Saturday, November 28, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၉)

ကျနော်တို့ အခန်းထဲရောက်တော့ ဘဝတူနိုင်ငံရေးအကျဉ်းသားတွေက ဝိုင်းဝန်းနှုတ်ဆက်ပါသည်။ အခန်းမှာ ပေ ၁၀၀ ခန့် ရှိပါသည်။ သမံတလင်းခင်းပေါ်တွင် သံခြေထောက်အသေစိုက်ပြီး ၆ x ၁ ပျဉ်းကတိုးပြား ၃ ပြား တင်ထားပါသည်။ အကျဉ်းသားတယောက်လျှင် အဆိုပါ ကုတင်တခု။ ကျနော်တို့ရောက်နေသာအခန်းမှာ အကျဉ်းသား ၄၀ ခန့်ရှိပါသည်။ ကျနော်တို့ ၂ ယောက်ကို အစစအရာရာ တတ်နိုင်သမျှ နေဖို့ အိပ်ဖို့ နေရာချ စီစဉ်ပေးသူမှာ ကိုကံကြီး ဖြစ်ပါသည်။ အသက်အာမခံရုံးမှ ဝန်ထမ်းဖြစ်ပြီး အလွန်တက်ကြွသူ၊ ရဲဘော်ရဲဘက်များအပေါ်တွင် အလွန်ပြုစုသူ၊ အားပေးနှစ်သိမ့် တတ်သူ၊ အလွန်ချစ်ခင် နှစ်လိုဖွယ်ရာနှင့် ပြည့်ဝသူဖြစ်ပါသည်။

ဤတိုက်တန်းလျားကြီးမှာ အဆောင်အမှတ် ၃ ဖြစ်ပါသည်။ အောက်ထပ်တွင် ပေတရာရှည်သည့် အခန်းကြီး ၄ ခန်း၊ အပေါ်ထပ်တွင် အခန်းကြီး ၂ ခန်း၊ အခန်းကျဉ်း ၄ ခန်းရှိပါသည်။ အပေါ်ထပ်အခန်းကျဉ်းလေးများတွင် ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်များမှာ ပအိုဝ့်ခေါင်းဆောင်ကြီး ဦးလှဖေ၊ နဂါးနီ ဦးထွန်းအေး၊ တကသ ခေါင်းဆောင် ကိုတင်မောင် ဝင်း (လွှတ်တော်အမတ် ခရမ်းမဲဆန္ဒနယ်၊ နဝတ လက်ထက် ဖမ်းဆီးခံရပြိး အင်းစိန်ထောင်အတွင်း ညှဉ်းပန်းနှိပ်စက်၍ အသတ်ခံရသူ ဖြစ်ပါသည်) ဥက္ကဋ္ဌကြီး မန်းဘဇံ၏ယောက်ဖ ဖထီးမန်းဖရယ်ဒီ၊ ဥက္ကဋ္ဌကြီး မန်းဘဇံ၏သားမက် မန်းစံဝင်း၊ တပ်မဟာ ၅ မှ တပ်မင်း လင်းထင်တပ်မှာ ဖားလူကျော်၊ ဗွိုက်(စ)ခွာ၊ ဝေထူး၊ ခွန်ဘဆွေ အခြားအမည်များ မမှတ်မိတော့ပါ။

ကျနော်တို့နေသော အခန်းကြီးမှာ အောက်ထပ် အခန်းနံပါတ် ၇ ဖြစ်ပါသည်။ အခန်းကြီးများမှာ တနေ့ ရေချိုး တနာရီ ရပါ သည်။ အခန်းကျဉ်းမှာ နာရီဝက်ရပါသည်။ အောက်ထပ်အခန်းကြီး ၅ တွင် ဒေါက်တာ မင်းသိန်း၊ အခန်း ၆ တွင် ကိုကျော်နိုင်(စာရေးဆရာ ထက်မြတ်)၊ အပေါ်ထပ်အခန်းကျယ်တွင် ကိုကြီးအောင်၊ ထရန်ဗန်ဝမ်း၊ ကိုရဲမြင့်တို့နှင့် ဤ အဆောင် ၃ တွင် ပြန်ဆုံကြပါသည်။ အခြားသူများမျာ ဗကသ ကျောင်းသား ခေါင်းဆောင်ဟောင်း ဘိုကလေး ကိုလှကြည် (တောခိုပြီး မြစ်ဝကျွန်းပေါ်ဘက်တွင် ပြန်မိသူ)၊ ဦးနေဝင်း၏ ကိုယ်ရံတော် ဗိုလ်ကြီး ကျော်စွာမြင့်၊ တောခိုမှုကြောင့် အဖမ်းခံ ခဲ့ရသည့် ဗိုလ်ကြီးကျော်စွာမြင့်၏ မိတ်ဆွေများ၊ ဤ ၃ ဆောင်တွင် နိုင်ငံရေးအရောင်အသွေး စုံလှပါသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ၊ ဗလညဖ၊ ဗကသ၊ တကသ၊ ရကသ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ အမှုထမ်း၊ ကုန်သည်၊ သာမန်ပြည်သူစသည်ဖြင့် အမျိုးအလွှာစုံလှပါသည်။

တော်လှန်ရေးကောင်စီလက်ထက်၊ မဆလ လက်ထက်၊ အာဏာဓားပြတိုက်ပြီး မင်းမူသောင်းကျန်းသည့် ခေတ်တွင် သူတို့ မထင်လျှင်မထင်သလို ဘာမဟုတ်သည့်ကိစ္စနှင့်လည်း ဖမ်းပါသည်။ ကျနော်တို့ ၃ ဆောင်တွင် အတူနေခဲ့ကြသည့် သူ့အမည်ကို ကျနော်မေ့နေပါသည်။ အခန်း ၅ တွင်နေသည်။ ဋ္ဌာနတခုမှ ဝန်ထမ်း တဦးဖြစ်သည်။ ပြည်ထောင်စုနေ့ အတင်းအကျပ် မချီတက်မနေရသောကြောင့် သူသည်လည်း ချီတက်သူများ အကြားတွင် ပါခဲ့သည်။ သူရာရေ စိတ်ကြွဆေး မှီဝဲလာသည့်အတွက် ခြေကလည်း သွက်၊ အာကလည်း သွက်လှပါသည်။ ချီတက်လာသည့်လူတန်းကြီး၏ ရှေ့ဆုံးမှ ဒိုးပတ် အိုးစည်အဖွဲ့ထဲတွင် ကလိုက်၊ ဆိုလိုက်နှင့် ချွေးလေးစို့စို့ ဖြစ်လာပါသည်။ ဆိုရင်း ကရင်း မြူးထူးရွှင်ပြ စိတ်ကြွလာခြင်းကြောင့် သူ့ခေါင်းထဲတွင်ပေါ်လာ သည့် သံချပ်တခုကို ကောက်ခါငင်ကာ ထိုးလိုက်ပါသည်။

“ပင်လယ်ရေတွေ ပေါတယ်၊ ပေါတယ်။ ဆားတွေ ရှားတယ်၊ ရှားတယ်” သူက စတင်ပေးလိုက်တော့ သူ့လိုပဲ အူမြူးနေသူ တသိုက်က အတိုင်အဖောက်နှင့် အတော်ပင် သိုက်မြိုက်ဆူညံလာပါသည်။ ဤတွင် အနီးကပ် လိုက်ပါလာကြသည့် ထောက်လှမ်းရေးများက ဆွဲလိုက်ပါတော့သည်။ ပင်လယ်ရေတွေ ပေါတယ်။ ဆားတွေ ရှားတယ် ဆရာကြီး အင်းစိန် နှိပ်စက်ညှဉ်းပန်း အကျဉ်းစခန်းတွင် မိဝေးဖကွာ ညာတကာနှင့် ကင်း၊ စိတ်ဆင်းရဲကြီးစွာဖြင့် ၅ နှစ်ကြာညောင်းသည်အထိ ချုပ်နှောင်ညှဉ်းဆဲခြင်း ခံခဲ့ရလေသည်။

ထိုစဉ်က ဆားကို တော်လှန်ရေးကောင်စီက ချုပ်ကိုင်ကန့်သတ်ထားသည့် ကုန်ပစ္စည်းများထဲတွင်ပါခဲ့ပြီး ဆား အလွန်ရှားပါးနေသော အချိန်ဖြစ်သည်။

ရေချိုးနှင့်ထမင်းစားမှ တခန်းချင်းအလှည့်ကျ လှည့်သွားပါသည်။ ရေချိုးထွက်ချိန်တွင် လက်လုပ် ဘော်လီဘော ဖြင့် ဘောလီဘောဖြင့် ဘောလီဘောပုတ်သူ၊ ခြင်းခတ်သူ၊ စိုက်ပျိုးရေးလုပ်သူ၊ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်ကြပါသည်။ အဆောင်တွင် အုန်းဆံမွေ့ရာတခု၊ ခြင်ထောင်တခု၊ ကျူထရံကွက် အပြာရောင် ပုဆိုး ၂ ထည်၊ အင်္ကျီလက်တိုအဖြူ ၂ ထည်၊ မနက်နှင့်နေလည်တွင် ကော်ဖီတိုက်သည်။ တလအတွက် တယောက်ကို ဆေးလိပ်တရာ၊ ဆေးလိပ်မသောက်သူ မုန့်တထုတ်၊ မနက်စာ ပဲဟင်း၊ ငပိရည်၊ တို့စရာ၊ ညနေဘက်တွင် အသားတမျိုးနှင့် ဟင်းချို၊ ထမင်းဝိုင်းတွင် တူရာတူရာ ကိုယ့်အသိုင်းအဝိုင်းနှင့် ၄ ယောက်တတွဲ၊ ၃ ယောက်တတွဲ စားကြပြီး မိမိပုံစံဟင်းခွက်ထဲမှ အသားတဖတ်စီခွဲထားပြီး ညနေထမင်းစားပြီးနောက် မိုးချုပ်စတွင် စောစောက စုထားသော အသားတဖတ်စီကိုစုလိုက်ပြီး စိုက်ထားသော ဟင်းသီး ဟင်းရွက်ထဲမှ ပန်းဂေါ်ဖီဖြစ်စေ၊ မုံလာဥဖြစ်စေ၊ တခုခုနှင့်ရောသုတ်ပြီး ထောင်မှ ညနေဘက်ပေးလာသည့် ရေနွေးကြမ်းနှင့် ကိုယ့်အသိုင်းဝန်းနှင့်ကိုယ် ဝိုင်းဖွဲ့၊ စာဖတ် (သို့) နိုင်ငံရေးအကြောင်းအရာတခုခုကို ဆွေးနွေးမှုပြုပါသည်။ ထောင်ထဲတွင် လုပ်သားပြည်သူ့နေစဉ်၊ ရှေ့သို့စာစောင်၊ လမ်းစဉ်ဂျာနယ်၊ နိုင်ငံတကာရေးရာ သတင်းစဉ် စသည်တို့ကို ထောင်က ပေးပါ သည်။ မိမိကိုယ်ပိုင်ငွေရှိသူတို့က ရှုမဝ၊ သွေးသောက်၊ မြဝတီ၊ ငွေတာရီ မဂ္ဂဇင်းများကို မှာ၍ရပါသည်။

ထိုစဉ်အချိန်ကာလက ထောက်လှမ်းရေးမှ အဖမ်းခံခဲ့ရသူများ၏ မိဘ ဆွေမျိုး သားမယားများ ထောင်ဝင်စာ လာတွေ့မရပါ။ မိဘဆွေမျိုးများက စာ၊ ငွေနှင့် ပစ္စည်းပို့ချင်လျှင် စစ်ရုံးချုပ်သို့ သွားပို့ရပါသည်။ စစ်ရုံးချုပ် ထောက်လှမ်းရေးမှ စိစစ်ပြီး ထောင်သို့တဆင့် ပို့ပေးပါသည်။ ကျနော်တို့ခေတ်က ရရှိခဲ့သော ခြောက်တီး ခြောက်ချက် နိုင်ငံရေးအကျဉ်းသား အခွင့်အရေးများမှာ ယခု နဝတ၊ နအဖ လက်ထက်တွင် လုံးဝမရရှိတော့ပါ။ နိုင်ငံရေးအကျဉ်းသားများကို ဂျပိုး၊ သူခိုး၊ ကလေကလွင့်လို သဘောထားပြီး ထောင်ကျ ရာဇဝတ်အကျဉ်းသား များနှင့် ရောနှောပြီး တတန်းတစားတည်း ဆက်ဆံပါ သည်။ နိုင်ငံရေးအကျဉ်းသားများကို နည်းမျိုးစုံဖြင့် အောက်တန်းကျ ရက်စက်ယုတ်မာစွာ ညှဉ်းဆဲ၊ နှိပ်စက်၊ သတ်ဖြတ် လျက်ရှိနေသည်မှာ မိဘပြည်သူများ အမြင်အကြားပင်ဖြစ်ပါသည်။

အိမ်မှ ငွေနှင့် ပစ္စည်းပို့ခွင့်ရသူများမှာ ကိုကံကြီး၊ ကိုထင်ရှိန်၊ ကိုမြင့်သောင်း တို့ဖြစ်ပါသည်။ ကျနော်တို့အားလုံး အတွက် တတ်အားသမျှ မှာပေးပါသည်။ ပို့လာသောငွေကို ထောင်မှစာရင်းဖွင့်ပေးပါသည်။ အဆောင်တွင် မနက်ထမင်းစားပြီး နေ့လည်လောက်တွင် လုပ်သားပြည်သူ့သတင်းစာကို အဆောင်သို့ လာပို့ပါသည်။ သတင်းစာကို ကိုအောင်ကိုး (ငွေစာရင်း မင်းကြီးရုံး) က အမြဲဒိုင်ခံဖတ်ပြပါသည်။ သူ၏သတင်းစာဖတ်ပုံမှာ ပြတ်သား ရှင်းလင်လှပါသည်။

၁၉၆၈ ခုနှစ် တောင်ဗီယက်နမ် အမျိုးသားလွတ်မြောက်ရေးတပ်ဦး (တက်) နှစ်သစ်ကူးပွဲတော် အထွေထွေ ထိုးစစ်သည် ကမ္ဘာကျော်ခဲ့ပေသည်။ ဆိုင်ဂုံမြို့ရှိ အမေရိကန်သံရုံးကို တပ်ဦးတို့က ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ သံရုံးအဆောက်အဦ ၈ ထပ်တွင် အောက်ထပ် ၅ ထပ်ကို သိမ်းပိုက်မိခဲ့ပေသည်။ အမေရိကန် သံအမတ်ကြီး ဘေကာ သည် ခွေးပြေးဝက်ပြေး အပြေးရုံတမယ် အစောင့်အကြပ် ထူထပ်စွာဖြင့် ဒရောသောပါး ထွက်ပြေးခဲ့ရလေသည်။ သံရုံးကိုလည်း အမေရိကန် ရိန်းဂျားများက ခေါင်မိုးပေါ် ရဟတ်ယာဉ်ဖြင့် အတင်းဆင်း၍ အသေအလဲ ပြန်လည်တိုက်ခိုက်ယူခဲ့ရပေသည်။

ဆိုင်ဂုံ မြို့လယ်ခေါင်တွင်လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့လေသည်။ ဆိုင်ဂုံမြို့ ချိုလုံ တရုတ်တန်း ရပ်ကွက်မှာလည်း မြေအောက်တော်လှန်ရေးသမားများ၊ ပြောက်ကျားရဲဘော်များကို မည်သို့မျှ ရှင်းထုတ်၍ မရသည့်အတွက် ဗုံးကြဲလေယာဉ်ကြီး များဖြင့် ဗုံးကြဲ၊ တင်ကားမှ အမြောက်တွေနဲ့ထုလိုက်သည်မှာ ချိုလုံ တရုတ်တန်းရပ်ကွက်တခုလုံး ပြားပြားဝပ် ဖြစ်သွားခဲ့ရ လေသည်။

‘တက်’ နှစ်သစ်ကူ အထွေထွေထိုးစစ်နှင့်တပြိုင်တည်း တောင်ဗီယက်နမ် မြောက်ပိုင်းလမ်းငါးသွယ်ဆုံသည့် မြောက်ဗီယက် နမ် မှ တောင်ဗီယက်နမ်သို့ ဆက်သွယ်သည့် အချက်အခြာလမ်းဆုံတွင် စခန်းချ ထိန်းချုပ် ထားသော အမေရိကန် (ခေဆမ်) စစ်စခန်းကြီးအား တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ပေသည်။ ခေဆမ် စစ်စခန်းကြီး တွင် လေယာဉ်ကွင်းပါ ပါရှိပြီး ခေတ်မီ စစ်စခန်းကြီး ဖြစ်လေသည်။ စခန်းကြီးအား ကာကွယ်စောင့်ရှောက် ထားသော အမေရိကန်စစ်အင်အား ၃ ထောင်ခန့် ရှိလေသည်။

ခေဆန် စခန်းကြီးအား တပ်ဦးတို့က ၂ လကျော်ကြာဝိုင်းပတ် ထိုးစစ်ဆင်ခဲ့ပေသည်။ စစခန်းတွင်းရှိ ကာကွယ် စောင့်ရှောက်ထားသော အမေရိကန်စစ်သားများအား ကယ်တင်နိုင်ရန်အတွက် ဘီ ၅၂ သေနင်္ဂဗျူဟာ ဗုံးကြဲ လေယာဉ်ကြီးများ အပါအဝင် တင်ကား သံချပ်ကာကားများနှင့် ခေတ်မီစစ်ယန္တယား အစုံအလင်ဖြင့် ဗိုလ်ချုပ်ကြီး ဝတ်စမိုးလင်း ကိုယ်တိုင် ဦးစီးပြီး အမေရိကန်စစ်သား ၂ သောင်းကျော်အသုံးပြု၍ မီးကုန်ယမ်းကုန် ထိုးစစ်ဆင်ကာ ကယ်တင်ခဲ့ရပေသည်။ တောင်ဗီယက်နမ် လွတ်မြောက်ရေးတပ်ဦးနှင့် တောင်ဗီယက်နမ်တို့၏ ခြိမ့်ခြိမ့်သဲ အောင်ပွဲသည် ကျနော်တို့ အင်းစိန်ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် ဧရာမ စိတ်ဓာတ်ခွန်အားကိုဖြစ်စေ၊ တက်ကြွလန်းဆန်းစေပါသည်။

ဆက်လက်ဖော်ပြပါမယ်။

No comments: