Saturday, May 8, 2010

NLD ရဲ့ ၂၂ နှစ်တာ နိုင်ငံရေးခရီး

မေလ ၆ ရက်နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်တဲ့အတွက် တရားဝင်ရပ်တည်ခွင့် ကုန်ဆုံးတော့မယ့် နောက်ဆုံးနေ့ ဖြစ်ပါတယ်။

၁၉၈၈ ခု စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ NLD ၂၂ နှစ်တာ ဖြတ်သန်းလျှောက်လှမ်းခဲ့တဲ့ နိုင်ငံရေးခရီးလမ်းကြောင်းမှာ ဘယ်လို အချိုးအကွေ့၊ အနိမ့်အမြင့်တွေကို ကြုံတွေဖြတ်သန်းခဲ့ရပါသလဲ။

၁၉၉၀ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပုံ၊ ပါတီခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြိမ်ကြိမ် အချုပ်အနှောင်ခံရပုံ၊ ပါတီရုံးတွေပိတ်ခံခဲ့ရပုံ၊ ဒီကြားထဲကပဲ ကြံ့ကြံ့ခံရင်း နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းလာခဲ့ပုံနဲ့ အခုနောက်ဆုံး ပါတီရပ်တည်ခွင့်ကို စတေးပြီး ရွေးကောက်ပွဲမဝင်ဖို့၊ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်တဲ့အခြေအနေအထိ ရောက်လာပုံတွေအကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ရွေးကောက်ခံကိုယ်စားလှယ်တွေ ပြန်ပြောပြချက်တွေကို ဦးမင်းထက်က တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ရရှိရေး … (တို့အရေး၊ တို့အရေး)
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး (တို့အရေး၊ တို့အရေး)

ပါတီစုံစနစ် ရရှိရေး (တို့အရေး၊ တို့အရေး)


၁၉၈၈ ခုနှစ် သြဂုတ်လထဲမှာ တနိုင်ငံလုံး ဒီမိုကရေစီရေး အုံကြွတောင်းဆိုမှုတွေ ဖြစ်လာခဲ့တော့ ဒီတိုက်ပွဲတွေကြားကပဲ ခေါင်းဆောင်တွေလည်း ပေါ်လာပါတယ်။

“ဒီအရေးအခင်းဟာ တတိုင်းတပြည်လုံးနဲ့ဆိုင်တဲ့ အရေးအခင်းဖြစ်နေပါတယ်”

ဒီအထဲမှာ အထင်ရှားဆုံးဖြစ်လာသူတဦးကတော့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ပါ။

“ဒီအရေးအခင်းကြီးဟာ တကယ်တော့ ဒုတိယ လွတ်လပ်ရေးလူထုတိုက်ပွဲကြီးလို့ဆိုရင်လည်း ဖြစ်ပါတယ်”

တပါတီအာဏာရှင်စနစ်ရဲ့ ၂၆ နှစ်တာ ဖိနှိပ်အုပ်ချုပ်မှုတွေကြားမှာ ဆိတ်သုဉ်းခဲ့တဲ့ ဒီမိုကရေစီကို ပြန်ရချင်သူတွေ၊ အာဏာရှင်ကို ဆန့်ကျင်ချင်စိတ်ရှိသူ ခေါင်းဆောင်တွေ ဒီတိုက်ပွဲမှာ စုဝေးမိခဲ့ကြပါတယ်လို့ NLD ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက အခုလိုဆိုပါတယ်။

“မျိုးချစ်ကနေ ကျနော်တို့ကနေ လှုပ်ရှားတယ်ပေါ့ဗျာ၊ လှုပ်ရှားရင်းနဲ့ ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကလည်းပဲ ဦးဝင်းတင်တို့၊ တတ်သိပညာရှင်အပိုင်းကပုဂ္ဂိုလ်တွေတို့ အဲဒီအုပ်စုတစုက ဒေါ်အောင်ဆန်းစုကြည်အိမ်မှာလည်း စုစည်းတယ်ဗျ၊ အုပ်စုတစုကလည်း ဘယ်မှာလဲဆိုတော့ ဦးအောင်ကြီးအိမ်မှာလည်း သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ စုစည်းတာပေါ့ဗျာ၊ အဲတော့ ၃ ဖွဲ့ဖြစ်နေတယ်။ အဲဒီ ၃ ဖွဲ့ ဖြစ်နေတာကို ပေါင်းမှဖြစ်မယ်ဆိုပြီးတော့ ကျနော်တို့ ညှိနှိုင်းပြီး ပေါင်းလိုက်ကြတယ်။ ပေါင်းလိုက်တဲ့ အဖွဲ့ကိုတော့ ခင်ဗျားတို့ ကင်ပွန်းတပ်တာကတော့ အောင်၊ စု၊ တင် ဆိုပြီးတော့ အောင်စုတင်ပေါ့ဗျာ”

ဦးတင်ဦး (ဓာတ်ပုံ - daylife.com)

ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးတို့ရဲ့ အောင်၊ စု၊ တင် အဖွဲ့ဟာ NLD ရဲ့သန္ဓေအဖွဲ့လည်းဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းပြီး ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ကြေညာတော့ တော်လှန်ရေးကို ပါတီပုံသဏ္ဍာန်နဲ့ ဆက်လှုပ်ရှားသွားဖို့ ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မွေးဖွားခဲ့တာပါ။


“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်လာတာဟာ ၈၈ ကျောင်းသားများရဲ့လှုပ်ရှားမှုကြောင့် ပေါ်လာတာဖြစ်တဲ့အတွက် ကျောင်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အလံတော်မှာ အခုမြင်တဲ့အတိုင်း ခွပ်ဒေါင်းကို ထည့်လိုက်တာပေါ့၊ တော်လှန်ရေးဆိုတဲ့ အလင်းရောင်တခုအနေနဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး အဲဒီဟာတွေအတွက် မီးရှူးတန်ဆောင်အဖြစ် ကြယ်ပေါ့၊ ကျောင်းသားတွေရဲ့ကျေးဇူးကို အဓိကထားပြီးတော့ အလံတော်ကို ကျနော်တို့က ယူလိုက်တယ်”

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးပါ။ NLD ဟာ ဖွဲ့ပြီးစမှာပဲ ခေါင်းဆောင်တွေထဲမှာ အက်ကြောင်းကြီး ထင်ခဲ့ရပါတယ်။ ဥက္ကဋ္ဌတာဝန်ယူတဲ့ ဦးအောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတ်သိပညာရှင်များအဖွဲ့မှာ ပါဝင်သူတွေကို ကွန်မြူနစ်တွေပါလို့စွပ်စွဲပြီး ထုတ်ပယ်ရာကနေ ပါတီအတွင်းမဲခွဲတော့ ဦးအောင်ကြီးရှုံးပြီး သူပဲ ထွက်သွားခဲ့ရပါတယ်။ ပါတီစည်းရုံးရေးကာလမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ဟာ တိုင်းပြည်တနံတလျား သွားလေရာမှာ လူထုထောက်ခံမှု အများဆုံးဖြစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် … ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဒေါ်အောင်ဆန်းစုကြည် … ကျန်းမာပါစေ၊ ချမ်းသာပါစေ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူကြိုက်များမှုကို ရွံ့ကြောက်လာတဲ့ အာဏာပိုင်တွေက ပါတီဖွဲ့လို့ ၁၀ ပဲအကြာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဋ္ဌ ဦးတင်ဦးတို့ကို နေအိမ်အကျယ်ချုပ်ချထားလိုက်ပါတယ်။ ဒါပေမယ့် NLD ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာရှိနေတယ်ဆိုတာ နားလည်တဲ့လူထုကြီးအတွက် ပါတီဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စရာမလိုအောင် စည်းရုံးရေးအားကောင်းခဲ့ပါတယ်လို့ NLD သထုံမြို့နယ်က ရွေးကောက်ခံ ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက အဲဒီတုန်းက အတွေ့အကြုံကို အခုလိုပြောပြပါတယ်။


ဦးခွန်မြင့်ထွန်း (ဓာတ်ပုံ - daylife.com)

“အဲဒီတုန်းကဆိုရင် ကျနော်တို့ သွားလေရာတွေမှာ ကျနော်တို့ကိုပြောတဲ့စကားရှိတယ်၊ နင်တို့က ငါတို့ကို စည်းရုံးစရာ မလိုတော့ဘူးတဲ့၊ ငါတို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီးသား၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတာ ငါတို့က လက်ခံထားပြီးသား၊ နင်တို့က ငါတို့ကို ထပ်ပြီး စည်းရုံးစရာမလိုတော့ဘူးတဲ့”

ဆက်လက်ဖော်ပြပါမယ်။


Friday, May 7, 2010

မြန်မာ့နည်း မြန်မာ့ဟန် ဝန်ကြီးချုပ် (ကာတွန်း စောငို)

ဦးဖြိုးမင်းသိန်း နှင့် ဘီဘီစီ ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် ခေါင်းဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပေါ် ရွေးကောက်ပွဲဝင်ဖို့ ပါတီတည်ထောင်ခွင့်ရထားတဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီက ပထမဆုံးအကြိမ် ကြေညာချက်တရပ်ထုတ်ပြန်ပြီး စတင် ဝေဖန်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကို ဘန်ကောက် ဝိုင်းတော်သား ဦးကိုကိုအောင်က ဆက်သွယ်ပြီး မေးမြန်းထားပါတယ်။

ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ကြေညာချက်မှာပြောတာက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ အာဏာရပါတီလို ဖြစ်နေပြီးတော့ နိုင်ငံပိုင်ငွေကြေးတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ရယူသုံးစွဲခြင်းရှိမရှိဆိုတာ သံသယဖြစ်စရာရှိနေတယ် ဆိုတဲ့အကြောင်းနဲ့ နအဖ အနေနဲ့က သမာသမတ် ကြားနေပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအစား ကြားဖြတ်အစိုးရတခုခုကို ဖွဲ့စည်းပြီး တာဝန်ပေးသင့်တယ်လို့ ဆိုထားတာပါ။

သဘောကတော့ ဝန်ကြီးချုပ် ဦးသိန်းစိန်အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက် ဆိုလို့ရှိရင် တပ်မတော်က နှုတ်ထွက်လိုက်သလို အစိုးရအဖွဲ့ကပါနှုတ်ထွက်ဖို့ ဆိုလိုတာလားလို့ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကို ကျနော်က မေးကြည့်တော့ သူက အခုလိုပြောပါတယ်။

“ဟုတ်ပါတယ်။ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုကြားမှာ အရွေးချယ်ခံမယ် ဆိုတာ ကောင်းတဲ့လက္ခဏာပါ။ နိုင်ငံတကာမှာလည်း ဒီလိုဟာမျိုးတွေ ရှိဖူးပါတယ်။ ဒါပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးက အမျိုးသားရေး အသင်းအဖွဲ့ပုံစံနဲ့ ထူထောင်တဲ့အတွက် ဝန်ထမ်းတွေပါတယ်၊ နိုင်ငံတော်ပိုင် ငွေကြေးတွေ သုံးစွဲမှုတွေရှိမယ်၊ အဲဒီ အခြေအနေတွေကိုတော့ သူတို့ ရွေးကောက်ပွဲဥပဒေအရ လိုက်နာသင့်ပါတယ်။

တဖက်မှာရှိတာကတော့ ဗိုလ်ချုပ်ကြီး သိန်းစိန်ဦးဆောင်တဲ့ပါတီက အာဏာရပါတီလို ဆောင်ရွက်လို့မရပါဘူး။ သူကလည်း နိုင်ငံရေးပါတီတခုလိုရပ်တည်ပြီး ရွေးကောက်ပွဲကိုဖြတ်သန်းဖို့ လိုပါတယ်။ အဲဒီအတွက် တကယ်လို့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဦးသိန်းစိန်အဖြစ် ပါတီကို ဆက်လက်ဦးဆောင်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ကြားနေပြီး သမာသမတ်ကျမယ့် အစိုးရသစ်တရပ်ကို ဖွဲ့စည်းသင့်တယ်လို့ ကျနော်တို့ ပြောတာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ တသီးတခြားစီဖြစ်တယ်လို့ ဦးသိန်းစိန် ဦးဆောင်တဲ့ပါတီကနေ ရှင်းရှင်းလင်းလင်း ဆောင်ရွက်နိုင်မယ်ဆိုရင် ရွေးကောက်ပွဲဥပဒေအရသော်လည်းကောင်း၊ ပြည်သူလူထုရဲ့ အမြင်အရသော်လည်းကောင်း တအားကိုကောင်းပါတယ်၊ ရှင်းလင်းသွားနိုင်ပါတယ်”

ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း

ဒါပေမယ့် အခုက ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းထဲမှာပါနေတဲ့ အစိုးရဝန်ကြီးတွေကပဲ စစ်တပ်ရာထူးတွေကို နှုတ်ထွက်ပြီးတော့ ဝင်အရွေးခံတာဆိုတော့ တကယ်တမ်း အဲလိုခွဲခြားမယ်ဆိုလို့ရှိရင်ကော ဘယ်လိုခွဲခြားမှာလဲ ခင်ဗျ။ ခွဲခြားလို့ရပါ့မလား၊ လူတွေ လက်ခံပါ့မလား။

“မှန်ပါတယ်၊ လူထု ခွဲခွဲခြားခြား သိမြင်အောင်ဆောင်ရွက်ဖို့က တော်တော်ခက်ခဲပါတယ်။ ဒီအခြေအနေအတွက် ကျနော်တို့ ဒီနေ့ကြေညာချက်ကို ထုတ်လိုက်တာပါ”

ဟုတ်ကဲ့၊ နောက်တခုက ကြားနေဖို့အတွက်ပြောတဲ့အပိုင်းမှာ အစိုးရအနေနဲ့က သူတို့သွားတဲ့လမ်းကြောင်းအရ ဒီဥစ္စာက သူတို့လက်ခံပါ့မလား။

“ဒါ ကျနော်တို့က အခုကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံနိုင်ဖို့အတွက် အကောင်းဆုံး ဖြစ်နိုင်တဲ့ အခြေအနေကို ကျနော်တို့ အကြံပြုတာပါ”

ကဲ … ထားပါတော့ဗျာ၊ အခု ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကျနော်တို့ နိုင်ငံရေးသက်သက်ပဲ လုပ်ပါတယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကနေပြီးတော့ နိုင်ငံတော်ပိုင် ငွေကြေးတို့၊ မြေတို့၊ အိမ်ရာ အဆောက်အဦ အစရှိသည်ဖြင့် အသုံးပြုတာတွေနဲ့လည်း ကျနော်တို့ ကင်းရှင်းပါတယ်၊ အစိုးရအဖွဲ့ကနေပြီးတော့လည်း နှုတ်ထွက်ပါတယ်ဆိုတဲ့ အခြေအနေမျိုး တကယ်လုပ်တယ်ပဲထားဦး။ လက်ရှိအာဏာရ နအဖ အနေနဲ့ တရားမျှတတယ်လို့ ပြောလို့ရမှာလားခင်ဗျ။

“အခုဖြစ်ပေါ်နေတဲ့ အခြေအနေထက်တော့ ပိုမိုကောင်းမွန်တဲ့ အခြေအနေသစ်တရပ် ဖြစ်လာမှာပါ။ အခုဆောင်ရွက်တဲ့ အခြေအနေကတော့ တအားကို ရုပ်ဆိုးနေပါတယ်”

အဲတော့ အဲလိုအခြေအနေမျိုးမှာ ပြည်ထောင်စုဒီမိုကရေစီပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆက်ပြီး စဉ်းစားဦးမှာလား။

“ရွေးကောက်ပွဲကို ပါဝင်ဖြတ်သန်းမှသာလျှင် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိတယ် မရှိဘူးဆိုတာကို ကျနော်တို့ ဝင်ရောက်စွက်ဖက်လို့ရမှာပါ”

ကျနော်သိသလောက်ဆိုရင် ပြည်ထောင်စုဒီမိုကရေစီပါတီဟာ မှတ်ပုံတင်ပြီးတော့ ပါတီတည်ထောင်ခွင့် ရထားတဲ့ အဖွဲ့အစည်းတွေထဲက အစိုးရရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ပထမဦးဆုံးအကြိမ် ဝေဖန်တဲ့ပါတီလို့ ကျနော် ထင်ပါတယ်။ အဲလို ဝေဖန်တဲ့အတွက် ပါတီကိုပြန်ပြီးတော့ အာဏာရအစိုးရက လက်စားချေမှာကော မစိုးရိမ်ဘူးလား။

“ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ အမှန်တရားအတွက် ကျနော်တို့ ဆောင်ရွက်သွားမှာပါ”

ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်၊ မေလ ၇ ရက်နေ့ ဘီဘီစီ (ညပိုင်း) အစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။

ဓာတ်ပုံ - လျှပ်တပြက်


Thursday, May 6, 2010

ကျနော်တို့ခေတ်မှာ ပြူစောထီး၊ ဒီခေတ်မှာ စွမ်းအားရှင်

(၁)

၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလ။

ညနေ မိုးချုပ် ခပ်မှောင်မှောင်အချိန်မှာပဲ မြင်းခြံမြို့ပေါ်မှာ ခြိမ်းခြောက်သံတခု ထွက်ပေါ်လာပါတယ်။ ကားကြီးတစီးပေါ် လောက်စပီကာ ဟွန်းကြီးတင်ပြီး တလမ်းဝင် တလမ်းထွက် စိန်ခေါ်နေတာပါ။

“အမတ်မင်း ဦးမောင်ကိုက ဒမိုက် (တမိုက်သာရွာ) ခံတပ်ကြီး လာဖွင့်မယ် ပြောတယ်။ ကြိုဆိုပါတယ်။ လာရဲရင် လာခဲ့ပါ။ ကောင်းကောင်း ဧည့်ခံပါ့မယ်”

တခြား များများမပြော။ ဒီအသံပဲ ထွက်နေပါတယ်။ အားရအောင်ဖိတ်ခေါ်ပြီးမှ ဒမိုက်ရွာဘက် ပြန်မောင်းထွက်သွားပါတယ်။

ဆရာ ဦးမောင်ကိုအိမ်ရှေ့မှာ ဂျစ်ကား ၃ စီး စီရပ်ထားပါတယ်။ ကျနော်တို့ သူငယ်ချင်း ၄ ယောက် ကားတစီးပေါ် တက်ပြီး နေရာဦးထားလိုက်တယ်။ ၄ ယောက်စလုံးက ဦးမောင်ကို ကျောင်းဆရာဘဝမှာ တပည့်ဖြစ်ဖူးခဲ့ကြသူချည်းပါ။ ဆရာရဲ့ ဒမိုက်တရားပွဲကို လိုက်ချင်သူ လိုက်ရဲသူလိုက်ဖို့ ဖိတ်ခေါ်ထားပြီး ဖြစ်တယ်။ ကားပေါ်မှာပဲ အိပ်ကြမယ်။

လူကြီးတွေက ကျနော်တို့ကို သိပ်မခေါ်ချင်၊ လူငယ်ပီပီ စိတ်လက်မာန်ပါ လုပ်ကြမှာစိုးလို့ ဖြစ်တယ်။ မိဘများကတော့ ပြူစောထီးတွေ လက်ရဲဇက်ရဲ သတ်ဖြတ်နေချိန်၊ တခုခုလုပ်မှာ စိုးရိမ်တာကြောင့် မလိုက်စေချင်ကြပါ။

ကျနော်တို့ကလည်း …

“ယမမင်းကြီး လာဆွဲချတောင် ကားပေါ်က မဆင်းဘူး”

လို့ တညီတည်း လေသံပစ်ထားကြတယ်။ ကျနော်တို့တတွေဟာ ကျောင်းသား သမဂ္ဂလုပ်ငန်းတွေ အတူတူ လုပ်ခဲ့ကြတယ်။ ကျောင်းထုတ်ခံကြရတော့လည်း အတူတူ။ ကျောင်းမတက်ရတော့ လောပိတမှာ အလုပ်သွားလုပ်မယ်ဆိုပြီး အိမ်က ထွက်ပြေးကြတော့လည်း အတူတူ။

၆ လ၊ တနှစ် အလုပ်လုပ်ပြီး သူတို့ ရှေ့ဆင့်နောက်ဆင့် ပြန်ကြတော့ ကျနော်တယောက်တည်း ကျန်နေရစ်တယ်။ သန့်ရှင်း၊ တည်မြဲ ကွဲအပြီး ဗိုလ်မှူးချစ်ကောင်းအမှုနဲ့ ထောင်ထဲရောက်နေတဲ့ ဆရာ ဦးမောင်ကို ပြန်လွတ်လာခဲ့ပြီ။

သူငယ်ချင်းတွေက စာရေးလိုက်ကြတယ်။

“ဦးနုက တို့ကို ကျောင်းပြန်နေခွင့်ပြုလိုက်ပြီ။ ဆရာလည်း ရွေးကောက်ပွဲ ပြန်ဝင်မယ်။ တလောကပဲ တို့ဆီကို ပြန်ပေးဗိုလ် သခင်ကျော်ဒွန်း တရားလာဟော သွားသေးတယ်။ မြို့ပေါ်မှာ ရွေးကောက်ပွဲအတွက် စည်းရုံးလှုပ်ရှားမှုတွေ စ,နေပြီ။ တို့ ဆရာကို ဝိုင်းကူကြမယ်။ ကျောင်းပြန်နေဖို့ မင်းအိမ်ကလည်း တို့ကို စာရေးခိုင်းတယ်။ အမြန်ပြန်လာခဲ့ဟေ့” တဲ့။

ဒီစာကြောင့်ပဲ မြို့ကို ပြန်ဖြစ်ခဲ့တယ်။

(၂)

မြင်းခြံမြောက်ပိုင်း မဲဆန္ဒနယ်အတွက် အမတ်လောင်း ၄ ဦး ပြိုင်ကြမယ်။

၁။ ဦးမောင်ကို (ပမညတ) လက်ရှိ အမတ်။
၂။ ဦးကျွန်းကျော် (ရှေ့နေ) ပထစ အမတ်လောင်း။
၃။ ဦးသိန်း (ဆီစက်၊ ဝါစက်ပိုင်ရှင်) ဖဆပလ (တည်မြဲ) အမတ်လောင်း။
၎။ သခင် မင်းခေါင် (ပြန်ကြားရေး အရာရှိဟောင်း) တသီးပုဂ္ဂလ။

အခြေအနေက - ဒီနေ့ ဒီ/ချုပ် ဒေါ်အောင်ဆန်းစုကြည် ပေါ်ပြူလာဖြစ်၊ လူကြိုက်များသလို ဦးနု တာစားနေတဲ့ ခေတ်။ (ဒေါ်ခင်ကြည်က ပံ့ပိုးပေးထားသေးတယ်) ဦးနုရဲ့ ပထစ အမတ်လောင်းက လူအေးပဲ။ နိုင်ငံရေး လုပ်ခဲ့ဖူးသူမဟုတ်။ ဒါကြောင့် များများစားစား မိတ်ဆက်ပြစရာမလို။ ကျန် ၂ ယောက်က ထူးခြားနေတယ်။

ဦးသိန်း

သူ့တရားပွဲ တခါ နားထောင်ကြည့်တော့ သူ့အရည်အချင်း သိလိုက်ရတယ်။ သူ့ဘဝမှာ အရာရာ ပြည့်စုံခဲ့ပြီ။ ခံစားစံစား ဖူးပြီ။ လုပ်ချင်တာမှန်သမျှ လုပ်ခဲ့ဖူးပြီ။ ဖြစ်ချင်တာမှန်သမျှ ဖြစ်ခဲ့ပြီ။ ဒါပေမယ့် အမတ် မဖြစ်ဖူးသေးဘူး။ ဒါကြောင့် ဝင်အရွေးခံတာပါ … တဲ့။

ဒါပေမယ့် သူ့နောက်မှာ တည်မြဲရှိတယ်။ သေနတ်ရှိတယ်။ ပြူစောထီးရှိတယ်။ သူ့မှာ သုံးမကုန်အောင် ငွေတွေရှိတယ်။

အမတ်လောင်း ၄ ယောက်လုံးနဲ့ အိမ်နီးနားချင်း တရပ်ကွက်ထဲ သို့မဟုတ် မလှမ်းမကမ်းမှာ နေဖူးတယ်။ ဒါကြောင့် သူတို့ အကြောင်းတွေ သိပါတယ်။ ဒါပေမယ့် ထူးဆန်းတာက ဖဆပလ အမတ်လောင်းပဲ။ သူ့စက်ဝင်းက အကျယ်ကြီး။ မျက်နှာသာမှာ အုတ်တံတိုင်းကလည်း ကာထားလိုက်သေးတယ်။ ဝင်းတံခါးပေါက်က ကြီးမှကြီး။ အိမ်ချင်းမဝေးလှပေမယ့် သူ့စက်ဝင်းထဲ တခါမှ မရောက်ဖူးပါ။ နေ့စဉ် သူ့စက်ဝင်းရှေ့က ကျောင်းသွား ကျောင်းပြန်လုပ်နေပေမယ့် တခါမှ မမြင်ဖူးခဲ့ဘူး။ မဲဆွယ်တရားပွဲကျမှ မြင်ဖူးတာ။

ဦး(သခင်)မင်းခေါင်

သခင်တင်မြရဲ့ ‘ဘုံဘဝမှာဖြင့်’ ထဲမှာ သူ့အကြောင်းရေးထားတာ ရှိတယ်။ သခင် ညီလာခံတခုမှာ အသံသြဇာ ကောင်းကောင်းနဲ့ ညီလာခံအဖွင့် သခင်သီချင်းဆိုတဲ့သူအဖြစ် မိတ်ဆက်ထားတာပါ။ တည်မြဲက ငွေထုတ်ပေးပြီး ဖျက်မြင်းအဖြစ် ဝင်အရွေးခံခိုင်းတဲ့သူ ဖြစ်တယ်။ လက်ရှိအမတ် ဦးမောင်ကိုနဲ့ ညီအစ်ကို ဝမ်းကွဲတော်သူမို့ မဲကွဲအောင်ဆိုတဲ့ ရည်ရွယ်ချက်ပါတယ်။

နောက်တခုက ပထစ အဝါရောင်နဲ့ ဆင်တူယိုးမှား အဝါရောင်ဖျော့ဖျော့ နောက်ခံမဲပုံးနဲ့ ပုံမှားရိုက်ခိုင်းခြင်း ဖြစ်တယ်။

လမ်းစဉ်ပေါ်လစီ တင်ပြစရာမရှိတော့ သူ့အိမ်ရှေ့မှာ စာတမ်းတခုပဲ ဆွဲချိတ်ထားတယ်။

“ ခိုင်းကောင်းတဲ့ နွားကြီးကို ခိုင်းကြပါ။ မဲပေးကြပါ ” … တဲ့။

သူ့မဲဆွယ်တရားပွဲအတွက် ရပ်ကွက်အနှံ့လိုက်ပြီး လှုံ့ဆော်စည်းရုံးပေးသူက တယောက်တည်းရှိတယ်။ အဲဒါက သူ့သမက်။ ဆိုက်ကားပေါ် အသံချဲ့စက်ကလေးတင် သူက ဘာဂျာမှုတ်ပြီး ဘေးက လိုက်တယ်။ သူ မှုတ်တတ်တဲ့ သီချင်းကလည်း တပုဒ်ပဲရှိတယ်။ တပုဒ်လုံးမှုတ်စရာ မလို။ သူ့ယောက္ခမဂုဏ်ကို ဖော်ကျူးတဲ့အပိုဒ်ကလေးပဲ ထပ်ပြန်တလဲလဲ မှုတ်တယ်။

“လိမ်တယ်၊ ညာတယ် လူညာကြီးရယ် ယုံအောင် ဖြီးပါကွယ်”

ဆိုတဲ့ အပိုဒ် … ။ ။

ဆက်လက်ဖော်ပြပါမည်


Wednesday, May 5, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၆)

ကျနော်တို့ ခြေရင်းအဆောင်မှာက ကျွန်းပြန် ဗကသ က ရဲဘော်တွေ။ တယောက်က မင်းလှက ကိုထွန်းကြည်၊ ပဲခူး ဘုရားကြီးဘက်က ကိုလှရွှေ။ သူတို့အဆောင်နဲ့ ကျနော်အဆောင်နဲ့ဆိုလို့ရှိရင် မီတာ ၅ဝ လောက်ပဲ ဝေးမယ် ထင်တယ်။

ဟိုဘက် ခပ်လှမ်းလှမ်းမှာဆိုရင် မီတာ ၇၀/၈ဝ လောက်မှာက ကိုနီအောင်မေသု၊ သူကတယောက်တည်း။ သူနဲ့တော့ တယောက်နဲ့တယောက် လက်ပြနှုတ်ဆက်လို့ ရတယ်။ ကျနော်တို့ မမြင်ရတဲ့အဆောင်မှာ ကိုဉာဏ်ဝင်းနဲ့ ကိုတင်မောင်ဝင်း ရှိသလိုလို ကြားတယ်။ သေတော့ မသေချာဘူး။ အဲဒါပဲ။ အဲဒီ ထောင်ကြီးတခုလုံးမှာ။ အရင်တုန်းကတော့ အဲဒီထောင်ထဲမှာ သူတို့ အာဏာသိမ်းခါစက လူမျိုးစုခေါင်းဆောင်တွေ အများကြီးထားတာပေါ့။ စဝ်ရွှေသိုက်တို့ ဘယ်သူတို့ ထားတာ အဲ့ဒီမှာပဲ။

အဲဒီ တွဲဖက်ထောင်မှာ ထောင်သက်တမ်းအရင့်ဆုံးက လူထုကိုစိန်ဝင်းလို့ ပြောရလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ သူက သူ့ကျန်းမာရေးဆိုးတာနဲ့ ကိုကိုးကျွန်းကနေ အစောကြီးပြန်ပို့လိုက်ရတာ။ ပြန်ပို့လိုက်ကတည်းက တလျှောက်လုံး သူက အဲဒီ တွဲဖက်ထောင်မှာပဲနေတာ။ အဲ့ဒီမှာ အားလုံး အကြောင်းသိတွေ၊ ကိုယ့်အချင်းချင်းတွေဆိုတော့ နေရထိုင်ရတာ စိတ်ချမ်းသာတယ်။ သူတို့ကလည်း လွှတ်ရတော့မှာဆိုတော့ သိပ်ပြီး ကျနော်တို့အပေါ် တင်းတင်းကျပ်ကျပ် မကိုင်တော့ဘူး။ လူကလည်း နည်းတဲ့အခါကျတော့ လွှတ်ထားလိုက်တာပဲ။ အဆောင်ဝင်းကြီးထဲမှာ လွတ်လွတ်လပ်လပ်နေရတယ်။

ကျနော်တို့နေတဲ့ အဆောင်ပတ်ဝန်းကျင်မှာ လွတ်လွတ်လပ်လပ်ပဲ နေရတယ်။ သရက်ပင်တွေ ရှိတယ်။ သူတို့ ထမင်းကျွေးတဲ့အခါ၊ တံခါးပိတ်တဲ့အခါကျမှ ရောက်လာတာပဲ။ နို့မို့လို့ရှိရင် လာလည်းမလာဘူး။ ဘာမှ မပြောဘူး။ ကျနော်တို့ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်၊ ကျားထိုး။ ဒါပဲ။ ဖတ်စရာ စာအုပ်ကတော့ များများစားစား ဘာမှမရှိဘူး။ အဲ့ဒီမှာ ကျနော် ၄/၅ လလောက် ထင်တယ်။ နေရတယ်။ နေရပြီးတဲ့နောက် တနေ့မှာ …

တနေ့ဆိုတာက ၁၉၇၂ ခုနှစ်၊ မေလ ၄ ရက် ထင်တယ်။ မနက် ၁ဝ နာရီမှာ ကျနော့်ကို လာခေါ်တယ်။ လာခေါ်ကတည်းက လွှတ်မယ်ဆိုတာ ဗြောင်ပြောခေါ်တာပဲ။ အဲ့တော့ ကျန်တဲ့သူတွေကို နှုတ်ဆက်ရတာပေါ့။ သူတို့လည်း မှာစရာရှိတာ မှာကြပေါ့။ ခေါင်းပေါ် စောင်အုပ်တာတော့ မရှိတော့ဘူး။ ကျနော်လည်း ကျနော့် ရှိသမျှပစ္စည်းလေး ထုပ်ပိုးပြီး လိုက်သွားတယ်။ ကျွန်းကပြန်ပါလာတဲ့ စာအုပ်တွေ ဘာတွေလည်း မရှိတော့ဘူး။ ထောင်အဝင်ကတည်းက သိမ်းထားတာ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ နည်းတဲ့စာအုပ်တွေ မဟုတ်ဘူး။ စာအုပ်ကောင်းတွေ။

ကျနော်ကိုခေါ်သွားတော့ ထောင်ဗူးဝက ရုံးခန်းထဲမှာ ခေါ်သွားတယ်။ အဲ့ဒီမှာ ကျနော်ကိုလာကြိုတဲ့ ကျနော့် အဖေရယ်၊ ကျနော့် အမေရယ်၊ ကျနော့်အမေရဲ့မောင် (ကျနော့် ဦးလေး) ဒေါက်တာခင်မောင်အေး၊ ရန်ကုန်မှာ အဖေတို့ အမေတို့တည်းတဲ့ (ကျနော်တို့နဲ့ ဆွေရင်းမျိုးရင်းလို ဖြစ်နေတဲ့) ဦးထွန်းမြတ်လမ်းက ဦးလေး ဦးအေးကြည်။ သူတို့စောင့်နေတာ တွေ့ရတယ်။ ကျနော့်ကိုမြင်တော့ အမေနဲ့ ဦးအေးကြည်က မျက်ရည်ကျတယ်။ အဖေက အိနြေ္ဒရရပဲ။ ပြုံးနေတယ်။ ကျနော့် ဦးလေး ဒေါက်တာခင်မောင်အေးကလည်း ပြုံးနေတယ်။ ဒါပေမယ့် ဦလေးမျက်လုံးထဲမှာ မျက်ရည်စတွေ မြင်နေရတယ်။

ထောင်အပြင်ရောက်တယ်ဆိုတာနဲ့ပဲ ကျနော်တို့ကားကိုမောင်းလာတဲ့ ကျနော့် ဦးလေးက ...

“ဖိုးသံရေ … မင်း ဘာစားချင်လဲ”

လို့ ကြင်ကြင်နာနာနဲ့ မေးတယ်။ သူလည်း ထောင် ၂ ခါကျဖူးတာဆိုတော့ သိပ်ကိုယ်ချင်းစာတာပေါ့။ ဒါပေမယ့် ကျနော့် ခေါင်းထဲမှာ စားချင်တာလည်း မရှိဘူး။ ရှုတ်ထွေးနေတယ်။ အပြင်မှာက အရောင်အသွေးတွေက သိပ်တောက်ပနေတယ်။ အဲဒီခေတ်က ဖော့ခရစ်ခေတ်ကိုး။ ကျနော်တို့ တလျှောက်လုံး မြင်ခဲ့ရတာက အရောင်အသွေး မွဲခြောက်နေတဲ့ အဝတ်အစားတွေနဲ့ လူတွေ၊ မဲမဲခြောက်ခြောက်၊ ဆံပင် ရှည်ရှည်၊ ညှင်းသိုးသိုး လူတွေချည်း မြင်တွေ့ခဲ့ရတာ။ ခုတော့ အကုန်လုံး တောက်ပြောင်နေပြီးတော့ နေရောင်ကလည်း လွန်လွန်ကျူးကျူးကို လင်းနေသလား အောက်မေ့ရတယ်။ နောက် အင်းစိန်ဈေးကလည်း လူတွေများလွန်းတယ်လို့ ထင်နေမိတယ်။

အဲဒီညကျတော့ ကျနော်အိပ်တဲ့ အိပ်ရာဘေးမှာ ကျနော့်အမေကလာပြီးတော့ စကားပြောတာနဲ့ ကျနော် တညလုံးနီးပါး ကျနော့် ကျွန်းကအကြောင်းတွေ အမေ့ကို ပြောပြနေမိတယ်။ ကိုစွမ်းရည်ရဲ့ ‘အမေ့ခေါ်သံ’ ကဗျာထဲကလိုပဲ ထင်တယ်။

တကယ်က ကျနော် ထောင်ထဲကိုရောက်သွားတုန်းက ကျောင်းသားအသိ၊ ကျောင်းသားအသွင်နဲ့ ဝင်သွားတဲ့ ကျောင်းသားတယောက်ပဲ။ ဒါပေမယ့် ထောင်က ထွက်လာတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် ကွန်မြူနစ်တယောက်၊ တော်လှန်ရေးသမားတယောက်လို့ သတ်မှတ်ထားလိုက်ပြီ။

ကျနော့် ခေါင်းပေါ်မှာ တာဝန်တွေ အများကြီး ပါလာတယ်လို့ ခံစားမိတယ်။ ။

ဆက်လက်ဖော်ပြပါမယ်။


Monday, May 3, 2010

ကျည်ကဗျာ ကွဲကြေကျဆုံးခန်း (ဒေါင်းနီ)

လူထုအပူ နှစ်ကူးမှာ မမျှော်လှူ
ပြည်သူကို သွေးခင်းပေးဆပ် ကာကွယ်လိုသူ
ရဲဘော်မောင်ငြိမ်းလူ (ဟယ်လပင်)
ပုန်ကန်သူဖော်တသင်းကို ချန်
ဝိဉာဉ်တပ်တော် အားဖြည့်တွဲရံဖို့ 
ရုတ်တရက် ထွက်ခွာသွားပြီကော၊

သူရဲကောင်းတို့မည်သည်
သူ့အသက်ထက် ယုံကြည်ချက်ကိုတွယ်
လောကနံနက်ခင်းကို ရင်နှင့်ရင်းဖတ်သူပါ၊

မင်းဟာ ရဲရဲတောက် စွန့်ပြီး
ရန် ငါ စည်းပြတ်
ကျည်ပေါက်သံချွေ
ကဗျာပန်းတွေ ဝေနိုင်ခဲ့သူ
စစ်တလင်းကို မငြင်းခဲ့သူ
ရဲဘော်တွေကို သွေးချင်းထက် တွယ်တာသူပါ၊

မင်းနဲ့ ငါ
သံလွင်၊ သောင်ရင်းရေ အတူသောက်
ဒေါနနဲ့ တနင်္သာရီတောင်တန်း အတူလှမ်း
သောက်စားအတွေးပွား အတူစကားမာခဲ့
မာနယ်ပလော၊ ထူးရာစိုး ကဖေး
လူ့ဘောင်သစ်၊ အန်အယ်လ်ဒီရုံး
ဂရင်းကုန်း၊ ရဟန်းပျိုကုန်း
စာပေကလပ်၊ မယ်တုက္ခိချောင်းလမ်း
သေနတ်တလက်၊ စာသကာတဖက် အတူမက်ခဲ့ကြ၊

မင်းနဲ့ ငါ
အတိတ်ကို ပြန်ထမ်းပိုးတဲ့အခါ
ငါက လသာ(စင်ထရယ်)ကျောင်း
မင်းက ဗိုလ်တထောင် (စိန်ပေါလ်)ကျောင်း
ရန်ဟောင်းတွေကို ပြန်ရီမောဖတ်ကြ၊
ပကတိဘဝမှာ ယုံကြည်တူခရီးသည်တွေဖြစ်ကြ
အနာဂတ်ကို ငါတို့တည်ဆောက်မယ်လို့ ခံယူခဲ့ကြ၊

ခုတော့
သွားနှင့်ပေဦးတော့
ရဲဘော်ကြီး သူငယ်ချင်းရေ
မင်းရဲ့သမိုင်းလမ်းမှာ
တာဝန်ကျေစွာ ကြွေလွင့်ခြင်းကို
နောက်ကျမှ သိရှိတုန်လှုပ်ရ
နှုတ်ဆက် အမျှဝေခွင့်မရ
ဟိုး … ဝေးဝေးကသာ
အလေးပြုခွင့်ပေးပါ သူငယ်ချင်း။ ။

ဒေါင်းနီ

(ဧပြီလ ၂၉ ရက်၊ ၂ဝ၁ဝခုနှစ်၊ နံနက် ၃ နာရီတွင်
ရုတ်တရက် ကျဆုံးကြွေလွင့်သွားသော
သူငယ်ချင်းရဲဘော်ကြီး
ကဗျာဆရာ မောင်ငြိမ်းလူ (ဟယ်လ်ပင်) အတွက် )

သရုပ်ဖော် - အောင်ထက်


Sunday, May 2, 2010

အလွမ်းစာ (အုပ်စိုးနိုင်)

ပြောလို့မှ မဆုံးသေး … …
မာနယ်ပလောကို လွမ်းတယ်
ထားဝယ်ခရိုင်ကလေးကို လွမ်းတယ်
စခန်းသစ်ရွာကလေးကို လွမ်းတယ်
မယ်တုကွီချောင်းကလေးကို လွမ်းတယ်
လွမ်းတယ် လွမ်းတယ် လွမ်းတယ်
လွမ်းစရာတွေများနေတုန်း
အလွမ်းဗုံး နောက်တလုံး
(ဝုန်း) ခနဲ ကွဲသွားပြန်ပါပကော …

ခင်ဗျားက …
ရဲဘော်တွေကို ချစ်တယ်
တော်လှန်ရေးကို ချစ်တယ်
ဗိုလ်မှူးကြီးစိန်မြကို ချစ်တယ်
ရေးဘော် ရေးဘက်တွေကို ချစ်တယ်
မိချမ်းလွန်ကိုလည်း ချစ်ခဲ့တယ်

ကျနော်လိုချင်ခဲ့တာ နည်းနည်းလေးပါဗျာ
ဒါပေမယ့်
ဘယ်တုန်းကမှ မရခဲ့ပါဘူးတဲ့
ဒဏ်ရာဗလပွနဲ့
ခင်ဗျားဘဝ တစွန်းတစ
ကြားခဲ့ရဖူးပါရဲ့
တခါတုန်းက စခန်းသစ်ညများမှာ …

သွားကြ သွားကြ
ခင်းဗျားတို့ အကုန်လုံး သွားကြ
လကမ္ဘာရောက်အောင် သွားလိုက်ကြ
ကျုပ်ကတော့
တော်လှန်ရေးထဲမှာပဲ နေမယ်
တော်လှန်ရေးထဲမှာပဲ သေမယ်တဲ့
သစ္စာမြဲသူကြီးရဲ့စကား
နမိတ်များဖတ်ခဲ့လေသလား ဗျာ …

လှေခွက်ချည်း ကျန်ရင်တောင်
အလံထောင်နေဦးမယ့် မောင်ငြိမ်း
မိုက်လို့ သောက်တာမဟုတ်
ကြိုက်လို့ကို သောက်တာတဲ့

ဘယ်သူ့ဆီကမှ
ဘာအခွင့်အရေးမှ မယူခဲ့တဲ့
တောပျော်ကြီးရေ …
မြို့မှာနေရတာ
အသက်ရှူရ ကြပ်သတဲ့
နဝတ ပြီးရင်
ထိုင်းပုလိပ်ကို အမုန်းဆုံးဆိုတဲ့လူ
မြို့ပြရဲ့အပူရောင်တွေကြားမှာ
ခုတော့လည်း
ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ
လမ်းခွဲလို့ သွားခဲ့ပါပကော …

လွမ်းလို့ကောင်းနေတုန်းပါပဲ ကိုငြိမ်းရေ …
ကျုပ်ကလည်း
လူတိုင်းကို လွမ်းနေရတဲ့ကောင်
အမှတ်ရစရာလေးတွေက ဟိုရောက် ဒီရောက်
ကြေကွဲပွင့်ကြီးတွေကလည်း တောင်လိုပေါက်
ဟိုအရင်တုန်းကလိုပဲ
ကျနော့်ကဗျာ တခွက်နှစ်ခွက်လောက်
ခင်ဗျား ထလို့ သောက်ကြည့်ပါဦးလားဗျာ … …

အုပ်စိုးနိုင်


ငြိမ်းလူ အမှတ်တရ

ကမာပုလဲ

ဒီနေ့ …
ပူပြင်းလွန်းလှတဲ့ နံနက်ခင်းမှာ
ကျစိမ့် တခွက်၊ စီးကရက်တလိပ် သောက်တယ်
ကလေးတွေနေတဲ့ အဆောင်ကို …
ပြောင်းဖို့ ရွေ့ဖို့ လုပ်ရင်း
ရေခဲရေများများသောက်ဖြစ်တယ်
ဒီနေ့က
ကမ္ဘာကျော် မေဒေးနေ့ မဟုတ်လား။

လူသေတာ
ကဗျာရေးစရာလားတဲ့ …
မျက်ထောက်နီနီနဲ့ မင်းရဲ့ သရော်စကား
ငါကြားနေတယ် မောင်ငြိမ်း …
အေးလေ
ငါ့မှာလည်း လူတယောက်ရဲ့ နောက်ဆုံးခရီးအတွက်
(ငါ ချစ်ခင်ရင်းစွဲ ရှိသူတွေကို ပြောတာနော်)
ရတနာဆိုလို့ ကဗျာပဲချမ်းသာတယ်လေကွာ…
ဒီ့အတွက် မင်း ငါ့ကိုခွင့်လွှတ်နိုင်မှာပါ
ကိုယ်ချင်းစာနိုင်မှာပါ …
နို့ မင်းလည်း
ကဗျာရေးသူ တယောက်ပဲ မလား။

နေစမ်းပါဦး
ခင်ဗျားက ကျုပ်ကို ဦးငြိမ်း … ဦးငြိမ်းနဲ့
ခင်ဗျားအသက်က ဘယ်လောက်လဲ တဲ့
ကြောင်အမ်းအမ်းငါက ငါ့အသက်ကိုပြောတော့
ကျုပ် ခင်ဗျားထက် ငါးနှစ် ငယ်တယ်တဲ့ …
အဲဒီက စလို့ပေါ့ …
ငါက မင်းကို
ဟေ့ မောင်ငြိမ်း လို့ ခေါ်လိုက်ရင်
မင်းက ကွမ်းကလေးမြုံ့ရင်း ပြုံးလို့ ...။

ကလေးတွေရဲ့ ပစ္စည်းတွေကို
ပြောင်းရင်း ရွှေ့ရင်းက
သြော် … ဒီနေ့ နေ့လည် တနာရီမှာ
ငါ မင်းရဲ့ ဈာပန
လိုက်ပို့ ရမှာပါလား …
ငါ
မင်းရဲ့ နောက်ဆုံး ရုပ်ကလာပ် ရှိရာ
ရောက်လာခဲ့တယ် မောင်ငြိမ်း …။

ဟ … မောင်ငြိမ်းရ
မင်းရဲ့ ဈာပန အခမ်းအနားက
မင်းရဲ့ မကွယ်လွန်မီ ကိုယ်ပိုင်ဘ၀ထက်
ခမ်းနားလွန်းလှပါလား ….
လူတွေ လူတွေ လူတွေ …
အဖွဲ့ အစည်းအသီးသီးက လူတွေ
မင်းကချစ်တဲ့ လူတွေ
မင်းကို ချစ်တဲ့ လူတွေ
မင်းက ငေါ့တော့တော့ သရော်တော်တော် ပြောခဲ့တဲ့လူတွေ
မင်းက နားမလည်ပေမဲ့ မင်းကို နားလည်ခဲ့တဲ့ လူတွေ
မင်းရဲ့ အဝေးဆုံးမှာ ရှိပြီး မင်းရဲ့ အနီးဆုံးက လူတွေ
မင်းရဲ့ ………………………………………………… ကွာ
ငါ မင်းကို မြင်စေ့ ချင်တယ် မောင်ငြိမ်းရာ …။

“လူ တယောက်ရဲ့ နောက်ဆုံးခရီး
ပြီးစလွယ် နိုင်လွန်းလှပါလား”
(သံဆူးကြိုးပေါ်က လရိပ်)
မင်း ရှေ့က သွားနှင့်တဲ့
မင်းအကို ကိုထက်မိုးကြီးရဲ့ ကဗျာတစ
ငါ လှိုက်ကနဲ သတိရမိတယ် မောင်ငြိမ်း
မင်းကတော့ သေပန်းပွင့်ပါပေတယ် မောင်ငြိမ်း
မင်း မသေခင် ဘဝမှာ
ခုလို ပန်းတို့ လှိုင်လှိုင်ပွင့်ခဲ့ပါလေသလား။

မင်း ဈာပနက အပြန်
ငါ ဒီကဗျာကို ရေးတယ်
အီရဲစ်ကက်ပတန် ဆိုတဲ့
ကောင်းကင်ပေါ်က မျက်ရည်ကို နားထောင်တယ်
ဂျီမေး ဖွင့်ကြည့်တော့
ကဗျာဆရာ သစ်ကောင်းအိမ်က
သူ့ ဂျီတော့ခ် မှာ
“သွားနှင့်ဦး ကိုငြိမ်း” တဲ့
ဒါပါပဲကွာ …
ဒီနေ့က …
နှစ် ၁၂၀ မြောက် မေဒေးနေ့ကြီးလေ
ပြီးတော့ ဒီခေတ်မှာ
မင်းလည်း သူပုန်၊ ငါလည်းသူပုန်
သိပ် ကြီးကြီးကျယ်ကျယ်တွေ
ရေးဖွဲ့ မနေချင်တော့ပါဘူးကွာ
မင်း အသိဆုံး ဖြစ်မှာပါ၊
ဒီနေ့မှာပဲ
မင်းရုပ်ကလာပ်ကို မီးသင်္ဂြိုလ်တယ် မောင်ငြိမ်း
ပြောချင်တာတွေက များတော့
ငါ့ကဗျာဟာ
မကျစ်လျစ် ပွလျောင်း ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်
ဒါပေမယ့်
အတတ်နိုင်ဆုံး
ဒီကဗျာကို
မင်းအတွက် အမှတ်တရ
ရေးလိုက်ပါတယ် မောင်ငြိမ်း။ ။

နေ့သစ်ဝက်ဘ်ဆိုဒ် မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။