Sunday, November 29, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁၀)

အတွင်းအပြင် ချိန်ကိုက် ဖိနှိပ်ရေးထိုးစစ်

ပြည်တွင်းတွင်လည်း ၁၉၆၈ ခုနှစ်တဝိုက်မှစပြီး မြစ်ဝကျွန်းပေါ်တွင် ရွှေလင်းယုန်၊ မိုးဟိန်း စစ်ဆင်ရေးများဖြင့် ဖြတ်လေးဖြတ် ထိုးစစ်ကို အရက်စက်၊ အကြမ်းတမ်းဆုံး၊ အပြင်းအထန် ထိုးစစ်ဆင်ခဲ့လေသည်။ KNUP နှင့် CPB ကို အဓိက ထိုးစစ်ဆင်ခဲ့သည်။

တော်လှန်ရေးသမားများအား ထမင်းကျွေးသူ၊ လက်ခံသူကို သတ်။ ဖွက်ထားသူကို သတ်။ လမ်းပြသူကို သတ်။ မော်တော်နောက်မြီးတွင်ချည်၍ မြစ်ထဲတွင် မော်တော်မောင်းပြီး သတ်ခြင်း၊ ခြေလက်ချည်ပြီး ဂုံနီအိတ်ထဲထည့် ခဲဆွဲပြီး အရှင်လတ်လတ် မြစ်ထဲပစ်ချ ရေနှစ်သတ်ခြင်း၊ အရှင်လတ်လတ် မြစ်ထဲပစ်ချ ရေနှစ်သတ်ခြင်း၊ အရှင် လတ်လတ် မြေမြှုပ်သတ်ခြင်း၊ လက်ပြန်ကြိုးချည်ပြီး သစ်ပင်ပေါ်တွင်ဆွဲပြီး ကြိုးဖြုတ်ချ၊ ခြေ လက် ခါး ကျိုးသွားသောအခါ သတ်ပစ်ခြင်း၊ ခြေတောက် ဇောက်ထိုးဆွဲပြီး လှည့်၊ ရိုက် အဲဒါကို ဟယ်လီကော်ပတာ စီးသည်ဟု ပြောသည်။

ဖမ်းမိလာသော တော်လှန်ရေးသမားများနှင့် မသင်္ကာသူများကို ဗျူဟာ (သို့) စစ်ကြောင်းရုံးသို့ခေါ်လာရာတွင် စစ်ဆေးဖို့အတွက် စာရွက်မရှိဘူး၊ အချိန်မရှိဘူးဟုပြောလျက် လက်စသတ် ဖျောက်ပစ်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်သတ်ပစ်ခြင်း စသည်ဖြင့် မဖော်ပြနိုင်လောက်အောင် ကရင်အမျိုးသားများအပေါ်တွင် အရက်စက် အပြင်းထန်ဆုံး လူမျိုးရေး မုန်းတီးမှု၊ လူမျိုးရေး ကလဲ့စားချေမှု၊ လူမျိုးရေး မျိုးဖြုတ်မှု အစီအစဉ်ဖြင့် စနစ်တကျ သုတ်သင်သတ်ဖြတ်လေတော့သည်။

မြစ်ဝကျွန်းပေါ် ဖြတ်လေးဖြတ်ကာလအတွင်း မြစ်ချောင်းရိုးတလျှောက် လှေကြီးလှေငယ်များ ရေထဲတွင် မရှိရ။ ကမ်းပေါ် ဆွဲတင်ထားရသည်။ ဆယ့်လေးငါးမိုင် ကျယ်ဝန်းသည့် ခြံစည်းရိုးခတ်၊ လက်တကမ်း ကင်းစောင့်၊ ခြံစည်းရိုးနားကပ်လျင် ပစ်သတ်၊ စပါးရိတ်ချိန်၊ စပါးတွေရင့်မှည့်နေသော်လည်း စပါးတွေ မည်သူမျှ မထွက်ရိတ်ရ။ သည့်အတွက်ကြောင့် စပါးများ ကြွေကျ လေလွင်ကုန်သည်။ ခြံစည်းရိုးခတ်ထားသည့် ဆယ့်လေးငါးမိုင်အတွင်း လူထုကို ရှေ့ကမောင်းတင်ပြီး စစ်တပ်က နောက်ကလိုက်လျက် ကိုင်းတော၊ ခြုံတောတွေကို လိုက်လံရှင်းလင်း။

၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ရန်သူ၏မြစ်ဝကျွန်းပေါ် ဖြတ်လေးဖြတ် ပိတ်ဆို့ရေးတွင် ရန်သူကို အညံ့မခံ အလံမလှဲဘဲ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့ကြသော ကရင်မျိုးချစ် အာဇာနည်သူရဲကောင်းများမှာ KPLA တပ်ရင်း ၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သောင်းညွန့်၊ ‘တချက် တကောင် ချစ်လေးမောင်’ အဖြစ် နာမည်ကျော် ကြားထင်ရှားခဲ့သည့် KPLA တပ်ရင်း ၂ တပ်ခွဲမှူး ဗိုလ်ကြီး ချစ်လေးမောင်၊ KPGF တပ်ရင်း ၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကွက်ကော့၊ KPGF တပ်ရင်း ၆ တပ်ခွဲမှူး ဗိုလ်ကြီးသန်းရှိန်၊ KPGF တပ်ရင်း ၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဂါးမင်း၊ တပ်မဟာမှူး ဗိုလ်မှူးကြီး ဖန်းရှောင်း၊ ဗိုလ်မှူး စောဂျက်၊ အမှတ် ၇ ခရိုင်အတွင်းရေးမှူး မန်းအယ်ရှောင်း (ခ) မန်းဘခင်၊ ပန်းတနော်မြို့နယ် ဥက္ကဋ္ဌ မန်းရှန်ဖောင်းနှင့်တကွ ကရင်မျိုးချစ်တပ်မှူး တပ်သား မြောက်များစွာတို့သည် သူရဲကောင်းပီသစွာ ကျဆုံးပီသစွာ ကျဆုံးသွားခဲ့ကြသည်။

အလားတူစွာပင် ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်ဗိုလ်ဦး နှင့် မိသားစုများ တပ်မှူးတပ်သားများတို့သည် ရန်သူကို အညံ့မခံ အရှုံးမပေးဘဲ ရဲရင့်သည့်သံဓိဋ္ဌာန်ဖြင့် ပြည်သူတို့အတွက် အသက်ပေးလှူခဲ့ကြလေသည်။

၁၉၆၈ ခုနှစ်ထဲတွင် ပဲခူးရိုးမ အောင်စိုးမိုးစစ်ဆင်ရေးတွင် ကွန်မြူနစ်ပါတီ နှင့် KNUP ကို ဖြတ်လေးဖြတ် ထိုးစစ်ဆင်ခဲ့ပေသည်။ ၁၉၆၈ ခုနှစ်တွင် ကွန်မြူနစ်ပါတီ၊ ပြည်သူ့လွတ်မြောက်ရေး စစ်ဦးစီချုပ် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ဇေယျသည် ပြည်သူတို့အတွက် အသက်ပေးလှူခဲ့သည်။

၁၉၆၈ ခုနှစ် စက်တင်ဘာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်းအား ထောက်လှမ်းရေးမှ လွှတ်လိုက်သည့် လုံတတ် (ခ) ကြုံတိတ် (ခ) မောင်မြသည် သခင်သန်းထွန်းအား လုပ်ကြံခဲ့လေသည်။

အလားတူစွာပင် ၁၉၇၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် KNUP အထွေထွေအတွင်းရေးမှူး ဗိုလ်ကျင်ဖေသည် ပြည်သူတို့အတွက် အသက်ပေးလှူခဲ့သည်။ ထိုကဲ့သို့ လက်နက်ကိုင်တော်လှန်ရေးအား စစ်ရေးဖြင့် အပြင်းအထန် ထိုးစစ်ဆင်ခြင်းနှင့်အတူ အင်းစိန်ထောင်တွင်းတွင်လည်း နိုင်ငံရေးအကျဉ်းသားများအား အထွေထွေဖိနှိပ်မှုကို ပြုလုပ်ခဲ့လေသည်။

၁၉၆၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ တွင် နိုင်ငံရေးအကျဉ်းသားများအားထားသည့် ၃၊ ၄၊ ၅ ဆောင်များမှ နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော်ကို ည ၁၀ နာရီ အချိန်လောက်တွင် တဆောင်လုံး မီးပိတ်လျက် ထောက်လှမ်းရေး များ၊ ထောင်ဝါဒါများ၊ စစ်သားများ၊ စစ်ခွေးများဖြင့် အဆောင်အတွင်းသို့ အသီးသီး ဝင်ရောက်လာလျှက် နာမည်တပ်၊ စောင်အုပ်ခေါ်ထုတ်သွားကြသည်။ အပြင်ဘက်သို့ ရောက်သည့်အခါတွင် ထောက်လှမ်းရေး၊ ဝါဒါနှင့် စစ်သားများက ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ကန်ကြောက်ကြလေသည်။

ထုတ်၍ ညှဉ်းပမ်းနှိပ်စက်ခံရသူများမှာ လူမဆန်စွာ တိရိစ္ဆာန်ကဲ့သို့ ရိုက်နှက်ညှဉ်းဆဲခံခဲ့ရလေသည်။ ထို ညှဉ်းဆဲခံရသူများထဲတွင် ဒုတိယကမ္ဘာစစ်ကြီအတွင်းက သမတ မန်းဝင်းမောင်၊ ဗိုလ်မှူးချစ်ကောင်းနှင့် လေထီးအတူဆင်းခဲ့သည့် လေထီး ဗိုလ်အုန်းမောင်မှာ နံရိုး ၃ ချောင်း ကျိုးသွားခဲ့လေသည်။ ပြည်သူ့တိုးတက်ရေးပါတီမှ ဦးကြည်ညွန့်မောင်မှာ သရက်ရွက် ပျက်သွားခဲ့သည်။

အခြားခေါင်းဆောင်များမှာ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ သခင် ခင်အောင်၊ ပြည်သူ့တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်မြင့် (နဝတ စစ်အစိုးရလက်ထက်တွင် ဖမ်းဆီးခံရပြီးနောက် အင်းစိန်ထောင်ထဲတွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်) ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုစိန်ဝင်း (နဝတ စစ်အစိုးရ လက်ထက်တွင် အင်းစိန်ထောင်ထဲတွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး သေဆုံး သွားသည်) မန်းဒါဝိတ် (ABKO မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားအဖွဲ့ချုပ် ဗဟိုကော်မတီဝင်၊ နဝတ စစ်အစိုးရလက်ထက်တွင် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်ထဲတွင် အလားတူ ညှဉ်းဆဲသတ်ဖြတ်ခံခဲ့ရသည်) မန်းအောင်ကြည် (ABKO အတွင်းရေးမှူး)၊ စောမောင်မောင် (ABKO ဗဟိုကော်မတီဝင်)၊ စာရေးဆရာကြီး ဗန်းမော်တင်အောင်၊ စာရေးဆရာကြီး မြသန်းတင့်၊ ကိုဉာဏ်ဝင်း (ရကသ အတွင်းရေးမှူး) ဘိုကလေး ကိုသိန်းဆွေ (တကသ)၊ ဘိုကလေး ကိုလှကြည် (ဗကသ)၊ ဘိုကလေး လှတင်အောင် (တကသ)၊ ပဲခူး ကိုလှရွှေ (တကသ)၊ ကိုထင်ရှိန်၊ ကိုကံကြီး၊ ပဲခူး ကိုတင်အောင်၊ ကိုဖေအောင်၊ ဘဖူးညွန့်၊ ကိုသိန်းထွန်း၊ ကိုချစ်အောင်၊ ကိုမြအောင်၊ ကိုရန်အောင်၊ ကဗျာဆရာ ကိုလေးညွန့်၊ ဗမာ့တပ်မတော်မှ ကိုထွန်းဝင်း (ကျွန်းဖျက်သိမ်းရေး ၅၂ ရက်ကြာ အစာငတ်ခံတိုက်ပွဲတွင် ကျဆုံးခဲ့)၊ ဗမာ့တပ်မတော်မှ ကိုတေဇ၊ ကိုသိန်းလွင်၊ ကိုအုန်းမောင်၊ ကိုလှိုင်တင် တို့ဖြစ်ကြသည်။

ဗမာ့တပ်မတော်(ကြည်း)မှ ကိုအုန်းမောင် (ကျွန်းဖျက်သိမ်းရေး ၅၂ ရက်ကြာ အစာငတ်ခံဆန္ဒပြပွဲတွင် ကျဆုံးခဲ့) ဗမာ့တပ်မတော်(ကြည်း) ဆက်သွယ်ရေးတပ်မှ ကိုအောင်ထီ (လက်နက်ကိုင်တော်လှန်ရေးထဲ ပြန်ရောက်ပြီး ရခိုင်ပြည်တွင် ကျဆုံးခဲ့) တပ်မတော် (ကြည်း) ဆက်သွယ်ရေးမှ ကိုဇော်လွင် စသည့် တပ်မတော် ကြည်း၊ ရေ၊ လေ မှ တပ်မတော်သားများ၊ ဦးလှဖေ ယခုပြည်ပရောက် (RFA ဦးတင့်ဇော်)၊ ပြည်မှ ကျောင်းသားခေါင်းဆောင် ကိုချစ်ဆွေ (၅၂ ရက်ကြာ ကျွန်းဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲတွင် ကျဆုံးခဲ့)၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ ဗဟိုကော်မတီဝင် ဆရာ ရာဂျန်၊ အခြားရဲဘော်များ၊ ခေါင်းဆောင်များအား မမှတ်မိတော့ပါ။

နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်အား ထုတ်ရိုက်ပြီးနောက် ၂ တိုက်၊ ၄ တိုက်၊ ၅ တိုက်၊ ၆ တိုက်၊ ခွေးတိုက်၊ အလုံတိုက် အသီးသီးတွင် ထည့်သွင်းချုပ်နှောင်ထားလေသည်။ ၈ ပေ၊ ၁၀ ပေ အခန်းကျဉ်းလေးထဲတွင် ၆ ယောက်၊ ၇ ယောက် ထည့်သွင်းလှောင်ပိတ်ချုပ်နှောင်ထားသည့်အတွက် ကျပ်တည်းမွန်းသိပ်နေပြီး လွန်စွာ ဒုက္ခရောက်လေသည်။

အခန်းကျဉ်းထဲတွင် လူ ၆ ယောက်၊ ၇ ယောက်အတွက် အညစ်အကြေးစွန့်သော ထောင်အခေါ် ဂန်ဖလား (အင်တုံခွက်) တခုသာရှိ သည့်အတွက် ကျင်ကြီး ကျင်ငယ်ကိစ္စမှာ အတော့်ကို ဒုက္ခရောက်လာပါသည်။ အခန်းထဲတွင် ကျဉ်းကြပ်လှောင်ပိတ်ပြီး အနံ့အသက် ဆိုးရွားလှလေသည်။

လုံးတီးထမင်းနှင့် တနေ့အတွက် ရေတခွက်သာတိုက်သည့်အတွက် စိတ်၏ဒုက္ခ၊ ကိုယ်၏ဒုက္ခမှာ မဖော်ပြနိုင် အောင် လွန်စွာဆိုးရွားလှပါသည်။ ဤ ၁၉၆၈ ခုနှစ် ဧပြီလ အထွေထွေဖိနှိပ်မှုခံခဲ့ရသော နိုင်ငံရေး အကျဉ်းသားများမှာ အချို့မှာ ၆ လခန့်၊ အချို့မှာ ၈ လ၊ အချို့မှာ ၁၀ လ တိုက်ပိတ် ညှဉ်းဆဲခံခဲ့ရလေသည်။ ၁၉၆၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် အင်းစိန်အကျဉ်း ထောင်တခုလုံးရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို တဦးချင်းစီ ထုတ်၍ ကိုယ်ရေးမှတ်တမ်းနှင့် အမှုတွဲအကြောင်းကို ခေါ်ယူစစ်ဆေးခဲ့သည်။

ဆက်လက်ဖော်ပြပါမယ်။

No comments: