Friday, January 15, 2010

ငါ့ ခြေထောက်သာ ပုပ်မယ် … ဒီလူတွေ စိတ်မှတ်ကို မရှိဘူး။ (ကာတွန်း စောငို)


ကျောင်းသား ထောင် တော်လှန်ရေးသမား (၃၄)

ရဲဘော်တယောက် ကျတယ်ဆိုတော့ သူ့အလောင်းကိစ္စ ရှိလာတယ်။ ဒီအလောင်းကို ကျနော်တို့ ဘယ်လို ဖြေရှင်းမလဲ၊ ဘယ်လိုလုပ်ကြမလဲဆိုတာပေါ့။ နောက်မှာလည်း ကျချင် ကျဆုံးဦးမယ်ဆိုတော့ ကျနော်တို့ သေချာစဉ်းစားရပါတယ်။

နောက် အရင်တခါ ရဲနီတင်ငြိမ်း အလောင်းကိစ္စတို့ ဖြစ်ခဲ့တာကိုလည်း ကျနော်တို့ သတိထားနေကြတယ်။ အဲဒီတော့ အဘက်ဘက် စဉ်းစားပြီးတဲ့အခါမှာ ကျနော်တို့ခေါင်းဆောင်တွေက သူ့အလောင်းကို တိုက်ပွဲပြီးမှ တိုက်ပွဲအောင်မှ ဖြေရှင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။

အဲဒါ ဘယ်လိုလုပ်မယ်ဆိုတာ ကျနော်တို့ ဒီတိုက်ပွဲဆောင်တွေနဲ့ မလှမ်းမကမ်း ကိုကိုးကျွန်းစခန်းရဲ့ အလယ်အူကြောင်းထဲမှာ အာဇာနည်ဗိမာန်တခု ဆောက်ကြတာ။ အဲဒီတော့ အာဇာနည်ဗိမာန်စခန်းအတွက် လိုအပ်တဲ့ ပျဉ်တွေ၊ သွပ်တွေကို ကျနော်တို့ဘေးမှာရှိတဲ့ အဆောင်ဝင်း (ဘယ်သူမှမရှိတဲ့ အဆောင်ဝင်း) အဲဒီက သွားပြီး ခွာဖြုတ်လာကြတာ။ ထောင်အာဏာပိုင်တွေလည်း ဘာမှမပြောရဲကြဘူး။

ကိုယ့်ဟာကိုယ်သွားပြီး ခွာဖြုတ်ယူလိုက်ကြတာ။ ပြီးတော့ကျမှ ခုနကပြောတဲ့ အဲဒီ အလယ်အူချောင်းထဲမှာ ဇရပ်ဆန်ဆန် အာဇာနည်ဗိမာန်လေးတခု ကျနော်တို့ ဆောက်လိုက်ကြတယ်။ အဲဒီမှာ ကွန်မြူနစ်ပါတီရဲ့ တူ တံစဉ် အလံရှိတယ်။ ကျသွားတဲ့ ရဲဘော်ရဲ့ ပုံတူရုပ်ပုံကား (ကျနော်တို့ဆီမှာ ရဲဘော်မြအောင်ဆိုတဲ့ ပန်းချီဆွဲကောင်းတဲ့ ရဲဘော်တယောက် ရှိတယ်။ သူက တိုက်ပွဲဝင်ရဲဘော်တွေကို အကုန်လုံးလိုက်ပြီး ရုပ်ပုံတွေ ဆွဲထားတာ။) အဲဒီပုံ ရှိတယ်။

နောက်ပြီးကျတော့ အလယ်မှာ အလောင်းစင်မြင့်တခု ဆောက်ထားတယ်။ အဲဒီ စင်မြင့်ပေါ်မှာ ခုနက ရဲဘော်သိန်းကြည်ရဲ့အလောင်းကို ကျနော်တို့ ထားတယ်။

သူ့အလောင်းကို ပထမဆုံး သွပ်နဲ့လုပ်ထားတဲ့ သွပ်ခေါင်းထဲမှာ ထည့်ထားတယ်။ ထည့်ပြီးတော့ ပြာတွေ ဖြည့်တယ်၊ ပိတ်။ တခါ အဲဒီသွပ်ခေါင်းကိုမှ ပျဉ်ခေါင်းထဲမှာ တခါ ပြန်ထည့်တယ်။ ပြီးတော့ အဲဒီ ခုနက အလောင်းစင်ပေါ်မှာ တင်။ တင်ပြီးတော့ သူ့ရှေ့မှာ ဒီတိုက်ပွဲကာလအတွင်း သူပြောခဲ့တဲ့စကား ဒါမှမဟုတ်ရင် သူရေးထားခဲ့တဲ့ နေ့စဉ်မှတ်တမ်းရှိရင် အဲဒီမှတ်တမ်းထဲကစာ အဲဒါ တခုကိုသူ့ဆောင်ပုဒ်အနေနဲ့ ကျန်တဲ့လူတွေ အားဖြစ်အောင်၊ ကျန်တဲ့လူတွေ အတုယူ လေ့လာရအောင် ပိုစတာတခုလို ရေးပြီးတော့ ထောင်ထားလိုက်တယ်။ အဲဒါ ရဲဘော်သိန်းကြည်ရှေ့မှာ ထောင်ထားတဲ့ သူ့စကားကတော့ တိုက်ပွဲတွင်းတုန်းက သူ ပြောခဲ့တဲ့ …

‘ဆံခြည်တမျှင်တောင်မှ နောက်မဆုတ်နဲ့။ ဆက်တိုက်’

အဲဒါကို ကျနော်တို့ ကျောင်းသားစာလုံးလို့ ခေါ်လေ့ရှိတဲ့ လက်ရေးစောင်းနဲ့ ရေးထားတယ်။

အဲဒီတော့ အစာငတ်ခံတိုက်ပွဲမှာလည်း စစ်ရေးတိုက်ပွဲလိုပဲ။ ရဲဘော်တယောက် ကျသွားတယ်ဆိုလို့ရှိရင် သွေးထွက်တယ်ဆိုလို့ရှိရင် အမျိုးမျိုးဂယက်ရိုက်တာပဲ။ ကိုယ့်ဘက်မှာလည်း ရိုက်တယ်၊ သူ့ဘက်မှာလည်း ရိုက်တယ်။ နောက် ကိုယ့်ဘက်မှာ စိတ်လိုက်မာန်ပါ လုပ်လိုသူတွေ၊ ရမ်းလိုသူတွေတချို့ ပေါ်လာတယ်။ ဒါပေမယ့် ကျနော် အာမခံပြောရဲတာတခုကတော့ ကျနော်တို့ထဲမှာ စိတ်ဓာတ်ကျ အလျှော့ပေးချင်တဲ့ စိတ်ကတော့ လုံးဝ မပေါ်ဘူး။ တိုက်ပွဲတလျှောက်လုံး အဲဒါ ကျနော်တို့ ပြောနိုင်တယ်။

အဲဒီတော့ ကျနော်တို့က တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီး ချီတက်နိုင်တဲ့ အဓိက အကြောင်းရင်းတခုက ကျနော်တို့ကို ခေါင်းဆောင်တဲ့ လေထီးဗိုလ်အုန်းမောင်၊ နောက် ဆရာရာဂျမ်ဆိုတဲ့ တပ်မှူးကောင်းကြီး ၂ ဦး ရှိတာလည်း ပါတယ်။ သူတို့က အင်မတန် ခေါင်းအေးတယ်၊ တည်ငြိမ်တယ်၊ အတွေ့အကြုံရှိတယ်။

အဲဒီတော့ သူတို့ရဲ့ ခေါင်းဆောင်မှုကို ကျနော်တို့အားလုံးပဲ အသိအမှတ်ပြုပြီးတော့ လိုက်နာခဲ့ကြတာ။ အခုလို အသက်နဲ့ရင်းပြီးတော့ တိုက်ပွဲဝင်တဲ့အချိန်မှာ နိုင်ငံရေးစကားတွေ မီးရှူးမီးပန်းဖောက်သလို ကြီးကြီးကျယ်ကျယ်တွေ ပြောနေဖို့လည်း မလိုဘူး။ တယောက်တယောက် လက်ညှိုးထိုးနေဖို့လည်း မလိုဘူး။ ‘ငါကွ ငါကွ’ လို့ ဆိုပြီး လက်မထောင်နေဖို့လည်း မလိုဘူး။ ခုနကပြောတဲ့ ခေါင်းဆောင်မှုရဲ့နောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ အမိန့်နာခံတတ်ဖို့ အရေးကြီးဆုံးပဲလို့ ကျနော်တို့ ထင်တယ်။

ဒီလိုနဲ့ ရဲဘော်သိန်းကြည် ကျဆုံးပြီးတဲ့နောက်ကျတော့ နောက်တနေ့ပဲ ကျနော်တို့ ကိုကိုးကျွန်း အာဏာပိုင်အဖွဲ့က ရောက်လာတယ်။ သူတို့က လက်ကိုင်အသံချဲ့စက်လေးတလုံးကိုင်ပြီးတော့ (ဘက်ထရီ အသံချက်စက်ကလေးနဲ့) ကျနော်တို့ စခန်းထဲ ဝင်လာတယ်။

အဲဒီတုန်းက ကိုကိုးကျွန်းဟာ မဟာရန်ကုန်ရဲ့ အမှတ် ၁၃ မြို့နယ်ကိုး။ အဲဒီတော့ ဒီ မြို့နယ်တာဝန်ခံ မယက ဥက္ကဋ္ဌဆိုတာက အဲဒီ ကိုကိုးကျွန်းရေတပ်စခန်းက တာဝန်ခံ ဗိုလ်မှူးဟန်သွဲ့။ (သူက နောက်တော့ မဆလ ပါတီ ဗဟိုကော်မတီတောင်ဖြစ်တယ် ထင်တယ်။) သူက ခုနက သူယူလာတဲ့ အသံခပ်အက်အက်ထွက်တဲ့ စပီကာ တလုံးနဲ့ …

“အထိန်းသိမ်းခံအားလုံး ထောင်ဗူးဝမှာ လာပြီး စုပေးကြပါ။ ကျနော်တို့မှာ ပြောစရာရှိပါတယ်”

ဆိုပြီး ခေါ်တယ်။ အကြိမ်ကြိမ် အော်တယ်။ နောက် ထောင်ဝါဒတွေကလည်း မြင်တဲ့လူကို လှမ်းပြီးတော့ လက်ယပ်ခေါ်တယ်။ ဒါပေမယ့် သူတို့ ဘယ်လိုပဲခေါ်ခေါ် ကျနော်တို့အဖွဲ့အစည်းကရော၊ ကျန်တဲ့ အဖွဲ့အစည်းကရော ဘယ်သူကမှ သူတို့ဟာကို မတုံ့ပြန်ဘူး။ ဘယ်သူမှ အဲဒီကို မသွားကြဘူး။

အကြောင်းကတော့ ရှင်းတယ်။ အဲဒီတုန်းက ဒီလို တိုက်ပွဲဝင်တဲ့အချိန်မျိုးမှာ အာဏာပိုင်ဟာ စကားပြောစရာရှိတယ်ဆိုရင် တိုက်ပွဲဝင်နေတဲ့ လူတွေ၊ ဒါမှမဟုတ် တိုက်ပွဲဝင်နေတဲ့လူတွေရဲ့ ခေါင်းဆောင်နဲ့ တိုက်ရိုက်ပြောရမှာ။

ဒါကို သူတို့လည်း သိတယ်။ သူတို့ တမင် အဲဒါကိုရှောင်ပြီးတော့ တိုက်ပွဲကို အသိအမှတ် မပြုသလိုလို၊ မထီမဲ့မြင်ထားသလိုလို အဲလိုနည်းနဲ့ တုံ့ပြန်တဲ့အခါကျတော့ ကျနော်တို့ဘက်ကလည်း ဘယ်သူကမှ လက်မခံဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေကလည်း ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ၊ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်း၊ တိုက်ပွဲဝင်တဲ့ ခေါင်းဆောင်မှုကို လေးစားအသိအမှတ်ပြုတဲ့အနေနဲ့ ထောင်အာဏာပိုင်တွေကို သွားမတွေ့ဘူး။

ဒီလိုနဲ့ပဲ သူတို့ အော်လို့ညောင်းသွားတော့ အချိန်အတော်လေးကြာတော့ သူတို့ဟာသူတို့ ထောင်တံခါးတွန်းပြီး ဝင်လာကြတာ။ ခုန ဗိုလ်မှူးဟန်သွဲ့၊ ထောင်မှူးကြီး၊ နောက်ပြီးတော့ သေနတ်ကိုင်ထားတဲ့ ရေတပ်သား ၂ ယောက် ၃ ယောက်၊ ဝါဒါလည်း အနည်းငယ်ပါတယ်။ တဆောင်ဝင် တဆောင်ထွက် လိုက်ပြောကြတယ်။ တကယ့်ကို ကြောင်စီစီကြီးပဲ။

ဒါပေမယ့် သူတို့ကတော့ အင်မတန်ကို ရင်းရင်းနှီးနှီး ဆွေမျိုးသားချင်းများတောင် ခေါ်ချင်သလိုပဲ။ သူတို့ပြောတဲ့ပုံက သေချာကို အရောဝင်၊ အတင်းကို အရောဝင်ပြီး လိုက်ပြောနေတာ။ ကျနော်တို့ထဲမှာရှိတဲ့ မကြာခင်ကမှ ကွယ်လွန်သွားတဲ့ သခင် ခင်အောင် (ကျနော်တို့က အန်ကယ်ကြီးလို့ ခေါ်တယ်။ ကျနော်တို့ထဲမှာ အသက် အင်မတန် ကြီးမြင့်တယ်။ နောက် နိုင်ငံရေးအစဉ်လာလည်း ကြီးတဲ့ပုဂ္ဂိုလ်ကြီး။)

အဲဒီ သခင် ခင်အောင်နဲ့ ဗိုလ်မှူး ဟန်သွဲ့က အင်မတန်ကို ရင်းတယ် အရင်တုန်းက။ အဲဒါ သူက သခင် ခင်အောင်ကို သွားပြီးတော့ ရောတယ်။ သခင် ခင်အောင်ကတော့ ဝတ်ကျေတမ်းကျေ အပြုံးလေးလောက်နဲ့ပဲ တုံ့ပြန်တာ။

အဲဒါ သူကပြောတာက ဗိုလ်မှူးဟန်သွဲ့ပြောတာက တိုက်ပွဲတိုက်ဖို့ မလိုတော့ဘူး။ မကြာခင်မှာ ဒီ ကိုကိုးကျွန်း အကျဉ်းစခန်း ဖျက်သိမ်းတော့မယ်။ တခုပဲ မဖျက်သိမ်းခင်ကာလအတွင်းမှာတော့ ခင်ဗျားတို့ ကိုယ်ထူကိုယ်ထ ဆက်လုပ်ပေးကြပါ။

သူက တဆောင်ဝင် တဆောင်ထွက် လော်စပီကာနဲ့ အဆောင်ထိပ်ကနေ ပြော၊ အဆောင်အလယ်ခေါင်ကနေ ပြော အဲလိုပြောတာပဲ။ အဲဒီလိုပြောတဲ့ဟာကို ဘယ် အထိန်းသိမ်းခံ အကျဉ်းသားကမှ ဟက်ဟက်ပက်ပက် မတုံ့ပြန်ဘူး။ စိတ်ဝင်စားဟန်လည်း မပြဘူး။ မသိကျိုးနွံဘဲ နေကြတယ်။

ဆက်လက်ဖော်ပြပါမယ်။

နှလုံးသားမှာ ကမ္ဘာကမ္ပည်းထိုးတဲ့သူ (ဝင်းတင်)

(၁)

သြဂုတ် ၂ ရက်၊ ၁၉၈၂ မနက်မှာ ဦးလေးနဲ့ ဒေါ်ဒေါ်တို့ ရန်ကုန်ကနေ မန္တလေးကို ပြန်ကြပါတယ်။ ကျနော် ဘူတာကြီးကိုရောက်တော့ ဦးလေးတို့ ပေါ်မလာကြသေးပါဘူး။ ဆန်းပါကလားလို့ စိတ်ထဲမှာ ထင်လိုက်မိတယ်၊ ဟုတ်တယ်လေ။ ဦးလေးက ထကြွလုံ့လသိပ်ရှိတာ။ နောက်ကျဖို့ ဆိုတာဝေးရော။ မစောဘူးဆိုတာတောင် ရှိခဲပါဘိခြင်း။ ဘာလုပ်စရာရှိရှိ ဦးလေးက စောစောရောက်နေတတ်တာချည်းပါ။

ရထားထွက်ခါနီးမှ ဦးလေးတို့ ရောက်လာကြပါတယ်။ ဦးလေးကိုကြည့်ရတာ ခါတိုင်းနဲ့ မတူပါဘူး။ ပျော့ယိုင်ယိုင် ဖြစ်နေသလိုပဲ။ ဦးလေး လမ်းလျှောက်ပုံက ခါးက ကော့ကိုင်းကိုင်းဖြစ်နေပါတယ်။ ခါးကိုဆန့်နိုင်သမျှ ဆန့်ထားလို့ ကော့ယောင်ယောင်ဖြစ်နေတာထင်ပါရဲ့။

ဒါပေမယ့် ကိုင်းတိုင်းတိုင်း။ ခါးကတော့ ကိုင်းတိုင်းဟာ ကိုင်းတိုင်းတိုင်းမို့ ကော့ကိုင်းကိုင်းဟန် ပေါက်နေတာပါ။ ခါးကိုင်းတော့ ဦးလေးဝတ်နေကျ အနက်ရောင် မန်ကျည်းစေ့ကွက် တိုက်ပုံအင်္ကျီကြီးက ရှေ့ကို ပိုပြီး ဖားလျားကျနေတယ်။ တောင့်တောင့်မတ်မတ်ဆိုလို့ ခါးပေါ်က လုံချည်ရဲ့မီးခိုးရောင် ကွက်တုံးကြီးတွေပဲ ရှိတော့သယောင် ထင်ရပါတယ်။

ဦးလေးရဲ့ ဘယ်ဘက်လက်မှာ တောင်ဝှေးလို တုတ်တချောင်း ကိုင်ထားတယ်။ တုတ်ကို အတော်လေး အားပြုနေရတော့ လမ်းလျှောက် တုတ်မကိုင်သလိုဘဲ တောင်ဝှေးကိုင်သလို ကိုင်ထားတယ်။ ဒါကြောင့် တောင်ဝှေးလိုတုတ်လို့ စိတ်ထဲမှာ မှတ်မိလိုက်တာပါ။

ဒေါ်ဒေါ်က လိုက်ပို့သူတွေကို နှုတ်ဆက်ပြီး ရထားတွဲပေါ်ကို ချက်ခြင်းတက်သွားပါတယ်။ ဦးလေးစင်္ကြံပေါ်မှာ တာရှည်ရပ်မနေဘဲ ရထားတွဲပေါ် တက်ထိုင်နိုင်အောင်ဆိုတဲ့ သဘောနဲ့တူပါတယ်။ ဒါပေမယ့် ဦးလေးက တွဲပေါ်ကို ချက်ချင်း လိုက်မတက်ပါဘူး။ ဦးလေး ရထားတွဲပေါ်တက်ထိုင်ပြီး အပေါ်က စကားပြောချင်နိုင်အောင်လို့ ကျနော်လည်း တွဲဘေး စင်္ကြံတွင်းပိုင်းအထိ ဝင်လိုက်သွားပါတယ်။

“တနေ့လုံးထိုင်သွားရမှာပဲ ကိုဝင်းတင်ရယ်၊ မတက်သေးပါဘူး” တဲ့။

ဦးလေးက စင်္ကြံပေါ်မှာပဲ အကြာကြီးရပ်ပြီး ကျနော်နဲ့ စကားပြောနေပါတယ်။ ဦးလေးက နိုင်ငံတကာအရေး၊ တိုင်းရေး ပြည်ရေး၊ စာရေးပေရေးတွေကို ပြောနေပါတယ်။

“လူတွေ စာဆိုး ပေညံ့တွေကိုချည်းဖတ်နေရင် နှစ်ပေါင်း သုံးလေးဆယ် အတွင်း နလပိန်းတုံးတွေ ဖြစ်ကုန်နိုင်တယ် ကိုဝင်းတင်ရေ့၊ ဖေတော့မောင်တော့ အီး အား ဒိန်း ဒိုင်း စာတွေနဲ့ပဲ လူတွေ အချိန်ကုန်နေလို့ မဖြစ်သေးဘူး။ စာကောင်းတွေ ရေးဖို့ ထုတ်ဖို့ သိပ်လိုနေပြီ၊ စာကောင်းတွေ ဖတ်မှ လူကောင်းတွေ ဖြစ်မယ်၊ လူတွေကောင်းမှ တိုင်းပြည်ကောင်းမှာ မဟုတ်ဘူးလားဗျာ”

ဦးလေးကိုကြည့်ရတာ ခါတိုင်းလို ရွှန်းရွှန်းဝေဝေ မရှိပါဘူး။ ဦးလေးဟာ စကားပြောရာမှာသာ ရွှန်းရွှန်းဝေဝေ ရရှိတယ်လို့ ဆိုနိုင်သူမဟုတ်ပါဘူး။ ပြုံးကြည်တဲ့ မျက်နှာ၊ ဖျတ်လတ်တဲ့ ကိုယ်ဟန်ကြောင့် ပြုမူလှုပ်ရှားရာမှာလည်း ရွှန်းရွှန်းဝေဝေရှိလှတယ်လို့ ဆိုနိုင်သူဖြစ်ပါတယ်။

“ကိုဝင်းတင် မန္တလေးမရောက်တာ ဘယ်နှနှစ်လောက်ရှိပြီလဲ”

ဦးလေးက သူ့မေးခွန်းကို သူဖြေပြီး ဆက်ပြောသွားပါတယ်။

“၅ နှစ်လောက်တောင် ရှိတော့မှာပါလား၊ မန္တလေးကလူတွေက ကိုဝင်းတင်ကို ခင်ကြတယ်။ ကိုယ့်ကို ခင်တဲ့သူတွေနဲ့ သိပ်အဆက်မပြတ်ကောင်းဘူးလေ။ ဦးလေးရေးလိုက်တဲ့စာ ရတယ်မဟုတ်လား။ ဝါကျွတ်တော့ လာဖြစ်အောင်လာပေါ့ ကိုဝင်းတင်ရယ်”

ဦးလေးပြောတဲ့စာက ဇွန် ၃ ရက်နေ့စွဲနဲ့ ရေးလိုက်တဲ့စာပါ။ အဲဒီစာကို မနေ့ (သြဂုတ် ၁ ရက်)ကပဲ ကျနော် ရပါတယ်။ ဦးလေးရေး လိုက်တဲ့စာလို့ဆိုပေမယ့် အမှန်က ဒေါ်ဒေါ့်ရဲ့စာပါ။ ဒေါ်ဒေါ်ရဲ့စာအောက်မှာ သီတင်းကျွတ် ကိုသိန်းတို့နဲ့ အတူလာရင်ကောင်းမယ်လို့ တကြောင်းထဲ ဦးလေး ဝင်ဖြည့်ရေးနိုင်လိုက်တဲ့စာပါ။ ကိုသိန်းဆိုတာ ဆရာ ဇဝနကို ပြောတာပါ။

ဦးလေးဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘယ်တော့မှ စာအဆက်အသွယ်ပြတ်သူ မဟုတ်ပါဘူး။ စာပြန်ပျင်းတဲ့ ကျနော့်လိုလူမျိုးဆီကိုတောင် မပြတ်လိုလိုသတိရ စာရေးတတ်သူဖြစ်ပါတယ်။ ဒီတခါတော့ တယ်ပြီး နေကောင်းထိုင်သာမရှိလှလို့နဲ့ တူပါရဲ့။ ဒေါ်ဒေါ့် ၅ မျက်နှာစာရှည်ကြီးအောက်မှာ တကြောင်းလောက်သာ ဝင် ‘တို့’ နိုင် ပါတော့တယ်။

“လာမှာပေါ့ ဦးလေးရယ်၊ ဟုတ်မှာပဲ၊ မန္တလေး မရောက်တာလည်း ကြာလှပြီပဲ”

ကျနော် ဦးလေးကို ကတိပေးလိုက်ပါတယ်။

ရထားထွက်တော့ ဦးလေးက အကြာကြီး လက်ပြနှုတ်ဆက်သွားပါတယ်။ မျက်စိအောက်က လူလုံးပျောက်သွားတဲ့အထိ ဦးလေးက ပြူတင်းပေါက်မှာ ခေါင်းထုတ်ပြီး လက်တရမ်းရမ်းလှုပ်ပြသွားလို့  အကြာကြီးလို့ အမှတ်ထားလိုက်မိတာပါ။

အဲဒီနေ့က ကျနော့်နေ့စဉ်မှတ်တမ်းမှာ ဦးလေးရေးမှတ်တာတွေကို ရေးမှတ်ရင်း အပြီးသတ်မှာ “ရထားထွက်တော့ ဦးလေးက အကြာကြီး (၂) လက်ပြနှုတ်ဆက်သွားတယ်။ (။)”လို့ ရေးလိုက်မိပါတယ်။ (၂) က အကြာကြီးဆိုတာ တော်တော့်ကိုကြာတဲ့ အကြာကြီး မှန်းမှတ်မိအောင်လို့ထပ်ကိန်းနဲ့ တေးထားတာပါ။ (။) ကတော့ ကျနော့်စိတ်ထဲမှာ ထင့်နေတဲ့ ပူပန်မှုကို ဘယ်လိုမှ ထုတ်မရေးရက်လို့ မေးခွန်းသင်္ကေတနဲ့ မှတ်ထားတာပါ။

အဲဒီနေ့က ကျနော့်စိတ်ထဲမှာ ထင့်ခနဲဖြစ်လိုက်ရတဲ့ ပူပန်မှုက ဦးလေးရဲ့ကျန်းမာရေးအခြေအနေ သိပ်များဆိုးနေပြီလား၊ ဖွဟဲ့၊ လွဲပါစေ၊ ဖယ်ပါစေ။ ဦးလေးကို နောက်ဆုံးတွေ့လိုက်ရတာများ ဖြစ်နေမလား၊ ဦးလေးအကြာကြီး လက်ပြနှုတ်ဆက်သွားတာက ဘာသဘောလဲ၊ ဦးလေး စိတ်ထဲမှာလည်း ငါတို့ကို နောက်ဆုံး တွေ့ရတာပဲလို့ ထင်နေလားဆိုတဲ့ ပူပန်မှုပါပဲ။

ကျနော် ဘူတာကြီးကပြန်တော့ ဆရာ တက်တိုးတို့အိမ်ကို ဝင်သွားပါတယ်။

“ဦးလေးလှတော့ ကျန်းမာရေး အတော်ဆိုးနေပြီထင်တာပဲ ဆရာရယ်၊ စိတ်မကောင်းဘူး၊ အသက်မှရှည်ပါ့မလား မသိဘူး”

လို့ နိမိတ်မရှိ၊ နမာမရှိ ကျနော် ပြောလိုက်မိပါတယ်။

ဆရာတက်တိုးနဲ့ ဆရာကတော် ဒေါ်နုယဉ်တို့လည်း ဟုတ်လား၊ ဟုတ်လားနဲ့ စုတ်တသပ်သပ် ဖြစ်နေကြပါတယ်။ ဆရာက သူတို့မင်္ဂလာဆောင်တုန်းက ဦးလေးပို့ပေးတဲ့ လက်ဆောင် ပစ္စည်းကလေးကို ထုတ်ပြပါတယ်။

“ကိုလှက သိပ်စိတ်ကောင်းရှိတဲ့လူ၊ သိပ်ချစ်တတ် ခင်တတ်တဲ့လူကွ”

ဆရာက နှစ်နှစ်လိုလို ပြောပါတယ်။

“အေးပေါ့ကွာ အသက်တွေကြီးလာတော့လည်း သေကြရမှာပေါ့၊ ငါ့ကိုကော သေခါနီးပြီလို့  မင်းက ထင်နေသလား”

“ဟာ … ဆရာကလည်း မဟုတ်တာ”

“ထင်လည်း အရေးမကြီးပါဘူး မောင်ရာ၊ အသက်ကြီးတဲ့လူတွေဆိုတာ ကြီးလာလေ သေရမှာ မကြောက်လေပဲကွ၊ မှတ်ထား၊ အချိန်မရှိတော့ဘူးဆိုတာသိတော့ ပိုအလုပ်လုပ်တယ်၊ အလုပ်ပိုလုပ်တော့ အသက်ပိုရှည်ပြန်ရောကွ၊ ကိုလှ အသက်ရှည်မှာပါကွာ၊ မပူပါနဲ့၊ သူက တသက်လုံး သိပ်အလုပ်လုပ်တဲ့လူ၊ ခုအချိန်ဆို ပိုတောင် အလုပ်လုပ်နေအုံးမှာ၊ ဒီတော့ ပိုအသက်ရှည်မှာမောင်ရေ့ စိတ်သာချ”

ဆရာတက်တိုးစကားကြောင့် ကျနော့်စိတ်ထဲမှာထင့်နေတာ သက်သာတန်သလောက် သက်သာသွားပါတယ်။
သက်သာရာရတယ်ဆိုပေမယ့် ရက်ပိုင်းပါပဲ။ သြဂုတ် ၇ ရက် မနက်စောစောမှာ ဆရာဇဝနဆီက စာတိုကလေးတစောင် ရောက်လာပါတယ်။

ဦးလေးဆုံးပြီ ဆိုတဲ့သတင်းကို ဆရာသုခက တယ်လီဖုန်းဆက်ပြောကြောင်း … …

အလွန်ခိုင်ခံ့တောင်းတင်းတဲ့ ဆရာဇဝနလက်ရေးနဲ့ရေးထားတဲ့ စာရွက်ပေါ်က စာလုံးတွေဟာ ကျနော့်ရဲ့မျက်စိထဲမှာ ယိမ်းပြိုလာသလို ထင်ရပါတယ်။ စာလုံးတွေယိမ်းပြိုတာကို မျက်စိထဲမှာ မြင်နေရသလိုပဲ ရင်ထဲမှာလည်း ကျောက်သား တောင်ကြီးတလုံး ဝုန်းခနဲ ပြိုကျသွားတာကို ကြည့်မြင်နေရသလို ခံစားလိုက်ရပါတယ်။

(၂)

ချက်ခြင်းပဲ မန္တလေးသွားဖို့ ကျနော် စီစဉ်ပါတယ်။ ဆရာဇဝနကလည်း အတူသွားကြမယ်၊ မန္တလေးမှာ ရက်လည်အောင် နေကြမယ်ပေါ့။ ဒါပေမယ့် အစီအစဉ်ပျက်သွားပါတယ်။ ဆရာဇဝန သိပ်စိတ်ထိခိုက်နေပြီ၊ သွေးတက်နေပြီ။ မန္တလေးကို လိုက်နိုင်မယ့်အခြေအနေ လုံးဝ မရှိတော့ဘူး။

ဒေါ်ဒေါ့်ဆီကို စာရှည်ကြီးတစောင်ရေးပြီး သူ့သားမက် ဆရာကိုမျိုးအောင်ကိုပဲ ကိုယ်စားလွှတ်နိုင်တော့မယ်။ ဒါနဲ့ ကျနော်တယောက်တည်း မန္တလေးကို ထွက်ခဲ့ရတော့တယ်။ ရထားပေါ်ကျတော့မှ ဦလေးရဲ့မိတ်ဆွေကြီး ဦးအေးကြည်တို့၊ စာရေးဆရာမ ခင်ဆွေဦး သားအမိတို့နဲ့ ဆုံပါတယ်။ မန္တလေးရောက်မဆိုက်ဘဲ လူထုတိုက်ကို တန်းသွားကြပါတယ်။

“ကိုဝင်းတင်ရယ် ရှင့်ဦးလေးက ရှင့်ကို မန္တလေးလာစေချင်တာ ဒီပုံမျိုးနဲ့လာစေချင်တာ မဟုတ်ပါဘူး ကိုဝင်းတင်ရဲ့”

လို့ ဒေါ်ဒေါ်က ငိုပါတယ်။

ဒေါ်ဒေါ်က မျက်ရည်လည်ရွဲနဲ့ ကြေကွဲတဲ့စကားတွေကို ပြောနေပါတယ်။ ကျနော်လည်း မျက်ရည်မကျအောင် အနိုင်နိုင် ထိန်းနေရပါတယ်။ ဦးလေးရဲ့ရုပ်ကလာပ်ကို ကျနော် အကြာကြီး စိုက်ကြည့်နေမိပါတယ်။

ပြီးတော့ ကျနော့်မျက်စိကို အကြာကြီး မှိတ်ထားလိုက်ပါတယ်။ မှိတ်ထားတဲ့မျက်စိထဲမှာ ဦးလေးရဲ့ သက်မဲ့ရုပ်ကလာပ်ကို မမြင်ပါဘူး။ ကြည်သာရွှန်းဝေတဲ့ မျက်နှာ၊ လန်းဆန်းဖျတ်လတ်တဲ့ ကိုယ်ဟန်နဲ့ သက်ရှိလှုပ်ရှားနေတဲ့ ဦးလေးကိုပဲ မြင်ယောင်နေမိပါတယ်။ စိတ်အာရုံထဲမှာလည်း ဦးလေးရဲ့ စိတ်ကောင်းလူကောင်း ဂုဏ်ဒြပ်တွေကို တစေ့စေ့ တွေးမှတ်နေမိပါတယ်။

“ဒေါ်ဒေါ်ရယ် ဦးလေးဟာ လူ့လောက ကောင်းကျိုးကို အများကြီး သယ်ပိုးသွားတဲ့ သူဆိုတော့ လူ့လောကမှာ အကြာကြီး နေသွားရဖို့ ကောင်းတာပေါ့။ အသက် ခုနှစ်ဆယ်ကျော်အထိ နေရတယ်ဆိုတာလဲ အကြာကြီးပါပဲ။ ဒါထက် ကြာကြာကြီး ပိုမနေရတဲ့အတွက် နှမြောစရာကောင်းတာ တခုပါပဲ”

ဆက်လက်ဖော်ပြပါမယ်။

ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်

လက်ရေးစာလုံး - ဒေါင်းနီ

Wednesday, January 13, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၃)

မြုပ်ကွယ်နေသော ဇာတ်ကောင်

ရွက်ပုံစံ၊ ရွက်အမျိုးအစားကို ရှင်းလင်းပီပြင်စွာ သိလိုက်ရပါပြီ။ ဘာများကျန်ပါသေးသနည်း။ ကျန်ပါသော်ကော ကျန်သော်ကောဗျာ။ ဒီဇာတ်လမ်းမှာ ဇာတ်လမ်းရဲ့အစနဲ့ အလယ်တောင်တောင် ရောက်လာပါပြီ။ အဓိက ဇာတ်ကောင်တကောင်က မြုပ်နေသည်။ အနှီဇာတ်ကောင်ကတော့ အခြားဟုတ်ရိုးလား။

ဆရာဦးအောင်ငွေ ဖြစ်ပါသည်။ ဒီဇာတ်လမ်းရဲ့အစပိုင်းမှာတော့ ဆရာဦးအောင်ငွေက အစကတည်းက ရိုးရိုးလေးနဲ့ ပါဝင်လာခဲ့တာပါ။ နောက်ပိုင်းကျတော့ နိုင်ငံရေးပြဿနာတွေက နွယ်လာဝင်လာတော့ အတော်လေးသတိထားပြီး ကိုင်ရ တွယ်ရ ထိန်းသိမ်းခဲ့ရတာ။ ဖြစ်ပုံကတော့ ဒီလိုပါ။

ဖထီးမန်းအောင်ကြည်ရဲ့ ဒီတိုက်ပွဲအစီအစဉ်ကို ရိပ်စားမိသူတွေ ရှိတယ်။ ဒီမှာတင် ဆရာဦးမြသန်းတင့်က ဖထီးမန်းအောင်ကြည်ကို သဘောထား တီးခေါက်ကြည့်တယ်။ အတည်ပြုချက်ရတော့ ဒီတိုက်ပွဲဟာ မှန်တယ်၊ တိုက်ရမယ်။ သူလည်း ပါဝင်ပြီး တိုက်မယ်ပေါ့။ ဖထီးမန်းအောင်ကြည်ကလည်း လှိုက်လှဲပျူငှာစွာ ကြိုဆိုတာပေါ့ဗျာ။

ဆရာမြသန်းတင့်တို့၊ ဆရာဗန်းမော်တို့ဟာ ဟို မြေပေါ်မှာကတည်းက ဖထီးမန်းအောင်ကြည်တို့၊ မန်းဒါဝိတ်တို့နဲ့ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံမှုတွေ ရှိခဲ့တာမဟုတ်လား။ တိုက်ပွဲအစီအစဉ်အထဲမှာ ဆရာဦးအောင်ငွေ ပါဝင် ပတ်သက်နေတာကိုလည်း ဆရာဦးမြသန်းတင့် သိသွားတယ်။ ကွန်မြူနစ်ပါတီရဲ့ တာဝန်ရှိတဲ့ ဆိုင်ရာ ဆိုင်ရာတွေ သိသွားပါတယ်။

ဆရာဦးအောင်ငွေကလည်း ကွန်မြူနစ်ပါတီကဖြစ်နေတော့ ဆိုင်ရာသူ့ပါတီက ဆရာဦးအောင်ငွေကို ခေါ်ဆွေးနွေးတာပေါ့။ သူ့ပါတီသဘောထားကတော့ တကယ်လို့ ဒီတိုက်ပွဲကို တိုက်မယ်ဆိုရင် ပါတီရဲ့ အစဉ်အလာနဲ့ ပါတီရဲ့ ဦးဆောင်မှုအောက်မှာ တိုက်သင့်တာပေါ့။ သူများပါတီရဲ့ခေါင်းဆောင်မှုအောက်မှာ ဘယ်တိုက်သင်ပါ့မလဲဆိုပြီး သဘောထားပေး ဆွေးနွေးတော့ ၂ ပါတီရဲ့ ဆက်ဆံရေးက နိုင်ငံရေးဖြစ်လာတယ်။

ဖထီးမန်းအောင်ကြည်လည်း ကိုယ်ရှိန်သတ်ပြီး ရပ်လိုက်ရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ KNUP ဟာ (မဒညတ) အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု မဟာမိတ်တွေဖြစ်နေတယ်။ နှစ်ပါတီရဲ့ နိုင်ငံရေး၊ စည်းရုံးရေး၊ ဆက်ဆံရေးတွေ ထိခိုက်မှာစိုးတယ်။

ဆရာဦးအောင်ငွေက ၁၁ ဆောင်မှာနေတယ်။ ဆရာဦးလှဖေနဲ့က အိပ်ရာချင်းကပ်ရက်။ တနေ့တော့ ဆရာဦးအောင်ငွေက ဆရာဦးလှဖေကို မေးတယ်။ ကွန်ပတ် သံလိုက်အိမ်မြှောင် လုပ်ပုံလုပ်နည်းကို မေးတယ်။ ဆရာဦးလှဖေက …

“ဦးအောင်ငွေ ဘာလုပ်ဖို့လဲ”

လို့ ဆရာက ပြန်ပေးတယ်။

“တောတိုးရင် အရပ်မျက်နှာသိအောင်၊ လမ်းမမှားအောင်လို့ပါ”

ဆရာဦးလှဖေကလည်း သံလိုက်အိမ်မြှောင် လုပ်ပုံလုပ်နည်းကို နည်းပေးလမ်းပြ ပြောပြလိုက်တယ်။

ဒီမှာတင် ဆရာဦးအောင်ငွေက လက်တွေ့လုပ်တော့တာပဲ။ ဆေးပုလင်းဖြတ်တဲ့ စတီးလွှကလေးကို အဖျား ၂ ဖက်ကို သွေး၊ ဖင်ချွန်း ခေါင်းချွန်းမှာ ထားပြီးတော့မှ သင်္ဘောပျက်ကြီးပေါ်က မော်တာပျက်အိုးထဲက သံလိုက်တုံးကိုယူ၊ အဖျား ၂ ဖက် ချွန်နေတဲ့ စတီးလွှကလေးကို တောင်နဲ့မြောက်မှန်းပြီး မြေကြီးပေါ်မှချ၊ စောစောက သံလိုက်တုံးနဲ့ စတီးဓားချွန်လေးကို တောင်ကနေ မြောက်ကိုကပ်ပြီး အကြိမ်ပေါင်း ရာနဲ့ချီ ပွတ်ပေးပြီးတော့မှာ စတီးဓားချွန်လေးနဲ့ သံလိုက်တုံးကို ပူးပြီး မြေကြီးထဲမှာ တလကျော်ကျော် မြှုပ်ထား။ အဲဒါကို ပြန်ဖော်လိုက်တဲ့အခါကျတော့ သွေးထားတဲ့စတီးဓားချွန်လေးဟာ သံလိုက်ဝင်သွားတယ်။

သံလိုက်ဝင်နေတဲ့ အိမ်မြှောင်လေးကို အလယ်တည့်တည့်မှာ သံချွန်လေးနဲ့ ချိုင့်ကလေးဖြစ်အောင် ထု၊ ငါးကြီးဆီ ဆေးပုလင်း အဖုံးကလေးကို သံချွန်ကလေးတခုစိုက် ချိုင့်ခွက်ဖြစ်နေတဲ့ သံလိုက်အိမ်မြှောင်ကလေးကို သံချွန်ဖျားကလေးပေါ်တင်လိုက်တော့ တောင်နဲ့မြောက်ပြတဲ့ သံလိုက်အိမ်မြှောင်တခု ဖြစ်လာတော့တာပေါ့။

မြောက်ဘက်ကိုပြတဲ့ အဖျားချွန်ကို သင်္ဘောဆေး အဖြူသုတ်၊ တောင်ဘက်ပြတာကို အနီသုတ်၊ အပေါ်က မှန်ကလေးတခုနဲ့ အုပ်၊ တောင်နဲ့မြောက်ကို ထင်ထင်ရှားရှားပြတဲ့ သံလိုက်အိမ်မြှောင်တခုရဲ့ အကျိုးပြယုဂ်။

ဆရာဦးအောင်ငွေက စိတ်ရှည်သည်။ အနုစိတ်လုပ်တတ်သည်။ အဲဒီလို သံလိုက်အိမ်မြှောင်မျိုး ၂ ခုတောင် လုပ်ပေးထားတာ။ ၂ ခုလုပ်တဲ့သဘောကတော့ လက်လုပ်ဆိုတော့ သိပ်မသေချာမှာစိုးလို့။ သံလိုက်အိမ်မြှောင် ၂ ခုကိုယှဉ်ပြီးချလိုက်ရင် မြောက်အရပ်ကို အနီးဆုံးပြတဲ့ ရပ်ညွှန်းကို သိရတာပေါ့။ တကယ်က ဆရာဦးအောင်ငွေရဲ့ ပညာလက်စွမ်းပြတာ တကယ်ပဲကောင်းပါတယ်။

ရိက္ခာကိစ္စကလည်း လိပ်သားကျပ်တိုက်ခြောက်တွေလည်း ပြည့်စုံပါပြီ။ ကန်စွန်းဥပဲ ကျန်ပါတော့တယ်။ ဗိုလ်တင့်တယ်နဲ့ ဖထီးစောမောင်မောင်တို့ တောင်ယာကလည်း အသီးအနှံကလည်း မျိုးစုံပါဘိ။ တစခန်းလုံးမှာ အယုတ် အလတ် အမြတ် မရွေး၊ အနီအဖြူ အရောင်အသွေး မည်သူ့ကိုမှ မပေးဘဲ မရှိစေရ။ ခေါ်ခေါ်ပြီး ပေးတာတောင် တစခန်းလုံး ဝလင်အောင် စားရတဲ့ဘဝပါ။

ပုဂံခေတ်က တောင်သူကြီးမင်းရဲ့တောင်ယာဟာ ဒီတောင်ယာကို မီမယ်မထင်ပါဘူး။ ဒါကြောင့်မို့လို့ ဗိုလ်တင့်တယ်ကို ကျနော်တို့လူငယ်တွေက “တောင်သူကြီးမင်း” “တောင်သူကြီးမင်း” နဲ့ ကွယ်ရာမှာ ဂုဏ်ပြု ချီးမြှောက်ကြပါတယ်။ ပုဂံခေတ်တောင်သူကြီးမင်းရဲ့ တောင်ယာက သခွားသီးတွေဟာ ခွေးငယ်နို့စို့သလိုပဲလို့ သင်ခဲ့၊ သိခဲ့၊ မှတ်ခဲ့ရတယ်။

ဗိုလ်တင့်တယ်တို့၊ ဖထီးစောမောင်မောင်တို့ တောင်ယာမှာရှိတဲ့ ဘူးစင်က ဘူးသီးတွေကတော့ ပြွတ်ခဲအောင် သီးနေတာပဲ။ ကျနော်စိတ်ဝင်စားတာက တိုးလိုးတွဲလောင်းနဲ့ ပြွတ်ခဲနေအောင်သီးတဲ့ ဘူးသီးတွေ မဟုတ်ပါ။ မြောင်းဘောင်မို့မို့၊ လှလှပပ၊ သပ်သပ်ရပ်ရပ်နဲ့ စိုက်ထားတဲ့ မြောင်းဘောင်အောက်က လက်မောင်းထက် မအောက်အောင် အင်မတန် ဖွံ့ဖြိုးအောင်မြင်နေတဲ့ ကန်စွန်းဥကြီးတွေပါ။

ကျနော် အလွန့်အလွန်ကိုပဲ စိတ်ဝင်စားတာပါ။ ကျနော်တို့တိုက်ပွဲမှာ မပါမဖြစ် မရှိမဖြစ်တဲ့ ရိက္ခာပြဿနာလေ။
ဗိုလ်တင့်တယ်ကို တနေ့မနက်တော့ ကန်စွန်းဥ နည်းနည်းစားချင်တဲ့အကြောင်း အသားလိုလို့ အရိုးတောင်းကြည့်ပါတယ်။ မဆိုင်းမတွဘဲ တူးဆွပြီး ကန်စွန်းဥတွေကို ပေးစားပါတယ်။ တအိုးပြုတ်စာပေါ့။

စိတ်ထဲကတော့ ပြောလိုက်ပါတယ်။ ဦးရယ် … ကျနော်စားချင်တာက တအိုးတပြုတ်စာ မဟုတ်ပါဘူး။ တထမ်းတထုတ်လောက် လိုချင်တာပါ။

မတော်လောဘကို ဖော်ပြောပြလို့ ဘယ်ကောင်းပါ့မလဲ။ ဗိုလ်တင့်တယ်တူးပေးလိုက်တဲ့ စေတနာ ကန်စွန်းဥကို ကျေးဇူးတင်ကြောင်း အခါခါ ဦးညွတ်ပြောရင်း ပြန်လာခဲ့တယ်။

စိတ်ထဲကတော့ ကောက်ချက်ချလိုက်ပါပြီ။ ထွက်ခါနီး လသာသာ ညတညမှာတော့ ကန်စွန်းဥတွေကို တထမ်းတထုတ်လောက် လာပြီး တူးထုတ်လိုက်မယ်ပေါ့။ ဒီ မကောင်းတဲ့ မနောကံစရိုက်လည်း တကယ်မလုပ်ဖြစ်လိုက်ပါ။ ဖြစ်ပုံက နောက်မှ ရေးပြောပြမယ်။

မတို့ရဲ မထိရဲတဲ့ ရိက္ခာ

ကန်စွန်းဥထက် အဆများစွာ သာလည်းသာ ကောင်းလည်းကောင်းတဲ့ ရိက္ခာက ရှိနေ မြင်နေရတယ်။ ဒါပေမယ့် မတို့မထိရဲဘူး။ ကျနော်တို့ဖိုကြီးက ထမင်းချက်တဲ့ဒယ်အိုးကြီးက တတင်းခွဲလောက်ဆန့်တဲ့ ဧရာမ မိုးဗြဲဒယ်အိုးကြီး။

ကျွန်းကိုရောက်စတုန်းကတော့ အတွေ့အကြုံက မကျွမ်းကျင်သေးတော့ ချက်လိုက်တဲ့ထမင်းတွေဟာ မနပ်တဲ့အခါ မနပ်၊ တူးတဲ့အခါလည်း ထမင်းနံ့သင်းသင်း မဟုတ်တော့ဘဲ ချိုးနံ့စူးစူး ဖြစ်နေတယ်။

နောက်တော့လည်း အတွေ့အကြုံက ဘဝကိုသင်ပေးလိုက်တာ ထမင်းချက်တဲ့ ဒယ်အိုးကြီးကိုတူးနေတာကို စင်အောင်ခြစ်ထုတ်၊ ရေနဲ့စင်အောင်ဆေး၊ ရေခမ်းအောင်သုတ်၊ မီးကလေးနဲ့ကင်၊ ရေခြောက်ပြီဆိုတော့ ဆီပါးပါးလေးသုတ်၊ မီးနဲ့ နည်းနည်းကင်လိုက်၊ ရေထည့်၊ ရေဆူတော့မှ ဆေးထားတဲ့ဆန်ကိုထည့်။ ထမင်းဟာ လုံးဝ မတူးတော့ဘူး။ မနူးမနပ်ဖြစ်တာလည်း မရှိတော့ဘူး။

ထမင်းကိုခူးပြီးလို့ ကျန်တဲ့ အိုးဖင်ကပ် ထမင်းချိုး အချပ်လိုက်ကြီးကို ဆီကလေးနဲ့ ရွှဲအောင်လူး၊ မီးကျည်ခဲနဲ့ နှပ်လိုက်ပြီးတော့မှ ချိုးအချပ်လိုက်ကြီးကို ခွာလိုက်ရင် ဝါဝင်းပြီး အနံ့သင်းနေတဲ့ ချိုးချပ်ဟာ ကြွပ်ကြွပ်ရွရွနဲ့ စားလို့လည်းကောင်း၊ ဝါးလို့လည်းကောင်းပါ့။

အစတုန်းက ချိုးကပ်ကို သူစားချင် ငါစားချင်နဲ့ ပုံစံနဲ့တောင် ဝေဝေပေးခဲ့ရတာ ကျနော် ပြန်မြင်ယောင်သေးတယ်။ မနက်မိုးလင်းပြီဆိုရင် ဆရာ ဗန်းမော်ကြီးက လက်ဖက်ရည်ထည့်တဲ့ ဆွဲပုံးကလေးရယ်၊ ဆန်ပြုတ်ထည့်တဲ့ ဆွဲပုံးကလေးရယ်ဆွဲပြီး မီးဖိုကြီးကိုသွား၊ ပြန်လာရင် ချိုးချပ်ဝေစုကလေးကို ယူလာပြီး ရဲဘော်လေးတွေကို ဝေပေးပါတယ်။

ပြီးတော့မှ ပင်လယ်ကမ်းစပ်ကို အညောင်းပြေ လမ်းလျှောက်ထွက်ရှာတယ်။ ရက်တွေများစွာ၊ လတွေပါ ကြာလာတဲ့အခါကျတော့ အင်မတန်ကောင်းပါတယ်ဆိုတဲ့ ထမင်းချိုးချပ်ကို ဘယ်သူမှ မလွေးချင်ကြတော့ပါဘူး။

ချိုးဟာ အချပ်လိုက်ကြီး နှမြောစရာလည်းကောင်းလှတော့ ဒလ ဦးထွန်းစိန်ကြီးက အခြောက်လှမ်းရှာတယ်။
ကျနော်ပြောတဲ့ ကန်စွန်းဥထက် အဆများစွာ သာလည်းသာ၊ ကောင်းလည်းကောင်းတဲ့ ရိက္ခာဆိုတာ အဲဒီ ထမင်းချိုးအချပ်ကြီးကို ပြောတာပါ။

ဒီ ထမင်းချိုးအချပ်ကြီး ၁၀ ချပ်ကျော်ကျော်လောက် စုလိုက်ရင် ရိက္ခာခြောက်အဖြစ်နဲ့ သိပ်ကိုကောင်းတာပေါ့။ ဒါပေမယ့် ဒါပေမယ့်ပေါ့ဗျာ၊ ထမင်းချိုးကို ဒီလောက် တပုံတခေါင်းကြီးစုတာ ဘာလုပ်မလို့လဲဆိုတဲ့ စူးစမ်းမှု၊ သံသယတွေ ဝင်လာရင် ပြဿနာရှိနိုင်တယ်လေ။

ပါတီတိုင်း၊ အဖွဲ့အစည်းတိုင်းကလည်း ကိုယ့်ပါတီခေါင်းဆောင်မှု ကိုယ်ထူထောင်နေကြတာ၊ တယောက်အရိပ်အကဲကို တယောက်ကြည့်နေတာ။ ချက်ဆို နားခွက်က မီးတောက်ကြတဲ့ လူတွေချည်းပဲ။ မြင်ရုံသာမြင်ရပြီး မစုဆောင်းရဲတဲ့ အခြေအနေကျမှတော့ ထမင်းချိုးကိစ္စကို ကျနော်လက်လျှော့ပြီး နေလိုက်ရပါတော့တယ်။

ဆက်လက်ဖော်ပြပါမည်။

Tuesday, January 12, 2010

ရွာအလွမ်း

“နေညိုရင် ရွှေဘိုကို လွမ်းတယ်”လို့ တယောက်က ရွတ်ဆိုလိုက်စဉ်မှာ တယောက်ကတော့ “နေညိုရင် မေပျိုကို လွမ်းတယ်” … တဲ့။

ဘယ်ကိုပဲ လွမ်းလွမ်း၊ လွမ်းတာတော့ လွမ်းတာပါပဲ။ လွမ်းပုံချင်းတွေကတော့ မတူကြပါ။ တချို့က မိုးကလေးညို့ရင် လွမ်းတတ်ကြပြီး တချို့ကတော့ သီချင်းသံကလေးကြားရင် လွမ်းပါသတဲ့။ ဘယ်သူမဆို အနည်းနဲ့အများ လွမ်းတတ်ကြတာချည်းပါပဲ။

အလွမ်းစိတ်တွေထဲမှာ ကျေးလက်အလွမ်းစိတ်က မြို့ပြကိုလွမ်းတဲ့စိတ်ထက်ပိုပြီး အတိုင်းအဆမြင့်မယ်လို့ ထင်ပါတယ်။ မြို့ပြဟာ ကျေးလက်ထက်စာရင် ပျော်ပါးစရာ၊ သွားလာစရာ များပြားလှပေမယ့် မွန်းကျပ်မှုက ကျေးလက်ထက် ကြီးမားပါတယ်။ ဆူညံလှတဲ့ မြို့ပြမှာ ချိုးကူသံကို ကောင်းကောင်းကြားရမှာ မဟုတ်သလို လသာတဲ့ ညချမ်းတွေကိုလည်း အရသာခံပြီး ကြည့်လို့မရနိုင်ပါ။

ဒါက တိုးတက်မှု နှေးကွေးပင်နှေးငြားသော်လည်း ကျေးလက်ရဲ့ အားသာမှုတခု ဖြစ်တယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။

မြို့ပြမှာ မွေးဖွားကြီးပြင်းလာသူတွေက တောသားတွေရဲ့ ရွာလွမ်းစိတ်ကို ကိုယ်ချင်းစာတတ်ချင်မှ စာတတ်ပါမယ်။ ဒါပေမယ့် တောကနေမြို့ကို ပြောင်းရွှေ့အခြေချခဲ့သူတွေကတော့ ကိုယ်ချင်းစာတတ်ပါလိမ့်မယ်။ ဒါဆိုရင် မြို့ကို ရောက်နေတဲ့သူတွေက ရွာကို ဘာကြောင့်လွမ်းပါသလဲ။ မြို့ကြီးကိုရောက်သူတွေကရော မြို့ငယ်တွေကို ဘာကြောင့်သတိရကြပါသလဲ။

တိုင်းတပါးကိုရောက်နေတဲ့သူတွေက ကိုယ့်နိုင်ငံကို ဘာကြောင့် တမ်းတကြပါသလဲ။ သေချာတဲ့အချက်ကတော့ လူတကိုယ်စာဆိုတဲ့ နေထိုင်ရပ်တည်စရာနေရာကြောင့် မဟုတ်ပါဘူး။ လွမ်းဆွတ်လောက်၊ တမ်းတလောက်တဲ့ ဆွဲဆောင်နိုင်မှုတွေရှိနေလို့သာ ဖြစ်ပါတယ်။

ကျနော်တို့ဟာ တစုံတရာ အောင်မြင်နေသူလား၊ ဒါမှမဟုတ် ငွေကြေးဥစ္စာကို အရင်ကထက် ပိုမို ရှာဖွေနိုင်သူတွေလား၊ ဒါမှမဟုတ် လူမှုနယ်ပယ်တွေမှာ အတိုင်းအတာ အထိုက်အလျောက် ဝင်ဆံ့နေပြီလား။

အဲဒါတွေဟာ နေ့ချင်းညချင်း ဖြစ်လာတာတော့ မဟုတ်ပါဘူး။ တဖြည်းဖြည်း ကျယ်ဝန်းလာတာသာ ဖြစ်ပါတယ်။ သူတို့ရဲ့ မြစ်ဖျားခံရာက ကျနော်တို့ ဘဝရဲ့ ရှေ့ပိုင်းနှစ်တွေနဲ့ ရှေ့ပိုင်းပတ်ဝန်းကျင်၊ ရှေ့ပိုင်း အခင်းအကျင်းတွေပါပဲ။ အဲဒါတွေကပဲ လွမ်းစိတ်များဖြစ်ပေါ်အောင် နှိုးဆော်တယ် မဟုတ်ပါလား။

လူနေမှုမြင့်မားရေး ဘဝတိုးတက်ရေးဆိုတဲ့ မျှော်လင့်ချက်တွေ၊ တောင့်တလိုလားချက်တွေနဲ့ ကျနော်တို့ဟာ ကျေးလက်တောရွာ လယ်ကန်သင်းရိုးကလေးတွေကနေ လမ်းကြမ်းပေါက်တဲ့အရပ်၊ အဲဒီကနေ ကတ္တရာလမ်းရှိတဲ့အရပ်တွေကို ပြောင်းရွှေ့ရင်း လူရည်လည်ဖို့ ကြိုးစားခဲ့ကြပါတယ်။

အဲဒီကမှ သိပ်ပြီးအဆင်ပြေရင်တော့ နိုင်ငံရပ်ခြားကို ဆက်လက်ထွက်ခွာခဲ့ကြတယ်ပေါ့။ ရည်ရွယ်ချက်မျိုးစုံ၊ ဘဝပေး အခြေအနေမျိုးစုံမို့ တယောက်နဲ့တယောက် ဦးတည်ချက်ချင်းတော့ တူမှာမဟုတ်ပါဘူး။ ဒါကြောင့် ရလဒ်တွေကလည်း ကွဲပြားနေမှာပါပဲ။

စပါးနှံကလေးတွေကိုကိုက်ချီပြီး အသိုက်အမြုံဆီ ပျံသန်းသွားတဲ့ ငှက်ကလေးတွေကို ကျနော်တို့ တွေ့ဖူးကြပါတယ်။ ငွေနဲ့ ပစ္စည်းပစ္စယ အထုပ်အပိုးတွေကိုပိုက်လို့ အိမ်ပြန်သွားသူတွေကိုလည်း ကျနော်တို့ မြင်ဖူးကြပါတယ်။

ဒီလိုပဲ ကိုယ့်တကိုယ်စာ စားသောက်ပြီးပြန်သွားတဲ့ သတ္တဝါတွေနဲ့ အပြင်မှာစိတ်ကြိုက် ပျော်ပါးပြီး လက်သပ်ကိုယ်ကျွတ် အိမ်ပြန်သွားသူတွေကိုလည်း ကျနော်တို့ တွေ့ဖူးကြတာပါပဲ။ ဘယ်နည်းဘယ်ပုံနဲ့ အိမ်ကို ပြန်တာပဲဖြစ်ဖြစ် အားလုံးကတော့ “အိမ်ကို သတိရလို့” တဲ့။

မြို့ကလူတွေဟာ ကိုယ်နေထိုင်ခဲ့ဖူးတဲ့ ရွာကိုပြန်တဲ့အခါ မြို့ကနေ စားစရာဖြစ်ဖြစ်၊ လက်ဆောင်ပစ္စည်း ကလေးတွေပဲဖြစ်ဖြစ် ဝယ်သွားယူသွားတတ်ကြပါတယ်။ အဲဒီလိုယူသွားတဲ့အခါ ဟိုကလူတွေကလည်း တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သူတို့ကို သတိတရရှိတယ်ဆိုတဲ့အတွေးတွေနဲ့ ပျော်လို့။

ဘာမှ မပေးနိုင်ရင်တောင် မြို့ကိုရောက်ပြီး ပညာတွေဘယ်လောက် တတ်နေပြီ၊ ဘယ်လောက်ဝင်ဆံ့နေပြီ စတဲ့ သတင်းစကားတွေက ဟိုမှာရှိတဲ့သူတွေအတွက် ကြွားစရာ၊ ဂုဏ်ယူစရာတွေပေါ့။ တို့ဆီမှာနေသွားတဲ့ ဘယ်သူတော့ဖြင့် မြို့မှာ ဘယ်လောက်အောင်မြင်နေပြီ၊ ဘယ်ဝါတော့ဖြင့် ဘယ်လောက်တိုးတက်နေပြီ စသဖြင့်ပါပဲ။

ဒီလိုဆို ကျနော်တို့ကရော …။

ကျနော်ဟာ မြို့ကိုရောက်လာတဲ့ တောသားတယောက် ဆိုကြပါစို့။ ကျနော်လည်း ရွာကိုလွမ်းတာပါပဲ။ လွမ်းတယ်လို့ ပြောမှာပါပဲ။ ဒါပေမယ့် ကျနော်က ရွာကိုပြန်ဖြစ်ချင်မှ ပြန်ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ယစ်မူးခြင်းနဲ့ ရှုံးနိမ့်ခြင်းများက ရွာကိုမပြန်ဖြစ်အောင် တားဆီးထားလို့ပါ။

ယစ်မူးခြင်းဆိုတာ အရက်သေစာမူးယစ်ခြင်းကို ဆိုလိုတာမဟုတ်ဘဲ ငြိတွယ်စရာတခုခုကနေ ရုန်းမထွက်နိုင်တာကို ဆိုလိုပါတယ်။ အပျော်အပါးတွေပဲ ဖြစ်ဖြစ်၊ အခွင့်အလမ်းတွေပဲ ဖြစ်ဖြစ်၊ သာယာမှုတွေပဲ ဖြစ်ဖြစ် ကိုယ့်ကိုဆွဲဆောင်လို့ ကိုယ်ကလည်း အဲဒီအပေါ်မှာ မက်မောငြိတွယ်သွားပြီဆိုရင်တော့ အဲဒီအနေအထားကလေး ပျက်သွားမှာစိုးလို့ ကိုယ်ခုံမင်ရာ ဝန်းကျင်လေးကို မစွန့်နိုင်တော့ပါဘူး။

ဒီစွဲလမ်းမှုက နောက်ကိုပြန်မလှည့် ကြည့်ရုံတင်မကဘဲ ရှေ့ကိုဆက်သွားဖို့ တနည်းအားဖြင့် ကိုယ့်ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့တောင် ပျက်ကွက်ပြီး လမ်းတဝက်မှာ ရပ်နေတတ်တဲ့ အထိပါပဲ။

ရှုံးနိမ့်ခြင်းဆိုတာကတော့ အောင်မြင်မှုမရတဲ့အနေအထားတခုပေါ့။ ဘယ်ကိုရောက်ရင် ငါဟာ ဘာဖြစ်ရမယ်လို့ ကြွေးကြော်ထားသူများအနေနဲ့ သူတို့ကြွေးကြော်ထားသလို မဖြစ်တဲ့အခါ မူလထွက်ခွာခဲ့တဲ့နေရာကိုပြန်ဖို့ ဝန်လေးကြပါတယ်။ ကိုယ်လိုချင်တဲ့အတိုင်းအတာကို မရောက်တာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်နေပြီလို့ ထင်တတ်ကြတယ် မဟုတ်လား။

ဒါက စောစောက ယစ်မူးခြင်းထက်စာရင် တော်သေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း စိတ်ပျက်အားငယ်မှုပေါင်း များစွာနဲ့ပဲ အချိန်တွေကုန်ခန်းစေမယ်ဆိုရင်တော့ ဘာမှမထူးပြန်ပါဘူး။ သေချာတဲ့အချက်ကတော့ ကျနော်တို့ဟာ အိမ်အပြန်လှဖို့ လိုအပ်တယ်ဆိုတဲ့ အတွေးတခုသာပါပဲ။

ကျနော့်ရွာမှာ ကျနော်တို့ကို ကျွေးမွေးလိုက်ရလို့ မြေဆီသြဇာတွေ ကုန်ခန်းခဲ့ပါပြီ။ ကျနော်တို့ ထင်းဆိုက်လို့လည်း သစ်ပင်တွေ ကုန်သွားပါပြီ။ သီးပင်စားပင်လေးတွေလည်း နည်းပါးလာပါပြီ။ ကျနော်တို့က ကြော့လို့၊ ဟိုမှာကတော့ လျော့လို့။

အဲဒီလျော့ပါးမှုတွေကို ဖြည့်ဆည်းဖို့ ကျနော်တို့က ပြန်ကြမှာလား၊ ဒါမှမဟုတ် ကျန်နေတဲ့ အရင်းအမြစ်ကလေးတွေကိုပဲ ထပ်မံသွားရောက်ပြီး စားသောက်ကြမှာလား။

ဒီတော့ ကျနော်တို့ရဲ့ အပြန်ခရီးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ။ ကိုယ့်ရဲ့ လက်ရှိနေထိုင်မှုတွေကရော ပြင်ဆင်နေခြင်းတွေလား။

ကျနော်တို့က ရွာကို တကယ်လွမ်းတာလား။ ။

ထိန်လင်း
သရုပ်ဖော်ပုံ - အင်တာနက်

ရေစီးသံ ဂျာနယ်
အတွဲ ၇၊ အမှတ် ၃
ဇွန်လ ၁၆ ရက်၊ ၂၀၀၃ ခုနှစ်

Monday, January 11, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၃၃)

ဒီလိုနဲ့ဗျာ … တိုက်ပွဲက တရက်ပြီးတရက် ဖြတ်သန်းလာခဲ့တယ်။ တိုက်ပွဲဝင်ရဲဘော်တွေရဲ့ ကျန်းမာရေးဟာလည်း အချိန်ရွေ့တာနဲ့အမျှ တဖြည်းဖြည်း ကျဆင်းလာတယ်။ ကိုကိုးကျွန်းမှာ အစာငတ်ခံတယ် ဆိုတာက တချို့နိုင်ငံတွေမှာလို စတိသဘော အစာငတ်ခံတာ မဟုတ်ဘူးလေ။ ရေကလွဲပြီး ဘာဆိုဘာမှ ပါးစပ်ထဲကို မသွင်းဘူး။ အစာကို အပြတ်ကို ဖြတ်တာ။ နောက်ပြီး ဆေးဝါးလည်း ဘာမှမသွင်းရဘူး။ ဖျားတယ်ဆိုလျှင် ပေခံပဲ။

အဲဒါကြောင့်ပဲ ကျနော်တို့က ထောင်အာဏာပိုင်တွေကို နေ့တိုင်းလာပြီးတော့ စစ်ဖို့၊ ဆရာဝန်ကိုခေါ်လာဖို့ အမြဲတမ်း ကျနော်တို့က တောင်းဆိုတယ်။ အဲဒါ သူတို့ဘက်ကလည်း လာပါတယ်။ နေ့တိုင်း ဝင်လာတယ်။ ဝင်လာပြီးတော့ ကျနော်တို့ကို စစ်တယ်။ ကျနော်တို့ဘက် ဒီလူတွေရဲ့ အသက်နဲ့ကိုင်ပြီး အကျပ်ကိုင်နေရတယ် ဆိုတဲ့အခါကျတော့ ဒီအသက်ရဲ့ အခြေအနေကို ဒီအာဏာပိုင်တွေကို အမြဲသိနေစေချင်တယ်ဗျ။

အဲဒါနဲ့ သူတို့ကလည်း နေ့စဉ် မနက်ပိုင်းမှာ လာပြီးတော့ ကိုယ်အလေးချိန် တိုင်းတယ်၊ သွေးတိုးနှုန်းတိုင်းတယ်၊ အပူချိန်တိုင်းတယ်၊ လာစစ်ဆေးတယ်။ ကျနော်တို့ဘက်ကလည်း သူတို့ရဲ့ကျန်းမာရေး ကျဆင်းလာနေပြီ ဆိုတာပဲ ပြတယ်။ တိုက်ပွဲဝင်ရဲဘော်တွေဟာ ဘာဆိုဘာမှ မစားဘူးဆိုတာကို ပြတယ်။ တကယ်လို့ ဆေးစားမိတယ်၊ အစားတခုခု စားမိတယ်ဆိုရင် ကိုယ်အလေးချိန်က တန့်ခံနေတာ။ တခါတလေ ပြန်တောင် တက်လာသေးတယ်။ ဆားလေးလောက် စားလိုက်ရင်ကိုပဲ သိသာတယ်။

အဲလိုနဲ့ပဲ ထောင်အာဏာပိုင်တွေကလည်း နေ့တိုင်းလာကြည့်၊ ကျနော်တို့ကလည်း မနက်တခါ ညနေတခါ ထောင်ဗူးဝသွားပြီးတော့ တနေ့ ၂ ခါ ကြွေးကြော် ဆန္ဒပြနေကြတယ်။ ကျွန်းပေါ်မှာ ဆန္ဒပြတယ်ဆိုတာက အစာငတ်ခံ တိုက်ပွဲဝင်တယ်ဆိုရင် အဲဒီ တိုက်ပွဲဝင်တဲ့လူတွေက တိုက်ပွဲဝင်တဲ့ အဆောင်တွေထဲမှာ များသောအားဖြင့်တော့ လှဲနေကြတာပေါ့လေ။ လှဲလိုက် ထိုင်လိုက်ပေါ့။

အဲဒီတော့ တိုက်ပွဲအတွင်းမှာ မပါတဲ့လူတွေက အဲဒီလူတွေကို ပြုစုရတယ်။ နောက် ကင်းစောင့်ရတယ်။ လုံခြုံရေးကင်း အမြဲစောင့်ရတယ်။ အလှည့်နဲ့ ၂၄ နာရီ ကျနော်တို့ ကင်းစောင့်တာလည်း လုပ်ရတယ်၊ ပြုစုတာလည်း လုပ်ရတယ်။ ကျနော်တို့နဲ့အတူအဖမ်းခံရတဲ့ အမှုတွဲလည်း အတူတူ၊ မန္တလေးထောင်ကပါလာတဲ့ မန္တလေး ဆေးတက္ကသိုလ် နောက်ဆုံးနှစ်က ကိုအေးမြင့်။ သူကတော့ အပင်ပန်းဆုံးပေါ့ဗျာ။ သူက လူနာတွေ ပြုစုရတယ်။ သူကတော့ အလှည့်မရှိဘူး၊ သူ့တယောက်တည်းပဲ ၂၄ နာရီ စောင့်ပြီးတော့ အိပ်တော့လည်း အဲဒီ တိုက်ပွဲဝင်ရဲဘော်တွေ အနားမှာပဲ အိပ်ပြီးတော့ သူက စောင့်နေရတာပဲ။

အဲဒီတော့ ဒီလိုကာလအတွင်းမှာ ထောင်အာဏာပိုင်တွေနဲ့ ကျနော်တို့က နေ့တိုင်းကို မျက်နှာချင်းဆိုင် တွေ့နေရတာ။ သူတို့လည်း ဝင်လာတယ်၊ ကျနော်တို့ကလည်း သူတို့ဝင်လာရင် နောက်ကနေပြီးတော့ လိုက်သွားတာ။ သူတို့ကို လွှတ်မထားဘူး။ အဲဒီတော့ တယောက်နဲ့ တယောက်က နေ့တိုင်းတွေ့နေကြတာ။

ဒါပေမယ့် ဘယ်သူ့ ဘယ်သူမှ စကား မပြောဘူး။ သူတို့ပြောချင်ရင် သူတို့အချင်းချင်း ပြောတယ်။ ကျနော်တို့လည်း ကျနော်တို့အချင်းချင်း ပြောတယ်။ သူတို့နဲ့တော့ ဘာမှမပြောဘူး။ ကျနော်တို့ကလည်း ဣနြေ္ဒအပျက်ခံပြီး ခင်ဗျားတို့အထက်က ဘာမှအကြောင်းမပြန်သေးဘူးလား ဆိုတာမျိုး မမေးဘူး။ တခွန်းမှ မမေးဘူး။ အဲဒါ သူတို့ဘက်ကလည်း အလျှော့ပေးချင်တယ်၊ စေ့စပ်ချင်တယ်လို့ ထင်သွားစေမယ့် အပြောအဆို အမူအယာမျိုး ဘာမှမပြဘူး။ အဲလိုနဲ့နေလာတာ တလတောင်ကျော်လာခဲ့ပြီ။

ဒါပေမယ့် တခုတော့ရှိတာပေါ့လေ၊ ကျနော်တို့ကလည်း သူတို့ အတွင်းရေး သတင်းတွေရအောင် မေးတာမျိုးဆို ကြိုးစားတယ်။ သူတို့လည်း ကြိုးစားမှာ သေချာပါတယ်။ ကျနော်တို့မှာလည်း ကျနော်တို့နည်းတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ရတဲ့သတင်းတွေကိုတော့ ကျနော်တို့က ထိပ်တန်းလျှို့ဝှက်ထားတယ်။ ကျနော်တို့ ထိပ်ဆုံးခေါင်းဆောင်တွေပဲ သိတယ်။ တိုက်ပွဲဝင်ရဲဘော်တွေလည်း မသိဘူး။ သူတို့အတွင်းရေး အတော် နက်နက်ရှိုင်းရှိုင်းကို ကျနော်တို့က သိနေရတယ်။

အဲလိုနဲ့ မိုးတွေကလည်း တဖွဲဖွဲ၊ မုန်တိုင်းကလည်း မစဲ၊ တသဲသဲနဲ့ တိုက်ပွဲဝင်လာလိုက်ကြတာ တလလည်းကျော်သွားရော ရာသီဥတုဆိုးဝါးတဲ့ဒဏ်ကို စပြီး ခံစားကြရတော့တာပဲ။ အဲဒါ ဘာလဲဆိုတော့ တိုက်ပွဲဝင်အဆောင်တွေရဲ့ အဝင်အထွက်မှာက တံခါးက ဖွင့်လိုက်ပိတ်လိုက် လုပ်ကြရတာကိုး။

အဲလို ဖွင့်လိုက်ပိတ် လိုက်လုပ်ရတော့ ခုနက မုန်တိုင်းတွေက ဝေါခနဲ ဝေါခနဲ လေက ဝင်ဝင်လာတယ်။ အဲဒီတော့ အဝင်အထွက် အပေါက်နားရှိတဲ့ ရဲဘော်တွေ မသက်သာဘူး။ ကျနော်တို့က အဲဒီအခြေအနေကို သတိရမိတော့ အဲဒီတံခါးပေါက်တွေမှာ ကျနော်တို့ ဂုန်နီအိတ်တွေနဲ့ ကာပြီးတော့ ကန့်လန့်ကာလို ကာတယ်။ ဒါပေမယ့် နောက်ကျသွားပြီ။

အဲဒီ ပထမ အဓိကအဆောင်၊ တံခါးပေါက်နားမှာအိပ်တဲ့ ရဲဘော်သိန်းကြည်ဟာ အအေးမိပြီးဖျားရော။ ဖျားတယ်ဆိုတော့ ကိုသိန်းကြည်ရဲ့ အခြေအနေဟာ ချက်ချင်းယိုင်ကျလာတာ။ နဂိုက လူက ခပ်ဝဝပဲ။ တိုက်ပွဲထဲမှာလည်း အင်မတန် တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရနဲ့ နေတာ။

ဒါပေမယ့် ဖျားတယ်ဆိုတာနဲ့ တခါတည်း ယိုင်ကျလာတာ။ နဂိုကမှ ဘာမှမစားဘဲ တလကျော်နေလာတဲ့ ခန္ဓာကိုယ်ဟာ ဒီရောဂါကို ဘယ်လိုမှ ခုခံနိုင်စွမ်း မရှိတော့ဘူး။ အဲဒီတော့ ကျနော်တို့ နဂိုကတည်းကိုကလည်း အစာငတ်ခံတိုက်ပွဲတိုက်တယ်ဆိုကတည်းက ဘာဆေးမှ မစားဘူး၊ ဘာဆေးကုသမှုမျိုးမှ မခံဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကလည်းရှိနေတော့ အတော်ကို သနားစရာကောင်းတဲ့ အခြေအနေပဲ။

သူကတော့ ဣနြေ္ဒ မပျက်ဘူး။ တချက်မှ ဣနြေ္ဒ မပျက်ဘူး။ ဒါပေမယ့် အပြင်က သူ့အခြေအနေကို စောင့်ကြည့်နေရတဲ့ ကျနော်တို့တတွေကတော့ ဟာ … အင်မတန် နာကြည်း၊ အင်မတန် ဝမ်းနည်း၊ သိပ်ကို ခံစားရခက်တဲ့ဟာမျိုးတမျိုးပဲ။

တကယ်က သူက စတာက သာမန် အအေးမိတာလေးပဲ။ ကိုယ်လည်း မပူသေးဘူး။ အဲလိုအချိန်မှာ သာမန် ဆေးလေး APC လိုဟာမျိုးလေး ပေးလိုက်ရင်ကိုပဲ ပျောက်သွားမယ့်ဟာမျိုး။ ဒါပေမယ့် ကျနော်တို့က ဒီအတိုင်းပစ်ထားရတဲ့အခါကျတော့ နဂိုကတည်းကမှလည်း ကိုယ်ခံဓာတ်က မရှိတဲ့အခါကျတော့ ချက်ချင်းလိုလိုပဲ ကိုယ်ကပူလာပြီးတော့ အခြေအနေဆိုးတော့တာပဲ။

သူ့အခြေအနေက တဖြည်းတဖြည်း ဆိုးလာလိုက်တာ သတိမရှိတော့ဘူး။ သူ့ဟာသူလည်း ရေမသောက်နိုင်တော့ဘူး။ ကျနော်တို့ သူ့ပါးစပ်ထဲကို ဂွမ်းစလေးနဲ့ ရေစက်လေးတွေ ချပေးနေရတာ။ အဲဒီတော့ သူ့အခြေအနေက မဟန်တော့ဘူးဆိုတာ ရှင်းသွားတယ်။ အသက်ရှူလည်း တခါတခါ ဖောက်လာတယ်။ သူ့ရဲ့ ဒီအခြေအနေကို ကျနော်တို့ စခန်းတခုလုံးက သိနေကြ။ အားလုံးပဲ တိတ်ဆိတ်ငြိမ်နေကြတယ်။ မမျှော်လင့်ချင်တဲ့ သတင်းဆိုးတခုကို စောင့်နေတဲ့သဘောပဲ။

ဒီမှာ ပြောစရာတခုက ကိုကိုးကျွန်းတိုက်ပွဲတွေမှာ၊ စခန်းထဲမှာ တိုက်ပွဲတပွဲ တိုက်တယ်ဆိုလို့ရှိရင် အားလုံးက လိုက်နာကြတဲ့ အချက်တချက် ရှိတယ်။ အဲဒါ စည်းကမ်းလိုတောင် ဖြစ်နေတယ်။

အဲဒါဘာလဲဆိုတော့ ဘယ်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ရန်သူကို တိုက်ပွဲဝင်တယ်ဆိုရင် ကျန်တဲ့လူတွေက အဲဒီတိုက်ပွဲကို လေးစား အသိအမှတ်ပြုတဲ့အနေနဲ့ စခန်းအပြင်ကို မထွက်ကြဘူး။ ထင်းခွေ၊ ရေခပ် မလုပ်ကြဘူး။ အပြင်မှာသွားပြီး ရေချိုးတာလည်း မလုပ်ကြဘူး။ ကိုယ့် တောင်ယာတွေ ဘာတွေရှိလည်း တောင်ယာကို မသွားတော့ဘူး။ တောင်ယာက အသီးတွေ ဘယ်သူ ဆွတ်စားစား၊ ကြက်တူရွေးတွေပဲ စားစား ဒီတိုင်းပဲ ပစ်ထားလိုက်တာ။

ဒီစခန်းထဲမှာလည်း တူရိယာပစ္စည်း မတီးဘူး။ ဘော်လီဘော၊ ခြင်းလုံးစတဲ့ အားကစားလည်း ဘာမှမလုပ်ဘူး။ အဲဒီတော့ ကျနော်တို့ ရဲဘော်သိန်းကြည်အခြေအနေကို သိနေတော့ သူ့ရဲ့ အဆောင်ပတ်ဝန်းကျင်မှာပဲ ကျနော်တို့ စောင့်နေကြတာ။

သူ ကျဆုံးမယ့်နေ့မှာ မနက်အစောကြီးကတည်းက ကျနော်တို့ အဲဒီနား ပတ်ဝန်းကျင်မှာပဲ နားတစွင့်စွင့်နဲ့ စောင့်နေကြတာပဲ။ ကင်းစောင့်ဖို့ တာဝန်ကျတဲ့လူကတော့ အဲဒီ သူ ကင်းစောင့်ရမယ့်နေရာမှာ သွားစောင့်တယ်။ ကျန်တဲ့လူတွေကတော့ ဒီအနီးအနားတဝိုက် တဝဲလည်လည်နဲ့ပဲ စောင့်နေကြတာ။

အဲလိုနဲ့ အဲဒီနေ့ခင်း ၂ နာရီကျော်လောက်မှာ တိုက်ပွဲဝင်ရက် ၃၈ ရက်ပေါ့လေ။ (ကျနော်ကလည်း အပြင်မှာ)။ သူ့ ကုတင်လောက်ဆီကနေပြီးမှ “သတိ” ဆိုတဲ့ စစ်မိန့်ပေးသံကြီး ကြားလာတာ။ သူ့ကုတင် ခြေရင်းဘက်ဆီက ဆိုတာ သိတယ်။ ပြီးတော့မှ … “စစ်အစိုးရရဲ့ ဖိနှိပ်ညှဉ်းပန်းမှုကို ရဲရင့်ဂုဏ်ပြောင်စွာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ အာဇာနည် ရဲဘော်သိန်းကြည်ကို အလေးပြု” ဆိုတဲ့ အမိန့်ပေးသံ ဆက်တိုက်ပေါ်လာတာ။

ကျနော်တို့လည်း နေရာကနေ အလေးပြုလိုက်ကြတယ်။ အဲဒါပြီးတဲ့နောက် နဂိုကတည်းက စီစဉ်တိုင်ပင်ထားတဲ့အတိုင်း “အင်တာနေရှင်နယ် သီချင်း … စ … ဆို” ဆိုတဲ့ စစ်မိန့်ပေးသံတခု ပေါ်လာတယ်။

အဲလို အမိန့်ပေးသံလည်းပေါ်ပြီးရော နိုင်ငံတကာသီချင်းကို ဖြည်းဖြည်းညင်းညင်း လေးလေးနက်နက် ညီညီညာညာနဲ့ ဝိုင်းဆိုကြတယ်။ အပြင်မှာရှိတဲ့ ကျနော်တို့လည်း လိုက်ဆိုကြတယ်။ တိုက်ပွဲဝင်တဲ့ ရဲဘော်တွေလည်းပဲ ကိုယ့်အိပ်ယာကနေကိုယ် အသံလေးမျှဉ်းမျှဉ်းနဲ့ လိုက်ပြီးဆိုကြတာ။ မျက်ရည်တွေနဲ့ပေါ့ဗျာ။

အဲလိုဆိုပြီးတဲ့နောက်မှာ ကျနော်တို့အားလုံး ထောင်ဗူးဝကို သွားကြတာ။ ထောင်ဗူးဝမှာ စုရုံးပြီးတော့ ထောင်အာဏာပိုင်တွေကို လှမ်းခေါ်တယ်။ ထောင်အာဏာပိုင်တွေ လာတဲ့အခါမှာ ကျနော်တို့က ရဲဘော် သိန်းကြည် ကျဆုံးသွားပြီဖြစ်တဲ့အကြောင်း သူတို့ကို ပြောပြတယ်။

ပြောပြပြီးတော့မှ သူတို့ဘက်ကို လက်ညှိုး ငေါက်ငေါက်ထိုးပြီးတော့ “ရဲဘော်သိန်းကြည်ကို သတ်တာ၊ စစ်အစိုးရ စစ်အစိုးရ။ ဖိနှိပ်ချုပ်ချယ်မှု၊ အလိုမရှိ အလိုမရှိ။ ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းပစ် ဖျက်သိမ်းပစ်” ဆိုပြီးတော့ နာနာကြည်းကြည်းနဲ့ အသံကုန်အော်ကြတာ။

ဆက်လက်ဖော်ပြပါမယ်။

Sunday, January 10, 2010

အမေရိုင်း (နိဂုံးပိုင်း)

အမေသည်စာကို ကပျာကယာ အိတ်ထဲသို့ထည့်လိုက်သည်။ ရုတ်တရက်မို့ အမေ့မှာ မျက်ရည်တွေသုတ်ပစ်ရန် အချိန်မရ၊ သို့သော် ဘာမှမဖြစ်သလိုပင် အမေသည် စစ်သားကလေးများအား နှုတ်ဆက်ကြိုဆိုလိုက်သည်။

စစ်သားကလေးများမှာ စိတ်တက်ကြွနေပုံရသည်။ သူတို့လက်ထဲမှာ ယုန်တကောင်ပါလာသည်။ အလစ်သုတ်လာခြင်း အမှန်ပင် ဖြစ်ရမည်။ သူတို့သည် အမေ့အား ခြေပြလက်ပြနှင့် ပွဲကောင်းတပွဲ ချက်ပြုတ်စားသောက်လိုကြောင်း ပြောကြသည်။ ချက်ချင်းပင် အမေသည် နေ့လယ်စာအတွက် စတင်ပြင်ဆင်သည်။

ယုန်ကိုသတ်ရမည့်အချိန်သို့ရောက်သည်တွင် အမေ စိတ်မပါတော့ပေ။ ယုန်ကို သတ်ရမည့်အလုပ်မှာ အမေ့အဖို့ မလုပ်စဖူးသော အလုပ်မဟုတ်ပေမယ့်လည်း ယခုတွင်မူ အမေက မပြုရက်အောင် ဖြစ်နေသည်။

ထို့ကြောင့် စစ်သားကလေးတယောက်က ယုန်ကို နားထင်တချက်ထိုးပြီး သတ်ပေးရသည်။ အသက်မရှိတော့မှပင် အမေသည် ယုန်ကို အရေခွံဆုတ်ခွာရသည်။ ဤတွင်လည်း ယုန်ကလေး၏ ပူနွေးသောသွေးများက မိမိ၏လက်နှစ်ဖက်လုံးမှာ ပေကျံပြီး တဖြည်းဖြည်းနှင့် အေးစက်ကာခဲလာသည်ကို မြင်ရသောအခါ အမေသည် တကိုယ်လုံး ခြေဆုံးခေါင်းဖျား တုန်လှုပ်သွားသည်။ အမေ၏ မျက်စိထဲတွင်လည်း ခန္ဓာကိုယ်ထက်ပိုင်းပြတ်ကာ သေပွဲဝင်ရရှာသော သားကြီးကို မြင်ယောင်လာသည်။

ကျည်ဆန်ထိမှန်စဉ်ကဆိုလျှင် သားကြီးမှာသည် ယုန်ကလေးလိုပင် သွေးစိမ်းတွေလွှမ်းကာ အသည်းနှလုံး ကတော့ လှုပ်ခတ်နေဆဲဖြစ်ပေလိမ့်မည်။

ထမင်းစား စားပွဲမှာ အမေသည် စစ်သားကလေးများနှင့်အတူ ထိုင်လိုက်သည်။ သို့သော် အမေသည် တလုတ်မျှပင် မျို၍ မရပါချေ။ စစ်သားကလေးများက ဒါကို သတိမထားမိ။ ယုန်သားကိုသာ ခေါင်းပင်မဖော်နိုင်ဘဲ ပလုတ်ပလောင်း စားကြသည်။

ခုလို သူတို့စားပုံကို အမေက မျက်စိထောင့်ကပ်၍ ကြည့်နေကာ စိတ်ထဲမှာ အကြံတခုဖြစ်ပေါ်နေ၏။ နှုတ်ကတော့မူ ဘာတခွန်းမှ မပြော။ ဤသို့ဖြင့် အမေ့မျက်နှာမှာ ဘာမျှ ထူးခြားချက်မတွေ့နိုင်ရာ စစ်သားကလေးများက ဘာကိုမျှ မရိပ်မိ။

ခုလိုနေရင်းက အမေသည် ရုတ်တရက်ပင် စစ်သားကလေးများအား …

“ဟေ့ … တို့များ အတူနေလိုက်ကြတာ တလတောင်ရှိသွားပြီ၊ မင်းတို့နာမည်တွေ အမေ မသိရသေးပါလား”

(အမေနှင့် ဘာသာစကားချင်းမတူသဖြင့်) ခြေပြလက်ပြနှင့် အမေပြောသည်ကို အတန်ကြာမှ သဘောပေါက်သွားကြသည်။ ထိုအခါမှ စစ်သားကလေးများသည် အမေ့အား သူတို့၏နာမည်တွေကို ပြောပြသည်။

အမေကမူ နာမည်တွေကို ကြားရရုံနှင့် မကျေနပ်သေး။ စာရွက်တရွက်ပေါ်မှာ တဦးချင်း၏ နာမည်၊ မိသားစု၏ နေရပ်လိပ်စာတွေကို ရေးပေးခိုင်းသည်။ ထို့နောက် အမေသည် နာမည်နှင့် လိပ်စာတွေကို သူ့မျက်မှန် ထုတ်တပ်ကာ ဖတ်ကြည့်လိုက်သည်။ ဂျာမန်စာမို့ သူ မဖတ်တတ်။

သို့သော် သည်စာရွက်ကိုခေါက်ကာ သားဖြစ်သူသေဆုံးကြောင်း အကြောင်းကြားစာနှင့်အတူ အိပ်ကပ်ထဲမှာ ထည့်ထားလိုက်သည်။ စားသောက်ပြီးစီးသောအခါ အမေက …

“ဟေ့ … မင်းတို့အတွက် အမေ အလုပ်တခု စီစဉ်ထားတယ်”

ပြောရင်း အမေသည် စစ်သားကလေးများ အိပ်စက်ရာ အထပ်ခိုးပေါ်သို့ မြက်ခြောက်များကိုစ၍ သယ်ဆောင်တော့၏။ စစ်သားကလေးများမှာ ပါးစပ်အဟောင်းသားနှင့် အမေ ဘာတွေလုပ်နေပါလိမ့်ဟု တွေးနေကြသည်။ အမေကမူ သူတို့တတွေ အိပ်စက်သည့်အခါ ပို၍နွေးနွေးထွေးထွေးရှိစေရန်ဟု နှုတ်မှ သူ့ဘာသာ ပြင်သစ်ဘာသာစကားနှင့်တမျိုး၊ လက်ရိပ်ခြေရိပ်နှင့်တစ်မျိုး ရှင်းပြသည်။

သည်တွင် စစ်သားကလေးများကလည်း မြက်ခြောက်တွေ ဝိုင်းဝန်း သယ်ပိုးကြလေသည်။ မြက်ခြောက် အလွှာတွေကား တဲ၏ခေါင်မိုးနှင့် ထိလုမတတ် များပြားလှ၏။ ဤသို့ဖြင့် သူတို့အိပ်ရာမှာ ခပ်သင်းသင်းကလေး မွှေးနေဆဲဖြစ်သော မြက်ခြောက်များ လေးဖက်လေးတန် ဝန်းရံလျက် ရှိနေလေ၏။

ညစာစားချိန်တွင်လည်း အမေသည် ဘာမျှမစားနိုင်ဖြစ်နေ၏။ ဤသည်ကိုမြင်သောအခါ စစ်သားလေးတဦးက စိုးရိမ်တကြီး မေးလာသည်။ ထိုအခါ အမေသည် လေနာထသည်ဟု ရှင်းပြသည်။

စားသောက်ပြီးစီးသွားသောအခါ အမေသည် မီးဖိုကာ လှုံနေလိုက်သည်။ စစ်သားကလေးများသည် ညစဉ်ပြုနေကျအတိုင်း သူတို့အိပ်စင်ရှိရာသို့ လှေကားမှ တက်သွားကြသည်။

သူတို့ အိပ်စင်ပေါ်သို့ ရောက်သည်ဆိုလျှင်ပင် အမေသည် လှေကားကို ဘေးဘက်သို့ ရွှေ့ထားလိုက်သည်။ ထို့နောက် အမေသည် တံခါးကို အသံမကြားအောင်ဖွင့်ပြီး အပြင်ဘက်သို့ ထွက်သွားကာ ကောက်ရိုးတွေ သယ်လာပြီး မီးဖိုခန်းထဲတွင် ခန်းလုံးပြည့် ပုံလိုက်သည်။

နှင်းသည်းနေသဖြင့်လည်း အမေ သွားလာလှုပ်ရှားသံတို့ကို စစ်သားကလေးများ မကြားရပေ။ အမေသည် မကြာခဏ အပြင်ထွက်ကာ အမေ အထက်ထပ်ကို နားစွင့်ကြည့်သည်။ စစ်သားကလေးများကား အိပ်မောကျနေကာ တယောက်ကိုတမျိုး သံစုံကျူး၍ ဟောက်နေကြလေပြီ။

မိမိ၏ပြင်ဆင်မှုများ ပြည့်စုံပြီးစီးပြီဟု ယူဆသောအခါ အမေသည် ကောက်ရိုးအထုံးတထုံးကို စောစောက ဖိုထားသော မီးဖိုပေါ်သို့ ပစ်တင်လိုက်သည်။ ဤကောက်ရိုးစည်းမှာ မီးစွဲသောအခါ အခြားကောက်ရိုးစည်းတွေ အပေါ်သို့ ပစ်တင်လိုက်ပြန်၏။ ပြီးလျှင် အမေသည် တဲအပြင်ထွက်ပြီး စောင့်ကြည့်နေလိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် တဲ၏အတွင်းပိုင်းတခုလုံး မီးတွေထိန်ကာ မီးဖိုထဲမှာဆိုလျှင် မီးပုံကြီးတပုံဖြစ်လာသည်။ မီးတောက်မီးကျည်းတွေ ရဲရဲတောက်နေသော မီးဖိုကြီးအဖြစ်သို့ ပြောင်းလဲသွားတော့၏။

ထိုမီးဖိုကြီးမှထွက်လာသော မီးလျှံများကြောင့် အပြင်ဘက်က နှင်းပြင်ကြီးမှာ အနီရောင် လွှမ်းသွားလေသည်။
ရုတ်တရက်ပင် အထက်ထပ်မှာ ကျယ်လောင်သော အသံတခု ထွက်လာသည်။ ၎င်းနှင့်တဆက်တည်းပင် ထိတ်လန့်ခြင်း၊ နာကျင်ခြင်း စသော ဝေဒနာများကြောင့် စူးရှသော အော်သံများလည်း ကြားရသည်။ မကြာမီ တံခါးပေါက်ရှိ နံရံကြီးပြိုကာ အထက်ထပ်မှာလည်း ပြိုသွားသည်။

ဤတွင် မီးညွန့်မီးတောက်မှာ ပို၍ကြီးထွားလာပြီး အထက်သို့ လိပ်၍လိပ်၍ တက်လာပြန်၏။ ထိုမှတခါ တဲ၏အမိုးကို မီးတောက်များသည် ထိုးဖောက်ကာ အလွန်ကြီးမားသော လက်နှိပ်ဓာတ်မီးကြီးပမာ ကောင်းကင်ဘက်သို့ အလင်းရောင် ထိုးနေ၏။ ဤအချိန်တွင်ကား တဲကလေးတခုလုံးမှာ မီးလျှံများဖြင့် ဟုန်းဟုန်းတောက်သွားတော့၏။

တဲအတွင်းမှ နံရံများ ပြိုကျသံများနှင့် ယက်မ၊ ထုတ် စသည်များ ပြိုကျသံများကလွဲ၍ အခြားအသံများ မကြားရ။ အမိုးတခုလုံးပြိုကျပြီးနောက် မီးလုံးကြီးမှာ မီးတောက်များ ဝေဝေဆာလျက် တက်သွားပြန်၏။ ဤတွင် နှင်းကျနေသော တဲ၏ဝန်းကျင်တခုလုံးမှာ နီကျင်ကျင်ဖြစ်နေသော ဘော်ငွေရောင်ဝတ်လွှာရုံသဖွယ် မြင်ရလေသည်။

အဝေးဆီက ခေါင်းလောင်းသံတခု စတင်ထွက်ပေါ်လာသည်။ အမေရိုင်းကား မီးလောင်ကျွမ်း၍ ပျက်စီးသွားပြီဖြစ်သော သူ၏ တဲကလေးရှေ့မှာပင် ရပ်မြဲရပ်လျက်။ အမေသည် ပုခုံးထက်မှာ သေနတ်ကို လွယ်ထားသည်။ သား၏သေနတ် ဖြစ်သည်။ အကယ်၍တဲအတွင်းမှ စစ်သားကလေး တယောက်ယောက် ပြေးထွက်လာလျှင် ပစ်သတ်ရန် ရည်ရွယ်ချက်နှင့်ပင်တည်း။ တဲတခုလုံး မီးကျွမ်းသွားတော့မှ အမေသည် သေနတ်ကို မီးတောက်တွေထဲသို့ ပစ်သွင်းလိုက်သည်။ ဤတွင် ပေါက်ကွဲသံတချက် ထွက်သွားသည်။

ခေတ္တအကြာတွင် လယ်သမားအချို့နှင့် ဂျာမန်စစ်သားများ ရောက်လာကြသည်။ အမေကား တစုံတခုအတွက် ကျေနပ်အားရသည့်အသွင်နှင့် ဣန္ဒြရစွာပင် သစ်ငုတ်တိုတခုအပေါ်မှာ ထိုင်နေသည်။ ပြင်သစ်စကားကို ပြင်သစ်တစ်ယောက်ကဲ့သို့ ပြောဆိုတတ်သော ဂျာမန်စစ်သားတစ်ယောက်က အမေ့အား …

“ခင်ဗျာ့ စစ်သားကလေးတွေကော ဘယ်မှာလဲ”

အမေသည် သူ၏ အရိုးပေါ်အရေတင် လက်တချောင်းကို မီးပုံကြီးဘက်သို့ ဆန့်တန်းပြီး စီလွင်သောအသံဖြင့် ဖြေလိုက်သည်။

“ဟော … ဟိုထဲမှာ”

ဤတွင် စစ်သားများသည် အမေ့အနီးသို့ ဝိုင်းအုံတိုးဝှေ့လာကာ …

“မီးက ဘယ်လို စလောင်တာလဲ”

အလောတကြီး မေးကြသည်ကို အမေက ဟစ်ကြွေးဖြေလိုက်သည်။

“ငါ … ငါ ရှို့လိုက်တာ”

ရုတ်တရက်သော် စစ်သားများမှာ အမေ့စကားများကို မယုံနိုင်ကြ။ သူ့တဲကလေး မီးလောင်သွားသည့် သောကရတက်ကြောင့် စိတ်ဖောက်ပြန်သွားသည်ဟု ထင်လိုက်သည်။

သို့သော် လူတွေက အမေ့အနီးသို့ရောက်အောင် တိုးဝှေ့ ဝိုင်းအုံလာကြသည့်အခါ အမေသည် သားဖြစ်သူ သေဆုံးသည့်အကြောင်းစာရရှိသည်မှအစ တဲကလေးနှင့်အတူ မီးသင့်သွားကြသော စစ်သားများ၏ အော်သံအဆုံး၊ အမေ၏ခံစားချက် စသော အသေးစိတ်ကလေးများပါမကျန် ပြောပြလိုက်လေသည်။

ဇာတ်ကြောင်းအကုန်အစင် ပြောပြပြီးသောအခါ အမေသည် အိပ်ကပ်ထဲမှ စာရွက်ကလေး ၂ ရွက်ကို ထုတ်လိုက်သည်။ ပြီးလျှင် တဲကလေးဘက်မှလာသော မီးရောင်ဖြင့် ဖတ်ရှုရန် မျက်မှန်ကိုပါထုတ်ပြီး တပ်လိုက်သည်။ ထို့နောက် စာရွက်တရွက်ကိုပြကာ …

“ဒါက သားကြီး သေဆုံးကြောင်း သတင်းပါတဲ့စာပဲ”

ပြောပြီး နောက်စာရွက်ကိုထုတ်ကာ မီးတောက်တွေနှင့် ရဲရဲနီနေဆဲဖြစ်သော တဲဘက်သို့ခေါင်းဆတ်ပြရင်း … …

“ဒီစာရွက်မှာ သူတို့နာမည်တွေ၊ လိပ်စာတွေ ပါတယ်။ သူတို့မိသားစုတွေဆီ အကြောင်းကြားနိုင်အောင်လို့”

ပြောပြောဆိုဆို ထိုစာရွက်ကို အမေသည် အေးအေးလူလူပင် ဂျာမန်စစ်ဗိုလ်အား ပေးလိုက်သည်။ ထို့နောက် အမေသည် သူ့ပုခုံးပေါ်တွင် လက်တဖက် တင်ထားသော ဂျာမန်စစ်ဗိုလ်ကို မော့ကြည့်ကာ …

“ဒီမယ် မောင်ရင်၊ ဒီကလေးတွေ ဘယ်လိုသေတယ်ဆိုတာ သေသေချာချာ စာရေးအကြောင်းကြားပါ၊ ကျုပ် သတ်လို့ သေတယ်ဆိုတာကိုလည်း ထည့်ရေးပါ၊ ကျုပ်နာမည်က ‘ပီတိုရေဆင်မွန်’ အဲ … အဲ … အမေရိုင်းကြီးလို့ လူတွေခေါ်ကြတဲ့ မိန်းမကြီးပေါ့၊ ဒါကို မမေ့ပါနဲ့”

စစ်ဗိုလ်သည် ဂျာမန်ဘာသာနှင့် အမိန့်တရပ်ကို ဒေါသတကြီး အော်ဟစ်ထုတ်ပြန်လိုက်သည်။ ဤတွင် စစ်သားများက အမေ့အားဆွဲခေါ်ကာ တဲ၏နံရံတခုသို့ တွန်းထိုးကပ်ထားလိုက်သည်။ ထို့နောက် စစ်သား ၁၂ ယောက်သည် အမေနှင့် ကိုက် ၂၀ အကွာတွင် တန်းစီကာ ရပ်လိုက်ကြသည်။

အမေကမူ စဉ်းငယ်ကလေးမျှ တုန်လှုပ်ခြင်း မရှိ။

နားလည်မှုရှိနှင့်ထားသူပီပီ သူ့ဘဝနိဂုံးကို အေးအေးလူလူပင် စောင့်နေလိုက်၏။

စစ်ဗိုလ်ထံမှ အမိန့်ပေးသံ ထွက်လာသည်။ ချက်ချင်းပင် သေနတ်သံတွေ စည်စည်ညံသွားသည်။ ထို့နောက် သေနတ်သံတချက် ဆက်၍ ကြားလိုက်ရသည်။ အမေကား ပုံလျက်သားလဲပြိုမသွားဘဲ ခြေထောက်တွေ အဖြတ်ခံလိုက်ရသကဲ့သို့ ရှေ့သို့ စိုက်ကျသွားသည်။

ဂျာမန်စစ်ဗိုလ်သည် အမေ့အနီးသို့သွားကာ ကြည့်လိုက်သည်။ အမေ့၏ ခန္ဓာကိုယ်မှာ ထက်ပိုင်းပြတ်လုနီးနီး ဖြစ်နေ၏။ လက်တဖက်ကတော့မူ သူ့သားသေဆုံးကြောင်း သတင်းပို့လိုက်သည့် စာခေါက်ကလေးကို ဆုပ်မြဲဆုပ်ထားသည်။ ထိုစာခေါက်ကလေးမှာ ယခုအခါ သွေးခြင်းခြင်းနီနေပြီတည်း။

* * *

ဇာတ်လမ်းဆုံးသွားသောအခါ သူငယ်ချင်း ဆာဗောက …

“ဂျာမန်တွေည်း ဒေါသမထိန်းနိုင်သေးဘဲ တဲကလေးနဲ့ အနီးဆုံးဖြစ်နေတဲ့ အိမ်ကြီးကို ဖျက်ဆီးလိုက်ကြတယ်။ ကျနော့်အိမ်ကြီးပေါ့ဗျာ”

ကျနော်ကတော့မူ တဲကလေးနှင့်အတူ မီးလောင်ကာ သေဆုံးသွားကြသည့် စစ်သားကလေးများ၏ မိခင်များကို တလှည့်၊ တဲ၏နံရံကိုမှီကာ သေနတ်အချက်ပေါင်းများစွာကို ခံယူရင်း ရဲရဲဝံ့ဝံ့ သေပွဲဝင်သွားသည့် မိခင်၏ သတ္တိကို တလှည့် တွေးနေမိသည်။ထိုသို့ တွေးနေရာက မြေပြင်ကို ငုံ့ကြည့်မိပြီး ခဲကလေးတလုံးကို ကောက်ယူလိုက်မိသည်။ ထိုခဲလုံးကလေးမှာ မီးသင့်ထားသဖြင့် မည်းလျက်ပင်ရှိနေပါသေးသည်။

ဗမိုး - မြန်မာပြန်
(နိုင်ငံတကာ အမေမှ)
မော်ပါဆွန်း၏– Mother savage

သရုပ်ဖော် - မင်းကျော်ခိုင်


Saturday, January 9, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၂)

အထွေထွေ ပြင်ဆင်မှုများ

ဖထီးမန်းက ကျွန်းမကြီး၏အနောက်ဘက်ကမ်းခြေမှ ပတ်ပြီးပြန်သည်။ ကျနော်က ကျွန်းမကြီး အရှေ့ဘက်ကမ်းခြေမှ ပတ်ပြီးပြန်သည်။ ပြီးမှ စခန်းထဲ ပြန်ဝင်သည်။ နောက်ရက်များတွင် ရွက်တိုင်နှင့် လှော်တက်ကို တောထဲတွင် လိုက်ရှာပါသည်။ ရွက်တိုင်မှာ ကျွန်းပေါ်တွင်ပေါက်သော ဖြောင့်တန်းနေပြီး အသားဖြူသည့် သစ်ပင်တမျိုးရှိသည်။ ၎င်းကို သစ်ဖြူပင်ဟု ကျနော်တို့ နာမည်ပေးထားပါသည်။

၎င်းသစ်ဖြူသည် ပျော့ညွတ်ပြီး အသားဆတ်လွယ် ကျိုးလွယ်ခြင်း မရှိပါ။ ဤသစ်ဖြူသားကို ရွက်တိုင်အဖြစ် အသုံးပြုဖို့ ရွေးချယ်လိုက်ပါသည်။ ခြေသလုံးအရွယ်ရှိ သစ်ဖြူပင် ၂ ပင်ကို ရှာပြီး ခုတ်လိုက်ပါသည်။

ရွက်တိုင်အရှည်ကို ၁၂ ပေခန့်ထားပါသည်။ ရွက်တိုင် ၂ တိုင်ကို အခွံခွာပြီး တောထဲမှ ထမ်းထုတ်လာခဲ့သည်။ ဗိုလ်တင့်တယ်တို့တောင်ယာနားတွင် ဝှက်ထားလိုက်ပါသည်။ ရွက်တိုင် ၂ တိုင်မှာ ကျန်တတိုင်သည် အရံရွက်တိုင်အဖြစ် အဆင်သင့်လုပ်ထားခြင်းဖြစ်သည်။

နောက်နေ့များတွင် လှော်တက်ကို လိုက်ရှာခုတ်ပါသည်။ လှော်တက်မှာ စစ်ပင်မှ စစ်သားကို ရွေးပါသည်။ ကျနော်တို့မြစ်ဝကျွန်းပေါ်တွင် လှော်တက်လုပ်သည့် အသားများထဲတွင် ကျွန်း၊ ပျဉ်းမနှင့် စစ်ပင်အသားကို လှော်တက်လုပ်တာ တွေ့ဖူးပါသည်။ လှော်တက်ကို ၃ ချောင်း ခုတ်သည်။ တချောင်းမှာ အရံအတွက်ဖြစ်သည်။ ၇ ပေကျော်လောက် ရှည်မည်ထင်သည်။ ရွက်တိုင်နှင့် လှော်တက်များကို ခုတ်ပြီးသည့်နောက် ညဘက်တွင် ဂျယ်ရီကျွန်းကလေး၏ ဆပ်သွားဖူးရုံထဲသို့ ပို့ထားလိုက်ပါသည်။

လှေအတွက် ပွဲညက် (အင်တွဲ) လိုပါသည်။ လှေပျဉ်အစပ်တွင် ပွဲညက်နှင့် ထေးရ ဖာရပါသည်။ ကျွန်းပေါ်တွင် တောဂွေးပင်နှင့်ဆင်တူသော အပင်တမျိုးရှိပါသည်။ ၎င်းအပင်သည် လေမိုးဒဏ်ကြောင့် အကိုင်းကျိုးကျသည့် နေရာတွင် အစေးများထွက်ပါသည်။ ၎င်းအစေးများသည် လနှင့်ချီပြီးကြာလျှင် မာခြောက်ပြီး ခဲသွားပါသည်။ မာခြောက်ပြီးခဲသွားသော အင်တွဲတုံးကို ကျနော်တို့ ၂ ယောက် လိုက်ရှာကြပြီး ကောက်ပါသည်။

အင်တွဲတုံးကို အမှုန့်ထောင်းရာတွင် တောထဲသွားပြီး ထောင်းပါသည်။ ဖထီးမန်းက ခြုံထဲဝင်ပြီး ထောင်း၊ ကျနော်က အပြင်က ကင်းစောင့်။ အမှုန့်ဖြစ်လာတော့ အင်တွဲမှုန့်၊ တချို့က ပွဲညက်မှုန့်ဟု ခေါ်ပါသည်။ ၎င်းအမှုန့်ကို ရေနံဆီနှင့်နယ်လျှင် ပျော့အိပြီး စီးလာပါသည်။ လှေပျဉ်ချပ် ၂ ခု၏ အစပ်ကြားတွင် ပွဲညက်နှင့် ဖာရ ထေးရပါသည်။

ရွက်တိုင်လည်း ပြီးပြီ။ လှော်တက်လည်း ပြီးပြီ။ ပွဲညက်လည်း ပြီးပြီ။ လှေကို ဘေးကနေ ဝါးလုံးညှပ်ပြီး တွဲထားမည်။ ဘောအဖြစ်နှင့် ဖြစ်ပါသည်။ လှေလူးခြင်း၊ တိမ်းခြင်းနှင့် လှိုင်းဒဏ်ခံနိုင်အောင် ဖြစ်ပါသည်။ ဤအစီအစဉ် စိတ်ကူး စိတ်သန်းများ သည်လည်း ဖထီမန်းအောင်ကြည်၏ အစီအမံနှင့် စိတ်ကူးစိတ်သန်း ဖြစ်ပါသည်။

ကျွန်းမှာ ဝါး အတော်ရှားပါသည်။ စခန်းနှင့် ၃ မိုင်လောက်ဝေးသော တောနက်ထဲတွင် ဝါးရုံတရုံ ရှိပါသည်။ လူကြီး လက်ကောက်ဝတ်လောက် အရွယ်အစားတွေကို ခုတ်ယူပါသည်။ လှေတဖက်တချက်ကို ၂၅ လုံးစီ တွဲထားမည်။ ဝါးလုံးများကို ၉ တောင်ခန့်စီ အရှည်ခုတ်ပါသည်။ ပြီးတော့ ဗိုလ်တင့်တယ် တောင်ယာအထိ ထမ်းလာပြီး ဝှက်ထားပါသည်။

ဝါးလုံးကိုချည်ဖို့အတွက် သွပ်နန်းကြိုးကို ၁၂ လုံးတွဲ ဝင်းအသစ်တခုထဲမှ ဘားတိုက်တန်းလျားထဲတွင် သွယ်ထားသော သွပ်နန်းကြိုးကို ကျနော်ယူပြီး ခိုးဖြုတ်ယူလိုက်သည်။ လျှပ်စစ်ဝါယာကြိုးတွေကိုလည်း အလားတူ ဖြုတ်ယူပါသည်။

ကျနော်တို့ အကျဉ်းသမားများနေသော ၁၂ လုံး ဝင်းမျိုး ၃ ခုရှိပါသည်။ ရန်သူက နဂိုမူလ အစီအစဉ်က ကျနော်တို့ကို ရာဇဝတ်ထောင်ကျ အကျဉ်းသားတွေလို သဘောထားပြီး အုန်းခြံစိုက်ပျိုးဖို့ အစီအစဉ် ရှိထားသည်။ ရန်သူ၏အစီအစဉ်ကို ကျနော်တို့အကျဉ်းသားများသိရှိရပြီးနောက် နည်းပေါင်းစုံတို့ဖြင့် တိုက်ပွဲဝင်ခဲ့ကြပါသည်။ ကျနော်တို့ကို အုပ်ချုပ်မရ၊ ထိန်းသိမ်းမရသည့် အခြေအနေများ၊ ထောင်တိုက်ပွဲများ အဆက်မပြတ် တိုက်လာခဲ့သည့် အခြေအနေကြောင့် ကျွန်းသို့ နောက်ထပ်ပို့မည့် ကျနော်တို့နှင့် ဘဝတူ နိုင်ငံရေးအကျဉ်းသားများကို မပို့ဖြစ်တော့ပါ။

ထိုစဉ်က မဆလ၏ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူသူမှာ ဗိုလ်စိန်မြ ဖြစ်ပါသည်။ မဆလ၏ ဖိနှိပ်ရေး ပေါ်လစီကို တာဝန်ခံ အကောင်အထည်ဖော်ခဲ့သူ ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲကြီး ပေါ်ပေါက်လာပြီးနောက် နယ်စပ်သို့ ရောက်ရှိလာသည်။

ဒညတ ထဲတွင်ရှိနေစဉ် ထိုစဉ်က ဆရာဦးလှဖေသည် ဆန်ခလတွင် ဦးစိန်မြတို့နှင့် အတူရှိနေသည်။ ဆရာဦးလှဖေထံ ကျနော်သွားခဲ့ပါသည်။ ဦးစိန်မြကိုလည်း ကျနော် တွေ့ပါသည်။ ဦးစိန်မြကို တွေ့တွေ့ချင်း ကျနော် ဦးဆုံးပြောသည့် စကားမှာ …

“ခင်ဗျားဟာ ကျနော်တို့ရန်သူဖြစ်ခဲ့တယ်၊ ခင်ဗျား ပြည်ထဲရေးဝန်ကြီးဘဝမှာ ကျနော်တို့ ကျွန်းကရဲဘော်တွေ ၁၂ ယောက် ကျခဲ့တယ်။ ခင်ဗျားမှာ တာဝန်အရှိဆုံးပဲ၊ အေး … ဒါပေမယ့် ဒီအချိန်မှာ ပြည်သူတွေဘက်က ရပ်တည်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အတွက် ပြီးခဲ့တဲ့ကိစ္စတွေကို ခွင့်လွှတ်နိုင်ပါတယ်”

ကျနော် စွမ်းသမျှလည်း နိုင်ငံရေးအရ ဝိုင်းရံပေးခဲ့ပါသည်။

လှေမလူးအောင် ရေစူးဆိုတာ

လှေကိုတည်ဆောက်ရာတွင် လှေမလူးအောင် ရေစူးဆိုသည့်အရာကို လှေအောက်တွင် ရိုက်ထားရပါသည်။ ဖထီးမန်း မမြင် မတွေ့ဘူးသည့်အတွက် တကယ့်လက်တွေ့တွင် ဘယ်လိုလုပ်ရမည်ကို ခက်နေပါသည်။

တနေ့မနက်တွင် ဖထီးမန်းနှင့် ကျနော်တို့နှစ်ယောက် လိပ်သောင်ဘက်သို့ ထွက်လာပါသည်။ လိပ်သောင်၏ အလယ် လောက်အရောက်တွင် ကမ်းခြေတောစပ်ထဲသို့ဝင်ပြီး တောင်ကြောပေါ်သို့ တက်ခဲ့ပါသည်။ တောင်ကြောပေါ်မှ ပြန်ဆင်းခဲ့ရာ ရေမရှိတော့သော စမ်းခြောက်တခုကို တွေ့ရပါသည်။ စမ်းခြောက်ကလေးမှာ ကျောက်တုံး၊ ကျောက်ခဲ သေးသေးများ ညီညီညာညာ ဖြန့်ဖြူးစွာရှိပြီး အလွန်သာယာပါသည်။

လက်မောင်းခန့်ရှိသည့် နွယ်ကြိုးများမှာ ပေါင်ရင်းလောက်အမြင့်တွင် စမ်းခြောက်လေး၏ ဟိုဘက်နှုတ်ခမ်း သည်ဘက်နှုတ်ခမ်းထိ သွယ်တန်းနေပါသည်။ ကလေးများ ဒန်းလုပ်ပြီး စီးချင်စဖွယ် ဖြစ်ပါသည်။

ဤနွယ်တန်းလေးများမှာ မိုးအခါ တောင်ကျရေနှင့်ဆိုလျှင် ပုခက်လွှဲသကဲ့သို့ဖြစ်ပြီး အလွန်ကြည့်ကောင်းပါ သည်။ ကျနော်တို့ ၂ ယောက် ၎င်းစမ်းခြောက်လေးအတိုင်း အရှေ့ဘက်ကမ်းခြေသို့ မှန်းပြီးလာခဲ့ပါသည်။ မြေပြင်မှာလည်း ညီညာပြန့်ပြူးပြီး ပင်ကြီးပင်ငယ်များဖြင့် သာသာယာယာရှိပါသည်။ ကျနော်တို့လည်း အတော်လျှောက်လာခဲ့ပြီဖြစ်၍ ထမင်းလည်းဆာ ရေလည်းငတ်ပါသည်။

ရှေ့သို့အနည်းငယ်ဆက်လျှောက်လာရာ လက်ခုပ်တဖောင်ကျော်ကျော်ရှိပြီး သီးခိုင်သီးရင့်များဖြင့် ပြွတ်ခဲနေသော အုန်းပင်ပျိုတစုကို တွေ့လိုက်ရပါသည်။

ကျနော်တို့လည်း ဆာလောင်မောပန်းနေသည်ဖြစ်၍ နားလိုက်ပါသည်။ ကျနော် အုန်းပင်ပေါ်တက်ပြီး သားပြည့် ရည်ပြည့် ဇွန်းခြစ်အုန်းခိုင်တခိုင်ကို ခုတ်ချလိုက်ပါသည်။ အုန်းရည်သောက် အုန်းသီးဇွန်းခြစ် အသားနုနုကိုစား ဒီနေ့မနက်အဖို့တော့ ထမင်းလွတ် အုန်းသီးနုနုအသားကို အဝစားကြပါသည်။ အမောအပန်းဖြေ ခဏနားပြီး အုန်းသီးနုနုသားကို အပိုယူခဲ့ပါသေးသည်။

စမ်းချောင်းလေးအတိုင်း လိုက်လာရာ အရှေ့ဘက်ကမ်းခြေကို ဘွားခနဲ မြင်လိုက်ရပါသည်။ ကမ်းခြေအတိုင်း တောင်ဘက်သို့ပြန်လာခဲ့ပါသည်။ ၁၅ မိနစ်ခန့် လျှောက်လာရာ ကမ်းခြေအစပ်တွင် လှေတစီးပျက်ပြီး တင်နေသည်ကို လှမ်းမြင်ရ၍ ကျနော်သွားကြည့်ပါသည်။ လှေပျက်သည် လှေဝမ်းသာကျန်ပြီး လှေ၏ဘေးကာ ပျဉ်ပြားမရှိတော့ပါ။ လှေဝမ်း မှာလည်း မှောက်ခုံဖြစ်နေပါသည်။

ဤမှာတင် လှေဝမ်းတွင်စပ်ရမည့် ရေစူးပြဿနာသည် ရှင်းသွားပါတော့သည်။ ကျနော်က ဝမ်းသာအားရဖြင့်...

“ဖထီးမန်း၊ ဖထီးမန်း … ဒီမှာလာကြည့်စမ်း”

လှမ်းခေါ်လိုက်သည်။ ဖထီးမန်းရောက်လာသောအခါ လှေဝမ်းကို ကျနော်လက်ညှိုထိုးပြလိုက်သည်။ လှေဝမ်း၏အလယ်ကြော ပျဉ်ချပ်တွင် ၆x၂ ပျဉ်တချပ်ကို လှေဝမ်းနှင့်ကပ်လျက် ရိုက်ထားပါသည်။ ဖထီးမန်းလည်း ရေစူးပျဉ်ရိုက်ထားပုံကို သေသေချာချာ ကြည့်ထားပါသည်။ ရေစူးမှာ လှေကိုငြိမ်အောင် လှေကိုမလူးအောင် ထိန်းထားပုံရပါသည်။

ဒီမနက်တော့ ကျနော်တို့ တောင်တက် တောတိုး မောရကျိုးနပ်ပါသည်။ ဖြေရှင်းမရသည့် ရေစူးပြဿနာသည် ဝိရိယအကျိုးကြောင့် ရှင်းလင်း၍ သွားပါသည်။

ရေစူးပျဉ် ရေစူးပျဉ် … ဘယ်မှာရနိုင်မလဲ စဉ်းစားပါသည်။ အိမ်ဟောင်းများတွင် လိုက်ရှာရာ အိမ်က ပန်းပိတ်ရိုက်ထားသည့် ၆x၁ခွဲ ပျဉ်တချပ်ကိုတွေ့ပြီး ခွာယူလိုက်ပါသည်။ ခြုံထဲတွင် ဝှက်ထားပြီးမှ ညမိုးချုပ်တွင် ဂျယ်ရီးကျွန်းကလေးက ခြုံထဲသို့ ပို့ထားလိုက်ပါသည်။

နောက်ရက်အရောက်တွင် လှေကိုမှောက်ပြီး ၆x၁ခွဲ ပျဉ်နှင့် ရေစူးပျဉ်ကို ရိုက်ပါသည်။ ရေစူးပြဿနာလည်း ရှင်းလို့ ပြီးသွားပါသည်။

ရွက်ပြဿနာ ကျန်ပါသေးသည်။ ရွက်မှာ ကျနော်တို့တိုင်းပြည်တွင် ရှေးအစဉ်အလာက အသုံးပြုခဲ့သော လေးထောင့်ရွက်ကို မြင်ဖူးတွေ့ဖူးပါသည်။ မခက်ပါ။ ခက်နေတာက အနောက်တိုင်းရွက်ပုံစံ။

ဖထီးမန်းစိတ်ကူးထားတာက လေးထောင့်ရွက်ရော၊ အနောက်တိုင်းရွက်ပုံစံရော သုံးမည်။ ဒါမှ လေခိုအား ကောင်းပြီး ရွက်တိုက်လှေသွားနှုန်း မြန်မည်။ ဤပြဿနာလည်း မမျှော်လင့်ဘဲ ပြေလည်သွားပြန်သည်။

ဝင်းထဲရှိ အမှတ် ၂ အဆောင်ကို ဆေးခန်းအဆောင်အဖြစ် သတ်မှတ်ထားသည်။ တာဝန်ကျဆရာဝန်သည် ဆေးခန်းဖွင့်ချိန်တွင်လာပြီး ဆေးခန်းပိတ်ချိန်တွင် ပြန်သွားသည်။ ဆေးခန်းတွင် အမြဲနေသူမှာ ကျနော်တို့နှင့်ဘဝတူ မန္တလေး ဆေးတက္ကသိုလ်မှ ဟိန္ဒူအမျိုးသား ဆရာဝန်ကြီး ဒေါက်တာကူမား အမြဲနေသည်။

တာဝန်ကျဆရာဝန်က နယူးဝိစ် မဂ္ဂဇင်းကို ဒေါက်တာကူးမားကြည့်ဖို့ ထားခဲ့သည်။ တညနေ ဆေးခန်းသို့ ကျနော်သွားလည်ရာ နယူးဝိစ်မဂ္ဂဇင်း၏ နောက်ကျောဖုံးတွင် ဖူဂျီစတီလ် ကြော်ပြာတခုကို တွေ့ရသည်။

နေဝင်ဆည်းတာ နောက်ခံတွင် စုံတွဲ ၂ ဦးသည် ရွက်လှေကလေးပေါ်တွင် ဆည်းဆာအလှကို ကြည်နူးနေသည့် ပုံဖြစ်သည်။ ပုံကို အနီးကပ်ရိုက်ထားသည့်အတွက် ရွက်လှေကလေးပေါ်တွင် အနောက်တိုင်းရွက်ပုံစံ ထောင့်ချွန်း (ကျနော်တို့ပြည်က အခေါ် စွန်တောင်ရွက်) ရွက်အကြီးတခု ရွက်အသေးတခုကို အနီးကပ် ကွက်ကွက်ကွင်းကွင်း ရှင်းလင်းပီသစွာ ရိုက်ထားသည့်ပုံဖြစ်သည်။

ကျနော် စာအုပ်ကိုယူကြည့်ပြီး ဟိုလှည့်ဒီလှည့်လျှောက်ကြည့်ပြီးမှ ရွက်လှေပုံစံကို အသေအချာကြည့်ခဲ့ပြီး ကျနော့်မျက်စေ့ထဲ ဓာတ်ပုံရိုက်၍ မှတ်သားထားလိုက်ပါသည်။ ဖထီးမန်းဆီ ကပျာကယာပြန်လာပြီး သတင်းကောင်းလေးကို ပြောပြလိုက်ပါသည်။ ဖထီးမန်းလည်း ဒေါက်တာကူးမားဆီသွားလည်ပြီး လိုရင်းကိစ္စကို လေ့လာခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်။

Friday, January 8, 2010

အမေရိုင်း

(၁)

သူငယ်ချင်းနှင့်အတူ အမဲပစ်ရာမှအပြန် စန်ဒရယ်တောအုပ်သို့အဝင်မှာ တဲကလေးတလုံးကို တွေ့ရပါသည်။ တဲကလေးမှာ များစွာပျက်ယွင်းနေသည်။ သို့သော် ရုတ်ခြည်းပင် ကျနော်သည် ဤတဲကလေးအား လွန်ခဲ့သော ၁၅ နှစ်ကျော်က မြင်ခဲ့ဖူးသည်ကို အမှတ်ရလာပါသည်။

ထိုအခါက တဲကလေးကား စပျစ်နွယ်များသိုင်းခြုံကာ သပ်ရပ်သန့်ရှင်းလှသည်။ ယခုတေ
ာ့မူ သည်တဲကလေးမှာ အမိုးအကာပင် မရှိတော့။ ဤမျှပျက်စီးကာ အသွင်အပြင် ညှိုးချုံးလျက်ရှိရာ များစွာမှ စိတ်ချောက်ချားဖွယ် ဖြစ်နေပါသည်။

နောက်တခု မှတ်မိတာကလေး ရှိသေးသည်။ အလွန်မောပန်းလာသော နေ့တနေ့။ ထိုနေ့မှာ တဲရှင်မိခင်ကြီး၏ ဖိတ်မန္တကပြုချက်ဖြင့် သည်တဲကလေးမှာပင် အရက်တခွက်သောက်ခဲ့ရခြင်းပင်တည်း။

တဲရှင်များမှာ သားအမိ၊ သားအဖ ၃ ယောက်ဖြစ်သည်။ ဖခင်မှာ သူတပါးပိုင်ေ
မြအတွင်း တိတ်တဆိတ်ဝင်၍ အမဲပစ်ခြင်း၊ ငါးဖမ်းခြင်း စသည်များပြုလုပ်ကာ အသက်မွေးသူဖြစ်သည်။

ထို့ကြောင့် တနေ့တွင် အစောင့်ရဲသား၏ သေနတ်ချက်မိကာ သေဆုံးသွားခဲ့သည်။ သားဖြစ်သူမှာ ပိန်ပိန်ရှည်ရှည်နှင့် သူ့ဖခင်လိုပင် အမဲလိုက်ကျွမ်းကျင်သူဖြစ်သည်ဟု သိခဲ့ရသည်။ သူတို့သားအမိ သားအဖ ၃ ယော
က်ကို အဖေရိုင်း၊ အမေရိုင်း၊ သားလူရိုင်းဟု ခေါ်ကြသည်။ ဤနာမည်များမှာ သူတို့၏ အမည်ရင်းလား၊ အရပ်ပေး အမည်လားဟူ၍ ခွဲခြားမသိခဲ့ရပါ။

တဲကလေးကိုကြည့်ရင်း မှတ်မိသမျှတွေကို ပြန်လည်တွေးတောနေဆဲမှာ သူငယ်ချင်း ဆာဗော မီလာသဖြင့် …

“ဒီတဲကလေးကလူတွေ ဘယ်ရောက်ကုန်ကြပြီလဲ”

သူငယ်ချင်းက အောက်ပါဇာတ်လမ်းကို ပြောပြပါသည်။


(၂)

ပြင်သစ်နှင့်ဂျာမန် စစ်ပွဲစတင်ဖြစ်ပွားသောနှစ်တွင် သားလူရိုင်းသည် အသက် ၃၃ နှစ်ရှိပြီး သားသည် မိခင်မုဆိုးမကြီးကို တယောက်တည်း ထားပစ်ခဲ့ကာ စစ်ထဲလိုက်သွားသည်။ ဘေးလူများကမူ အမေ့အတွက် များစွာပူပန်ခြင်း မဖြစ်မိကြ။ အမေ့မှာ ငွေကြေးပြည့်စုံသည်ကို သိထားကြလေသည်။

အမေရိုင်းသည် ရွာနှင့်အတန်လှမ်းသော အထီးကျန်တဲကလေးမှာ ဟန်မပျက်ပင်ဆက်လက်၍ နေထိုင်လျက်ရှိသည်။ ဤသို့နေရသည်ကို စဉ်းငယ်မျှ တုန်လှုပ်ပုံ မရချေ။ မိန်းမသားဖြစ်ပေမယ့်လည်း အမေသည် ယောက်ျားကြီးမ
ျားပမာ အသည်းကောင်းလှ၏။ အမေကား အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် စိတ်ကြမ်း ကိုယ်ကြမ်း အဘွားကြီးဖြစ်သည်။ ပြုံးရယ်ခဲသူဖြစ်၍လည်း မည်သူကမှ အမေ့အား ရယ်ရွှန်းဖတ်ရွှန်း စကားမပြောရဲကြပေ။

အမှန်တော့လည်း အမေရိုင်းတို့လို လယ်တောသူတွေမှာ ပြုံးလား ရယ်လားနေတတ်ကြသူများ မဟုတ်။ ပြုံးပျော်ရွှင်မြူးဖို့ဆိုတာက ယောက်ျားသားတွေ၏ အလုပ်ဟု ယူဆထားတတ်ကြသူများဖြစ်သည်။ အမေတို့လို
လယ်တောသူတွေ၏ဘဝကား တနေ့တနေ့ အပြောင်းအလဲ မရှိ၊ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသည်။

ထို့ကြောင့် သူတို့၏ဘဝအမြင်မှာလည်း ကျဉ်းမြောင်းကာအရာရာကို ရှုမြင်ရာတွင် ကရုဏာဖက်ခဲကာ ခက်ထန်တတ်သည်။ လယ်လုပ်သားတွေမှာမူ အရပ်ထဲက အရက်ဆိုင်သို့သွားကာ ယောက်ျားသားတို့၏ဘဝ ဟေးလား ဝါးလားနှင့် ပျော်ရွှင်မြူးထူးနိုင်ကြသည်။

ဇနီးသည်တွေမှာကား ယောက်ျားများနှင့် တဘာသာဖြစ်
ကာ မျက်နှာထားတင်းတင်းနှင့် သုန်သုန်မှုန်မှုန် ဖြစ်နေတတ်ကြသည်။ မျက်နှာပေါ်က အကြောအခြင်တွေ အညောင်းအညာပြေစေရန်ဟူ၍ ပြုံးခြင်း ရယ်ခြင်း ပြုပေးသင့်ကြောင်းကို မသိကြသူများဖြစ်သည်။

ပြီးခဲ့သော ဆောင်းရက်များကဆိုလျှင် အမေ၏ တဲကလေးသည် နှင်းထုတွေကြားမှာ မြုပ်လုမတတ် နစ်နေခဲ့သည်။ သို့တိုင်အောင်လည်း အဘွားကြီးသည် ဟန်မပျက် ဆက်လက်၍
နေထိုင်ဆဲဖြစ်သည်။

အမေသည် တပတ်တခါ ရွာသို့ဝင်၍ လိုချင်သော ပေါင်မုန့်နှင့် သားငါးများ ဝယ်
ယူတတ်သည်။ သူ့တဲကလေးနှင့် ရွာသို့သွားရာလမ်းမှာ လူသားစားဝက်ဝံများ သွားလာတတ်သဖြင့် အမေသည် သေနတ်ကိုကျောမှာပိုးကာ ဆောင်သွားလေ့ရှိသည်။ သည်သေနတ်မှာ သံချေးတက်နေပြီ။ သေနတ်ဒင်သာလျှင် သုံးဖန်များ၍ ပြောင်လက်နေသည်။

ခြေလှမ်းကျဲကြီးများလှမ်းလျက် နှင်းသည်းသော လမ်းပေါ်မှာသွားနေသော အမေ့ကိုမြင်ရလျှင် မြင်ရသူအဖို့ တမျိုးကြီးပဲဟု ဆိုချင်လာတတ်သည်။ အမေ၏ ဆံပင်ဖြူများမှာ မည်းနက်သော ဦးထုပ်၏အောက်တွင် တမျှင်မျှပင် မမြင်ရအောင် ပျောက်နေသည်။

ထို့ကြောင့် အမေ့ဆံပင်ဖြူများကို လူတွေ မမြင်ဖူးပေ။ သည်ဦးထုပ်နက်၏ နောက်တွင်ကား မိုးပေါ်ထောင်နေသော သေနတ်ပြောင်းကို ကျောမှာပိုးထားရသဖြင့် အမေ၏ကိုယ်သည် ရှေ့သို့အနည်းငယ် ကိုင်းနေသည်။

စစ်အတွင်း တနေ့တွင် ဂျာမန်စစ်သားများ ရောက်လာကြသည်။ စစ်မိန့်အရ ရွာခံလူများသည် မိမိတို့၏ အင်အားအလိုက် စစ်သားများကို လက်ခံ၍ နေရာပေး ကျွေးမွေးရသည်။ အမေရိုင်းမှာ ငွေကြေးတောင့်တင်းသည်ဟု အများ၏ပြောပြချက်အရ စစ်သား ၄ ယောက်ကို တာဝန်ယူရ၏။

အမေ၏တဲသို့ရောက်လာသော စစ်သား ၄ ယောက်မှာ သန်မာဖျတ်လတ်၍ အသက်ငယ်ငယ်၊ မျက်လုံးပြာပြာ၊ မုတ်ဆိတ်မွှေးရေးရေးနှင့် ရုပ်ချောကလေးများ ဖြစ်သည်။ စစ်ပွဲများစွာကို ဆင်နွှဲရပေမယ့်လည်း သူတို့သည် ဝဝဖြိုးဖြိုးပင် ရှိကြသည်။ စစ်ကိုအောင်နိုင်သူများအဖြစ်နှင့် စစ်ရှုံးသောနယ်မြေသို့ ရောက်လာကြရခြင်း ဖြစ်သည်။

သို့သော် သူတို့သည် ကိုယ်နှုတ်မူရာ မွန်ရည်ကြသည်။ အမေရိုင်း၏တဲကလေးမှာ အမေနှင့်အတူ လာနေကြရသည်တွင် အမေလုပ်စရာရှိသည့် အလုပ်များစွာကို အမေသက်သာအောင်ဟူ၍ သူတို့က ဝိုင်းကူ လုပ်ကိုင်ပေးကြသည်။

နံနက်အချိန်ဆိုလျှင် ရေတွင်းပတ်လည်ကို ၄ ဦးသား ဆေးကြောပွတ်တိုက်ကာ ရေမိုးချိုးနေသည်ကို တွေ့ရတတ်သည်။ ထိုအခိုက်မှာ အမေသည် သူတို့အတွက် စွပ်ပြုတ် ပြုတ်တိုက်သည်။ စွပ်ပြုတ်သောက်ပြီးသောအခါ သူတို့သည် အမေ့မီးဖိုချောင်မှာ အလုပ်များကြပြန်လေ၏။

တံမြက်လှည်းသူ လှည်း၊ ပြတင်းပေါက်တွေတိုက်သူ တိုက်၊ အဝတ်တွေလျှော်သူ လျှော်၊ ထင်းခွဲ၊ အာလူးအခွံသင် စသည်ဖြင့် အလုပ်များလုပ်ကြသည်။ ဤအလုပ်တွေအပြင် အိမ်တွင်းအလုပ်အားလုံးကို အမေ့အတွက် လုပ်ပေးကြသည်မှာ တာဝန်သိသော သားရင်းများနှင့် မခြားပေ။

သို့သော် အမေရိုင်းကတော့မူ သည်တချိန်လုံးမှာ သူ့သားကိုသာ သတိရနေ၏။ အရပ်ရှည်ရှည်၊ မျက်လုံးညိုညို၊ နှာရောင်ကောက်ကောက်၊ နှုတ်ခမ်းမွှေးထူထူနှင့် သားကြီးအကြောင်းကိုသာ တွေးနေသည်။ နေ့တိုင်းပင် အမေသည် ဂျာမန် စစ်သားကလေးများအား …

“ဟေ့ … မောင်ရင်တို့၊ ပြင်သစ်ခြေလျင်တပ်ရင်း ၂၃ ဘယ်ဘက်ကို ချီတက်သွားတယ်ဆိုတာ သိလား၊ ကျုပ်သားက အဲဒီ တပ်ထဲပါသွားတယ်ကွယ့်”

ခုလိုပြောတတ်၊ မေးတတ်သည့်အခါ စစ်သားကလေးများက သူတို့ လုံးဝမသိဟု ပြန်ပြောလေသည်။ အမေရိုင်းမှာ သားရှိသည်ဟုသိရသောအခါ စစ်သားကလေးများသည် သူတို့မှာလည်း မိခင်များရှိသဖြင့် စာနာမိကာ အမေ၏စိတ် ပြေရာပြေကြောင်းအတွက် တတ်နိုင်သမျှ ပြုမူနေထိုင်ကြသည်။

ဤသို့ဖြင့် အချိန်အတန်ကြာခဲ့သည်တွင် အမေကလည်း သူတို့အား ခင်မင်ရင်းနှီးလာသည်။ စင်စစ် တောင်သူလယ်သမားတွေဆိုတာက ရန်သူဆိုလျှင် အားလုံးကို မုန်းရမည်ဆိုသော မျိုးချစ်စိတ်မျိုးရှိတတ်သူများ မဟုတ်ကြ။ ဤသို့သော မျိုးချစ်စိတ်မျိုးမှာ အထက်တန်းလွှာအတွက်သာဖြစ်သည် မဟုတ်လား။

ထို့ပြင် တခါ စစ်အတွက်အကုန်ကျဆုံးမှာ တောင်သူလယ်သမားနှင့် ဆင်းရဲသားအားလုံးပေါ်တွင်သာ ကျရောက်တတ်သည်။ အဆုံးအရှုံး၊ အပျက်အစီးဆိုလျှင်လည်း အများဆုံးခံရသူမှာ သူတို့သာဖြစ်သည်။ ဆင်းရဲသားဆိုသည်မှာ လူဦးရေအားဖြင့်လည်း အများဆုံးဖြစ်သဖြင့် အမြောက်ကျည်ဆန်လုပ်ရန်အတွက် မြက်ခြောက်ကို သူတို့ကပဲ စုပေးရသည်။

ဤသို့ စစ်၏အနိဌာရုံကို အများဆုံးခံရသူများမှာ သူတို့သာဖြစ်သည်။ သူတို့ဆိုသည်မှာ စစ်ဒဏ်ကို အနည်းအကျဉ်းမျှပင် ခံနိုင်စွမ်းမရှိကြပေ။ ထို့ကြောင့် စစ်ဆိုလျှင် အားတက်သရော မရှိနိုင်ကြ။ အမျိုး၏ဂုဏ် (သို့မဟုတ်) နိုင်ငံရေးရှုထောင့် စသည်တို့မှ သုံးသပ်ရှုမြင်နိုင်သူများ မဟုတ်ကြချေ။

စစ်ဖြစ်၍ ၆ လ အကြာတွင် နိုင်သူရော၊ ရှုံးသူ နှစ်ဘက်စလုံး ခြေကုန်လက်ပန်းကျလေတော့၏။

အမေရိုင်း လက်ခံထားရသော ဂျာမန်စစ်သား ၄ ယောက်နှင့် ပတ်သက်၍ကား သူတို့သည် ဇိမ်ကျနေပြီဟု အများက ပြောဆိုလာကြပြီ။

တခုသောနံနက်ခင်း၌ တဲကလေးမှာ အမေတယောက်တည်းရှိနေခိုက်တွင် တဲကလေးဆီသို့ဦးတည်၍ လျှောက်လာသော လူတယောက်ကို မြင်လိုက်ရသည်။ မကြာမီပင် ထိုလူသည် စာပို့သမားဖြစ်ကြောင်း အမေမှတ်မိလိုက်သည်။ စာပို့သမားက အမေ့အား စာရွက်ခေါက်ကလေးတခု ပေးသွားသည်။ အမေသည် အဝတ်ချုပ်သည့်အခါ တပ်လေ့ရှိသော မျက်မှန်ကိုထုတ်ကာ စာကိုဖတ်လိုက်သည်။

“အဒေါ်ရိုင်းထံ ဝမ်းနည်းစွာနှင့် အကြောင်းကြားအပ်ပါသည်။ အဒေါ်၏သား ‘ဗစ်တာ’သည် ယမန်နေ့က အမြောက်ဆန်သင့်၍ ခန္ဓာကိုယ်ထက်ပိုင်းပြတ်ကာ ကွယ်လွန်သွားခဲ့ပါသည်။ သူ ကျည်ဆန်မှန်စဉ်က ကျနော် သူ့အနီးမှာ ရှိပါသည်။ သူနှင့်ကျနော်မှာ တပ်တခုထဲမှာ အတူတာဝန်ကျပါသည်။ သူ တစုံတခုဖြစ်လျှင် ချက်ချင်းအကြောင်းကြားရန် သူ မှာလေ့ရှိပါသည်။ သူ့နာရီကို ကျနော်ယူပြီး သိမ်းထားပါသည်။ စစ်ပြီးလျှင် အဒေါ့်ထံ လာပို့ပါမည်။”

ကရုဏာများစွာနှင့်
ရှဲဆေးရီပိုး
ဒုတိယတန်းရဲဘော်
ခြေလျင်တပ်ရင်း(၂၃)

စာ၏နေ့စွဲမှာ ရရှိသောနေ့ထက် ရက်သတ္တပတ် ၃ ပတ်စောသည်။

စာကိုဖတ်ပြီးနောက် အမေသည် မျက်ရည် လုံးဝမကျ။ စာကယူဆောင်လာသော သား၏သတင်းကြောင့် ပြင်းစွာ တုန်လှုပ်ထိတ်လန့်သွားကာ မလှုပ်မယှက်ကြီး ရပ်နေမိသည်။

အံ့အားကြီးသင့်ပြီး မည်သို့သောဝေဒနာမှ မခံစားရသလိုဖြစ်နေသည်။ တခုတော့ အမေ့အတွေးအာရုံထဲ ဝင်လာသည်။

“အင်း … အခုတော့ သားလည်း သူများသတ်လို့ သေရပြန်ပြီ”

ဤအတွေးဝင်လာသည်ဆိုလျှင် ချက်ချင်းပင် အမေ့မျက်လုံးတွေထဲမှာ မျက်ရည်တွေ တိုးဝင်လာကြသည်။ အမေ၏ အသည်းနှလုံးမှာလည်း သောကမီးဖြင့် ဖူးရောင်လာလေ၏။

သားမရှိတော့ဘူးဆိုတော့ … …

သားမရှိတော့သည်၏နောက်ပိုင်း ဂျာမန်အဖြစ်သနစ်ကိုတွေးမိကာ အမေသည် နင့်နင့်သီးသီး ကြေကွဲရလေ၏။ သားသားကြီးကို ဘယ်တော့မှ နမ်းရတော့မယ်မဟုတ်။ ရဲသားတွေက ဖအေကို သတ်ပစ်တယ်။ သားက ဂျာမန် စစ်သားတွေရဲ့လက်ချက်နဲ့ သေရတယ်။ အမြောက်ဆန်မှန်တာများ ထက်ပိုင်းပြတ်သွားတယ် တဲ့။

သည်မြင်ကွင်း၏ ကြောက်စရာအဖြစ်ကို အာရုံထဲမှာ ထင်လာအောင် မှန်းကြည့်လိုက်သည်။ ကျည်ဆန်မှန်တယ် ဆိုရင်ပဲ သူ့ခေါင်းရှေ့ကို ငိုက်ကျသွားမှာပဲ။ ပြီးတော့ သူစိတ်ဆိုးတဲ့အခါ လုပ်လေ့လုပ်ထရှိတဲ့အတိုင်း သူ့နှုတ်ခမ်းမွှေးကို ဝါးနေမှာပဲ။

ဒါနဲ့ သားရဲ့ခန္ဓာကိုယ်ကို သူတို့ ဘယ်လိုလုပ်လိုက်ကြပါလိမ့်၊ အမေ့ဆီများပို့ပေးရင် ဘယ်လောက်ကောင်းမလဲ ကွယ်တို့။ သူ့အဖေအလောင်းကတော့ အမေ့ဆီရောက်လာတယ်လေ။ သူ့အဖေ နဖူးတည့်တည့် ကျည်ဆန်မှန်သွားတာ။

ခုလိုတွေးတောနေဆဲ၊ အသံဗလံတွေကြားရသည်။ ရွာမှပြန်လာကြသော ဂျာမန်စစ်သားကလေးများ၏ အသံဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

သရုပ်ဖော် - မင်းကျော်ခိုင်


ကျောင်းသား ထောင် တော်လှန်ရေးသမား (၃၂)

တကယ်လည်း ဟုတ်တယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ အရေးကြီးတဲ့ အစည်းအဝေးတွေ၊ အခမ်းအနားတွေ၊ လျှို့ဝှက်လုပ်ချင်တာတွေ မှန်သမျှ ဒီအဆောင်မှာပဲ လုပ်တယ်။ နောက် တိုက်ပွဲဖော်တယ်ဆိုလို့ရှိရင်လည်း ဒီအဆောင်ဟာ ပထမအသုတ် တိုက်ပွဲဝင်သူတွေအနေနဲ့ အဓိကအဆောင်ပဲ။ အဲဒီတော့ တိုက်ပွဲထဲမှာ မပါတဲ့လူတွေက တခြား အဆောင်မှာပြောင်းပြီး နေပေးရတယ်။ အဲဒီတော့ ဒီ ၅၃ ရက် အဓိက တိုက်ပွဲကြီးမှာလည်း ဒီအဆောင် ၉ ဟာ အဓိကအဆောင် ဖြစ်လာတယ်။

ဒါကြောင့်မို့ အဲဒီ အဆောင် ၉ ရဲ့အရှေ့အဝင်ပေါက် ထိပ်တည့်တည့်မှာ နဖူးစည်းစာတမ်းကြီးတခုကို တိုက်ပွဲစတာနဲ့ ရေးတင်လိုက်တယ်။ အဲဒါကတော့ …

‘ရန်သူတကာ ကြောက်ဒူးတုန်ကြပါစေ။
ပြည်သူလူထုအပေါင်း ရွှင်လန်းအားတက်ကြပါစေ’

အဲဒီတော့ တိုက်ပွဲစတဲ့ ဇူလိုင်လ ၉ ရက်နေ့ မနက် ၇ နာရီမှာ ကျနော်တို့အားလုံး ထောင်ဗူးဝကိုသွားပြီး စုဝေးကြတယ်။ ထောင်ဗူးဝကိုရောက်တော့ ကျနော်တို့ ခေါင်းဆောင်တွေက အဲဒီမှာ တာဝန်ကျတဲ့ ဝါဒါကို ပြောတယ် …။

“ခင်ဗျားတို့ ထောင်အာဏာပိုင်တွေထဲက တာဝန်ရှိတဲ့သူကို ပြောစရာရှိတယ် အမြန်ခေါ်ပေးပါ” လို့ ပြောတယ်။

တာဝန်ရှိတဲ့လူ (အဲဒီမှာ တာဝန်ယူနေတဲ့ ဝါဒါ)ကလည်း ချက်ချင်းသွားပြီး အစီရင်ခံတယ်။ ဟိုဘက်က ထောင်မှူးကြီးတို့၊ ထောင်ပိုင်တို့ ချက်ချင်း ထွက်လာတယ်။ အဲဒါ ကျနော်တို့က ကျနော်တို့ဆီက တာဝန်ရှိတဲ့ လူကလည်း ပထမဆုံး ဒီ စစ်အစိုးရရဲ့ အကျဉ်းစခန်း ပေါ်လစီနဲ့တကွ သူတို့ရဲ့ ဖိနှိပ်ရေး ပေါ်လစီအားလုံး၊ သူတို့ရဲ့လုပ်ရပ်အားလုံး ရှုတ်ချတယ်ဆိုတဲ့အကြောင်း ပြောပြတယ်။

ပြီးတော့မှ ကျနော်တို့ ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းပေးဖို့နဲ့ ပြည်မအခွင့်အရေးတွေ အမြန်ဆုံးပေးဖို့ အလေးအနက် တောင်းဆိုတဲ့အကြောင်း သူတို့ကိုပြောပြတယ်။ ထောင်တာဝန်ခံတွေကလည်း သူတို့ထုံးစံအတိုင်း … “ကျနော်တို့ အထက်ကို တင်ပြပေးပါ့မယ်” ဒီလိုပဲပြောတယ်။

ကျနော်တို့ကလည်း ဒီအချိန်ကစပြီး ဒီတောင်းဆိုချက် ၂ ချက်ကို ကျနော်တို့ မရမချင်း အသေခံ၊ အစာငတ်ခံ တိုက်တော့မယ်ဆိုပြီး တိုက်ပွဲစတဲ့အကြောင်း အသိပေးကြေညာလိုက်တာ။ အဲဒါပြီးတော့မှ …

ကိုယ်ထူ ကိုယ်ထစနစ် … ဖျက်သိမ်းပစ် ဖျက်သိမ်းပစ်၊
ပြည်မထောင် အခွင့်အရေး … ချက်ချင်းပေး ချက်ချင်းပေး၊
ဖိနှိပ်ချုပ်ချယ်မှု … အလိုမရှိ အလိုမရှိ

ဆိုတဲ့ ကြွေးကြော်သံတွေကို ကျနော်တို့ အဲဒီမှာရှိတဲ့ လူတွေအားလုံး အားရပါးရ ကြွေးကြော်ကြတာ။ အဲဒါ ကျနော်တို့ ၅၃ ရက်လုံးလုံး မနက်တခါ ညနေတခါ နိစ္စဓူဝသွားပြီးတော့ အော်နေကြတဲ့၊ ကြွေးကြော်သံ တိုင်နေကြတဲ့ လုပ်ငန်းတခုပဲ။

အဲဒီတော့ တိုက်ပွဲဝင်ဖို့ ကျနော်တို့ ရိက္ခာရုံကနေပြီး လူ ၃ဝ ရွေးလိုက်တယ်။ လူ ၃ဝ ဆိုတဲ့အထဲမှာ ၁ဝ ဦးစီ ၃ သုတ် ဖြစ်တယ်။ အဲလို ၁ဝ ဦးစီ ၃ သုတ် တိုက်ပွဲဝင်၊ တတိယအသုတ်ဝင်ပြီးလို့ နောက်တပတ်အကြာမှာ အလံနီအဖွဲ့၊ မလညပ မြန်မာနိုင်ငံ အလုပ်သမားညီညွတ်ရေးပါတီက၊ နောက် တော်လှန်တဲ့မဟာမိတ်များ ဆိုတဲ့အထဲက တဖွဲ့တဦးစီ ကျနော်တို့တိုက်ပွဲကို ထောက်ခံတဲ့အနေနဲ့ သူတို့ကလည်း အစာငတ်ခံ ဝင်ပါကြတယ်။

အဲဒီတော့ ဒီတခါတိုက်ပွဲမှာလည်း ကျနော် ကိုယ်တိုင်က ပါခွင့်မရဘူး။ ကျနော်က သူ့အရင် ရက် ၄ဝ တိုက်ပွဲတုန်းက ဒုတိယအသုတ်မှာ ၃၃ ရက် အစာငတ်ခံပြီး ပါခဲ့တယ်။ ဒီတိုက်ပွဲမှာတော့ ကျနော်တို့ကဘေးက ကင်းစောင့်တာတို့၊ အဲဒီ တိုက်ပွဲဝင်တဲ့လူတွေကို ပြုစုတာတို့၊ ထမင်းချက် ရေခပ်ကအစပေါ့လေ။ အဲဒီလို တာဝန်တွေပဲ လုပ်ရတယ်။

ဒီတိုက်ပွဲကို ထောင်အာဏာပိုင်တွေကလည်း အင်မတန် အလေးထားတယ်ဆိုတာ ကျနော်တို့ သတိထားမိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ကလည်း ကင်းထောက်တယ် ဆိုတဲ့ဟာ၊ သတင်းစုံစမ်းတယ် ဆိုတာ မပြတ်လုပ်နေတာ။

အဲဒီတော့ ကြားနေ သိနေရတာတွေ ရှိတယ်။ ကျနော်တို့ ကြားသလောက်ဆိုလို့ရှိရင် အဲဒီတုန်းက ထောက်လှမ်းရေး တာဝန်ခံ မျက်မှန်တင်ဦး (ခေါ်) လန်ဘားတင်ဦးလို့ခေါ်တဲ့ ဗိုလ်မှူးချုပ်တင်ဦး ကိုယ်တိုင် ကိုကိုးကျွန်းကို ရောက်လာတယ်။ ရေတပ်စခန်းမှာနေပြီးတော့ လာရုံးထိုင်တယ်လို့တောင် သတင်းကြားတယ်။

တိုက်ပွဲက ဇွန်လကြီး စတိုက်တာဗျ။ ဇွန်လဆိုတော့ အားလုံးသိကြတဲ့အတိုင်းပဲ ဗမာပြည်မှာ မုတ်သုံလေ အားအကောင်းဆုံး အချိန်။ အိန္ဒိယသမုဒ္ဒရာထဲမှာ မုတ်သုံလေ အင်မတန် အားကောင်းတဲ့ အချိန်ပေါ့။

ဒါကြောင့်မို့လို့ ကျနော်တို့တိုက်ပွဲတလျှောက်လုံး မုန်တိုင်းနဲ့ မိုးနဲ့ အဆက်ပြတ်တယ်ကို မရှိဘူး။ တလျှောက်လုံး ကျနော်တို့ကို ဒုက္ခပေးတာပဲ။ ဒါကြောင့်မို့ ဒီတိုက်ပွဲမှာ ကျနော်တို့ဟာ သဘာဝရန်သူရော၊ ဖိနှိပ်သူရန်သူကိုပါ တပြိုင်နက်တည်း ရင်ဆိုင်တိုက်ရတဲ့တိုက်ပွဲလို့ သတ်မှတ်ထားတယ်။

ဆက်လက်ဖော်ပြပါမယ်။