ။ ကျနော်ပြောတာက ကိုက်ရင်လည်း ကိုက်ပလိုက်။ ဘာလဲ တဝီဝီနဲ့။ သူတို့ ကိုယ်သူတို့ ကြော်ငြာနေသလို၊ “ဟင်း … ကိုက်ပလိုက်မယ်နော်၊ ကိုက်ပလိုက်မယ်နော် …”လို့ ခြိမ်းချောက်နေသလို။

လာကိုက်လိုက်တော့ အကောင်အထည် မြင်ရတာပေါ့ဗျာ။ သူလျင် သူစား၊ ကိုယ်လျင် ကိုယ်စား၊ သူတင် ကိုယ်တင် ရှိသေးတာပေါ့။ အခုဟာက လာမကိုက်သေးဘဲ ဟန်ရေးပြနေတာ ဆိုးတယ်။

ကျနော်နေတဲ့အခန်းက သိပ်အကျယ်ကြီး မဟုတ်ပါဘူး။ ပိုင်ရှင်ကလည်း သဘောကောင်းစွာ သံဇကာတွေ တပ်ပေးထားပါတယ်။ ကျနော်လည်း အဲဒီ တဝီဝီအသံကို ကြောက်လွန်းလို့ တံခါး အဖွင့်၊ အပိတ်လုပ်တိုင်း သတိထားပြီး အလျှင်အမြန် အဖွင့်အပိတ် လုပ်တာပါပဲ။

ဒါပေမယ့် ဒီသကောင့်သားတွေက အရမ်းလျင်တယ်ဗျာ။ ကျနော် အဲဒီလောက် သတိထားတဲ့ကြားက မရရအောင်ကို တိုးဝင်လာနိုင်တယ်။ ဒါတောင် ကျနော်က အိပ်ခါနီး မီးမပိတ်ခင် အခန်းတခုလုံးကို စေ့စေ့စပ်စပ် လိုက်စစ်၊ တဝီဝီအသံကို ဂရုတစိုက် နားထောင်၊ တွေ့တာနဲ့ အပြတ်ရှင်း၊ အဲဒီလို အဆင့်လိုက် စီမံကိန်းနဲ့ အကောင်အထည်ဖော်ပြီး ရည်မှန်းချက်ပြည့်ပြီဆိုမှ စိတ်ချလက်ချ မီးပိတ်၊ အိပ်တော့တာ။

အဲဒီ ညကတော့ဗျာ … အတော့်ကို ဆိုးပါတယ်။

ကျနော်ကလည်း ကျနော်ပဲ၊ တော်တော်နဲ့ အိပ်မပျော်ဘူး။ အိပ်မပျော်တဲ့လူတွေရဲ့ ထုံးစံအတိုင်း အတွေးတွေကလည်း ကာလသုံးပါး လှည့်ပတ်လို့ပေါ့။ စိတ်က အိပ်ချင်နေပြီ၊ အိပ်ဖို့လည်း ကိုယ့်ကိုကိုယ် အတိအကျ ဆုံးဖြတ်ပြီးသား၊ အိပ်မက်ကလည်း မက်ချင်နေပြီ။ တခါတခါ အိပ်မက်တွေက အရမ်းလှတော့ ကျနော်က အိပ်မက်တွေကို မျှော်လင့်လေ့ရှိတယ်။

ဒါပေမယ့် မျက်စေ့က အလိုက်မသိစွာ မအိပ်ဘူးဗျာ။ ဘယ်လိုမှကို မအိပ်ဘူး။ ကျနော်မှာ အိပ်မပျော်သေးမှန်း သိသိကြီးနဲ့ အိပ်မက်မက်သလိုလို ကိုယ့်ကိုယ်ကို ဟန်ဆောင်နေရတယ်။ မရပါဘူး၊ တခါပြန်ထ၊ ရေသောက်၊ အိမ်သာတက်၊ ဆေးလိပ်တလိပ်ကုန်အောင် သောက်၊ ပြန်အိပ်၊ ဟိုလှိမ့်၊ ဒီလှိမ့်၊ မှောက်လိုက်၊ လှန်လိုက်၊ စောင်းလိုက်။ အိပ်ယာပေါ်ရောက်တာ နှစ်နာရီကျော် သွားပြီ။ မျက်လုံးနဲ့ စိတ်နဲ့ အခုထက်ထိ ညှိလို့ မရသေးဘူး။ တခါ ပြန်ထ၊ အခုန အစီအစဉ်အတိုင်း ပြန်လုပ်။ ပြန်ညှိ။

အဲ … အဲဒီအချိန်မှာ စတော့တာပဲဗျို့။ စဉ်းစားကြည့်၊ ကျနော် အိပ်ယာပေါ်ရောက်တာ ကြာလှပြီ၊ ပထမတုန်းက ဘာသံမှ မကြားရဘဲနဲ့၊ ခုမှ … ။

“ဝီ … ဝီ … ဝီ … ဝီ”

ပေပြီးနေပလိုက်တယ်။ နားထဲထိ တိုးဝင်တော့မလို။ ဟိုဖက်လှည့်၊ လက်နဲ့ ရမ်း၊ အိပ်စမ်းကွာ။

“ဝီ … ဝီ … ဝီ … ဝီ”

အသံပိုကျယ်လာတယ်။ အရေအတွက် ပိုများလာတယ်။ ကျနော် ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ ဝုန်းခနဲ ထထိုင်၊ မီးခလုတ်ကို ချောက်ခနဲ ဖွင့်၊ နားစွင့်။

ဟော … ပျောက်သွားတယ်။ အသံ ငြိမ်သွားတယ်။

ဒီလိုမျိုးနဲ့တော့ ဘာရလိမ့်မလဲ။ ကျနော့်ရဲ့စီမံကိန်းတွေအဆင့်တွေကို အကောင်အထည် ဖော်တော့တာပေါ့။ တွေ့ပြီ … တကောင်။ သူများအခန်းတွေက အသံကြားမှာစိုးလို့ လက်ဝါးနဲ့ မရိုက်ရဲဘူး။ အနားအသာ ကပ်၊ လက်ချောင်းလေးနဲ့ ဖိသတ်ဖို့ ကြိုးစား။ လျင်လိုက်တဲ့ ကောင်။ ဝီခနဲ အသံပြုပြီး ပျံပြေးတယ်။ ကျနော်ကလည်း မျက်လုံးကို တောင်ပံတက်ပြီး လိုက်တာပေါ့။ Survival Course တက်ထားတဲ့ကောင် ထင်ပါရဲ့ဗျာ။

ကျနော် လက်လှမ်းမမီနိုင်တဲ့ ခပ်မြင့်မြင့်မှာ သွားနားနေတယ်။ ကျနော်ကလည်း အသာထိုင်ပြီး ဒီကောင့်ကို စောင့်ကြည့်နေတာပေါ့။ ထပျံတာနဲ့ လိုက်ဖို့အဆင်သင့်။ အဲ့ဒီအချိန်မှာ နောက်တကောင် ထပ်လာတာပဲ။ စစ်မျက်နှာ နှစ်ခုဖြစ်သွားပြီ။ နားနေတဲ့အကောင်ကို တချက်ချက် ပြန်ကြည့်၊ ဒုတိယ စစ်မျက်နှာကို ရင်ဆိုင်။

ဟော … နားပြီ။ မီတယ်၊ ကဲ …

“ထောက်”

လက်ညှိုးနဲ့ထိမိတဲ့ အုတ်နံရံတောင် ဆေးနည်းနည်း ကွာသွားတယ်။

ဒီကောင်ကလည်း သင်တန်းဆင်းပဲ။ ပထမအကောင်နဲ့ မလှမ်းမကမ်းမှာ သွားနားတယ်။ ပထမ အကောင်ကလည်း အဲ့ဒီ နေရာက မရွှေ့ဘူး။ အသာအယာထိုင် ငြင်ငြင်သာသာ လှုပ်ရှားပြီး ဆေးလိပ်တလိပ် မီးညှိသောက်၊ မျက်လုံးက မခွာတမ်း။

သောက်လက်စဆေးလိပ် တဝက်လောက်အရောက် ခြုံခိုအတိုက်ခံလိုက်ရတယ်။ ဒီတခါ ဘာသံမှ မကြားရဘဲနဲ့ လည်ပင်းမှာ စူးခနဲ ဖြစ်သွားတာ။ ကျင့်သားရနေတဲ့လက်က ချက်ချင်းပဲ မြောက်တက်သွားတယ်။

“ဖြတ်”

“ဝီ … … ဝီ … …”

ဒေါသတွေ ပစ္စိဖိတ်သမုဒ္ဒရာမှာ လှိုင်းထသွားတယ်။

လွဲတယ်ဗျာ။ အရိုက်ခံလိုက်ရတဲ့ လည်ပင်းသာ နာသွားတယ်။

ရှေ့မှာ … ထပ်လိုက် … ထပ်ရိုက် … ထပ်လွဲ … လိုက် … လိုက် … လိုက် …

ဟား … ဒီကောင်တွေ သင်တန်းတခုတည်း ဆင်းထားတာဗျ။ သုံးကောင်သား မလှမ်းမကမ်းလေး နားနေလေရဲ့။

ကဲ … လှိုင်းတွေကို နည်းနည်းငြိမ်အောင် ကြိုးစား၊ ဒီအချိန်မှာ စိတ်လှုပ်ရှားလွန်းလို့ မရဘူးဆိုတာ အတွေ့အကြုံအရ သိနေတယ်။ သတိထား၊ အသက်မှန်မှန်ရှု၊ အကြောတွေ လျော့ထား၊ အာရုံကို စုစည်း၊ မျက်တောင် မခတ်မိစေနဲ့။

စပြီ …။ တကောင် … လိုက်ထား။

အဲဒီကောင်ကို မျက်ခြေပြတ်သွားလို့ ဟိုနှစ်ကောင်ကို လှမ်းကြည့်လိုက်တော့ တကောင်မှ မရှိတော့ဘူး။ အခုမှ တကယ့်ပွဲ။ ဘာရမလဲဗျာ။ မိုးလင်းသွားပလေ့စေ။

ပထမဆုံး နောက်ထပ် ခြုံခိုအတိုက်မခံရအောင် ဝင်လာနိုင်တယ်လို့ထင်ရတဲ့ အပေါက်တွေ အကုန် ပိတ်လိုက်တယ်။ ပြီးတော့ အပေါ်အင်္ကျီကို ချွတ်လိုက်တယ်။ ဒီကောင်တွေကို နေရာပိုပေးပြီး မျှားလိုက်တာလေ။ လာကြစမ်း … …

လာတယ် … ရိုက်တယ် … လွဲတယ် … နားပြီ … ဖိတယ် … လွဲတယ် … ဟိုမှာ တကောင် … တောက်တယ် … လွဲတယ်။

အချိန်ဘယ်လောက် ကြာသွားမှန်း မသိဘူး။ ဒီကောင်တွေကလည်း သတ္တိကြောင်တွေ။ ကျနော် တကယ်လုပ်မှန်းသိတော့ ဘယ်ချောင်သွားနားမှန်း မသိဘူး။ ဘာသံမှလည်း မကြားရတော့ဘူး။

ဟော … ခုမှပဲ၊ ညှိနေတဲ့စိတ်နဲ့ မျက်စေ့ တည့်သွားတယ်ထင်ပါရဲ့။ ခဏထိုင်နားလိုက်တာ ငိုက်ကျလာတယ်။ ဟေး … တောင့်ထားဦး။ မိုးလင်းချင်လင်းပစေ၊ တရေးမှ မအိပ်ရရင် နေပလေ့စေ၊ ဒီကောင်တွေနဲ့တော့ စာရင်းရှင်းမှ ဖြစ်မယ်။

အား … မရတော့ဘူးဗျာ။ ဗျူဟာပြောင်းရတော့မယ်။ ဒီကောင်တွေကို ဒီည ပေးကျွေးလိုက်တော့မယ်။ မနက်ကျရင် ဒီကောင်တွေ ပျံဖို့နေနေသာသာ လမ်းတောင် ကောင်းကောင်းလျှောက်နိုင်မှာ မဟုတ်တော့ဘူး။ အဲ့ဒီကျမှ အသာကောက်စားလိုက် … အိုကေပဲပေါ့။

ကဲ … ဘာတူညီမှုရထားတဲ့စိတ်နဲ့ မျက်စေ့ရဲ့လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်။

*****

အပြင်မှာ အတော်ဆူညံလာမှ မျက်စေ့ပွင့်တယ်။ ပွင့်ပွင့်ချင်း ဟိုကောင် သုံးကောင်ကို သတိရလိုက်တာပဲ။ ချက်ချင်း လူးလဲထ၊ စီမံကိန်းအဆင့်အတိုင်း အကောင်အထည်ဖော်တော့ …

ဟား … ဟား … ဟား … ကျနော် မပြောဘူးလား။

ဖောင်းကားမည်းနက်နေတဲ့ ဗိုက်တွေကို မနိုင့်တနိုင်သယ်ပြီး နံရံပေါ်မှာ တလှမ်းချင်း လှမ်းနေကြလေရဲ့။ သင်တန်းက သင်ပေးလိုက်တဲ့ နောက်ဆုံးသင်ခန်းစာကို ဒီကောင်တွေ မလိုက်နာနိုင်တော့ဘူးလေ။ နင်းကန် စားထားတယ်လေဗျာ။

လာ … တကောင် … “ဇွိ” …

နောက်တကောင် ... “ဇွိ” …

လွယ်လိုက်တာဗျာ။

ညကကုန်သွားတဲ့ အချိန်တွေကိုတောင် ပြန်နှမျောမိသေး။ အစောကြီးကတည်းက ဒီဗျူဟာကို ကျင့်သုံးလိုက်ရမှာ။ ကျနော်ကိုက ညံ့တာပါ။ ။

သရုပ်ဖော်ပုံ - အင်တာနက်

No comments: