Thursday, December 23, 2010

Daw Aung San Suu Kyi: At the Crossroads (Al Jazeera- English)

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၁

ဒီသတင်းတွေကို မန္တလေးဘက် ကုန်ဝယ်လိုက်နေတဲ့ ဒွေးလေးပဲ သယ်သယ်လာတာ ဖြစ်တယ်။ သူကလည်း သားလက်ထက်၊ တူလက်ထက် အတွေ့ကြုံတွေက များပြီ။ ဘာလုပ်သင့်တယ်ဆိုတာ ရှင်းရှင်းကြီး မြင်ပြီးသား။

ကျနော်ကတော့ အဖေက တဖက်၊ မြင်းခြံအစုကို ဖော်ချင်မှဖော်မှာပါလို့ ဆန္ဒစွဲနဲ့ တွက်ချက်နေတာက တချက်ကြောင့် တုံ့ဆိုင်းနေမိတယ်။ သူ တကယ်ချစ်တာကလည်း သားဖြစ်သူ ကျနော့်ကိုပါ။ လုပ်ကိုင်ကျွေးနေတဲ့ သမီးကြီးကို ကျနော့်လောက် မချစ် …။

အဲဒီညကို ကျနော်ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါ။ အနာမှသွေးတွေ တပေါက်ချင်း ထွေးခံထဲကျနေတယ်။ “တောက် တောက်” နဲ့ ထုံ့ပိုင်း ထုံ့ပိုင်းအသံတွေကြောင့် သန်းခေါင်ကျော်မှာ ကျနော်အိပ်ရာက လန့်နိုးလာခဲ့တယ်။ မှန်အိမ်မီးဇာကို မြှင့်ကြည့်လိုက်တော့ အဖေရယ်လေ မှောက်လျှက်အနေအထားနဲ့ ငြိမ်နေတာတွေ့ရတယ်။ သားကိုမနှိုးရက်လို့ သူ့ဘာသာ ကျိတ်ဖြေရှင်းနေတာပါ။

နောက်တနေ့မနက် ဒွေးလေးက “မင်းစဉ်းစားကြည့်၊ သူ့ရှေ့မှာ မင်းကိုဖမ်းတာတွေ့ရင် တခါတည်း အသက်ထွက် သွားမှာပဲ” တဲ့။ လက်တွေ့ကျပါပေ့။

အဖေ့ကို ပြောရတော့တယ်။ “ကျနော် လွိုင်ကော်သွားပြီး ဆရာပင့်ချေဦးမယ်” ပေါ့။ ရဲဘော်တွေကိုလည်း ဆွေးနွေးထားပြီးသား။ “ဖော်ပြီဆိုရင် ကျနော့်ဆီ ဦးတည်လာမှာပဲ။ ကျနော် ခရီးထွက်နေတယ်ဆိုရင် ပြန်အလာ စောင့်မယ်။ လိုက်ဖမ်းချင် ဖမ်းမယ်။ ခင်ဗျားတို့အချိန်ရနိုင်တယ်။ ရန်သူ စ,လှုပ်ရှားပြီဆိုတာနဲ့ ရှောင်ကြဖို့ပဲ။ ကျနော် မလှမ်းမကမ်းမှာ ရှိမယ်။ သိတာ နဲ့ အချက်ပေးမယ်”

ဒီလိုစီစဉ်ခဲ့တာကလည်း မြင်းခြံအစုကိုမဖော်ရင် အခြေအနေမပျက် ဆက်အလုပ် လုပ်ဖို့ပါ။ အားလုံးကလည်း ပါတီ စိတ်ဓာတ် ဘာဆိုတာ သိပြီးသား … ။

သံယောဇဉ်အကြောင်း ကြားညှပ်ပြောပါရစေ။ လူတိုင်းမှာ ယေဘုယျတူညီတဲ့ သံယောဇဉ်နဲ့ ကွဲပြားခြားနားတဲ့ သံယောဇဉ် ကိုယ်စီရှိကြပါတယ်။ မြင်းခြံမှာ သံယောဇဉ်ဖြတ်နိုင်တဲ့ ၅ ယောက် လွတ်ပါတယ်။ မဖြတ်နိုင်တဲ့ ၃ ယောက် အဖမ်းခံရပါ တယ်။ ကျနော့် သံယောဇဉ်ကိုပဲ ပြောပါ့မယ်။

အဖေ …

ကျနော် နို့စို့အရွယ် အမေ ဆုံးပါးသွားခဲ့တယ်။ အဖေက သွားလေရာ သားကို ချီပိုးသွားလေ့ရှိတယ်။ ယစ်ထုပ်ကြီး ဖြစ်နေတာမို့ အရက်ဝိုင်းတွေအထိ ခေါ်ပါတယ်။ အမြည်းစားရလို့ ကျနော်ကလည်း လိုက်ပါတယ်။ ၄/၅ နှစ် သားအထိပဲ။ နောက်တော့ ဒွေးလေးက ‘တုတ်’ ပြထားလို့ မလိုက်ရဲတော့ပါ။ ဒါကို အဖေက မကြိုက်။ သားအဖကလည်း ချစ်လိုက်ကြတာ အရက်စော် ဘယ်လောက်ပဲနံနံ တအိပ်ရာတည်း အိပ်ကြတာ။ ဆယ်တန်းရောက်တဲ့အထိပဲ။

အဖေ မူးမူးပြန်လေ့ရှိတာကို ဒွေးလေးကပြောမိရင် “ငါ ၁၆ နှစ်သားကတည်းက သောက်လာတာ နင်မပြောနဲ့” လို့ ပယ်ချလေ့ရှိတယ်။ အသက်အားဖြင့် ၅ နှစ်လောက်ကြီးတဲ့အကိုမို့ ဒွေးလေးက ဆက်မပြောရဲ။ ကျနော့်ကိုပဲ ဖိပါတယ်။ “အရက်သမား နှမပဲ အဖြစ်ခံမယ်၊ အရက်သမားအဒေါ်လို့ ဘယ်တော့မှ အခေါ်မခံဘူး။ လူပျိုလူရွယ်မို့ ကာလသားရောဂါ ဖြစ်လာတောင် မပြောဘူး ဆေးကုပေးမယ်” … တဲ့။

အဖေ အရက်ကြိုက်လိုက်ပုံများကတော့ ကျနော် ထောင်ကထွက်လာ တော့လည်း သောက်မြဲပဲ။ “မသောက်နဲ့တော့ အဖေရာ”လို့ ပြောကြည့်မိတယ်။ နောက်နေ့ကစပြီး သူ မသောက်တော့ပါ။ ဒါပေမယ့် အစားအသောက်က လျော့လျော့လိုက်လာတယ်။ မကြာခဏ ဖျားတာနာတာတွေ ဖြစ်လာတယ်။ ဒီတော့ ဒွေးလေး မနေနိုင်တော့ပါ။ “သူကြိုက်တာလေး လုပ်ပါစေကွာ” လို့ ကျနော့်ကို တောင်းပန်တယ်။ ဒါကြောင့် မီးစိမ်းပြပေး လိုက်ရပါတယ်။

“ဒီကောင်က နိုင်ငံရေးသမားဖြစ်လာတော့ ရှက်လာတယ်နဲ့ တူတယ်။ ငါဆိုင်မှာပဲ သွားအိပ်ပါ့မယ်” လို့ သူ့နှမကို ပြောပြီး ဈေးဘက် ထွက်သွားပါတယ်။ နေ့ခင်းမှာပဲ အိမ်မှာနေပါတယ်။ ခုတော့ သူလည်း နောက်ဆုံးခရီးကို လှမ်းနေရချိန် …။

ကျနော်တို့မိသားစုတွေအကြောင်း စဉ်းစားမိတယ်။ အဖေနဲ့ ဒွေးလေးက မောင်နှမအရင်းဆိုလို့ သူတို့ ၂ ယောက်ပဲ ရှိပါတယ်။ ကျနော်တို့အဖိုးက အိမ်ထောင်ဆုံးပါးတဲ့အခါ သမီးတယောက်ထားခဲ့ပြီး အောက်ပြည်ဘက် လွင့်သွားတယ်။ ခရမ်းဘက်မှာ သူရင်းငှား ဝင်လုပ်တယ်။ သားကြီး သမီးကြီးတွေရှိတဲ့ လယ်ပိုင်ရှင်သမီး မုဆိုးမနဲ့ အိမ်ထောင်ပြုတယ်။ ဒီ ဇနီးဆုံးပြန်တော့ အဖေနဲ့ ဒွေးလေးခေါ်ပြီး အညာပြန်လာပါတယ်။

အဖေနဲ့ ဒွေးလေးက အညာမှာပဲ အိမ်ထောင်အသီးသီး ကျတယ်။ ဒွေးလေး ခင်ပွန်းက ပုပ္ပားသား၊ မြင်းခြံမှာ နာရီပြင်ဆိုင်ဖွင့် တပည့်လက်သား ၃ ဦးနဲ့ စီးပွားရေး ကောင်းပါတယ်။ ဒွေးလေးက မြို့လိုက်နေရပါတယ်။

အဖေက တောမှာပဲ တောင်သူ လုပ်တယ်။ ဂျပန်တွေ အထက်ဗမာပြည်ဘက် တက်မလာခင် ကျနော့်အမေ ဆုံးပါတယ်။ သားသမီးကို ထောက်ထားပြီး (လိုချင်သူတွေရှိသော်လည်း) အဖေက နောက်အိမ်ထောင်မပြု၊ တောင်သူဆက်လုပ်ပေမယ့် အသောက်အစားအပြင် တချီတချီ လောင်းကစားဖက်လာလို့ ဒွေးလေးကပဲ လှမ်းထောက်ပံ့နေရပါတယ်။

ဂျပန်တွေ ကျနော်တို့မြို့ဆီရောက်လာတော့ နာရီလုပ်ငန်းနဲ့ ဒွေးလေးတို့က စီးပွားရေး ပိုကောင်းလာပါတယ်။ မြို့လယ် လမ်းမကြီးပေါ်က ဒွေးလေးတို့ဆိုင်မှာ ဂျပန်တွေ စည်ကားလှတယ်လို့ ဆိုပါတယ်။ ဒွေးလေးခင်ပွန်းက ကမ္ဘာစစ် အခြေအနေ တွက်ချက်မိပြီး နာရီနဲ့ နာရီပစ္စည်းတွေ ကြိုဝယ်ယူ စုဆောင်းထားတာမို့ စီးပွားတက်တာ မြန်ပါတယ်။

အင်္ဂလိပ်တွေ ပြန်ဝင်လာပြီး မန္တလေးကို ဗုံးစကြဲတော့ မြို့ပေါ်မှာ မနေဝံ့လို့ ဒွေးလေးတို့မိသားစု ရွာပြန်နေပါတယ်။ မမျှော်လင့်ဘဲ ဒွေးလေးခင်ပွန်း ဖျားနာပြီး ရွာမှာပဲ ဆုံးပါတယ်။ အဖေက လှေတစင်းနဲ့ ဧရာဝတီမြစ်ရိုးအတိုင်း အောက်ပြည် စုံပြီး အညာကုန် ရောင်း။ အောက်ကုန်ဝယ်လာကာ အတူနေ ၂ အိမ်ထောင်ကို လုပ်ကျွေးပါတယ်။

တချီမှာတော့ ကျွဲညီနောင် (အင်္ဂလိပ်လေယာဉ် ၂ စီး) နဲ့ဆုံမိကာ ဗုံးကြဲစက်သေနတ်နဲ့ အပစ်ခံရလို့ လှေမြုပ်ပြီး လက်လွတ် ပြန်လာခဲ့ရတယ်။ ဒွေးလေးက သူ့အကိုကို စိတ်မချတာနဲ့ နောက်ထပ် အရင်းအနှီး ထပ်မထုတ်တော့ဘဲ ရှိတာပဲ ထုခွဲရောင်းချပြီး စားနေပါတယ်။

ဂျပန်တွေက နာရီပစ္စည်းတွေကို ရွာအထိလိုက်ဝယ်လို့ တဖက်တလမ်း ဝင်ငွေရှိခဲ့တယ်။ မြို့ပေါ်နေ ဦးလေးရဲ့ တပည့်တွေကလည်း လိုတဲ့နာရီပစ္စည်းတွေ လာဝယ်ပါတယ်။ ဗုံးခိုကျင်းထဲ ထည့်ထားတဲ့ နာရီပစ္စည်း သေတ္တာတွေ ဗုံးတည့်တည့်ကျမှ အတော်ပြောင်သွားတာပါ။ ကျနော်တို့အတွက်တော့ ကစားစရာ အတော်များများ ရလိုက်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။


Monday, December 20, 2010

ဒုတိယ ပင်လုံ - ၁ (ကာတွန်း စောငို)

ဝီကီလိခ်ဆိုတာ မိတ်ဆွေပါ (လူထုစိန်ဝင်း)

အခုတလော ကမ္ဘာ့နိုင်ငံအတော်များများက အစိုးရတွေနဲ့ မီဒီယာလောကကြီးတခုလုံး ရင်တမမနဲ့ စောင့်ကြည့်နေကြရတဲ့ ဖြစ်ရပ်ကြီးတခု ပေါ်ထွက်လာခဲ့တယ်။ အမေရိကန်အစိုးရရဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေကို ‘ဝီကီလိခ်’ ဆိုတဲ့ အွန်လိုင်း မီဒီယာတခုက ဖွင့်ချဖော်ထုတ်နေတဲ့ကိစ္စ ဖြစ်တယ်။

ရမ်းတုတ်တွေလည်းပါလိမ့်မယ်

အခုလောလောဆယ် ဖော်ထုတ်ထားတာတွေထဲမှာ နိုင်ငံခြားတိုင်းပြည်တချို့မှာရှိတဲ့ အမေရိကန်သံရုံးတွေက သူတို့ နိုင်ငံအစိုးရဆီကို လျှို့ဝှက်ပေးပို့တဲ့စာတွေ ဖြစ်တယ်။ သံရုံးတွေက သူတို့ရောက်ရှိနေတဲ့ နိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လျှို့ဝှက်တင်ပြထားတာမျိုးတွေ ဖြစ်တဲ့အတွက် နိုင်ငံတိုင်းလိုလိုက သူတို့အကြောင်း ဘာတွေများ ရေးထားမလဲဆိုတာကို နေ့စဉ် ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြရတယ်။ အဖြစ်မှန်ကို တင်ပြထားတာတွေပါရှိသလို အမေရိကန်သံအရာရှိတွေ ထင်ကြေးနဲ့ ရမ်းတုတ်ထားတာတွေလည်း ပါနေပါလိမ့်မယ်။

အနာပေါ်တုတ်ကျဖြစ်

မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကမ္ဘာတလုံးကိုတော့ လှုပ်ခတ်သွားစေခဲ့တယ်။ တချို့က လူမသိအောင် ခိုးကြောင်ခိုးဝှက်လုပ်ထားတာတွေကို လူသိရှင်ကြားဖြစ်အောင် ဖော်ထုတ်လိုက်လို့ အနာပေါ်တုတ်ကျ ဖြစ်သွားကြတယ်။ တချို့ကတော့ မမှန်မကန် လုပ်ကြံစွပ်စွဲပုတ်ခတ်ထားတာခံရလို့ သက်ဆိုင်သူ အမေရိကန်သံအရာရှိတွေကို စိတ်ဆိုးကြတယ်။ အမေရိကန်အစိုးရလည်း ခုတလော တော်တော် ကသိကအောက် ဖြစ်နေရတယ်။ ဝီကီလိခ်ကို ဆက်ပြီးဖော် ထုတ်တာမလုပ်ဖို့ ဖိအားအမျိုးမျိုးပေးကြတယ်။ နည်းပညာစွမ်းသုံးပြီး ပိတ်ပစ်ဖို့လည်း ကြိုးစားကြတယ်။ ဒါပေမယ့် ဝီကီလိခ်တည်ထောင်သူတွေကလည်း ကွန်ပျူတာပညာရပ်မှာ ထူးချွန်တဲ့ပညာရှင်တွေဖြစ်တဲ့အတွက် တားဆီးပိတ်ပင်လို့ မရနိုင်ခဲ့ဘူး။

အောက်တန်းကျတဲ့နည်း

အဲဒီတော့ နိုင်ငံရေး၊ စီးပွားရေးလောကမှာ လုပ်နေကျအတိုင်း ပုဂ္ဂိုလ်ရေး သိက္ခာကျအောင် Character Assassination လို့ခေါ်တဲ့ ညစ်ပတ် အောက်တန်းကျတဲ့နည်းကိုသုံးပြီး ဝီကီလိခ်အဖွဲ့ကို ဦးဆောင်ဦးရွက် ပြုနေသူကို လိင်မှုကိစ္စနဲ့ တန်ပြန်စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခဲ့တယ်။ နိုင်ငံတကာ ပုလိပ်အဖွဲ့ (အင်တာပို) ကိုတောင်သုံးပြီး နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ခဲ့တယ်။

စွပ်စွဲခံရသူပုဂ္ဂိုလ်က အင်္ဂလန်နိုင်ငံမှာ ကိုယ်တိုင်သွားပြီး အဖမ်းခံတော့လည်း အာမခံမပေးဘဲ ထားတယ်။ လူကိုဖမ်းထားပြီး ခြိမ်းခြောက် အကျပ်ကိုင်ဖို့ ရည်ရွယ်ပုံရပါတယ်။ ဝီကီလိခ်အဖွဲ့ကတော့ သူတို့လုပ်ရပ်ကို ရပ်မပစ်ဘဲ ဆက်လုပ်သွားမယ်လို့ လူသိရှင်ကြား ထုတ်ဖော်ကြေညာထားတယ်။

မှန်၊ မမှန်သာ အဓိက

ဝီကီလိခ်တည်ထောင်သူဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာက သိပ်ပြီးအဓိက မကျပါဘူး။ သူတို့ ဖော်ထုတ်ချက်တွေ ဘယ်လောက်အထိ မှန်ကန်မှုရှိသလဲဆိုတဲ့အချက်ကသာ အခရာကျပါတယ်။ အခုထိ ဒီဖော်ထုတ်ချက်တွေဟာ လုံးဝ မမှန်ကန်ပါဘူးလို့ အမေရိကန်အစိုးရက တရားဝင်ငြင်းဆိုတာ မရှိပါဘူး။ ဒီဖော်ထုတ်ချက်တွေဟာ နိုင်ငံတကာ ဆက်ဆံရေး ထိခိုက်ပျက်ပြားစေနိုင်တယ်။

နိုင်ငံအချင်းချင်းအကြားမှာ တင်းမာမှုတွေဖြစ်စေနိုင်တယ်။ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုကို ထိခိုက်စေနိုင်တယ် စတဲ့ အကြောင်းပြချက်တွေနဲ့ပဲ ကန့်ကွက်ရှုတ်ချနေကြတယ်။ ဝီကီလိခ် ဆက်လက်မတည်ရှိနိုင်အောင် နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်ကြမှာလည်း သေချာတယ်။

သဘောထားလာမေးကြ

ဝီကီလိခ်ရဲ့ ဖော်ထုတ်ဖွင့်ချချက်တွေကို သတင်းစာတချို့နဲ့ အသံလွှင့်ဌာနတချို့က တဆင့်ပြန်ပြီး တင်ပြကြတယ်။ သတင်းသမားဆိုတာ သတင်းတွေဖော်ထုတ်တာမှန်သမျှ သဘောကျရမှာပဲ မဟုတ်ဘူးလား။
ပြည်သူလူထု သိသင့်သိထိုက်တဲ့ အရာမှန်သမျှရှာဖွေဖော်ထုတ်ရေးသားရမှာ သတင်းသမားရဲ့ အခြေခံအကျဆုံး တာဝန်ဖြစ်လေတော့ သတင်းဖော်ထုတ်ပြောကြားမှုမှန်သမျှ ဝမ်းသာအားရ ကြိုဆိုရမှာဖြစ်တယ်။

သိခွင့် မေးခွင့်ရှိ

ဒီမိုကရေစီခေတ်မှာ ပြည်သူလူထုကလည်း သူတို့ရွေးကောက်တင်မြှောက်ပြီး သူတို့ရဲ့အခွန်အတုတ်တွေထဲက လစာရိက္ခာကိုရယူနေကြတဲ့ အစိုးရတွေဘာလုပ်နေကြသလဲဆိုတာ သိချင်ကြမှာပဲ။ သိခွင့်၊ မေးမြန်းခွင့်လည်း ရှိတယ်။ သတင်းသမားတွေက ပြည်သူလူထု သိချင်တာတွေကို သိအောင်လုပ်ပေးရတဲ့ တာဝန်ကိုယူထားသူများ ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီခေတ်မှာ သတင်းသမားတိုင်း လွတ်လပ်စွာ မေးခွင့်၊ ရေးခွင့် ပြုကြရတယ်။ နိုင်ငံတိုင်းရဲ့ အခြေခံဥပဒေတွေမှာ ထည့်သွင်း ပြဋ္ဌာန်းပေးထားကြရတယ်။

တိုင်းပြည်ကို လိမ်ညာခဲ့ကြ

နာမည်ကျော် ဝါးတားဂိတ်တို့၊ အီရန်ဂိတ်တို့ဆိုတာတွေဟာ သမ္မတတွေကိုယ်တိုင်က တိုင်းပြည်ကို လိမ်ညာပြီး အာဏာ အလွဲသုံးစားလုပ်ခဲ့ကြတဲ့ကိစ္စတွေ ဖြစ်တယ်။ သတင်းစာတွေက မရမက ရှာဖွေဖော်ထုတ်လို့ နောက်ဆုံးမှာ ဘူးပေါ်သလိုပေါ်ပြီး ဝါးတားဂိတ် ကာယကံရှင် သမ္မတနစ်ဆင်ရော၊ အီရန်ဂိတ် ဖန်တီးသူ သမ္မတ ရေဂန်ရော၊ ရာထူးက ဖြုတ်ချခံရမယ့်အရေးက သီသီလေးလွတ်သွားခဲ့ကြရတာဖြစ်တယ်။

၅၀ ခုနှစ်များနဲ့ ၆၀ ခုနှစ်များအတွင်းကဆိုရင် စီအိုင်အေတို့၊ ကေဂျီဘီတို့လို ထောက်လှမ်းရေး အဖွဲ့အစည်းကြီးများဟာ လွှတ်တော်က မသိအောင် တိုင်းပြည်က မသိအောင် ထင်ရာစိုင်းပြီး လုပ်ချင်တာတွေ လုပ်ခဲ့ကြတာပဲ။ လူသတ်ခွင့်လိုင်စင် ရထားတဲ့အဖွဲ့တွေလို့တောင် ပြောကြရတယ်။

လူသတ်လိုင်စင်ရအဖွဲ့

သမ္မတ ကနေဒီလက်ထက်က နာမည်ကျော် ဝက်ပင်လယ်ကွေ့ (Bay of Pigs) ဆိုတဲ့ ကျူးဘားနိုင်ငံကို ကျူးကျော် တိုက်ခိုက်မှုဆိုရင် လွှတ်တော်က လုံးလုံးမသိဘဲ စီအိုင်အေက စီစဉ်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ကျူးကျော်တပ်တွေ အကုန်လုံး ချေမှုန်းခံရပြီးမှ လူတွေက သိခဲ့ကြရတယ်။ အဲဒီနောက်လည်း ကက်စထရိုကိုသတ်ဖို့ စီအိုင်အေက အကြိမ်ကြိမ် ကြိုးစားကြံစည်ခဲ့တယ်။

သမ္မတ ကနေဒီကိုယ်တိုင် လုပ်ကြံခံလိုက်ရတော့လည်း အစစ်အမှန်အဖြစ်မှန်ကို ဘယ်သူမှ မသိခဲ့ရဘူး။ ဝါရင်းကော်မရှင်ဆိုတဲ့ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာ အများအပြားကိုလည်း နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်နဲ့ မထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့ကြတယ်။ ဒါကြောင့် ဒီနေ့အထိ ကနေဒီ လုပ်ကြံမှုရဲ့ တရားခံအစစ် ဘယ်သူလဲဆိုတာကို ကမ္ဘာက မသိနိုင်ခဲ့ကြပါဘူး။

ထောပနာပြု

အင်တာနက်ခေတ်ထဲမှာတောင် ပါးစပ်က ပွင့်လင်းမှု၊ ထင်သာမြင်သာရှိမှုဆိုတဲ့ စကားတွေ အမြှုပ်တစီစီထွက်အောင် ပြောနေပေမယ့် . . . ရိုးရိုးသာမန် တိုင်းသူပြည်သားများအတွက်တော့ ဝီကီလိခ်ဟာ မိတ်ဆွေပါ။ ခုခေတ်မှာ အပြောများတဲ့ ‘လူထုသတင်းသမား’ (Citizen Journalist) လို့ပြောရင်လည်း ရတယ်လို့ပဲ ထောပနာပြုလိုက်ပါတယ်။

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


Saturday, December 18, 2010

ဒုတိယ ပင်လုံ (ကာတွန်း စောငို)

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ

(၁)

တာဝန်က တဖက်၊ သံယောဇဉ်က တဖက်

ထောင်ကထွက်လာပြီး လိုအပ်တဲ့ဆေးဝါးကုသမှုခံယူရင်း အကိုဖွင့်ထားတဲ့ ကျူရှင်ကျောင်းမှာ တတ်နိုင်သမျှ ကူညီလုပ် ကိုင်ပေးနေခဲ့တယ်။ တနေ့ ကျနော် အင်မတန်ချစ်သော ရဲဘော်အောင်ဘော်ဆီမှ စာတစောင်နဲ့ ကဗျာတပုဒ် စာတိုက်ကနေ ရောက်လာပါတယ်။

“AN ရေ အချိန်မရလို့ မခေါ်နိုင်တော့ပါ။ အမြဲသတိရပြီး စောင့်မျှော်နေပါ့မယ်။ လိုက်လာမယ်လို့လည်း ယုံကြည်တယ်။ ကဗျာတပုဒ် ထားခဲ့တယ်။ ကျနော် သာရေး နာရေး ကော်မတီက လွတ်ထွက်သွားပြီ”

လိုရင်းကတော့ အဲဒီလောက်ပါပဲ။ ကျနော် ရန်ကုန်တက် ဆေးကုစဉ် သူ့အိမ်မှာ ထမင်းလိုက်စားရင်း စကားတခွန်း ပြောခဲ့ဖူးတယ်။

“ဒီမှာ ခင်ဗျားတို့နဲ့ တွေ့ရဆုံရ ဆွေးနွေးရတာတွေ တကယ်ကောင်းပါတယ်။ အားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အများစုက နေ့စဉ်နေထိုင်မှုဘဝမှာ နစ်နေတယ်။ ကျနော့်လို နယ်က ရဲဘော်တယောက် တက်လာရင် ဝိုင်းဝန်း အကူအညီပေးကြတာလည်း အားရစရာပဲ။ ဒါပေမယ့် ဒီလို သာရေး၊ နာရေး၊ လူမှုကူညီရေးလောက်နဲ့တော့ ကျေနပ်မနေသင့်ဘူး”

လို့ ထောက်ပြခဲ့ဖူးတယ်။ ဒါကို ရည်စူးပြီး ရေးသွားတာပါ။

ကဗျာထဲမှာတော့ တော်လှန်ရေးမျှော်လင့်ချက်၊ ရဲဘော်တွေရဲ့ သွေးခင်းလမ်းနဲ့ စွန့်လွှတ်မှုတွေအကြောင်း ပါတယ်လို့ ရေးရေး မှတ်မိတယ်။ ရဲဘော်ဖိုးသံကို လှမ်းအကြောင်းကြားတော့ သူ့ဆီလည်း စာနဲ့ ထိုကဗျာ ရောက်လာတယ်လို့ အကြောင်းပြန်ပါတယ်။ ကိုဉာဏ်ဝင်း၊ ကိုတင်မောင်ဝင်း ညီအကိုနဲ့အတူ တောခိုသွားခဲ့ကြတာ ဖြစ်တယ်။

သူတို့ဆင်းသွားပြီးမကြာမီ ကျနော်လည်း အရှေ့မြောက်စစ်ဒေသနဲ့ အဆက်အသွယ်ရခဲ့လို့ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲရာမှာ တတပ်တအားပါဝင်လိုကြောင်း တင်ပြလိုက်ပါတယ်။ မောင်လှဝင်း(မြင်းခြံ)က သူလည်း လိုက်ချင်တယ်။ ၇ဝ-ခုနှစ်မှာ အင်းစိန်ထောင်ကလွတ်နှင့်တဲ့ မြင့်မြင့်ကလည်း သွားကြရင် သူ့ကိုလည်း ချန်မထားဖို့ တောင်းဆိုတယ်။

ပါတီက ပြန်ကြားတာကတော့ “အရှေ့မြောက်စစ်ဒေသမှာ လက်နက်ကိုင်တိုက်မယ့်သူတွေ တပုံကြီးရှိတယ်။ အဲဒီမှာပဲ နေရသရွေ့နေကြပါ။ ခင်ဗျားတို့ကို တပ်မတခုလောက် အားထားပါတယ်” ဆိုတဲ့ အမိန့်သံပါပဲ။ နေပေဦးတော့ပေါ့။ ဘာတတ်နိုင်မှာလဲ။

ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းက မိမိဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ တနေ့ ဖခင်ဖြစ်သူ ပါးစပ်ထဲအနာပေါက် အစားအသောက်ပျက် နေထိုင်မကောင်း ဖြစ်နေတာကြာလာလို့ ဒေါက်တာဝင်းဝင်း (ကျနော်တို့ဆရာ ပမညတ အမတ်ဟောင်း ဦးမောင်ကိုရဲ့သမီး)ဆီ သွားပြမိတယ်။ သူက ပါးစပ်ဟခိုင်းပြီး ကြည့်ပါတယ်။ မျက်နှာပျက်သွားပြီး ဆေးတချို့ ပေးလိုက်ပါတယ်။ နောက်မှ ကျနော့်ကို တခေါက်အခေါ်လွှတ်ပြီး ပြောပါတော့တယ်။

“ခင်ဗျားအဖေရဲ့ အနာက ကင်ဆာဖြစ်ဖို့ များတယ်။ Cauliflower type ပဲ။ ပါရဂူနဲ့ပြမှ ဖြစ်မယ်။ ဦးတင်အောင်ဆွေဆီ ကျမ စာရေးပေးလိုက်မယ်။ မြန်မြန်သွားပါ” လို့ ခိုင်းပါတယ်။

မန္တလေးဆရာဝန်ကြီး ဦးတင်အောင်ဆွေက ကြည့်ရှုစစ်ဆေးပြီး (ဝင်းဝင်းလိုပဲ) တယောက်ချင်းကျမှ အခြေအနေမှန်ကို ပြောပြတယ်။

“ ၆ လပဲ ခံမယ်။ ကုထုံးအရ ဓာတ်ကင်ရမယ်” … တဲ့။ ပျောက်မလားမေးတော့ … မပျောက်နိုင်ပါလို့ အဖြေပေးတယ်။

ဒါနဲ့ ပြန်ခေါ်လာခဲ့ရတယ်။ ဗမာပြည်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း အပျောက်များတယ်လို့ နာမည်ရတဲ့ မြို့ခံဘုန်းကြီးဆီအပ်ပြီး ကုကြည့်တယ်။ ငွေလည်း မယူ။ နို့၊ အသား စသည် အရှောင်ခိုင်းတယ်။ စားဆေးသောက်ဆေး ပေးတယ်။ အနာနေရာကို ဆေးစိမ်ထားတဲ့ (သွားကြားထိုးတံလို) သစ်သားချောင်းလေးနဲ့ ထိုးထိုးဖောက်ပြီး ဆေးဖြူး၊ ထွေးထုတ်၊ အလုပ်ခိုင်းတယ်။

နေ့စဉ် မန်ကျည်း၊ ရှောက် စတဲ့ အသီးတွေ စိမ်ထားတဲ့ရေနဲ့ အချိုးခိုင်းတယ်။ တွေ့ရတာက အသားအရေ ခြောက်ခန်းမသွားဘဲ စိုဝင်းနေပေမယ့် ရောဂါက မသက်သာလာပါ။ သားအဖ ၂ ယောက် တခန်းထဲအိပ်၊ တတ်စွမ်းသမျှ ပြုစုခဲ့တယ်။ သူကလည်း ကျိတ်မှိတ်ခံပါတယ်။

တခြားနာမည်ကြီး ဗမာဗိန္ဓောဆရာတွေရဲ့ သတင်းဆက်လည်း လိုက်ကြည့်တယ်။ ဒီလိုနဲ့ သြဠာရိကကုထုံးနဲ့ နာမည်ကြီးနေတဲ့ လွိုင်ကော်က ဗိန္ဓောဆရာတယောက်ကို ပင့်ရမလားလို့ တွက်ဆနေဆဲ သတင်းဆိုးတခု ကြားလိုက်ရတယ်။

ရန်သူက အစတစ ရသွားပြီး အဖမ်းအဆီးတချို့လုပ်နေတယ် တဲ့။ မန္တလေးတာဝန်ခံလုပ်နေသူ ရှောင်နေတဲ့သတင်း။ နောက် … အဖမ်းခံလိုက်ရပြီဆိုတဲ့သတင်း (တကယ်က ထွက်အဖမ်းခံလိုက်ခြင်းဖြစ်)။

ဒီနောက်မှာတော့ အဖမ်းအဆီးတွေ ဆက်တိုက်လိုက်လာတဲ့သတင်းတွေ ကြားလာရတယ်။ ဒီတော့ ဖော်နေပြီဆိုတာ တွက်လို့ရပြီပေါ့။ မြင်းခြံအစုကိုတော့ မဖော်သေး။ (ဖမ်းရတာတွေများပြီး လက်မအားသေးတာလားတော့ မသိ၊ ထိုစဉ်က ထောက်လှမ်းရေးအင်အားက အသေးလေးပဲ ရှိသေးတယ်)

ဆက်လက်ဖော်ပြပါမယ်။

Sunday, December 12, 2010

ဦးနှောက်ယိုစီးမှုလား၊ ဦးနှောက်ဖွံ့ဖြိုးမှုလား (လူထုစိန်ဝင်း)

ပြည်တွင်းက ပညာတတ်တွေ နိုင်ငံခြားထွက်သွားပြီး အလုပ်လုပ်ကြတာနဲ့ ပတ်သက်ပြီး အပြင် အယူအဆ အမျိုးမျိုး ရှိကြတယ်။ တချို့က ဒါဟာ ဦးနှောက်ယိုစီးမှု (brain drain) ဖြစ်တယ်။ ပညာသင်ကြားပေးခဲ့ရတဲ့ မိခင်နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သဘောထားကြတယ်။

ပိုဆိုးတဲ့ ပြဿနာ

ဦးနှောက်ယိုစီးမှုထက်ဆိုးတဲ့ ဦးနှောက်ခြောက်ခန်းမှု (braindry) ပြဿနာလည်း ရှိသေးတယ်လို့ ကိုယ်တိုင်လည်း ရေးခဲ့ဖူးတယ်။ ဆရာဝန်ဖြစ်ပြီး ဆရာဝန်မလုပ်ဘဲ ကုမ္ပဏီထောင် စီးပွားရေးလုပ်တဲ့အခါ၊ အထည်အလိပ် အင်ဂျင်နီယာဘွဲ့ရက သင်္ဘောသား သွားလုပ်တဲ့အခါ၊ ဘူမိဗေဒဘွဲ့ရက ဆေးကုမ္ပဏီရဲ့ ဆေးရောင်းသမား သွားလုပ်တဲ့အခါ သူတို့ သင်ယူခဲ့တဲ့ပညာတွေ မေ့လျော့ ခြောက်ခန်းသွားပြီး အဟောသိကံ ဖြစ်ရတယ်လို့ ရေးခဲ့တာ ဖြစ်တယ်။

ဒီပြဿနာမျိုးဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုပြီး အဖြစ်များတဲ့အတွက် တိုးတက်မှု နောက်ကျမှုဟာ တနေ့ထက်တနေ့ ပိုပြီး ဆိုးလာတယ်လို့ ယူဆကြတယ်။ ကုလသမဂ္ဂ ညီလာခံကြီးတွေမှာ ဒီပြဿနာ ဖြေရှင်းရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပေမယ့် ဒီနေ့အထိ အဖြေရှာမတွေ့နိုင်ကြဘူး။ ချမ်းသာတဲ့ နိုင်ငံတွေက နိုင်ငံပေါင်းစုံရဲ့ အထက်မြက်ဆုံး ဦးနှောက်တွေကို အချောင်ရနေတဲ့အတွက် မှိန်းပြီး မသိချင်ယောင် ဆောင်နေကြတယ်လို့ စွပ်စွဲသံတွေလည်း ကြားရတယ်။

လွယ်လွယ်နဲ့ ထွက်ခွင့်မပေး

ဒီနိုင်ငံမှာ ဘွဲ့ရတဲ့အထိ ပညာသင်ယူခဲ့ပြီးမှ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့အတွက် နိုင်ငံမှာ နစ်နာတယ်လို့ မြန်မာဆိုရှယ်လစ်ခေတ်က ယူဆခဲ့တယ်။ အဲဒီယူဆချက်ကြောင့် မြန်မာနိုင်ငံသားတွေ နိုင်ငံခြားထွက်ခွင့် လွယ်လွယ်နဲ့ မပေးခဲ့ဘူး။ FRC ကိုင်ထားပြီး အပြီးပြန်တော့မယ့် ‘ဖော်ဂွတ်’ (For Good) သမားတွေပဲ အသွားများတယ်။ မြန်မာလူမျိုးများအတွက်တော့ လွယ်လွယ်နဲ့မထွက်နိုင်အောင် ဘွဲ့နဲ့ ဒီပလိုမာအတွက် ပညာရေးလျော်ကြေး ကောက်ခံတဲ့စနစ် စတင်တီထွင် လုပ်ဆောင်ခဲ့တယ်။ ဒီနေ့အထိ ဒီစနစ် ရှိနေသေးတယ်။ အဲဒီခေတ်မှာ အစိုးရကလွှတ်တဲ့ ပညာတော်သင်နဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့တွေလောက်ပဲ နိုင်ငံခြား အသွားအလာ ရှိကြတယ်။ ဒီခေတ်လို ရှော့ပင်းထွက်တယ်ဆိုတာ ကြားတောင် မကြားဖူးကြဘူး။

ဝါးလုံးခေါင်းထဲက ထွက်ကြ

ပညာတတ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်တာဟာ နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှု မဟုတ်ဘူး။ အမြတ်တောင် ထွက်သေးတယ်လို့ ယူဆသူတွေလည်း ရှိတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတခုအတွက် အထူးလိုအပ်တဲ့ နိုင်ငံခြားငွေ ရှာပေးတာဖြစ်လို့ တားဆီးပိတ်ပင် မလုပ်သင့်ဘူးလို့ သူတို့က ဆိုတယ်။ သီရိလင်္ကာ၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဟာ နိုင်ငံခြားသွား နိုင်ငံခြားက ပြန်ပို့တဲ့ နိုင်ငံခြားငွေ နှစ်စဉ် ဒေါ်လာ သန်းရာပေါင်းများစွာ ရရှိနေတာကို ထောက်ပြကြတယ်။ ကမ္ဘာရွာခေတ်မှာ ဝါးလုံးခေါင်းထဲက ထွက်ကြပါလို့လည်း သူတို့က တိုက်တွန်းနှိုးဆော်ကြတယ်။

အရေးကြီးလိုလို

မကြာမီလေးကပဲ မန္တလေးက စာတစောင် ရတယ်။ အငြိမ်းစားဘီအီး (စက်မှု) အင်ဂျင်နီယာကြီး တယောက်ဆီကပါ။ သူမြင်တဲ့ ‘ဘရိန်းဒရိန်း’ ကတော့ တမျိုးဖြစ်တယ်။ အင်ဂျင်နီယာဘွဲ့ရပြီး အင်ဂျင်နီယာဆိုတဲ့ ရာထူးကြီး ယူထားပေမယ့် တကယ်လက်တွေ့ကျတော့ စာရင်းအင်းတွေ စာရွက်တွေ၊ အစီရင်ခံစာတွေနဲ့ပဲ အလုပ်ရှုပ်နေရတဲ့ စာရင်းကိုင်လိုလို၊ ရုံးအုပ်စာရေးကြီးလိုလို ဖြစ်နေတာကမှ အမှန်တကယ် ‘ဘရိန်းဒရိန်း’ ဖြစ်တာပါ တဲ့။

ဘရိန်းဂိန်း

နိုင်ငံခြားထွက် အလုပ်လုပ်တဲ့အတွက် ပိုပြီး မျက်စိပွင့်နားပွင့် ဖြစ်လို့ ‘ဘရိန်းဂိန်း’ (brain gain) ဖြစ်တယ်လို့ ပြောချင်ပါတယ် တဲ့။ ဆက်ပြီးသူက တိန့်ရှောင်ဖိန်ရဲ့လုပ်ရပ် ဆိုတဲ့ အကြောင်းတခု ပြောထားသေးတယ်။ တိန့်ရှောင်ဖိန် အာဏာပြန်ရတဲ့အခါမှာ ပညာထူးချွန်တဲ့ လူငယ်တွေကို အမေရိကနဲ့ ဥရောပနိုင်ငံတွေဆီ ပညာသင်လွှတ်တယ်။ တခြားသူတွေက ဒီလူတွေပြန်မလာရင် ဘယ်လိုလုပ်မလဲလို့မေးတော့ ကိစ္စမရှိပါဘူးလို့ ပြန်ဖြေတယ်။ လက်တွေ့မှာလည်း အတော်များများ ပြန်မလာဘဲ ဟိုနိုင်ငံတွေမှာ အလုပ်လုပ်နေကြပြီး တချို့က ဟိုနိုင်ငံသားအဖြစ်တောင် ခံယူလိုက်ကြတယ်။

ပါရဂူတွေ အများကြီး

ဒါပေမယ့် တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးလိုက်လို့ စီးပွားရေး တရှိန်ထိုး တိုးတက်သွားတဲ့အခါကျတော့ အဲဒီလူတွေ အများကြီး ပြန်လာကြတယ် တဲ့။ အဲဒီထဲမှာ ပါရဂူဘွဲ့ရ ပညာရှင်တွေလည်း အများကြီး ပါလာတယ်။ တချို့ဆိုရင် နိုင်ငံခြားသားပညာရှင် (expatriate) အဖြစ် တရုတ်ကုမ္ပဏီကြီးတွေမှာ လခကောင်းကောင်းနဲ့ ဝင်လုပ်ကြသတဲ့။ ဒါတော့ ဟုတ်တယ်။ ရှစ်ဆယ်ခုနှစ်တွေအတွင်းက FRC တပည့်တွေ အများကြီး အဲဒီအချိန်က တရုတ် (တိုင်ပေ) ကို ဖော်ဂွတ်ပြန်သွားကြတယ်။ အခု ဒီဘက်ပိုင်း နှစ်တွေကျတော့ သူတို့ထဲကတချို့ဟာ ပေကျင်းတို့ ရှန်ဟိုင်းတို့မှာ ပြောင်းရွှေ့နေထိုင်ကြတာ တွေ့ရတယ်။

ယုံကြည်စိတ်ချမှု အပြည့်

မန္တလေးက အငြိမ်းစား အင်ဂျင်နီယာကြီးကတော့ ပညာတတ်တွေ နိုင်ငံခြား ထွက်သွားတဲ့အတွက် (၁) အတွေ့အကြုံနဲ့ ပညာအရည်အချင်း တိုးတက်တယ်။ (၂) မိသားစု စားဝတ်နေရေး ပြေလည်စေတယ်။ (၃)တိုင်းပြည်အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ ရစေတယ်။(၄) ထွက်သွားသူတွေနေရာမှာ နောက်လူတွေ အလုပ်ရလို့ အလုပ်လက်မဲ့ လျော့နည်းစေတယ်လို့ နံပါတ်စဉ်ထိုးပြီး ထောက်ခံ အားပေးသွားပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ကိုယ့်အိုးကိုယ့်အိမ်ကို အင်မတန် ခင်တွယ်တတ်သူတွေ ဖြစ်လို့၊ တနေ့နေ့ကျရင် မြန်မာပြည်ကို ပြန်မလာဘဲ မနေပါဘူးလို့လည်း သူက ယုံကြည်စိတ်ချမှု အပြည့်ရှိပါတယ်။ နိုင်ငံခြားထွက်သွားတဲ့ တပည့်တွေ ရာပေါင်းများစွာနဲ့ အဆက်အသွယ် မပြတ်တာကြောင့် ဒီအချက်ကိုတော့ သဘောတူတယ်။ တနေ့မှာ သူတို့အားလုံး ပြန်လာကြမယ်ဆိုတာ စိတ်ချယုံကြည်တယ်။

နယ်ပယ်ကျဉ်းလွန်းလို့

နှစ်ပေါင်းနှစ်ဆယ်ကျော် ကျောင်းဆရာ လုပ်ခဲ့ရာမှာ ကျောင်းသူ ကျောင်းသား အများစုက မြန်မာပြည်ပေါက် တရုတ်လူမျိုး ဖြစ်ကြတယ်။ တချို့ဆို တရုတ်စကားတောင် မတတ်ကြဘူး။ ဆိုရှယ်လစ် စကားလုံးတွေ လူတိုင်းရွတ်နေတဲ့ ခေတ်မှာ လုပ်ကိုင်စားစရာ နယ်ပယ်ကျဉ်းမြောင်းလွန်းလို့သာ သူတို့သွားကြတာ၊ ဘယ်သူမှတော့ သွားချင်ကြတာ မဟုတ်ပါဘူး။ မြန်မာလူမျိုးစစ်စစ်တွေ မဆိုထားနဲ့ သူတို့လို မြန်မာပြည်ပေါက် တရုတ်တွေနဲ့ အိန္ဒိယသားတွေတောင် မြန်မာပြည်အကြောင်းပြောရင် မျက်ရည်မဝဲဘဲ မနေနိုင်ကြပါဘူး။ အခွင့်သာတဲ့တနေ့မှာ သူတို့ ပြန်လာကြမှာပါ။

ဘာကြောင့် သေချာတာလဲ

၉၀ ရာခိုင်နှုန်းလောက်ကို ပြန်လာမှာပါလို့တောင် ပြောရဲတယ်။ ဘာကြောင့် ဒါလောက် သေချာနေရတာလဲလို့ မေးရင် မြန်မာစကား မတတ်တဲ့လူတွေတောင် ပျော်လွန်းလို့ ကုတ်နဲ့ကော်ထုတ်တောင် မပြန်ချင်တော့တာတွေကို လက်ညှိုးထိုးပြလိုက်ချင်တယ်။ မြန်မာပြည် မွေး၊ မြန်မာပြည်မှာကြီးပြီး မြန်မာစကား တမျိုးတည်းသာ ပြောတတ်သူတွေ ပြန်မလာဘဲ မနေနိုင်ပါဘူး။ ပြန်လာတဲ့အခါ တချို့ စုမိဆောင်းမိတာလေးတွေ ပိုက်ပြီး ပြန်လာကြမယ်။ တချို့က ပညာရှင်တွေ ပါရဂူတွေ ဖြစ်ပြီး ပြန်လာကြမယ်။ တချို့ ကျွမ်းကျင်လုပ်သားတွေအဖြစ် ပြန်လာကြမယ်။ လက်ချည်းသက်သက် ပြန်လာဖူးသူလည်း ရှိနိုင်ပါတယ်။

ကူးလူးယှက်နွှယ်

ဘယ်လိုနည်း ဘယ်လိုပုံစံနဲ့ပဲ ပြန်လာလာ၊ တိုင်းပြည်အတွက်ကတော့ အကျိုးရှိတာပါပဲ။ ကမ္ဘာ့နိုင်ငံပေါင်းစုံက အမျိုးမျိုးအဖုံဖုံ ပညာရပ်တွေ၊ အတွေ့အကြုံ ဗဟုသုတတွေ လုပ်နည်းလုပ်ဟန်တွေ ဖြည့်ဆည်း ရယူနိုင်ပါတယ်။ ကျွန်တော်တို့ အမြတ်တနိုး ဂုဏ်ယူဝင့်ကြွားနေရတဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များဟာလည်း ယိုးဒယား၊ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ယဉ်ကျေးမှု အနုပညာတွေနဲ့ ကူးလူးယှက်နွှယ်နေခဲ့ကြတာပဲ မဟုတ်လား။ ကမ္ဘာကြီးတခုလုံးဟာ ရွာကြီးတရွာလို ဖြစ်နေတဲ့ ဒီခေတ်ဒီအခါမှာ ကျွန်တော်တို့ချည်း သက်သက် တံခါးပိတ်နေလို့ မဖြစ်ပါဘူး။ တံခါးတွေ ဖွင့်ထားမှ အခန်းထဲက လေဆိုးလေပုပ်တွေ လွင့်စင်ထွက်သွားပြီး ပြင်ပက လေကောင်းလေသန့်တွေ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


Saturday, December 11, 2010

ဗမာလား၊ မြန်မာလား

နေ့စဉ်ပြောဆို သုံးနှုန်းနေတဲ့ စကားလုံးတွေထဲမှာ အနက်အဓိပ္ပာယ် မထင်ရှားတာ၊ အသိရခက်ခဲ နက်နဲတာတွေ၊ ဝိဝါဒ ကွဲပြား အငြင်းပွားစရာတွေ အများအပြားရှိကြတဲ့အနက် အလွန်အရေးကြီးတဲ့ အလွန်အရေးကြီးတဲ့ အငြင်းပွားစရာ စကားလုံးတလုံးအကြောင်းကို ဒီကနေ့ ပြောကြရအောင်ပါ။

ကဲ … ပထမဆုံးတော့ သမိုင်းဝင် တေးသီချင်းတပုဒ်ကို နားဆင်ကြည့်ကြပါစို့။

နောင်ဥဒါန်း ××× ဘယ်မပြေစရာ ××× ရာဇဝင်တင်ထား ××× မျိုးရိုးနွယ်သာ ××× ကမ္ဘာတခွင်မှာဖြင့် ××× ဗမာထင်ရှား ××× ဒို့ခေတ်တွင်မှ ××× ညံ့ကြတော့မှာလား ဒို့ဗဗာ - ဒို့ဗမာ ××× မဟုတ်လေလေ့သလား ××× (ဒို့ဗမာ - ငါတို့ ဗမာ)၂ ×× (ဒါ - ငါတို့ဗမာ) ၂

နယ်ချဲ့တော်လှန်ရေးကို ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ သမိုင်းဝင် အမျိုးသားရေး လှုံ့ဆော် တေးသီချင်းကြီးပါ။ ဒီသီချင်းမှာ ဆိုသွားတဲ့ ဒို့ဗမာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့ အများစု လူမျိုးတမျိုးတည်းကို ပြောတာလား။ ဒါမှမဟုတ် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း အပါအဝင် နိုင်ငံတခုလုံး အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးအားလုံးကို ဆိုလိုတာပါလား။ သောတရှင်တို့ ဘယ်လိုထင်ပါသလဲ။

ဒို့ခေတ်တွင်မှ ××× ညံ့ကြတော့မှာလား ဒို့ဗဗာ - ဒို့ဗမာ ××× မဟုတ်လေလေ့သလား ××× (ဒို့ဗမာ - ငါတို့ ဗမာ)၂ ×× (ဒါ - ငါတို့ဗမာ) ၂

ဒို့ဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၂၁၅ မှာ ဒို့မြန်မာ အစည်းအရုံး လို့ မခေါ်ဘဲ ဘာကြောင့် ဒို့ဗမာ အစည်းအရုံးလို့ ခေါ်သလဲကို ရှင်းလင်း ဖွင့်ဆိုထားပါတယ်။ မြန်မာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့လူမျိုးကိုသာခေါ်တာ ဖြစ်တယ်။ မြန်မာပဒေသရာဇ်တွေ ပေးထားတဲ့နာမည် ဖြစ်တယ်။ လူမျိုးကြီးဝါဒသဘော ပါဝင်တယ်။ ဒါ့ကြောင့် လူမျိုးအားလုံး၊ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံကို မြန်မာတမျိုးတည်းအပိုင်အဖြစ် သုံးနှုန်းတာဟာ မမှန်ကန်ဘူး။ လူမျိုးအားလုံး အကျုံးဝင်တဲ့နိုင်ငံကို ဗမာနိုင်ငံ လို့ခေါ်မှသာ ညီညွတ်မှန်ကန်မယ်လို့ အတိအလင်း ဖွင့်ဆိုထားခဲ့ပါတယ်။

ကဲ ... ဒီတော့ ပညာရှင်တွေကရော ဘယ်လိုမြင်ပါသလဲ။ ဘာသာဗေဒပညာရှင် ဆရာ မောင်သာနိုးရဲ့ အမြင်ကတော့ …

“ဗမာက မူလဗျ၊ ဗြဟ္မာ က လာတာကိုး။ ဗထက်ချိုက် ဟရစ် ဟ မ ဆင့်၊ ဗြဟ္မာ က လာတာကိုး။ ဗြဟ္မာ ကနေပြီးတော့ ဗမာ ဖြစ်သွားတာ။ အဲဒါကိုမှထပ်ပြီးတော့ ဗမာ ကို ဗထက်ချိုက်နဲ့ မ နဲ့ ပြောင်းပြီးတော့ မြန်မာ ဖြစ်သွားတာ။ အဲတော့ မြန်မာက ဒုတိယ၊ ဗြဟ္မာ ဆိုတဲ့ ဗမာက အဓိက ပင်မဖြစ်တယ်။ အဲလိုယူဆပါတယ်၊ ပညာရှိတွေ ယူဆကြတယ်။ နောက်တခါ အဲဒီ ဗမာနဲ့ မြန်မာ မှာက အင်္ဂလိပ်ခေတ်က ဝံသာနုခေတ်က ဒို့ဗမာအစည်းအရုံးခေတ်က သူတို့က ဗထက်ချိုက် မ ရေးချ မာကို ချင်းကော၊ ကချင်ကော၊ ကရင်ကော၊ မြန်မာကော အားလုံးအတွက် သတ်မှတ်တယ်။

မြန်မာကိုတော့ မြန်မာလူမျိုး ကျနော်တို့၊ ခင်ဗျားတို့ပေါ့လေ အတွက်ပဲ သတ်မှတ်တယ်။ အဲဒီလို အယူအဆရှိတယ်လို့ ကျနော့်ကို တလောဆီက သေဆုံးသွားတဲ့ သခင် ခင်ညွန့်က ရေနံချောင်း သခင် ခင်ညွန့်က ပြောဖူးတယ်ဗျ။ အခု ပြောင်းပြန်ဖြစ်နေပြီတဲ့ မြန်မာက ကချင်ရော၊ ကရင်ရော၊ ရှမ်းကောကို ခေါ်တာ။ ဗမာကမှ ဒီလူမျိုးလေးကို ခေါ်တာလို့ ဖြစ်နေတယ်။ ဒါဟာ ငါတို့ ဝံသာနုခေတ်ကဟာနဲ့ ပြောင်းပြန်လို့ သခင် ခင်ညွန့်က ပြောတယ်ဗျ။ ဒီခေတ်ကျမှ ဘယ်လိုလုပ်ပြီးတော့ ပြောင်းပြန်ဖြစ်သွားသလဲ မသိဘူး”

ဒါတွေကို ပြောင်းပြန်လှန်ပစ်သူအဖြစ် အများနားလည်ထားကြတာကတော့ သွားလေသူ ဗိုလ်ချုပ်နေဝင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ဗမာစာ ဗမာစကားမှာ ဝင်ရောက်စွက်ဖက် ပါဝင်မှုတွေအနက်က တခု ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ဒီအမွေကို သူ့ရဲ့လက်ရင်းတပည့်လို့ ပြောဆိုလေ့ရှိကြတဲ့ ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ ခုနှစ်မှာ အသုံးပြုခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးအားလုံး အပါအဝင်ဖြစ်တဲ့နိုင်ငံကို မြန်မာလို့ သုံးရမယ်၊ ပြည်မက လူမျိုးကို ဗမာလို့ သုံးရမယ်ဆိုပြီးတော့ အဓိပ္ပာယ်ပြောင်းပြန် သတ်မှတ်ပြီးတော့ သုံးစွဲဖို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်ကို လူမျိုးစု တစုတည်းရဲ့အဖွဲ့အဖြစ် သေးသိမ်အောင်လုပ်ပြီး ကျောင်းသားတွေကိုလည်း သဘောထားကွဲလွဲမှုဖြစ်အောင် သွေးခွဲခဲ့တဲ့လုပ်ရပ်အဖြစ် အဲဒီအချိန်က လူသိများခဲ့ပါတယ်။

“ကျနော်ကတော့ ဒို့ဗမာအစည်းအရုံးကို ထောက်ခံတယ်၊ စာပေရေးအရတော့ ထောက်ခံတယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ ခုနပြောသလိုပဲ ဗမာဆိုတဲ့ ဗထက်ချိုက် မာ က ဗြဟ္မာ က လာတာ။ ဗြဟ္မာ ဆိုတာက ပါဠိပေါ့ဗျာ။ အိန္ဒိယမှာလည်း ခုထက်ထိပဲ မြန်မာကို ဗြမ္မာ ခေါ်ကြတာပဲ။ ဗမာစာကို ဘာရမီ လို့ခေါ်တယ်။ မြန်မာစကားဆိုရင် ဘာရမီဘာသာ လို့ ခေါ်တယ်ဗျ။ ဗမာ ကသာလျှင် တပြည်လုံးကို ခြုံတဲ့အမြင် ဖြစ်တယ်။ မြန်မာက ခင်ဗျားတို့၊ ကျနော်တို့ အပါအဝင် ရန်ကုန်၊ မန္တလေးက လူတစုကို ခေါ်တာ။ ရှမ်း၊ ကချင် မပါဘူး”

အီလွီနွိုက် တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဆရာ ဦးစောထွန်းကတော့ ထိုင်းငံမှာလည်း ဗမာလူမျိုးကို ဖမာ လို့ ခေါ်တာကိုလည်း စဉ်းစားစရာအဖြစ် ထောက်ပြပါတယ်။ ဒါ့အပြင် ...

“မြန်မာပြည်ကိုပဲ ပါဠိရှိတဲ့အခါကျတော့ ပါဠိအဘိဓာန်ထဲမှာဆိုရင် မြန်မာပြည်ဆိုတာကို ဗြဟ္မာ ဒေသ ဆိုပြီးတော့ ဗြဟ္မာ ဆိုပြီးတော့ ပြတာရှိတယ်။ နောက် ဆရာတော်ကြီးတွေက ဗြဟ္မာ လို့ ရေးကြတာတွေ ရှိတယ်။ အဲဒီကနေပြီးတော့ အသံပြောင်းပြီးတော့ ဗမာ လို့ ဖြစ်မယ်ဆိုလည်းပဲ ဖြစ်ခွင့်တော့ ရှိတာပဲ”

ပုဂံခေတ်မှာတော့ မြေပြန့်နေလူမျိုးကို မြန်မာ အဖြစ် ကျောက်စာရေးထွင်းခဲ့တဲ့ အထောက်အထားတွေ တွေ့ခဲ့ရတာကိုလည်း ဆရာ ဦးစောထွန်းက အခုလို ပြောပြပါတယ်။

“မွန်တွေက သူတို့ ကျောက်စာတွေ ထိုးတာ ရှိတယ်။ မွန်ကျောက်စာထဲမှာ ကျန်စစ်သားလက်ထက်က လူတွေအကြောင်း ပြောတော့ ဗမာတွေကို သူတို့က မရမာ လို့ ပဲ သူတို့ ပြောတာပါပဲ”

- ဟုတ်ကဲ့ဆရာ၊ တိုင်းရင်းသားလူမျိုးအားလုံးကို မြန်မာလို့ သုံးခဲ့တာမျိုးရော အထောက်အထား တွေ့မိခဲ့သလားဆရာ။

“သမိုင်းကြောင်းအရကတော့ မြန်မာဆိုတာလည်း ဗမာ၊ ဗမာဆိုတာလည်း မြန်မာ ဖြစ်ခဲ့တော့ တိုင်းရင်းသားအားလုံးကို ခြုံပြီးတော့ မြန်မာလို့ ခေါ်တာမျိုးတော့ ရှိတယ်လို့ မပြောနိုင်ဘူးလေ။ ဒါကတော့ နောက်မှ နိုင်ငံရေးအရ သတ်မှတ်ချက် တခုပေါ့လေ”

ကဲ ... ဒီတော့ ဗမာ၊ မြန်မာ ဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံရေး ပရောဂကြောင့် ကပြောင်းကပြန် ဖြစ်ခဲ့ရတယ်ဆိုတာ ရှင်းလင်းပြီ ထင်ပါရဲ့နော်။ နောင်တချိန်မှာ နိုင်ငံရေးပရောဂကင်းကင်းနဲ့ ပညာရှင်တွေ စုဝေးတိုင်ပင်ပြီးတော့ အများပြည်သူရဲ့ သဘောတူညီချက်ပါ ရယူဆုံးဖြတ်သင့်တဲ့ ကိစ္စမျိုးလို့ ထင်မိပါတယ်။

အော် ကျနော်တို့ အလင်္ကာ ပုလဲပန်းမှာတော့ မြေပြန့်နေ လူမျိုးရဲ့စာပေအဖြစ်ရော၊ တနိုင်ငံလုံးရဲ့ ရုံးသုံးစာအဖြစ်ပါ သုံးနှုန်းပြောဆိုတာဖြစ်တဲ့အတွက် ဗမာစာရော၊ မြန်မာစာရော သုံးနှုန်းလို့ ရတန်ကောင်းပါရဲ့နော်။

၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ ဘီဘီစီ (မနက်ပိုင်း အစီအစဉ်) မှ ဗမာ ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့ တင်ပြထားတဲ့ ကိုသိန်းမြတ်ရဲ့ အလင်္ကာပုလဲပန်း အစီအစဉ်ကို ကောက်နုတ်ဖော်ပြပါတယ်။