Thursday, September 17, 2009

ကျောင်းသား ထောင် တော်လှန်ရေးသမား (၂)


အဲဒီတော့ ခုနက ပြောသလို တက္ကသိုလ်ပရဝုဏ်မှာဖြင့် စစ်တပ်အာဏာသိမ်းမယ်ဆိုတာနဲ့ စပြီးတော့ အဲဒီမုန်တိုင်းအတွက် လေနီကြမ်း စတော့တယ်လို့ ပြောရတော့မယ်။ ဘာကြောင့်လည်းဆိုတော့ မတ်လမှာ အာဏာသိမ်းတယ်၊ ဇွန်လလောက် ကတည်းကစပြီးတော့ တက္ကသိုလ်တွေမှာ ရုတ်ရုတ်ရုတ်ရုတ်၊ လှုပ်လှုပ်လှုပ်လှုပ် စပြီးဖြစ်နေပြီ။

နောက် ဇူလိုင် ၇ ရက် ဆက်ဖြစ်တာပေါ့ဗျာ။ ဇူလိုင် ၇ ရက်ဆိုတော့ ကျနော် ဒီမှာ အကျယ်မပြောတော့ပါဘူး။ ကျနော်တို့ မန္တလေးကလူတွေအနေနဲ့ ဇူလိုင် ၇ ရက်မှာ ရန်ကုန်လို ပြင်းပြင်းထန်ထန် မခံခဲ့ရဘူး။ ကျနော်တို့တတွေ ရေဒီယို နားထောင်၊ သတင်းပလင်းတွေနားထောင်၊ တယ်လီဖုန်းတွေနားထောင်ပြီး တထိတ်ထိတ်နဲ့ မျှော်ခဲ့ရတာ ကျနော် ဘယ်တော့မှ မမေ့ပါဘူး။

ကျနော့်မိဘတွေရော၊ ကျနော်တို့ သမဂ္ဂအတူလုပ်တဲ့ လူတွေရော အဲဒီသတင်းကို မျှော်ပြီးတော့ စိုးရိမ်တာပဲ တတ်နိုင်တယ်။ ဘယ်လိုမှလည်း အဆက်အသွယ်က မရ။ အဲဒီကြားထဲမှာ ပြတ်တောင်းပြတ်တောင်းဝင်လာ တဲ့ ‘တော်လှန်ရေးကောင်စီ’ ဆိုတဲ့ စစ်အစိုးရရဲ့ ကြေညာချက်တွေကလည်း စော်ကားမော်ကား။ အဲဒီနေ့ရက်များဟာ ကျနော့်ဘဝမှာ မမေ့နိုင်တဲ့နေ့ရက်များ ဖြစ်ပါတယ်။

ကျနော် ထပ်ပြောပါမယ်။ ၆၂ ခုနှစ် အာဏာသိမ်းပွဲမှာ ပထမဆုံး အစတေးခံရတာလည်း ကျောင်းသားတယောက်ပါ။ အဲဒါကတော့ အရင် သမတကြီးဟောင်း စဝ်ရွှေသိုက်ရဲ့သား၊ အသက် ၁၇ နှစ်သာရှိသေးတဲ့ စဝ်မီမီသိုက်ဟာ လေသေနတ် လို သေနတ်လေးကိုင်ပြီး ထွက်လာတာကို အောက်က လက်နက်မျိုးစုံတပ်ထားတဲ့ စစ်တပ်ကနေပြီးတော့ တခါတည်း ပစ်ချလိုက်တာ ပွဲချင်းပြီး သေရှာတာပါ။

ဒါကြောင့်မို့လို့ ကျနော့်စိတ်ထဲမှာ ဘယ်တော့မှမမေ့နိုင်အောင် ဒီစစ်အစိုးရဟာ စတက်ကတည်းက ကျောင်းသား ကို သတ်တယ်၊ နောက် တလ နှစ်လပဲရှိသေးတယ် သမဂ္ဂကြီးကို ဖြိုတယ်၊ ကျောင်းသားတွေ အများကြီးကို သတ်တယ် … စကတည်းက ကျောင်းသားသွေးနဲ့ ခြေဆေးပြီးတက်လာတဲ့ စစ်အစိုးရလို့ ကျနော့်ခေါင်းထဲမှာ အမြဲမှတ်မိနေပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဒိုင်းနမိုက်နှင့် ဖြိုခွဲခံခဲ့ရသည့် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦ

၇ ရက် ဇူလိုင်အပြီး သမဂ္ဂကြီးကိုဖြိုဖျက်တဲ့ကိစ္စမှာ အခုအခါကျမှ စစ်အစိုးရက (ဦးနေဝင်းတို့၊ ဦးအောင်ကြီးတို့ အပါအဝင်) ထမင်းရည်ပူ လျှာလွှဲ၊ ကြောက်ကြောက်လန့်လန့်နဲ့ သူ့ပုံချ ငါ့ပုံချ လုပ်နေကြတာ။ စဖြိုကာစတုန်းက သူတို့ပြောတဲ့ မိန့်ခွန်းတွေ ပြန်စဉ်းစားကြည့်ပါ။ နည်းနည်းလေးမှ နောင်တရတဲ့ လေသံ မပါဘူး။ “သူပစ်တာ သူပစ်တာ” လို့ ပြောဆိုနေပေမယ့် “ငါ ပစ်တာ” လို့ တိုက်ရိုက်မပြောရုံတမယ်၊ ဗိုလ်နေဝင်း အဲဒီတုန်းက ပြောတဲ့မိန့်ခွန်းက …။

အဲဒီတုန်းက စစ်အစိုးရဟာ ဘာကြောင့်မို့ ဒီလောက်သဲကြီးမဲကြီးနဲ့ ကျောင်းသားတွေကို နှိမ်နင်းရသလဲဆိုတဲ့ဟာ သေချာ ပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ဟာ ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်ကြွသူ ခေါင်းဆောင်လုပ်ခဲ့သူတွေအားလုံး၊ အားလုံးနော် တယောက်မကျန် ကျောင်းသားပရဝုဏ်ထဲက မောင်းထုတ်ဖို့၊ ဖယ်ပစ်ဖို့ ဒါ့အပြင် မြေပေါ် နိုင်ငံရေးဇာတ်ခုံပေါ်ကနေ ဖယ်ရှားပစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် အဲဒါနဲ့လုပ်တာပါ။

တနည်းပြောရရင် ကျောင်းသားသမဂ္ဂ ကျောင်းသားလှုပ်ရှားမှုအားလုံးကို အငုတ်အမြစ်မကျန်အောင် တူးဖော်ပစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပစ်တာ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးရှိနေသရွေ့ ဒီတသုတ်ဖမ်းလည်း နောက်တသုတ်က တက်ပြီး အဲဒီ ပေါ်မှာ သမဂ္ဂလုပ်နေဦးမှာပဲ။

သူတို့ အဲဒီလိုစဉ်းစားပြီးတော့ ဒီ သမဂ္ဂအဆောက်အဦမရှိမှ အေးမယ်ဆိုပြီး တော့ တမင် သေချာရည်ရွယ်ချက်ရှိရှိ သမဂ္ဂကြီးကို ဖျက်ဆီးပစ်တာပါ။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်းပဲ ကျောင်းသား တွေဟာ အဲဒီလို ရာနဲ့ချီသတ်လိုက်လို့ ကျောင်းသားသမဂ္ဂကြီးကို မိုက်မိုက်ရိုင်းရိုင်း ရက်ရက်စက်စကဖြိုခွဲပြလိုက်လို့ ငြိမ်မသွားပါဘူး။

ကျနော်တို့မန္တလေးမှာလည်း သမဂ္ဂဖြိုတာမျိုး ကျောင်းသားတွေသတ်တာမျိုး မဖြစ်ပေမယ့်လည်း အကုန်လုံး ဖမ်းပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကို။ ကျနော်တို့က အဲဒီတုန်းက ခေါင်းဆောင်ပိုင်းမှာမပါသေးတဲ့ အဆင့်မရောက်သေးတဲ့ အတွက် ကျနော်တို့ အဖမ်းခံရတဲ့အထဲ မပါ ပါဘူး။ မန္တလေးမှာရှိတဲ့ သမဂ္ဂအဆောက်အဦက ကပ်တဲကြီးပါ။ အဲဒီကပ်တဲကြီးလည်း ညကြီးမင်းကြီး လာဖျက်ပြီးတော့ လော်ရီကားကြီးနဲ့ တိုက်ယူသွားတာပဲ။

ဒါပေမယ့် တလလည်းနေရော ဇူလိုင် ၇ ရက် အထိမ်းအမှတ်လှုပ်ရှားမှုတွေ ပေါ်လာတယ်။ ကြိုကြားကြိုကြား ကျောင်းနံရံတွေမှာ ပိုစတာ ကပ်တယ်။ အနည်းဆုံးမြေဖြူခဲနဲ့ ရောင်စုံမြေဖြူခဲနဲ့ ကျောင်းနံရံတွေမှာ ရေးတယ်။ ကျောင်းသား ကျောင်းသူတွေရဲ့ ရင်ဘတ်မှာ အလံနက်ကလေးတွေ တပ်ကြတယ်။

အဲဒီကတဆင့်တက်လာပြီးတော့ ကြိုကြားကြိုကြား ကဗျာစာအုပ်ကလေးတွေ ထုတ်တယ်။ ကဗျာစာအုပ်ကလေးတွေက အစကတော့ ပုန်းလျှိုးကွယ်လျှိုး နောက်ကျတော့ ဗြောင်ပဲ ဆိုင်ပေါ်တင် ရောင်းတယ်။ ဝယ်တဲ့လူလည်း အလုအယက်ဝယ်တယ်။ အမှတ်တရ ခုံခုံမင်မင် သိမ်းဆည်းထားကြတယ်။ တပါတည်းမှာ ကြေညာချက်တွေကလည်း မပြတ်ထွက်နေတာ။

ဆဲဗင်း ဇူလိုင် အထိမ်းအမှတ်အဖြစ် ဒဂုံဆောင် စာဖတ်အသင်းမှ အထူးထုတ်ဝေခဲ့သော ကဗျာစာအုပ်မျက်နှာဖုံး (ဓာတ်ပုံ-ဒီဗွီဘီ)

အဲဒီတုန်းကထွက်ပြေးတဲ့ ကိုအောင်သူတို့ ဘယ်မှာပုန်းနေတာ ကျနော် သိနေတာပဲ။ ကျနော်တို့ ခိုးခိုးပြီး သွားတွေ့တယ်။ အဲဒီ ကိုအောင်သူတို့ကနေပြီး ပုန်းအောင်းနေတဲ့ နေရာကနေပြီး ဒီလှုပ်ရှားမှုကို ဆက်ပြီး လုပ်ဆောင်နေကြတာပါ။ သူတို့က ခေါင်းဆောင်တာပေါ့လေ။ အဲကျနော်တို့ကတော့ သူတို့ခေါင်းဆောင်တဲ့အတိုင်း ညွှန်ကြားတဲ့အတိုင်း လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေ ဆက်လုပ်ကြတာပါ။

ဒါပေမယ့် ကျနော်တို့ သတိပြုရမှာက အဲဒါက ၆၂။ အဲဒီအရင် ဘာမှမကြာသေးတဲ့ကာလလေးအတွင်းကပဲ ဗမာပြည်မှာက ဒီမိုကရေစီ အခြေခံရှိနေခဲ့တယ်။ အဲဒီလို ဒီမိုကရေစီ အခြေခံရှိနေတဲ့အတွက် စစ်အစိုးရဟာ အခုလုပ်သလို အပြတ် သူတို့လုပ်ချင်လို့မရသေးဘူး။

ဒါ ပြည်တွင်းရဲ့အာဘော်ပိုင်းမှာရော ပြည်ပအာဘော်ပိုင်းမှာရော အဲဒီလောက်ထိ သူတို့ကို ခွင့်မပြုသေးဘူး။ သူတို့လုပ်နိုင်တဲ့အခြေအနေ မရှိသေးဘူး။ ဒါကြောင့်မို့လို့ သူတို့က အခုနောက်ပိုင်း လုပ်သလောက်ထိ ရက်ရက်စက်စက် မလုပ်သေးတာလို့ ပြောရင်ရမယ် ထင်တယ်။

ဒါ့အပြင် ဗိုလ်ချုပ်နေဝင်းရဲ့ ခေါင်းထဲမှာ စေ့စပ်ဆွေးနွေးရေး မျက်လှည့်ပြပွဲကြီးတခုလုပ်ဖို့မဆလဆိုတဲ့ ဆိုရှယ်လစ်အလိမ်အညာကြီးတခု ဖော်ထုတ်ဖို့ အစီအစဉ်တွေကလည်း ရှိနေသေးတဲ့အခါကျတော့ အားလုံးကို အပြတ်လုပ်ပစ်ဖို့လည်းသူတို့ ဆုံးဖြတ်လို့ မရသေးဘူး ဖြစ်နေသေးတယ်။

အဲဒီတော့ ပထမဆုံး သူတို့ လုပ်တာကတော့ ကျောင်းသားခေါင်းဆောင်တွေ၊ လက်ဝဲသမားတွေ၊ ‘ထောင်ထောင် ထောင်ထောင်ဆိုတဲ့ အကောင်တွေ ထောင်ထဲထည့်’ ဆိုတဲ့ဟာ။ ကျနော်က လက်ဝဲဆိုတော့ (လက်ယာ ခေါင်းဆောင်တွေ လည်း အဲဒီထက် စောတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်မယ်။ နီးပြီဆိုတာနဲ့ တခါတည်း အကုန်လုံး၊ ဖဆပလ ခေါင်းဆောင်တွေ အကုန်လုံး ထောင်ထဲရောက်သွားတာပဲ။

အာဏာသိမ်းတုန်းကတော့ လူမျိုးစုခေါင်းဆောင်တွေ အားလုံးကို ထောင်ထဲထည့်တယ်။ အဲဒီနောက် ဆက်လာပြီး သူတို့ မဆလ ကြေညာပြီး ‘ဆိုရှယ်လစ်လမ်းစဉ်’ ကြေညာတော့မယ်။ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတုအယောင် လုပ်တော့မယ်ဆိုတဲ့အခါကျတော့ ဖဆပလ ခေါင်းဆောင်တွေ၊ လက်ယာ ခေါင်းဆောင်တွေ အကုန်လုံး ထောင်ထဲပို့တယ်။) အဲ … အခုနက ၇ ဇူလိုင် အကြောင်းပြုပြီးတော့ ကျောင်းသားတွေနဲ့ လက်ဝဲသမားတွေ ထောင်ထဲပို့တယ်။ အဲဒီလို တောက်လျှောက်လုပ်တာ။

ဆက်လက်ဖော်ပြပါမယ်။


No comments: