Monday, June 8, 2009

နိုင်ငံရေးလက်ဦးမှု လက်မလွတ်ရေး

မောင်ချစ်ခင်


ဒေါ်အောင်ဆန်းစုကြည်ကို ကြံဖန်အမှုဆင်ပြီး ရုံးတင်ခြင်းသည် ဤကာလ ဗမာပြည်နိုင်ငံရေးဖြစ်စဉ်တွင် ဒီပဲယင်း အရေးအခင်းနှင့် တတန်းတည်းထားရမည့် အဖြစ်အပျက်တခုဖြစ်သည်။ နအဖ၏ လက္ခဏာမှာ ၁၉၈၈ ခုနှစ်က စလို့ ဒီနေ့အထိ ဘာမှပြောင်းလဲခြင်းမရှိကြောင်းကို ဤကိစ္စက ဖော်ပြနေပေသည်။


၈၈ မှာ လူသတ်သည်၊ ဒီပဲယင်းမှာ လူသတ်သည်၊ စက်တင်ဘာသံဃာ့အရေးအခင်းမှာ သံဃာကိုသတ်သည်၊ ယခု ၂ဝဝ၉ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အသေသတ်ရန် လုပ်နေပြန်သည်။


နအဖနှင့်ပတ်သက်၍ အကောင်းမြင်စရာ တကွက်မှမရှိ၊ စိတ်ကူးယဉ်စရာ နည်းနည်းမှမရှိ၊ ပြည်သူတွေအတွက် ဗလာနတ္ထိ။


၂ဝ၁ဝ ရွေးကောက်ပွဲနှင့် နီးလာလေလေ နအဖ၏ ယုတ်မာမှုတွေ၊ ရက်စက်မှုတွေကို တွေ့ရလေလေ ဖြစ်နေ သည်။ ဤသည်မှာ တိုက်ဆိုင်မှု လုံးဝ မဟုတ်။ သူတို့တတွေ စိတ်ကို ဒုံးဒုံးချပြီး အပြတ်လုပ်နေခြင်းဖြစ်သည်။


ဤသည်မှာ သူတို့လက်ထဲတွင် အာဏာဆက်လက်တည်ရှိရေး၊ အသက်ရှင်ရပ်တည်ရေးတို့နှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ထို့ကြောင့် ဤအတွက် ဘာကိုမဆို သူတို့လုပ်မည်။


လိုအပ်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်မည်။ ဒေါ်အောင်ဆန်းစုကြည်ကို တသက်ပတ်လုံး ထောင်ထဲမှာထားမည်။ သတ်စရာလိုလျှင် ဘယ်သူ့ကိုမဆို ဖမ်းမည်၊ သတ်မည်။


ဒီလိုအချိန်မှာ ပြည်သူတွေဖက်က ဘာလုပ်မလဲ။ နအဖ၏ ရွေးကောက်ပွဲကိုဝင်၍ ရောယိမ်းလိုက် ဘသားယိမ်း လိုက် လုပ်မည်လော။ မီးစင်ကြည့်ရုံပဲဟု ဆုံးဖြတ်မည်လော။


သေချာသည်မှာ ဗမာပြည်ကို အုပ်စိုးမှု၏ အနှစ်လက္ခဏာမှာ ဤရွေးကောက်ပွဲကိုကျင်းပသဖြင့် ပြောင်းလဲသွား မည်မဟုတ်သလို အုပ်စိုးသူများ၏ သဘောထား၊ ပေါ်လစီများမှာလည်း ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးသည့်နောက် ဘာမျှ ခြားနားမည်မဟုတ်ဆိုသည်ကို သဘောပေါက်ကြရမည်။


အာဏာကိုသာ ကိုင်ထားနိုင်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဖျက်ပစ်နိုင်သည်၊ ရေးဆွဲ နိုင်သည်၊ အတည်ပြု နိုင်သည်။ နောက်ပြီး ရွေးကောက်ပွဲတွေလည်း အကြိမ်ကြိမ် ကြိုက်သလို ကျင်းပနိုင်သည်။ ရလဒ်ကိုမကျေနပ် လျှင် အာဏာကိုလွှဲမပေးဘဲ နေနိုင်သည်။


ဗမာပြည်က စစ်အာဏာရှင်များအနေဖြင့် ဒါတွေအားလုံးကို လုပ်ခဲ့ဖူးပြီ။ အာဏာရှိသရွေ့ လုပ်နေဦးမည်။ သင်းတို့၏ တည်ကြည်ဖြောင့်မတ်မှုကိုလည်း ကမ္ဘာနှင့်အဝှမ်း မည်သူကမျှ မယုံကြည်ကြ။


ဤသို့သော အနေအထားတွင် “တသက်တော့ အမတ်ဖြစ်ဖူးတယ်ရှိအောင် ရွေးကောက်ပွဲ ဝင်လိုက်ဦးမည်” လို့ ဆိုသူတွေ၊ “အာဏာကလေးများ၊ တပြားတမူးဖိုးလောက်ရှိလျှင် အင်မတိ အင်မတန် စံချင်တိုင်းစံရမည်” ဟု စိတ်ကူးယဉ်နေသူတွေနှင့် အချီအချ အခြေအတင် ပြောနေစရာ မလို။


သူတို့လမ်းကိုသူတို့ လျှောက်ခွင့်ပြုလိုက်ရုံသာရှိ၏။ ကိုယ့်အလုပ်က သူတို့နှင့် အချိန်ဖြုန်းနေစရာမဟုတ်။ ကိုယ့်အလုပ်က ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအတွက်၊ တနည်း ရွေးကောက်ပွဲ နောက်ပိုင်း တိုက်ပွဲတွေ အတွက် အခုကတည်းက ပြင်ဖို့ဖြစ်သည်။


၂ဝ၁ဝ ရွေးကောက်ပွဲပြီးလျှင် နအဖ စစ်ဗိုလ်ချုပ်တွေ ပိုပြီး ဘဝင်မြင့်၊ စိတ်ကြီးဝင်လာမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ စကားတွေ၊ ဥပဒေစကားတွေ တွင်တွင်ပြောကာ ပိုရမ်းကားလာမည်။ “ဖွဲ့စည်း အုပ်ချုပ်ပုံနှင့်အညီ အချိန်မရွေး အာဏာသိမ်းခံရမည့်” အန္တရာယ်၏ ခြိမ်းခြောက်ခြင်းကို တလျှောက်လုံး ခံနေရမည်။


ထို့ကြောင့် ၂ဝ၁ဝ မတိုင်မီ နိုင်ငံရေးနှင့် ၂ဝ၁ဝ လွန် နိုင်ငံရေးတို့၏ အဓိကခြားနားချက်မှာ ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေးစစ်အုပ်စုက ဖွဲ့စည်းပုံဥပဒေမရှိဘဲ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းသာဖြစ်ပေမည်။ သဏ္ဍာန်အားဖြင့် ထူးခြားချက်အချို့ရှိနိုင်သော်လည်း အနှစ်သာရမှာ ဘာမှပြောင်းမည်မဟုတ်သည်ကို သံသယဖြစ်စရာ မလိုပေ။


တဖက်တွင်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေအဖို့ ပြောရလျှင်လည်း မိမိတို့၏ တိုက်ပွဲဦးတည်ချက်၊ အဓိကကြွေးကြော်သံ၊ မဟာမိတ်အခင်းအကျင်း စသည်တို့မှာ ၂ဝ၁ဝ ရွေး ကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ နောက်ပိုင်း ဘာမှခြားနားသွားမည်မဟုတ်ဆိုသည်ကို သတိပြုရပေမည်။


ထို့ကြောင့် ဆန့်ကျင်မြဲအတိုင်း ဆန့်ကျင်ရမည်။ တောင်းဆိုမြဲတိုင်း တောင်းဆိုရမည်။


သို့သော် တိုက်နည်း၊ တောင်းဆိုနည်းများကိုတော့ တိုးချဲ့ရမည်။ စွန့်ပစ်တန်တာ စွန့်ပစ်၊ တီထွင်သင့်တာ တီထွင်ရမည်။ နောက်ပြီး ပိုကျယ်ပြန့်အောင်လည်း ဖြန့်ကျက်ရမည်။ အင်းစိန်ထောင် ပတ်ဝန်းကျင်ကနေ တပြည်လုံးကို ဖြန့်ပစ်ရမည်။ အဖွဲ့ချုပ်တဦးတည်း လုပ်လို့မရ။ ဒီချုပ်ကို အထောက်အကူပေးကြရမည်။ တွဲလုပ်တာတွေလည်း ရှိမည်၊ ခွဲလုပ်တာတွေလည်း ရှိမည်။


တိုက်ပွဲသဏ္ဍာန်ကို အသေထားလို့မဖြစ်၊ လုပ်သင့်လျှင် တဦးမလုပ်နိုင်က နောက်တဦးက လုပ်ရမည်။ ဆက်သွယ်ရေးကွန်ယက်တွေ တည်ဆောက်ရမည်။ လမ်းကြောင်းတွေ ဖောက်လုပ်ရမည်။ ပြောင်လည်းရှိမည်၊ လျှို့ဝှက်လည်းရှိမည်။


လူထုလူတန်းစား၊ လူ့အလွှာအမျိုးမျိုးထဲတွင် ဖြစ်နိုင်လျှင် ပြောင်၊ မဖြစ်နိုင်လျှင် လျှို့ဝှက် အဖွဲ့အစည်းတွေ ဖွဲ့ကြရမည်။ ကျောင်းသား၊ သံဃာ၊ စာရေးစာချီ၊ ဝန်ထမ်း၊ အလုပ်သမား၊ လယ်သမား၊ ပညာတတ်၊ ဆင်းရဲသား၊ စစ်သားနဲ့ ရဲထဲပါ မကျန် စည်းရုံးတည်ဆောက်ရမည်။ ဘာသာ၊ လူမျိုး စတာတွေ ခွဲခြားနေလို့မဖြစ်။


ဒါကြောင့် ဖွဲ့စည်းမှု၊ စည်းရုံးမှုမှာ ကာလတခုတော့ မြေအောက် သဏ္ဍာန်ဖြစ်ဖို့ များသည်။ လျှို့ဝှက်ရမည်။ မြေအောက်လုပ်ငန်းကို မောင်းတီးလုပ်လို့မရ။ ပေါ်ပြူလာ ဖြစ်ချင်လို့မရ။


တပါတည်းတွင် ပြည်သူတွင်းရော ကိုယ့်အတွင်းမှာပါ စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ်တို့ကို ပြတ်သားခိုင်မာစွာ ဆန့်ကျင်သည့် အတွေးခေါ်ကို မြဲမြဲမြံမြံ စိုက်ထူရမည်။ ကိုယ့် ပြည်သူကို ယုံကြည်မှုနှင့် အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်တို့ကိုလည်း စွဲမြဲစေရမည်။



နအဖပြောလျှင် ဘာမှ မျက်စေ့လည်စရာ မရှိ။ မိုးခါးရေသောက်စေလိုသူများ၊ မြေခွေးအမြီးပြတ်များက ပြော လျှင်လည်း လက်ခံကြမည်မဟုတ်။


သို့သော် တတိယအင်အားစုဆိုသူတွေ၊ ပညာရှင်ဆိုသူတွေက နားချကြ၊ “ရှင်းပြကြ” ဦးမည်။ မျက်စေ့လည်၊ နားယောင်စရာတွေ ဖန်တီးလာကြဦးမည်။ ထို့ကြောင့် အတွေးအခေါ်တည်ဆောက်ရေး၊ ကာကွယ်ရေးကို တာဝန်တရပ်အနေနှင့် လုပ်ရမည်။


ဒါကို တက်ကြွသူများအကြားမှာသာမဟုတ်၊ ပြည်သူလူထုအကြားမှာပါ လုပ်ရမည်။ ပေါ့ဆလို့မရ။ သတိ ရှိရပါမည်။ သူတို့က ရာထူးတွေ၊ အခွင့်အရေးတွေနှင့် မြှူလာကြမှာ သေချာသည်။


ထို့ကြောင့် ဤနေ့ဤအခါတွင် နိုင်ငံရေးလက်ဦးမှုကို ပြည်သူတွေဖက်က ရယူထားရန်မှာ အရေးကြီးလှသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်မှာ ဤသို့ လက်ဦးမှုရ ယူရန် လုံးပမ်းခြင်းဖြစ်သည်။ နအဖကို တကယ်ပဲ လက်ဦးမှုမဲ့စေခဲ့သည်။


ထို့ကြောင့် နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်ခြင်းဖြင့် သူတို့ဆုံးရှုံးနေသော နိုင်ငံရေးလက်ဦးမှုကို ရယူရန် လုံးပမ်းနေခြင်းဖြစ်သည်။ အခြားနည်းလမ်းရှာမတွေ့သဖြင့် ခါးပိုက်အောက်ကို ထိုးသည့်နည်းကို သုံးလာခြင်းဖြစ်သည်။ ဤသည် နအဖစစ်ဗိုလ်များ၏ အကျင့်ဖြစ်သည်။ သူတို့ခံရလျှင် ဘာမှ မရှက် မကြောက်တော့။


လောလောဆယ်တော့ နိုင်ငံတကာနယ်ပယ်တွင် နအဖအဖို့ ပို၍ပင် ခံစစ် အနေအထားကို ရောက်သွားသည်။ အခုအထိ စစ်အာဏာရှင်များအနေဖြင့် တချက်မှ ပြန်ပစ်နိုင်သည်ကို မတွေ့ရသေးပေ။ ထန်းလက်ဖြင့် ကာရုံမျှ သာ လုပ်နိုင်သည်။


ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အမှုကို အမြန်ပြီးဆုံးသွားအောင် တွန်းစစ်နေသည်။ သူတို့အဖို့ ဤကိစ္စမှာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်ကြောင့်လေး ဖြစ်နေသည်။


ဤအနေအထားကို အတတ်နိုင်ဆုံး အသုံးချရန်လိုသည်။ ကိုယ့်ဖက်က နိုင်ငံရေး၊ အတွေးအခေါ်ရေး ထိုးစစ်တွေ ဆက်တိုက်ဆင်နေရမည်။ လူသေဦးတော့ အသံမသေစေရဆိုသည့် သဘောထားမျိုး ထားရမည်။ ကိုယ်သေလျှင် ကျန်တဲ့လူများကို အဲဒီအသံက သတိပေးအကျိုးပြုမည်မှာ မုချဖြစ်ပါသည်။


*****

မောင်ချစ်ခင်


Saturday, June 6, 2009

ဗိုလ်ချုပ်တစုနဲ့ ဒီအမှု

(ဗသြ)


တိုက်ဆိုင်တာပဲဆိုဆို၊ နှိုင်းယှဉ်တာပဲပြောပြော

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီတခါ အမှုဆင်ပုံဟာ

သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတုန်းက အင်္ဂလိပ်အစိုးရက

လုပ်ပုံတွေနဲ့ တူနေတဲ့အချက်တွေဟာ စဉ်းစားစရာတွေရှိနေပါတယ် ...


နအဖဟာ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ဒီပဲယင်းလူသတ်ပွဲကြီးကို လုပ်ကြံခဲ့ရာမှာ ဘာမှ အမှုမဖွင့်၊ ဘယ်သူ့ကိုမှ မစစ်ဆေး အရေးမယူတဲ့အပြင် မသေကောင်း မပျောက်ကောင်း ရှင်ကျန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို ချုပ်နှောင်ခဲ့ပါတယ်။ တရားလိုကို တရားခံလုပ်ပစ်တဲ့ ဖြစ်ရပ်ပါ။


အခုလည်းပဲ အိမ်ဖောက်ထွင်းတဲ့ကိစ္စမှာ လုံခြုံရေးတာဝန်ရှိသူတွေကိုတော့ ဘာမှအရေးမယူဘဲ ဖောက်ထွင်းခံရတဲ့အိမ်ရှင်ကို အရေးယူအပြစ်ပေးဖို့ စီစဉ်နေတာဟာ ဒီနေ့ခေတ် ဗမာပြည်နိုင်ငံရေးရဲ့ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်တခုလို့ဆိုရင် မမှားပါဘူး။


ဒီအမှုအပေါ် လူအားလုံးက သံသယဖြစ်ရတဲ့ အကြောင်းရင်းပေါင်းများစွာထဲမှာ အချက်တချက်ကတော့ အမှုကို ထူးထူးခြားခြား တက်သုတ်ရိုက် စစ်ဆေးနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အမှုကို ဒီလိုစိတ်ဝင်တစား စောင့်ကြည့်နေတုန်းမှာပဲ အားလုံးကို အံ့သြသွားစေတဲ့ကိစ္စရပ်တရပ် ပေါ်လာခဲ့ပါတယ်။


အဲဒါကတော့ နှစ်ဖက်သက်သေတွေကို စစ်ပြီးတယ်ဆိုတာနဲ့ နအဖရဲ့အစီအစဉ်တခုလုံး တန့်သွားတာပါပဲ။ စီရင်ချက်ချမယ့်ရက်ကို နောက်ရွှေ့လိုက်တာဟာ သာမန်ကိစ္စမဟုတ်မှန်း လူတိုင်း သတိထားမိပါတယ်။


နအဖရဲ့တရားရုံးဟာ အကြောင်းပြချက်မခိုင်လုံဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြတဲ့ သက်သေတွေထဲက တယောက်ထဲကိုသာ အစစ်ခံခွင့်ပေးတယ်ဆိုတာလည်း အားလုံးအသိပါ။ ဒါတောင်မှပဲ နအဖရဲ့တရားရုံးဟာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော အပါ နှစ်ဖက်သက်သေများရဲ့ထွက်ချက်ဟာ သူတို့ကို ကြိုတင်ချမှတ်ခိုင်းထားတဲ့ အပြစ်ဒဏ်နဲ့ ပဋိပက္ခဖြစ်နေလို့ နောက်တလှမ်း ဆုတ်သွားခဲ့ပါတယ်။


သူတို့ချင်း ပြန်ပြီး လက်ဝါးရိုက်ကြဦးမယ့်သဘောပါပဲ။ နောက်တနည်း ပြန်စဉ်းစားကြည့်လိုက်တော့ လက်ရှိ ထွက်ချက်တွေနဲ့ဆိုရင် သူ့တပ်ထဲကလူတွေ၊ သူတို့ထိပ်ပိုင်းက လူတွေတောင် လက်ခံမှာမဟုတ်ဘူးလို့ သဘောပေါက်လာကြလို့လား၊ ဒါမှမဟုတ် လက်တွေ့ကိုပဲ တပ်ထဲနဲ့ခေါင်းဆောင်အပိုင်းထဲမှာ ဆန့်ကျင်ပြောဆိုမှုတွေ ရှိနေလို့လားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။


အခုတော့ ဒီအမှုတခုလုံးကိုက ပြန်စဉ်းစားစရာ ဖြစ်နေပါတယ်။ တိုက်ဆိုင်တာပဲဆိုဆို၊ နှိုင်းယှဉ်တာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည် အပေါ် ဒီတခါ အမှုဆင်ပုံဟာ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံတုန်းက အင်္ဂလိပ်အစိုးရက လုပ်ပုံတွေနဲ့ တူနေတဲ့အချက်တွေဟာ စဉ်းစားစရာတွေရှိနေပါတယ်။


ဒေါက်တာတင်မျိုးဝင်းကို တရားရုံးအရိပ်နားတောင် မသီနိုင်အောင် နအဖ က ဘယ်လိုပဲ ဖိနှိပ်ထား၊ ခြိမ်းခြောက်ထားပေမယ့် ဂျွန်ယက်တောကို နအဖ က တမင်သွင်းလွှတ်လိုက်တယ်ဆိုတဲ့အချက်ဟာ ထင်ရှားသထက် ထင်ရှားလာပါတယ်။


ဒီအမေရိကန်လူမျိုး ဂျွန်ယက်တောကို ဒုတိယအကြိမ် ဝင်ခွင့်ပြုလိုက်တာဟာ ၁၉၄၇ ခုနှစ်တုန်းက ဗြိတိသျှ ကိုလိုနီအစိုးရက ဂဠုန်ဦးစောကို ဘရင်းဂန်း အလက် ၂၀၀ နဲ့ တခြားလက်နက်ကျည်ဆံတွေ ထုတ်ပေးလိုက်တာကို သတိရစေပါတယ်။

အဲဒီတုန်းက ဦးစောလိုလူရဲ့လက်ထဲကို ဒီလို လက်နက်တွေ အမြောက်အများ ရောက်သွားရင် ဘာဖြစ်မယ်ဆိုတာ နိုင်ငံရေးပါး နည်းနည်းလေး ဝသူတောင် သိပါတယ်။


အဲဒီခေတ် အဲဒီအခါက အနေအထားနဲ့ဆိုရင် ပြည်တွင်းစစ်တောင် ထဖြစ်နိုင်တဲ့ လက်နက်အမျိုးအစားနဲ့ အရေအတွက်ပါ။ ဒါကို ကိုလိုနီပါး အင်မတန်ဝတဲ့ အင်္ဂလိပ်အစိုးရက အသိဆုံးဖြစ်ပါတယ်။ (ဆရာစံတို့ဟာ ဓား၊ လှံ၊ အလွန်ဆုံး တူမီးလောက်နဲ့ ပုန်ကန်ခြားနားခဲ့ကြတာပါ။)


အခုလည်းပဲ အင်္ဂလိပ်တွေလုပ်ခဲ့သလို ဂျွန်ယက်တောနဲ့ ဘိန်းပစ်ဖမ်းတယ်ဆိုတာ ပိုပိုထင်ရှားလာနေပါတယ်။ နအဖ က ဒီအမှုကို စဖော်တုန်းကတော့ ဂျွန်ယက်တောဟာ ရေကူးလာတယ်ဆိုပြီး ရေသန့်ဗူးခွံတွေ၊ ဘဲခြေထောက်တွေကို ဓာတ်ပုံရိုက်ပြပြီး ကမ္ဘာကို ဝါဒဖြန့်ခဲ့ပါတယ်။


အခုတော့ ဂျွန်ယက်တောဟာ နအဖရဲ့အစောင့်တွေနဲ့တောင် စကားစမြည်ပြောပြီး သဲဖြူခင်း ရာဇမတ်ကာလို့ မပြောရုံတမယ် လမ်းပေါ်က မားမားလျှောက်လာတာ ဖြစ်နေပါတယ်။


အင်္ဂလိပ်တွေဟာ ဘယ်လောက်တောင် နိုင်ငံရေးပါးဝလိုက်သလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံပြီးတဲ့နောက် ဗမာပြည်တွင်းမှာ သူတို့ဆက်လုပ်ပုံကို ကြည့်ရင် ထင်ရှားပါတယ်။


အဲဒီတုန်းက ကွန်မြူနစ်ပါတီက အာဇာနည်တွေကို သတ်တာဟာ ဗြိတိသျှအစိုးရဖြစ်တယ်လို့ ကြေညာထားပါတယ်။ ပြည်သူလူထုထဲမှာလည်း တအုံနွေးနွေးနဲ့ ပေါက်ကွဲလုလု ဖြစ်နေပါတယ်။ ဝမ်းနည်းမှုကနေ ဒေါသ ပေါက်ကွဲတော့မယ့် အခြေအနေဖြစ်ပါတယ်။


ဒီတော့ ဘုရင်ခံဟာ သခင်နုကို ခေါ်ပြီး ဝန်ကြီးချုပ် ခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ သူဟာ အဲဒီအကြပ်အတည်းကြီးကို ကျော်လွှားသွားနိုင်ပါတယ်။ အခု ဒီ နအဖ အစိုးရဟာ ဗြိတိသျှတွေလို ပါးနပ်လိမ္မာမလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မတရားပြစ်ဒဏ်ချမှတ်တာရဲ့ အကျိုးဆက်တွေကို သူတို့ မစဉ်းစား မပြင်ဆင်လို့ မဖြစ်ပါဘူး။


ဒီအခြေအနေတွေကနေ ဆက်ပြီးဖြစ်လာတာကတော့ ဗမာ့နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးရေးတံခါးကို နအဖ က အပြီးအပိုင် ပိတ်ပစ်လိုက်ပြီဆိုတဲ့ကိစ္စပါပဲ။


အာဏာနိုင်ငံရေးသာသိတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ တွေ့ဆုံဆွေးနွေးပွဲ တံခါးကို တင်းတင်းပိတ်ထားရင် သူတို့အတွက် လုံခြုံမယ်လို့ ယူဆနေကြပါတယ်။ တနည်း - အာဏာမြဲမယ်လို့ ယူဆနေကြတယ်။ နားပိတ်ထား၊ မျက်စိပိတ်ထားလို့ မကြားရ၊ မမြင်ရရင် ဘာမှမဖြစ်ဘူးလို့ စဉ်းစားတာမျိုး စဉ်းစားနေကြပါတယ်။


တကယ်က ဗမာပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နှစ်ဖက် တွေ့ဆုံဆွေးနွေးပါလို့ ပြောနေတာဟာ ပြည်တွင်းရေးကို စွက်ဖက်ချင်တဲ့ တခြားနိုင်ငံတွေက ပြောနေတာမဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းထဲက အလိုလိုထွက်လာတာလည်း မဟုတ်ပါဘူး။ ဒါဟာ ဗမာပြည်ပြည်သူတွေရဲ့ လိုလားချက် ဖြစ်ပါတယ်။ အဲဒီလိုလားချက်ကို သူတို့က ထင်ဟပ်ကြတာပါ။


ဗိုလ်သန်းရွှေလိုပဲ အာဏာဂုဏ်နဲ့ မောက်မာလှတဲ့ ဗိုလ်နေဝင်းဟာ ၁၉၆၃ ခုနှစ်မှာ တွေ့ဆုံဆွေးနွေးရေး မျက်လှည့်ပြပြီးတဲ့နောက် ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ အပြတ်ပဲ ချတော့မယ်ဆိုပြီး လုပ်ခဲ့တာပါ။


ဒါပေမယ့် ၁၉၆၀-၇၀ ကနေ ၁၉၇၆ ခုနှစ်အထိ လူထုဆန္ဒပြပွဲတွေ အမျိုးမျိုးဆက်ဖြစ်လာတော့ ဗိုလ်နေဝင်း ပိုင်လှပါတယ်ဆိုတဲ့ တပ်ထဲမှာ သူ့ကိုမကျေနပ်တာတွေ ပေါ်လာတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့်တို့ကိစ္စလို သူ့ကို သတ်မယ့်ကိစ္စတောင် ပေါ်လာတာပဲမဟုတ်လား။


နောက်တော့ ၁၉၈၀ ခုနှစ်မှာ ဗကပ၊ ကေအိုင်အေတို့နဲ့ ဆွေးနွေးတာတွေ လုပ်ခဲ့ရပါတယ်။ အဲဒီကနေဆက်ပြီး ရှစ်လေးလုံးလှုပ်ရှားမှုကြီး ပေါက်ကွဲထွက်လာတာ၊ ဗိုလ်နေဝင်း မျက်ရည်ကျရတာ၊ နန်းပေါ်က ဆင်းပေးရတာ၊ မဆလ ပါတီကို ဖျက်သိမ်းပေးရတာ၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လုပ်ပေးရတာ စတာတွေဟာ တံခါးဖွင့်ပေး ရရုံကလို့လား။


အခုလည်း တွေ့ဆုံဆွေးနွေးပွဲကို တံခါး ဘယ်နှစ်ထပ်ပဲ ပိတ်ထား ပိတ်ထား၊ လူထုက ဖွင့်ရင် မုချပွင့်လာမှာပါ။ တွန်းဖွင့်လို့မရရင် ဆောင့်ဖွင့်တန် ဖွင့်ရပါမယ်။ ဆောင့်ဖွင့်လို့မရရင် ဖောက်ခွဲဖွင့်ရပါမယ်။ လူထုဟာ အခြေအနေတွေကို အကဲခတ် စောင့်ကြည့်နေတာဖြစ်ပါတယ်။


တနေ့ကပဲ လူတယောက်က ဦးဝင်းတင်ကို… နအဖ က အလျှော့ပေးမှာ မဟုတ်တော့ဘူး၊ အံတုမနေနဲ့တော့၊ ရင်မဆိုင်နဲ့တော့၊ ရွေးကောက်ပွဲသာ ဝင်ပေတော့ ဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာ ကြားလိုက်ရပါတယ်။ ဒါဟာ နအဖ က တံခါးကြီးကို ဖွင့်မပေးဘဲ တင်းခံထားတဲ့အတွက် သူဖွင့်ပေးထားတဲ့ ခွေးတိုးပေါက်က ဝင်ရမယ်လို့ ပြောနေတာဖြစ်ပါတယ်။ ခြင်္သေ့ဟာ မြက်မစားဘူးဆိုတာ အဲဒီလူ မသိလို့ပါ။


တချို့လူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေရဲ့ခေါင်းထဲမှာ ဘာရှိသလဲ၊ ဘာတွေပြင်ဆင် ထားသလဲဆိုတာသိရအောင် တမင်ပဲ ဆွနေသလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။


ဒါမျိုးတွေကို “စကားဝိုင်း”တွေမှာ မကြာခဏ မြင်တွေ့ရပါတယ်။ တကယ်ကျတော့ အဲဒီလို ဆွတဲ့လူတွေဟာ နအဖ အလိုကျလုပ်တာ မဟုတ်ဘူးဆိုရင် နိုင်ငံရေးအပါးမဝသေးတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။


ဒါဟာ စစ်အုပ်စုရဲ့ ဖက်ဆစ်လုပ်ဟန်ကြောင့် ဗမာပြည်နိုင်ငံရေး၊ နောက်ပြီး စာပေအနုပညာလောကမှာ ခေတ်စားလာနေတဲ့ လုပ်ဟန်တခု ဖြစ်ပါတယ်။ အဲဒါက သခင်အားကိုးနဲ့ သဘောထားမတူသူတွေကို ဆွတာ၊ ရန်တိုက်တာတွေ လုပ်တာပဲဖြစ်တယ်။ သတ္တိကောင်းလှသူတွေလို့ ဆိုနိုင်သပေါ့။


ဒါပေမယ့် ပြန်စဉ်းစားသင့်တာကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အခါကျတော့ သန်းဂဏန်း စာရင်းပြထားတဲ့ မဆလ ပါတီဝင်တွေ ဘာဖြစ်သွားတယ်ဆိုတာပါပဲ။ ။

ဗသြ



Tuesday, June 2, 2009

ကျနော်တို့ရဲ့ စံပယ်ပန်းပွင့်ကလေးများ (မောင်တောက်)

ယခုတော့ဖြင့် တချိန်က အာရှ၏စပါးကျီဖြစ်ခဲ့ဖူးသော မြန်မာနိုင်ငံတွင် လူထု၏ လူမှုဘဝတိုးတက်မှု နတ္ထိ။ လူ့အခွင့်အရေးချိုးဖောက်မှု အဆင့် ၁။ လူထုပညာရေးဘဝ သုံည။ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျ။ တရားဥပဒေစိုးမိုးရေး တဖက်သတ်။ နိုင်ငံရေးစနစ် သေနတ်။


သစ်ရွက်တွေပေါ်မှာ

စံပယ်ပွင့်တွေ ဖွေးဖွေးဝေနေသလိုပဲ

ကလေးတွေ … ကလေးတွေ

ကျောင်းတက်နေကြပြီကွယ် …။


မောင်မောက်(ဥက္ကလာ)ရေးခဲ့ဖူးသည့် အထက်ပါကဗျာလေးတစကို ပြန်လည်သတိရမိတိုင်း အဖြူနှင့်အစိမ်းကြား မှ ခန့်ငြားလှသော မျိုးဆက်သစ်ကလေးများ၏ စာသင်ကျောင်းခရီးကို တဖျပ်ဖျပ် မြင်လာရသည်။


ငယ်စဉ် ရွာကျောင်းတက်စဉ်က မြေနီလမ်းကလေးကိုလည်း သတိရမိသည်။ ရုတ်တရက် မိုးတွေက တဖွဲဖွဲရွာချတော့ လွယ်အိတ်ကိုမပြီး ပြေးခဲ့ရတဲ့အဖြစ်။


တိုက်နယ်၏ တခုတည်းသော အထက်တန်းကျောင်းဖြစ်သဖြင့် ၇ မိုင်၊ ၈ မိုင်ခန့်ဝေးသောအရပ်မှ လွယ်အိတ်တဖက်၊ ထီးတဖက်နှင့် ထမင်းချိုင့်ကိုဆွဲရင်း ချွေးတရွှဲရွှဲ ကျောင်းလာတက်ကြသူတွေကိုလည်း ပြန်လည်အမှတ်ရလာသည်။


ရွာပေါင်း ၁ဝဝ ခန့်မှ ကျောင်းနေဘက်တို့နှင့် ပညာရိပ်ကို အတူခိုလှုံကြ၊ သင်္ချာပုစ္ဆာတွေကို အဖြေတိုက်ကြည့်ကြ၊ အင်္ဂလိပ်စကားလုံးတွေကို အားကျမခံ နှုတ်တက်ဆောင်ကြနှင့် ဘဝကို ရင့်ကျက် လတ်ဆတ်လာအောင် ကြိုးစားခဲ့ကြသည်။


သည့်နောက် အတန်းတွေကြီးလာတော့ အပြောင်းအလဲတွေ ဖြစ်လာသည်။ တချို့သော ကျောင်းနေဘက်သူငယ်ချင်းများ ကျောင်းကို ပြန်မလာကြတော့။ တချို့က စာမေးပွဲကျသဖြင့် လယ်ထဲဆင်းနေကြသည်ဟု ကြားရသည်။ တချို့ကတော့ ပညာရေးအတွက် အချိန်မပေးနိုင်တော့ဟု ဆို၏။


လူတယောက်၏ ငယ်ရွယ်စဉ်အချိန် ကာလများသည် ပညာရေးအတွက်ပင် ဖြစ်ရမည် မဟုတ်လော။


သို့ပေမင့် မိသားစုဘဝအခြေအနေ ယိုင်နဲ့လာသောအဖြစ်အပျက်က ကျနော့် သူငယ်ချင်းတချို့ကို ကျောင်းမှထွက်စေခဲ့တော့သည်။ အိမ်မှလူကြီးတွေ၏ ညည်းညူသံကိုလည်း စတင်ကြားခဲ့ရပေပြီ။


“ခေတ်တွေလည်း ကြပ်လာပါလား ကုန်ဈေးနှုန်းတွေကလည်း ကြီးပါ့”


အလယ်တန်းကျောင်းသားဘဝရောက်နေပြီမို့ အပြောင်းအလဲတွေ ဖြစ်လာသည်ကို ရိပ်မိလာ၏။ မပြောင်းလဲသည်ကိုလည်း မြင်လာ၏။ အခြားမဟုတ်။ နိုင်ငံရေးပင်တည်း။


ခေတ်က ပြောင်းလဲလာပြီး လူမှုဘဝအချို့ကို ထိပါးနေသော်လည်း နိုင်ငံရေးစနစ်ကတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့်သာ ချီတက်နေဆဲ။ လူတွေ၏ ရပ်တည်ရှင်သန်ရေး ကျပ်တည်းလာသော်လည်း နိုင်ငံရေးကတော့ မကျပ်တည်း။ ချောင်လိုက်သမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တခုတည်းသာရှိသည်။


သို့နှင့် အဝေးသင်ပညာရေးစနစ် ပေါ်လာပြန်၏။ အလုပ်တဖက်နှင့် ပညာရေးဘက် ဆက်လိုက်ချင်သူများအတွက် ရည်ရွယ်ရင်းရှိသော်လည်း တဖြည်းဖြည်းနှင့် အဆိုပါ အဝေးသင်ပညာရေးစရိတ်ရရှိရန်ပင် ရရာအလုပ်ဝင်လုပ်ရင်း အိမ်ထောင်ရေးဘဝထဲ နစ်မြုပ်သွားသောလူငယ်တွေကို မြင်လာရသည်။


တရွေ့ရွေ့ပြောင်းလဲဆုတ်ယုတ်ခြင်းကား အရှိန်ရလာပြီဖြစ်သော်လည်း နိုင်ငံရေးကတော့ မတုန်မလှုပ် ကျောက်ရုပ်။


သည့်နောက် ဆင်းရဲချမ်းသာကွာဟမှုက ကြီးမားသထက် ကြီးမားလာသည်။ ဆင်းရဲသူတွေက ဆက်ပြီး တွင်းတူးဖို့သာရှိသည်။ ချမ်းသာသူများမှာကား ခြေချော်လက်ချော် ကံမကောင်းဖြစ်ဦးတော့။ အာဏာပါဝါတွေက ကာလာရောင်စုံ ထွက်နေပြန်သေးသည်။


ဟော … မပြောမဆို ရွာချလိုက်သော မိုးကဲ့သို့၊ ကျောင်းသားဦးဆောင် လူထုအုံကြွမှု၊ ဒီမိုကရေစီ တောင်းဆိုရေး လှိုင်းတံပိုး၊ အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းမှု၊ စစ်တပ်အာဏာသိမ်းခြင်း၊ ပါတီစုံ ဒီမို ကရေစီ ရွေးကောက်ပွဲ၊ ကတိကဝတ် ပျက်ပြားခြင်း … စသည်ဖြင့် မထောင်းတာလှသော ကာလအတွင်းမှာပင် မိုးကြီးလည်း ရွာချသည်။ လေပြင်းလည်းတိုက်၏။ မိုးသီးတွေလည်းကြွေ၍ လျှပ်စီးတွေကလည်း တလက်လက်။


နိုင်ငံရေးအခြေအနေက ရှေ့တလှမ်းတိုးဖို့ အမျိုးမျိုးကြံဆနေရ၏။ နောက်ဆုတ်ရန်တော့ စိတ်ကူးမျှပင် မရှိ။


သည်ကြားထဲ စစ်အာဏာရှင်အသိုင်းအဝိုင်းနှင့် အလိုတော်ရိများကိုသာ တံခါးဖွင့်ပေးသော စစ်ကွက်စီးပွားရေးစနစ် လက်ဝါးကြီးက ကျယ်ပြန့်ထွားကျိုင်းလာသည်။


ပညာရေးကတော့ မသင်မနေရ ပညာရေးစနစ် ထွန်းကားလာဖို့မပြောနှင့်။ ပညာသင်နေဆဲ ကျောင်းသားတွေပင် ကျောင်းအရိပ်ကို မနင်းနိုင်ကြတော့။ ရှိသေး၏။ ကျောင်းစရိတ်။


အသက်မွေးဝမ်းကျောင်း ပညာရပ်တခုတတ်မြောက်ပြီး လူ့ဘဝခရီးကို ရွက်လွှင့်ကြရမည့်အစား လူမှုဘဝရပ်တည် ရှင်သန်ရေးဝဲသြဃထဲ အပြိုပြိုအလဲလဲ ဖြတ်သန်းရင်း ပညာရေးစခန်းဆီ ခက်ခက်ခဲခဲ လှမ်းနေကြရ၏။


သို့နှင့် အပြောင်းအလဲခေတ်ကြီးကို ခါးသီးစွာခံစားနေကြရသော မိဘတချို့က ကျောင်းဆိုလျှင် ဆလံသလာကြတော့သည်။


အရပ်သားပညာရေးနှင့် စစ်ဘက်ပညာရေးစနစ်ကလည်း အာဏာရှင်စစ်အုပ်စုလက်ထဲမှ ခွဲထွက်လာပြန်ချေ၏။ လက်လုပ်လက်စား ကျေးလက်ဒေသနေ လူထုများမပြောနှင့်။ မြို့ကြီးပြကြီးတွင် နေထိုင်သူများပင် မိမိရင်သွေး ကျောင်းဝင်ခွင့်ရရှိရေးအတွက် မြန်မာကျပ်ငွေ ၁ သိန်း မှ ၅ သိန်းအထိ ပေးနေကြရသည်။


စစ်ဘက်ပညာရေးကျောင်းများမှာတော့ ထိုသို့ငွေပေးရခြင်းမရှိ။ လက်ဆောင် ပစ္စည်းများကိုတော့ မဖြစ်မနေပေးကြရသည် တဲ့။ ဘာထူးသနည်း။


ယခုတော့ဖြင့် တချိန်က အာရှ၏စပါးကျီဖြစ်ခဲ့ဖူးသော မြန်မာနိုင်ငံတွင် လူထု၏ လူမှုဘဝတိုးတက်မှု နတ္ထိ။ လူ့အခွင့်အရေးချိုးဖောက်မှု အဆင့် ၁။ လူထုပညာရေးဘဝ သုံည။ တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျ။ တရားဥပဒေစိုးမိုးရေး တဖက်သတ်။ နိုင်ငံရေးစနစ် သေနတ်။


သြော် … …


သစ်ရွက်ပေါ်မှာ စံပယ်ပွင့်တွေ ဖွေးဖွေးမဝေနိုင်တဲ့အပြင် တိုင်းပြည်ရဲ့ အညွန့်အဖူး ကျနော်တို့ရဲ့ စံပယ်ပွင့်ကလေးများ ဖျားနာနေကြပါပကော …။



ရေစီးသံဂျာနယ်

အတွဲ ၄ အမှတ် ၁၀

သြဂုတ် ၁၆ ရက် ၂၀၀၁ ခုနှစ်


Sunday, May 31, 2009

ကာတွန်းစောငို

ကာတွန်းစောငို ရဲ့လက်ရာများကို ပြန်လည်ဆန်းသစ်တာဖြစ်ပါတယ်။



စစ်အုပ်စု သက်တမ်းရှည်နေသရွေ့ - ၁၉


ကျနော်တို့ခေတ်မှာ ‘ဘွန်း’
ဒီခေတ်ကျတော့ ‘၄ဝ၁’
(၁)
နေရာက အင်းစိန်ထောင် အဆောင် ၎
အချိန်က ညနေစောင်းမှာ

အခန်းထဲမှာ လူ ၃ဝ ကျော်ခန့်ရှိတယ်။ ထမင်းစားပြီး တန်းပိတ် လူစစ်သွားတာလည်း ကြာလှပြီ။ တတောက်တောက်နဲ့ လမ်းလျှောက်နေမိတာ ဘယ်နှစ်ခေါက် ရှိမှန်းမသိ။ အသံတွေ တဖြည်းဖြည်း စဲသွားစ။ တချို့နီးစပ်ရာ ခုတင်ချင်း ‘တွတ်’ထိုးနေတာပဲ ကျန်တော့တယ်။ တချို့အိပ်ကြပြီ။
သေချာတာ တခုပဲရှိတယ်။ လှုပ်လှုပ်ရှားရှားလုပ်နေတာ ကျနော်တယောက်တည်း။ ကုလားဝါဒါ အေးသိန်း ရေချိုးကန်ဘေး သရက်ပင်ရိပ်က စောင့်ကြည့်နေတာ ကျနော်သိတယ်။ ကျနော့်ချိန်ဆချက် မပြီးပြတ်သေး။ လိုအပ်မယ့် အချက်အလက်တွေ ဖြည့်ဆည်းနေဆဲ။ ဘာပြောမယ်ဆိုတာက ရှင်းပြီးသား။ ထိထိမိမိ ဖြစ်သွားလိမ့်မယ်ဆိုတာလဲ စိတ်ချသွားခဲ့ပြီ။
ဘယ်လိုပြောမလဲဆိုတာကြတော့ တုံ့ဆနေမိတယ်။
ကျနော်က လူတယောက်ကို နင်ပဲ ငဆပြောရမှာ အားနာလေ့ရှိတယ်။ မပြောမဖြစ် ပြောရရင်လည်း အသံတုန် တတ်တယ်။ အသေးစိတ်အပိုင်းတွေကတော့ ရောက်ရားပဲပေါ့။ ပြောရဆိုရ ရင်ဆိုင်ရမှာက ဒီနေ့ (ကို--) ရဲ့ ပုံစံအတိုင်း ဖြစ်ချင်မှဖြစ်မယ်။ သူတို့ရည်ရွယ်ချက် သိပြီးသားဆိုတော့ သိပ်တိမ်းစောင်းစရာ မရှိ။
(၂)
နေ့ခင်းက အဖြစ်အပျက်ကို ပြန်စဉ်းစားနေမိတယ်။
နံက်စာ ထမင်းစားပြီးချိန်မှာ ကျနော်တို့အခန်း အစုလေးရဲ့ခေါင်းဆောင် (စိန်--) ကို ခေါ်ထုတ်သွားကြတယ်။ လာခေါ်ပုံက ဖော်ဖော်ရွေရွေ၊ စောင်အုပ်သွားပုံက သာသာကြည်ကြည်၊ အပြစ်တခုခုကြောင့် ခေါ်ထုတ်ပုံမျိုး မဟုတ်။
သိကြတဲ့အတိုင်း ကျွန်းပြန်တွေဆိုတော့ ထောင်မှူး ကျော်မင်း ဦးစီးတဲ့ ဝါဒါတွေက အလစ်မပေး တခြား လူခံအကျဉ်းသားတွေလည်း မှာထားပြီးသား။ “ဒီကောင်တွေအနား မကပ်ကြနဲ့၊ ဓာတ်လိုက်သွားမယ်၊ တွေ့တာနဲ့ တိုက်ထဲ ပို့ပစ်မယ်”ဆိုတဲ့ ကြိမ်းဝါးသံတွေ တကြားတည်း ကြားနေရတယ်။
သူတို့တတွေ ရေချိုးဆင်းဖို့ ကျနော်တို့အခန်းရှေ့ကဖြတ်သွားတဲ့အခါ ဝါဒါတွေ ရှေ့နောက်ပိတ်ပြီး ခေါ်သွားတာတွေ့ရတယ်။ ပြုံးဖြီးဖြီးမျက်နှာတွေကို တဖက်လွှဲထားကြရတယ်။
ကျနော်တို့ အခန်းတွေကိုတော့ ရေကန်နဲ့ မျက်နှာချင်းဆိုင်ဘက် သံတိုင်ပေါက်တွေက မကြည့်ဖို့ သတိပေးထားတယ်။ ဝါဒါတယောက်လည်း အနီးကပ် လာကြီးကြပ်လေ့ရှိတယ်။ (ရရိုးလား ကြည့်ဖြစ်အောင် ကြည့်ကြတယ်။) ဒါ့အပြင် အထက်ခန်း၊ ဘေးခန်းတွေနဲ့ စာအဆက်အသွယ်က မပြတ်။
(၃)
ကျနော်တို့ကို ကျွန်းကပြန်ပို့လိုက်တော့ ဆိပ်ကမ်းကနေ ဟီးနိုးကားကြီးတွေနဲ့ တင်ခေါ်လာပါတယ်။ ကျနော်တို့ လူ ၃ဝ ကျော်အသုတ်က ကျွန်းမှထွက်စဉ် နောက်ဆုံးသင်္ဘောပေါ်တင်ခဲ့ကြတဲ့ အသုတ်ဖြစ်ပြီး ဘူးထဲသွင်းတော့ ပထမဆုံးဖြစ်ခဲ့တယ်။
ဘူးထဲသွင်းပြီးတဲ့နောက် ပုံစံထိုင်မပေးကြလို့ ပုံစံပြခံကြရပါတယ်။ တဦးကို ဝါဒါ ၂ ယောက်ကျ ညှပ်၊ ချုပ်၊ ဆဲဆို ထိုးကြိတ်ကာ (မျက်နှာစောင် အုပ်လျက်) တံခါးတချပ်ကျော် ခေါ်သွင်းတာ ခံလိုက်ကြရတယ်။ တနေရာမှာ စု အထိုင်ခိုင်းထားတယ်။ ဘေးနားမှာလည်း ရဲဘော်တွေ တယောက်ပြီးတယောက် ရောက်လာသံကြားရတယ်။
ဘေးမှာတော့ ထောင်အာဏာပိုင်တွေနဲ့ ဝါဒါတွေက ဝိုင်းထားတယ်။ အနီးကပ် အယ်လ်ဇေးရှင်းခွေးကြီးတွေရဲ့ အီသံ ဟောင်သံတွေ ကြားနေရတယ်။ စိတ်မထင်ရင် မထင်သလို ခြေနဲ့ကန် လက်သီးနဲ့ဝင်ထိုး လုပ်တာလည်း ခံနေကြရတယ်။
အရိုက်ခံလိုက်ရလို့ နံရိုးကျိုးကာ တုံးလုံးကြီးလဲနေတဲ့ လေထီး ဗိုလ်အုန်းမောင်ရဲ့ ညည်းသံကို ကြားနေရတယ်။ ဘာမှလည်း မတတ်နိုင်၊ ဘာလုပ်ရမှန်းလည်း မသိတော့။
၁၅ မိနစ်လောက်ကြာ အောင်နှိပ်စက်ပြီးမှ လူတဦးချင်း နာမည်ခေါ်ပါတယ်။ အခေါ်ခံရသူက လက်ထောင်ပြရပြီး နောက် သူ့ကို ခေါ်သွားသံကြားရတယ်။ ကျနော့်နာမည် ခေါ်သံကြားလို့ လက်ထောင်ပြလိုက်တယ်။ ထုံးစံအတိုင်း ကြမ်းကြမ်းတမ်းတမ်း ခေါ်လာပြီး အခန်းတခန်းထဲကို စောင်ခွာပေးလိုက်ကာ ထိုးသွင်းလိုက်တယ်။
မိုးမလင်း မှောင်မိုက်ဆဲအချိန်ဖြစ်ပေမယ့် ဖျော့တော့တော့ ဖန်သီးရောင်ကြောင့် အခန်းထဲ ဘယ်သူမှမရှိကြောင်း သိလိုက်ရတယ်။ ခဏနေတော့ ခြေသံတွေကြားရပြီး သော့ဖွင့်လိုက်ကာ နောက်ထပ်တယောက် ဒလိမ့်ခေါက်ကွေး ရောက်လာပါတယ်။ ကျနော့်ကိုမြင်တာနဲ့ ကျွမ်းနှစ်ပတ်လောက်ထိုးပြီး ကျနော့်ဆီ ပြေးလာတယ်။
“ဝမ်းသာလိုက်တာ” တဲ့။ ဘာဖြစ်လို့လဲဆိုတော့ “ခင်ဗျားနဲ့အတူ နေရမှာမို့ပေါ့” တဲ့။ ကျနော်တို့နှစ်ယောက်က အဲဒီလောက်ချစ်ကြတဲ့ ရဲဘော်တွေ။ သူကတော့ ရဲဘော် အောင်ဘော်ပါ။
နောက်တော့ သူ့အဖွဲ့ကိုယ့်အဖွဲ့ သူ့ပါတီကိုယ့်ပါတီကလူတွေ တယောက်ပြီးတယောက် ရောက်လာကာ လူပြည့်သွားပါတော့တယ်။ လူပြည့်တာနဲ့ အဆောင်မှူး ကျော်မင်းနဲ့ ဝါဒါတသိုက်ရောက်လာပြီး ထောင် စည်းကမ်းတွေ လက်ချာရိုက်ပါတော့တယ်။
သူတို့ ပြန်ထွက်သွားမှ ကိုအောင်ဘော်က “ဒီကောင့် အဆောင်နေရတာ ချောင်မယ့်ပုံ မရှိဘူး။ ကျနော်တို့ကို အထိုင်ခိုင်းထားပြီး သူတို့က ဝိုင်းထားချိန်မှာ ဝါဒါတွေက တယောက်ပြီးတယောက် ဝင်ရိုက်နေတာ ကျနော်က မြင်နေရတယ်။ ကျနော့်ကို အုပ်ထားတဲ့စောင်က အပေါက်ကြီးနဲ့ဗျ။ ဗိုလ်အုန်းမောင်ကို ရိုက်ချလိုက်တာလည်း မြင်ရတယ်။ တချက်တချက် “မလုပ်နဲ့ မလုပ်နဲ့ လက်လွန်ကုန်မယ်”လို့ အရာရှိပိုင်းက အော်သံတွေ ကြားရတယ် မဟုတ်လား?။ အဲဒါက သင်္ကြန်တွင်း မပက်ကြနဲ့ မပက်ကြနဲ့လို့အော်တဲ့ လူကြီးတွေရဲ့အသံမျိုး။
တကယ်က သူတို့ လက်ညှိုးထိုးပြတဲ့သူတွေကို ဝင်ရိုက်ကြရတာပဲ။ စစ်ယူနီဖောင်းနဲ့ အကောင်တွေလည်းပါတယ်။ ခုနတုန်းက ထောင်မှူးဆိုရင် “ဟေ့ တော်ပြီ၊ တော်ပြီ ရပ်လိုက်တော့” လို့ အော်ပြီးတာနဲ့ သူ ကိုယ်တိုင် ဝင်ပြီးကန်ခဲ့တဲ့ ကောင်ပဲ။ ကျနော်တို့အပေါ် မီးမောင်းကြီးတွေ ဝိုင်းထိုးထားတော့ ရှင်းရှင်းကြီး မြင်နေရတယ်”
(စကားချပ်- အထက်အညာထောင်တွေကနေ ကျွန်းအပို့ခံရတဲ့သူတွေဟာ အင်းစိန်ထောင်က ထောင်မှူး ထောင်ပိုင် ဝါဒါတွေနဲ့ မဆက်ဆံခဲ့ကြရဘူးပါ။ MI ကိုင်တဲ့ တွဲဖက်ထောင်ကနေ တိုက်ရိုက် သင်္ဘောပေါ် တက်ခဲ့ကြရလို့ပါ)
သူက ပြောရင်းပြောရင်းက ကျိတ်မနိုင်ခဲမရ ဖြစ်နေပုံရပါတယ်။ ဗိုလ်အုန်းမောင် အရိုက်ခံရလို့ ညည်းညူနေစဉ်မှာ ကျနော်တို့ တခုခု ထလုပ်သင့်တယ်၊ အနိမ့်ဆုံး‘ကြွေးကြော်သံ’ တိုင်သင့်တယ်။ ခုတော့ ကျနော်တို့ ညံ့ရာကျသွားပြီလို့ ပြောပါတယ်။
“AB ဒီစမ်းသပ်မှုမှာ ကျနော်တို့ တာဝန်မကျေလိုက်ဘူး။ ထားလိုက်တော့ … နောက်ပွဲကြီးပွဲကောင်းတွေ လာနိုင်ပါသေးတယ်”လို့ ကျနော်က ပြန်ပြောမိပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီခေတ်နဲ့စာရင်တော့ တော်သေးတယ်လို့ ဆိုရပါမယ်။ တယောက် တကုတင် အိပ်ကြရတယ်။ လူစစ်တဲ့အခါ ထောင်မှူးစကားပြောတဲ့အခါ ပုံစံ ထိုင်မပေးရ။ မျက်စိနောက်အောင်လုပ်မနေရင် ရတယ်။ သူတို့မြင်သာတဲ့နေရာမှာ ရပ်ချင်ရပ်။ ထိုင်ချင်ထိုင်နေရတယ်။ အိမ်သာထဲက လူကလည်း “ဒီမှာ တယောက်ရှိတယ်” လို့ ဖြည့်ပြောလိုက်ရင် ပြီးတယ်။
သို့သော် ထောင်ဆိုတာ ထောင်ပဲလေ။ တခါ စစ်ဘီလူးတွေ အာဏာသိမ်းထားတဲ့ကာလပဲမို့ ဆုပေးတာ မရှိ။ ဒဏ်ပေးတာပဲ ရှိပါတယ်။ နေ့စဉ်လို ဘဝမမေ့အောင် ဆဲလိုက် ဆိုလိုက် အပြစ်ကျူးလွန်တယ်ထင်ရင် သတိပေးတာ ရေချိုးပိတ်တာ တိုက်ထဲပို့တာ … စသည်တွေကြောင့် နေချင်စရာ မကောင်းလှပါ။
ရေချိုးရတာက တပတ်တခါ အဝတ်လျှော်တာအပါ နာရီဝက်ပဲ ခွင့်ပြုတယ်။ ကျွန်းမှာ ရေချိုးရတာနဲ့တော့ ကွာပါဘိ။ တယောက် စည်းကမ်းချိုးဖောက်တာတွေ့ရင် တခန်းလုံး တလမှ ၂ လအထိ ရေချိုးပိတ်တတ်တာက ရှိသေး။
တာဝန်ခံဝါဒါက တလလို့ ကြေညာသွားပြီးမှ ထောင်မှူးလာတဲ့အခါ ကြိမ်းရင်းမောင်းရင်းက ၂ လ ဖြစ်သွားတာလည်း ကြုံခဲ့ရတယ်။ ဒီတော့ တချို့လူညစ်ပတ်တွေ ကိုယ်ပေါ် အကောင်ကြီးကြီး ဝဝဖီးဖီး သန်းကြေးမတွေ ကပ်ငြိလာပါတော့တယ်။ ဒါပေမယ့် ဘယ်သူ့ ကြောင့် ဘယ်အဖွဲ့ကြောင့်လို့ မငြူစူကြ။ တခန်းလုံးဒဏ်ခံရပေမယ့် အပြန်အလှန် နားလည်မှုနဲ့ ပြဿနာ မလုပ်ခဲ့ကြ။
ကာလတခုဖြတ်ကျော်ပြီးကြတဲ့နောက် တရက်မှာတော့ တခန်းလုံး လူကုန် အပြင်ထုတ်ပါတယ်။ ကျနော်တို့ အဆောင်ရဲ့ ရှေ့အဖီထဲမှာ ထိုင်ကြရပါတယ်။ ယခင် ထမင်းစားခန်းပါ။ ထိုင်ခုံရှည် စားပွဲရှည်တွေရှိတယ်။ အားလုံးထိုင်နေစဉ် MI နဲ့ ထောင်မှူးအပါ အမှုထမ်းတချို့ရောက်လာပြီး စာရွက်တွေ ခဲတံတွေ ထုတ်ပေးပါတယ်။ စာမေးပွဲ အဖြေခိုင်းတာပါ။ မေးခွန်း ၁၁ ခု ဖြေရပါတယ်။ မှတ်မိသလောက် …
ဗမာပြည် ကွန်မြူနစ်ပါတီအပေါ် အမြင်၊ ၄၈ လက်နက်ကိုင်တိုက်ပွဲအပေါ် သဘောထား၊ ဖြုတ် ထုတ် သတ် ကိစ္စ၊ နောက် အလံနီပါတီ၊ ဦးနုရဲ့ပါလီမန် ဒီမိုကရေစီပါတီ၊ မလညပ ပမညတ တို့နဲ့ပတ်သက်တဲ့ သဘောထားများ။
နောက်ဆုံးမေးခွန်းတွေမှာတော့ တော်လှန်ရေးကောင်စီ၊ မဆလ၊ အညမည သဘောတရား၊ တော်လှန်ရေးကောင်စီရဲ့ နိုင်ငံခြားရေးဝါဒအပေါ် သဘောထားများ စသည် ပါ ပါတယ်။
“အင်း … စာမေးပွဲ ဖြေရမှာကြောက်လို့ နိုင်ငံရေးလုပ်ပါတယ်၊ ဖြေလိုက်ရတဲ့ စာမေးပွဲပြီးတယ်ကို မရှိဘူး” … ဒါက AB (ကိုအောင်ဘော်)ရဲ့ အောက်ကလိအာ အသံ … ကျန်တဲ့သူတွေက ပြုံးလိုက်ကြပြီး MI တင်လှတို့ နှုတ်ခမ်းစူနေပါတယ်။ (တကယ်က ကိုအောင်ဘော်ဟာ စာကြိုးစားပြီး စာတော်သူ ကျောင်းသားတယောက်ပါ။ စာမေးပွဲကြောက်သူ မဟုတ်)
ဆက်လက်ဖော်ပြပါမယ်။

Friday, May 29, 2009

ဒီပဲယင်းက ညွှန်ပြခဲ့တဲ့လမ်း


အခြေအနေတခုခု ထူးပြီဆိုရင် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အရေးပေါ်ကော်မတီတွေ အဖွဲ့အစည်းတွေ ခါတော်မီ တိုက်ပွဲခေါင်းဆောင်တွေ ပေါ်လာတတ်ကြတယ်။ ပန်းတိုင်းပွင့်ခွင့်ရှိတာကို မငြင်းလိုပါ။ ဒါပေမယ့် …



မေ ၃ဝ မှာ အစိုးရကလုပ်တဲ့ ကမ္ဘာကျော် အကြမ်းဖက်မှုကြီးတခု မြန်မာပြည်မှာဖြစ်ပွားခဲ့တာ အားလုံးသိကြ ပြီးပါပြီ။ ကျနော်တို့အမြင်က …


ဒီပဲယင်းကိစ္စဟာ သာမန်ရုန်းရင်းဆန်ခတ်မှု မဟုတ်ပါ၊ အသေအချာ စီစဉ်ပြင်ဆင်ပြီးဆောင်ရွက်တဲ့ ရာဇဝတ်မှု၊ လူသတ်မှု ဖြစ်ပါတယ်။


ကျနော်တို့ ရထားတဲ့သတင်းတွေအတိုင်း အနီးစပ်ဆုံးမှန်ခဲ့တယ်ဆိုရင် လူအစုလိုက်၊ အပြုံလိုက်သတ်မှု၊ အလောင်းတွေ ဖျောက်ဖျက်မှုဖြစ်တာကြောင့် ၁၉၆၂ ခုနှစ်၊ ကျောင်းသားသမဂ္ဂဖောက်ခွဲခံရတဲ့ကိစ္စလိုပဲ သမိုင်းမှာ ရှင်းရမယ့် ကိစ္စမျိုးဖြစ်တယ်။


နအဖ ဟာ ပြည်သူလူထုချင်း ပဋိပက္ခဖြစ်နေကြတဲ့ အခြေအနေမျိုးလို ဖန်တီးပြီး ဒိုင်လူကြီးယောင်ဆောင်နေ တယ်။ ဒါပေမယ့် မအောင်မြင်ဘူး၊ ဘယ်သူမှ မယုံဘူး။


ဗိုလ်ချုပ်သန်းရွှေဟာ NLD ကို သည်ပုံစံမျိုးနဲ့ ရှင်းချင်တာကြာပြီ၊ သူ့ကိုယ်သူ ပိုတွက်နေတယ်ဆိုတဲ့ အချက် အလက်တွေလည်း ကျနော်တို့ ရထားတာ ကြာပြီ၊ အခုချိန်မှာတော့ လုပ်လို့ရပြီ၊ အဲ့သည်လို ယူဆသွားပုံပေါ်တယ်။


အောက်ခြေက တိုင်းမှူးတွေနဲ့ ထောက်လှမ်းရေးတွေကလည်း အထက်ကိုလိမ်ပြီး သတင်းပို့တယ်။ သူတို့ တိုင်း တွေမှာ ဒေါ်စုကို လူတွေအများကြီး ထောက်ခံတယ်ဆိုရင် သူတို့ သိက္ခာကျတယ်လို့ ယူဆတယ်။ ဒါကြောင့် မြို့တိုင်းမှာ မမြင်ဘူးလို့သွားကြည့်တဲ့လူ ၃ဝဝ၊ ၄ဝဝ လောက်ပဲ ရှိတယ်လို့ တင်ပြတယ်။


ဒါပေမယ့် မိုးကုတ်တို့၊ မုံရွာတို့မှာ ကြုံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံရေး လှုပ်ရှားမှုကြီးကိုကြည့်ပြီး နအဖဟာ သွေးပျက်သွားပုံပေါ်တယ်။ အဲဒီ မနာလို ဝန်တိုစိတ်တွေကနေတဆင့်၊ အခုလို ရုပ်ပျက် ဆင်းပျက် နှိမ်နင်းမှုကြီးပေါ်လာရတယ်။


နောက်ပြီး တိုင်းမှူးတိုင်းက NLD ကို အလုအယက် ချေမှုန်းပြပြီး ဗိုလ်သန်းရွှေ လူယုံ၊ လက်ရုံးလုပ်ချင်နေကြ တယ်။ နောက်ပြီး NLD က အကြမ်းဖက်တယ်လို့၊ သူတို့က ဦးအောင် အော်ခဲ့တယ်၊ သူတို့က အဲ့သည်လို ကြေညာကတည်းက တခုခုဖြစ်တော့မှာပဲလို့ ကျနော်တို့ သံသယရှိခဲ့တယ်၊ ကြိုကာထားတာဖြစ်မယ်လို့ ယူဆခဲ့ကြတယ်။


ထင်တဲ့အတိုင်း နောက်တနေ့မှာ အခုလို ယုတ်မာတဲ့အကြံအစည်ကြီး ပေါ်လာတယ်။

အကျိုးဆက်အဖြစ် ဦးတင်ဦးရော၊ ဒေါ်စုပါ ဒဏ်ရာကိုယ်စီရသွားကြတယ်။ NLD ဦးဆောင်မှုနဲ့ ယန္တရား အားလုံးလည်း ရပ်သွားတယ်၊ CRPP ပါ ရပ်သလောက် ဖြစ်သွားတယ်။


အခု နအဖ က တပြည်လုံးက သူ့လူတွေကို တပ်လှန့်ထားတယ်။ စစ်တပ်မိသားစုဝင်တွေကို သတိနဲ့ သွား လာကြဖို့ ညွှန်ကြားထားတယ်။ ရန်ကုန်မှာ လုံခြုံရေးတွေ အများကြီး တင်းကျပ်ထားတယ်။


အခုအခြေအနေတွေက ၈၈၈၈ အကြိုကာလက အခြေအနေတွေနဲ့ ခပ်ဆင်ဆင် တူနေတယ်။ ဖြစ်နိုင် မဖြစ်နိုင် ကျနော်တို့ တွက်ချက်ကြည့်ကြရအောင်။


၈၈၈၈ အရေးတော်ပုံကြီးဖြစ်ဖို့ အောက်ပါ အချက်အချို့က တွန်းအားဖြစ်စေခဲ့တယ်။


၁၉၈၇ မှာ မြန်မာပြည် LDC နိုင်ငံဖြစ်သွားတယ်။ မဆလ အစိုးရက ငွေစက္ကူတွေကို တရားမဝင် ကြေငြာလိုက်လို့ လူတွေအားလုံး မကျေမနပ် ဖြစ်ခဲ့ကြတယ်။ ဗိုလ်အောင်ကြီးရဲ့ ၄၂ မျက်နှာ စာတမ်းထွက်လာတော့ လူတွေက စိတ်ဝင်စားလာကြတယ်။ ဇာဂနာရဲ့ မဆလ ဆန့်ကျင်ရေးပျက်လုံးတွေ လူကြိုက်များလာတယ်။ နိုင်ငံရေး နိုးကြားလာကြတယ် ဆိုပါတော့။


အဲ့သည်အချိန်က ဆန်တပြည်ကို ၁၅ ကျပ်ကနေ ၂၅ ကျပ်ဖြစ်သွားတယ်။ အခြား ကုန်ပစ္စည်းတွေလည်း အထွေထွေဈေးတက်လာခဲ့တယ်။ ၈၈ မတ်လ ၁၃ ရက်နေ့မှာ ကြို့ကုန်း အရေးအခင်း ဖြစ်တယ်။ မဆလ က သတင်းလိမ်ပြီး ကြေငြာလို့ နောက်တ နေ့မှာ ပိုဆိုးလာတယ်။ အရေးအခင်းက မိန်းထဲကို ကူးသွားတယ်။ မဆလ က စုံစမ်းရေးကော်မရှင်ဖွဲ့ ပေးလိုက်ရတယ်။

တံတားနီ အရေးအခင်းဖြစ်တယ်၊ လူတွေ အများ ကြီးသေတယ်၊ အချုပ်ကားထဲမှာ ထပ်ပြီး ၄ဝ ကျော်သေ သွားတယ်၊ မဆလ က ဘယ်သူမှ မသေဘူးလို့ ထပ်လိမ်တယ်။ အဲ့သည်မှာ ပိုပြီးဆိုးလာတယ်။ ၈၈၈၈ အကြိုကာလတွေနဲ့ သည်ကနေ့အခြေအနေတချို့ တိုက်ဆိုင်မှုရှိနေတာကိုလည်း ကျနော်တို့ တွေ့ရတယ်။


နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေက ၈၈ အခြေအနေတွေထက် အများကြီး ပိုဆိုးတာကိုတွေ့ရတယ်။ ဘဏ် အကျပ်အတည်းတွေ ဖြစ်နေတယ်။ ငွေကြေး မတည်မငြိမ် ဖြစ်နေတယ်။ နအဖ ဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ ၈၈ တုန်းက မဆလ ထက် ရန်သူ ပိုများနေတယ်။


ဒါပေမယ့် ကျနော်တို့မှာ အခုလူထုခေါင်းဆောင် ထင်ထင်ရှားရှား ရှိတယ်။ ၉ဝ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ရှိတယ်။ နိုင်ငံတကာဖိအားလည်း ပိုများလာတယ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက တချိန်လုံး စောင့်ကြည့်နေတယ်။ ဖိနှိပ်ထားတဲ့ကြားက ဒေါ်စုကို လူထုထောက်ခံကြောင်း ပိုမို ထင်ရှားလာတယ်။


ကျောင်းသား၊ ရဟန်း၊ သီလရှင်၊ စစ်ပြန် စသဖြင့် အလွှာအသီးသီးက စစ်အုပ်စုဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ တကိုယ်တော်နဲ့ အစုလိုက်အပြုံလိုက် ဆန္ဒပြတာတွေ ခပ်စိပ်စိပ်ဖြစ်လာတာကို လူထုက သတိပြုမိလာတယ်။


ဒီပဲယင်းကိစ္စကို လိမ်ညာပြီး သတင်းထုတ်ပြန်ခဲ့တယ်။ အဲ့သည်အကျိုးဆက်အဖြစ် မုံရွာကို အဓိကရုဏ်း ကူးစက် သွားခဲ့တယ်။ ဒီပဲယင်းကိစ္စဟာ ကြို့ကုန်းအရေးအခင်းနဲ့ ခပ်ဆင်ဆင် ဖြစ်လာတယ်။


ဗိုလ်သန်းရွှေဟာ စိတ်လောနေပြီး စိုးနိုင်နဲ့တင် မလုံလောက်ဘူးထင်လို့ စိုးဝင်းကို ထုတ်သုံးခဲ့တယ်။ အဲ့သည်မှာ စိုးဝင်းဟာ ဒုတိယ စိန်လွင် ဖြစ်လာတယ်။


ဖြစ်ရပ်တွေဟာ သံတူကြောင်းကွဲတွေဆိုပေမယ့် သမိုင်းတွေဟာ ထပ်တူထပ်မျှ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်နိုင်ပါ။ ၈၈၈၈ က အတိုင်း အစီစဉ်တကျဖြစ်လိမ့်မယ်လို့ ဆိုလိုနေတာ မဟုတ်ပါ၊ အဓိက ဆိုလိုနေတာက၊ မြန်မာပြည်ရဲ့အခြေအနေဟာ တစထက်တစ၊ ရင့်မှည့်လာနေတယ်ဆိုတာ ပိုပြီး သေချာလာတယ်။


သည်အခြေအနေတွေကို ကျနော်တို့က အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုပါတယ်။ လူတိုင်းက လူထုတိုက်ပွဲ ဖြစ်လာမလားလို့ မျှော်လင့်ကြတယ်။ ဒါပေမယ့် အဲ့သည်လုပ်ငန်းကို အင်တိုက်အားတိုက် လုပ်ကြသူ သိပ်နည်းတယ်။


သည်ကနေ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ကျနော်တို့တွေကြားထဲမှာ ရှုပ်နေတာတချို့ ရှင်းသွားတဲ့အတွက်တော့ ဝမ်းသာတယ်။ ဒါကတော့ အရှုံးထဲက အမြတ်ပဲ။ ကိုယ့်အချင်းချင်းပြောရင် မယုံချင်ကြဘူး၊ ရန်သူက ပြဋ္ဌာန်းပေး လိုက်တော့မှ လက်ခံသွားကြတယ်။


နောက်ပြီး ကျနော်တို့ လူတွေက ဒိုင်ယာလော့တစ္ဆေ လိုတာထက်ပိုပြီး ခြောက်နေကြတယ်။ သည်နေ့လုပ်ရမယ့်အလုပ်တွေထက် နက်ဖြန်မှလုပ်ရမယ့်အလုပ်တွေက ပိုပြီး အရေးကြီးနေကြတယ်၊ Day one ကိစ္စတွေထက် Day two ကိစ္စတွေကိုပဲ ပိုပြီးအာရုံစိုက်နေကြတယ်။


ဒီပဲယင်းကိစ္စလည်းဖြစ်ရော လူတိုင်းက တွေ့ဆုံဆွေးနွေးရေးလမ်းတော့ ပိတ်သလောက်ဖြစ်သွားပြီ။ သည်တိုင်းတော့ သွားလို့မရတော့ဘူးလို့ အလုအယက်ပြောကြတယ်။


ကိုင်း … ကောင်းပြီ ဒါဆိုရင်ဘာလုပ်ကြမလဲဆိုတော့ အဖွဲ့အစည်းတော်တော်များများမှာ ဒိုင်ယာလော့ မဖြစ်ရင် ဘာလုပ်မယ်ဆိုတဲ့ Program မည်မည်ရရ ဘယ်သူ့ဆီမှာမှ မရှိဘူး။ အချို့မှာတော့ရှိတယ်။ ဒါပေမယ့် အလုပ်ဖြစ်အောင် သိပ်လုပ်မထားကြဘူး၊ ကျနော်တို့ အဲ့ဒါ တွေကို ပြင်ကြရလိမ့်မယ်၊ တွေ့ဆုံဆွေးနွေးရေး လမ်းဟာ အပြီးသတ်ပိတ်သွားပြီလို့တော့ မပြောနိုင်သေးတာ အမှန်ပါ။


ဒါပေမယ့် အချို့လူတွေ စိတ်ကူးယဉ်နေသလို ရန်သူထဲမှာလည်း သည်လမ်းက ထွက်ချင်နေတဲ့လူတွေ ရှိနေ တယ်ဆိုတာ မဟုတ်မှန်းကတော့ သေချာသွားပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်သွားတုန်းက ‘ရရင် ရ မရရင် ချ’ ဆိုတဲ့ Alternative Program ရှိတယ်။ ကျနော်တို့လည်း ဒါမျိုး ရှိကို ရှိရမယ်၊ ဒါမျိုး မရှိရင် ရှုံးလိမ့်မယ်။


သည်နေ့အချိန်မှာကို ကျနော်တို့ အင်အားစုတွေက လူထုကိုပေးတဲ့ Message တွေက ရှင်းရမယ်။ ဝေ့လည် ကြောင်ပတ်လုပ်လို့ မရဘူး။ မစွန့်ပယ်ပေမယ့် ဒိုင်ယာလော့ ကို မှိန်ထားရမယ်။ လူထုကို Awareness ရအောင် လုပ်ရမယ်။


အခွင့်အရေးရရင် လှုံ့ဆော်ရမယ်၊ နောက်ပြီး ကျနော်တို့ Movement ရဲ့ အာဏာပိုင်တွေက၊ ကုလသမဂ္ဂကိုပါ မေးခွန်းထုတ်ရလိမ့်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက် လွှတ်လိုက်၊ နိုင်ငံရေးအကျဉ်းသမားအချို့ကို ဖမ်း လိုက် လွှတ်လိုက်၊ ကုလသမဂ္ဂအတွင်းရေးမှူး ကိုယ်စားလှယ်တွေ သွားလည်လိုက် ပြန်လာလိုက်၊ နိုင်ငံတကာ အစိုးရတွေက စစ်အုပ်စုကို Credit ပေးလိုက်၊ Pressure ပေးလိုက်၊ သည် ကစားပွဲကြီးဟာ ဘယ်တော့ဆုံးတော့မှာလဲလို့ ပြတ်ပြတ်သားသား မေးရလိမ့်မယ်။ အခုပဲ (၁၃)နှစ် ရှိနေပြီ။


သည်နေ့ အခြေအနေအပေါ် တော်တော်များများက စိုးရိမ်ပူပန်ကြပါတယ်။ ရန်သူဟာ သူ့လည်ပင်းကိုသူ ကြိုး ကွင်းစွပ်နေတယ်လို့ သုံးသပ်သူတွေတောင် ရှိကြပါတယ်။ ရန်သူ တကယ် အခြေအနေဆိုးနေတယ်လို့ ယူဆရင်တောင် ကျနော်တို့ သတိထားရမှာတွေရှိလာတယ်။


ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ အတွေ့အကြုံအရ သူဆိုးရင် ကိုယ့်ဆီမှာလည်း တခုမဟုတ်တခု ကြံဖန်ပြီး ဆိုးလာတတ်တယ်။ ပယောဂတွေလည်း ဝင်လာတတ်တယ်။ ဒါကို ကျနော်တို့ သတိရှိရမယ်။


နောက်တခု အခြေအနေတခုခု ထူးပြီဆိုရင် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အရေးပေါ်ကော်မတီတွေ အဖွဲ့ အစည်းတွေ ခါတော်မီ တိုက်ပွဲခေါင်းဆောင်တွေ ပေါ်လာတတ်ကြတယ်။ ပန်းတိုင်းပွင့်ခွင့်ရှိတာကို မငြင်းလိုပါ။ ဒါပေမယ့် ကျနော့်အမြင်က ရှိပြီးသားအင်အားစုတွေကိုပဲ၊ ခိုင်မာသထက် ခိုင်မာအောင် အားရှိသထက် အားရှိအောင်ပဲ ပိုလုပ်ကြစေချင်တယ်။


နောက်ပြီး အရေးပေါ်လာမှ ခါးတောင်းကျိုက်ချင်တဲ့ စိတ်ဓာတ်မျိုးထက် လှုပ်ရှားမှုကြီးတခုလုံးအတွက် Full Time လုပ်ကြပါလို့ အချို့လူတွေကို မေတ္တာရပ်ခံရလိမ့်မယ်။


ရန်သူက သည်လိုလုပ်ရင် သူနာမည်ပျက်မယ်ဆိုတာကို သိပါတယ်။ သည်လောက် မ,အပါဘူး။ ဒိုင်ယာလော့ ဝင်ရင် သူ စပြီးရှုံးတော့မယ်ဆိုတာကို သဘောပေါက်ပါတယ်။ အဲ့သည်တော့ အရှုံး မခံဘူး၊ နာမည်အပျက်ပဲ ခံမယ်။ သူ့အတွက် နာမည်ပျက်တာ မဆန်းတော့ဘူး။ သည့်ထက်လည်း ပျက်စရာ မရှိတော့ဘူးလို့ထင်တယ်။


ဒါကြောင့် သူ အခုရွေးတဲ့လမ်းကို ကျားကုတ်ကျားခဲ ကာကွယ်လိမ့်မယ်။ ကျနော်တို့ကလည်း ဥစ္စာရင်လို ဥစ္စာရင်ခဲ တိုက်ကြရလိမ့်မယ်။ နည်းနည်းလေးမှ လျှော့လိုက်လို့ မရဘူး။ သည်တခါ သူ အသာစီးရသွားရင် ဘယ်လောက် ထပ်ကြာသွားမယ်ဆိုတာ မပြောနိုင်ဘူး။ ကျနော်တို့လူတွေ အခုထက် အများကြီး ပိုပြီး အလုပ်လုပ်ကြဖို့ လိုပါတယ်။


ပိုပြီးရှင်းအောင် အကြံပေးရမယ်ဆိုရင်တော့ ရန်သူအပေါ်မှာ စိတ်ကူးမယဉ်ပါနဲ့၊ ကိုယ့်တိုက်နိုင်စွမ်းအားကသာ အောင်ပွဲဆီကို အရောက်ခေါ်သွားနိုင်တယ်ဆိုတာကို မုချယုံကြည်ကြပါ။ အလုပ်တွေပိုပြီး လုပ်ကြပါ။ လမ်းမှန်ရင် ပန်းတိုင် တွေ့ပါလိမ့်မယ်။ ။



လူ့ဘောင်သစ် ဂျာနယ်

အတွဲ ၈၊ အမှတ် ၁

အောက်တိုဘာလ ၂၀၀၃ ခုနှစ် - မှ