တလမ်းလုံး ကြော်ငြာတွေ တဖွေးဖွေးကမ်းဝေတဲ့ တခေတ်တချိန်က ရုပ်ရှင်ကြော်ငြာကားကြီးလို ထုတ်ပြန်ချက်တွေ တထုတ်တည်းထုတ်ပြီး ကျင်းပနေတဲ့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဟာ တရွေ့ရွေ့တိုးလာခဲ့ပါတယ်။ ဒါပေမယ့် ခြားနားတာတခုက ရုပ်ရှင်ကြော်ငြာကားက သာမန်ဆိုင်းတီးတာဖြစ်ပြီး ဒီဆွေးနွေးပွဲမှာတော့ နောက်ခံက သေနတ်သံတွေ အမြဲကြားနေရတာပါပဲ။
နှစ်နဲ့ချီပြီး အချိန်ကြာလာပြီးဖြစ်တဲ့ ဒီဆွေးနွေးပွဲစဉ်မှာ အခုထက်ထိ မူကြမ်းတခုတောင် မယ်မယ်ရရ ဆုပ်ဆုပ်ကိုင်ကိုင် ပြစရာမရှိသေးပေမယ့် ဒီကာလအတွင်း စစ်ပွဲတွေအတွင်းသေတဲ့ နှစ်ဖက် တပ်သားနဲ့ အရပ်သား အရေအတွက်ကတော့ မနည်းလှဘူးဆိုတာ ဝန်ခံရမယ်။ နောက်ပြီး ကိုယ့်အိုးကိုယ့်အိမ်ကို ပစ်ပြီးပြေးကြရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်ဟာလည်း တိုးပြီးရင်း တိုးနေပါတယ်။ အဆိုးဆုံးကတော့ နှစ်ဖက်သဘောတူ သတင်းထုတ်ပြန်ချက်ဆိုတာ ထွက်လာပြီး နောက် တရက်၊ နှစ်ရက်လောက်အနေမှာပဲ သေနတ်သံတွေ ထွက်လာတဲ့ကိစ္စမျိုးပဲ ဖြစ်ပါတယ်။
သိပ်သတိထားသင့်တဲ့ အချက်တချက်က ဗိုလ်ခင်ညွန့် လက်ထက်ကစလို့ ဒီနေ့အထိ တိုင်းပြည်မှာ သူတို့နဲ့ တိုက်နေတဲ့အထဲက အင်အားအကြီးဆုံးလို့ဆိုရမယ့် လက်နက်ကိုင်တပ်ဖွဲ့ကြီးတွေနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်တွေရခဲ့ပြီး တချို့ဆိုရင် စစ်အစိုးရရဲ့လက်အောက်ခံ ပြည်သူ့စစ်တွေတောင် ဖြစ်သွားပြီလို့ ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်းတာက ဒီလို စစ်တပ်သုံးရမယ့် အခြေအနေတွေ “လျော့ပါး” လျက်ရှိပါတယ်ဆိုတဲ့ အကြားကပဲ သူတို့စစ်တပ်ကို တနေ့ပြီးတနေ့ တရက်မလပ် တပ်အင်အားတွေ မတရားတိုးချဲ့၊ လက်နက်သစ်တွေအမျိုးမျိုး တပ်ဆင်နေတာပါပဲ။
ဝေးလှတဲ့ ဈေးက
ချွေးတမြမြနဲ့
အပြေးတမျှ ပြန်လာတယ်။
လင်ကို သားကို၊ သမီးကို မြေးကို
သီးရွက်သားငါး၊ ချိုချဉ်ဖန် ငန်ခါးနဲ့
စားစေတော့လို့
မနားမနေ အသော့ချက်
မီးတဖက် ရေတဖက်
လက်နှစ်ဖက် ချာချာလည်။
နိုဘယ်ငြိမ်းချမ်းဆု ချီးမြှင့်ခံရတဲ့ ၁၉၈၉ နှစ် ငွေရတုအဖြင့် အော်စလို ကိုကြွရောက်လာမယ့် (မေ ၇-၉) နေ့ မတိုင်ခင်ကတည်းက တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား အရေးတော်ပုံက နော်ဝေးနိုင်ငံရေးလောကမှာ ဟော့(တ်) ဖြစ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ဖိအားပေးမှုကြောင့် နော်ဝေးနိုင်ငံ လက်ရှိအစိုးရက ဘုန်းတော်ကြီး ဒလိုင်လားမားကို လက်ခံတွေ့ဆုံ ကြိုဆိုမှာမဟုတ်ဘူးလို့ လူသိရှင်ကြား ကြေငြာလိုက်ကတည်းက နော်ဝေးပြည်သူတွေရဲ့ ပြစ်တင်ငြိုငြင်မှုကို သက်တမ်း ၆ လလောက်သာရှိသေးတဲ့ အော်စလို အစိုးရက ရင်ဆိုင်နေရတယ်။
တနေကုန် မိုးတဖွဲဖွဲကျပြီး အေးခဲနေတဲ့ရာသီကို အံတုပြီး နော်ဝေးပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေဟာ မနက် ၁၀ နာရီကတည်းက ဘုန်းတော်ကြီး တည်းခိုသီတင်းသုံးမယ့် ဂရင်းဟိုတယ်ရှေ့မှာ ကြိုဆိုဖို့ စုဝေးရောက်ရှိနေကြတယ်။ ဟိုတယ်မျက်နှာမူရာ ပါလီမန်ရှေ့ မြက်ခင်းမှာလည်း ဒလိုင်လားမားကို ထောက်ခံကြိုဆိုသူ နိုင်ငံရေးအဖွဲ့အစည်းတချို့နဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေဟာ မိုးကာတွေ၊ ထီးတွေ ကိုယ်စီဆောင်းပြီး စကားပြောစင်ပေါ်က အစိုးရအပေါ် ဝေဖန်ချက်တွေကို ဆူညံသံမပြု အာရုံစိုက်နေကြတယ်။ ငြိမ်သက်စွာနားထောင်နေတဲ့ ပြည်သူတွေဟာ သူတို့သဘောကျတဲ့ စကားဆို လက်ခုတ်လက်ဝါးတီးကြတယ်။ ဝေးခနဲ အသံပြုထောက်ခံကြတယ်။