Friday, October 11, 2013

ရုန်းရင်း ဆန်ခတ် (ဆောင်းလူ)

လွဲတာမှ ... မနက်ကတည်းက ...။ ဘာစကားမှမပေါက်လို့ ... ထမင်းမှာစားတာ ... ကောက်ညှင်း ကြက်ဥပဲ လွေးလိုက်ရတယ် ...။ ပန်းကန်ထဲက ကြက်ဥကြော် ... ခြောက်ကပ်ကပ် ...။ လမ်းဘေးဆိုင်ဆိုတော့ သဲတရှပ်ရှပ်နှင့် ...။ 

စိတ်နဲ့ကိုယ်နဲ့ မကပ် ...။ မကြေညာဘဲ ကုန်ဈေးနှုန်းကို တက်ပစ်လိုက်သည်။ ကြေညာလည်း သိမည်မဟုတ် ...။ သူများနိုင်ငံထဲ ခိုးကြောင်ခိုးဝှက် ဝင်နေသည်ကိုး ...။ အခွန်မပေးရသည်ကိုက ကံကောင်းလှသည်ပင်။ 

သောက်နေကျအရက်တွေ ဈေးတက်လာတော့ အရက်မသောက်တော့ဖို့ ဆုံးဖြတ်လိုက်သည်။ မဟုတ် ... မှားနေပြီ ...။ ထမင်းတနပ် လျှော့လိုက်တာ ပိုအဆင်ပြေမည်။ 


ဝိုင်ခါးခါးလောက်နဲ့ မမှောက်မှားစေလို (ရဲဘော်ကျော်သန်း)

ခုနှစ်သက္ကရာဇ်တော့ မမှတ်မိတော့ဘူး၊ သေချာတာကတော့ အိန္ဒိယမှာ လူပျိုကြီး မစ္စတာ အဗ္ဗဒူကာလမ် (Mr. A.P.J. Abdul Kalam) က သမ္မတဖြစ်ပြီး နောက်လူပျိုကြီးတယောက်ဖြစ်တဲ့ မစ္စတာ ဗာ့ခ်ျပါယီး (Mr.Atal Bihari Vajpayee) က ဝန်ကြီးချုပ်ဖြစ်နေချိန်မှာ အိန္ဒိယအလှမယ်နှစ်ယောက် တယောက်က မယ်ကမ္ဘာဖြစ်ပြီး နောက်တယောက်က မယ်စကြာဝဠာ ဖြစ်လာတယ်။ ဒီတော့ အိန္ဒိယသားကုလားတွေ အုတ်အော်သောင်းသဲ ချီးမွမ်းကြဂုဏ်ပြုကြ ဝမ်းမြောက် သဝဏ်တွေပို့ကြနဲ့ သမ္မတကော ဝန်ကြီးချုပ်၊ ဝန်ကြီး ဝန်ကလေးမကျန် သဲသဲလှုပ်နေကြတယ်။

အဲဒီအချိန်မှာ သတင်းသမားတယောက်က အနောက်ဘင်္ဂလားနယ် ဝန်ကြီးချုပ်ဖြစ်တဲ့ မာ့က္ခဝါဒီ မစ္စတာ ဂျိုတီဘာဆူး (Mr. Jyoti Basu) ကို သွားဆွတယ်။ သူက ဘာမှမပြောဘဲ ငြိမ်နေတာကိုး၊ အလှမယ်တယောက်ကဆို သူ့ပြည်နယ်က ဘင်္ဂါလီမလေး။ ဒီတော့ မစ္စတာ ဘာဆူးက “ဖောက်ပြန်တဲ့ အရင်းရှင်တွေရဲ့ ပြည့်တန်ဆာ အိမ်ထောင်ရေးစနစ်ထဲက ဗန်းပြ သားစပ်လုပ်ငန်းမှာ ဆုရတာ ဘာဂုဏ်ယူစရာရှိလို့လဲ” လို့ ပြန်ဖြေလိုက်တာ အိန္ဒိယတပြည်လုံး ငြိမ်သွားရော၊ သမ္မတတို့ ဝန်ကြီးချုပ်တို့လည်း ရှက်ကိုးရှက်ကန်းတွေဖြစ်ကျန်ခဲ့ရော။


Thursday, October 10, 2013

ကက်ဝပ်ခ် လှလှလေး လျှောက်ပြပါ မိုးစက်Y (ကိုညို)

အခုတလော မယ်စင်္ကြဝဠာအလှမယ် မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး အင်တာနက်အွန်လိုင်းတွေမှာ ဗွက်ထနေအောင် ကိုယ့်အမြင် သူ့အမြင် အလုအယက်ဝေဖန်နေကြတာတွေ့တော့ ကျနော်လည်း ကိုယ့်အယူအဆလေး ပြောချင်လာတာကို သည်းခံပေးပါ။ တကယ်တော့ မိုးစက်Y ရဲ့အလှအပနဲ့ တိုင်းပြည်ဂုဏ်ဆောင်မယ့်လုပ်ရပ်ကို အငြင်းပွားစရာမရှိပါ။ ပြောစရာတွေက မရှင်းမရှင်း နိုင်ငံရေးနဲ့ ရပ်တည်မှုကိစ္စ၊ အကျိုးစီးပွားကိစ္စ၊ လူမျိုး ဘာသာခွဲခြားမှုကိစ္စနဲ့ အမျိုးသားရေးကိစ္စနဲ့ သွယ်ဝိုက်လို့ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ပတ်သက်နေတာပဲဖြစ်တယ်။ 

မြန်မာပြည်ဟာ တိုင်းရင်းသားအစုံ လူမျိုးစုံနေထိုင်ရာ တိုင်းပြည်တခုလည်းဖြစ်တယ်။ အသားအရောင်၊ အမျိုးဘာသာအစုံမို့ ယဉ်ကျေးမှုစုံ ဖွံ့ဖြိုးရာ နေရာပဲ၊ လူမျိုး ဇာတိ ဘယ်လိုကွဲကွဲ ကိုယ့်နိုင်ငံသားတိုင်း တစိတ်တဝမ်းတည်းဖြစ်ရမယ့် အယူအဆကိုလည်း ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတိုင်းနဲ့ ဥရောပတိုင်းတွေကပါ လက်ခံကျင့်သုံးနေတာပဲ။ နော်ဝေးမှာဆို လူမျိုးစုံ၊ နိုင်ငံစုံ၊ အသားအရောင် ယဉ်ကျေးမှုအစုံကို လက်ခံထားသလို ဒါကိုက ဂုဏ်ယူစရာတခုဖြစ်တယ်။ တခုတော့ရှိတယ်၊ ဒီနိုင်ငံမှာနေထိုင်ရင်၊ ဒီနိုင်ငံသားဆိုရင် ဒီနိုင်ငံရဲ့ ဘာသာစကားနဲ့ စာပေကိုသာ အသုံးပြုရမယ်၊ တတ်ကျွမ်းရမယ်၊ သက်ဆိုင်ရာ မိခင်ဘာသာစကားတွေ သင်ကြားခွင့် သီးသန့်ရှိတယ်၊ တပါးနိုင်ငံကပြောင်းလာတာဆိုပြီး ခွဲခြားမဆက်ဆံဘူး၊ ဒါပေမယ့် ဒီက နော်ဝေးစကားနဲ့ နော်ဝေးစာ မတတ်ရင် ဒီနိုင်ငံမှာ ပညာသင်ခွင့်မရှိ၊ အလုပ်လုပ်ခွင့်မရ၊ လူမှုဆက်ဆံရေးမှာ အဆင်မပြေဖြစ်မယ်။ ဥရောပနိုင်ငံတိုင်း အဲလိုချည်းပဲ။ 


Wednesday, October 9, 2013

ကျနော်နှင့် ကိုသက်နိုင် - ကိုမာကီ (၈၈ မျိုးဆက်)

ပညာသင်ကြားရေးနဲ့ သင်ယူရေးမှာ အတော်ကို အထုံဝါသနာကြီးတဲ့လူ။ စိတ်သဘောထား ရိုးသားဖြူစင်ပွင့်လင်းသလောက်၊ စိတ်ခံစားမှု ပြင်းထန်တဲ့သူ။ ဒီမိုကရေးစီရေးအတွက် မိသားစုဘဝနဲ့ အနာဂတ်တစ်ခုလုံး ပေးဆပ်ခဲ့တဲ့သူ။ ကျနော်တို့ မြစ်ကြီးနား အကျဉ်းထောင်ရောက်ပြီး တစ်နှစ်လောက်နေမှ ကိုသက်နိုင်တို့ ထောင်ပြောင်းအုပ်စု ရောက်လာကြတာပါ။ ဦးစိန်လှဦး(NLD)၊ ကိုမျိုးအောင်သန့်(Trade Union)၊ ဦးဉာဏ်သောင်း (မရမ်းကုန်း)၊ ကိုကြည်လင်(တောင်ဒဂုံ)၊ ကိုပြည်စိုး(ကြည့်မြင်တိုင်)တို့နဲ့အတူ ၁၉၉၈ ခုနှစ်၊ မေလလောက်မှာ ပြောင်းလာတာ။ သူတို့ပြောင်းလာတာလည်း ကျနော်တို့လိုပဲ ဆယ့်နှစ်ယောက်လောက်ရှိမယ်။ 

ကိုသက်နိုင်က ပဲခူးသား။ ၁၉၉၆ ခုနှစ်ကတည်းက သင်္ချာအဓိကနဲ့ ဘွဲ့ရနေပြီ။ ပဲခူးမြို့နယ်ထဲက ရွာလေးတစ်ရွာမှာပဲ မူလတန်းပြဆရာလေးအဖြစ် အေးအေးချမ်းချမ်းရှိနေချိန်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးက ကိုသက်နိုင်ကို ဆွဲလှုပ်နှိုးခဲ့တယ်။ ပဲခူးမြို့မှာ ဦးဆောင် သပိတ်မှောက်သူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်လာတယ်။ ပဲခူးမြို့မှာ သြဂုတ်လ ၄ ရက်နဲ့ ၆ ရက်နေ့လှုပ်ရှားမှုအတွင်း တက္ကသိုလ်ကျောင်းသားတွေကို ဦးဆောင်ခဲ့တယ်။ ပဲခူးတိုင်းအရှေ့ခြမ်း ကျောင်းသားများသမဂ္ဂ (ယာယီ) ဖွဲ့စည်းနိုင်ဖို့ စည်းရုံး လှုပ်ရှားခဲ့တယ်။ သွေးစွန်းကျောင်းသားများနှင့် မျိုးချစ်ရဲဘော်များအဖွဲ့ကို ဖွဲ့စည်းတယ်။ ပဲခူးမြို့လယ်မှာ ဒီမိုကရေစီကျောက်တိုင်ကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့တယ်။(ဒါပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အဖြိုဖျက်ခံလိုက်ရတယ်)။ ကိုသက်နိုင်လည်း သူ့ရဲ့မူလ ကျောင်းဆရာလေးဘဝကို ပြန်ရောက်သွားခဲ့ရတယ်။ 


အော်ပီကျယ်ရဲ့ ကာတွန်းတချို့



ပင့်ကူများနဲ့နေထိုင်ခြင်း (သစ်ကောင်းအိမ်)

ကောင်းကင်မှာ ကြယ်တွေ 
တပွင့်ပြီးတပွင့် ကျဆုံးချိန်
မြေပြင်ပေါ်က 
ရုပ်တုတွေ တဆူပြီးတဆူ 
ပြိုလဲကုန်နေတော့ 
အရူးတွေကို ပူဇော်မယ် 
အရက်ဖိုးပေးသူကို လေးစားမယ် 
ကိုယ့်မယားကိုယ် ကြည်ညိုမယ် 


၂၀၀၈ အခြေခံဥပဒေ ... (ကာတွန်း အောင်မော်)


Tuesday, October 8, 2013

နှလုံးသား ဒိုင်ယာယီ (၁၅) - အုပ်ကြီးဖေ

၁၈-၂-၂၀၀၂ 
ပြည်တော်ပြန်ခရီး 

စပ်စပ်စုစုနှင့် မေးမြန်း၍ ခရီးသွားခြင်းသည်လည်း ပညာရပ်တမျိုးဟု ဆိုရမည်။ မြန်မာပြည်အတွင်းပိုင်းသို့ ထိုဒေသမှ တခါတရံမှ မသွားဘူးသောကြောင့် သွေးတိုးစမ်း၍ သွားရခြင်းဖြစ်သည်။ ဆီးဘူးဈေးသို့ရောက်ပြီး မကြာမီ “တောင်ငူသွားမယ့် ခရီးသည်တွေ ကားပေါ်တက်လို့ရပြီ” ဟု ကားသမား အော်ဟစ်သတိပေးသံကြောင့် ကျနော်တို့ ၃ ဦး ကားပေါ်တက်ရောက် နေရာယူကြသည်။ ကျနော့်ဘေးတဖက်တချက်စီတွင် အေးအေးမြင့် နှင့် မေရီ တို့က နေရာယူထားသည်။ 

ကားပေါ်တက်ပြီး ၁၀ မိနစ်ခန့်အကြာ ကားမှာစတင်ထွက်ခွာလာတော့သည်။ ကားပေါ်တွင် ခရီးသည် ၁၅ ဦးခန့်သာရှိသည်။ ဆီးဘူးနှင့် တောင်ငူမှာ ကားဖြင့် ၁၀ နာရီကျော်ကျော် မောင်းနှင်ရကြောင်း သိရသည်။ ကားလမ်းမှာ ဖြောင်းဖြူးကောင်းမွန်သော လမ်းကားမဟုတ်။ အကွေ့အကောက် အတက်အဆင်း ခပ်ကြမ်းကြမ်း မောင်းနှင်ရသောခရီးလမ်းဖြစ်သည်။ လမ်းခရီးတလျှောက် တပ်မတော်မှ အခြေပြုတပ်စွဲထားသော စခန်းများ တွေ့ရသလို ရံဖန်ရံခါ ငြိမ်းချမ်းရေးအဖွဲ့ပိုင် ဂိတ်များကိုလည်း တွေ့ရသည်။ ဂိတ်တိုင်းနီးပါး အစစ်အဆေး အမေးအမြန်း အနည်းနှင့်အများ ကြုံတွေ့ခဲ့ရသည်။ အခက်အခဲကား မရှိ။ ကောင်းမွန်စွာ ကျော်လွှားနိုင်ခဲ့သည်သာ။ လမ်းခရီးတလျှောက်တွေ့မြင်ရသော မြို့ရွာ အခြေအနေများကိုပင် မေးမြန်းလေ့လာကြည့်ခဲ့သည်။ တချို့ကို မှတ်မိသော်လည်း တချို့ကား ဝေဝါးနေသည်။ 


မင်းသားက အဆင်သင့် ... (ကာတွန်း - Mr Burma)


မိုးနေ့ဟောင်းများ (သစ်ကောင်းအိမ်)

လာတုန်းကတော့ အုန်းရေသောက်ရုံ 
ခရုခွံကောက်ရုံသက်သက် 

မင်းကမ်းစပ်မှာ 
လက်ပမ်းကျတဲ့ပင်လယ် 
မင်းကမ်းခြေမှာ ရေတိမ်နစ်တဲ့ပင်လယ် 

လာတုန်းကတော့ အုန်းရေသောက်ရုံ 
ခရုခွံကောက်ရုံသက်သက် 

မင်းစဉ်းတီတုံးပေါ် 
အရှင်လတ်လတ်ငါးတကောင် သေငယ်ဇောငင်သလို ပင်လယ် 
မင်းကောင်းကင်အောက်မှာ 
လှိုင်းတွေနဲ့ဘောင်ဘင်ခတ် 
မှန်တချပ်လို ဖျပ်ဖျပ်လူးကျကွဲနေတဲ့ ပင်လယ်