Thursday, September 10, 2009

သူရဲဘောကြောင်လှသည့် လုပ်ရပ်ဆိုး

အမေရိကန်နိုင်ငံ၏သမိုင်းတွင် နှစ်ပေါင်း ၅ဝ ကျော်အတွင်း အကြီးမားဆုံး တိုက်ခိုက်ခံရမှုကြီးကို (မြန်မာပြည်သူ အများစုကြီးမှလွဲ၍) ကမ္ဘာ့ပြည်သူအားလုံး ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရပေပြီ။


နိုင်ငံအများအပြားမှ ရာနှင့်ချီသော ကမ္ဘာ့လူသားတို့ ယခုထိ ပျောက်ဆုံးနေဆဲ။ အသက်ရှင်လျှက် ပြန်တွေ့ရန်မူ မျှော်လင့်ချက်က နည်းလှ၏။


စစ်အေးလွန်ခေတ် ကမ္ဘာ့အင်အားကြီးနိုင်ငံတခု၏ မူဝါဒများ၊ ဝင်ရောက်စွက်ဖက်ခဲ့မှုနှင့် ကမ္ဘာ့ပြဿနာများအပေါ် ဦးဆောင် လွှမ်းမိုး ကြားဝင်နေမှုများကို ကျနော်တဦးတည်းအနေဖြင့် ဘဝင်မကျသော အစိတ်အပိုင်းများရှိပါသည်။ သို့ သော် ယခုဖြစ်ရပ်၌ ပို၍ဘဝင်မကျ ဒေါသဖြစ်ရသည်ကား အကြမ်းဖက်သမားများအပေါ်သာဖြစ်သည်။ တနည်း အကြမ်းဖက်သမားတို့၏ လူမဆန်သော သူရဲဘောကြောင်သည့် လုပ်ရပ်ဆိုးကြီးကိုပင် ဖြစ်ပေ၏။


အခင်းဖြစ်သည့်နေ့က CNN (Cable News Network) သတင်းဌာန ၏ တိုက်ရိုက်ထုတ်လွှင့်ပြသနေမှုကို ရုပ်မြင်ဖန်သားပြင်ပေါ်တွင် အံ့သြထိတ်လန့်ဖွယ်ရာ မြင်တွေ့နေရသည်။


နယူးယော့ခ်တမြို့လုံးအပေါ် လွင့်ပြို ဖုံးအုပ်လာသော မီးခိုးလုံးကြီးများ၊ အလဲလဲအပြိုပြိုနှင့် ပြေးလွှားနေကြ သူများ၊ မီးလောင်နေသော ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦပေါ် ကျန်ရစ်ခဲ့ကြသူများအတွက် အော်ဟစ်ငိုကြွေး အကူအညီတောင်းနေသူများ စသည့် အနိဌာရုံများဖြင့် နယူးယော့ခ်မြို့ကြီး နာကျင်နေတော့သည်။



အကြမ်းဖက်သမားတို့၏ ကျူးကျော်တိုက်ခိုက်မှုပစ်မှတ်သည် အဘယကြောင့် အပြစ်မဲ့ပြည်သူလူထုအပေါ် ဦးတည်ခဲ့ရပါသနည်း။


ရုပ်မြင်ဖန်သားပြင်ပေါ်မှ အဖြစ်အပျက်ဆိုးများကို ကြည့်ရှုနေရင်း အထက်ပါမေးခွန်းက ကျနော်၏ တဒင်္ဂအာရုံထဲ ဝင်ရောက်လာချိန် ကျနော့်အတွေးကလည်း ကျနော်တို့၏ အတိတ်စာမျက်နှာကို ဆွဲလှန်ပစ်လိုက်၏။


ရှစ်လေးလုံး အရေးအခင်းကာလ …။ တပါတီအာဏာရှင်စနစ် နှင့် စစ်အာဏာရှင်စနစ်နှစ်ရပ်ကို ပေါင်းစည်း၍ ဖိနှိပ်အုပ်ချုပ်ခံနေရမှုအောက်မှ လွတ်မြောက်ရေးအတွက် မြန်မာပြည်အဝှမ်းရှိ လူမျိုးစုံ ပြည်သူလူထုနှင့် လူတန်းစား အလွှာအသီးသီးတို့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေသည့်အချိန်။


စစ်အာဏာရှင်ချုပ်မှူးကြီး ဗိုလ်နေဝင်း၏ “ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ တွေမပါဘူး” ဆိုသော ကမ္ဘာကျော် အစွန်းရောက် စကားလုံးကြီး ကြမ်းကြမ်းတမ်းတမ်း ထွက်ကျလာပြီးနောက် များမကြာမီ …။


စစ်အုပ်စု လက်ကိုင်တုတ်တပ်ဖွဲ့ဝင်များ၏ သွေးအေးအေးဖြင့် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြီးကို ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူမျိုးစုံပြည်သူလူထုကြီး ခံလိုက်ရတော့သည်။


လက်နက်ဆို၍ အပ်တိုတချောင်းမျှပင်မရှိသော လူသားအခွင့်အရေး မွတ်သိပ်တောင့်တမှုတို့ကို နှလုံးသားထဲတွင် သယ်ဆောင်လာသော၊ ယုံကြည်ချက်ထဲတွင် ဘဝကို လွတ်လပ်စွာ ရှင်သန်နေထိုင်လိုသော လူမျိုးစုံပြည်သူလူထုကြီးကား လက်နက်သည်သာ တန်ခိုး အာဏာ အမိန့် ဟု အစွန်းရောက် အတွေးအခေါ်ပိုင်ရှင် စစ်အုပ်စု၏ အကြမ်းဖက်မှုကြီးကို အပြစ်မဲ့စွာ ခံခဲ့ရပေသည်။


မှတ်မိသေးသည်။ ရှစ်လေးလုံး အရေးအခင်းကာလမှာပင်ဖြစ်၏။


ကျနော် အပါအဝင် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြ တောင်းဆိုလာသော အလွှာအသီးသီး လူစုလူဝေးကြီးနှင့် စစ်အုပ်စုလက်ကိုင်တုတ် တပ်ခွဲတခွဲတို့ ပုဇွန်တောင်ဈေးကြီးရှေ့ လမ်းမပေါ်တွင် ထိပ်တိုက်တိုးသည့်နေ့ …။


“ခင်ဗျားတို့ အားလုံးထိုင်ကြပါ၊ ခင်ဗျားတို့ရဲ့လိုအပ်ချက်ကို ပြောပါ၊ ကျနော်တို့ ဆွေးနွေးကြရအောင် အားလုံး ထိုင်ကြပါ”


စစ်လက်နက်အပြည့်ဖြင့် စီတန်း ပိတ်ဆို့ထားသော တပ်ဖွဲ့ဝင်များ၏ အလယ်မှ စစ်အရာရှိ၏ Hand Speaker ဖြင့် လှမ်းအော်သံအဆုံး …။


မိမိတို့ ဦးတည်ချက်ရောက်သည်အထိ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြမည်၊ စစ်တပ်မှ လမ်းဖယ်ပေးပါဟု ဆွေးနွေးကြမည်ဆိုကာ ကတ္တရာလမ်းမပေါ် ထိုင်လိုက်ကြသည်။


သို့သော် ကျနော်တို့ လူစုလူဝေးကြီး လမ်းမပေါ်ထိုင်ချလို့မှ မပြီးသေး၊ လူအုပ်တွင်းသို့ အဆက်မပြတ် ပစ်ခတ် လိုက်သော သေနတ်သံများ ထွက်လာ၏။


ပြေးသူ ပြေး၊ သေနတ်မှန်၍ လဲကျန်သူ ကျန်၊ ဒဏ်ရာရသူတို့ကို ထမ်းသူကထမ်းနှင့် ကျနော်တို့ လူစုလူဝေးကြီး ကမ္ဘာပျက်ခဲ့ရသည်။ ကျနော်တို့အား ဆွေးနွေးကြရအောင်ဟု လိမ်လည်လှည့်ဖျားသော အဆိုပါ စစ်အရာရှိအပေါ်ကိုလည်း ဒေါသအိုးများ ပေါက်ကွဲခဲ့ရသည်။ အကြံပက်စက်ပြီး သူရဲဘောကြောင်လှသောလုပ်ရပ်နှင့် အာဏာရှင် လက်ကိုင်တုတ် စစ် အရာရှိဆိုးကြောင့် သေကြေဒဏ်ရာရသူတွေ ထိုနေ့က မနည်း … … …။



ဟော … နောက်ထပ် ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦကြီး ပြိုကျသွားပြန်ပြီ။ ပင်တဂွန်စစ်ဌာနချုပ်တွင်လည်း အကြီးအကျယ် မီးလောင်နေ၏။ ရုပ်မြင် ဖန်သားပြင်တခုလုံး လောင်ကျွမ်းနေသည်ဟု ကျနော် ခံစားနေရသည်။


ထို့အပြင် အစွန်းရောက် အကြမ်းဖက်သမားတို့၏ သူရဲဘောကြောင်လှသော လုပ်ရပ်ကြီးကို ရုပ်မြင်ဖန်သားပြင် ပေါ်ကြည့်နေရင်း ရှစ်လေးလုံး အရေးအခင်းကာလ စစ်အာဏာရှင်တို့၏ ပစ်ခတ်ဖြိုခွင်းသတ်ဖြတ်ခဲ့သော မြင်ကွင်းတွေဆီ ကျနော့်အတွေးက လွန်းထိုးနေပြန်တော့၏။


နယူးယော့ခ်မြို့ကြီးပေါ် မီးခိုးလုံးတွေက ဖုံးအုပ်နေဆဲ။


မြန်မာပြည်သူလူထုအပေါ်တွင်လည်း စစ်အာဏာရှင် မီးခိုးမှိုင်းကြီးက အုပ်စီးလွှမ်းမိုးထားနိုင်ရန် ပင်ပန်းတကြီး ကြိုးစားနေဆဲ။


သို့သော်လည်း မချေဖျက်၊ မမေ့ပျောက်နိုင်သောဖြစ်ရပ်က မွေးထုတ်ပေးလိုက်သည့် စိတ်ဓာတ်နှင့် ယုံကြည်မှု အလင်းတန်းတို့က ထိုမီးခိုးမှိုင်းကြီးများကို ဝှေ့ယမ်းဖယ်ရှားနေပြီ မဟုတ်ပါလား။ ။



ရေစီးသံဂျာနယ်

အတွဲ ၄ အမှတ် ၁၂

အောက်တိုဘာ ၁၆ ရက် ၂၀၀၁ ခုနှစ်



(ဓာတ်ပုံ - အင်တာနက်)


Wednesday, September 9, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့ (နိဂုံးပိုင်း)


ကျနော် နားလည်လိုက်ပါတယ်။ သူ့ဇနီးက နောက်အိမ်ထောင် ပြုထားပြီးပြီ။ ကလေးတွေရအောင်တောင်းပြီး သူ့မိဘအိမ် ပြန်ထားဖို့စိတ်ကူးကြောင်း၊ ကျနော့်ကို ပြောထားခဲ့ဖူးပါတယ်။ (ပြောတဲ့အတိုင်း လက်နက်ကိုင် တော်လှန်ရေး ဆင်းသွားပြီး မြစ်ဝကျွန်းပေါ်မှာပဲ ကျဆုံးသွားခဲ့ပါတယ်)


“ကိုင်း … ဒီလိုဆို ခု ဘယ်သွားမလဲ၊ ဘယ်သူ့ဆီသွားကြရင် ကောင်းမလဲ”


“ဗိုလ်အုန်းမောင်က မှာထားတာရှိတယ်။ လွတ်တဲ့အခါ သူ့အိမ်ဝင်ပါဦး ပြောတယ်”


ဘူးဝမှာ ကျနော့်ငွေ လက်ကျန်ရှိသေးတာမို့ သွားထုတ်ပြီးတာနဲ့ တောင်ဥက္ကလာပဘက် ထွက်မယ့်ကားပေါ် တက်လိုက်ကြပါတယ်။


ကိုကိုးကျွန်းတိုက်ပွဲနဲ့ပတ်သက်ပြီး ရေးနိုင်သူ ပေါင်းစပ်နိုင်သူတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် အများစုက ဒီမိုကရေစီဆိတ်သုဉ်းတဲ့နေရာမှာ ရှိနေကြတယ်။ သူတို့ကတော့ ကျွန်းရဲဘော်တွေနဲ့ ကျွန်းမှာ အတူနေခဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တွေပါ။ သူတို့ ရေးနိုင်လာတဲ့တနေ့မှာ ဒီ ပန်းချီကားချပ်ကြီး အတော်အတန် ပြည့်စုံသွားနိုင်ပါတယ်။


ရေးနိုင်မယ့်တနေ့ကို စောင့်ကြိုကြပါစို့။



ငါတို့နားမှ သူရဲကောင်းများ



· ပါတီရှိလျှင် - ဖူးချစ် ရှိသည်။

ပါတီရှိလျှင် - ဗက်သွန်း ရှိသည်။

ပါတီရှိလျှင် - လျူးဟူလန်း ရှိသည်။

ပါတီရှိလျှင် - ဗန်ထရွိုင်း ရှိသည်။

ပါတီရှိလျှင် - သူရဲကောင်း ရှိသည်။


သူ့ရပ်သူ့မြေ

သူ့ဌာနေမှ သူရဲကောင်းများ။

· ပါတီရှိလျှင် - သန်းထွန်း ရှိသည်။

ပါတီရှိလျှင် - ဗဟိန်း ရှိသည်။

ပါတီရှိလျှင် - ဘသင် ရှိသည်။

ပါတီရှိလျှင် - ဌေးလှ ရှိသည်။

ပါတီရှိလျှင် - သူရဲကောင်းရှိသည်။


ငါ့ရပ် ငါ့မြေ

ငါ့ဌာနေမှ သူရဲကောင်းများ။

· သည်ရပ်သည်မြေ - သည်ဌာနေမူ

သည်လိုသူရဲကောင်း - ရှားဘိတောင်ဟု

(အောက်)အောက်မေ့မိခဲ့

သတိမမူ ဂူမမြင်ခဲ့။


ဒီနေ့ကာလ

ကျလာတာဝန် - လွန်ကျေပွန်၏။

အသက်စွန့်မည် - စိတ်ကရည်၏။

ပါတီယုံမှတ် - အသက်အပ်၏

ဒီရပ်ဒီမြေ

ဒီဌာနေမှ သူရဲကောင်းများ။


· ငါသိပါပြီ

ပါတီရှိလျှင် - သူရဲကောင်း ရှိသည်။

ပါတီရှိလျှင် - သိန်းကြည် ရှိသည်။

ပါတီရှိလျှင် - ၈ ယောက်ရှိသည်။

ဒီကျွန်း ဒီမြေ

ဒီဌာနေမှ သူရဲကောင်းများ ။



(ပြီးပါပြီ)


တိုက်ပွဲဝင် ရဲဘော်တဦး



ဒါက ပိုအရေးကြီးတယ် (ကာတွန်း စောငို)


Tuesday, September 8, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့ (၂၅)


ကျလာတာနဲ့ အလုအယက် ကောက်ကိုင်ကြည့် လက်နဲ့ပွတ်ကြည့် ဆိတ်ကြည့်ကြတယ်။ အညိုရောင် မျက်နှာပြည့် ဖောင်းဖောင်းလေးနဲ့ ချစ်စရာပါ။ ဒီ ကြယ်သီးလေးကို အိမ်နဲ့အင်တာဗျူးတွေ့ရစဉ် ရလာခဲ့တဲ့ မျက်နှာသုတ်တဘက်ကြီး အစွန်းမှာ အပ်နဲ့တွယ်ချုပ်ထားလိုက်မိပါတယ်။


နောက်တော့ ကျနော်တို့ ၇ ယောက်စလုံး အပေါ်ထပ် အခန်းကျဉ်း တခန်းထဲပို့ပါတယ်။ မူလအခန်းကြီးကို ၃ ပိုင်း ပိုင်းထားတာမို့ လမ်းလျှောက်လို့ မကောင်း။


ဒီ အချိန်က ဦးနုရဲ့အဖွဲ့တွေ ‘ဆင်ဖြူတော်’ နာမည်နဲ့ တခြားအဆောင်တွေမှာ ရှိနေပြီဖြစ်တယ်။ ရုပ်ရှင်မင်းသား မောင်မောင်တာလည်း ပါတယ်လို့ အုတ်ရိုးသတင်းက ဆိုပါတယ်။


မကြာခင် ကျနော်တို့အဆောင် အောက်ခန်းတွေမှာ ‘ဇူဇကာ စစ်ဆင်ရေး’ နဲ့ ကုန်သည် ပွဲစားတွေ ရောက်လာပြန်တယ်။ ကိုအောင်ဘော် ဦးလေးကြီးတယောက် ပါလာပါတယ်။ ပြင်းစရာ တယ်မရှိလှတော့ပါ။ မဆလခေတ်မှာ နို့ဆီခွက်ခေါက် ခေါ်နေစရာမလို အချိန်တန် လူတွေပြည့်နေတာချည်းပါပဲ။


(၆)


မှတ်မှတ်ရရ ၁၉၇၃ ခု၊ ဧပြီလ ၁၃ ရက်


နံနက်ခင်းကတည်းက ထောင်ထဲမှာ လှုပ်လှုပ်လှုပ်လှုပ်၊ အုတ်အုတ်ကျက်ကျက် အသံတွေကြားနေရပါတယ်။ သင်္ကြန်အကြိုနေ့မို့ အလှူရှင်ပေါ်ပြီး စားကောင်းသောက်ဖွယ်များ ကျွေးမလို့လား၊ မဟုတ်ပါ။


မကြာခင် ကျနော်တို့အဆောင် အောက်ထပ်က ဇူဇကာတွေ အသံကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ တယောက်ပြီးတယောက် ခေါ်ထုတ်နေတာလည်း တွေ့ရတယ်။ (သြော် … လူတွေ လွှတ်နေတာကိုး) အဆောင် နေ ဝါဒါတွေလည်း မြူးကြွနေပါတယ်။ ပေးထား၊ ချန်ထားတဲ့ လက်ကျန်ပစ္စည်းတွေ သူတို့ရတော့မှာလေ။


ကျနော်က အခြေအနေတွေ(အထူးသဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်)တွက်ပြပြီး “ကျနော်တို့လည်း ပါနိုင်တယ်၊ ဘွန်း (Bond) အထိုးခိုင်းရင် မထိုးကြဖို့” ကြိုဆွေးနွေးထားလိုက်ပါတယ်။


၁၂ နာရီလောက်ရှိတော့ အပေါ်ထပ်ရှိ ကျောင်းသားရဲဘော်တွေ တယောက်ချင်း လာခေါ်ပါတယ်။ သူတို့ဖြတ်သွားတဲ့အခါ ကျနော်က စာရေးဟန်ပြပြီး (လက်မှတ် မထိုးကြဖို့) ခေါင်းယမ်းပြတော့ သူတို့က ခေါင်းညိတ်ပြကြတယ်။


နေ့ခင်း ၃ နာရီလောက်မှာ ကျနော့်ကို စ,ခေါ်ပါတယ်။ အောက်ဆင်း တံခါးမကြီးနားရောက်မှ စောင်အုပ်ပါတယ်။ တိုက်ပုလေး တခုရှေ့မှာကျမှ ဖွင့်ပေးပါတယ်။ ဘခက်နဲ့တွေ့စဉ်က အခန်းမဟုတ်၊ အပေါက်ဝမှာ စွပ်ကျယ် လက်ပြတ်နဲ့ ဗလမောင် ဒု တပ်ကြပ် တင်လှ … ကျောက်ရုပ်ကြီးတရုပ်လို တောင့်တောင့်ကြီး ရပ်လို့။


အခန်းထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး စားပွဲ ကုလားထိုင်နဲ့ အခံ့သားထိုင်နေကြတယ်။ ကြိုဆိုတဲ့ လက္ခဏာ မရှိသလို တရားလို တရားခံ မျက်နှာထားမျိုးလည်း မဟုတ်။ ခံစားချက်မရှိတဲ့ မျက်နှာတွေနဲ့ …။


“ထိုင်ဗျာ၊ အချိန်လည်း မရှိတော့ဘူး၊ ခင်ဗျားကို လွှတ်ပေးတော့မယ်၊ မလွှတ်ခင် ထုံးစံအတိုင်း လုပ်စရာ ရှိတာလေးတွေ လုပ်ကြရအောင်” … လို့ တယောက်က ပြောတယ်။ ကျန်တယောက်က ကျနော့်မျက်နှာကို စေ့စေ့ကြီး စိုက်ကြည့်နေတယ်။ (ဒါလား ဆိုက်ကို) ဆက်ပြောတယ်။


“ဒီ စာရွက်လေး ဖတ်ကြည့်ပါဦး”


အသင့်ချထားတဲ့ စာရွက်တရွက်ကို ထိုးပေးလာတယ်။ ကျနော် ကတိုက်ကရိုက် ယူဖတ်လိုက်တယ်။


၁။ ကျနော် ထောင်ကထွက်ရင် နိုင်ငံရေး မလုပ်တော့ပါ … တဲ့။ ချက်ချင်းပြန်ပေးလိုက်ပြီး သူတို့ကို ပြန်စိုက်ကြည့်လိုက်မိတယ်။


“ဖတ်ပြီးပြီလား?”

(ပြီးပြီ)


“မြန်လှချည့်လား?”

(နံပါတ် ၁ တချက်နဲ့ လုံလောက်ပါတယ်။)


“ဘယ်လိုလဲ?”

(ခင်ဗျားတို့ဟာက ‘ဘွန်း’ ပဲ)


“ကျနော်တို့က ခင်ဗျားတို့လို လူမျိုးတွေကို စိတ်ချလက်ချ ဒီအတိုင်းလွှတ်မပေးရဲဘူးလေ”

(ဘာပဲဖြစ်ဖြစ် ကျနော် လက်မှတ်မထိုးနိုင်ဘူး)


“ဒီလိုဆိုလည်း သွားပေဦးတော့ပေါ့၊ ဟေ့ … ဆရာတင်လှ ခေါ်သွား”


တင်လှရဲ့ တဟားဟား ရယ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ “ဟား … ဟား … ဟား ကြိုက်ပြီ၊ ဒီလိုခေါင်းမာတဲ့ကောင်တွေရဲ့ခေါင်းတွေ ရိုက်ခွဲလာခဲ့တာ များပြီ၊ လာလိုက်ခဲ့”


အတိုချုပ်လိုက်ရင်တော့ တိုက်အခန်းကျဉ်းလေးထဲ ဒလိမ့်ခေါက်ကွေး ရောက်သွားပါတယ်။ နေရာသစ်မို့ အခန်းကို စူးစမ်းလေ့လာရင်း ဘာတွေဖြစ်လာဦးမလဲ စဉ်းစားနေမိတယ်။ အိုက်လိုက်တာကလည်း လွန်ရော။


နာရီဝက်လောက်ကြာတော့ တံခါးဖွင့်သံကြားရပြီး နောက်တယောက်ရောက်လာတယ်။ ပျော်ရပြန်ပါပြီ။ A.B ပဲပေါ့။ သူက တခွိခွိ ရယ်ပြီး သူ့ဖြတ်သန်းမှုကို မိတ်ဆက်ပြပါတယ်။


“ဘူးဝဘက် ခေါ်မသွားဘဲ ဟိုငနာ ၂ ကောင်ဆီရောက်သွားကတည်းက တိုက်ထဲတော့ တန်းနေပြီ၊ အပြင်မှာ နေရသလောက် အချိန်ဆွဲနေလိုက်ဦးမယ် … လို့ စဉ်းစားရင်း သူတို့ပေးတဲ့ စာရွက်ကို စိမ်ပြေနပြေ ဖတ်နေတာ ပေါ့၊ သူတို့ ကျနော့် မျက်နှာရိပ်မျက်ကဲ မမြင်ရအောင် စာရွက်ကိုမြှောက်ပြီး ကွယ်ဖတ်ထားတယ်။


ဆက်လက်ဖော်ပြပါမယ်။


Wednesday, September 2, 2009

ဒို့အရေး ပျောက်တော့မယ် (ကာတွန်းစောငို)


ဒီနေ့ အဓိက ဦးတည်လုပ်သင့်တဲ့ လုပ်ငန်း (ရဲဘော်ဖိုးသံချောင်း)

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ စစ်အစိုးရဆန့်ကျင်သူတွေဟာ လုပ်ငန်းစဉ်တွေ အမျိုးမျိုး ချမှတ်ကြပါတယ်။ ပါတီအဖွဲ့အစည်းတွေအနေနဲ့ရော၊ တပ်ပေါင်းစုတွေအနေနဲ့ပါ လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာတာ မကြာခဏ တွေ့ကြရပါတယ်။ ဒါပေမယ့် ဒီနေ့အခြေအနေ၊ အထူးသဖြင့် သူ့ဖက်ကိုယ့်ဖက် အခြေအနေကို သုံးသပ်တာ အတော်လေး တွေ့ရခဲပါတယ်။ ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲ တင်ပြနေတာတွေက ပိုများသလားလို့။


သူ့ဖက်ကိုယ့်ဖက် အနေအထား၊ အင်အားကိုတွက်တာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကို အမှန်အတိုင်းမြင်နိုင်မှ ဘာလုပ်ရမယ်ဆိုတာကို အမှန်အတိုင်း ချမှတ်နိုင်မှာဖြစ်ပါတယ်။ အင်အားချိန်ခွင်လျှာကို တွက်ရာမှာ ရေရှည်သမိုင်းအမြင်နဲ့ လက်ငင်းလက်တွေ့အမြင်ရယ်လို့ နှစ်မျိုး ရှိပါတယ်။ ရေရှည်သမိုင်းအမြင်သဘောပြောရရင် ပြည်သူလူထုဟာ မုချအောင်ပွဲခံမှာပါ။ စစ်အုပ်စု၊ စစ်အာဏာရှင်တွေဟာ မုချကျဆုံးမှာပါ။ ဒါကြောင့်မို့ ကျနော်တို့ဟာ အနာဂတ်ကိုပိုင်ဆိုင်တဲ့ ပြည်သူလူထုကြီးနဲ့ လက်တွဲတာ ဖြစ်ပါတယ်။


ဒါပေမယ့် လက်တွေ့လက်ငင်းအခြေအနေမှာ ပြည်သူလူထုဟာ အောင်ပွဲမခံနိုင်သေးပါဘူး။ ဒါ့အပြင် အင်အားလည်း သေးငယ်ပါသေးတယ်။ ကိုယ့်ဖက်က ထိုးစစ်မဆင်နိုင်ဘဲ စစ်အာဏာရှင်တွေက သူတို့ရဲ့လမ်းပြမြေပုံကို တောက်လျှောက် အကောင်အထည်ဖော်နေနိုင်တာဟာ ဒီလက္ခဏာပဲဖြစ်ပါတယ်။ ဒီအချက်ကို ပိုမြင်သာအောင် ၁၉၈၈-၉ဝ ကာလနဲ့ ဒီနေ့ကာလကို ယှဉ်ပြောပါ့မယ်။ ရှစ်လေးလုံးအရေးတော်ပုံကနေ ၉ဝ ခုနှစ် ရွေးကောက်ပွဲအထိကာလဟာ စစ်အစိုးရနဲ့ကိုယ်နဲ့ အင်အား ဆတူလောက်လို့ ပြောနိုင်လိုက်တဲ့ ကာလဖြစ်ပါတယ်။ လှုံ့ဆော်ပြီးဖြစ်နေတဲ့ လူထု၊ လှုပ်ရှားမှုအတွေ့အကြုံရှိနေတဲ့ လူထုနဲ့ ရှေ့တန်းက ပါဝင်ခဲ့သူတွေ အသင့်ရှိနေပါတယ်။ စစ်အစိုးရရဲ့ စစ်တပ်နဲ့ အုပ်ချုပ်ရေးယန္တရားကြီးထဲမှာလည်း အရေးတော်ပုံရဲ့ဂယက်ဟာ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အာရုံစိုက်မှုရောကိုပါ ထည့်တွက်လိုက်ရင် စစ်ရေးမပါ၊ အတွေးအခေါ်ရေး၊ နိုင်ငံရေးမှာ ကိုယ့်ဖက်က သာနေတယ်လို့တောင် ပြောလို့ရပါတယ်။ ဗကပ ပြိုကွဲတဲ့အတွက် ဒီချုပ်ကို မထိခိုက်ခဲ့ပါဘူး။ ဒါပေမယ့် ဗကပ ပြိုကွဲတဲ့အတွက် စစ်အစိုးရမှာ စစ်ရေး အချိုးအစားအရ အများကြီး သာသွားပါတယ်။ တပ်တွေလည်း အများကြီး အားသွားပါတယ်။ ထိုင်းနယ်စပ်မှာ သူတို့ရဲ့တပ်တွေ အများကြီး တိုးချဲ့နိုင်သွားပါတယ်။


ဗကပပြိုကွဲပေမယ့် နိုင်ငံရေးအရ ပြည်သူတွေဖက်က အသာစီးရနေပါသေးတယ်။ ဒါကို ၁၉၉ဝ ရွေးကောက်ပွဲက အထင်ရှားဆုံး သက်သေပြခဲ့ပါတယ်။ ပြည်သူလူထုကြီးက မဲပုံအောထည့်ခဲ့တာကိုကြည့်ရင် ပြည်သူလူထုထဲမှာ တိုက်ပွဲစိတ်ဓာတ်တွေ လွှမ်းမိုးဖြိုးဝေနေဆဲဆိုတာကို ပြနေပါတယ်။ နောက်တပွဲ စမ်းချင်သေးလားဆိုတဲ့ စိတ်ဓာတ်မျိုး ရှိနေဆဲဖြစ်ပါတယ်။


ဒါပေမယ့် အခုအခါမှာ အခြေအနေက အဲဒီလိုမဟုတ်ပါဘူး။ အချိုးအစားအရ သူ့ဖက်က အများကြီး သာနေပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေကို ထောင်ထဲထည့်ပစ်တာ၊ သစ္စာဖောက်တွေ မွေးထုတ်တာ၊ ခွဲထုတ်တာ၊ ကိုယ့်အတွင်းက ကွဲပြဲတာ၊ တယောက်တပေါက် ပြောနေတာတွေဟာ နအဖအဖို့ အကျိုးရှိသလောက် ရှိနေတယ်ဆိုတာ ဝန်ခံရမှာပါ။ နအဖအဖို့ ချောချောမွေ့မွေ့ မဟုတ်တောင်မှ သူတို့လုပ်ချင်တာတွေကို လုပ်နိုင်နေပါတယ်။ ဒါဟာ ကိုယ့်ဖက်က အားမရှိလို့ဆိုတာ အထူးပြောစရာမလိုပါဘူး။


ဒီလို အင်အားချိန်ခွင်လျှာကို ပြောင်းလဲမပစ်နိုင်သရွေ့ ဘာမှဖြစ်မလာနိုင်ဘူးဆိုတာ သတိပြုရပါမယ်။ ကိုယ့်ဖက်က သိသိသာသာကြီး အားနည်းနေရင် လူထုကိုလည်း လှုပ်နှိုးနိုင်မှာမဟုတ်ပါဘူး။ ထိရောက်တဲ့ လှုပ်ရှားမှုကြီးတွေလည်း ဆင်နွှဲနိုင်မှာမဟုတ်ပါဘူး။ အခုလိုအနေအထားမှာ နအဖကို အပြတ်အလဲ ထိုးနိုင်မယ့် တိုက်ပွဲကြီး သူ့အလိုလို ပေါ်လာမယ်လို့ မျှော်လင့်လို့မရပါဘူး။ စက်တင်ဘာသံဃာ့အရေးအခင်းဟာ မထင်တဲ့နေရာက မထင်ဘဲ ပေါ်ထွက်လာတာဆိုတော့ နအဖရော အတိုက်အခံတွေပါ ပြင်ဆင်မှုမရှိ၊ အလစ်အငိုက် ခံလိုက်ရသလို ဖြစ်သွားပါတယ်။ အတိုက်အခံတွေအဖို့ တိုက်ပွဲကို တခြားနယ်ပယ်တွေထဲ မတိုးချဲ့နိုင်ခဲ့ဘူးဖြစ်ခဲ့ရပါတယ်။ သံဃာတော်တွေဟာ အထီးကျန် တိုက်ပွဲဝင်ရသလို ဖြစ်သွားခဲ့ပါတယ်။ တန်ဖိုးမသေးတဲ့ သင်ခန်းစာပါ။


ပြည်သူလူထုက စားဝတ်နေရေးထဲ နစ်နေတယ်၊ ကြောက်နေတယ်ဆိုတာဟာ ယာယီကိစ္စ ဖြစ်ပါတယ်။ ၁၉၈၇-၈၈ ကာလတွေတုန်းကလည်း ပြည်သူလူထုရဲ့ စီးပွားရေးအခြေအနေဟာ မကောင်းပါဘူး။ ငွေစက္ကူတွေ အလဟဿဖြစ်ကုန်ရတဲ့ အမှောင့်ကြောင့် ပိုဆိုးနေတဲ့အချိန်ပါ။ ဒီလို ပြောနည်းရဲ့ လောဂျစ်အတိုင်းဆိုရင် လူတွေဟာ စားဝတ်နေရေးပြေလည်မှ နိုင်ငံရေးလုပ်ကြမှာလိုလို၊ လမ်းပေါ်ထွက် ဆန္ဒပြကြမှာလိုလို ဖြစ်နေပါတယ်။ မဟုတ်ပါဘူး။ ခေါင်းဆောင်လုပ်မယ့် လူတွေကသာ ပြည်သူလူထုကို တကယ်တမ်း သဘောပေါက်အောင်၊ တကယ်ယုံကြည်လာအောင် ရှေ့ဆောင်လမ်းပြလုပ်နိုင်မယ်ဆိုရင် အိမ်ရှင်မတွေတောင်မှ ငြုတ်ဆုံနဲ့ တံမြက်စည်းကို အောက်ချပြီး လမ်းပေါ်ကို ထွက်လာကြမှာပါ။ ကိုယ့်ဖက်က ပြင်ဆင်တာ၊ လုပ်ကိုင်တာမကောင်းတာကို ပြည်သူလူထုအပေါ် ပုံချလို့ အဖြေမထွက်ပါဘူး။ ပြည်သူလူထု နားလည်သဘောပေါက်အောင်၊ ပါဝင်ချင်အောင် ကိုယ်က လုပ်မပြ၊ ပြောမပြနိုင်တာဟာ ကိုယ့်ရဲ့ ပြဿနာ ဖြစ်ပါတယ်။ ရှစ်လေးလုံး တုန်းက လူထုကြီးပါလာတာဟာ ရှေ့ကလုပ်ပြတဲ့ လူတွေ များလို့ဖြစ်ပါတယ်။ ပြောတာသက်သက်နဲ့ မဖြစ်ပါဘူး။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို မလိုလားသူတွေအဖို့ ဒီနေ့ အဓိကလုပ်ရမယ့် လုပ်ငန်းဟာ အင်အားအချိုးအစား ပြောင်းလဲနိုင်ရေးဖြစ်ပါတယ်။ အင်အားအချိုးအစား ပြောင်းလဲရေးဆိုတာမှာ ပြည်တွင်းမှာ အင်အားအချိုးအစား ပြောင်းလဲရေးကို ပြောတာပါ။ ပြည်ပမှာကတော့ အခုတောင်မှ ကိုယ့်ဖက်က အရေအတွက်အရရော၊ နိုင်ငံရေးအရရော အများကြီး သာလွန်နေတာပဲ။ ဒါပေမယ့် ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ဘူး မဟုတ်ပါလား။


ကိုယ့်တိုင်းပြည်ကြမ္မာကို ကိုယ့်လက်ထဲမှာထား၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် ဖန်တီးဖို့ သိပ်အရေးကြီးပါတယ်။ သူတပါးနိုင်ငံက၊ ပြည်ပက ပါဝင်ဖြေရှင်းတာဟာ အကျင့်ပါတတ်ပါတယ်။ အဲဒီလို သမိုင်းကြောင်းရှိခဲ့လို့ အခုအထိ ကိုယ့်ပြည်တွင်းရေးကိစ္စတွေ ဖြေရှင်း၊ လုပ်ကိုင်ရာမှာ ပြည်ပနိုင်ငံတွေ ကန့်လန့်ပါနေတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများအပြား တွေ့နေရဆဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် ကြာတော့ ပိုရှုပ်ထွေးတာတွေ ဖြစ်တတ်ပါတယ်။


ပြည်ပအကူအညီဆိုတာ မလိုအပ်ဘူးမဟုတ်၊ လိုအပ်ပါတယ်။ အထူးသဖြင့် ဒီနေ့ ကာလလိုအခါမှာ ကိုယ့်အတွက်အကျိုးရှိရင် လက်ခံရမှာပါ။ ဒါပေမယ့် ဒါကို အဓိကအခန်း မပို့မိဖို့ သိပ်သတိထားရပါမယ်။ နောက်ပြီး ပြည်ပအကူအညီဆိုတာဟာ ကိုယ်က တောင်းချင်တိုင်း တောင်းလို့ရတာမဟုတ်၊ သူတို့က သူတို့နိုင်ငံအတွက် အကျိုးရှိတယ်ထင်မှ ပေးတယ်ဆိုတာကို မေ့လို့မဖြစ်ပါဘူး။ တဆက်ထဲမှာ ပြည်ပအကူအညီ လျော့နည်းသွားလို့ စိတ်ပျက်တာ၊ များလာလို့ အားတက်တာ စသဖြင့် မဖြစ်သင့်ပါဘူး။ ဒီတကွေ့မှာ နိုင်ငံတကာအခြေအနေဟာ ဘာမဆို ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ကိုယ့်တပ်ကိုယ် ပြင်ဆင်ထားဖို့လိုသလို ရှေ့ခြေလှမ်းကို ပြည်တွင်းဖက် သေချာဦးတည်ထားဖို့ လိုပါတယ်။


ပြည်တွင်းမှာ ကိုယ့်အင်အားတွေ တိုးပွားသလား၊ ဆုတ်ယုတ်သလားဆိုတာသာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ အရေးတော်ပုံကို ဒီအချက်က အဆုံးအဖြတ်ပေးမှာပါ။ ဒါကြောင့် အခြေအနေကို ရဲရဲကြည့်ပါ။ အမှန်ကို ဆုပ်ကိုင်နိုင်အောင် ကြိုးစားပါ။ အခြေအနေမှန်ပေါ် ကနေ လုပ်ငန်းချမှတ်ပါ။ လက်တွေ့လည်းလုပ်ပါ။

*****


ရဲဘော် ဖိုးသံချောင်း