“လူသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသေးငယ်ဆုံး အဖွဲ့ကလေးတွေအစ အကြီးဆုံး နိုင်ငံတော်အဆုံး ခေါင်းဆောင်ကောင်းရရှိရေးဟာ အသက်ပမာ အရေးပါတာ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းက အဖွဲ့အစည်းကို၊ နိုင်ငံကို ရှေ့သို့ ရွေ့လျားစေပြီး ခေါင်းဆောင်ညံ့က နောက်သို့ နိမ့်လျှော့ကျဆင်း ဆုတ်ယုတ်စေပါတယ် …”
ခေါင်းဆောင် ရွေးကြတဲ့အခါ
အခုအချိန်ဟာ ကျွန်တော်တို့နိုင်ငံဟာ ခေတ်ဟောင်းတစ်ခုကနေ ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းဖို့ အားယူနေချိန် အခင်းအကျင်းတွေ ပျိုးနေချိန်ဖြစ်တယ်ဆိုတာ အထူးပြောနေစရာ မထင်ဘူးဗျ။
တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပါတီစုံဒီမိုကရေစီစနစ်အတွင်း နိုင်ငံတော်အာဏာကို မျှော်မှန်းတဲ့ နိုင်ငံရေးပါတီတွေရော မမျှော်မှန်းတဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေပါ အပြိုင်းအရိုင်း ပေါ်ပေါက်လာနေတာလည်း အားလုံး အမြင်အတွေ့ပါပဲဗျာ။ အဖွဲ့အစည်းတွေဖြစ်တာနဲ့အညီ၊ အဲဒီ အဖွဲ့အစည်းတွေအတွင်း အဆင့်ဆင့်သော ခေါင်းဆောင်များ ရွေးချယ် တာဝန်ပေးအပ်ရေးကိစ္စကို မရှောင်မလွှဲသာ မျက်မှောက်ပြုနေကြရပြီး အကျိုးဆက်အဖြစ် ဆူဆူညံညံ ပူညံပူညံ အသံတွေ ထွက်ပေါ်နေတာလည်း သတိမပြုဘဲ မနေနိုင်အောင်ပါပဲ။
ပါတီကြီးတစ်ခုက အသံတွေဆိုရင် ပါတီစက်ဝန်းကိုကျော်ပြီး မီဒီယာတွေကတစ်ဆင့် ပြည်သူတွေနားထဲအထိ ပွက်လောရိုက်ခဲ့တယ်ဗျာ။ မလိုသူတွေက ဒီကိစ္စကို လက်ညှိုးထိုးပြီး အမနာပပြောစရာ ဖြစ်သွားပေမယ့် ကျွန်တော်တို့ကတော့ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ သဘာဝတစ်ခုလို့ပဲ ရှုမြင်လက်ခံလိုက်တယ်ဗျာ။