Wednesday, July 8, 2009

လူ့ဘောင်ကို ဘယ်လိုသစ်မလဲ (၃)


ပါတီရဲ့ ရံပုံငွေ ရောင်းချပွဲတွေ ပိတ်တယ်၊ ဖက်ဆစ်တွေ အတင်းအကြပ်မေးနေတဲ့ မေးခွန်းတွေကို မဖြေမနေရ ဖြေနေရတယ်။ လှုပ်ကနဲ သန့်ကနဲဆိုရင် ဖမ်းတာပဲ။ အခုအထိ အဖမ်းခံနေရတဲ့ ပါတီဝင် ၁၅၀၀ ကျော်ပြီ။


(၃)


ပုံဖော်ကောက်ကြောင်း မေးခွန်းလေးရပ်


လူ့ဘောင်သစ်နှင့် တွေ့ဆုံသည့် နှစ်ရက်မှာ … ဆက်ရန်မဟုတ်ပေ။ စာရေးသူက မေးမည့်မေးခွန်းလေးရပ်ကို ကြိုတင်၍ တင်ပြထားနှင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုမေးခွန်းလေးရပ်သည် လူ့ဘောင်သစ်ပါတီ၏ အနာဂတ်လမ်းကြောင်းအား ပုံကြမ်းခြစ်ခြင်းလည်း ဖြစ်နေ၍ဖြစ်ပါသည်။ ကြားထဲ လေးရက်ခြားပြီး ပြန်တွေ့ဆုံဖြစ်သည်။


ပထမဤမေးခွန်းဖြင့် လူ့ဘောင်သစ်ပါတီ၏ ဥပဒေတွင်းမှ ပုံရိပ်ကို ဖော်ကြည့်လေသည်။ လူ့ဘောင်သစ်ပါတီ တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်ဟာဘာလဲ။


ကျနော်တို့ ရည်ရွယ်ချက်သုံးရပ် ဖော်ထုတ်တင်ပြခဲ့ပါတယ်။


၁။ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီထွန်းကားရေး


၂။ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး


၃။ တပ်ပေါင်းစုကြီးတရပ်ပေါ်ထွန်းရေး


အဲဒီသုံးရပ်ကို ဖော်ထုတ်တင်ပြခဲ့ပါတယ်။


ဒုတိယမေးခွန်းဖြင့် ပုံကြမ်းဖော်ယူကြည့်ပါသည်။


ဒီဘက်မှာ လွတ်မြောက်ဒေသမှာ စိုက်ထူထားသော ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် လူ့ဘောင်သစ်အနေနဲ့ ဘယ်လိုခံယူပါသလဲ။


အတွင်းရေးမှူးက ဖြေသည်။


အမျိုးသားတိုင်းရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ အမျိုးသားတိုင်းရဲ့မွေးရာပါ အခွင့်အရေးဖြစ်ပါတယ်။ အတိအကျ ဖြေရရင် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ အုပ်ချုပ်မှုအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်မှုအာဏာ … ဒီ အာဏာ ၃ ရပ် ပါဝင်ပါတယ်။


ဒီအာဏာ ၃ ရပ်ဟာ ဘယ်သူက အသိအမှတ်ပြုတာ မပြုတာနဲ့မဆိုင်ဘူး။ အမျိုးသားအခွင့်အရေးအဖြစ် တည်ရှိပြီးသားဖြစ်နေပါတယ်။ ဒါကို ဖြေဆိုနေရတယ်ဆိုတာ ကိုယ်၌က အားနာစရာဖြစ်နေပြီတောင် ခံစားမိပါတယ်။


ဖက်ဒရယ်ပြည်ထောင်စုမူနဲ့ ပတ်သက်၍တော့ အဲ့ဒီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအပေါ် အခြေခံတဲ့ ပြည်နယ်တွေ ဘယ်လိုပေါင်းစုမလဲဆိုတဲ့ပြဿနာလို့ ကျနော်တို့ နားလည်ပါတယ်။ ပြည်နယ်အစိုးရတွေနဲ့ ဗဟိုအစိုးရကြား အာဏာ ဘယ်လိုခွဲဝေမလဲ၊ ဘယ်လိုပြန်လည်စည်းရုံးဖွဲ့စည်းမလဲဆိုတဲ့ ပြဿနာပါ။


ဒါနဲ့ပတ်သက်၍ အခု ဒီအေဘီရဲ့ဖက်ဒရယ်ပြည်ထောင်စုမူကို အခြေခံအားဖြင့် ကျနော်တို့ သဘောတူပါတယ်။


တတိယမေးခွန်းမှာမူ လူ့ဘောင်သစ်ပါတီတရပ်တည်းအတွက်သာ ဦးတည်ချက်မဟုတ်တော့။ မြန်မာပြည် တပြည်လုံးရှိ ဥပဒေတွင်း ပါတီများ၏ ဘဝနှင့်အတွေးအခေါ်များ အခြေအနေကိုပါ စမ်းသပ်ကြည့်ရှုခြင်းလည်း ဖြစ်ပါသည်။


လူ့ဘောင်သစ်ပါတီဟာ ဒီကိုရွှေ့မလာဘဲ ဥပဒေအတွင်းမှာ နေလို့မရဘူးလား။


မရပါဘူး။


ဘာကြောင့်မရတာလဲ။


အကျဉ်းချုပ်ပြောရရင် ဟိုမှာ နေရင် ၁/၉ဝ ကိုထောက်ခံ၊ သူတို့လုပ်တဲ့ အမျိုးသားညီလာခံ နေရှင်နယ် ကွန်ဗင်းရှင်းကို တက်။ အဲဒီမှာ သူတို့ရေးဆွဲမယ့် အခြေခံဥပဒေကို ခေါင်းညိတ်ရမှာပဲ။ ဒါမလုပ်လို့မရဘူး။ ဒါလုပ်တာဟာ ပြည်သူတွေအပေါ် သစ္စာစောင့်သိရာကျမတဲ့လား။


တခြားအကြောင်းတွေအများကြီးထဲမှာ … ဥပမာဆို ပါတီရဲ့ စာပေထုတ်ဝေခွင့် န/သ ကို ပိတ်ထားတယ်။ ဘာမှ ဝါဒဖြန့်ချိခွင့်မရှိတော့ဘူး။ ပါတီရဲ့ ရံပုံငွေ ရောင်းချပွဲတွေ ပိတ်တယ်၊


ဖက်ဆစ်တွေ အတင်းအကြပ်မေးနေတဲ့ မေးခွန်းတွေကို မဖြေမနေရ ဖြေနေရတယ်။ လှုပ်ကနဲ သန့်ကနဲဆိုရင် ဖမ်းတာပဲ။ အခုအထိ အဖမ်းခံနေရတဲ့ ပါတီဝင် ၁၅၀၀ ကျော်ပြီ။


ကျနော်တို့ဟာ ဟိုမှာ နေနေတာကိုက ပြည်သူတွေအပေါ် သစ္စာစောင့်သိရာမရောက်တော့ဘူးလို့ ခံစား လာရတယ်။ မြန်မာပြည်တော်လှန်ရေးဟာ ဥပဒေအတွင်းမှာ လုံးဝ လုပ်မရတော့ဘူး။ လက်နက်ကိုင်နည်း တခုပဲရှိတော့တယ်။ ဒါကို မသိလို့မရဘူး။


ဤ စတုတ္ထမေးခွန်းသည် ပါတီလမ်းကြောင်းကြီးတခုလုံးအား ချမှတ်ရာ၌ သေနင်္ဂဗျူဟာကျသော အချက်အချာ ကျသော မေးခွန်းကြီးဖြစ်နေပါသည်။


ရန်သူရဲ့လက္ခဏာသတ်မှတ်တာနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။


ရန်သူကို ဘယ်လိုမြင်ပါသလဲ။


ဆက်လက်ဖော်ပြပါမယ်။


No comments: