Wednesday, December 8, 2010

Venues Protection အကြောင်း သိကောင်းစရာ

အရေးပါပုဂ္ဂိုလ်တွေနဲ့ ခေါင်းဆောင်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့အခါ venues protection အကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။

venues ဆိုတာမှာ နေထိုင်ရာ အဆောက်အဦ၊ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ညစာစားပွဲ၊ လူထုအစည်းအဝေး၊ အခမ်းအနား စတာတွေ ပါဝင်ပါတယ်။

venues ပေါ်မှာ အခြေပြုပြီး သက်ရောက်လာနိုင်တဲ့ အန္တရာယ်တွေကတော့ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်း၊ လူချင်းဝင်လုံးပြီး ဓားဖြင့်ထိုးခြင်း၊ စနိုက်ပါတပ်ဆင်ထားသော သေနတ်ဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ မီးရှို့ခြင်း၊ ဓာတုပစ္စည်းများဖြင့် တိုက်ခိုက်ခြင်း၊ ဇီဝပိုးမွှားများဖြင့် တိုက်ခိုက်ခြင်း၊ လူထုအစည်းအဝေးပွဲများတွင် အဓိကရုဏ်းဖြစ်အောင် ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။

အဓိကရုဏ်းဖြစ်ပြီး ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေဆိုတာ ခေါင်းဆောင်ရဲ့အသက်ကို ရန်ရှာခံနိုင်ရမှု ရာခိုင်နှုန်း အမြင့်မားဆုံး အခြေအနေ ဖြစ်ပါတယ်။

ဒီအချိန်မှာ ခေါင်းဆောင်ရဲ့ close protection အဖွဲ့ဟာ ဘေးကင်းရာကို ခေါင်းဆောင်ကို အမြန်ဆုံး ဆွဲထုတ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ လူထုခေါင်းဆောင်တွေဟာ အခင်းဖြစ်ပွားရာနေရာဒေသကို မစွန့်ခွာလိုကြပါဘူး။ ဒါကြောင့် close protection အဖွဲ့ခေါင်းဆောင်ဟာ ခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာဖို့ထက် ခေါင်းဆောင်ရဲ့ အသက်အန္တရာယ်ကို ဦးစားပေးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။

venues protection ဆိုင်ရာ အခြေခံအချက်များ

• စနစ်တကျ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရမည်
• သွားရောက်မည့် နေရာ၏ အနီးဝန်းကျင် လုံခြုံရေးကို လေ့လာစုံစမ်းရမည်
• လူထုအစည်းအဝေးများ၊ အဖွဲ့အစည်း အခမ်းအနားများတွင် ဝင်ပေါက်၊ ထွက်ပေါက်များကို စနစ်တကျ သတ်မှတ်ရမည်
• close protection အဖွဲ့ဝင်မဟုတ်သော မည်သူမဆို ခေါင်းဆောင်အနီးသို့ ကပ်လာပါက သတိထားရမည်။
• close protection အဖွဲ့ဝင် အချင်းချင်းသာ သိနိုင်သော သင်္ကေတများ ထားရှိရမည်
• သတ်မှတ်ဝတ်စုံဝတ်ထားသော close protection အဖွဲ့ဝင်များအပြင် undercover အဖွဲ့ဝင်များလည်း ထားရှိရမည်
• မည်သည့်နေရာသို့သွားသည်ဖြစ်စေ အရေးပေါ်အခြေအနေအတွက် ကြိုတင်စဉ်းစား ပြင်ဆင်ထားရမည်
• close protection အဖွဲ့ဝင်များ အချင်းချင်း အရေးပေါ်အခြေအနေ ထွက်ပေါက်ကို သတ်မှတ်ထားရှိရမည်
• အရေးပါပုဂ္ဂိုလ်နှင့် ခေါင်းဆောင်များအား ဖရိုဖရဲအခြေအနေများကြားမှ ဆွဲထုတ်ခေါ်သွားနိုင်မည့် safe haven သတ်မှတ်ချက် ရှိရမည်။

Outer perimeter protection

venues protection မှာ နေရာသတ်မှတ်ချက် နှစ်ခုရှိပါတယ်။ ပထမတခုက သက်ဆိုင်ရာနေရာရဲ့ ပြင်ပ နဲ့ ဝင်ပေါက်နေရာ (outer perimeter) ဖြစ်ပြီး၊ ဒုတိယတခုက သက်ဆိုင်ရာ နေရာ၊ အဆောက်အဦအတွင်း (inner perimeter) မှာ ဖြစ်ပါတယ်။

Outer perimeter protection ကို များသောအားဖြင့် advanced team ကို တာဝန်ယူခိုင်းလေ့ရှိပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်တဲ့ အဖွဲ့ဝင်များအနေနဲ့

• အရေးပါပုဂ္ဂိုလ်သွားမယ့်နေရာကို ကြိုတင်ရောက်ရှိပြီး ဝန်းကျင်အနေအထားကို လေ့လာရပါမယ်

• ကားရပ်မည့်နေရာကို သေချာကြည့်ရှုဖို့ လိုအပ်ပါတယ်

• အရေးပါပုဂ္ဂိုလ် စီးနင်းလိုက်ပါတဲ့ကားရဲ့ ယာဉ်မောင်းကို ကားအနီးမှာ အချိန်ပြည့်ရှိစေရပါမယ်။ ယာဉ်မောင်းက တခြားတနေရာကို သွားဖို့လိုလာရင် တခြားအဖွဲ့ဝင်တယောက်ယောက်က ကားအနီးမှာ သွားနေရပါမယ်

• လူအဝင်အထွက်ကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုရပါမယ်

• စောင့်ကြည့်လေ့လာတဲ့နေရာ (observation posts) များ သတ်မှတ်ရပါမယ်

• အရေးပါပုဂ္ဂိုလ် ပြန်လည်ထွက်ခွာမယ့် ထွက်ပေါက်နဲ့ အနီးဝန်းကျင်လုံခြုံရေးကို သတိပြုရမယ်

• မီဒီယာ သတင်းထောက်တွေရဲ့ သတင်းထောက် အိုင်ဒီကတ်တွေကို စစ်ဆေးရပါမယ်

• ကင်မင်ရာ၊ ဗွီဒီယို စတဲ့ media equipment တွေကို လိုအပ်ရင် ကြည့်ရှုစစ်ဆေးရပါမယ်

• အရေးကြီးတဲ့ strategic points တွေအားလုံးမှာ ကိုယ့်ဘက်တော်သားတွေပဲ ရှိနေဖို့ ပြင်ဆင်တာဝန်ပေးရပါမယ်။

Inner perimeter protection

Inner perimeter protection နဲ့ ပတ်သက်ပြီး personal escort အဖွဲ့ငယ်ကို တာဝန်ပေးလေ့ရှိပါတယ်။

တာဝန်ရှိသူများဟာ

• အိမ်၊ ရုံး အဆောက်အဦ (သို့မဟုတ်) အခမ်းအနားကျင်းပရာ ကွင်းပြင်အတွင်းရဲ့ လုံခြုံရေးကို ဂရုစိုက်ရပါမယ်

• အရေးပါပုဂ္ဂိုလ်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရပါမယ်။ သို့ပေမယ့် တကောက်ကောက် ဘေးမှာ လိုက်နေရမှာကို ဆိုလိုတာ မဟုတ်ပါ။ အရေးပါပုဂ္ဂိုလ်နဲ့ မိတ်ဆွေများရဲ့ လွတ်လပ်စွာ လှုပ်ရှားမှုကို အနှောင့်အယှက်ပေးသည်အထိ မပြုလုပ်ရပါ

• undercover (covert) လုံခြုံရေးတာဝန်ယူသူများကို တာဝန်ပေးဖို့ လိုအပ်ပါတယ်

• အဆောက်အဦအတွင်းမှာ safe haven နေရာ သတ်မှတ်ချက် ရှိရပါမယ်

အဆောက်အဦအား ရှာဖွေခြင်း

လုံခြုံရေးအတွက် အဆောက်အဦကို ရှာဖွေတဲ့အခါမှာ အပြင်မှ အတွင်းသို့ ရှာဖွေခြင်း၊ အောက်မှ အထက်သို့ ရှာဖွေခြင်း၊ ပုန်းအောင်းနိုင်ဖွယ်ရာ နေရာများအား ရှာဖွေခြင်းဆိုပြီး နည်းလမ်း သုံးမျိုး ရှိပါတယ်။

ဒီလိုရှာဖွေတဲ့အခါမှာ ရှာဖွေရေးအဖွဲ့ရဲ့ လူအင်အား လေးပုံတပုံက ပြင်ပမှာ ရှာဖွေရပါမယ်၊ လူအင်အား လေးပုံတပုံက အများပြည်သူတွေ ဝင်ထွက်သွားလာလေ့ရှိတဲ့ နေရာတွေကို ရှာဖွေပြီး၊ ကျန်အင်အားတဝက်က အဆောက်အဦမှာရှိတဲ့ အခန်းများကို ပိုတ်စိပ်တိုက် ရှာဖွေရပါမယ်။

ပြင်ပရှာဖွေခြင်း (external searching) ပြုလုပ်တဲ့အခါ အဆောက်အဦရဲ့ ၂၅ မီတာဝန်းကျင်ကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေတဲ့အခါ ground level အနေနဲ့ အမှိုက်စွန့်ပစ်ရာ နေရာများ၊ ပန်းအိုးများ၊ ရေပန်းများ၊ ရေပိုက်များနဲ့အနီးမှာ ရပ်ထားတဲ့ ကားများကိုပါ စောင့်ကြည့်ရပါမယ်။

ပြီးတဲ့အခါ ground to roof level အနေနဲ့ ပြတင်းပေါက်ဘောင်များ၊ လေအေးပေးစက်များ၊ မီးကြိုးများနဲ့ ခေါင်းမိုးကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေပြီးတာနဲ့ အရေးကြီးနေရာများမှာ လူအဝင်အထွက် ထပ်မံပြုလုပ်ခြင်းကို တားဆီးခြင်း၊ အစောင့်ချထားခြင်း ပြုလုပ်ရပါမယ်။

အများပြည်သူ ဝင်ထွက်သွားလာမယ့် နေရာများအား ရှာဖွေခြင်း (searching for public places) ကို ပြုလုပ်တဲ့အခါ ဧည့်ခန်းဆောင်၊ လျှပ်စီးမီး၊ ပန်းအိုး၊ ကုလားထိုင်၊ စားပွဲ၊ မီးသတ်ဗူး၊ ဓာတ်လှေကား၊ ရေအိမ်များ၊ ဗွီဒိုများ၊ စတိုခန်းနဲ့ လျှပ်စစ်သုံးစက်ကိရိယာများကို ရှာဖွေရပါမယ်။

တခန်းဝင်တခန်းထွက် ရှာဖွေခြင်း (room to room searching) ကို ပြုလုပ်တဲ့အခါ ပထမဦးဆုံး အမြင်အာရုံကို အသုံးပြုပြီး လှည့်ပတ်ကြည့်ရပါမယ်။ ပြီးတဲ့အခါ အခန်းထဲမှာ လျှောက်ကြည့်ပြီး ခေတ္တခဏရပ်ခြင်းကို အခါခါ ပြုလုပ်ရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မူမှန်မဟုတ်တဲ့ အသံတွေကို ကြားရနိုင်ပါတယ်။

အခန်းကို ရှာဖွေတဲ့အခါ searching level လေးဆင့် ရှိပါတယ်။ ပထမ တဆင့်က floor to hip level ပါ။ ဒီအဆင့်မှာ ကော်ဇော၊ ကုလားထိုင်၊ စားပွဲ၊ ဗွီဒိုအသေး၊ မီးခလုတ် စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်က hip to eye levelပါ။

ဒီအဆင့်မှာ ဗွီဒိုကြီး၊ မီးခလုတ်၊ လေအေးပေးစက်၊ မီးခလုတ်နဲ့ စာအုပ်စင်စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်ကတော့ eye level to the ceiling ဖြစ်ပါတယ်။ ဒီအဆင့်မှာ အမြင့်မှာတပ်ဆင်ထားတဲ့ လေအေးပေးစက်၊ အသံချဲ့စက်၊ ပန်ကာ၊ မီးကြိုးများ စတာတွေ ပါဝင်ပါတယ်။ နောက်ဆုံးတဆင့်ကတော့ ceiling ဖြစ်ပါတယ်။ ceiling မှာ ရေးထားတဲ့ စာတွေ အပါအဝင် ရှိသမျှကို ကြည့်ရှုစစ်ဆေးရပါမယ်။

ရုံးခန်း လုံခြုံရေး

venues protection မှာ အရေးပါပုဂ္ဂိုလ် ရုံးထိုင်တဲ့ ရုံးခန်းဟာလည်း အလွန်အရေးကြီးပါတယ်။ ရုံးခန်းဟာ အောက်ဆုံး အထပ်မှာ မရှိသင့်ပါဘူး။ အရေးပါပုဂ္ဂိုလ်ရဲ့ ရုံးခန်းကိုသွားမယ်ဆိုရင် အခြားရုံးခန်းတွေရှေ့က (သို့မဟုတ်) ရုံးသူ ရုံးသား အများရှိနေသော စားပွဲများရှေ့က ဖြတ်သွားမှသာ ရောက်နိုင်ရပါမယ်။ ရုံးခန်းမှာ ပြတင်းပေါက်တွေရှိရင် ခန်းဆီးများ တပ်ရပါမယ်။ အရေးပါပုဂ္ဂိုလ် ရုံးထိုင်နေတာကို ပြင်ပကနေ အလွယ်တကူ မြင်နိုင်ခြင်း မရှိစေရပါဘူး။

ဧည့်သည်များနဲ့ တွေ့ဆုံတဲ့အခါ ကြိုတင်ပြီး appointment ယူခိုင်းရပါမယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ ရုံးခန်းအတွင်းကို ဝင်ရောက်စေတာထက် အများနဲ့တွေ့ဆုံရမယ့် outside office ဖန်တီးထားသင့်ပါတယ်။ အဲဒီမှာ အရေးပေါ်ခေါင်းလောင်း တပ်ဆင်ထားသင့်ပါတယ်။ ရုံး အဝင်အထွက်နေရာများနဲ့ ရုံးတွင်းက အရေးကြီးတဲ့နေရာများ၊ အချိုးအကွေ့နေရာများမှာ CCTV များ တပ်ဆင်ထားသင့်ပါတယ်။

ရုံးခန်းတံခါးတွေမှာ အမည်များ၊ ရာထူးများ သတ်မှတ်ရေးသားထားတာရှိရင် ဖယ်ရှားပြီး နံပါတ်များနဲ့ အစားထိုးရပါမယ်။ စတိုခန်းနဲ့ ရေအိမ်များမှာ လုံခြုံရေး ခလုတ်များနဲ့ဖွင့်ရမယ့် တံခါးများ ရှိသင့်ပါတယ်။ ဧည့်သည်များနဲ့ အများပြည်သူသုံး ရေအိမ်ကို သီးခြားထားသင့်ပါတယ်။ ရုံးအတွင်းမှာ အရေးပေါ်အချိန်မှာ နေထိုင်ရမယ့် safe room ထားရှိပြီး ဆက်သွယ်ရေးကိရိယာများ၊ အစားအစာနဲ့ ဆေးဝါးများကို အဆင်သင့်ထားရှိပါမယ်။

နိဂုံး

ကမ္ဘာတဝှမ်းက အရေးပါပုဂ္ဂိုလ်တွေကို လုပ်ကြံခံရမှုတွေမှာ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ အစည်းအဝေးခန်းမ၊ လူထု အစည်းအဝေးတွေရဲ့ လုံခြုံရေးအခြေအနေ အားနည်းချက်တွေက အဓိက ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် venues protection ဆိုင်ရာ အခြေခံအချက်အလက်များကို အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို တာဝန်ယူရမယ့်သူများနဲ့ အခြေအနေက တောင်းဆိုလို့ အရေးပေါ်တာဝန် ယူလိုက်ရမယ့်သူများအနေနဲ့ သိရှိနားလည်ထားဖို့ လိုအပ်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

ခင်မမမျိုး (၈၊ ၁၂၊ ၂၀၁၀)

ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်တင်ပြချက်

Review on the Flawed Election_Bur

Monday, December 6, 2010

ဒုတိယ ပင်လုံ သို့

အမျိုးသားခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်းက
ပထမ အကြိမ် ပင်လုံညီလာခံနဲ့
နယ်ချဲ့လက်အောက်က လွတ်မြောက်စေခဲ့။

လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု
ဒုတိယ ပင်လုံညီလာခံရဲ့ အကျိုးဆက်
စစ်အာဏာရှင်လက်အောက်က
လွတ်မြောက်ဖို့ရန်
အမျိုးသားပြန်လည်သင့်မြတ်ရေး
တန်းတူရေးနဲ့
သွေးစည်းခိုင်မာရေးကို ရည်သန်ရဲ့။

တိုင်းရင်းသားစုံ ပြည်သူလူထုအားနဲ့
အလုပ်သမား လယ်သမား
ကျောင်းသားများစုံညီ
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက်
ဒုတိယပင်လုံသို့ ချီတက်လှည့်။ ။

(ဒုတိယ ပင်လုံမှ ဒုတိယ လွတ်လပ်ရေးဆီသို့)

၁၂၊ ၄၊ ၂၀၁၀ (စနေနေ့)

သရုပ်ဖော် - အောင်ထက်

Friday, December 3, 2010

အရေးပါသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယ်စောင့်ရှောက်ခြင်း


နိဒါန်း

ပဋိပက္ခဖြေရှင်းရေး၊ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းတွေမှာ ကာကွယ်စောင့်ရှောက်ခြင်းနဲ့ ပတ်သက်ပြီး ဘာသာရပ်နှစ်မျိုးကို သင်ကြားလေ့ရှိပါတယ်။ ပထမ တမျိုးက Critical Infrastructure Protection ဖြစ်ပြီး၊ ဒုတိယတမျိုးကတော့ close protection ဖြစ်ပါတယ်။

လူတဦးတယောက် (သို့မဟုတ်) အုပ်စုတခုကို အနီးကပ် ကာကွယ်စောင့်ရှောက်ရတဲ့အခါမှာ စောင့်ရှောက်ခံရသူ (သို့မဟုတ်) အုပ်စုတခုမှာ အရေးပါတဲ့ပုဂ္ဂိုလ် (Very Important Person- VIP) တွေ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့်လည်း VIP/ Close Protection လို့ လုံခြုံရေးလောကမှာ ခေါ်ဝေါ် သုံးနှုန်းပါတယ်။

ယေဘုယျအားဖြင့် လူသားတွေဟာ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက်လေ့ ရှိကြပါတယ်။ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကိုလည်း ခံယူလေ့ရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံတနိုင်ငံရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေကျတော့ ကိုယ့်ဘာသာကိုယ် ကာကွယ်စောင့်ရှောက်ရုံနဲ့တင် မလုံလောက်ပါဘူး။

အသက်အန္တရာယ် လုံခြုံရေးကို အနီးကပ်ကာကွယ် စောင့်ရှောက်ပေးနိုင်သူတွေ၊ သက်တော်စောင့်တွေကို အနီးမှာထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေကတော့ အုပ်ချုပ်ရေး ယန္တရားတွင်းမှာရှိတဲ့ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းတွေကို အသုံးပြုတတ်ကြပါတယ်။

အစိုးရအဖွဲ့ဝင်မဟုတ်တဲ့ ထင်ပေါ်ကျော်ကြားသော နိုင်ငံရေး ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကကျတော့ နီးစပ်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်တွေကိုပဲ ဖြစ်ဖြစ်၊ ပရိုက်ဗိတ် လုံခြုံရေး အရာရှိများကို ငှားရမ်းပြီးပဲဖြစ်ဖြစ် တာဝန်ပေးအပ်ရပါတယ်။ ဒီလိုတာဝန်ပေးအပ်လို့ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်များက မိမိတို့ဘာသာ အသိစိတ်နဲ့ပဲဖြစ်ဖြစ် အနီးကပ် ကာကွယ်စောင့်ရှောက်မှုကို ပြုလုပ်တဲ့အခါ VIP/ Close Protection နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်လေးတွေ ရှိပါတယ်။

လုပ်ကြံမှု သီအိုရီ

လူတယောက်ကို အခြားလူတယောက်ကဖြစ်စေ၊ လူတစုကဖြစ်စေ သေစေလိုသော ရည်ရွယ်ချက်နဲ့ သတ်ဖြတ်လိုက်တဲ့အခါ ဒါကို သတ်ဖြတ်မှု (murder) လို့ ခေါ်ပါတယ်။ သားကောင်ဟာ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင် တယောက်ဖြစ်နေခဲ့ရင်တော့ ဒါကို လုပ်ကြံမှု (assassination) လို့ ခေါ်ပါတယ်။

ဒီလိုလုပ်ကြံတဲ့အခါမှာ လုပ်ကြံသူတွေအနေနဲ့ ပထမဦးစွာ ပစ်မှတ်ကို ရွေးချယ်သတ်မှတ်ကြပါတယ် (subject selection)။ ပြီးရင် ပစ်မှတ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာပါတယ် (surveillance)။ ပစ်မှတ် သွားလာလေ့ရှိတဲ့ နေရာဒေသတွေရဲ့ ဝန်းကျင်အနေအထားတွေကို သုံးသပ်ပါတယ်။ ပစ်မှတ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပါတယ် (intelligence gathering)။ ဒီအချက်တွေ ရပြီးတဲ့အခါမှာ လုပ်ကြံသတ်ဖြတ်မှု အစီအစဉ်ကို ချမှတ်ပါတယ် (planning)။ ဒါတွေအားလုံးပြီးမှ အမှန်တကယ် လုပ်ကြံမှုကို ပြုလုပ်ပါတယ် (execution)။

ဒီလုပ်ကြံမှုဆိုင်ရာ သီအိုရီသဘောတရားတွေကို နားလည်ပြီးမှ လုပ်ကြံသတ်ဖြတ်ခံရနိုင်တဲ့ risk ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် contra measures တွေကို ချမှတ်အသုံးပြုရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်ရဲ့ လုံခြုံရေးတာဝန်ယူထားသူများဟာ …

(၁) ခေါင်းဆောင်ရဲ့ ဝန်းကျင်အခြေအနေကို သိရပါမယ်။

(၂) ခေါင်းဆောင်ကို အန္တရာယ်ပြုနိုင်မယ့် ရန်သူအခြေအနေကို သိရပါမယ်။

(၃) အန္တရာယ်အဆင့်ကို သိရပါမယ်။ (အသက်အန္တရာယ်၊ ထိခိုက်အနာတရ ဖြစ်စေမှုအန္တရာယ်၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု အန္တရာယ်)

(၄) အန္တရာယ်ပြုနိုင်မယ့် လူ (သို့) အဖွဲ့အစည်းတွေကို ခွဲခြား သတ်မှတ်ရပါမယ်။

(၅) လုပ်ကြံသတ်ဖြတ်မှုပြုလုပ်နိုင်တဲ့ အလားအလာရှိသူများ ခေါင်းဆောင်အနီးကို ရောက်မလာစေဖို့ သတိပြုရပါမယ်။ အလားအလာရှိသူတွေထဲမှာ အထီးကျန်သမားတွေ၊ ပြိုင်ဘက်တွေ၊ စိတ်ဖောက်ပြန်နေသူတွေ၊ အစွန်းရောက်တွေ ပါဝင်ပါတယ်။

ဒီလုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် အရေးပါသော ခေါင်းဆောင်ရဲ့ လုံခြုံရေးကို အနီးကပ် ကာကွယ်စောင့်ရှောက်ပေးရမယ့် close protection အဖွဲ့တခု ဖွဲ့စည်းထားရှိဖို့ လိုပါတယ်။

Close Protection အဖွဲ့

ဒီအဖွဲ့မှာ ယေဘုယျအားဖြင့် အဖွဲ့ငယ် ငါးမျိုးထပ်ခွဲလေ့ရှိပါတယ်။

(၁) personal escort team

(၂) advance team

(၃) ယာဉ်မောင်းအဖွဲ့

(၄) mobile support team

(၅) Command team


(၁) personal escort team

ဒီအဖွဲ့ငယ်ဟာ အရေးပါပုဂ္ဂိုလ်က နေရာ ‘အေ’ ကနေ နေရာ ‘ဘီ’ ကို သွားတဲ့အခါ နေရာ ‘အေ’ ကို ပြန်ရောက်ချိန်အထိ အရေးပါပုဂ္ဂိုလ်မှာ ဘယ်လိုထိခိုက်မှုမှ မရှိအောင် တာဝန်ယူရမယ့် အဖွဲ့ငယ် ဖြစ်ပါတယ်။

ဒီအဖွဲ့ငယ်မှာ အဖွဲ့ခေါင်းဆောင်၊ သက်တော်စောင့်၊ ရှေ့ကနေသွားရမယ့်သူ (point), နောက်မှလိုက်ပါမည့်သူ (tail), ဘယ်တောင်ပံလူ (left flank), ညာတောင်ပံလူ ( right flank) ပါဝင်ပါတယ်။

ဒီအဖွဲ့မှာပါတဲ့ အဖွဲ့ခေါင်းဆောင် (Team Leader) ဟာ တာဝန်အရှိဆုံးလူ ဖြစ်ပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် အရာအားလုံးကို နားရှင်ရှင်၊ မျက်စိရှင်ရှင်နဲ့ သုံးသပ်နိုင်ပြီး၊ လိုအပ်သလို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။ သက်တော်စောင့် (Body Guard) ဟာ အရေးပါပုဂ္ဂိုလ် အနီးမှာ အချိန်ပြည့်ရှိနေရမယ့်သူ ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသမီးခေါင်းဆောင်ဖြစ်ခဲ့ရင် အမျိုးသမီး သက်တော်စောင့် ထားရှိသင့်ပါတယ်။ ပွိုင့်၊ တေးလ်၊ ဘယ်တောင်ပံ၊ ညာတောင်ပံ လူတွေပါ ထပ်ထည့်လိုက်ရင် ခြောက်ယောက် ဖြစ်ပါတယ်။ အရံလူတယောက်ပါ ထပ်ထည့်ပြီး များသောအားဖြင့် ခုနစ်ယောက်ပါတဲ့ အဖွဲ့ငယ်လေးတွေကို ဖွဲ့လေ့ရှိပါတယ်။

(၂) advance team

အရေးပါပုဂ္ဂိုလ် မရောက်ခင်မှာ သူသွားမယ့်နေရာဒေသကို ကြိုတင်ရှင်းလင်းရေးလုပ်တဲ့ အဖွဲ့ငယ် ဖြစ်ပါတယ်။ များသောအားဖြင့် အဖွဲ့ဝင် ခြောက်ယောက်ခန့် ပါဝင်လေ့ရှိပါတယ်။ အရေးပါပုဂ္ဂိုလ်က ဟိုတယ်တခုမှာ ညစာစားပွဲ သွားတဲ့အခါ ဒီအဖွဲ့ငယ်ဟာ ဟိုတယ်ရဲ့ ဝင်ပေါက်ထွက်ပေါက်၊ ဧည့်ကြိုနေရာ၊ လှေကား၊ ဓာတ်လှေကား၊ ဟိုတယ်ဝန်းကျင် စတာတွေမှာ လုံခြုံရေးအခြေအနေ စိတ်ချရမှု ရှိမရှိ ကြိုတင်လေ့လာ ရှင်းလင်းရေးလုပ်ဖို့ ဖြစ်ပါတယ်။

အရေးပါပုဂ္ဂိုလ် ရောက်လာချိန်မှာ ဝန်းကျင်လုံခြုံရေး၊ လူ အဝင်အထွက် အခြေအနေ၊ သတင်းထောက်တွေရဲ့ လှုပ်ရှားမှု စတာတွေကို အကဲခတ်ပြီး၊ personal escort team နဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

(၃) ယာဉ်မောင်းအဖွဲ့

အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းတွေမှာပါဝင်တဲ့ ကားတွေကို မောင်းနှင်သူများ ဖြစ်ပါတယ်။ ယာဉ်အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်သူများ၊ အသောက်အစား ကင်းသူများ ဖြစ်ရပါမယ်။ ယာဉ်တန်းကို တိုက်ခိုက်ခံရတဲ့အခါ အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို အဓိကထားပြီး၊ အန္တရာယ်ကြားကနေ ဆွဲထုတ်ရမယ့် အရေးကြီးဆုံး လူဖြစ်ပါတယ်။

အရေးပါပုဂ္ဂိုလ်မှာ ကားအရေအတွက် များများ သုံးနိုင်ခဲ့ရင် အသွား၊ အပြန်မှာ ရှေ့ကား၊ နောက်ကားတွေ ပြောင်းလဲ စီးသင့်ပါတယ်။ အသွားမှာ ဘယ်ဘက်ထိုင်ရင် အပြန်မှာ ညာဘက်ထိုင်တာမျိုးတွေ လုပ်သင့်ပါတယ်။ ဒီလို လုံခြုံရေးလှည့်စားမှုတွေမှာ ယာဉ်မောင်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ကိုယ့်ကားပေါ်မှာ အရေးပါပုဂ္ဂိုလ် အမှန်တကယ် မပါဘဲ ပါသယောင် မောင်းထွက်ပြီး၊ ရန်သူ့အာရုံကို လှည့်စားရတာတွေလည်း ရှိတတ်တာကြောင့် ယာဉ်မောင်းအဖွဲ့မှာ ပါမယ့်သူများကို စနစ်တကျ ရွေးချယ်ဖွဲ့စည်းရပါမယ်။

(၄) mobile support team

တိုက်ခိုက်ခံရမှုမှာ လက်နက်ပစ္စည်းနဲ့ စက်ကိရိယာ ပံ့ပိုးပေးတဲ့ အဖွဲ့ငယ် ဖြစ်ပါတယ်။ များသောအားဖြင့် အစိုးရအဖွဲ့ဝင်တွေကို ကာကွယ်စောင့်ရှောက်ရေးမှာပဲ အသုံးပြုလေ့ရှိပါတယ်။ ပရိုက်ဗစ်လုံခြုံရေးမှာတော့ အသုံးပြုလေ့ မရှိပါ။

(၅) Operation Commander and administrative team

ဒီအဖွဲ့ငယ်မှာတော့ အနီးကပ်လုံခြုံရေး အဖွဲ့တခုလုံးကို ကွပ်ကဲရတဲ့ ကွယ်ကဲရေးမှူးနဲ့ နည်းပညာအရ၊ လုပ်ထုံးလုပ်နည်းအရ သူ့ကို ပံ့ပိုးပေးရမယ့် အုပ်ချုပ်ရေး လက်ထောက်များ ပါဝင်ပါတယ်။

Close Protection အဖွဲ့ဝင်

အရေးပါတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ လုံခြုံရေးကို အနီးကပ်တာဝန်ယူရတဲ့ လုံခြုံရေးအဖွဲ့ဝင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ အနီးကပ်လုံခြုံရေး အဖွဲ့ဝင်တွေဟာ သူတို့တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်နဲ့အတူ အများပြည်သူအကြားကို ဝင်ထွက်သွားလာရမယ့်သူများ ဖြစ်ပါတယ်။

တနည်းဆိုရင် သူတို့ဟာ အရေးပါ ပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ ဒါကြောင့် ဝတ်စားဆင်ယင်မှု၊ လူအများနဲ့ ဆက်ဆံမှုတွေမှာ သတိရှိဖို့ လိုအပ်ပါတယ်။ သူတို့တတွေဟာ လူအများနဲ့ ဆက်ဆံရေးမှာ ရည်ရည်မွန်မွန် ဆက်ဆံတတ်သူများ ဖြစ်ရပါမယ်။ အရေးပါပုဂ္ဂိုလ်ဟာ လူအများရဲ့ ဝန်းရံမှုကိုခံနေရတဲ့အခါ (သို့မဟုတ်) သတင်းသမားတွေရဲ့ ဓာတ်ပုံဝိုင်းရိုက်နေခြင်းကို ခံရတဲ့အခါ ရှေ့ဆက်သွားဖို့ လမ်းပိတ်နေတယ် ဆိုရင် လူထုကို အေးဆေးစွာနဲ့ဘဲ ဖယ်ရှားခိုင်းဖို့ ကြိုးပမ်းရပါမယ်။ လူထုကို တွန်းထုတ်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားဖို့ လိုပါတယ်။

နိုင်ငံတကာလုံခြုံရေးနဲ့ သံတမန် အသိုင်းအဝိုင်းမှာတော့ close protection အဖွဲ့ဝင်တယောက်မှာ PPSS ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

(၁) P- Personal

close protection အဖွဲ့ဝင်တယောက်ရဲ့ သွင်ပြင်လက္ခဏာဟာ ထက်မြက်တက်ကြွမှု ရှိရပါမယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိရပါမယ်။ အပြုသဘောနဲ့ ရှုမြင်တတ်မှု လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ထိန်းချုပ်နိုင်သူ ဖြစ်ရပါမယ်။ စူးစမ်းလေ့လာတတ်သူဖြစ်ပြီး၊ တာဝန်ယူတတ်သူ ဖြစ်ရပါမယ်။ ဘယ်လောက်ပဲ စိတ်ရှုပ်ထွေးစရာကောင်းတဲ့ အခြေအနေမျိုးမှာမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်းတတ်သူ ဖြစ်ရပါမယ်။

(၂) P- Physical


close protection အဖွဲ့ဝင်တယောက်ဟာ ကျန်းမာသန်စွမ်းသူ ဖြစ်ရပါမယ်။ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ဝတ်စားနေထိုင်တတ်သူ ဖြစ်ရပါမယ်။ သက်တော်စောင့်ဟာ အရေးပါပုဂ္ဂိုလ်နဲ့ အလုံးအရပ်တူသူ ဖြစ်သင့်ပါတယ်။

(၃) S- Social

close protection အဖွဲ့ဝင်တယောက်ဟာ အရေးပါပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ လူအများကြားမှာ သွားလာ လှုပ်ရှားရမယ့်သူ ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေး ဗဟုသုတ ရှိသူဖြစ်သင့်ပါတယ်။ စကားကို ရှင်းရှင်းလင်းလင်း ပြောတတ်ပြီး၊ လူအများနဲ့ ပြေလည်အောင် ဆက်ဆံနေထိုင်တတ်သူတွေ ဖြစ်ရပါမယ်။ အချိန်တိကျပြီး၊ ယုံကြည်စိတ်ချသင့်တဲ့ လူတွေ ဖြစ်ရပါမယ်။ လူအများနဲ့ ဆက်ဆံရာမှာ လမ်းဘေးစကားများ၊ ရိုင်းပျသောစကားများကို အသုံးပြုမှုမှ ရှောင်ကြဉ်ခြင်း၊ အပြုံးနှင့် ဆက်ဆံခြင်း၊ ကျေးဇူးတင်စကားပြောခြင်း စတဲ့ Professional Courtesy ကို ကျင့်သုံးနိုင်သူများ ဖြစ်ရပါမယ်။

အရေးပါတဲ့ ဘယ်ပုဂ္ဂိုလ်က ဘယ်အချိန်မှာ အစည်းအဝေးတက်ရမှာလို့ ရှေ့ကနေ လမ်းဖယ်ပေးပါဆိုတာထက် လမ်းဖယ်ပေးလို့ ရနိုင်မလား ခင်ဗျာ ဆိုတဲ့ စကားလုံးက လူအများနဲ့ ဆက်ဆံရေးကို ပိုကောင်းမွန်စေတတ်ပါတယ်။

(၄) S- Skills

ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများအား ခွဲခြားသိမြင်နိုင်မှု၊ လုပ်ကြံသတ်ဖြတ်မှု ဖြစ်စေနိုင်သည့် အခြေအနေများကို သိမြင်နိုင်မှု၊ အချိန်အခါနှင့် အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားတတ်မှု၊ ရှေးဦးသူနာ ပြူစုမှု၊ လိုအပ်ပါက အသုံးပြုနိုင်ရန် ကိုယ်လုံပညာများ တတ်ကျွမ်းမှု စတာတွေ ဖြစ်ပါတယ်။

နိဂုံး

ယခုဆောင်းပါးမှာ အရေးပါသော ပုဂ္ဂိုလ်များအား လုပ်ကြံသတ်ဖြတ်ခံရမှုမှ ကာကွယ်စောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်း၍ အဖွဲ့ဝင်များကို တိကျသော တာဝန်ပေးအပ်မှုများ လိုအပ်ကြောင်းနှင့် အဖွဲ့ဝင်များတွင် ရှိသင့်သည့် အရည်အချင်း လိုအပ်ချက်များကို ဖော်ပြထားခြင်း ဖြစ်ပါသည်။

VIP/ Close Protection နဲ့ပတ်သက်ပြီး အခြားသိသင့်သိထိုက်တဲ့ venue protection၊ foot protection၊ motorcades protection လမ်းကြောင်းတွင် တိုက်ခိုက်ခံရပါက လုပ်ဆောင်ရမည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် အန္တရာယ် အငွေ့အသက်များ စသည်တို့ကို သီးခြားဆောင်းပါးများဖြင့် ရေးသားဖော်ပြပါမည်။

ခင်မမမျိုး
(၃၊ ၁၂၊ ၂၀၁၀)

စနစ်တကျ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပါ (လူထုစိန်ဝင်း)

ကွယ်လွန်သူ စာရေးဆရာ ကဗျာဆရာများအကြောင်း လွမ်းစာတွေရေးကြတဲ့အခါမှာ အရက်ဆိုင်ထဲ အရက်သောက်ရင်း ပြောကြဆိုကြတာတွေ အရေးများနေတဲ့အကြောင်း မကြာမီက ရေးလိုက်ပါတယ်။

စုတုပြု

ကွယ်လွန်သူတွေရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေရုံသာမက စာကဗျာဝါသနာပါတဲ့ လူငယ်လေးတွေ အတုယူမှားဖွယ် ဖြစ်စေတာကြောင့် ရေးလိုက်တာပါ။ လူ့ဦးနှောက်ဆိုတာ 'စုတုပြု' ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဖြည်းဖြည်းချင်းနှင့် တဆင့်ပြီး တဆင့် ဖွံ့ဖြိုးလာတာ ဖြစ်တယ်။ ရှေ့ကပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို နောက်လူတွေက အတုယူကြတယ်ဆိုတာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်ကိစ္စ ဖြစ်တယ်။

ကျွန်တော်တို့ခေတ်က စာပေသမားမှန်ရင် လက်ဖက်ရည်ကျကျကို တနေ့ ကိုးခွက်၊ ၁၀ ခွက် သောက်လေ့ရှိတယ်။ အများစုက ဆရာဗန်းမော်တင်အောင်ရဲ့ ဇာတ်လိုက်တွေကို အားကျအတုယူခဲ့ကြတာ ဖြစ်တယ်။ တချို့ကျတော့ သူတို့ကြိုက်တဲ့ စာရေးဆရာတွေ ထိုင်တယ်ဆိုတဲ့ 'တာဝှာ'ဘား တို့ 'ကျုံဝှာ'ဘား တို့မှာ သွားထိုင်ကြတယ်။ နောက်ပိုင်းလူငယ်တွေကျတော့ ကဗျာဆရာတွေ အထိုင်များတယ်ဆိုတဲ့ ရေကျော်နဲ့ ၄၂ လမ်းက အရက်ဆိုင်တွေမှာ ကြက်ရိုးသုပ်နဲ့ ပျော်ကြတယ်။

သစ္စာရှိပြီး မေတ္တာကြီးမား

တချို့စာရေးဆရာ ကဗျာဆရာတွေ အရက်ကြိုက်လို့ သောက်ကြတယ်။ တချိန်တည်းမှာ သူတို့ဟာ စာရေးဆရာကောင်း၊ ကဗျာဆရာကောင်းတွေ ဖြစ်ကြတယ်။ စားဝတ်နေရေး ပြည့်စုံအောင် တာဝန်မယူနိုင်ပေမယ့် အများစုဟာ သစ္စာရှိပြီး မေတ္တာကြီးမားတဲ့ လင်ယောက်ျားနဲ့ ဖခင်တွေ ဖြစ်ကြတယ်။

သူတို့သားသမီးတွေရဲ့ စိတ်ထဲမှာ သူတို့အဖေဟာ အရက်သမားကြီးပါလားဆိုတဲ့ အရိပ်မည်းကြီး လွှမ်းမိုးနေအောင် မလုပ်သင့်ကြပါဘူး။ သူတို့အဖေများဟာ ဘယ်လောက် ကောင်းတဲ့စာတွေ၊ ကဗျာတွေ ရေးခဲ့ကြသူတွေဖြစ်တယ်ဆိုတဲ့ ဂုဏ်ယူစိတ်နဲ့ ကြီးပြင်းလာစေသင့်ပါတယ်။ သိမ်ငယ်စိတ်နဲ့ ကြီးပြင်းလာရတဲ့ ကလေးများဟာ တသက်လုံး ကြောက်စိတ်ကြီးမားနေတတ်ပြီး လူတောမတိုး ဖြစ်သွားတတ်ပါတယ်။

လွမ်းစာ အရေးကောင်းသူ

အမေ လူထုဒေါ်အမာဟာ ကွယ်လွန်သူများရဲ့ အကြောင်းရေးတဲ့နေရာမှာ အင်မတန် ကောင်းလှတယ်လို့ အမေ့ ဆရာတွေဖြစ်ခဲ့တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ကိုယ်တိုင် မှတ်ချက်ချခဲ့ကြပါတယ်။ ဒါတောင်မှ တချို့က ကွယ်လွန်သူများရဲ့ ဘဝအစိတ်အပိုင်းတချို့ကို ချန်လှပ်ရေးသားမှုနဲ့ပတ်သက်ပြီး သဘောမတူနိုင်ခဲ့ကြဘူး။ ဘယ်သူက အရက်သမားဖြစ်ပြီး ဘယ်သူက ဘိန်းစွဲသူဖြစ်တယ်။ ဘယ်သူက မိန်းမ ဘယ်နှယောက်ယူပြီး၊ ဘယ်သူက ယောက်ျား ဘယ်နှယောက်နဲ့ ညားခဲ့တယ် ဆိုတာမျိုးတွေကိုပါ အမှန်အတိုင်း ထည့်ရေးသင့်တယ်လို့ ဆိုသူက ဆိုခဲ့ကြတယ်။

အမေ လူထုဒေါ်အမာကတော့ ပြည်သူချစ်သော အနုပညာရှင်တွေရဲ့ အနုပညာအစွမ်းထက်ပုံနဲ့ ကြိုးစားအားထုတ်ပုံတွေ အကြောင်းရေးမှ နှောင်းလူတွေအတွက် အကျိုးရှိစေတယ်။ ဘယ်သူ ဘယ်လောက် အရက်သောက်ပြီး ဘယ်လောက် ဖဲကစားကြောင်း၊ မိန်းမ ဘယ်နှယောက်ယူကြောင်း ဇွတ်တွေရေးလို့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ပြောလေ့ ရှိပါတယ်။

လူထုကျောင်းထွက်

စာရေးဆရာတိုင်းဟာ ကိုယ့်ခံယူချက်နဲ့ကိုယ် ရေးကြတာ ဖြစ်တယ်။ အမေမာကတော့ သူ့ခံယူချက်အတိုင်း ပြည်သူချစ်သော အနုပညာသည်များအကြောင်း ရေးခဲ့တယ်။ သူ့ဆရာတွေက ချီးကျူးစကားဆိုခဲ့သလို စာဖတ်ပရိသတ်များကလည်း နှစ်သက်ကြတယ်။ ကိုယ်တိုင်ကလည်း 'လူထု ကျောင်းထွက်' ဖြစ်တာကြောင့် အနုပညာသမားတွေအကြောင်း လွမ်းစာရေးကြတဲ့အခါမှာ သူတို့ရဲ့အနုပညာတွေအကြောင်းပဲ မီးမောင်းထိုးပြသင့်တယ်လို့ ယူဆသူ ဖြစ်တယ်။

သီချင်းတပုဒ်အကြောင်းရေးတဲ့အခါမှာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီသီချင်းရေးဖြစ်တဲ့အကြောင်း၊ သီချင်းရဲ့ သံစဉ်တွေကို ဘယ်လိုရှာတဲ့အကြောင်း၊ စာသားနဲ့ စကားလုံးတွေရအောင် ဘယ်နည်း ဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတဲ့အကြောင်း စတာမျိုးတွေက ဘယ်အချိန်မှာ ဘယ်သူနဲ့ ဘယ်လိုအရက်မျိုးသောက်ပြီး ရေးတယ် ဆိုတာမျိုးတွေထက် ပိုပြီး တန်ဖိုးရှိတယ်လို့ ယူဆတယ်။

ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်တာ မကောင်း

ဘယ်နေရာမှာဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးကို သိပ်ပြီးရှေ့တန်းတင်တာ မကောင်းဘူး ထင်တယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုကို ဦးတည်ရောက်ရှိသွားစေနိုင်တယ်။ အာဏာရှင်စနစ်ဆိုတာ ပုဂ္ဂိုလ်ကိုးကွယ်မှုလွန်ကဲရာက ပေါ်ပေါက်လာတာ ဖြစ်တယ်။ မြို့မငြိမ်း အကြောင်း ရေးမယ်ဆိုရင် မြို့မငြိမ်းရဲ့ အနုပညာအတိမ်အနက်ကို စနစ်တကျ လေ့လာ သုတေသနပြုပြီး သီချင်းတပုဒ်ချင်းစီရဲ့ သံစဉ်တွေဟာ ဘယ်လိုသံစဉ်တွေဖြစ်ပြီး ဘယ်လို ရှာယူခဲ့ရကြောင်း၊ စာသားတွေကိုလည်း ဘယ်လို ရှာခဲ့ကြောင်း ခွဲခြမ်းစိတ်ဖြာ ရေးပြမယ်ဆိုရင် နောင်လာနောက်သား ဂီတဝါသနာရှင်တွေအတွက် အများကြီး အကျိုးရှိစေနိုင်ပါလိမ့်မယ်။

မြို့မငြိမ်းရဲ့ ပုံရိပ်

မြို့မငြိမ်းအကြောင်း ရေးတဲ့စာတွေ အများကြီး ဖတ်ခဲ့ဖူးတယ်။ မြို့မငြိမ်းရဲ့ သားတွေကိုယ်တိုင်ရေးတဲ့ စာတွေလည်း ဖတ်ခဲ့တယ်။ မှန်တာပြောရရင် ဒီနေ့ထိ အားရကျေနပ်လောက်တဲ့ စာမျိုးမတွေ့သေးဘူးလို့ပဲ ပြောချင်တယ်။ စာတွေထဲမှာ ဖတ်ရတဲ့ မြို့မငြိမ်းက သေးနေ ငယ်နေတယ်။ အားလုံးရဲ့အရေးအသားတွေက မြို့မငြိမ်းရဲ့ စကားလုံးနဲ့ စာသားတွေ ဘယ်လောက်နူးညံ့လှပပြီး ဘယ်လောက် ကဗျာဆန်ကြောင်း၊ မြို့မငြိမ်း သီချင်းအရေး ဘယ်လောက်ကောင်းကြောင်း ညွှန်းဖွဲ့တာတွေပဲ များတယ်။

အားလုံးခြုံ နိဂုံးချုပ်လိုက်တော့ မြို့မငြိမ်းဆိုတာ စာသားနဲ့ စကားလုံးလှလှလေးတွေ ရွေးချယ် သီကုံးတတ်တဲ့ သီချင်းရေးဆရာတယောက်ဖြစ်တယ် ဆိုတဲ့ပုံရိပ်ပဲ ပေါ်လွင်ထင်ရှားလာခဲ့တယ်။

အဆပေါင်းများစွာမြင့်တဲ့

သီချင်းအရေးကောင်းတဲ့ သီချင်းရေးဆရာဆိုတဲ့ ပုံရိပ်ဟာ မြို့မငြိမ်းကို ဂုဏ်ပြုရာမရောက်ဘဲ သေးသိမ်အောင် နှိမ့်ချပြောဆိုလိုက်တာလို့ ခံစားရတယ်။ တကယ်တော့ မြို့မငြိမ်းဟာ သာမန်စကားလုံးလှလှလေးတွေ ရေးတတ်တဲ့ သီချင်းရေးဆရာ သက်သက်ထက် အဆပေါင်းများစွာ မြင့်မားတဲ့ ဂီတပညာရှင်ကြီးတယောက် ဖြစ်တယ်လို့ ဆိုချင်တယ်။ စိန်ဗေဒါကြီးဟာ သာမန် ဆိုင်းဆရာတယောက်မဟုတ်တဲ့ ဂီတအနုပညာရှင်ကြီးတယောက် ဖြစ်သလို ဆရာငြိမ်းဟာလည်း သာမန် သီချင်းရေးဆရာတယောက်မျှသာ မဟုတ်ပါဘူး။ ဂီတ အနုပညာရှင်ကြီးတယောက်ပါ။

သရီးဒီ သံစဉ်တွေ

မြို့မငြိမ်းရေးခဲ့တဲ့ သီချင်းတိုင်းလိုလိုမှာ စကားလုံး စာသားအလှတင်မက တေးသွားသံစဉ်တွေပါ ရောင်စုံဖြာယှက်ပြီး လှနေတယ်၊ ကြွနေတယ်၊ ခေတ်စကားနဲ့ပြောရရင် သရီးဒီသံစဉ်တွေလို့ ပြောနိုင်တဲ့ သီချင်းတွေ အများကြီး တွေ့နိုင်တယ်။ အတော်များများဟာ ရှေးရိုးမြန်မာသံစဉ်မျိုးတွေနဲ့ မတူကွဲပြားခြားနားနေတာကိုလည်း ဂီတနားရှိသူတိုင်း သိနိုင်ကြတယ်။

တချို့သီချင်းတွေမှာ ဘီသိုဗင်ရဲ့သံစဉ်နဲ့ ဆင်နေတာတွေ တွေ့ရသလို တချို့သီချင်းကြတော့ မိုးဇက်ရဲ့ တီးလုံးလိုလို ထင်ရတာမျိုးတွေ တွေ့နိုင်တယ်။ ဆရာငြိမ်းဟာ မြန်မာ့ဂီတကို ကမ္ဘာ့အဆင့်ထိရောက်အောင် ဆွဲတင်ဖို့ ကြိုးစားနေသူ ဖြစ်တယ်။ သာမန် သီချင်းရေးဆရာတယောက် သက်သက်မဟုတ်ဘူး။ ဂီတဗေဒပညာရှင် (Musicologist) ဖြစ်တယ်။

မဏ္ဍပ်တိုင် တက်ပြကြတာ

စိန်ဗေဒါကိုသွားပြီး ဆိုင်းတီးကောင်းတယ်လို့ပြောလိုက်တာဟာ ချီးကျူးရာ မရောက်ဘဲ စော်ကားသလို ဖြစ်စေတယ်ဆိုတာ သိဖို့ ကောင်းတယ်။ စာရေးသူအတော်များများက သူတို့ရေးတဲ့ ပုဂ္ဂိုလ်အကြောင်း ရေးချင်တာထက် သူတို့အကြောင်း မဏ္ဍပ်တိုင်တက်ပြချင်ကြတာ များကြတယ်။

အဲဒီအကြောင်းကို 'ဆင်ဖြူတော်မှီ ကြံစုပ်တဲ့စာတွေ' ဆိုတဲ့ခေါင်းစဉ်နဲ့ မဂ္ဂဇင်းတစောင်မှာ ရေးခဲ့ဖူးသေးတယ်။ ဆင်ဖြူတော်မှီ ကြံစုပ်တာလည်း လူ့သဘာဝ၊ မဏ္ဍပ်တိုင်တက်ပြချင်တာလည်း လူ့သဘာဝမို့ အပြစ်မပြောချင်ပါဘူ့း။ ဒါပေမယ့် အရေးခံပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းထိခိုက်စေတာမျိုး မဖြစ်အောင်တော့ ဂရုစိုက်သင့်ကြတယ်။

လူကို စိတ်မဝင်စားပါနဲ့

လူငယ်တွေကို အထူးသဖြင့် ပြောချင်တာက လူပုဂ္ဂိုလ်ကို စိတ်ဝင်စားတာထက် သူတို့ရဲ့လုပ်ရပ်တွေကို ပိုပြီး စိတ်ဝင်စားလေ့လာပါဆိုတာ ဖြစ်တယ်။ မောင်ချောနွယ်တို့၊ မောင်လေးမောင်တို့ အရက်သောက်တဲ့စာတွေသာ ဖတ်နေရပြီး သူတို့ရေးခဲ့တဲ့ ကဗျာတွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်ပြတဲ့စာမျိုးတွေတော့ အတွေ့ရ အင်မတန် နည်းပါတယ်။ မောင်ချောနွယ်တို့၊ မောင်လေးမောင်တို့ဟာ သာမန် ကဗျာဆရာဆိုတဲ့အဆင့်ကို လွန်မြောက်ခဲ့သူတွေပါ။ သေးသိမ်အောင် မလုပ်ကြစေချင်ဘူး။

http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


Wednesday, December 1, 2010

အငတ်စာ (နိဂုံးပိုင်း)

“အကြောင်းတွေ အများကြီး ရှိမှာပါ … ဒါပေမယ့် ငတ်တာလည်း အကြောင်းတခုပဲ အဘရဲ့။ သမီးလည်း မျောက်ကလေးတွေကို သနားတယ် … ဒါ့ထက်များများ ကျွေးချင်တယ်။ မျောက်စာထဲမှာ ဒါ့ထက်များများ ပိုထည့်နိုင်ရင် ကောင်းမှာပဲလို့ ထင်တယ်။ ဒါပေမယ့် သမီးက မျောက်စာထုပ်တောင် ကိုယ့်ဖာသာ ထုပ်နိုင်တဲ့သူ မဟုတ်ဘူး။ သူများ ထုပ်ပေးတဲ့ အထုပ်တွေကိုယူပြီး ပြန်ရောင်းစားရတဲ့ဘဝပါ။

ကိုယ့်ဖာသာ မျောက်စာထုပ်နိုင်အောင် သမီး မြေပဲ များများ ဝယ်မထားနိုင်ဘူး။ ပြောင်းဖူးစေ့များများ ပဲများများ ဝယ်မထားနိုင်ဘူး။ နောက်ပြီး မျောက်ကလေးတွေကမှ မြေပဲ စားရသေးတယ် … သမီး မြေပဲမစားရတာ ကြာလှပြီ အဘရယ် … ဈေးနှုန်းတွေ ဘယ်လောက်တက်နေတယ် ဆိုတာ အဘတို့အသိ … လူတွေ ဘယ်လောက်ကျပ်တည်းတည်းတယ်ဆိုတာ အဘတို့အသိ … ကျပ်တည်းတဲ့ဘဝမှာ သမီးဆို အလယ်တန်းအောင်ပြီး စာတော်လျက်နဲ့ ကျောင်းကထွက်ပြီး မျောက်စာ ရောင်းနေရတယ်”

မိန်းကလေးက ခဏနားပြီးမှ ဆက်ပြောပါသည်။

“တချို့ မျောက်စာ ကိုယ့်ဖာသာ ထုပ်ရောင်းသူလည်း ရှိတယ် … တချို့လည်း သမီးလိုပဲ သူများဆီက ယူရောင်း၊ ရောင်းပြီးမှ ငွေပြန်သွင်းရတယ်။ မျောက်စာထုပ်တန်ဖိုးထဲမှာ မျောက်စာအတွက်လည်းပါ … မျောက်စာအတွက် ရင်းနှီးပြီး အထုပ်ထုပ်တဲ့သူတွေရဲ့အမြတ်လည်း ပါ … မျောက်စာထုပ်တဲ့သူတွေကလည်း သူတို့မြေပဲတွေ ပြောင်းဖူးစေ့တွေ အခြောက် လှမ်းထားတုန်း မျောက်တွေ အတင်းဝင်လုစားကြလို့ ဘယ်လောက်တောင် ပါသွားတယ်၊ ကုန်ဈေးနှုန်းတွေက ဘယ်လောက်တောင် ကြီးနေတယ်ဆိုပြီး အဘတို့ကို ငိုမပြရင် ကံကောင်း …

သမီးတို့လို အရောင်းသမတွေကတော့ တချို့လည်း ဒီတောင် ကလပ်ရွာက … တချို့က ပုပ္ပားရွာမကြီးက … အဲဒီကနေ တောင်ကလပ်အထိ အထုပ်အထမ်းတွေနဲ့ မိနစ်လေးဆယ်၊ တနာရီလောက် လမ်းလျှောက်လာ … ဒီမှာလည်း တနေကုန် တမတ်တတ်တတ် အာကွဲမတတ် တစာစာနဲ့ ဈေးခေါ်ရ … ဒီမျောက်စာထုပ်ရဲ့ တန်ဖိုးထဲမှာ သမီးတို့ရဲ့လုပ်အားခလူစာလည်း ပါရမှာပေါ့ … ဒါလေးရမှ သမီးတို့ မငတ်မှာ … မဟုတ်ဘူးလား အဘရယ်”

သူ့အမေးကို မဖြေနိုင်ရုံမက သူ့မျက်နှာကို မကြည့်ရဲအောင် အားနာနေမိသည်။

“မျောက်ကလေးတွေ အသက်မသေအောင် ကျွေးမွေးလှူဒါန်းနိုင်သူ ရှားပါးလာတာ လူတွေရဲ့သဒ္ဓါတရား နည်းပါး သွားကြလို့လား၊ သမီးတော့ စဉ်းစားကြည့်မိတယ် … လူတွေ တိုးတိုးပြီး ငတ်လာကြသလားလို့ … သမီးပတ်ဝန်းကျင်က အခြေအနေတွေကြည့်ပြီး ဒီလို စဉ်းစားမိတာပါ … မိုးကလည်း ခေါင်တယ်၊ ခွေးကလည်း ဟောင်တယ်၊ မြက်တွေ ပိုပိုပြီး ခြောက်လာတယ်၊ နွားတွေ ပိုပိုပြီး ငတ်လာတယ် …

လူတွေကကော … တောင်ကလပ်မှာသာ အဆောက်အဦသစ်တွေ တိုးလာတာပါ … သမီးတို့ အခြေအနေမှန်ကို သိချင်ရင် သမီးတို့ရွာ မီးတို့အိမ်ကို လာကြည့်မှသိမယ် … စကားဝါပန်း တက်ချိုးရင်း သစ်ပင်ပေါ်က ပြုတ်ကျသေသူတွေ … အငတ်ဒဏ်မခံနိုင်လို့ လွင့်သွားရသူတွေ … ကိုယ့်ကိုယ်ကို သတ်သေသွားသူတွေ …”

မိန်းကလေးက သက်ပြင်းတချက်ချလိုက်သည်။ ကျွန်တော်က မိန်းကလေးကိုကြည့်ရင်း ဒါလောက် ရင်ဖွင့်စကားတွေ ပြောတတ်အောင် သင်ပေးလိုက်သည့် သူ့ဘဝအကြောင်းကို တွေးနေမိသည်။

“သမီးပြောချင်တာကတော့ မျောက်တွေလည်း ငတ်နေတယ် … သမီးတို့လိုလူတွေလည်း ငတ်နေတယ် … အဘတို့ ဝယ်လိုက်တဲ့ မျောက်စာထုပ်တန်ဖိုးထဲမှာ မျောက်စာအတွက်လည်း ပါတယ် … လူစာအတွက်လည်း ပါတယ် …

အဘတို့ အလှူဒါနဟာ မျောက်စာအတွက်လည်း ကုသိုလ်ရသလို လူစာအတွက်လည်းကုသိုလ်ရပါတယ် … ကိုယ်တတ်စွမ်းသမျှ အငတ်ဘေးကျနေသူတွေအတွက် အလှူဒါနပြုလိုက်ရတယ်လို့ပဲ သဘောထားလိုက်ပါ အဘရယ်” တဲ့။

ဦးဖြူမင်းလည်း ဘာမှ မပြောနိုင်ဘဲ ငေးငိုင်နေပါသည်။ ကျွန်တော်လည်း ထို့အတူ။ တောင်ခြေမှာလည်း မြူမင်များ ဆိုင်းလာသည်ဟု ထင်လိုက်မိပါသည်။

သရုပ်ဖော် - အောင်ထက်

အရေးတော်ပုံ ဂျာနယ် အတွဲ ၁၊ အမှတ် ၁ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

ကာလဝိပါက် နောက်ပိုးတက် (ကာတွန်း စောငို)