Wednesday, September 16, 2009

မြေဇာမြက်ကလေးတပင်

ထိုင်း-မြန်မာနယ်စပ်မြို့ မဲ့ဆောက်က အလုပ်များနေတဲ့ မယ်တော်ဆေးခန်း။ ကျောင်းသားဆေးခန်းလို့ အရပ်ထဲမှာ လူပိုသိကြရဲ့။ ဒီဆေးခန်းရဲ့ ဧည့်ကြိုခန်းထဲမှာတော့ ရုပ်မြင်သံကြားကို အသံအကျယ်ကြီးဖွင့်ရင်း သီချင်းသံနဲ့အတူ အသက် ၁၄ နှစ်အရွယ် ကရင်အမျိုးသမီးငယ်လေးတယောက် က နေတယ်။ ဖွင့်ထားတဲ့ ပလပ်စတစ်ပန်ကာရဲ့ လေအလျဉ်မှာ လွင့်မျောနေသယောင်ယောင်။ ဒါပေမယ့် ခြေတဖက်မဲ့နေတဲ့ ကချေသည်ရဲ့ ကကြိုးကကွက်တွေဟာ ဘယ်မှာ အချိုးအဆစ် ပြေပြစ်နိုင်ပါ့မလဲ။


သူ့နာမည်က နော်ဖောသောကြာ ... တဲ့။


နော်ဖောသောကြာရဲ့ ဘယ်ဖက်ခြေထောက်ကို လွန်ခဲ့တဲ့လေးနှစ် စစ်တပ်ရဲ့မြေမြှုပ်မိုင်းတလုံးက ဖြတ်ယူသွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဖလူးကျေးရွာအနီးမှာနေတဲ့ အဒေါ်ဆီ မိခင်နဲ့အတူ သွားအလည်၊ လမ်းခရီးမှာပဲ နော်ဖောသောကြာ တယောက် မြေမြှုပ်မိုင်းနင်းမိခဲ့ပါတယ်။


“ကျမတို့က တောထဲမှာနေကြတာ …။ ခရီးသွားရင်း နေက အရမ်းပူတော့ ရေငတ်တာပေါ့။ ကျမ ရေသောက်ဖို့ မြစ်ဆီ ဆင်းပြေးတုန်း မိုင်းနင်းမိတာပဲ” လို့ နော်ဖောသောကြာက ပြန်ပြောပြပါတယ်။ နော်ဖောသောကြာ ကံကောင်းတာက သွေးထွက်မလွန်မီ မယ်တော်ဆေးခန်းကို အချိန်မီရောက်လာခဲ့တာပါပဲ။


မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် အသက်ဆုံးပါးသွားရသူတွေ၊ ကိုယ်အင်္ဂါ ချို့တဲ့သွားရသူတွေဟာ အခုဆိုရင် ကမ္ဘာ ပေါ်မှာ တချိန်ကနာမည်ဆိုးနဲ့ကျော်ကြားခဲ့ရတဲ့ ကမ္ဘောဒီးယားနိုင်ငံထက်ကို ပိုများလာနေပါပြီ။ ထိုင်းဘုရင့်စစ်တပ်ရဲ့ အပြောအရ ထိုင်းနဲ့ မြန်မာ နယ်စပ်ချင်းထိစပ်နေတဲ့ ကီလိုမီတာ ၃၂ဝဝ ရဲ့ သုံးပုံနှစ်ပုံကျော်ဟာ မြေမြှုပ်မိုင်းတွေနဲ့ ပြည့်နှက်လို့နေပါတယ်။


မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ဘယ်နှဦး အသက်ဆုံးပါးသွားရသလဲ၊ ဘယ်နှဦး ကိုယ်အင်္ဂါ ချို့ယွင်းသွားရသလဲ ဆိုတာ စာရင်းအတိအကျ မသိနိုင်ပါဘူး။ ဒါပေမယ့် သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ် ပထမသုံးလအတွင်း ထိုင်း-မြန်မာ နယ်စပ် တကြောမှာ မြေမြှုပ်မိုင်းနင်းမိလို့ ထိုင်းဆေးရုံတွေဆီရောက်လာတဲ့ လူနာ အရေအတွက်ဟာ ၁၉၉၉ ခုနှစ် တနှစ်လုံး မိုင်းနင်းမိတဲ့ အရေအတွက်လောက်ရှိတယ်လို့ သြစတေးလျ မဟာဗျူဟာနဲ့ ကာကွယ်ရေးလေ့လာရေးဌာနက ပြုစုတဲ့ စာတမ်းတစောင်မှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းနင်းမိသူ အများအပြားဟာ လိုအပ်တဲ့ဆေးဝါး ကုသမှု အချိန်မီမရရှိလို့ အသက်ဆုံးပါး သွားကြရတယ်လို့ ထင်မှတ်ရပါတယ်။


စေတနာဆရာဝန်မလေး ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းက မြန်မာနိုင်ငံသား နယ်လှည့် အလုပ်သမား တွေ၊ ဒုက္ခသည်တွေ၊ နယ်စပ်ဖြတ်ကျော်လာသူတွေနဲ့ နယ်မြေခံ ထိုင်း ဆင်းရဲသားတွေကို အခမဲ့ ဆေးဝါး ကုသပေးနေပါ တယ်။ မနှစ်က လူနာဦးရေ ၃ဝဝဝဝ နီးပါးဟာ ငှက်ဖျား၊ အဆုတ်နာ၊ အူရောင်ငန်းဖျား၊ အာဟာရချို့တဲ့မှု၊ အိတ်ခ်ျအိုင်ဗွီ-အေ့ဒ်စ်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှု၊ လိင်ပိုင်းဆိုင်ရာရောဂါ၊ စစ်ပွဲတွင်းရရှိတဲ့ ဒဏ်ရာ၊ မြေမြှုပ်မိုင်းနင်းတဲ့ ဒဏ်ရာ၊ မီးလောင်မှု၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ၊ လုပ်ငန်းခွင် မတော်တဆမှုနဲ့ အရေပြား ရောဂါတွေအတွက် ဆေးခန်းကို လာရောက်ကုသမှုခံယူကြပါတယ်။


နော်ဖောသောကြာဟာ ကနေရာက ရပ်လိုက်ပြီး ခုံတန်းရှည်တခုပေါ် ငြိမ်သက်စွာ ထိုင်ချလိုက်ပါတယ်။ နောက် တနေရာ ဆီစူးစိုက်ကြည့်လိုက်ပြီး သူ့ဘယ်ဖက်ခြေထောက် ပြတ်သွားရတဲ့အချိန်တွေဆီ သူ့အတွေးတွေ ပြန်ပို့လိုက်ပါတယ်။


“ကျမ သတိမေ့သွားတယ်။ ဗုံးပေါက်တဲ့အသံ ကျမ ကြားရတယ်။ ဒါပေမယ့် ဘယ်လိုနာမှန်း ကျမ မမှတ်မိတော့ဘူး” လို့ နော်ဖောသောကြာ က ပြောပြပါတယ်။ သူ့ရဲ့အပြစ်ကင်းတဲ့မျက်နှာလေးဟာ အတိတ်တစ္ဆေရဲ့ အရိပ်တွေ ဖုံးလွှမ်းလို့ နေပါတယ်။


“ခြေထောက်ပြတ်သွားပြီဆိုတော့ ပထမ ကျမ အရမ်းဝမ်းနည်းတာပေါ့။ ကျမ တအားငိုတယ်။ အခုတော့ နေသားကျသွား ပါပြီ။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ ဟိုတုန်းကလို မကစားနိုင်တော့ဘူးဆိုတာတော့ အမြဲသတိရနေတယ်။


ဒါပေမယ့် ဆိုးရွားတဲ့ဒဏ်ရာကြီးကို အမှုမထားဘဲ နော်ဖောသောကြာဟာ သူငယ်ချင်းတွေနဲ့အတူ ဆော့ကစားဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။


“ကျမသူငယ်ချင်းတွေ ကြိုးခုန်နေတာတွေ့တော့ ကျမလည်း ဝင်ပါချင်လာတာပေါ့။ နောက် ကျမ ကစားလာနိုင်တဲ့အထိ အကြိမ်ကြိမ် လေ့ကျင့်တယ်။ အခုတော့ ကျမ ကောင်းကောင်း ကစားနိုင်ပြီ။ တခြားသူတွေလိုပဲ ကျမ ကစားနိုင်ပြီ” တဲ့။ ကြိုးခုန်လို့ ဒဏ်ရာနာပေမယ့် ပျော်စရာကောင်းတယ် တဲ့။


သွေးစက်လက်ကျနေတဲ့ ကလေးမလေး မယ်တော်ဆေးခန်းဆီ စရောက်လာခါစက ပထမဆုံး ကုသမှုပေးခဲ့ရတဲ့ ကရင် ဆေးမှုးငယ်တယောက်ဖြစ်သူ လောခွားက နော်ဖောသောကြာ သတ္တိရှိပြီး ရဲရင့်တဲ့အကြောင်းတွေကို အခုလို ပြောပြပါတယ်။


“အဲဒီတုန်းက သူက ငယ်ငယ်လေးပဲ။ ကျနော်တို့နေရာတိုင်းကို သယ်ပိုးသွားရတယ်။ ဒဏ်ရာနာနာကြီးနဲ့ အမျိုးမျိုး သူ လုပ်တာကို ကျနော် တွေ့ဖူးတယ်။ ဘောလုံးကန်တယ်။ ကြိုးခုန်တယ်။ စိန်ပြေးတမ်း ကစားတယ်။ သူက သတ္တိရှိရုံမက ဘူး။ ကျောင်းက ကလေးငယ်တွေကို စောင့်ရှောက်တတ်ပြီး ကြင်နာတတ်တယ်”


ဒါဟာ အံ့သြစရာတော့မဟုတ်ကြောင်း ဆေးရုံပတ်ဝန်းကျင်တလျှောက်နေထိုင်ခဲ့ရာမှာ တွေ့ကြုံမြင်တွေ့ခဲ့သမျှဟာ နော်ဖောသောကြာကို ဆေးမှူးတယောက်ဖြစ်လာချင်တဲ့စိတ်ဆန္ဒတွေ မွေးဖွားပေးခဲ့တယ်လို့ ဆေးမှူးလေး လောခွားက ပြောပြပါတယ်။



“သူက ဆေးမှူးကောင်းတယောက် ဖြစ်လာနိုင်ပါတယ်။ သူ့အနေအထိုင်က သိမ်မွေ့တယ်။ သူတပါးကို စောင့်ရှောက်ကူညီ တတ်တယ်။ နောက်ပြီး ဒုက္ခရောက်တယ်ဆိုတာကို သူကောင်းကောင်း ခံစားဖူးတယ်လေ ”


ဒါပေမယ့် နော်ဖောသောကြာတယောက် စိတ်ဓာတ်ခက်ထန်တဲ့ အချိန်တွေလည်း ရှိတယ်လို့ ဆေးမှူးလောခွား က ပြောပြပါသေးတယ်။


“သူ့ကို သူ့အမေက သိပ်ပြီး လာမတွေ့ဘူး။ တကြိမ် နှစ်ကြိမ်လောက်ပဲ လာတွေ့နိုင်တယ်။ အဲဒီအချိန်မျိုးဆို နော်ဖော တအားငိုတယ်။ အခုထက်ထိ ငိုတုန်းပဲ။ တခါတခါ ညတွေဆို ကြိတ်ပြီးငိုနေတာ ကျနော်တို့ တွေ့ရတယ်”


နော်ဖောသောကြာ မိုင်းနင်းလို့ ဆေးရုံရောက်ပြီးနောက်ပိုင်း သူ့ အမေကို သိပ်မတွေ့ရပါဘူး။ အခုတော့ သူ့အမေက နောက်အိမ်ထောင်ပြုပြီး ဘန်ကောက်မှာ နေထိုင်နေပါတယ်။ သမီးကို ပြန်လာတွေ့ပါတယ်။ သူ့မိခင်အကြောင်းနဲ့ ပတ်သက်ပြီး နော်ဖော က အခုလို ပြောပြပါတယ်။


“အမေ့ကို ကျမ လွမ်းတယ် ။ အမေ့ကို သတိရတဲ့အခါ ကျမ ငိုတယ်။ တချို့အချိန်တွေဆို အမေနဲ့ ကျမ အတူနေချင် တာပေါ့။ ကျမ အမေ့ကို သိပ်တွေ့ချင်တာပဲ”


နော်ဖောရဲ့ဆုတောင်းပြည့်မယ်လို့ ယုံကြည်ရပါတယ်။ မေလ ၁၃ ရက်ကနေ ၁၅ ရက်အထိ ဘန်ကောက်မှာ Non - Violence International (Southeast Asia) လို့ခေါ်တဲ့ လူမှုကူညီရေးအသင်းကြီးက ကြီးမှူးကျင်းပတဲ့ အပြည်ပြည် ဆိုင်ရာ မြေမြှုပ်မိုင်းဆန့်ကျင်ရေးကွန်ဖရင့်မှာ စကားပြောဖို့ နော်ဖောသောကြာ ကို ဖိတ်ကြားထားပါတယ်။


“ကျမအမေရဲ့ ဖုန်းနံပါတ် ကျမ ရထားတယ်။ ဘန်ကောက်ရောက်ရင် အမေ့ဆီကို ဖုန်းခေါ်မယ်။ အမေနဲ့ တွေ့ရမယ်” လို့ နော်ဖောက ပြောပါတယ်။ နောက် ဘန်ကောက်လို မြို့ကြီးသွားဖို့ စိတ်လှုပ်ရှားနေတဲ့အကြောင်းလည်း ပြောပြပါတယ်။


“ဘန်ကောက်သွားဖို့ မကြောက်ပါဘူး။ ဈေးဆိုင်ကြီးတွေကို ကျမ လိုက်ကြည့်ချင်တယ်။ တခါက ငါးအကြီးကြီးတွေ ကူးနေ တဲ့ ကန်အကြီးကြီးတခုရှိတယ်လို့ ကျမ အိပ်မက်မက်ဖူးတယ်။ အဲဒါကို ကျမ သိပ်မြင်ချင်တာပဲ” လို့ လေအေးစက်ကြီးတွေ တပ်ဆင်ထားတဲ့ ဘန်ကောက်ဟိုတယ်ခန်းမကြီးရဲ့ အဝေးတနေရာ ပူလောင်ခြောက်သွေ့တဲ့ နယ်စပ်မြို့လေးတမြို့က အခမဲ့ ဆေးခန်းလေးတခုမှာထိုင်ရင်း နော်ဖော က ပြောပြနေခဲ့တယ်။


ညနေပိုင်း အပူချိန်လျော့သွားတဲ့အခါမှာတော့ နော်ဖောနဲ့ အခြားကလေးငယ်တွေ လူငယ်လူရွယ်တွေဟာ ကျောက်ခဲတွေ၊ သဲတွေပြည့်သိပ်နေတဲ့ ကွင်းပြင်တခုထဲ ဘောလုံးကစားကြပါတော့တယ်။


“ကလေးတွေက ပူတာကိုဂရုမစိုက်ပါဘူး။ ကစားပြီဆိုရင် ကျမတို့ ဘယ်တော့မှ မမောဘူး။ ကစားရတာကို ကြိုက်တယ်။ ဘောလုံးကစားရင် ကျမ က ဂိုးဖမ်းတယ်။ ဒါပေမယ့် ရှေ့တန်းမှာလည်း ဂိုးကောင်းကောင်း သွင်းနိုင်တယ်”


တခါတရံမှာ သူငယ်ချင်းတွေက သူ့ကို ငိုအောင်စကြတုန်းပဲလို့ နော်ဖော က ပြောပြပါတယ်။


“ကျမ ခြေထောက်မရှိဘဲ ပြေးတာကို သူတို့က စကြတယ်။ သူတို့က ကျမ စိတ်ဆိုးအောင်လုပ်တာ မဟုတ်ဘူးဆိုတာ ကျမ သိပါတယ်။ ဒါပေမယ့် ကျမ ငိုတယ်” လို့ နော်ဖောသောကြာ က ပြောပြပါတယ်။ သူရဲ့ခြေထောက်တဖက်ကို ဖုန်းကွယ် ထားဖို့ စကပ်ရှည်ကြီးကို နော်ဖော အမြဲမပြတ် ဝတ်တတ်ပါတယ်။ ဒါပေမယ့် အသက် ၁၄ နှစ်အရွယ် ရဲရင့်ပြီး သတ္တိရှိတဲ့ ဒီကလေးမဟာ ကြင်နာသနားခြင်းကိုတော့ သိပ်မလိုချင်ပါဘူး။


“ကျမ ပင်ပန်းလာရင် အိပ်မယ်။ လူအားလုံးလိုပဲ ကျမလည်း အတူတူပဲ။ ကျမ စက်ဘီးစီးနိုင်တယ်။ သူများနဲ့ယှဉ်ပြီး ကျမလည်း အားလုံးလုပ်နိုင်တယ်။ ဒါပေမယ့် အားလုံးထဲမှာ ကျမအကြိုက်ဆုံးက က တာပဲ။ ကျမ ကောင်းကောင်း က တတ်တယ် ” လို့ ဂုဏ်ယူဝင့်ကြွားတဲ့အပြုံးနဲ့ နော်ဖောက ပြောပြပါတယ်။



မိဘမောင်ဖွားများနဲ့ဝေးကွာပြီး တခြားကလေးငယ်တွေရဲ့ နောက်ပြောင်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်ခက်ခဲမှုတွေကို ကြံ့ကြံ့ခံပြီး ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်နေရတဲ့ ဒီမိန်းကလေးငယ်ဟာ အနာဂတ်ကို မျှော်လင့်ချက်ထားရှိပါတယ်။ သူဟာ ကံကောင်းတဲ့ လူတယောက်လို့လည်း ဆုံးဖြတ်ချက်ရှိရှိနဲ့ နော်ဖောသောကြာ က ပြောပြခဲ့ပါတယ်။


“ဆေးခန်းမှာ ကျမထက်ပိုဆိုးတဲ့ လူနာတွေကို ကျမ မြင်ဖူးတယ်။ ကလေးတွေကအစ သေသွားကြတယ်။ ကျမ တကယ် ကံကောင်းပါတယ်။ ဒီမှာ ကျမကို အရမ်းချစ်ကြတယ်။ ကျမ စာဆက်သင်ချင်အောင် ဝိုင်းအားပေးကြတယ်။ တနေ့နေ့ ကျရင် ကျမလည်း ဆေးမှူးတယောက်ဖြစ်ရမယ်။ ကျမကို ဝိုင်းပြီး ကူညီကြသလို ကျမလည်း လူတွေကို ပြန်ပြီးကူညီနိုင်ရမယ်”


(ရည်ညွှန်း။ ။ Phil Thomton ရေး In the Crossfire ဆောင်းပါး၊ BKK Post)


နဒီ အမျိုးသမီးရေးရာစာစောင်

မေလ ၂ဝဝ၂ ခုနှစ်။ အတွဲ ၁ ၊ အမှတ် ၁


No comments: