Monday, February 15, 2010

သိမ်းထားမိတဲ့ ပန်းချီကားများ

သိမ်းထားမိတဲ့ ပန်းချီ မောင်မောင်တင်ရဲ့ ကားတချို့ပါ။


No Name

I don't have to worry about finding a snack

Where is the future?

Please, wait for him to grow up !

Each morning we wake up to the foul smell of garbage

They will always remember the day of his landmine injury. His wife, then eight months pregnant, carrying him back to the village to find help

They live on the road, they eat on the road and they sleep on the road

Can it be healed?

He has gone

Let me take a rest ... for a while, please

Please ... a safe place

(အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မတောင်းခံနိုင်ခဲ့ပါ။)

Saturday, February 13, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၈)

ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်။ ကျွန်းဘဝကိုရေးနေတဲ့အချိန် မနေ့က ဦးမြသန်းတင့်နဲ့ပတ်သက်တဲ့ အခန်းလေးတခုကို ရေးခဲ့သေးတယ်။ ဒီမနက် ဘီဘီစီမှာ ဆရာကွယ်လွန်တဲ့သတင်းကို ကြားလိုက်ရလို့ ဝမ်းနည်းတုန်လှုပ်စွာ ခံစားရပါတယ်။

ဆရာဦးမြသန်းတင့်ဟာ ကျနော်တို့လူငယ်တွေအပေါ်မှာ ကျေးဇူးများခဲ့တဲ့ ဆရာကြီးတဦးဖြစ်ပါတယ်။ ဒီမှတ်တမ်းရဲ့အစပိုင်းမှာ ကျနော်ဖော်ပြခဲ့သလိုပဲ တောင့်တင်းသန်မာတဲ့ ကျနော်တို့လူငယ်တွေ ထင်းခွေ၊ ထင်းဖြတ်လို အလုပ်မျိုးကို ကျနော်တို့နဲ့အတူ လိုက်ပါလုပ်ဆောင်ခဲ့တယ်။ သူ့ခန္ဓာကိုယ်ဖွဲ့စည်းမှုက ဒီလို ပင်ပန်းကြမ်းတမ်းတဲ့အလုပ်နဲ့ လိုက်ဖက်သည် မဟုတ်ပါ။

သူ့မျက်မှန်အထူကြီးနဲ့ တပ်ထားတာကိုက သူဟာ ပညာရှင်တယောက်၊ ပညာတတ်တယောက်ရဲ့ ရုပ်သွင် လက္ခဏာမျိုးပါ။ ကျနော်တို့လူငယ်တွေက ထင်းဖြတ်တဲ့အခါတိုင်း လူလဲတဲ့အခါမျိုးမှာ ဆရာက ...

“ကျနော် တလှည့်ဝင်မယ်”

သူကပြောပြီး အတင်းလွှဝင်ဆွဲဖို့လုပ်ပါတယ်။

“ဟာ … ဆရာ၊ နေပါစေ မလုပ်နဲ့”

ပြောလည်းမရပါ။ လွှကို သူနိုင်သလောက် ဝင်ပြီးဆွဲပါသည်။ ကျနော်တို့နဲ့ဆရာလိုက်လာတာ ကျနော်တို့ ပျော်ပါသည်။ လူငယ်တွေထဲမှာ လူကြီးတယောက်ပါတော့ အားရှိတာပေါ့။ လူငယ်တွေထဲမှာ မိဘလို၊ ဆရာသမားလို၊ ခေါင်းဆောင်လို ပုဂ္ဂိုလ်တယောက်ပါတော့ ပိုပြီးအားရှိ အားကိုး ကြတာပေါ့။

ကျနော်တို့ထင်းဖြတ်ပြီး ခဏတဖြုတ်နားကြသည့်အခါမျိုးတွင် ၅ နှစ်၊ ၆ နှစ်သားသမီးလေးများ လောကကို စူးစမ်းသကဲ့သို့ ကျနော်တို့တတွေ သိချင်တာတွေ မေးကြတာပဲ။ ဆရာကလည်း ဖြေပါသည်။ ဆရာကလည်း တက်ကြွထက်သန်သော ကျနော်တို့ လူငယ်ရဲဘော်လေးများနှင့် လိုက်ရသည်မှာ ကျနော်တို့၏တက်ကြွမှုပါ သူ့ကို ဓာတ်ကူးပုံရပါသည်။

ဆရာဦးမြသန်းတင့် ကွယ်လွန်ချိန်နှင့် သူ့အကြောင်းရေးသည့်အချိန် တိုက်ဆိုင်နေပါသည်။ ဆရာ ဗန်းမော်တင်အောင်ကို အိပ်မက်မက်ခဲ့စဉ်က ဆရာ ကွယ်လွန်တာနဲ့ တိုက်ဆိုင်ခဲ့သည်။

ကျနော်၏ ကျွန်းဘဝတွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသော အတိတ်ပုံရိပ်လွှာကို မှတ်တမ်းပြန်လည်ရေးသားသော အချိန်မှာ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ပြီးရေးသားပါသည်။ KNU ၏ ရှေ့တန်း ပြောက်ကျား ဒေသတနေရာတွင် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေစဉ် အားလပ်သည့်အချိန်ကလေးတွင် ရေးသားခဲ့ပါသည်။

ကျနော်ရေးသား သည့်ပတ်ဝန်းကျင်မှာ ဒေါနတောင်ခြေ၏တနေရာဖြစ်ပြီး ယာယီစခန်းချထားသည့်နေရာမှာ ရေတံခွန်တခုရှိပါသည်။ ရေတံခွန်၏ ‘တဝေါဝေါ’ ကျနေသည့်အသံမှာ ကိုကိုးကျွန်းဘဝများက ပင်လယ်ပြင်၏ လေသံ၊ လှိုင်းသံနှင့် အတော်တူပါသည်။

ကျနော်တို့၏အဖြစ်အပျက်များကို ပြန်လည်မှတ်တမ်းတင်ရန် ကွယ်လွန်သူ ဥက္ကဋ္ဌကြီး မန်းဘဇန်၊ ကွယ်လွန်သူ ဗိုလ်ချုပ် မြမောင်၊ ကွယ်လွန်သူ ဆရာကြီး စကောလယ်တော၊ ကွယ်လွန်သူ မန်းဒါဝိတ်နှင့် ရဲဘော်ရဲဘက်များ၊ မဟာမိတ် ခေါင်းဆောင်များက အကြောင်းဆုံတိုင်း ကျနော့်ကို တိုက်တွန်းကြပါသည်။ “ရေးတာပေါ့ဗျာ” လို့သာ ကတိပေးခဲ့သည်။

ယခုနှစ်ပေါင်း ၃၀ နီးပါးကြာမှပင် ရေးဖြစ်ပါတော့သည်။ အချို့အဖြစ်အပျက်ကလေးများပင် ပမာဒလေခ မေ့လျော့၍ နေခဲ့ပါပြီ။

မနေ့က ၁၈-၂-၉၈ ရက်နေ့ ဘီဘီစီ နံနက်ခင်းသတင်းကို ကျနော့်ယာယီတဲကလေးတွင် နားထောင်နေရာ ဆရာဦးမြသန်းတင့် ကွယ်လွန်ကြောင်း ဒေါ်ယဉ်ယဉ်မေ ကြေညာသွားခဲ့သည်။ ကျနော် စိတ်ထိခိုက် တုန်လှုပ်စွာ ခံစားနေရပါသည်။ ဘီဘီစီသတင်းကြေညာပြီးပြီးချင်း ယခုမှတ်တမ်းကို ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည် စစ်အာဏာရှင်တိုက်ဖျက်ရေးတိုက်ပွဲတွင် လက်တွဲတိုက်ခဲ့ကြသော ရဲဘော်ရဲဘက်များ၊ ခေါင်းဆောင်များ၊ ဘဝတူများတို့သည် တဖျောက်ဖျောက်နှင့် ကြွေလွင့်ခဲ့ရလေပြီ။

သူတို့၏မွန်မြတ်သော အသက်ဝိဉာဉ်များ ကို ပြည်သူတို့၏ဘဝလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးအတွက် ပေးလှူခဲ့ကြလေပြီ။ ကိုယ်ကျိုးမဖက် အသက်စွန့်ခဲ့ကြသည့် ဤရဲဘော်များသည် ကျနော်တို့၏ အသည်းပြင်မှာ သူတို့၏ နှလုံးသွေး၏ နှလုံးသွေးများနဲ့ ရေးသွားခဲ့ကြလေပြီ။

ကျနော်တို့၏ရှေ့မှ ကိုယ်ကျိုးစွန့်ခဲ့ကြသည့် ရဲဘော်များ၊ ခေါင်းဆောင်များ၊ ဘဝတူများ၏ ရဲရင့်ပြတ်သားစွာ အသက်ပေး၍ ညွှန်ပြခဲ့သည့် လမ်းကြောင်းအတိုင်း ကျနော်တို့သည် ဖဝါးခြေထပ် ထပ်ချပ်မကွာ လိုက်ပါမည်ဟု ရဲဝံ့စွာ ကတိပြုပါသည်။

ကျနော် ထောင်မှပြန်လွတ်လာပြီးနောက် ရန်ကုန်အရှေ့ပိုင်း ဆေးရုံတွင် ဗိုလ်ချုပ်ကျော်ဇော၏သမီး ဒေါက်တာ လှကျော်ဇောက ဆေးရုံတင်ပေးခဲ့ပြီး ကုသကူညီစောင့်ရှောက်ပေးခဲ့ပါသည်။ ဆေးရုံတွင်တက်ရောက်စဉ် ဆရာဦးမြသန်းတင့်က သူ့ ဓားတောင်ကိုကျော်၍ ဝတ္ထုကို ကျနော့်ကိုပေးဖတ်ပါသည်။

ဓားတောင်သည် ကျနော့်ဘဝ တစိတ်တပိုင်း ပါဝင်ပါသည်။ ဓားတောင်ကိုဖတ်ပြီး ကျနော် လွန်စွာခံစားခဲ့ရပါသည်။ ဆရာပေးဖတ်သည့် ဓားတောင်ကိုကျော်၍ ဝတ္ထုစာရွက် အလွတ်ထဲတွင် ကျနော့်ခံစားမှုနှင့် အမြင်ကို ရေးထားခဲ့ပါသည်။

ဆရာ့စာအုပ်ကိုပြန်ပေးသောအခါ ကျနော်ရေးထားသော ခံစားချက်ကို ဆရာဖတ်ပြီး ...

“ခင်ဗျားရေးထားတဲ့ ဒီစာလေးကို ဒီ စစ်အစိုးရကျဆုံးတဲ့နေ့မှာ ကျနော် ပူးတွဲထုတ်ဝေမယ်”

လို့ ဆရာပြောခဲ့ပါသည်။ ဆရာက ဆက်ပြောခဲ့သေးသည်။

“ကျနော့်ဓားတောင်ထဲက သံချောင်းဟာ ကျွန်းက ရဲဘော် ၄ ယောက်ရဲ့ စရိုက်၊ ဟန်ပန်၊ စိတ်နေစိတ်ထားကို စုပေါင်းပြီး သံချောင်းအဖြစ် ဖန်တီးထားတာ၊ ကိုချစ်ဆွေ (ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ကိုအုံးမော်( ကျွန်းဖျက်သိမ်းရေး ၅၂ ရက်ကြာ အစာငတ်ခံတိုက်ပွဲတွင် ကျဆုံး)၊ ကိုလတ် (ကျွန်ဖျက်သိမ်းရေး ၅၂ ရက်ကြာအစာငတ်ခံတိုက်ပွဲတွင် ကျဆုံး)၊ နောက်ဆုံးတယောက်ကတော့ ကျနော်”

လို့ ဆရာက ပြောခဲ့ပါသည်။

ပြည်သူတို့၏ ဘဝလွတ်မြောက်ရေးအတွက် စာပေအနုပညာဖြင့် အလုပ်အကျွေးပြုခဲ့သော ဆရာဦးမြသန်းတင့်အား KNU ကရင့်လက်နက်ကိုင် တော်လှန်ရေး ဒေသတနေရာမှနေ၍ ဂရုဂရဝ နိဝါတ နိမာနဖြင့် ရိုသေစွာ ဦးညွတ်ကန်တော့ လိုက်ပါသည် ဆရာခင်ဗျား။

အောင်ပွဲသို့

သင့်ရဲဘော်
ရဲဘော်ရှောင်း

ဆက်လက်ဖော်ပြပါမည်။

Thursday, February 11, 2010

မြစ်သံလွင်ပေါ်ဝယ် (ရွှေအိမ်စည်)

(က)

“လူရိုင်းဘဝက ကျွန်တော်လာသလား မသိ။ ယနေ့ထိ လူရိုင်းသဘောမျိုးနေချင်သည့် စိတ်ထားများရှိသည်။ ရံဖန်ရံခါ လူယဉ်ကျေးများနှင့် အသားမကျခဲ့ချေ။ မျက်စိနောက် မြင်ပြင်းကပ်လာသည်။ ထိုအခါ လူယဉ်ကျေးများနှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိသည်။ လူရိုင်းက ကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြောင့်ဖြူး၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ငါ့မြင်း ငါစိုင်း ညောင်ကိုင်းရောက်ရောက် ဆိုသည်ကို ကျွန်တော် ကြိုက်၏။

ကျွန်တော်စိတ်တွင် အင်မတန် စိုပြည်လက်ဆတ်သောဘဝဟု ယူဆသည်။ ဗမာပြည်ရှိသည့် လူသည် လူရိုင်းမျိုးဘဝ ရောက်ချင်ရောက်သွားပါစေ၊ လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်နေနိုင်မည်ဆိုလျှင် မလွတ်လပ်သော လူယဉ်ကျေးဘဝထက် ကျွန်တော် အဆတရာ ကြိုက်သည်၊ နှစ်သက်သည်။ စိမ်းလန်စိုပြည် ကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်။”

အောင်ဆန်း (၁၉၁၅-၁၉၄၇)

(ခ)

မြစ်တွင်းမှ လှမ်း၍ကြည့်လျှင် မတ်စောင့်မြင့်မားသော မြစ်ကမ်းပါးကို တွေ့ရသည်။ မြစ်ကမ်းပါးထိပ်မှ မြင်ရသော မြစ်ပြင်သည်က ညိုညစ်၍ ဒေါမာန်ကြီးသော မြွေကြီးတကောင်လို။

မုတ်သုန်ရာသီအတွင်း၌ နီကျင်ကျင် မြစ်ရေသည် ဒေါမာန်ကြီးစွာဖြင့် စီးဆင်းနေသော်လည်း နွေနှောင်းကာလများတွင်မူ ကမ်းပါးယံ၏ အောက်ခြေစပ်ဆီသို့ ဖြတ်တိုက် တိုးဝှေ့နိုင်ခြင်းပင် မရှိတော့။ ကမ်းပါးနှင့်မြစ်ယံကြား၌ ဖြူလွှသော သဲသောင်ပြင်နှင့် သဲသောင်ယံအတွင်း ထိုးထိုးထောင်ထောင် ထွက်နေသော ကျောက်တုံးကြီးများက ခြားလျက်ရှိသည်။

မဲနက်၍ ပြောင်ချောနေသော ကျောက်တုံးကြီးများနှင့် ဖြူလွှသည့် သဲသောင်ပြင်သည် ဆန့်ကျင်ဖက်တရားတို့၏ ပေါင်းစည်းမှုအလှကို ဖွင့်လှစ်ပြနေသလို၊ အနုပညာဖြစ်နေသည်။ နေသာသောနေ့ရက်များ၌ ကြယ်ပွင့်များကဲ့သို့ တလတ်လတ်ဖြင့် သဲသောင်ယံသည် တောက်ပနေလျက်။

ကမ်းပါးနှင့် မြစ်ကမ်းစပ်အကြား လူသွားလမ်းဟူ၍ သီးသန့်မရှိ။ အများစု ထပ်ခါ၊ ထပ်ခါသွားထားကြသည့် ခြေရာများကပင် သဲပြင်တွင် ခြေဖဝါးရာ စွပ်ကြောင်းလမ်းငယ်လေးအဖြစ် ရှိနေသည်။ သောင်ပြင်စွပ်ကြောင်း လမ်းမွှာလေးများအတွင်း ကျင့်သားမရသေးသည် ဂျိုင်းထောက်နှင့် စမ်းလျှောက်နေကြသော သူတွေရဲ့ ခြေရာများသည်လည်း မည်မျှပါဝင်နေမည်နည်း။ အတိအကျ မပြောနိုင်။

ခရုပတ်စွပ်ကြောင်း လမ်းငယ်လေးများသည် ကမ်ပါးမှမြစ်ကမ်းကြား သဲသောင်ပြင်၌ ဟိုမှ၊ သည်မှ ပင့်ကူအိမ် ကွန်ယှက်များ သဏ္ဍန်အလား ရှုပ်ထွေး ပွေလိမ်နေသည်။

‘မာနယ်ပလော’ မှ စုန်ဆင်းလာသော စက်လှေသံကိုမူ သောင်ရင်းမြစ်အတွင်းရှိနေစဉ် မကြားရ၊ ‘သုမွဲထ’ မြစ်ဆုံသို့ ရောက်၍ သံလွင်အား ဆန်တက်လာမှသာ စက်သံပြင်းသော စက်လှေသံအား စူးစူးဝါးဝါး ကြားရတော့သည်။ လူ ၁ဝ ယောက်မှ ၁၅ ယောက်အထိ စီးနင်းနိုင်သော လှေငယ်များသာ။ ခုတ်မောင်းသံပြင်းပြင်းနှင့် မှန်မှန်ဆန်တက်လာသော လှေများက ‘မယ်လထ’ ဘက်မှ ဆန်တက်လာသော ကျွဲ၊ နွားတင်သည့် လှေကြီးများ။

‘မယ်ညောခီး’ ဘက်မှ ဆန်တက်လာသော လှေငယ်များ၏ စက်အသံကား၊ အဝေးမှပင် စူးဝါးစွာကြားရတတ်ပြီး သောင်ရင်းမြစ်အတွင်းသို့ ချိုးကွေ့ဝင်ရောက်သွားပါက စက်လှေအသံသည် ရုတ်ခြည်းပျောက်ကွယ် တိမ်ဝင်၍ သွားပြန်သည်။ ‘သောလဲထ’ မှ စုန်ဆင်းလာသည့် လှေသံများကိုမူ ‘မဲခေါင်ဝဲ’ အား ကျော်ဖြတ်သည့် အခိုက်အတန့်လေးတွင်သာ အင်ဂျင်စက်သံပြင်းပြင်းကို စူးစူးဝါးဝါး ကြားရတတ်ပြီးနောက် မကြားရတော့ပေ။

ဆောင်းအဝင် နိုဝင်ဘာရက်များ၏ နံနက်ခင်း၌ သံလွင်သည် နှင်းထုအတွင်း အေးခဲစွာဖြင့် ငြိမ်ဝပ်၍ နေတတ်သည်။ နွေနေ့များ၌ နီကျင်ကျင် မြွေကြီးတကောင်ကဲ့သို့သော သံလွင်သည် ဖြူလွှလွှ၊ နှင်းထုအောက်၌ ပျောက်ကွယ်လို့နေပြန်သည်။ တခါ၊ တခါ ‘ဥသုတ’ တောင်တန်းပေါ်မှ ပြိုဆင်းလာသော မြှူနှင်းအုပ်ကြီးသည် ဝါဂွမ်းလိပ်ကြီးများအလား တအိအိနှင့် လိပ်ဆင်းလာပြီး သံလွင်အတွင်းသို့ထိုးဆင်း၍ ငုပ်လျှိုးသွားတက်သည်။

နံနက်ခင်း နေရောင်ခြည်သည် မြူနှင်းထုကြီးအားထိုးခွဲ၍ သံလွင်အား ရှာဖွေနေသည်။ ပိန်းပိတ်နေသော နှင်းမှုန်တို့က တိုးဝင်လာသော နေရောင်ခြည်အား ဖယ်မပေး။ သံလွင်အား သူတို့၏ မြူမှုန်လေးများဖြင့် ဖုံးဖိထားလိုကြသည်။ အချိန်သည် ရင့်လာသည်။ နေခြည်သည် ဝင့်ဝါစပြုလာပြီ။ မြူနှင်းတို့က ဖယိုဖရဲနှင့် ပြိုကွဲစပြုပြီ။

ပြီးတော့ … …

သံလွင်သည် သူ၏ပကတိရုပ်သွင် နီကျင်ကျင် ညိုညစ်ညစ် မြွေကြီးတကောင်လို ဒေါမာန်ကြီးစွာဖြင့် ‘ဝဲကတော့’ ကြီးများ ဖြစ်လိုက်၊ ကျောက်စိုင် ကျောက်တုံးကြီးများအား ‘ဝုန်းခနဲ’ ပြေးတိုက်လိုက်နှင့် စီးဆင်းနေတော့သည်။

သံလွင်ကား ‘အရိုင်း’ ပင်တည်း။ သူတွင် သိမ်မွေ့မှု မရှိ။ ကြမ်းတမ်း၏။ သံလွင်ကား မြို့ပြနှင့် မနီးစပ်။ ဟန်ဆောင်မှုနှင့် မာယာအား နားမလည်။ ကျေးလက်၏ အငွေ့အသက်ပင်လျှင် … တခါတခါ၌သာ တွေ့ရ၏။ သံလွင်ကား တောနက်ကြီး၏ ပြယုဂ်ပင်တည်း။ သံလွင်သည် သန်စွမ်း၏။ ဖြတ်လက်၏။ ရဲရင့်၏။ ထိုကြောင့် … သံလွင်သည် ‘အရိုင်း’ ပင်ဖြစ်၏။

‘ထွီးပါးဝီးကျိုး’ ဟုခေါ်သော ခွေးအိပ်တောင်သည် မတ်မတ်ကြီးရပ်၍ သံလွင်အား ငုံ့၍ကြည့်သည်။ လှိုင်းလုံးကြီးများဖြင့် ပြေး၍ဆောင့်ရင်း သံလွင်က မော့၍ကြည့်သည်။ စက္ကန့်မလပ် ထိတွေ့နေသည့် သူတို့၏ ဆက်ဆံရေးကား ရှည်ကြာလှပြီ။

သံလွင်သည် လွတ်မြောက်ရေးတပ်သားတို့အားလည်း သယ်ပိုး၍ လိုရာသို့ ပို့ဆောင်ခဲ့ဖူးသည်။ ဖက်ဆစ် ဝါဒီတို့သည်လည်း သံလွင်အား စီးမျော၍ သွားလာကူးလူးခဲ့ကြသည်။ ဖောက်ပြန်သူတို့သည်လည်း သံလွင်နှင့် ထိတွေ့ခဲ့ကြ၍ သူရဲကောင်းတို့သည်လည်း သံလွင်နှင့် ဆက်ဆံခဲ့ကြရသည်။ ကြောက်ရွံ့တတ်သူတို့သည်လည်း သံလွင်နှင့် မကင်းခဲ့ကြ။

သံလွင်သည်ကား အေးအေးစက်စက် အထိအတွေ့ဖြင့်သာ အမြဲတမ်း တုံ့ပြန်တတ်ခဲ့သည်။ ရှည်လျားစွာ ဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံတို့နှင့် သံလွင်သည် ရင့်ကျက်၍နေလေပြီ။

အစော်ကားခံ၊ အနိုင်ကျင့်ခံ၊ ကျောမွဲတို့၏ ရုပ်အလောင်းများသည်လည်း သံလွင်အတွင်း မြုပ်ချီ၊ ပေါ်ချီနှင့် မျောပါခဲ့ဖူးသလို ဖောက်ပြန်သူတို့၏ ဝိဉာဉ်မဲ့ ခန္ဓာတို့သည်လည်း သံလွင်အတွင်း ရှိခဲ့ကြသည်။

လွန်ခဲ့သော ဆယ်စုနှစ်များဆီက သံလွင်သည် ‘ဒေါင်းအလံ’ တလူလူနှင့် မော်ကြွားလို့။ ဖြတ်လက်၊ တတ်ကြွလို့။ ‘ထွီးပါးဝီးကျိုး’ တောင်ထိပ်မှ ဖျာထွက်နေသော နေခြည်အောက်ခံနှင့် ဖားစည်အလံတော်သည် လေအဝှေ့၌ တဖြတ်ဖြတ်။ ဤနေရာရောက်သည့်အခါတိုင်း သံလွင်သည် မြင့်မားမတ်စောက်သော ကျောက်တောင်ထိပ်ရှိ ဖားစည်အလံတော်အား ဦးညွှတ်မြဲ။ ဤနေရာ၌ သူရဲကောင်းတို့ ရှိခဲ့ဖူးလေသည်။ ယခုထိ ဝိဉာဉ်တို့က ရှင်သန်နေမြဲ။

အို - ထွီးပါးဝီးကျိုးတွင်သာမက ‘စောထ’ မှာ၊ ‘ဒေါင်းဂွင်’ မှာ၊ ‘ဥသုတ’ မှာ၊ ‘သုမဲထ’မှာ၊ ‘မဲညောခီး’ မှာ၊ ‘ဆင်ဖြူတောင်’ မှာ … သူရဲကောင်းတွေ၊ စစ်သည်တော်တွေ၊ အညတရ သူရဲကောင်းတွေ။ ဟိုတုန်းက သံလွင်သည် သူတို့တွေနှင့် ထိတွေ့ရင်း ရင်းနှီးရင်း၊ ပျော်ပါးရင်း ရင်ခုန်ခဲ့သည်။ အနာဂတ်ကို စိတ်ကူးယဉ်ခဲ့ဖူးသည်။

ထိုစဉ်က ဖောက်ပြန်သူတို့၏ အသံသည် တိုးတိတ်ဆဲ။ စစ်သည်တော်တို့၏ လွတ်မြောက်ရေး တေးသီသံသည်သာ မြစ်ပြင်ပေါ်ဝယ်။ ကမ်းပါးမယ်။ စိုက်ခင်းထဲဝယ်။ ခံတုတ်ကျင်းထဲမယ်။ လျှောက်မြောင်းထဲဝယ်။ အသွေးအသားထဲမယ်။ ပျံ့နှံ့လို့။ စီးမျောလို့။

“စွန့်လွှတ်အနစ်နာခံခြင်း” ဟူသည့်အဓိပ္ပာယ်အား သံလွင်သည် ‘ဖြစ်ရပ်’ များနှင့်ယှဉ်၍ ပြောပြနိုင်သည်။ သူ့ဝန်းကျင်တွင် လက်တွေ့ဖြစ်ရပ်များက အထောင်အသောင်း။ ‘မဲညောခီး’ ခုခံရေးစစ်။ ‘ထွီးပါးဝီးကျိုး’ တိုက်ပွဲ … သံလွင်ရဲ့အတ္ထုပတ္တိ အတွင်း သူရဲကောင်းတို့၏ ကိုယ်ရေးသမိုင်းတို့က အပြည့်၊၊ ကိုယ်ကျိုးရှာသူ အချောင်သမားတို့၏အကြောင်းတွေလည်း ကျွဲကူးရေပါဆိုသလို အခန်းလိုက်၊ ခေါင်းစဉ်လိုက်ရှိနေပြန်သည်။

ယမ်းခိုးတွေ ဝေခဲ့သလို၊ ဗုံးမိုးတွေ စွေခဲ့တာကိုလည်း သံလွင်သည် ခံခဲ့ရသည်။ စစ်ကိုကြုံခဲ့သည့်သံလွင်သည် ဒေါင်းအလံ တလူလူနှင့် အနာဂတ်ကို ချီတတ်ခဲ့သည်။ လွတ်မြောက်ရေး စစ်ချီတေးနှင့် သံလွင်သည် တတ်ကြွခဲ့၏။ ဖြတ်လတ်ခဲ့၏။ ရဲရင့်ခဲ့၏။ ကြမ်းတမ်းခဲ့၏။ ထိုကြောင့် … … သံလွင်သည် တောနက်ကြီးထဲမှ သားရဲတကောင်ကဲ့သို့ … ‘အရိုင်း’ ဖြစ်ခဲ့၏။

ယခုတော့ … … …။

Monday, February 8, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၃၈)

ကိုဖေအောင်ဆိုတာကလည်း ၅၈ ခုနှစ်ကတည်းက ကိုကိုးကျွန်းကို တခေါက်ရောက်ပြီးသား။ ၂ ကျွန်းပြန်။ သူတို့အကြောင်း နောကျေနေလှပြီ။ ကိုဖေအောင်က တိုက်ပွဲဝင်ရဲဘော်တွေရဲ့ ခြင်ထောင်တွေကို လှပ်ပြီး ...

“ဟောဒီမှာ ကြည့် … ခင်ဗျားတို့ ကြည့်သွား၊ နောက်ထပ် အသေခံဖို့ တန်းစီနေတဲ့ ရဲဘော်တွေ။ ကျနော်တို့ တောင်းထားတာမရရင် အသေခံမယ်”

လို့ မာမာပြတ်ပြတ် ပြောပစ်လိုက်တယ်။

အဲ့ဒီတော့မှ ထောင်အာဏာပိုင်တွေဟာ သူတို့မှာ ပါလာတဲ့ ဝှက်ဖဲကို ချပြကြတယ်။ သေချာပြန် စဉ်းစားလိုက်ရင်တော့ ဒီလူတွေဟာ အတော်တော့ ယုတ်မာတာ။ နောက်ဆုံး အချိန်အထိ၊ သူတို့ အလျှော့ပေးရတော့မယ့် အချိန်အထိ ဈေးဆစ် အကျပ်ကိုင်နေတာ။ ကျနော်တို့ ရဲဘော်တွေရဲ့ အသက်ကို သူတို့ အကျပ်ကိုင်နေကြတာ။ ဒါ … ရန်ကုန်က ခိုင်းလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ တကယ်တမ်းတော့ ဒီထောင်အာဏာပိုင်တွေဟာ တိုက်ပွဲဝင်ရဲဘော်တွေရဲ့မျက်နှာတွေကို မကြည့်ရဲဘူး။ စိတ်မလုံတဲ့သဘောပဲ။

သူတို့ ဒီတခါဝင်လာတာ ထူးခြားတဲ့အတွက် တိုက်ပွဲဆောင်ပတ်ဝန်းကျင်မှာလည်း ကျနော်တို့ ရဲဘော်တော်တော်များများ ကျနော် အပါအဝင် သူတို့ကို စိုက်ကြည့်နေကြတယ်။ အဲ့ဒီလို သူတို့ကို ဝိုင်းပြီး သတိထားနေကြမှန်းသိတဲ့အခါကျတော့ သူတို့လည်း သိပ်ပြီးတော့ ရေရှည် အချိန်မဆွဲနိုင်တော့ဘူး။ ဒါနဲ့သူတို့လည်း မျက်လွှာချပြီး

“ကဲ … သပိတ်လှန်လိုက်ကြပါ ဗျာ၊ ကိုယ်ထူ ကိုယ်ထစနစ်ကို ဖျက်သိမ်းပေးပါ့မယ်”

လို့ ပြောထွက်လာတယ်။

အဲဒီတော့ ကျနော်တို့ဘက်က

“ဒါဖြင့်ရင် ခင်ဗျားတို့ စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးပေး”

အဲဒီလို တောင်းဆိုလိုက်တယ်။ ထောင်အာဏာပိုင်တွေဆိုတာက လက်ဝါးလှန်လိုက် မှောက်လိုက်ဆိုတာမျိုး၊ ခုတမျိုး ခုတမျိုးလုပ်တတ်တယ်လေ။ အဲ့ဒီတော့ အပိုင်ချည်မှ တုတ်မှဖြစ်မှာ။

ဒါကြောင့်မို့လို့ ကျနော်တို့က ဒီလိုချည်တုတ်ပြီးပြောတဲ့အခါကြတော့ သူတို့က ဘယ်လိုတုန့်ပြန်သလဲဆိုတော့ ...

“ဟာ … ဒါကတော့ ကျနော်တို့မှာ လုပ်ပိုင်ခွင့် မရှိဘူး” တဲ့။ “မနက်ဖန်မှ Navy စခန်းဘက်သွားပြီး ကျနော်တို့ ယူပေးမယ်။ ခင်ဗျားတို့ သပိတ်အရင်လှန်နှင့်ပေါ့”

လို့ ထပ်ပြီးတော့ ဈေးဆစ်ပြန်တယ်။ ကျနော်တို့ဘက်က သံသယရှိတာ မလွန်ဘူးဗျ။ အတော်ကို မတရားတဲ့ လူတွေ၊ ကျနော်တို့ဘက်က ခေါင်းဆောင်တွေကတော့ ...

“ခင်ဗျားတို့ဘက်က လက်မှတ်ထိုးပေးပြီးမှ ကျနော်တို့ သပိတ်ကို လှန်မယ်။ အဲဒီဘက်က လက်မှတ်ထိုးပြီးတော့ စာနဲ့ပေနဲ့ ကတိစကား မရမချင်း ဆက်တိုက်မယ်”

လို့ မတုန်မလှုပ် တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တာ၊ အဲဒီလိုနဲ့ပဲ အဲဒီနေ့က ပွဲပျက်မသွားဘူး။ သူတို့ ပြန်ထွက်သွားကြတယ်။

အဲဒီနေ့ညနဲ့ နောက်တနေ့ကဖြင့် ကျနော့်တသက်မှာ အချိန်တွေကုန်လွန်တာ အနှေးဆုံး နေ့နဲ့ညလို့ ပြောချင်တာပဲ။ တဖက်မှာ သေတွင်းနှုတ်ခမ်းမှာ တိုက်ပွဲအလံကိုကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ၊ တဖက်မှာက အထက်အမိန့် သွားပြီးတော့ ခံယူပါမယ်ဆိုပြီး ပြန်ထွက်သွားတဲ့ အာဏာပိုင်တွေ။

ဒီနှစ်ဖက် ပြန်ဆုံကြမယ့်အချိန်ကို စောင့်ရတဲ့ဟာက အင်မတန် ရှည်ကြာတာပဲ။ အောင်ပွဲနဲ့ ကျဆုံးခြင်း အကြားမှာ ဘယ်လောက်မှ မကွာခြားဘူးဆိုတာလည်း တနုတ်နုတ်ခံစားမိတယ်။

ဒီလိုနဲ့ နောက်တနေ့ ရောက်လာတယ်။ တိုက်ပွဲဝင် ၅၃ ရက် မြောက်နေ့ပေါ့။ နောက်ဆုံးနေ့ပဲ။ မနက်စောစောမှာ ထောင်မှူးကြီးရယ်၊ နောက် ထောင်မှူးတယောက်ရယ်၊ ဝါဒါ ၂ ယောက် ၃ ယောက်ရယ် မော်တော်ကားလမ်းအတိုင်း Navy စခန်းဘက်ကို လမ်းလျှောက်ထွက်သွားကြတယ်။ မိုးက မပြတ်အောင် ရွာထားတာမို့လို့ မူလက ထွန်စက်သွားနေကြ မော်တော်ကားလမ်းဟာ သွားမရတော့ဘူး။

ဒါကြောင့်မို့လို့ သူတို့ဟာ ကားလမ်းပေါ်မှာ လမ်းလျှောက်ပဲ သွားကြရတယ်။ ရွှံ့တွေကလည်း များပါဘိ၊ တချို့နေရာမှာ ရေတောင်ကျော်နေတယ်လို့ ပြောတယ်။ အဲဒီတော့ ဒီ ထောင်အာဏာပိုင်တွေက ကုန်းကြောင်းသွားကြတာ။ မြန်ချင်ပါတယ်ဆိုမှ ဒီလိုဖြစ်နေရတယ်။

လမ်းခရီးက ၇ မိုင် ၈မိုင်လောက် ရှိမယ်ထင်တယ်။ အဲဒါကို သူတို့ ခြေလျှင်သွားကြ၊ ဟိုကနေ ပြန်လာရဦးမှာ။ ဘယ်လောက်စောင့်ရဦးမလဲဆိုတာကို စဉ်းစားသာကြည့်ပေတော့။ အဲဒီလို ကျနော်တို့က စိတ်လောနေ၊ စိတ်ထဲမှာ မချင့်မရဲဖြစ်နေချိန်မှာ တိုက်ပွဲဆောင်ထဲက ရဲဘော်တွေကတော့ ဘာမှ ထူးခြားမှု မပြဘူး။ သူတို့က ခါတိုင်းလို ပုံမှန်ပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ နားနားနေနေပဲ သူတို့ စောင့်ဆိုင်းနေကြတယ်။

ကျနော်ကတော့ အမှန်အတိုင်ပြောရရင် ထောင်အာဏာပိုင်တွေ လာမယ့်ဘက်ကို လည်ပင်းတမျှော်မျှော်၊ နားတစွင့်စွင့် စောင့်ဆိုင်းနေတာ။ အဲဒီလို စောင့်ဆိုင်းနေတုန်းမှာပဲ မနက် ၁၀ နာရီ ၁၁ နာရီလောက် ဖြစ်မယ် ထင်တယ်။ ကျနော်တို့ တိုက်ပွဲဝင် အဆောင်တဆောင်မှာ (ကျနော်က ၁၀ ဆောင်မှာ၊ ၉ ဆောင်ဘက်ကနေ) ကိုလတ် ကျဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်။

ဒါကြောင့် ကျနော်လည်း အဲဒီအဆောင်ထဲကို ကမန်းကတန်း စဝင်လိုက်တယ်။ ကျနော်ရောက်တော့ နိုင်ငံတကာ သီချင်းကို စဆိုနေကြပြီ။ ဒါပေမယ့် ကျနော်လည်း ကိုလတ်ရဲ့ခြေရင်းမှာပဲ ညာလက်ရုန်းကို ကွေးမြှောက်ပြီး အဲ့ဒီ အင်တာနယ် ‘နိုင်ငံတကာသီချင်း’ကို လိုက်ဆိုမိတယ်။ ဆိုရင်း မျက်ရည်တွေလည်း ကျနေတယ်။

ကိုလတ်ဟာ ကျနော်နဲ့အတူတူ မန္တလေးထောင်က လာကြတာ။ ကျနော်နဲ့အတူ ၂ တိုက်မှာ နေခဲ့ကြတာ။ သူ့နာမည်ရင်းက မောင်မောင်စိုး၊ သူ့အသက်က ကျနော့်ထက်လတချို့တောင် ငယ်သေးတယ်။ လူကောင် ထွားတယ်။

ဒါပေမယ့် သူက ရိုးလွန်းလို့ လူချစ်လူခင် သိပ်များတယ်။ ကျောက်ဆည်သား၊ မန္တလေးတက္ကသိုလ်က၊ ကျောင်းသားလှုပ်ရှားမှုနဲ့ အဖမ်းခံရတာ။ သူက စာပေအနုပညာလည်း သိပ်ဝါသနာပါတယ်။ ဒီတိုက်ပွဲအတိုင်ခင် ၄-၅-၆ လကပဲ ကျနော်နဲ့အတူ သီချင်းတပုဒ် စပ်ခဲ့ကြသေးတယ်။ သူ့ရဲ့ အံ့မခန်းစိတ်ဓာတ်ကို မှတ်တမ်းတင် ပြောစမှတ်ဖြစ်လောက်အောင် သူဟာ ချန်ထားနိုင်ခဲ့တယ်။ အဲဒါက ဒီလို။

သူက ဒီနောက်ပိုင်း ရောက်လာတဲ့အခါ အကျအဆုံးတွေ များလာတဲ့ နောက်ပိုင်းမှာ သူဟာသူ့ဘေးမှာရှိတဲ့ သူ့ကိုပြုစုတဲ့ ရဲဘော်တွေကို ...

“တကယ်လို့များ ကျနော့် ခြေတွေလက်တွေ အေးလာရင် ကျနော့်ကို သတိပေးစမ်းပါဗျာ”

လို့ မှာထားတယ်။ သူ ဘာလို့ ဒီလိုမှာတယ်ဆိုတာ အဲဒီ ရဲဘော်တွေက နားမလည်ဘူး။ သိပ်လည်း အလေးထား မစဉ်းစားတတ်ကြဘူး။ သာမန်လိုပဲ သဘောထားခဲ့ကြတာ။

ကိုလတ်ကတော့ သူ့အခြေအနေ သူ အမြဲ သတိထားနေတာ။ သူ့ ခြေတွေ လက်တွေ အေးလာပြီဆိုတာဟာ သူသေတော့မယ့် လက္ခဏာဆိုတာကို သူက သူ့အရင် အာဇာနည်တွေကျဆုံးတုန်းက အတွေ့အကြုံအရ သိထားတယ်။

ဒါကြောင့် အခု သူ မကျဆုံးခင်လေးမှာပဲ သူ့ ခြေတွေလက်တွေ အေးလာပြီဆိုတာနဲ့ သူဟာ အားယူမာန်တင်းလိုက်ပြီး အံကြိတ်ပြီး ညာလက်ရုံးကို မြှောက်တယ်။ အလေးနီပြုတယ်။ အဲဒီလို အလေးနီပြုနေတုန်းမှာပဲ သူ့မျက်နှာလည်း တဖြည်းဖြည်း ပြေလျော့သွား၊ လက်တွေလည်း ပြေလျော့သွား၊ ကျဆုံးသွားတယ်။ သူ့ရဲ့ ဒီသတင်းဟာ ချက်ခြင်းပဲ အကျဉ်းစခန်းတခုလုံးကို ပြန့်သွားပြီး ကြားရသူ အားလုံးဟာ စုတ်တသပ်သပ်နဲ့ ဝမ်းပမ်းတနည်း ဖြစ်ကြရတယ်။

ကိုလတ်ဟာ သူတိုက်ပွဲဝင်တဲ့ နေ့မှာပဲ သူအိပ်မယ့် ကွပ်ပစ်ခြေရင်းမှာ (ခြေရင်းက ခါးပန်းမှာပေါ့လေ) ကားမတ်စ် ငယ်စဉ်က ဆောင်ပုဒ်တခုဖြစ်တဲ့ …

‘ငါ့ဘဝမှာ တိုက်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ’

ဆိုတဲ့ စာတန်းကို မြေဖြူနဲ့ရေးခဲ့တယ်။ သူ့ဆန္ဒကတော့ ပြည့်စုံသွားတာပေါ့ဗျာ။ သူ့နောက်မှာ ကျဆုံးတာက ကိုလေးမောင် (ကဗျာဆရာ ကိုလေးမောင်)။ ကျနော် တဦးချင်းအရပြောရရင် စိတ်အထိခိုက်ဆုံး ကျဆုံးမှုပဲ။

ဆက်လက်ဖော်ပြပါမယ်။

Saturday, February 6, 2010

လူတယောက်နဲ့ ဝက်တကောင် (မောင်သာရ) - နိဂုံးပိုင်း

မနှစ်က ဒီဇင်ဘာ ခရစ်စမတ်အကြိုည၊ တနှစ်က နိုဝင်ဘာ ၁၀ ရက်နဲ့ ဇန်နဝါရီ ၁၁ ရက်တွေမှာကျတဲ့ နှင်းမုန်တိုင်းမျိုးတွေနဲ့သာ တိုးလိုက်ရလို့ကတော့၊ မြေပြင်ပေါ်မှာ အမြင့် ၇ ပေခွဲတို့၊ ၉ ပေတို့အထိ ရှိတာလေ။

ပြီးတော့လဲ ၀၆ ခုနှစ်ကဆိုရင် နှင်းက ၃၂ နာရီဆက်တိုက် တဖွဲဖွဲနဲ့ ကျနေတာ။ တချို့အိမ်တွေ ပြတင်းမှန်တံခါးတွေအထိ တက်ပိတာ။ တချို့အိမ်တွေ တံစက်မြိတ်ရေတံလျှောက်တွေ ပြုတ်ကျ၊ တချို့အိမ်တွေ အမိုးပြန့်တွေ ပြိုကျ၊ တချို့အိမ်တွေ လျှပ်စစ်တွေ ပြတ် အမှောင်ကျ၊ တချို့အိမ်တွေက ရေပိုက်တွေ ပေါက်ကွဲ ရေမရ၊ တချို့အိမ်တွေ အပူပေးဓာတ်ငွေ့ပိုက်တွေ ပျက်နဲ့ … လူထုကို အတော်ဒုက္ခရောက်လိုက်ကြတာ။

နယ်မြေအစိုးကလဲ အရေးပေါ်အခြေအနေ ကျေညာလို့ အကူအညီတွေ တောင်း။ ပတ်ဝန်းကျင်နဲ့ကလဲ လမ်းပန်းဆက်သွယ်ရေးတွေ အကုန်ပြတ်။ လေယာဉ်ကွင်းတွေကလဲ သုံးမရ။ ခရီးသည်တွေလဲ ထောင်နဲ့ချီ သောင်တင်။ သက်ကြီးရွယ်အိုတွေတချို့တောင် ခန္ဓာကြွေကုန်ကြရတယ်။ လေဘေး ရေဘေး ဒုက္ခလို နှင်းဘေးဒုက္ခ ဆိုရမှာပေါ့။

ကဲ သည်လိုအချိန်မျိုးမှာ ကိုယ့်လူရဲ့ကားသာ အပြင်လမ်းဘေးရပ်ထားလို့ကတော့ ဘယ်သူက ရေခဲထဲက ပြန်ဖေါ်ပေးမလဲ။ ပေါက်ပြားပေါက်ချွန်းတွေ ဂေါ်ပြားငန်းပြားတွေနဲ့ နှင်းထဲမှာ ပြန်ဖေါ်ထုတ်ရမှာလေ။ သည်အချိန်မှာ တောင်မင်းမြောက်မင်း မကယ်နိုင်၊ ကိုယ့်ဒုက္ခနဲ့ကိုယ် ဘယ်သူကမှလဲ လာမကူနိုင်ဘူး။ ငွေပေးခိုင်းလို့လဲ မရနိုင်ဘူး။ မှန်တယ်။ သူ့တွက်ကိန်းနဲ့ သူ။ ကားဂိုဒေါင်တွဲရက်ပါတဲ့ အိမ်ကို ရှာ ငှါးတာ မှန်တယ်။

ဒါတောင်မှ လက်တွေ့ကျတော့ ကိုယ့်လူ မသက်သာရှာပါဘူး။ ကားဂိုဒေါင်တံခါးဖွင့်ဖို့နဲ့ ဂိုဒေါင်ထဲကနေ ကားလမ်းပေါ်ရောက်တဲ့အထိ ကားမောင်းထွက်ဖို့က ဝါးတရိုက်သာသာလောက်ကတော့ နှင်းကော် လမ်းဖေါက်ရအုံးမှာပဲလေ။ ခက်တာက နှင်းထုရေခဲထုကို ရေပိုက်နဲ့ ဆေးပစ်လို့ကလဲ မရဘူး။

ပြီးတော့ များသောအားဖြင့် အခွေလိုက်ထားတဲ့ ရေပိုက်တွေထဲမှာက မြွေကိုအစာသွပ်ထားသလို ရေတွေက ခဲနေပြီ။ ဒါပေမယ့် သည်မှာက ကိုယ့်လူလိုသာ ပိုက်ဆံတက်နိုင်ရင် လူတကိုယ်တက်ထိုင်ပြီးမောင်းလို့ရတဲ့ နှင်းခုတ်စက်ကလေးတွေ ဝယ်လို့ရပါတယ်။

စစ်မြေပြင်ရှေ့တန်းမှာ မြောင်းရှည်ကတုတ်ကျင်းတူးသလို အလျားလိုက်တူးပြီး လမ်းလုပ်ရတာပေါ့။ အောက်ကပေါ်လာတဲ့ မြေကြီးနဲ့ကပ်ရက် ရေခဲပြင်ကိုလည်း မြန်မြန်အရည်ပျော်သွားအောင်နဲ့ ပြန်မခဲအောင် ချော်မလဲအောင် ဆားကြမ်းတွေ ပက်ဖြူးပေါ့။ အဲသည်လို လုပ်တာကိုပဲ ကားတကားစာ မောင်းထွက်နိုင်ဖို့က တနာရီလောက် ချွေးပြိုက်ပြိုက်ကျ သူ့ခမျာ လုပ်ရရှာတယ်။

အင်း … ကားလမ်းမတွေပေါ်ကတော့ စည်ပင်သာယာတို့၊ မီးသတ်တပ်ဖွဲ့တို့၊ နှင်းရှင်းတပ်ဖွဲ့တို့၊ အရေးပေါ်ယန္တားတပ်ဖွဲ့တို့၊ စေတနာ့ဝန်ထမ်းတပ်ဖွဲ့တို့၊ စစ်တပ်တို့က စုပေါင်းတာဝန်ယူကြတယ်လေ …။

သူတို့တတွေကတော့ ဧရာမ ကျွဲရိုင်းစက်တပ် ယာဉ်ကြီးတွေနဲ့ ၂၄ နာရီမနားတမ်း လှည့်ပတ်ရှင်းနေကြတာပေါ့။
အဲ … ကိုယ့်လူရဲ့အလုပ်ကလဲ ဘယ်မှာ ဘာလုပ်တယ်သာ မပြောတတ်တာ။ မနက်ပိုင်းတော့ အိမ်ကထွက်တာ မြင်ရတာပဲ။ သူများတကာကမှ စနေတနင်္ဂနွေ နားကြရသေးတယ်။ သူကတော့ တခါတရံမှ တနင်္ဂနွေလိုရက်မျိုးနဲ့ အခါကြီးရက်ကြီးတွေလိုရက်မျိုးမှာသာ အိမ်ကပ်တာ တွေ့ရတယ်။

မနက်ဖက်ဆိုရင် ကျုပ်အိပ်ရာကနိုးလို့ ရေနွေးအိုးတည်ရင်း ပြတင်းပေါက်ကနေ လှမ်းငုံ့ကြည့်လိုက်။ သူ့ကို ကားဂိုဒေါင်မှာ အပြင်ထွက်ဖို့ ပြင်နေတာ တွေ့ရပြီ။ အချိန်ကို မှန်လို့။ ညနေဘက်ကျတော့လဲ သူ့ဥစ္စာက အချိန်ပို အလုပ်ဆင်းရလို့ပဲလား၊ ဒါမှမဟုတ် သူ့အလုပ်နဲ့အိမ်က ဝေးနေလို့ပဲလား မပြေတတ်ဘူး။ များသောအားဖြင့် ဆောင်းတွင်းဆို မှောင်မှ မီးထွန်းချိန်ရောက်မှသာ ကားဆိုက်သံ ဂိုဒေါင်တံခါးပိတ်သံ ကြားရတာပဲ။

အင်း … အချိန်ပိုသာ လုပ်နေရလို့ကတော့၊ တပတ်ကို အလုပ်ချိန် အနည်းဆုံး နာရီ ၅၀ လောက်အထိ ရှိနိုင်တယ်။ သူ့ကားပုံပန်းအရ သူ့ကိုယ်ဝတ်စားထားပုံအရ သူတို့လို ကော်လာဖြူ ဉာဏအလုပ်သမားတွေ ရကြလေ့ရှိတဲ့ အနည်းဆုံး လုပ်ခ တနာရီ ၁၄ ဒေါ်လာနှုန်းနဲ့ပဲ တွက်ကြည့်အုံး။ အခွန်အကောက်မျိုးမျိုး နုတ်ပြီး၊ အာမခံကြေးတွေ ဘာညာကြေးတွေဖြတ်ပြီး တပတ်ဝင်ငွေ အသားတင် ဒေါ်လာ ၇၀၀ လောက် ရနိုင်တယ်။ ၆၀၀ ပဲထားအုံး။ တနှစ်ဝင်ငွေ သုံးသောင်းကျော် ရနိုင်တယ်။

ဖြစ်နိုင်တယ်။ သည်ဝင်ငွေမျိုးနဲ့မို့ သည်လိုအိမ်မျိုး ငှားနေနိုင်တာပေါ့။ ကျုပ်နေတဲ့အိမ်နဲ့က ဘာမှ မနှိုင်းယှဉ်သာဘူး။ သူ့အိမ်မှာက အိမ်ခန်းနှစ်ခန်း။ မြေပေါ်မှာ တထပ်တည်း။ လုံးချင်းအိမ်။ အိမ်ခန်းတွဲ မရှိဘူး။ ပြီး နောက်ဖေးဘက်မှာကလဲ မြေပိုကွက်လပ် တအိမ်စာလောက် ရှိသေးတယ်။ သီးသန့်ပါတီလုပ်ချင်ရင် လုပ်လို့ရအောင် ထားတဲ့သဘော။ ။

ကျုပ်က နှစ်ထပ်အိမ်။ အိပ်ခန်းတခန်း၊ ရေချိုးခန်းတခန်း၊ အိမ်ရှေ့ခန်းတခန်းနဲ့ မီးဖိုခန်းတခန်။ ဒါပဲ။ ကျုပ်က အပေါ်ထပ်မှာ နေတယ်။ အောက်ထပ်မှာက စုံတွဲတတွဲ နေတယ်။ ပြီး နောက်ဖေးပိုင်း မြေပိုမှာက နောက်တအိမ်။ နောက်အိမ်ငှား နှစ်ဦး။ ခြံဝင်းတဝင်းထဲမှာ အိမ်နှစ်လုံး။ လူငှား လေးဦး။ ကားထားစရာ နေရာပို မရှိဘူး။ ရှိသမျှကားတွေ အကုန် လမ်းမပေါ် စင်္ကြံနဲ့ကပ် ရပ်ထားကြ။ သိုက်သိုက်ဝန်းဝန်းပဲ။ ဒါပေမယ့် ရပ်ကွက်က သန့်တော့၊ လူတွေကလဲ မွန်ရည်ကြပါတယ်။ ကျုပ်တောင်မှ အဖိုးကြီးအို စာရေးဆရာ တယောက်တည်းနေမှာ ဆိုလို့ အိမ်ရှင်က ငှားတာရယ်။


ကျုပ်တွက်ရင် လွဲခဲပါတယ်။ နောက်ပိုင်း သူ့အိမ်ရှင်က လဆန်းပိုင်း အိမ်လခလာယူတဲ့ ကျုပ်တို့အိမ်ရှင်ကို ပါးစပ်ဖွာပြီး ကြွားတော့မှ ကျုပ်လဲ ကြားရတယ်။ သူ့အိမ်လခက တလ တထောင့်တရာတဲ့။ တရာက တိရစ္ဆာန်ပါ လက်ခံထားခ တဲ့။ တခြား ဂက်စ်မီတာခ၊ လျှပ်စစ်မီတာခ အိမ်ဖုံးကြေး ဆဲလ်ဖုံးကြေးနဲ့ အားလုံးပေါင်းလိုက်ရင် ထောင့်လေးငါးရာ ဘယ်ပြေးလွတ်လိမ့်မလဲ။ ဘယ် ကျုပ်အိမ်လခက ၄၅၀ ရယ်။ ထီးဝန်းနဲ့ မှိုဖြူ … ဘာမှမဆိုင်ဘူး။

ဒါတောင်နော် တခြားစားသုံးစရိတ်တွေ မပါသေးဘူး။ ခန့်မှန်းသာ ကြည့်တော့လေ။ လူစာသာမက ဝက်ကလဲရှိအုံးမှာ မဟုတ်လား။ ။ အဲ … ပြောဖို့ မေ့နေတယ်။ ကိုယ့်လူကသာ စက်ချလင် တာယာကြော်ငြာပုံလို လေထိုးရုပ်ကြီး ဖြစ်နေတာမဟုတ်ဘူး။ သူ့ဝက်ကလဲ နွေရာသီရောက်လို့ နောက်ဖေးဘက်မြက်ခင်းပေါ် ထွက် ဘောလုံးနဲ့ဆော့ကြတော့မှ သိရတယ်။ ဗိုက်က မြေကြီး ရှပ်တိုက်နေပြီ။

ဝက် ဆိုတဲ့သတ္တဝါရဲ့ သဘောကလဲ ကြားဖူးတယ်မဟုတ်လား။ စားခွက်ထဲမှာ အစာရှိနေလို့ကတော့ မအိပ်ပဲ မနားပဲ အစားနဲ့ပါးစပ် မပြတ် စားနေဝါးနေတဲ့အမျိုးလေ …။

ကျုပ်တို့တိုင်းပြည်မှာတော့ ဝက်မွေးတဲ့လူတချို့ကို တွေ့ဖူးပါရဲ့။ အရပ်ထဲက အိမ်နီးနားချင်းတွေကို သောက်ရေအိုးဟောင်းတွေ လိုက်ပို့ထားပြီး၊ တမင်းရည် ထမင်းကြမ်း စားကြွင်းစားကျန်နဲ့ ဟင်းသီးဟင်းရွက် အမှိုက်တွေ လွှင့်မပစ်ပဲ စုထည့်ပေးထားဖို့ တောင်းမယ်လေ …။

ပြီးတော့ ဈေးထဲသွား။ အမှိုက်ပုံမှာ ပစ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေထဲက နည်းနည်းလတ်သေးတာတွေ ရွေး ကောက်ယူ … အဲဒါတွေအားလုံး ရောမွှေ … ဖွဲနု နှမ်းဖက်ကလေး ပါလေကာဖြူးပြီး သစ်သားဇလားကြီးထဲထည့် ကျွေးကြတာပဲ။ သူ့လို တကူးတကန့် မြွေရေခွံအိတ်နဲ့ထည့်ရောင်းတဲ့ ဝက်စာကို ဝယ်ကျွေးတယ်လို့ရယ်လို့ မကြုံဘူး မကြားဘူးပေါင်။

အဲ … ကောင်ရေအများကြီးမွေးတဲ့ မွေးမြူရေးသမားတွေတော့ မပြောတတ်ဘူးပေါ့နော်။ ဈေးထဲက ကျုပ်တို့ဝယ်စားကြတဲ့ ဝက်သားဆိုတာကလဲ … သည်လို တနိုင်တပိုင် မွေးထားတတ်ကြတဲ့ ဝက်တွေသာ များတာပါပဲ။ ဝက်သတ်လိုင်စင်ရ တရုတ်တွေရဲ့ ကိုယ်စားလှယ်တွေက သည်လို အရပ်တကာ ရွာတကာ နယ်တကာ လျှောက်လှည့်ပြီး ဝယ်ကြတာပါပဲ။

အဲ … သည်အမေရိကားနိုင်ငံမှာတော့ ဘယ် ကျုပ်တို့လိုပုံစံနဲ့ မွေးလို့ရပါလိမ့်မလဲ။ တိရစ္ဆာန်ကိုတော့ မွေးထားပြီး အစာ ဝဝလင်လင် ကောင်းကောင်းမွန်မွန် မကျွေးပါဘူး၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပုပ်အစပ် ပိုးထိုးလောက်ကိုက်တွေ ကောက်ကျွေးပါတယ်။ သန့်သန့်ရှင်းရှင်းလဲ မထားပါဘူး။ တိမွေးကုဆရာဝန်နဲ့လဲ စနစ်တကျမှတ်ပုံတင်လား အချိန်မှန် ဆေးဝါးကုသလားလဲ မလုပ်ပါဘူး … ဆိုတဲ့ တိရစ္ဆာန် နှိပ်စက်ညှဉ်းပမ်းမှု ကာကွယ်ရေးပုဒ်မတွေနဲ့ တရားစွဲခံလိုက်ရ အဖမ်းအချုပ်ခံလိုက်ရမယ့်အမျိုး။

တရားဝင် မှတ်ပုံတင်ပြီး အာမခံ ထားလိုက်လို့၊ လျော်ကြေးပေးလိုက်လို့၊ ဒဏ်ငွေဆောင်လိုက်လို့ …၊ အမှုက ပြီးပြတ်သွားရင် တော်ရဲ့။ အခန့်မသင့်လို့များ တိရစ္ဆာန်တကောင်ကောင်မှာ ကူးစက်ရောဂါ တစုံတရာ ရှာတွေ့သွားရင် … အဲဒါ သွားလေရော့ မီးခိုးမဆုံး မိုးမဆုံး။ ပိုင်ရှင် ထောင်ထဲအထိ ရောက်နိုင်တယ်။

ပြောရအုံးမယ်။ သည်အမေရိကားမှက တိရစ္ဆာန်မွေးမြူစောင့်ရှောက်ရေးနဲ့ပတ်သက်လို့ ဥပဒေစည်းကမ်းတွေ ရှိတယ်။ ပြီး နိုင်ငံတိုင်းမှာလိုပဲ s.p.c.a ဆိုတဲ့ တိရစ္ဆာန်နှပ်စက်ညှဉ်းပမ်းမှု ကာကွယ်ရေး ရဲတပ်ဖွဲ့ သီးသန့်ရှိတယ်။ တခြား မှုခင်းရဲတွေလို လက်နက်ကိုင် ယန္တရားတပ်ဖွဲ့ပဲ။ ရဲကားတွေ အချုပ်ကားတွေ တိရစ္ဆာန်နာတင်ကားတွေ သူနာပြုတွေနဲ့။

လမ်းကြို လမ်းကြားတွေကအစ အမြဲတမ်း ကင်းလှည့်နေကြတာ။ အဲ … မတော်လို့များ သနားကြင်နာတတ်တဲ့ တစုံတယောက်က သူတို့ကို လှမ်းဖုံးဆက်တိုင်ကြားလိုက်ရင် … ပိုင်ရှင်တော့ ရှင်းလေရော။ ဝလင်အောင် ကျွေးစရာ၊ ဆရာဝန်ပြ ဆေးကုသစရာ ပိုက်ဆံမတတ်နိုင်လို့ပါ … ဆိုတဲ့ လျှောက်လဲချက်လဲ လက်မခံဘူး။ အဲ နှိပ်စက်ညှဉ်းပမ်းမှုပဲ။ မတတ်နိုင်ရင် မွေးမထားနဲ့ပဲ။ သူတို့အဖွဲ့ကိုအကြောင်းကြားပြီး အပ်နှံရမယ်တဲ့။ ‘မုတ်ဆိတ်မွေးမနိုင်ပဲ ပဲကြီးဟင်း မသောက်နဲ့’ ဆိုသလိုပေါ့။ ပြတ်တယ်။

ဒါပေမယ့် ကျုပ်ရဲ့အိမ်နီးနားချင်းသူငယ်ကတော့ အဲလိုလူမျိုး မဟုတ်ပါဘူး။ သူ့ဝက်ကို သူ့သား သူ့ညီလို သဘောထားတာရယ်။ ပြီးတော့ တတ်နိုင်တယ်လေ …။ သူ့ဝက်ကို သူ့အိမ်ထဲက ကျုပ်တို့ခြံဘက်အခန်းမှာ သူကိုယ်တိုင်လိုပဲ သီးသန့်အခန်းနဲ့ ထားတာရယ်၊ ပြီး ညီအကိုနှစ်ယောက် ညစဉ်ညတိုင်း အိမ်ရှေ့ခန်းထဲမှာ ဘောလုံးလှိမ့်ကစားနေကြတာ မြင်နေရတာပဲ။ ဘောလုံးကတော့ တင်းနစ်ဘောလုံး ထင်ပါရဲ့။

တခါတရံ ကြမ်းပြင်ပေါ်မှာ နပမ်းလုံးနေလား နေကြရဲ့။ အဲသလို တနာရီလောက် ဆော့ကြပြီးမှ လူရောဝက်ရော ရေမိုးချိုးပြီး ညနေစာ စားကြတာပဲ။ လူကတော့ စားပြီး မီးပိတ် အိပ်နေမှာပေါ့။ ဝက်ကတော့ တညလုံး တဆွတ်ဆွတ်နဲ့ စားနေသံ ကြားရတာပဲ။

အမှန်ကတော့ နေ့ဘက် ကိုယ့်လူအလုပ်သွားနေတုန်း တနေကုန် အခန်းတံခါးပိတ် ထားခဲ့တယ်ထင်ပါရဲ့။ ပြီး ညနေပြန်လာမှ သူ့အတွက်ရော ဝက်အတွက်ရော စားစရာပြင်ဆင်မယ်။ ပြီး ဘောလုံးနဲ့ ဆော့ကြမယ်။ နောက် ရေချိုးကြမယ်။ ပြီးမှ တဝ စားကြမယ်။ ။ ကြာတော့ ဝက်ကလဲ သည်အချိန်စာရင်းကို သိနေပြီပေါ့။ သူ့သခင် ပြန်လာမှ၊ ဘောလုံးကစားပြီးမှ အစာစားရမယ်ဆိုတာလဲ နားလည်နေပြီပေါ့။

အဲ … နွေရာသီရောက်တော့ အိမ်နောက်ဖက်က မြက်ခင်းပြင်မှာ … ငယ် လတ် ကြီး ဘောလုံးသုံးလုံး လိမ့်နေကြတာ ကျုပ် အတိုင်းသား မြင်ရပါတယ်။ ကျုပ်တို့ မြို့တွေထဲက လမ်းလယ်ကောင်မှာ ကစားတတ်ကြတဲ့ ကလေးဘောလုံးပွဲတွေမှာလိုမျိုး … ပိုက်တပ် ဂိုးတိုင်းအသေးစားကလေးတွေ တဖက်တချက် နေရာချထားလို့။ လူကတော့ ခြေတောက်နဲ့ တို့ တို့ပြီး လှိမ့်တာပေါ့လေ…။

အဲ … ဝက်ကတော့ နှုတ်သီးနဲ့ ထိုးလိုက် ကလော်လိုက်လိုက်ပေါ့။ သူဖက်ကိုယ်ဖက် မရှိ၊ ကြုံရာဂိုးပေါက်ထဲရောက်အောင် လု သွင်းကြတာပဲ။ သူ့ဝက်ကိုသူ အစားနဲ့ မျှားပြီး လေ့ကျင့်ထားတယ်နဲ့ တူပါရဲ့။ ဝက်ကလည်း လည်လှပြီ။ ဂိုးပေါက်ထဲ ဝင်သွားပြီဆိုရင် ညီအကိုနှစ်ယောက်လုံး ပျော်တဲ့ပုံနဲ့ မြက်ခင်းပေါ် လှဲအိပ်ချလိုက်ကြပြီး လူးကြလှိမ့်ကြတော့တာပဲ။

ဗဟုသုတ ပြောရအုံးမယ်။ သည်အမေရိကားမှာ pet shaw ဆိုတဲ့ အိမ်မွေးတိရစ္ဆာန် ခွေးတို့ ကြောင်တို့ရဲ့ ‘အလှပြပွဲ’ ‘အလှပြိုင်ပွဲ’ … တို့၊ pet star ဆိုတဲ့ အိမ်မွေးတိရစ္ဆာန် ‘အလိမ္မာပြိုင်ပွဲ’ … တို့၊ pet cop ဆိုတဲ့ အိမ်မွေးတိရစ္ဆာန် … ‘ထောက်လှမ်းရေးပြပွဲ’ … တို့ ဆိုတာတွေ ရှိတယ်။ (သည်မှာ မိုင်းဗုံးရှာတဲ့ စစ်ခွေးတို့ … မူးယစ်ဆေးဝါးနဲ့ တရားခံပြေးကို အနံ့ခံရှာတဲ့ ရဲခွေးတို့ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိဘူး။)

ကျုပ် tv တွေထဲမှာ မြင်ဖူးတာတော့ ရေခဲသေတ္တာတို့ ကြောင်အိမ်တံခါးတို့ကို ဖွင့်တတ်တဲ့ ကြောင်တို့လို့ … ဓာတ်ကြိုးတို့ သစ်ကိုင်းတို့ပေါ် လျှောက်ပြီး ငှက်သိုက်တွေလိုက်ရှာ ငှက်ဥတွေ ခိုးဖောက်စားတတ်တဲ့ ရှဥ့်တို့လို … သစ်ကြားသီးတို့ သစ်ဧည့်သီးတို့ကို ကိုက်ချီယူလာပြီး ဓာတ်ကြိုးပေါ်နား လမ်းမပေါ်လွှတ်ချ၊ မော်တော်ကားက တက်ကျိတ်သွားတော့မှ ဆင်း အထဲက အဆံကို ကောက်စားတဲ့ ကျီးကန်းတို့လို … စုံလို့ပါပဲ။

အဲဒါကတော့ pet smart တဲ့။ အိမ်မှာ မွေးထားကြတဲ့ တိရစ္ဆာန်တွေရဲ့ ပြပွဲပြိုင်ပွဲတွေပဲ။ ပြည်နယ်တကာ မြို့တကာလှည့်ပြီး ပြပွဲပြိုင်ပွဲတွေလုပ် tv တွေရိုက်ပြီး ပြန်ရောင်းစားနေကြတာပဲ။

အဲသည်မှာ ကျုပ်ရဲ့အိမ်နီးနားချင်းသူငယ်က သူ့ဝက်နဲ့ပြိုင်ပွဲ ဝင်သတဲ့လေ …။ သည်နှစ် ဆန်းစက ohio ပြည်နယ် Cincinnati မြို့မှာလုပ်တဲ့ pet athlete တိရစ္ဆာန်အားကစားသမားပြပွဲပြိုင်ပွဲမှာ ကိုယ့်လူညီအကို သွားပြိုင်ခဲ့ကြတာ ပထမဆု ရခဲ့တယ်တဲ့။ မသေးဘူးနော်။ ပထမ က ဆုငွေ ဒေါ်လာနှစ်သောင်းငါးထောင်။ ကိုယ့်လူဟန်ကျလာတာပေါ့။ တိရစ္ဆာလဲ ချစ်တတ်၊ တိရစ္ဆာန် ကရိကထလဲ ခံနိုင်၊ အပင်ပန်းခံ လေ့ကျင်နိုင်တယ်လဲ ဆိုတော့ … တဖက်တလမ်းက ဝင်ငွေရတာပေါ့။

မသိပါဘူး။ ကျုပ်က ကိုယ့်လူ အပျော်တမ်း ဝါသနာပါလို့ မွေးထားတယ်ပဲ ထင်တာ။ စိတ်ထဲကလဲ ကျိတ်ပြီး ချီးမွမ်းနေမိတာ။ ဘာဟုတ်မှာလဲ …။ သူတို့ အမေရိကားမှာက ဒါလဲ အလုပ်တခုပဲကို။ ဒါကြောင့်လည်း နေရာတကာမှာ တိရစ္ဆာန်အလိမ္မာလေ့ကျင့်ရေးသင်တန်းတွေ ဖွင့်ထားကြတာကို။

မောင်သာရ

Friday, February 5, 2010

လူတယောက်နဲ့ ဝက်တကောင် (မောင်သာရ)

ကုသိုလ်များကောင်းချင်တော့ မုတ်ဆိတ်ပျားစွဲ ဆိုသလို ကြံကြံဖန်ဖန် ကျုပ်နဲ့ ခြံချင်းကပ်ရပ်အိမ်မှာ လူတယောက်နဲ့ ဝက်တကောင် ပြောင်းရောက်လာကြတယ်။ ဝတ္ထုတိုတပုဒ်ဖြစ်ဖို့ ကုန်ကြမ်းပေါ့။ လူကတော့ လူငယ်ပဲ ပြောပါတော့။ အကောင်ကထွားပြီး တရားလွန် ဝနေလို့သာကို …။ ဘာရှိအုံးမှာလဲ။ အလွန်ဆုံးရှိလှ သုံးဆယ်ကျော်စပေါ့။

သူတို့အနောက်တိုင်းထုံးစံက နောက်မှပြောင်းရောက်လာတဲ့ အိမ်နီးနားချင်းလူသစ်လဲပဲ ကြိုဆိုနှုတ်ဆက်တဲ့အနေနဲ့ စကားမရှိစကားရှာပြီး မိတ်ဖွဲ့စပ်စုလေ့ မရှိကြတော့၊ ကျုပ်လဲ ဖါသိဖါသာပဲ နေလိုက်ပါတယ်။ ဒါပေမယ့် သိတယ်မဟုတ်လား။ လူက ဗမာလဲဖြစ်ပြန် စာရေးဆရာလဲဖြစ်ပြန်ဆိုတော့ ပါးစပ်က ပိတ်နေနိုင်ပေမယ့် စိတ်က မနေနိုင်ဘူး။ မျက်စိက မနေနိုင်ဘူး။ စရိုက်က ခေါက်ရိုးကျိုးနေပြီလေ …။ ကွယ်ရာက မသိမသာ လေ့လာနေဖြစ်တာပေါ့။

လူက ကြည်ရပုံထောက်တော့ အမေရိကန်အဖြူပါ။ လက်တင်အမေရိကဘက်ကလာတဲ့ စပိန်စကားပြော hispanic အဖြူပုံ မပေါက်ပါဘူး။ ပြီး သူနဲ့ပါလာတဲ့ ဝက်ကလဲ နေ့စဉ်သန့်စင်ထားလို့ပဲလား၊ ကျုပ်တို့မြောက်ဖျားဒေသရဲ့ ဝင်ရိုးစွန်းရာသီဥတုကြောင့်ပဲလားတော့ မပြောတတ်ဘူး။ အဖြူပဲ။

သိတယ်နော် …၊ ကျုပ်တို့ ရှမ်းပြည်တောင်ပိုင်း ‘ကလော’ အတက်နားမှာတောင်မှ ‘ဝက်ဖြူတောင်’ ဆိုတာ ရှိတယ်မဟုတ်လား။

ပြီးတော့လဲ လူရော ဝက်ရောက ဘာတွေ ဘယ်လောက်ထိ အပြိုင်စားထားသောက်လားကြလေတယ် မပြောတတ်ဘူး။ သူတို့အိမ် အဝင်တံခါးပေါက်မှာ သူတို့ပြိုင်တူ ဝင်ထွက်လို့ မရကြဘူးရယ်။ လုဝင်ရင် တစ်နေကြရော။

ပြောရအုံးမယ်။ သည်အမေရိကားမှာက သူဌေးသူကြွယ်တွေစံရာ အိမ်ကြီးရခိုင် ခုနှစ်ဆောင်ပြိုင် mansion ကြီးတွေသာ မဟုတ်လို့ကတော့၊ သာမန်အိမ်တိုင်းမှာ လူတကိုယ်စာ ဝင်သာထွက်သာရုံ ခပ်ကျဉ်းကျဉ်း တံခါးပေါက်ကလေးတပေါက်ပဲ ရှိတတ်ကြတယ်။

အဲသည်မှာ … သံဇကာတံခါးတထပ်၊ သစ်သားတံခါးတထပ်နဲ့ ခြင်ယင်လဲလုံ၊ လေလဲ လုံရတယ်။ ပြီး တဖက်ဖွင့် တံခါးရွက်တရွက်ပဲ တပ်ကြလေ့ရှိတယ်။ အမြဲတမ်းလဲ ပိတ်ထားတတ်ကြတယ်။ မကျယ်ဘူးရယ်။ သည်တော့ သူတို့ ချမ်းလို့ အိမ်ထဲ အမြန်လုဝင်ချင်လို့မရဘူး။ တကောင်ပြီးမှ တယောက်၊ ဒါမှမဟုတ် တယောက်ပြီးမှ တကောင်ပဲ။

ကိုယ့်လူရဲ့ ခန္ဓာကိုယ်အတ္တဘောကြီးကိုလဲ ကြည့်အုံးလေ …။ အရပ်က ခြောက်ပေကျော် မိုးထိုးနေလို့သာ တော်တော့တယ်။ ကျုပ်ထက်ကို နှစ်ဆလောက် ဝနေတယ်ဆိုတော့၊ အနည်းကလေး ပေါင်ချိန် ၃၆၀ ရဲ့အထက်မှာပဲ ရှိမယ်။ နော့ … လမ်းလျှောက်ရင် ခြေထောက်မှ ရှေ့တည့်တည့် လှမ်းမလျှောက်နိုင်တော့ တာပဲ။

သူ့ခါးက ဝတ်နေကျ ဘောင်းဘီတွေကိုလဲ ကြည့်အုံးလေ။ သူများတကာတွေလို ကြယ်သီးတပ်၊ ဇစ်တပ်၊ ခါးပတ် ပတ် ဝတ်ရတာမျိုးမှ မဟုတ်တော့တာပဲ။ များသောအားဖြင့်က ကျောင်းထားခါစ ဘောင်းဘီမမြဲတတ်သေးတဲ့ အရွယ်တွေမှာလို ခါးရှုံ့မျှော့ကြိုးတပ် ပုခုံးသိုင်းကြိုးနဲ့ ဆွဲဝတ်နေရတော့တာလေ။

ဆောင်းတွင်းမှာသာ အပေါ်က အင်းကျီအထပ်ထပ် ဝတ်ထားလို့ မမြင်ရတာကို။ နွေရောက်တော့ T ရှပ်ပေါ်မှာက အတိုင်းသား။ ကျောဘက် စလွယ်သိုင်း y ကြိုးနဲ့။ ကျုပ် ကြံကြံဖန်ဖန် စဉ်းစားကြည့်မိတယ်။ စိတ်ကူးနဲ့ စမ်း ဝတ်ကြည့်တာပေါ့လေ …။ ကျုပ်တို့ရဲ့ ရခိုင်ပုဆို အနံကြီး ကွင်းကျယ်တထည်သာ ပေးဝတ်လိုက်ရရင် သူ့ခါးနဲ့ကတော့ အံကိုက် ခွခေါင်းအုံးစွပ်လို ဖြစ်သွားမယ် ထင်တယ်။

သိတယ်နော် …။ ကျုပ်တို့ ny ပြည်နယ်အနောက်မြောက်ပိုင်းရဲ့ နိုင်ငံကျော် ရာသီဥတုဆိုးဝါးမှုအကြောင်းကို။ သောင်းကျန်းသလား မမေးနဲ့။ အမေရိကန်ဇာတိ နိုင်ငံသားတွေတောင် လက်ဖျားခါတတ်ကြတဲ့ဒေသ။ တနှစ်မှာ ဆောင်းရာသီက အောက်တိုဘာကနေ မတ်လကုန်အထိ ခြောက်လလေ…။

ပြက္ခဒိန်အရမဟုတ်တဲ့ လက်တွေ့ရာသီပေါ့နော်။ သည်ခြောက်လေးထဲမှာလဲ များသောအားဖြင့်က နှင်းတွေဖုံးထားတဲ့အတွက် မြေကြီးမမြင်ရ မြက်မမြင်ရ၊ သစ်ပင်တွေမှာလဲ သက်ရွက်မမြင်ရ၊ အရိုးပြိုင်းပြိုင်း။ ပြီး နှင်းဖတ်နှင်းလွှာ တလှည့်၊ နှမ်းနှင်းမိုးတလှည့်၊ နှင်းမိုးသီးမိုးပေါက်တလှည့်၊ ရေခဲမိုးတလှည့်၊ နှင်းမုန်တိုင်းတလှည့်နဲ့ … နှင်းလွတ်တဲ့နေ့ရယ်လို့မှ ဟုတ်တိပတ်တိ မရှိတော့တာပဲ။

အဲ … ဆောင်းနေတာတိုကလေးတွေထဲမှာ တခါတခါ ကံအားလျော်စွာ နေကလေး ပွင့်လာလို့များ ခဏတဖြုတ် မြင်လိုက်ကြရရင် … အို လူတွေမှာ ပြုံးကြပျော်ကြလို့။ tv,radio မှာ ဒေသမိုးလေဝသဌာနကလဲ ၁၅ မိနစ်တကြိမ် လက်ပန်းပေါင်းခတ် ကျေညာသလေ …။ beautiful day ချင်းကို မိုးမွှန်လို့။ နေ့က လှမှ လှ၊ သာမှ သာ ဆိုပဲ။

ကျုပ် မှတ်မိသေးတယ်။ ကျုပ်တို့ငယ်ငယ်က တပိုင်းတစ လိုက်ဆိုခဲ့ကြဖူးတဲ့ အင်္ဂလိပ်သီချင်းလေ …။ you are my sunshine; my only sunshine; you never know dear; how much I love you; please don’t take my sunshine away … ဆိုတယ် မဟုတ်လား။ နေရောင်ကို ချစ်သူအဖြစ်နဲ့ တင်စားပြီး သုံးထားတာပေါ့။

ဘယ် ကျုပ် လိုက်လျောခံစားလို့ ရပါ့မလဲ။ ကျုပ်က ဗမာပြည်မှာမှ အဝါရောင် အပူပိုင်းဇုံရဲ့အလယ်ကောင် မန္တလေးမှာမွေးတဲ့ အညာသား။ ဖွတ်ကျား …။ ကြားရတာနဲ့ကို စိတ်ကုန်လိုက်တာ။ နေရောင်ကြီး သည်လောက် ခြစ်ခြစ်တောက် ပူနေတာကိုများ ‘ချစ်သူ’ တဲ့။ သီချင်းရေးဆရာ စိတ်မှနှံ့ရဲလား အောက်မေ့ခဲ့မိတယ်။
အခုတော့ ကျုပ် သဘောပေါက်ပါပြီ။ သူ့ရဲ့ ဥဒါဟရုဏ်ကလေးကိုလဲ ကျုပ် ခံစားလို့ရပါပြီ။

ပြောရအုံးမယ်။ အဲသည်တော့ ဆောင်း ဝင်ပြီတဲ့ဟေ့ဆိုရင် ကျုပ်တို့မှာတော့ ပရွက်ဆိတ်ထုံး နှလုံးမူပြီး ရိက္ခာဗူးတွေ ရိက္ခာခြောက်တွေ စုဆောင်းသိုလှောင် ကုန်ကြရပြီ။ ခါတိုင်းလို နို့ဆီတလုံး ဆပ်ပြာတခဲနဲ့ အပြင်ထွက်ဝယ်လို့ မဖြစ်တော့ဘူးလေ …။

လူတွေလဲ ကိုယ့်အိမ်ထဲကိုယ် ထောင်ကျကုန်ကြတာပေါ့။ အကြောင်းကြီးငယ် မရှိပဲ၊ ဘယ်သူမှ အိမ်ထဲကအိမ်ပြင် မထွက်ချင်ကြတော့ဘူး။ အဲ … ကျောင်းသားတွေ အလုပ်သမားတွေကတော့ မလွှဲမရှောင်သာ ထွက်ကြရတာပေါ့နော် …။ ဒါလည်း သူတို့သွားကြရတဲ့ ကားတွေ ရထားတွေထဲမှာနဲ့ ကျောင်း ရုံး အလုပ်ခွင် ဈေးဆိုင် စသည်တွေထဲမှာက အပူဓာတ် လွှတ်ပေးထားတော့ နွေးပါတယ်။

တခုတော့ ရှိတာပေါ့လေ …။ အပြင်ဘက် လမ်းပေါ်မှာ ခြေလျင်လျှောက်သွားရလာရမယ် ဆိုရင်တော့လဲ တမျိုးပေါ့။ ဝတ်ပေတော့ အနွေးထည် အမျိုးမျိုး အထပ်ထပ်။ သာမန် ဖလံထည် သိုးမွှေး သက္ကလပ် ဆိုတာတွေနဲ့ကတော့ မလုံတတ်ဘူး။ အရိုး ခိုက်တယ်။ ခွေးတွေ ကြောင်တွေတောင် မေးရိုက်တယ် ဆိုတဲ့ အချမ်းမျိုးရယ်။

အဲသည်တော့ ဒေသသုံး ကိုယ်ငွေ့ထိန်း thermos အသားကပ် အင်းကျီဘောင်းဘီတွေ အောက်ကခံ ဝတ်ကြရတယ်။ ပြီး နားရွက်အုပ် စွပ်၊ လက်အိတ်စွပ်၊ မျက်လုံးပဲ ဖေါ်တဲ့ ခေါင်းစွပ် ဝတ်၊ ကော်မျက်မှန်အဖြစ် တပ်၊ သိုးမွှေးထူခြေအိတ်ရှည်နဲ့ နှင်းတောတိုး သားရေဖိနပ်ရှည်စီး၊ နှင်းကာမိုးကာ ဒူးဖုံးအပေါ်အင်းကျီနဲ့ တကိုယ်လုံးကို အထပ်ထပ် ထုပ်ပြီးမှ အပြင်ထွက်ရတယ်။ ပြောပကော …။

ဒေသမိုးလေဝသဌာနကလဲ အပြတ် သတိပေးလှုံ့ဆော်နေတာပဲ။ အပြင်ဘက် ထွက်ကြရရင်လဲ ၁၅ မိနစ်ထက် ပိုကြာကြာ မနေဖို့၊ နှာဖျား နှုတ်ခမ်း နားရွက်တွေ ကြွေမကျရအောင် သတိထား ဖုံးအုပ်ဖို့၊ အအေးဒဏ်ကြောင့် အရေခွံတွေဖေါင်းပြီး မီးလောင်ဖုတွေလို ဖြစ်လာခဲ့ရင်လဲ နီးရာဆေးရုံဆေးခန်း အမြန်ပြေးဖို့ … စသဖြင့် စိုးရိမ်ကြီးစွာ ကျေညာနေတာပဲ။

ကျုပ် ပြောချင်တာက … ဒါ ကျုပ်ဝတ္ထုရဲ့ နောက်ခံပန်းချီကားပါ။ တရားလွန် အေးတယ်ပေါ့။ ကျုပ်တို့ ဗမာစာပေထဲက လက်ဝဲသုန္ဒရရဲ့ ‘မဲဇာတောင်ခြေ’ ချီရတု … သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်သည်းထန်၊ သွန်းချပြန်သော် … ဆိုတာကို သွား သတိရတယ်။ သည်မှာက ‘မဲဇာ’ထက် အဆပေါင်းများစွာ ပိုအေးတယ်။

သည်တော့ ကိုယ်ကို အနွေးထည်နဲ့ ကောက်ညှင်းဆိုင်းထုပ်လို့ ထုပ်၊ ပြီးမှ ပင်ဂွင်းငှက်လို လက်ကားယား ခြေကားယား လှုပ်လှုပ်လှုပ်လှုပ်နဲ့ မနိုင်တနိုင် လျှောက်ပြီးထွက်။ ဘာနဲ့တူသလဲဆိုတော့ အဝတ်ထုပ်အထုပ်ကြီး ရွေ့လာသလိုပေါ့။

အသိတယောက်နဲ့တယောက် လမ်းမှာတွေ့လို့လဲ ရုတ်တရက် ဘယ်မှတ်မိကြလိမ့်မလဲ။ ပြီးတော့ အသက်ရှူလိုက်တိုင်း တထောင်းထောင်းထွက်နေတဲ့ နှာငွေ့တွေက မျက်ခုံးမွှေးပေါ်မှာ မျက်မှန်ပေါ်မှာ တွယ်ကပ်ပြီး နှင်းဖတ်တွေ ဖြစ်ကုန်ကြရော။ သည်တော့ ရေးတေးတေးသာ မြင်ရတော့တာကလား။

အမှန်တော့ ဆောင်းတွင်းမှာ အပြင်ဘက် ခြေလျင်လျှောက်ထွက်ဖို့ဆိုတာ မလွယ်ဘူးရယ်။ သဲထဲ ခြေကျွံတာနဲ့ နှင်တွေ ရေခဲမှုံတွေထဲ ခြေကျွံတာကလဲ လုံးဝ မတူဘူး။ ပြန် အနုတ်ရ ခက်တာချင်း တူတယ်ထားအုံးတော့၊ သဲသဘာဝက ခြေထောက်မှာ ဖိနပ်မှာ ကပ်မပါလာဘူး။ နှင်းကတော့ ခြေနင်းရှည်တဖက်တဖက် အနည်း တပိဿာ နှစ်ပိဿာ ကပ်ပါလာတတ်တာ။

ပြီးတော့ သဲထဲမှာက ချော်လဲစရာ အကြောင်းမရှိဘူး။ နှင်းထုထဲမှာကတော့ အောက်ပိုင်းကခဲပြီး ရေခဲပြင် ဖြစ်နေရင် ကလေးလူကြီး အကုန်ချော်လဲတတ်ကြတာပဲ။ သည်လို ချော်လဲကြလို့ နှစ်စဉ် ကျိုးတဲ့လူ သေတဲ့လူတွေတောင် နိုင်ငံအနှံ့ဆိုရင် ထောင်ဂဏန်းနဲ့ချီ ရှိလိမ့်မယ်ထင်တယ်။

ပြီးတော့လဲ လူတိုင်းလူတိုင်းမှာ ဝတ်ထားကြရတဲ့အဝတ်တွေရဲ့ အလေးချိန်က ကိုယ့်ခန္ဓာကိုယ်အလေးချိန်ထက် ပိုရင်သာပိုမယ်၊ လျော့မယ်မထင်ဘူး။ သည်တော့ နှင်းထဲလျှောက်ရတာက ကိုယ့်ကိုယ်ကို ထမ်းသယ်သွားရသလို ဖြစ်နေတာလေ …။ ဘယ့်နှယ့် ဆယ်လှမ်း ဆယ့်ငါးလှမ်း လှမ်းလိုက်ရင်ပဲ အတွင်းထဲမှာက ချွေးစို့ချင်လာပြီ။ မောချင်လာပြီ။

ကိုယ့်လူ အိမ်နီးနားချင်းခမျာလဲ ကျုပ်လိုပဲ အပြင်ဘက် သိပ်မထွက်နိုင်ပါဘူး။ သူကမှ ကျုပ်ထက် ပိုဆိုးအုံးမယ်။ မတော် သူ့ခန္ဓာကြီးနဲ့များ နှင်းတွေထဲ ပစ်လဲလိုက်ရလို့ကတော့၊ ကိုယ့်ဘာသာကိုယ် ပြန်ထနိုင်ဖို့က ဘယ်လွယ်လိမ့်မလဲ။ ဘဲဥကို မှန်ပေါ် ပြန်ထောင်ရသလို နေမှာ …။

ခက်တာက သူ့မှာလဲ ကျုပ်လိုပဲ အိမ်ရှင်မ မရှိဘူး။

အရေးထဲ အိမ်ထဲမှာ ဝက်တကောင်ကလည်း ထည့် မွေးထားသေးတယ်။ လူစာရော ဝက်စာရော ဝယ်ဖို့ခြမ်းဖို့အတွက်က အနည်းဆုံး တပတ်အခါတော့ ဈေးသွားဖို့ လိုမှာပေါ့။ ပြီး သူလုပ်နေတဲ့ အလုပ်အတွက်ကလဲ သူများတကာလို့ တပတ်မှာ ငါးရက်ကတော့ ထွက်ရမှာပေါ့။ သူ ဘာလုပ်သလဲ။ သူ့အလုပ်က ဘယ်မှာလဲ။ ကျုပ် မသိဘူး။ ဒါပေမယ့် အလုပ်သွားဖို့ အပြင်ထွက်ဖို့ကတော့ သူ့မှာလဲ ကိုယ်ပိုင် မှန်လုံထရပ်ကား ရှိပါတယ်။

အဲ … ကားဆိုလို့ ပြောရအုံးမယ်။ သူ့ရဲ့အခြေအနေအရာ သူ့ကားကိုလဲ သူ့အိမ်နဲ့တွဲရက်က ကားဂိုဒေါင်ထဲမှာ ထည့်ထားရတယ်လေ။ သိတယ်နော် … သည်နိုင်ငံမှာက ကားကို ဂိုဒေါင်နဲ့ထားနိုင်တယ်။ ကားဂိုဒေါင် တွဲရက်ပါတဲ့ လုံးချင်းတထပ်တည်းအိမ် ငှားနေနိုင်တယ်ဆိုတာ နည်းတဲ့အဆင့်မဟုတ်ဘူး။

ဂိုဒေါင်ငှားခပါ ပေးရမှာဖြစ်တဲ့အတွက် အိမ်လခ ဈေးကြီးမယ်။ ပေးနိုင်ဖို့အတွက်ကလည်း ဝင်ငွေကောင်းရမယ်။
ဒါပေမယ့် ကိုယ့်လူရဲ့အခြေအနေက ကားထည့်ထားဖို့ ဂိုဒေါင်ပါမှကို ဖြစ်မယ်။ သူများတကာတွေလို ကားကို အိမ်ရှေ့လမ်းဘေး ရပ်ထားလို့မဖြစ်ဘူး။ ကားက အဖိုးတန်လို့ ကောင်းလှသစ်လှလို့ မဟုတ်ဘူး။ သူက သူ့ကိုယ်သူမှ အနိုင်နိုင်မဟုတ်လား။

ခုလို ဆောင်းတွင်းမှာ သူများတကာရဲ့ကားတွေလို အပြင်မှာရပ်ထားလိုက်လို့ … တညလောက်များ နှင်းကျများတာနဲ့ကြုံလိုက်ရင် သူ့အဖို့က ဘယ်လွယ်လိမ့်မလဲ။ တခါတလေ နှင်းက အကျများရင်း ထူရင်၊ နှင်းမုန်တိုင်းနဲ့ ကြုံရင် … တညဆို ဆိုသလောက် မနက်မိုးလင်းလို့ သွားစရာရှိရင် ကိုယ့်ဟာကိုယ် နှင်းထုအောက်က ပြန်တူးဖေါ်ယူရတတ်တာလေ …။ နှင်း ဆိုတာကလဲ မိုးလိုပဲပေါ့။ ကျချိန်ကန်သတ်ချက် ဘယ်ရှိမှာလဲ။ ပြီးတော့ တခါတရံ မိုးစွေသလို စွေတတ်တာမျိုးပဲ။

ဆက်လက်ဖော်ပြပါမယ်။

Wednesday, February 3, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၂၇)

လှေနံတွင် ကွဲကုန်သောပျဉ်တွေကို ပြန်ပြီးခွာထုတ်၊ ပျဉ်တွေ ထပ်စု လုပ်ရပါသည်။ တကယ်က ကျနော်တို့လှေကလေးမှာ သစ်ကောင်း၊ ပျဉ်ကောင်းနှင့် လုပ်ခဲ့ရခြင်း မဟုတ်ပါ။ ပေးအပ်သည့် အခြေအနေအောက်မှာသာ လုပ်ခဲ့ရခြင်းဖြစ်ပါသည်။

ရက် ၄၀ အစာငတ်ခံတိုက်ပွဲ ပြီးဆုံးပြီးနောက် အစာငတ်ခံတိုက်ပွဲဝင်ရဲဘော် တော်တော်များများ ချည့်ကုန်ပါသည်။ ဝါးခယ်မ ကိုတင်ရီ၊ ဘိုကလေး ကိုလှကြည်၊ ဦးအောင်ငွေ အခြားသူများ မမှတ်မိတော့ပါ။ ဘိုကလေး ကိုလှကြည်မှာ ယခုအချိန်အထိ မသန်မစွမ်း ဖြစ်ကျန်ရစ်ခဲ့ပါသည်။

အရှေ့တောင်အာရှ၏ ရာသီဥတုမှာ မေလအလယ်လောက်တွင် မုတ်သုန်ရာသီ စပါပြီ။ နဂိုမူလ ဖထီးမန်းစီစဉ်ခဲ့သော အစီအစဉ်မှာ ရာသီဥတု ကောင်းမွန် စိတ်ချရသည့်အချိန်ကို ရွေးချယ်ခဲ့ပါသည်။ မမျှော်လင့်ဘဲ ကိုတင်ငြိမ်း သေဆုံးခဲ့ရသည့်အတွက် မူလအစီအစဉ်များ လွဲခဲ့ရလေပြီ။

မတတ်နိုင်ပါ။ မိုးရာသီ မကုန်တကုန်အချိန်တွင် ပြန်လည်ရွှေ့ဆိုင်းရန် သတ်မှတ်လိုက်သည့်အတွက် ရာသီဥတုကိုလေ့လာရန် လိုပါသည်။ ဖထီးမန်းက ကျနော့်ကို ရာသီဥတုလေ့လာရန် တာဝန်ပေးပါသည်။ မြန်မာ့အသံမှ သတင်းများ ကြေညာပြီးသည့်နောက်တွင် ရာသီဥတုသတင်းကို အမြဲကြေညာပါသည်။

သတင်းအပြီးတွင် မြန်မာ့ပင်လယ်ပြင်တွင် သာသာယာယာရှိမည်၊ မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းကြီးမည်၊ မြေပြင် ရေပြင် လေသည် တနာရီ မိုင် ၃၀ နှုန်း တိုက်ခိုက်မည် စသည်ဖြင့် ရာသီဥတုသတင်းကို ကြေညာလေ့ရှိပါသည်။

လှိုင်းအသင့်အတင့်ရှိမည်ဟုကြေညာလျှင် ပင်လယ်တွင် တကယ်ဖြစ်ပေါ်နေသော လှိုင်းအသင့်အတင့်အရွယ်ကို လေ့လာမှတ်သားရပါသည်။ မြေပြင်ရေပြင်လေသည် တနာရီ မိုင် ၃၀နှုန်း တိုက်ခတ်သည့် လှိုင်းအရွယ်ကို လေ့လာမှတ်သားပါသည်။

ကျနော် ရာသီဥတုသတင်းကို ၆ လခန့် ဂရုတစိုက်လေ့လာရာ လေတိုက်နှုန်းနှင့် လှိုင်းပမာဏကို အကဲခတ်လို့ ရလာပါသည်။ လှိုင်းဖြစ်ပေါ်နေသည့်အရွယ်ကို ကြည့်ပြီး လေတိုက်နှုန်းကိုလည်း ခန့်မှန်း၍ ရလာပါသည်။ မြန်မာ့အသံမှာ လကုန်ရက်ရောက်တိုင်း ရှေ့လာမည့်လ၏ လဆန်း ၁၀ ရက် အတွက် ရာသီဥတု ကြိုတင် ခန့်မှန်းကြေညာချက်ကို ကြေညာပေးလေ့ ရှိပါသည်။

အာဇာနည်သူရဲကောင်းတို့၏နောက် ဖဝါးခြေထပ် ထပ်ချပ်မကွာ

ကျနော် မှတ်မှတ်ရရ ဖြစ်ရပ်လေးတခုကို မှတ်တမ်းတင်ချင်သေးသည်။ ထိုနေ့သည် မေလ ၂၀ ရက်နေ့ဖြစ်သည်။ ညနေစောင်း ၅ နာရီထိုးလောက်ရှိမည် ထင်သည်။ မြောက်ဘက်ဖိုကြီး၏ နောက်ဘေးဘက် သဲခုံတွင်ဖြစ်သည်။

ကျနော်ထိုင်နေသည့် ရှေ့နား ၅ ကိုက်လောက်တွင် သံဆူးကြိုးဝင်း ကိုက် ၁၀၀ အဝေလောက်တွင် အိုနာဆစ် သင်္ဘောပျက်ကြီး မီးလောင်ခဲ့သည့်ဒဏ်၊ လှိုင်းဒဏ်၊ လေဒဏ်၊ ပင်လယ်ရေငံစားထားသည့်ဒဏ်ကြောင့် သံချေးတွေတက်ပြီး ဝါကျင့်ကျင့်၊ ညိုမဲမဲအရောင်ဖြစ်နေသည်။ အရှေ့ပင်လယ်ပြင် တမျှော်တခေါ် မျက်စေ့တဆုံးကို လှမ်းမျှော်ကြည့်လိုက်လျှင်လည်း ပင်လယ်ပြင်ကြီးမှာ သာယာသည့်အသွင် မဆောင်ဖြစ်နေသည်။

ပင်လယ်၏သဘောသည် ကြေးမုံကဲ့သို့ပင် ဖြစ်သည်။ ကောင်းကင်ပြင်တွင် တိမ်တွေကင်းစင်ပြီး နေသာလျှင် ကောင်းကင်ပြာကြီးမှာ သာယာပါသည်။ ဤကောင်းကင်ပြာ၏အရိပ်သည် အပြောကျယ်လှသော ပင်လယ်ပြင်ကြီးသို့ အရောင်ဟပ်သည့်အခါတွင် ပင်လယ်ပြင်ကျယ်ကြီးတခုလုံးမှာလည်း အပြာရော၊ မဲနယ်ပြင်ကြီးအသွင်ဆောင်လျက် အလွန်သာယာ လှပပါသည်။

ယခု မေလ ၂၀ ရက်နေ့ရောက်လာပြီမဟုတ်ပါလား။ မုတ်သုန် အရိပ်နိမိတ်၊ မုတ်သုန်၏အငွေ့အသက်တို့သည် ထင်ဟပ်လာပါပြီ။ တိမ်မဲညိုတို့သည် ကောင်းကွင်ပြင်တခွင်လုံး ဖုံးအုပ်၍နေပါသည်။ ပတ်ဝန်းကျင်မြင်ကွင်း တခုလုံးမှာလည်း မှောင်အိုက်အိုက် ဖြစ်နေသည်။ ကောင်းကင်ပြင်ရှိ တိမ်မဲညိုတို့၏အရောင်သည် ပင်လယ်ပြင်ကြီးကိုလာပြီး ထင်ဟပ်နေသည့်အတွက် ပင်လယ်ပြင်ကြီးမှာ ညိုမဲမှောင်၍ ခဲပုတ်ရောင်အသွင် ဆောင်နေပေသည်။

ရာသီဥတုနိယာမသည် သဘာဝပတ်ဝန်းကျင်ကို ပုံဆောင်ဖော်ပြလျက် မြင်ကွင်းတခုလုံးမှာ စိတ်လက်မကြည်မသာနှင့် အလိုမကျ စိတ်မသက်မသာ ဖြစ်နေသူလူကြီးတဦးနှင့် အလားသဏ္ဍာန် တူနေပါသည်။ ကျနော်လည်း ကောင်းကင်ပြင်နှင့် ပင်လယ်ကိုကြည့်ပြီး စိတ်လက်ရွှင်လန်းမှုမရှိပါ။ စိတ်လေးလံနေသည်။

ထိုအချိန်တွင် ဦးမြသန်းတင့်ရောက်လာပြီး ကျနော့်ဘေးနားသို့ လာထိုင်ပါသည်။ ကျနော့်အနေနှင့် လောကဝတ်အရ ခေါ်ပြောနှုတ်ဆက်ခြင်းလည်း မရှိ။ ကျနော် ဒီလိုပဲထိုင်ပြီး ပင်လယ်ပြင်ကို ငေးနေပါသည်။ ကျနော့်မျက်နှာသည်လည်း ကျနော့်အတွင်းစိတ်၏ လာရောက်ထင်ဟပ်မှုကြောင့် ရွှင်ပြသည့်အသွင်ကို မဆောင်နိုင်ပါ။

ဦးမြသန်းတင့်က ...

“ဒီအချိန်ဆိုရင် ပင်လယ်ပြင်ဟာ စိတ်မချရတော့ဘူး၊ ပင်လယ်ကို ဖြတ်လို့ မကောင်းဘူး”

ဦးမြသန်းတင့်စကားသည် ကျနော်ကို လှုပ်နှိုးလိုက်သကဲ့သို့ဖြစ်သွားပါသည်။ ကျနော် ဘာမှပြန်မပြောပါ။ ၂ ယောက်သား အတွေးကိုယ်စီနှင့် ရှိနေပါသည်။ သူလည်း ရှေ့ဘာမှဆက်ပြီး မပြော၊ ကျနော်လည်း ဘာမှပြန်မပြောပါ။ ကျနော်တို့ ၂ ဦး၏ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ပြီးတော့မှ သူအရင် ပြန်ထသွားသည်။ ကျနော်လည်း စိတ်လက် မရွှင်မလန်းနှင့် ပြန်ပြီး ထလာပါသည်။

ဆက်လက်ဖော်ပြပါမည်။

Tuesday, February 2, 2010

တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ၊ ခါးက မသန် (ကာတွန်း စောငို)


ကျောင်းသား ထောင် တော်လှန်ရေးသမား (၃၇)

ပြည်သူ့သူရဲကောင်းများရဲ့ ဈာပန

ကျနော်တို့တတွေ တိုက်ပွဲတိုက်ကြတော့မယ်ဆိုကတည်းက ကျနော်တို့အနေနဲ့ အကျအဆုံးတော့ ရှိမှာပဲ။ စွန့်လွှတ်ရတာတွေရှိမှာပဲဆိုတာ တွက်ပြီးသားပဲ။ ဒါပေမယ့် တန်ဖိုးဘယ်လောက်များများပေးရမလဲ ဆိုတာကျတော့ တယောက်နဲ့ တယောက် တွက်ချက်မှုတွေ နည်းနည်းကွဲပြားတာပေါ့ဗျာ။

တချို့ကလည်း ၂ ယောက်၊ တချို့ကလည်း ၃ ယောက်၊ ၄ ယောက်လား၊ ၅ ယောက်လား။ အဲ့လိုတွက်ကြတာ၊ အမျိုးမျိုးပဲ။ သေချာတာတခုကတော့ ရှေ့က အလံနီတွေတိုက်တုန်းက တယောက်ကျခဲ့တယ်ဆိုတော့ အဲ့ဒီ တယောက်ထက်တော့ မနည်းဘူးဆိုတာတော့ သေချာတယ်။

အဲဒီလိုနဲ့ တိုက်ပွဲက ၅ ယောက် ကျဆုံးသွားပြီ။ အရေအတွက်ဟာ အတော်များတယ်။ ထောင်သမိုင်းမှာ အများဆုံးပဲလို့ ပြောနိုင်တယ်။ ကျနော်တို့ ရဲဘော်တွေထဲမှာ ဒီကိစ္စ အတော်လေး အလေးအနက်မထားလို့မဖြစ်၊ မစဉ်းစားလို့မဖြစ် အခြေအနေ။

ဘာကြောင့်လည်းဆိုတော့ ကိုးကိုးကျွန်းမှာ ကျနော်တို့ရဲဘော်တွေနေကြတဲ့ အဆောင် ၅ ဆောင်။ အဲဒါကြောင့်မို့လို့ အခုကျဆုံးတဲ့ အရေအတွက်နဲ့ တွက်လိုက်မယ်ဆိုလို့ရှိရင် ဟာ … တဆောင်ကို တယောက်နှုန်းလောက် ရှိနေပြီ။

ဒီအချိန်မှာ ကျနော်တို့ထဲမှာလည်း အမျိုးမျိုးစဉ်းစားကြတာတွေ ရှိတယ်။ ထောင်အာဏာပိုင်တွေဘက်ကပဲ ဖြစ်ဖြစ်၊ ကျနော်တို့ဘက်ကပဲ ဖြစ်ဖြစ်၊ အခုအချိန်ဟာ ပြင်းထန်ပြီးတော့ တယောက်ကိုတယောက် အကဲစမ်းကြတဲ့အချိန်။ တိုက်ပွဲရဲ့ အထွဋ်အထိပ်လို့ပြောရင်လည်း ရတယ်။ ကျနော်တို့ထဲက တချို့က တိုက်ပွဲအရှိန်မြှင့်ဖို့၊ နောက်အာဏာပိုင်တွေကို ဖိအားပေးဖို့ အမျိုးမျိုးစဉ်းစားကြတယ်။

တချို့က နောက်ထပ် အသုတ်လိုက် ထပ်ဝင်မလား။ တချို့က ရေဖြတ်ကြမလား။ ဒါမှမဟုတ် အခြားတိုက်ပွဲသဏ္ဍာန်တွေ ဖော်ကြမလား။ အမျိုးမျိုး စဉ်းစားကြတယ်။ တချို့ကတော့ ခေါင်းဆောင်တွေကို သွားပြီး တင်ပြကြတယ်။ ဒါပေမယ့် ကျနော်တို့ ခေါင်းဆောင်တွေက တိုက်ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီး သယ်ဆောင်လာခဲ့ကြတယ်။ ဒီအချိန်ဟာ ခေါင်းဆောင်မှုရဲ့ အရည်အချင်းကို စမ်းသပ်တာလို့ ကျနော်တို့ ပြောလို့ရတယ်။

ဒါနဲ့တဆက်တည်းမှာ ကျနော် ပြောချင်တာတခုက ကျနော်တို့တိုက်ပွဲ အဲဒီအချိန်အထိ ဒီထောင်စခန်းအတွင်းမှာရှိတဲ့ အခြားအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်တဦးချင်းတွေဟာ ကျနော်တို့ကို ဘာမှ ဝေဖန်ပြောဆိုတာ မရှိဘူး။ အားပေးစကားပဲ ပြောကြတယ်။ ထောက်ခံကြတယ်။ အဲ့ဒါကတော့ ကျနော်တို့ မှတ်တမ်းတင်၊ ကျေးဇူးတင်ရမယ့်ကိစ္စပဲ။

ကျနော်တို့သိရတဲ့ သတင်းအရဆိုလို့ရှိရင် ထောင်အာဏာပိုင်တွေဘက်ကလည်း သူတို့တတွေ သိတ်အနေရခက်နေတယ်။ သူတို့လည်း ခြောက်ခြားနေကြတယ်။ ဘယ်ဗျာ … အကျဉ်းစခန်း အလယ်တည့်တည့်မှာ ယာယီစခန်းထိုးပြီး ခေါင်းတလားကြီး ၅ ခု တင်ထားတာ။ အဲ့ဒီလိုတိုက်ပွဲမျိုးဟာ ဘယ်သူ မတုန်လှုပ်ပဲရှိပါ့မလဲ။ ကျနော်လို့ လေ့လာလို့သိရတဲ့ သတင်းအရဆိုလို့ရှိရင် ထောင်အာဏာပိုင်တွေကြားမှာ ဒီလိုတိုက်ပွဲမျိုး တခါမှမကြုံဘူးလို့ အံ့သြတုန်လှုပ်နေကြတယ်ဆိုတာကို။

တိုက်ပွဲပြီးတဲ့နောက်ပိုင်းကျတော့ အဲ့ဒီထောင်ဝါဒါတွေနဲ့ စကားစပ်မိလို့ ပြောကြတဲ့အခါမှာ သူတို့က ...

“ဟာ … ခင်ဗျားတို့ ဘယ်လိုနေလဲ မသိဘူးဗျာ။ ကျုပ်တို့တော့ ကိုယ့်ဟာကိုယ် ရူးကုန်မလားတောင် အောက်မေ့တယ်။ စားမဝင် အိပ်မပျော်ပဲ။ အင်တာနေရှင်နယ် သီချင်းသံကြားပြီဆိုရင် ထိတ်သွားတာပဲ။ ကိုယ့်နားကိုယ်တောင် အတင်းပိတ်ထားတယ်”

လို့ ပြောကြတယ်။ အမှန်ပဲ။

ကျနော်တို့ အဲ့ဒီကိုကိုးကျွန်းစခန်းပေါ်မှာ သင်္ကြန်ပွဲတော်ဆိုရင် နှစ်စဉ်ပဲ ရိုးရာဓလေ့ထုံးစံနဲ့အညီ ကျနော်တို့ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ကြတယ်။ ကပွဲ ခုန်ပွဲတွေလုပ်တယ်။ စင်တင်တဲ့ ကပွဲလုပ်တယ်။ အိုးစည် ဒိုးပတ်တွေနဲ့ အကျွေးအမွေးတွေ လုပ်ကြတယ်။ အားကစားပွဲတွေတောင် ပါသေးတယ်။ ဒါပေမယ့် ဒီနှစ်မှာကျတော့ ကျနော်တို့ အကျဉ်းစခန်းတခုလုံးမှာ သင်္ကြန်တေးဆိုလို့ ဘာသံမျှ မရှိဘူး။ ကြွေးကြော်သံတွေပဲ ရှိတယ်။

ဒီလိုနဲ့ မေလရောက်လာတယ်။ မေလဆိုတော့လည်း မုတ်သုန်ရောက်ပြီ။ မုန်တိုင်းနဲ့ မုတ်သုန်ဟာ ပြတ်တယ် မရှိတော့ဘူး။ ပင်လယ်ပြင်ဘက် လှမ်းပြီးကြည့်လိုက်ရင်လည်း လှိုင်းတွေက တဝုန်းဝုန်းနဲ့။ အိုနာဆစ် သင်္ဘောကြီးက လှိုင်းတွေပေါ်မှာ ယိမ်းထိုးနေတယ်။ လှိုင်းတွေက ဖွားခနဲ ဖွားခနဲ သင်္ဘော ခေါင်းတိုင်ပေါ်တောင် ကျော်ပြီးတော့ တက်လာတယ်။

အဲ့ဒီလိုနဲ့ ကျနော်တို့ တိုက်ပွဲစလို့ ၅၂ ရက်မြောက်တဲ့နေ့။ မပြီးခင် တရက်ပေါ့လေ။ အဲ့ဒီနေ့မနက်မှာ ထောင်တာဝန်ခံတွေ အကျဉ်းစခန်းထဲဝင်လာပြီး တိုက်ပွဲဆောင်ထဲအထိ ရောက်လာတယ်။ သူတို့ ဒီတခါ လာတာဟာ ခါတိုင်းလို တိုက်ပွဲကို ဂရုမစိုက်တဲ့ ပုံသဏ္ဍာန် မဟုတ်တော့ဘူး။ သူတို့ပုံကို ကြည့်ရတာ ဟန်မဆောင်နိုင်ဘူး။ တကယ်ကျတော့ သူတို့လည်း စိတ်ချောက်ခြားနေပြီ။ စိတ်တွေလည်း ပင်ပန်းလှပြီကိုး။

အမှန်က ဒီတိုက်ပွဲတွေကို အဆုံးအဖြတ်ပေးနိုင်တာက ဒီထောင်အာဏာပိုင်တွေ မဟုတ်ဘူး။ ရန်ကုန်ကနေ အဆုံးအဖြတ်ပေးနေတာ။ ဒီမှာရှိတဲ့ ထောင်တာဝန်ခံတွေ၊ ထောင်အာဏာပိုင်တွေဆိုတာက ဟိုက ပြောခိုင်းတာပဲ လာပြီးပြောနေရတာ။ အဲ့ဒီတော့ သူတို့လည်း စိတ်မချမ်းသာဘူး။ ဒါ သေချာတယ်။

ဒါပေမယ့် ထောင်တာဝန်ခံတွေထဲမှာလည်း အမျိုးမျိုးတော့ ရှိတာပေါ့လေ။ တယောက်နဲ့တယောက် သဘောထားချင်းတော့ တူချင်မှတူကြတာပေါ့။ တချို့ကတော့ သခင်အားရ ကျွန်ပါးဝ ဒါမျိုးလည်း ရှိတတ်ပါတယ်။

ဒီတခါဝင်လာတဲ့အခါကျတော့ သူတို့မျက်နှာပေးတွေကို ကြည့်လိုက်ရင်ပဲ သူတို့မှာ ပြောစရာ တခုတခု ပါလာတယ်ဆိုတာ သေချာတယ်။ သူတို့က တိုက်ပွဲဆောင်ထဲကို လျှောက်လာကြတယ်။ ဟန်ကိုယ့်ဖို့တော့ အတတ်နိုင်ဆုံး လုပ်ထားကြတယ်။ ဒါပေမယ့် သူတို့လှုပ်ရှားမှုကို ဘေးကအကဲခတ်နေတဲ့ ကျနော်တို့ ရဲဘော်တွေကတော့ အခြေအနေကို မှန်းဆလို့ ရနေတယ်။

အဲ့ဒီမှာ ထောင်အာဏာပိုင်တွေက တာဝန်ရှိတဲ့ ရဲဘော်တယောက်ဖြစ်တဲ့ ကိုဖေအောင် (ကွယ်လွန်သူ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ထင်အောင်ရဲ့ တူတော်တယ်။ ပြည်သူ့တိုးတက်ရေးပါတီကပဲ)ကို သူတို့က ...

“သပိတ်မလှန်သေးဘူးလား”

လို့ မေးတယ်။

ဒီမေးခွန်းမျိုးက တိုက်ပွဲစကတည်းက သူတို့တခါမှ မမေးဖူးဘူး။ ဒါ ပထမဆုံး မေးတာ။ အရင်တုန်းကဆိုရင် သူတို့မေးလည်း မမေးရဲဘူး။ မေးလိုက်လို့ရှိရင် တခါတည်း နေရာတင် အရိုက်ခံရမှာ။ ကိုဖေအောင်ကတော့ တည်တည်ငြိမ်ငြိမ်ပဲ။

“ကျုပ်တို့ တောင်းဆိုတာ ပေးလေ။ မပေးရင် မလှန်ဘူး”

လို့ ပြောလိုက်တယ်။

တိုတိုပြတ်ပြတ် ပြောလိုက်တော့ အာဏာပိုင်တွေက ...

“ဟာ … အခု ၅ ယောက်ရှိသွားပြီ။ ထပ်သေကုန်ပါဦးမယ်ဗျာ”

လို့ စာနာသလိုလို၊ ခြောက်လှန့်သလိုလို ပြောတယ်။

ဆက်လက်ဖော်ပြပါမယ်။