ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ တိုင်းရင်းသားအင်အားစုတွေနှင့်အတူ တပ်မတော်နဲ့ အစိုးရကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ မြစ်ကြီးနားဆွေးနွေးပွဲဟာ ဘယ်လောက် အရေးပါပါသလဲ။ အကျိုးရှိမယ့် ရလဒ်တွေရှိခဲ့သလားဆိုတာတွေကို မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေနှင့် ဒီဆွေးနွေးပွဲကို ကိုယ်တိုင်သတင်းယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်တို့နှင့်အတူ ဦးကျော်ဇံသာ ဆွေးနွေးတင်ပြပါမယ်။
ဦးကျော်ဇံသာ ။ ။ ကိုဇော်ဝင်းလှိုင် ဒီတိုင်းရင်းသားတွေနဲ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီးတော့ ပဏာမ ဆွေးနွေးလာကြတယ်။ အခု အစိုးရဘက်နဲ့တွေ့တယ်။ ဒီဆွေးနွေးပွဲတွေကို တောက်လျှောက်ပြုလာကြတယ်။ ဒီကိစ္စတွေကို ဘယ်လိုမြင်သလဲ။ အောင်မြင်တဲ့ ရလဒ်တစုံတရာ ရရှိခဲ့တဲ့ဆွေးနွေးပွဲလို့ ထင်ပါသလား။
ကိုဇော်ဝင်းလှိုင် ။ ။ မြစ်ကြီးနားဆွေးနွေးပွဲသက်သက် တခုထဲကိုပဲကြည့်မယ်ဆိုရင်တော့ ကျနော်တို့ ရလဒ်ကောင်းတခုထွက်တယ်လို့ ကျနော်တို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆွေးနွေးပွဲကနေပြီးတော့ ဒီပူးတွဲကြေညာချက်ဆိုတာ ထွက်လာပေမယ့်လည်း ဒီကြေညာချက်ထဲမှာပါတဲ့ အချက်တွေဟာ အရင်က ကျနော်တို့ သိထားတဲ့အချက်တွေပဲ ဖြစ်နေတယ်။ ဥပမာ သူတို့ကြေညာချက်ထဲမှာ အချက် ၆ ခုကို ဖော်ပြထားပေမယ့်လဲ၊ အဓိက ပွိုင့် ၃ ခုကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ နောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် သူတို့ မူဘောင်ချမှတ်ရေး၊ အဲဒီနောက်ကမှ နောက်ဆက်တွဲအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပသွားရေး ဆိုတာတွေဟာ ဒီအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေကြားထဲမှာ ဆွေးနွေးတာ တလျှောက်လုံးမှာ ဒီကိစ္စတွေဟာ ပြောလာကြတာဖြစ်တဲ့အတွက် ဒီကနေ့ မြစ်ကြီးနားမှာ အဆုံးသတ်သွားတဲ့ ဆွေးနွေးပွဲကတော့ ဆုံးဖြတ်ချက် ထူးထူးခြားခြား တစုံတရာပြနိုင်တဲ့ ဆွေးနွေးပွဲလို့တော့ ပြောလို့မရဘူး။
ဦးကျော်ဇံသာ ။ ။ ဦးလှမောင်ရွှေ ခင်ဗျာ။ အခု တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ တွေ့ခဲ့ရတဲ့ မြစ်ကြီးနားဆွေးနွေးပွဲ အခုလောလောဆယ် ပြီးသွားတဲ့ဆွေးနွေးပွဲဟာ ဦးလှမောင်ရွှေတို့ မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မှုတွေ ရလဒ်ကောင်းတွေ ပေါ်ထွက်ခဲ့တယ်လို့ ဆိုနိုင်ပါသလား။